← Chapters

ဂေဂါမက်၏ဒဏ္ဍာရီ

Vol. 3 Ch. 109

ဂေဂါမက်၏ဒဏ္ဍာရီ

Vol. 3 Ch. 109

မြင်ကွင်းက နောက်တစ်မျိုးပြောင်းလဲ သွားခဲ့ပြန်ပါတယ်။

ဥရုမြို့ရဲ့မြို့တံတိုင်းတွေက ပြိုပျက်ကျနေခဲ့ပြီး မြို့ပြင်မှာတော့ လူငယ်နှစ်ဦးက လက်ရည်ညီညီနဲ့ တိုက်ခိုက်နေခဲ့ကြပါတယ်။ တစ်ဦးကတော့ ကြေးညိုရောင်အသားအရေနဲ့ ဂေဂါမက် ဖြစ်ပြီးတော့ တခြားတစ်ဦးကတော့ သိုးထိန်းတောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ ဆံပင်အစိမ်းရောင်နဲ့ လူငယ်လေးပါ။

“မင်းညစ်ဂေဂါမက်၊ မင်းရဲ့ညစ်ပတ်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်။ ဒါဆိုရင် မင်းကိုအသက်ရှင်လျက် ထားပေးမယ်။” သိုးထိန်းလူငယ်က အော်ဟစ်လိုက်တယ်။

ဂေဂါမက်ကတော့ လက်လျှော့မယ့်ပုံမပေါ်ပါဘူး။ သူက လက်ဆစ်တွေကို တဖျောက်ဖျောက်ချိုးရင်းနဲ့ ခါးက ကြေးဝါဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ သိုးထိန်းလူငယ်ကလည်း သိုးထိန်းတောင်ဝှေးကို ပစ်ချပြီး ကြေးဝါပုဆိန်ကို အသင့်ပြင်လိုက်တယ်။ သူတို့တွေက အစွမ်းကုန်တိုက်ခိုက်ကြတော့မယ့် ပုံပါပဲ။

“ဘယ်က ပေါ်လာလို့ပေါ်လာမှန်းမသိတဲ့ကောင်ကများ ငါ့ကို အမိန့်လာပေးရဲတယ်။”

ဂေဂါမက်က သိုးထိန်းလူငယ်ဆီကို ပြေးတက်လိုက်တယ်။ လူငယ်ကလည်း မကြောက်မရွံခုခံပါတယ်။ တိုက်ခိုက်ရင်း သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်က သာမန်လူတွေထက်ကို ပိုမိုကြီးထွားလာခဲ့ပြီး မြို့တံတိုင်းနံရံတွေနဲ့ကို ယှဥ်နိုင်တဲ့အထိ ကြီးထွားလာကြတယ်။ ခြေလှမ်းတိုင်းမှာ မြေပြင်တွေက အက်ကွဲသွားပြီး အနီးအနားကတောင်တန်းတွေဟာ တိုက်ပွဲကနေထွက်ပေါ်လာတဲ့ သက်ရောက်မှုတွေကြောင့် ပြိုကျတော့မလိုမျိုး တုန်ခါနေခဲ့ပါတယ်။

တစ်ဖက်မှာတော့ အဖြူရောင်ခြုံလွှာကို ဝတ်ဆင်ထားခဲ့တဲ့ ဆယ်ဗီဟာ အဲဒီတိုက်ပွဲကို ကြည့်ရှုနေခဲ့ပါတယ်။ “ဂေဂါမက်က တစ်ချိန်လုံးစကားကြီးစကားကျယ်တွေနဲ့ သူ့ကိုယ်သူမင်းမြတ်လို့ပြောနေပေမဲ့ တကယ့်က မင်းညစ်တစ်ပါးပဲ။ အခုတော့ သူနဲ့လက်ရည်တူညီတဲ့ အန်ကီဒုက သိုးထိန်းသမီးအတွက် လာပြီးတော့ တိုက်ခိုက်နေပြီပဲ။ ဒီတိုက်ပွဲကို ငါက ရှောင်ရှားလို့ရအောင် လုပ်ခဲ့ရဲ့သားနဲ့။”

ဆယ်ဗီက လွန်ခဲ့တဲ့ရက်အနည်းငယ်က အဖြစ်အပျက်ကို ပြန်ပြီးစဥ်းစားကြည့်ခဲ့ပါတယ်။ အန်ဒီဒုက ဂေဂါမက်ကို အပြစ်ပေးဖို့အတွက် နတ်ဘုရားတွေက သီးသန့်ဖန်ဆင်းခဲ့တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ ဆယ်ဗီက သူ့နောက်လိုက် မိန်းကလေးတစ်ယောက်ကိုစေလွှတ်ပြီး အန်ကီဒုကို သွေးဆောင်စေပြီး ကျိန်စာတိုက်ခဲ့တယ်။ ရလဒ်အနေနဲ့ အန်ဒီဒုဟာ နတ်ဘုရားတွေပေးအပ်ထားတဲ့ ကောင်းချီးတွေ ဆုံးရှုံးသွားပြီး ဂေဂါမက်ကိုအနိုင်ယူနိုင်တဲ့ စွမ်းအားမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့ လက်ရည်တူတော့ ယှဥ်ပြိုင်နေနိုင် ပါသေးတယ်။

ကောင်းချီးတွေဆုံးရှုံပြီးနောက် အန်ကီဒုက အတိတ်မေ့ နေခဲ့ပြီး ဥရုမြို့နားကရွာတစ်ရွာမှာ သိုးထိန်းအဖိုးအိုကို ကူညီပြီး နေထိုင်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ကျေးဇူးရှင် အဖိုးအိုရဲ့သမီးမင်္ဂလာဆောင်မယ့်အချိန်မှာ ဂေဂါမက်ရဲ့ စစ်သည်တွေက ဘုရင့်အမိန့်ဆိုပြီး မိန်းကလေးကို အတင်းဖမ်းဆီးရာကနေ ဒီပြဿနာစဖြစ်ခဲ့တာပါ။

နတ်တစ်ပိုင်းဖြစ်ပြီး မောက်မာတဲ့ဂေဂါမက်မှာ အကျင့်ယုတ်တစ်ခုရှိပါတယ်။ အဲဒါကတော့ မင်္ဂလာဆောင်ခါနီး ချောမောတဲ့မိန်းမပျိုတွေကို ဖမ်းဆီးပြီး ပန်းဦးဆက်စေတဲ့ အကျင့်ပါပဲ။ ဒါက တူညီတဲ့စွမ်းအားရှိပြီး တရားမျှတမှုကိုတန်ဖိုးထားတဲ့ အန်ကီဒုကို ဒေါသထွက်စေခဲ့တယ်လေ။

တိုက်ပွဲက ခုနစ်ရက် ခုနစ်ည ကြာခဲ့ပါတယ်။ အနိုင်အရှုံး အဖြေမပေါ်ခဲ့ဘဲ နှစ်ဘက်လုံးက မောပြီးမြေပေါ်မှာ မှောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်နှစ်ဦးက တစ်ဦးပေါ်တစ်ဦး လေးစားတဲ့စိတ် ဝင်ရောက်လာခဲ့တယ်။

“ဂေဂါမက်... မင်းက ဥရုမြို့ရဲ့ဘုရင်အဖြစ် ထိုက်တန်တဲ့ ခွန်အားရှိတယ်။ ဒါပေမဲ့ မင်းမှာ ထိုက်တန်တဲ့ အမူအကျင့်မျိုး မရှိဘူး။”

“တကယ်လို့ ထိုက်တန်တဲ့ အမူအကျင့်မျိုး ငါ့မှာရှိလာရင် မင်းငါ့နောက်လိုက်မှာလား။”

“အေး...”

မြေပေါ်မှာလဲကျနေခဲ့တဲ့ နတ်တစ်ပိုင်းနှစ်ယောက်က တစ်ဦးကိုတစ်ဦး စကားဆိုနေကြတယ်။ ဆယ်ဗီက အဲဒီမြင်ကွင်းကို မနှောင့်ယှက်ခဲ့ဘဲ စိတ်လက်သက်သာစွာနဲ့ ကြည့်ရှုနေခဲ့ပါတယ်။

“အနည်းဆုံးတော့ သူ့အတွက် အသက်အန္တရာယ် မရှိတော့ဘူးပဲ။”

လူငယ်နှစ်ယောက်က သူ့မျက်စိရှေ့မှာတင်ပဲ ထရပ်လိုက် ကြပါတယ်။ ဂေဂါမက်နဲ့အန်ကီဒုက တစ်ဦးကိုတစ်ဦး တရင်းတနှီးနဲ့ ကြည့်လိုက်ကြတယ်။

“အခုကနေစပြီး ငါတို့နှစ်ယောက်က ထာဝရမိတ်ဆွေတွေပဲ။”

အဲဒီနောက်တော့ နတ်တစ်ပိုင်းနှစ်ယောက်က မိတ်ဆွေတွေ ဖြစ်လာခဲ့ပြီးတော့ တစ်မြို့တည်းမှာပဲ အတူတူနေထိုင် ကြပါတယ်။ မောက်မာတဲ့ဂေဂါမက်ကလည်း မင်းကောင်း ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်သလို အန်ကီဒုလည်း စစ်သူကြီးအနေနဲ့ တိုင်းပြည်ကို ဘေးရန်အပေါင်းကနေ ကာကွယ်ပေးခဲ့ပြန်ပါတယ်။

အချိန်အတော်ကြာအောင် ဘေးကင်းနေခဲ့တယ် ဆိုပေမဲ့ တစ်နေ့မှာတော့ ပျင်းရိနေပုံပေါ်တဲ့ အန်ကီဒုက ဂေဂါမက်ဆီ ရောက်လာတယ်။

“မိတ်ဆွေကြီး... မိစ္ဆာကြီးဟန်ဘာဘာအကြောင်း ကြားပြီးပြီလား။”

“မြစ်တစ်ဖက်ကမ်းက သစ်ကတိုးတောအုပ်ကို စောင့်တဲ့ တောစောင့်ကြီးမဟုတ်လား။” အန်ကီဒုရဲ့စကားကို ဂေဂါမက်က ပြန်စဥ်းစားပြီးတော့ တုံ့ပြန်ပါတယ်။

“ဟုတ်တယ်၊ ငါတို့နိုင်ငံက သစ်ခုတ်သမားတွေက အဲဒီ သစ်တောကြီးက သစ်ကတိုးတွေကို အလိုရှိကြပေမဲ့ မတတ်နိုင်ကြဘူးလေ။”အန်ကီဒုက သွေးဆောင်တဲ့ အနေနဲ့ပြောလိုက်တယ်။ ထပ်ပြီးတော့ သူက...

“ဒီလိုသစ်ကတိုးတွေကသာရရင် ငါတို့နိုင်ငံက တခြားနိုင်ငံတွေကြားထဲမှာ ဂုဏ်ဝံ့နေတော့မှာပဲ။ မိစ္ဆာကြီးကို သတ်ပြီးတော့ အဲဒီတောက သစ်ကတိုးတွေနဲ့ မြို့တံခါးကြီးကို ဆောက်လိုက်နိုင်မယ်ဆိုရင် တခြားမြို့ကလူတွေ ဘယ်လိုထင်ကြမလဲ။”

ဒီတစ်ခါတော့ ရည်မှန်းချက်ကြီးမားတဲ့ ဂေဂါမက်ရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတွေက အထင်သားဖြစ်ပေါ် လာပါတော့တယ်။

“အားနည်းတဲ့သူတွေက ငါတို့ကို ကြောက်လန့်ပြီးတော့ ခိုဝင်လာကြလိမ့်မယ်။ အားကြီးတဲ့သူတွေကတော့ ငါတို့နဲ့ ရင်ဆိုင်ဖို့ စိုးထိတ်နေလိမ့်မယ်။”

ဂေဂါမက်ဟာ တိုက်ဖရက်နဲ့ယူဖရီးတီးမြစ်နှစ်မွှာကြားက နိုင်ငံငယ်တွေကို စုစည်းဖို့အတွက် ရည်မှန်းချက်ရှိခဲ့ပြီးသား။ အန်ကီဒုရဲ့စကားကို ကြားရချိန်မှာတော့ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုဖြစ်နိုင်တယ်လို့တွေးပြီး နားယောင်ခဲ့တယ်။

“ကောင်းပြီ၊ ငါတို့တွေ စစ်ထွက်ဖို့အတွက် ပြင်ဆင်ကြတာပေါ့။”

အဲဒီနောက်တော့ နတ်တစ်ပိုင်းနှစ်ယောက်က မိစ္ဆာကြီး ဟန်ဘာဘာနဲ့သစ်ကတိုးတောအုပ်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ကြပါတော့တယ်။

...

နတ်တစ်ပိုင်းနှစ်ယောက်က မြို့သူမြို့သားတွေကို လှည့်ပတ် နှုတ်ဆက်ပြီး မြို့ပြင်ကိုထွက်ဖို့ မြို့တံခါးရှေ့ကို ရောက်လာ ကြပါတော့တယ်။ မြို့တံခါးမှာတော့ တံခါးကိုကျောမှီပြီး ရပ်နေခဲ့တဲ့ ခြုံလွှာဖြူနဲ့မိန်းမလှလေးကို မြင်နိုင်ပါတယ်။

“ဂေဂါမက်... ရှင်ရူးနေပြီလားလား။”

“အိနာနာ... မင်းငါ့လမ်းကို လာပိတ်ပြန်ပြီလား။” ဂေဂါမက်နဲ့ အန်ကီဒုက ဆယ်ဗီကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။ ဆယ်ဗီကတော့ စိတ်ခံစားချက်တွေ ရှုပ်ထွေးနေတဲ့အတွက်ကြောင့် နီရဲနေတဲ့မျက်လုံးတွေနဲ့ ဂေဂါမက်ကို ကြည့်လိုက်တယ်။

“ဟမ်ဘာဘာက မြေနတ်ဘုရားအာနယ်ရဲ့အစေခံပဲ။ သစ်ကတိုးတောအုပ်က ရှေးအချိန်ကတည်းက မြေနတ်ဘုရားရဲ့အထွတ်အမြတ်ထားရာ တောအုပ်ပဲ။ နတ်ဘုရားတစ်ပါးတန်ဖိုးထားတဲ့ ပန်းဥယျာဥ်ကို ဖျက်ဆီးလိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ရှင်သိရဲ့လား။”

ဘုန်း...

အိနာနာရဲ့အနားက သစ်သားဂိတ်တံခါးကို ပုဆိန်တစ်ခု လာစိုက်တယ်။ ခေါင်းနဲ့ထိမိဖို့အတွက် လက်မနည်းနည်းပဲ ကွာခြားပါတယ်။

“အိနာနာ၊ မင်းက ငါဘုရင်ရဲ့ဂုဏ်သိက္ခာက မြို့ထဲမှာ မင်းရဲ့ကျော်ကြားမှုထက် ပိုပြီးသာလွန်သွားတာကို မမြင်ချင်လို့ ငါ့ကိုတားနေတာမဟုတ်လား။ ငါအရင်တည်းက ပြောခဲ့ပြီးပြီ။ ငါ့လမ်းကို လာမပိတ်ပါနဲ့လို့။ ဘာလဲ၊ ဟမ်ဘာဘာခေါင်းကိုမဖြတ်ခင် အိနာနာရဲ့ခေါင်းကို အရင်ဖြတ်ရမှာလား။”

ဒီစကားကြောင့် ဆယ်ဗီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူ့ဒေါသကြောင့် ကောင်းကင်မှာ မိုးတိမ်တွေ ဖွဲ့စည်းလာခဲ့ပေမဲ့... သူက ဘာမှဆက်မပြောဘဲ ဘုရားကျောင်းဆီကိုသာ တောင်ပံဖွင့်ပြီး ပြန်သွားပါတော့တယ်။

“ဟမ်ဘာဘာကို ခေါင်းဖြတ်ပြီး တစ်နေ့ကျရင် ဒီနတ်စုတ်မ ငါ့မြို့မှာမနေနိုင်အောင် နှင်ထုတ်ပစ်ရမယ်။ ထွီ...”

ဂေဂါမက်က မြေပေါ်ကို တံထွေးထွေးလိုက်ရင်း အန်ကီဒုနဲ့ အတူတူ မြို့ပြင်ကိုထွက်သွားခဲ့တယ်။

မကြာခင်မှာပဲ နတ်တစ်ပိုင်းနှစ်ဦးက ဟမ်ဘာဘာရဲ့ခေါင်းပြတ်ကြီးနဲ့အတူတူ မြို့ထဲကို ပြန်ရောက်လာပါတယ်။ သူတို့နဲ့အတူ သစ်ကတိုးတွေလည်း ပါလာပြီး မြို့ဂိတ်တံခါးကြီးကိုတည်ဆောက်ဖို့အတွက် လက်သမားတွေကို အမိန့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ အိနာနာကတော့ မြို့ထဲမှာ ရှိမနေခဲ့ပါဘူး။ အဲဒီအစား နတ်ဘုံမှာရောက်နေခဲ့ပြီး နတ်မင်းကြီးတွေကို ခစားနေခဲ့ရပါတယ်။

“အို၊ အချစ်နှင့်စစ်နတ်ဘုရားမ အိနာနာ။ သင့်မြို့ရဲ့ အုပ်ချုပ်သူက ငါကိုယ်တော်ရဲ့သစ်တောထဲက သစ်တွေကို ခိုးရုံနဲ့အားမရလို့ ငါ့ကျွန်ကိုတောင် သတ်ရဲသည်။ ထိုသူ့ကို အပြစ်မပေး၍မဖြစ်တော့။”

မြေနတ်ဘုရားနဲ့အတူတူ တခြားနတ်မင်းကြီးတွေ ဝိုင်းပြီး ဖိအားပေးတဲ့အတွက်ကြောင့် အိနာနာဟာ နတ်သဘင် အစည်းအဝေးပွဲကနေပြီး စိတ်ညိုးငယ်စွာနဲ့ ပြန်လာခဲ့ရတယ်။ အဲဒီနောက်တော့ ကောင်းကင်ယံမှာ ရပ်နေရင်းနဲ့ ဥရုမြို့ကြီးကို ငုံကြည့်ခဲ့ပါတယ်။

“ဒါကို မလုပ်မဖြစ်လို့ ကျွန်မလုပ်ရတော့မယ်။ ဒါပေမဲ့ ရှင်ဘာမှမဖြစ်စေဖို့တော့ ကျွန်မအာမခံပေးနိုင်မှာပါ။ နောင်မှာ သင်ခန်းစာရဖို့တော့ မျှော်လင့်ရမှာပဲ။ ကျွန်မကို မုန်းရင်လည်း မုန်းပါစေတော့။”

အဲဒီနေ့မှာပဲ ကောင်းကင်ပေါ်ကနေ မြို့တစ်ခုရဲ့အရွယ်အစား ရှိတဲ့ နွားသိုးကြီးတစ်ကောင် ဆင်းသက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂေဂါမက်နဲ့သူ့အပေါင်းအပါကို သတ်ဖြတ်ပစ်ခဲ့ဖို့ပါ။

“နတ်ဘုရားတွေက ကျုပ်တို့ကို အပြစ်ပေးချင်တယ်ပေါ့။ အန်ကီဒု၊ လူသားတွေက ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ဖို့ အချိန်ရောက်ဆိုတာ ပြဖို့အခွင့်အရေးပဲ။ သွားကြစို့။”

“ကောင်းပြီ။”

အန်ကီဒုနဲ့ဂေဂါမက်တို့က လှံတွေပုဆိန်တွေကိုဆွဲကာ မြို့ပြင်ကို ထွက်လာခဲ့ကြတယ်။ ကောင်းကင်နွားသိုးကြီးနဲ့ ရင်မဆိုင်ရသေးခင်မှာပဲ သူတို့နှစ်ယောက်က ကောင်းကင်မှာ သိမ်းငှက်တစ်ကောင်လို အတောင်ပံတွေနဲ့ ပျံသန်းနေခဲ့တဲ့ နတ်မိမယ်ကို မြင်ခဲ့ကြပါတယ်။

“မင်းကိုး... အိနာနာ။ မင်းက ငါ့ကိုအပြစ်ပေးချင်တယ်ပေါ့။ ငါဂေဂါမက်က အဲဒီလောက် အနိုင်ယူရတာမလွယ်ဘူးဆိုတာ ပြပေးမယ်။”

အိနာနာကတော့ အဲဒီမြင်ကွင်းကို နှုတ်ခမ်းကိုကိုက်ထားရင်း ကြည့်ရုံသာ ကြည့်နေခဲ့တယ်။ နတ်တစ်ပိုင်းနှစ်ယောက်က အတွဲညီညီနဲ့ကောင်းကင်နွားသိုးကြီးကို တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ နွားသိုးကြီးက အပိုင်းပိုင်းဖြတ်ခံရကာ အသက်ကုန်ခြင်းအဖြစ်ကို ရောက်ရှိသွားတော့တယ်။

ဒါပေမဲ့...

“မိတ်ဆွေကြီး၊ ကျုပ်တော့ ဒီတောင်ကို ကျော်နိုင်တော့မယ် မထင်ဘူး။”

အန်ကီဒုလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးတော့ တိုက်ပွဲအပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတော့တယ်။ ဂေဂါမက်ကလည်း ယူကျုံးမရနဲ့ ဝမ်းနည်းပူဆွေးနေခဲ့ တော့တာပေါ့။

“ဒါဟာ ကျုပ်အမှားပဲ။ သူနဲ့အတူတူ ဟမ်ဘာဘာကိုသတ်ဖို့ သဘောမတူခဲ့မိရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။”

အိနာနာကတော့ အဲဒီမြင်ကွင်းကို ရင်နာစွာနဲ့ပဲ ကြည့်နေခဲ့ ပါတော့တယ်။ အိနာနာက ဂေဂါမက်ကို နှစ်သိမ့်ပေးချင် ခဲ့ပေမဲ့ အနားကို ကပ်မသွားခဲ့ဘူး။ သူအနားမှာရှိနေရင် ဒီဘုရင်က သူ့အပေါ်အမုန်းတွေ ပိုတိုးပွားလာမယ်မှန်း သိနေခဲ့လို့ပါ။

...

နောက်တစ်ကြိမ်...

ဂေဂါမက်က မြို့တံခါးရှေ့မှာ ရပ်နေပြန်တယ်။ ဒီတစ်ခါလည်း အိနာနာက မြို့တံခါးကို ပိတ်ရပ်လို့။

“သေတဲ့လူက သေသွားပြီပဲ။ လက်လျှော့လိုက်ပါတော့။”

ဒါပေမဲ့ ဂေဂါမက်ကတော့ လက်မခံပါဘူး။ သူက အဲဒီအစား “မဟာရေကြီးမှုကြီးပြီးကတည်းက မသေသေးဘဲနဲ့ အသက်ရှင်နေတဲ့ လူသားစင်စစ်တစ်ယောက် ပင်လယ် တစ်ဖက်ကမ်းမှာရှိတယ်လို့ ကျုပ်ကြားတယ်။ ဒီတော့ မသေဆေးဆိုတာလည်း ရှိရမယ်မဟုတ်လား။ အဲဒီဆေးကိုသာ ရရင် ကျုပ်မိတ်ဆွေကြီးကို ပြန်ပြီးတော့ အသက်သွင်းနိုင်မှာပဲ။”

အိနာနာကတော့ ခေါင်းကိုခါယမ်းလိုက်တယ်။ “သေပြီးတဲ့ လူတွေက ပြန်အသက်ရှင်မလာနိုင်ဘူး။ ဒါဟာ လောကကြီးကို ဖန်ဆင်းကတည်းက နတ်မင်းကြီးတွေ ချမှတ်ခဲ့တဲ့ စည်းမျဥ်းပဲ။”

“စည်းမျဥ်း... စည်းမျဥ်း... စည်းမျဥ်း... ခင်ဗျားတို့ စည်းမျဥ်းချတိုင်း ကျုပ်တို့က လိုက်နာစရာလား။ ခင်ဗျားကြီး ကျုပ်ရှေ့ကနေဖယ်၊ ဒီတစ်ခါ တားလို့ကတော့ ကျုပ်တကယ် ခင်ဗျားကို သတ်ပစ်မိလိမ့်မယ်။”

အိနာနာက ဂေဂါမက်ဒေါသထွက်နေတာကို သိနေပေမဲ့ ရှေ့ကိုတက်လာပြီး သူ့ပခုံးပေါ် လက်တင်လိုက်ပါတယ်။ “ဂေဂါမက်... ရှင်ရူးနေပြီ။ အဲဒီခရီးလမ်းက သိပ်ကို အန္တရာယ်များတယ်။ ယူနာပစ်ရှတင်ကို ဘယ်သူမှတွေ့လို့ မရတော့အောင်လို့ နတ်ဘုရားတွေက မိစ္ဆာသားရဲပေါင်း များစွာနဲ့ လမ်းကိုပိတ်ဆို့ထားတာ။”

“ဒီတော့... အဲဒီလူနာမည်က ယူနာပစ်ရှတင်တဲ့လား။ ကောင်းပြီ၊ မသေဆေးရှိတယ်ဆိုတဲ့အကြောင်းကို နတ်ဘုရားဖြစ်တဲ့ခင်ဗျားကိုယ်တိုင်က အတည်ပြုလိုက်ပြီ ဆိုမှတော့ ရှာဖို့က ကျုပ်တာဝန်ပေါ့။”

ဂေဂါမက်က အိနာနာရဲ့လက်ကို အတင်းတွန်းဖယ်လိုက်ပြီး ဂိတ်တံခါးကြီးကိုဖြတ်ကာ ခရီးရှည်ကြီးကို စတင်ထွက်ခွာ ပါတော့တယ်။

...

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးတဲ့နောက်မှာတော့ ထိခိုက် ဒဏ်ရာများစွာနဲ့ နတ်တစ်ပိုင်းဘုရင်ကြီးဟာ တိုင်းပြည်ကို ပြန်လာခဲ့တယ်။ သူဟာ အရင်ထက် များစွာအိုမင်းသွားသလို စိတ်ဓာတ်ကျကြေကွဲနေဟန်ပေါ်ပြီးတော့ ပလ္လင်ထက်မှာ ထိုင်ကာ အထီးကျန် နန်းဆောင်ကြီးတစ်ဖက်က ဘုရားကျောင်းကိုသာ ငေးမောကြည့်လို့။

“ဒီတော့ ရှင်မသေဆေးကို ရှာတွေ့ခဲ့ပြီလား။” အိနာနာက ဘုရင့်ဘေးမှာ ပေါ်လာတယ်။ ဘုရင်ကြီးကတော့ အိနာနာကို ကြည့်လိုက်ရင်း...

“ကျုပ်ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ ကျုပ်မပိုင်ဆိုင်ခဲ့ဘူး။” ဘုရင်ဂေါမက်ဟာ ပင်လယ်တစ်ဖက်ကမ်းကို ရောက်ရှိ နိုင်ခဲ့သလို မသေဆေးကိုလည်း ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆေးကိုပိုင်ဆိုင်ဖို့အထိတော့ ကံမကောင်းခဲ့ရှာပါဘူး။ ဒါကြောင့် သူ့မိတ်ဆွေကြီးကိုအသက်ပြန်သွင်းမယ့်အကြံ ပျက်စီးသွားခဲ့ပြီး အခုအချိန်မှာတော့ စိတ်ဓာတ်ကျပြီး သေမယ့်အချိန်ကိုသာ ထိုင်စောင့်နေတဲ့ ဘုရင်ကြီးတစ်ပါး ဖြစ်လာခဲ့ပါပြီ။

“ကျုပ်ခင်ဗျားပြောတာတွေကို နားထောင်ခဲ့သင့်တယ်။ ခုတော့ ကျုပ်ဟာ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ လူတစ်ယောက်ဆိုတာကလွဲလို့ ဘာမှမပိုတော့ဘူး။”

ဂေဂါမက်က ကြေးဝိုင်ခွက်ကိုမြှောက်ပြီး နောက်ထပ် သေရည်တွေကို ပါးစပ်ထဲလောင်းထည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အိနာနာက တားမြစ်လိုက်ပါတယ်။

“ရှင်ဒီထက် ပိုသောက်နေရင် ကျန်းမာရေးထိခိုက်ပြီး မြန်မြန်ဆန်ဆန်နဲ့ သေသွားရလိမ့်မယ်။”

သေရလိမ့်မယ်ဆိုတဲ့စကားကို ကြားရချိန်မှာတော့ ဂေဂါမက်က အိနာနာကို တွန်းဖယ်လိုက်တယ်။ နောက်တော့ ဒေါသတကြီးနဲ့အော်ဟစ်ရင်း...

“သေတော့ ဘာအရေးလဲ။ ကျုပ်ဆိုတဲ့လူက မြန်မြန် သေသွားမှ အေးမယ့်ကောင်မျိုး။ ဒါမှ မရဏဘုံမှာ ကျုပ်မိတ်ဆွေကြီးနဲ့ ပြန်တွေ့နိုင်မှာ။”

“ဂေဂါမက် သေခြင်းတရားကို အဲဒီလိုအလုပ်လုပ်တာ မဟုတ်ဘူး။ ရှင်မရဏဘုံကိုရောက်တာနဲ့ ရှင့်ကိုယ်ရှင် မေ့သွားမှာမလို့ ရှင့်ကိုယ်ရှင်သေအောင်လုပ်နေတာက အလကားပဲ။”

ဒေါင်...

ဂေဂါမက်ရဲ့လက်ထဲက ကြေးဝါဝိုင်ခွက်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ သူ့မျက်နှာပေါ်မှာတော့ ခါးသီးမှုတွေက အပြည့်။

“ဒါပေမဲ့... ကျုပ်မှာ တခြားဘာတတ်နိုင်တာ ရှိသေးလို့လဲ။”

အိနာနာက ငိုကြွေးနေတဲ့ ဂေဂါမက်ကိုနောက်ကနေ သိုင်းဖက်လိုက်တယ်။ အဲဒီနောက်...

“တကယ်လို့ အန်ကီဒုသာ ပြန်အသက်ရှင်လာမယ်ဆိုရင် ရှင့်ရဲ့နောင်တတွေ ပြေပျောက်သွားမှာလား။”

“ဟုတ်တယ်...”

“ဒါဆိုရင် ကျွန်မ ရှင့်ရဲ့အပြုံးတွေကို ပြန်မြင်ရမှာလား။”

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

“ရှင်ကျွန်မကို မုန်းတီးနေတာတွေရော ပျောက်ကွယ်သွားမှာလား။”

“ဒါကတော့ မဖြစ်နိုင်ဘူး။”

လူသားနဲ့နတ်ဘုရားတစ်ပါးကြားက ဆွေးနွေး​ပြောဆိုမှုက ဒီနေရာမှာတင် ရပ်တန့်သွားတယ်။ ခဏအကြာမှာတော့ စစ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားပြီးပြီဖြစ်တဲ့ အိနာနာက ဂေဂါမက်ကို လာရောက်နှုတ်ဆက်ပါတယ်။

“အန်ကီဒုကို မရဘုံကနေ ကျွန်မပြန်ခေါ်လာပေးမယ်။ ရှင့်အနေနဲ့ ကျွန်မကို မုန်းတီးချင်တယ်ဆိုရင်လည်း ဆက်ပြီးတော့ မုန်းတီးနေနိုင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲမနေပါနဲ့တော့။”

All Chapters