← Chapters

တက်လှမ်းခြင်း

Vol. 152 Ch. 2279

တက်လှမ်းခြင်း

Vol. 152 Ch. 2279

အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူ၏ အနက်ရောင်ဆံပင်က ကခုန်နေပြီး သူက ဖော်မပြတတ်သော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

တက္ကသိုလ်မှ အတွင်းဂိုဏ်းတပည့်များသည် တွေဝေရှုပ်ထွေးသောအမူအရာများနှင့်အတူ ထိုပုံရိပ်ကို ကြည့်နေကြ၏။ သူတို့ထဲမှအချို့သည် ယခုအချိန်ထိ သူတို့၏ တုန်လှုပ်မှုကနေ ပြန်လည်ရုန်းမထွက်နိုင်သေးပေ။

သူတို့ထဲမှအချို့က အထင်ကြီးလေးစားသည့်ပုံပေါ်နေ၏။

သူတို့ထဲမှ အချို့သည် ရှက်ရွံ့သောအမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို အနည်းငယ်ငုံ့ထား၏။

စောစောက သူ့ကိုလှောင်ပြောင်ရယ်မောခဲ့သောထိုသူများသည် အဲ့ဒါကိုတွေးရင်း ရှက်ရွံ့စွာဖြင့် သူတို့၏ မျက်နှာများက ပူစပ်ပူလောင်ဖြစ်လာသည်ဟုခံစားရ၏။

ထိုပုံရိပ်သည် တာအိုနှလုံးသားလှေခါး၏ အဋ္ဌမမြောက်ကျောက်လှေခါးထစ်မှာသာရှိသော်လည်း သူသည် အင်မော်တယ်တာအို၏ အထွတ်အထိပ်သို့ တက်လှမ်းရောက်ရှိသွားသည့်အလားပင်။

တကယ်တမ်းမှာတော့ အဲ့ဒါသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းမဟုတ်ပေ။

လက်ရှိ အရေအတွက်သောင်းချီသော အတွင်းဂိုဏ်းတပည့်များထဲ တာအိုလှေခါး၏ အဋ္ဌမမြောက်ကျောက်လှေခါးထစ်သို့ မည်သူကမှ မတက်လှမ်းနိုင်ခဲ့ကြပေ။

အမွေခံတပည့်အများစု ပေါ်ထွက်လာမည်ဆိုလျှင်တောင် သူတို့သည် အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှ ထိုသူကို တွေ့မြင်သည့်အခါ ဦးညွှတ်ရပေလိမ့်မည်။

လူတစ်ယောက်၏ တာအိုနှလုံးသားခွန်အားသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်နှင့် မသက်ဆိုင်ပေ။ သို့သော်လည်း ကျင့်ကြံသူများစွာ၏ ရင်ထဲမှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုမြင့်မားလာလေလေ သူတို့၏ တာအိုနှလုံးသားက ပိုမိုသန်မာလာလေလေဟု မှတ်ယူထားကြ၏။

သို့သော်ယခု... ဆူဇီမိုပေါ်ထွက်လာခြင်းသည် ကျင့်ကြံသူများစွာ၏ နားလည်သဘောပေါက်မှုကို ချိုးဖျက်လိုက်လေသည်။

အဲ့ဒါသည် အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် တာအိုနှလုံးသားလှေခါးကို တက်လှမ်းနေသည့် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။

လူတိုင်း၏ ထင်မြင်မှုမှာ လူတစ်ယောက်သည် တာအိုတစ်ခုခုနှင့် ချည်နှောင်ထားသရွေ့ သူတို့အနေဖြင့် ထပ်မံ၍ တက်လှမ်းဖို့နေနေသာ တာအိုနှလုံးသားလှေခါး၏ တတိယမြောက်ကျောက်လှေခါးထစ်ကို ကျော်နိုင်ဖို့ပင် မလွယ်ပေ။

ယခုအခါမှာတော့... အမျိုးမျိုးသောသရုပ်သကန်များနှင့် ထိုသူများအားလုံးသည် လူတစ်ယောက်တည်းပေါ်မှာ အာရုံစိုက်ထားကြ၏။

ထိုသူသည် အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ မတ်တတ်ရပ်နေ၏။

လူတိုင်းသည် အရာရာတိုင်းက အိပ်မက်ဆန်ဆန် ​ဖြစ်နေသည်ဟုခံစားရဆဲဖြစ်၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

သူတို့သည် အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် လူဘယ်လောက်များများက အဲ့ဒါကိုပြန်ပြောပြသည်ဖြစ်စေ မည်သူကမှ အဲ့ဒါကို လက်ခံယုံကြည်လိမ့်မည် မဟုတ်ပေ။

“ဆူဇီမို... အို ဆူဇီမို”

အကြီးအကဲကျုံးက သူ၏ ခေါင်းကိုခါပြီး သက်ပြင်းချကာ ညည်းတွားရေရွတ်လိုက်၏။

“သူက... အတွင်းဂိုဏ်းကို ဝင်ရောက်ရောက်ချင်းမှာပဲ... ဒီလိုမျိုး ကြီးမားတဲ့ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုကို ဖြစ်စေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး”

သူသည် အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်ပြီး ပထမဆုံး အကြိမ်အဖြစ် တာအိုနှလုံးသားလှေခါးကိုတက်လှမ်းပြီး အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ မတ်တတ်ရပ်နေလေသည်။ အဲ့ဒါသည် အတွင်းဂိုဏ်းတပည့်များအားလုံးကို သူ၏ ခြေဖဝါးအောက်မှာ နင်းချေလိုက်ခြင်းနှင့်တူညီ၏။

အဋ္ဌမမြောက်ကျောက်လှေခါးထစ်သို့ ဆူဇီမိုတက်လှမ်းခြင်း၏ တုန်လှုပ်မှုသည် ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ် ဒုက္ခိတဖြစ်သွားသည့် အချင်းအရာကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်၏။

လျှိုဖျင်က ဆူဇီမို၏ နည်းလမ်းများနှင့် အသားကျနေခဲ့လေပြီ။

သူ၏ ထင်မြင်ချက်အရ ဆူဇီမိုက နဝမမြောက်ကျောက်လှေခါးထစ်သို့ ရောက်ရှိနိုင်မည်ဆိုလျှင်တောင် အဲ့ဒါက ဖြစ်သင့်လေသည်။

မင်းသမီးသက်တံနီကတော့ ဝမ်းသာပျော်ရွှင်မှုနှင့်အတူ သူမသည် အနည်းငယ်သော စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။

အစကတော့... သူမကိုယ်သူမ ရှားရှားပါးပါးပါရမီရှင်တစ်ဦးဖြစ်သည်ဟု မှတ်ယူထားလေသည်။ သူမသည် ဆူဇီမိုကို မယှဥ်နိုင်သော်လည်း သူတို့က မတိမ်းမယိမ်းမှာရှိပြီး အနာဂတ်မှာ သူမသည် သူ့ကိုသေချာပေါက်လိုက်မီမည်ဟု တွေးထင်ထား၏။

သို့သော်ယခု သူတို့ကြားကွာဟချက်က ပို၍တိုးလာပုံရသည်ကို သူမက ရုတ်တရက်သတိထားမိလိုက်၏။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက တူညီနေသည်ဆိုလျှင်တောင် သူမသည် ထိုလူကို ဘယ်တော့မှလိုက်မမီနိုင်တော့မည့်အလားပင်။

ဖန့်ချင်းယွင်က အကြံသမားဖြစ်၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က ဒုက္ခိတဖြစ်သွားလျှင်တောင် သူက အဲ့ဒါကို စိတ်ထဲမှာ ထည့်မှတ်မထားဘဲ သူ၏ မျက်လုံးထဲမှာ စိတ်ခံစားချက်များက ရှိမလာခဲ့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲတွင် အုံ့မှိုင်းသော အကြည့်တစ်ခုပေါ်ထွက်လာ၏။

သူသည် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ကို ရုတ်တရက်ခံစားမိလိုက်၏။

အစကတော့ အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်ပြီး အောက်ဘုံလောကကနေတက်လှမ်းလာသည့် ဆူဇီမိုကို သူက အတည်အတံ့ မမှတ်ယူခဲ့ပေ။

ဖန့်ချင်းယွင်အတွက်တော့... သူ၏ အစွမ်းအစအရ ဆူဇီမိုကို ကိုင်တွယ်ဖို့သည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိနှိမ်ရသလောက် လွယ်ကူရိုးရှင်းလေသည်။

ဒါ့အပြင် သူတို့ကြား ကျင့်ကြံမှုကွာဟချက်က အရမ်းကိုကြီးမားပြီး ဖန့်ချင်းယွင်သည် ဆူဇီမိုကို ပြိုင်ဘက်တစ်ယောက်အဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ပေ။

သို့သော်လည်း ဆူဇီမိုသည် အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းပြီး အတွင်းဂိုဏ်းတပည့်များအားလုံး၏ အကြည့်များကို ဆွဲဆောင်မိချိန်တွင် အတွင်းဂိုဏ်းမှာ သူ၏ ပြိုင်ဘက်က ပေါ်ထွက်လာပြီကို ဖန့်ချင်းယွင်က နားလည်သဘောပေါက်လိုက်၏။

ဤပြိုင်ဘက်က ယခုအချိန်မှာ အားနည်းလွန်းသေးသော်လည်း သူသည် တစ်နေ့မှာ သေချာပေါက် သန်မာသော ရန်သူတစ်ယောက်ဖြစ်လာပေလိမ့်မည်။

“သူက...”

ထိုစဥ်မှာပင်... အမျိုးသမီးတစ်ယောက်၏ အသံက ဘေးကနေထွက်ပေါ်လာ၏။

ဖန့်ချင်းယွင်သည် ဘေးသို့တစ်ချက်ကြည့်ပြီး အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှ ပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေသည့် ယန်ပင်းယင်ကို တွေ့မြင်လိုက်ရ၏။ သူမ၏ မျက်လုံးများက ငေးငိုင်နေပြီး သူမက ညင်သာစွာတီးတိုးရေရွတ်နေ၏။

“သူက... ဘာတွေကိုတွေ့ကြုံခဲ့ရတာလဲ... သူ့မှာဒီလောက်ကြီးမားတဲ့ တာအိုနှလုံးသားတစ်ခုက ဘယ်လိုလုပ်ပြီးရှိနေရတာလဲ”

ဖန့်ချင်းယွင်သည် ထိုအကြည့်နှင့် အတော်လေးရင်းနှီးကျွမ်းဝင်မှုရှိလေသည်။

ထိုအကြည့်မှာ စူးစမ်းလိုမှုနှင့် အထင်ကြီးလေးစားမှုတစ်စွန်းတစ်ပါဝင်နေ၏။ အဲ့ဒါသည် တစ်ခါတုန်းက သူ့ကို ယန်ပင်းယင်ကြည့်ခဲ့ပုံနှင့် အတူတူပင်ဖြစ်၏။

ဖန့်ချင်းယွင်၏ အမူအရာက သတ်ဖြတ်လိုစိတ်နှင့်အတူ ချက်ချင်းပင်ညိုမည်းသွား၏။

အစကတော့... သူသည် ဆူဇီမိုကို သင်ခန်းစာတစ်ခုပေးချင်ရုံမျှသာဖြစ်ခဲ့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ သတ်ဖြတ်လိုစိတ်က နှိုးဆွခံလိုက်ရ၏။

ယန်ပင်းယင်သည် အတွင်းဂိုဏ်း၏ နံပါတ်တစ်နတ်မိမယ်ဖြစ်ပြီး သူမက သူ့ကိုစိတ်ဝင်စားနေခဲ့၏။ သူက အဲ့ဒါကို သိရှိထားခဲ့သည်မှာ ကြာခဲ့လေပြီ။

သို့သော်လည်း သူသည် မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

သူက မည်သည့်အရာကိုမှ ထုတ်ဖော်မပြောဆိုခဲ့သည့်အချက်သည် အခြားသူများက ယန်ပင်းယင်ကို ထိလို့ရသည်ဟု မဆိုလိုပေ။

ထိုစဥ်မှာပင် ယဇ်ပူဇော်စင်မြင့်ပေါ်မှာ လျှို့ဝှက်စံအိမ်ကိုစောင့်ကြပ်ထားသည့် လူအိုကြီးရွှမ်က ရုတ်တရက်အမူအရာကင်းမဲ့စွာဖြင့် ဖန့်ချင်းယွင်ကို လှည့်ကြည့်လိုက်၏။

ထိုအကြည့်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဖန့်ချင်းယွင်သည် နဖူးကနေခြေဖျားထိ ရေခဲရေဖြင့် လောင်းချခံလိုက်ရသည့်အလား ချွေးအေးများထွက်လာပြီး သူ၏ နှလုံးသားက တုန်ယင်လာခဲ့၏။

ထိုအခိုက်အတန့်မှာ လူအိုကြီးရွှမ်၏ အကြည့်သည် သူ့ကို နဖူးကနေခြေဖျားထိ ထွင်းဖောက်၍မြင်နေပုံရ၏။

သူ့အတွေးများအားလုံး... လျှို့ဝှက်ချက်များနှင့် စောစောက သူ၏ ရင်ထဲမှာ ပေါ်ထွက်လာခဲ့သည့် သတ်ဖြတ်လိုစိတ်ကပင် လူအိုကြီးရွှမ်၏ မျက်လုံးထဲကနေ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ဖန့်ချင်းယွင်က သူ၏ ခေါင်းကိုကပျာကယာငုံ့ပြီး လူအိုကြီးရွှမ်၏ အကြည့်ကို ရှောင်လွှဲလိုက်၏။

သူ၏ မျက်လုံးထဲရှိ သုန်မှုန်ထိုင်းမှိုင်းမှုက ပျောက်ကွယ်သွားပြီး သူ့ကိုယ်သူဣန္ဒြေဆယ်ကာ အနည်းငယ်မောဟိုက်နေ၏။

ထိုအခိုက်အတန့်မှာ သူသည် ငရဲဂိတ်တံခါးကနေ ဖြတ်လျှောက်ခဲ့ရသည့်အလားခံစားနေရ၏။

“စီနီယာအစ်ကိုချင်းယွင်... ဘာဖြစ်လို့လဲ”

ယန်ပင်းယင်သည် ဖန့်ချင်းယွင်၏ ထူးခြားမှုကို သတိထားမိသွားပြီး မေးလိုက်၏။

“အဲ့ဒါ... အဆင်ပြေပါတယ်”

ဖန့်ချင်းယွင်က မရေမရာပြန်ဖြေလိုက်၏။

ယန်ပင်းယင်က ထပ်မေးလိုက်၏။

“စီနီယာအစ်ကိုချင်းယွင်... ဆူဇီမိုက အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ထင်လဲ”

“ငါမပြောတတ်ဘူး”

ဖန့်ချင်းယွင်က စိတ်အာရုံပျံ့လွင့်နေပြီး သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

သူမသည် ဖန့်ချင်းယွင်၏ ပြောင်းလဲမှုကို သတိမထားမိသည့်အလား ယန်ပင်းယင်က ဆက်ပြောလိုက်၏။

“စီနီယာအစ်ကိုချင်းယွင်... ဒီဂျူနီယာမောင်လေးကို သူ့ရဲ့နောက်ခံကြောင့်နဲ့ အရင်တုန်းက ကျွန်မတို့ အထင်သေးခဲ့မိတာ တကယ်ပဲမှားခဲ့တယ်နဲ့တူတယ်”

ဖန့်ချင်းယွင်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ပြန်မဖြေပေ။

ယန်ပင်းယင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်ပြောလိုက်၏။

“ဂျူနီယာမောင်လေးဆူက နဝမမြောက် ကျောက်လှေခါးထစ်ကို ဖြတ်ကျော်နိုင်မယ်လို့ ရှင်ထင်လား”

“မဖြစ်နိုင်ဘူး”

ထိုစကားကိုကြားသောအခါ ဖန့်ချင်းယွင်က အလိုလိုပြတ်သားစွာပြန်ပြောလိုက်၏။

“နဝမမြောက်ကျောက်လှေခါးထစ်ကို တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် စုဖွဲ့ထားတာပဲ... အဲ့ဒါကို ဉာဏ်ပညာလှေခါးထစ်လို့ခေါ်တယ်”

“စီနီယာအစ်ကိုယွဲ့ဟွားတောင်မှ အဲ့ဒါကို ခံနိုင်ရည်မရှိခဲ့ဘူး... သူက နဝမမြောက်လှေခါးထစ်ပေါ်ကို တက်လှမ်းတဲ့အချိန်မှာပဲ သူက တာအိုနှလုံးသားလှေခါးပေါ်ကနေ ချက်ချင်းကျဆင်းသွားခဲ့တယ်”

“ဆူဇီမိုက ဘယ်သူမို့လို့လဲ... သူကဂိုဏ်းချုပ်ရဲ့ အန္တိမဉာဏ်ပညာကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်ရှိပုံရိပ်က နောက်တစ်ဖန် လှုပ်ရှားသွား၏။

ဖတ်...

ဆူဇီမိုက နဝမမြောက် လှေခါးဆီသို့ ခြေလှမ်းလိုက်လေသည်။

ကျင့်ကြံသူများစွာသည် အသက်အောင့်ထားပြီး မျက်တောင်ခတ်ရဲခြင်းမရှိဘဲ တာအိုနှလုံးသားလှေခါးပေါ်ရှိပုံရိပ်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

သူတို့သည် မျက်တစ်မှိတ်အတွင်းမှာပင် အလွန်တရာအရေးကြီးသည့် အခိုက်အတန့်တစ်ခု လွတ်သွားမည်ကို စိုးရိမ်နေကြ၏။

ဆူဇီမိုသည် အဋ္ဌမမြောက်လှေခါးကနေ နဝမမြောက်လှေခါးသို့တက်လှမ်းရာမှာ အခက်အခဲနှင့်ကြုံတွေ့နေရသည့်ပုံပင်။

သူ၏ ​ခြေဖဝါးက နဝမမြောက်ကျောက်လှေခါးထစ်၏ အထက်မှာ အတန်ကြာသည့်အထိ ရပ်တန့်နေ၏။

သောင်းနှင့်ချီသော အတွင်းဂိုဏ်းတပည့်များသည် ရင်တထိတ်ထိတ်ခံစားနေရ၏။ သူတို့အားလုံးသည် တာအိုနှလုံးသားလှေခါးပေါ်မှာ ကိုယ်တိုင်တက်လှမ်းနေရသည့်အလား စိုးရိမ်ထိတ်လန့်နေကြ၏။

အသက်ဆယ်ရှိုက်စာ...။

အသက်နှစ်ဆယ်ရှိုက်စာ...။

၁၅မိနစ် ကြာသွား၏။

သူက ထပ်မံ၍ မတက်လှမ်းနိုင်တော့သည့်အလားပင်။

လူတိုင်းက စိတ်ကို လျှော့ချတော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ ခြေဖဝါးက နဝမမြောက်လှေခါးပေါ်သို့ ဘန်းခနဲဆင်းသက်သွားပြီး သူက ထိပ်ဆုံးကို ရောက်ရှိသွားလေသည်။

All Chapters