ဒီနေ့ ငါ အင်မော်တယ်ဖြစ်လာရမယ်
Vol. 12 Ch. 166
အခန်း (၁၆၆) ဒီနေ့ ငါ အင်မော်တယ်ဖြစ်လာရမယ်
အနောက်ဘက်တောင်တန်းများ…
အနောက်ဘက်တောင်တန်းများ တည်ရှိရာနေရာ ကောင်းကင်ထက်တွင် လူရိပ် (၂)ခု ပေါ်လာလေသည်။
လူရိပ်တစ်ခုဆီမှ ပြင်းထန်သည့် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အခြားလူရိပ်ဆီမှ အရှိန်ပြင်းစွာ တောက်လောင်နေသည့် မီးတောက်တစ်ခုလည်း ထွက်ပေါ်လာသည်။
"ဘုန်း…"
"ဘုန်း…"
လူရိပ် (၂)ခုက ကောင်းကင်ထက်တွင် အပြန်အလှန် တိုက်ခိုက်နေကြပြီး သူတို့၏ ရောင်ဝါများက တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေသည်။
တိုက်ပွဲက အနောက်ဘက်တောင်တန်းတစ်ခွင်လုံးသို့ လွှမ်းခြုံလျှက် ရှိသည်။
"ဘန်း…"
လျှပ်စီးကြောင်းများနှင့် မီးတောက်များ ရိုက်ခတ်မိပြီးနောက် သူတို့ (၂)ယောက်လုံး တောင်တန်းတစ်နေရာသို့ ဆင်းသက်လိုက်ကြသည်။
သူတို့ မြေပြင်ထက်သို့ ခြေချလိုက်သည်နှင့် ပြင်းထန်လှသည့်စွမ်းအားများကြောင့် မြေကြီးပေါ်တွင် ကြီးမားသည့် တွင်းနက်ကြီးများ ဖြစ်ပေါ်သွားသည်။
တောင်တန်းတစ်နေရာတွင်တော့ ပုဆိန်သွားလှံရှည်ကိုကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိ၏။
သူ၏ဦးခေါင်းထက်တွင် နဂါးဦးချိုများထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် နဂါးမျိုးနွယ်ဖြစ်ကြောင်း သိရှိနိုင်သည်။
လူငယ်၏ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ လင်းလက်စွာ ထွက်ပေါ်လျှက်ရှိပြီး ပုဆိန်သွားလှံရှည်မှ လျှပ်စီးများကလည်း မြေပြင်ထက်သို့ ရိုက်ခတ်လျှက် ရှိသည်။
ထိုလူငယ်သည်ကား နဂါးမင်းသားလုန်မန်ပင် ဖြစ်၏။
လုန်မန်က သူ့ရှေ့မှ လူကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
လုန်မန်နှင့် ရင်ဆိုင်တိုက်ခိုက်နေသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး နတ်မိစ္ဆာတစ်ယောက် ဖြစ်၏။
လုန်မန်က…
"ဟွန်း… ကျုပ်ကို ခိုးကြောင်ခိုးဝှက်နဲ့ လာတိုက်ခိုက်တယ်… ၊ ဒါပေမဲ့ မင်း ကျုပ်ကိုနိုင်မှာ မဟုတ်ဘူး… ၊ မင်းနဲ့အတူ တခြားနတ်မိစ္ဆာတွေပါလာသေးရင်လည်း ခေါ်ထုတ်လိုက်စမ်း…"
နတ်မိစ္ဆာလူရွယ်၏အမည်က ဟော်ကျီးဖြစ်ပြီး သူက မီးတန်ခိုးစွမ်းအားကို ကျင့်ကြံထားသည့် မီးမိစ္ဆာ ဖြစ်သည်။
ဟော်ကျီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"နဂါးမျိုးနွယ်က အဋ္ဌမမင်းသားလုန်မန်က အရမ်းကို ဂုဏ်သတင်းကြီးလွန်းတယ်… ၊ ကျုပ်ကြားတာတော့ မင်းက မွေးကတည်းက အင်မော်တယ်အဖြစ် မွေးဖွားလာတယ်ဆိုပဲ… ၊ ဒီနေ့ အဋ္ဌမမင်းသားနဲ့ အခုလို တိုက်ခိုက်ခွင့်ရတာ သိပ်ကိုဂုဏ်ယူမိပါတယ်…"
သူတို့ (၂)ယောက်လုံးက အဖိုးတန်မှော်ဝင်ပစ္စည်းတစ်ခုကို ရှာဖွေရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့ (၂)ယောက် ဆုံတွေ့ခဲ့ကြပြီး စတင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။
သူတို့ (၂)ယောက်လုံး အဖိုးတန်မှော်ဝင်ပစ္စည်းကို တွေ့ရှိခြင်း မရှိသေးပေ။
သို့သော် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိလာရကြောင်းကို အချင်းချင်း ရိပ်မိနေကြလေရာ မြွေမြွေချင်း ခြေမြင်ကြခြင်း ဖြစ်သည်။
ဤတိုက်ပွဲက သူတို့အတွက် သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်၏။ တိုက်ပွဲတွင် အနိုင်ရသူက အဖိုးတန်မှော်ဝင်ပစ္စည်းကို ရရှိမည် ဖြစ်သည်။
လုန်မန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း…
"ကျုပ်လက်နဲ့ အသတ်ခံရမှာကိုလည်း မင်း ဂုဏ်ယူလိုက်စမ်းပါ…"
သူ့လက်ထဲတွင်ကိုင်ထားသည့် ပုဆိန်သွားလှံရှည်မှ လျှပ်စီးကြောင်းများ ထွက်ပေါ်နေပြီး လျှပ်စီးကြောင်းများက လှံရှည်ကို လှည့်ပတ်လျှက်ရှိသည်။
လုန်မန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှလည်း လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
ထို့နောက် ကောင်းကင်ထက်တွင် လျှပ်စီးများလင်းလက်လာပြီး လေထုထဲတွင် မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
လုန်မန်က လှံရှည်ကို ဝှေ့ရမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည့် လျှပ်စီးအလင်းတန်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
"ဘုန်း…"
ပုဆိန်သွားလှံရှည်က ဟော်ကျီးရှိရာသို့ တည့်တည့်ဝင်ရောက်လာသည်။
ဟော်ကျီးက ချက်ချင်းပင် လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ မြေပြင်တစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များ တဟုန်းဟုန်းတောက်လောင်လျှက် ရှိတော့၏။
မီးတောက်များက မြွေတစ်ကောင်အသွင်ပြောင်းလဲသွားပြီး ပုဆိန်သွားလှံရှည်မှထွက်ပေါ်လာသည့် လျှပ်စီးကြောင်းများကို ဖုံးလွှမ်းဝါးမြိုပစ်လိုက်သည်။
ဟော်ကျီးက…
"ဒါပေါ့ကွာ… အဋ္ဌမမင်းသားကို သတ်ခွင့်ရတာကလည်း ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ… ၊ ကဲ… သေဖို့သာပြင်ပေတော့…"
မီးတောက်များက နေရာအနှံ့ပျံ့နှံ့သွားပြီး လုန်မန်၏ လျှပ်စီးတန်ခိုးစွမ်းအားများကို ဖျက်စီးပစ်လိုက်သည်။
လုန်မန်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း မထီမဲ့မြင်ပုံစံဖြင့်…
"ဒီလောက်ပဲလား…"
လုန်မန်၏ ခန္ဓာကိုယ်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ထပ်မံထွက်ပေါ်လာသည်။
သူက ပုဆိန်သွားလှံရှည်ကို တစ်ချက်ဝှေ့ရမ်းလိုက်ရာ ကောင်းကင်ထက်တွင် လျှပ်စီးများ တဖျတ်ဖျတ်လင်းလက်သွားသည်။
"လျှပ်စီးမုန်တိုင်းဆင်းသက်…"
"ဘုန်း…"
လုန်မန်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ထက်မှ လျှပ်စီးမုန်တိုင်းတစ်ခု ဆင်းသက်လာသည်။
လျှပ်စီးတန်ခိုးစွမ်းအားများက မိုးကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ပြင်းထန်လှသည့် လျှပ်စီးရောင်ဝါက တစ်လောကလုံးကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရသည်။
လျှပ်စီးမုန်တိုင်းက ဟော်ကျီး၏ မီးတောက်များအားလုံးကို ငြိမ်းသတ်ပစ်လိုက်သည်။
ဟော်ကျီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ဟွန်း…ချောင်ပိတ်မိနေတဲ့သားရဲနဲ့ တိုက်ခိုက်နေရသလိုပဲ…"
ထို့နောက် ဟော်ကျီးက လက်ဖဝါးနှစ်ဖက်ကို အသာယှက်လိုက်သည်။
"အနန္တမီးတောက်…"
"ဝှစ်…"
ဟော်ကျီး၏ အော်ဟစ်သံအဆုံးသတ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များ ဖုံးလွှမ်းသွားသည်။
မီးတောက်များက စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်သွားပြီး လုန်မန်၏ လျှပ်စီးကြောင်းများကို ပတ်ပတ်လည် ဝန်းရံထားလိုက်သည်။
လုန်မန်နှင့် ဟော်ကျီး (၂)ယောက်လုံး မီးတောက်စက်ဝိုင်းအတွင်းတွင် ပိတ်မိနေလေ၏။
လုန်မန်က…
"မင်းလုပ်ပုံက ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေအောင် လုပ်လိုက်တာပဲ… ၊ ဟက်… ဦးနှောက်မရှိတဲ့ မီးမိစ္ဆာစုတ်…"
ပြောပြီးသည်နှင့် လုန်မန်က သူ၏ ပုဆိန်သွားလှံရှည်ဖြင့် ဟော်ကျီးကို ထိုးစိုက်ချလိုက်သည်။
ဟော်ကျီးက လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ သူ့လက်ထဲတွင် မီးတောက်မီးလျှံများတောက်လောင်နေသည့် လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။
သူက မီးတောက်လှံရှည်ဖြင့် လုန်မန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
လှံရှည် (၂)ခု ထိခိုက်မိသည်နှင့် မီးပွင့်သွားပြီး မီးပွားများက နေရာအနှံ့ပျံ့နှံ့သွားသည်။
"ဘုန်း…"
သူတို့ (၂)ယောက်၏ တိုက်ခိုက်မှုက လျှင်မြန်လွန်းလှသည်။
တန်ခိုးစွမ်းအားများကလည်း ပတ်ဝန်းကျင်တစ်ခုလုံး ဟာရီကိန်းမုန်တိုင်းတိုက်ခတ်သည့်အလား လှည့်ပတ်ပျံ့နှံ့လျှက်ရှိသည်။
သူတို့၏ ပုံရိပ်များက လျှပ်စီးလက်သည့်နှယ် ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားလျှက် ရှိသည်။
တိုက်ပွဲက ပြင်းထန်လွန်းပြီး အချိန်လည်း ကြာမြင့်မည့်ဟန် ရှိလေ၏။
…………………
အနောက်ဘက်တောင်တန်းများ တစ်နေရာ…
မြေအောက်လိုဏ်ဂူတစ်ခုအတွင်း၌ ကျန်းလန် ရှိနေလေသည်။
သူက အန္တရယ်ကင်းစေရန်အတွက် မြေအောက်တွင် လိုဏ်ဂူတူးပြီး ပုန်းအောင်နေခြင်း ဖြစ်သည်။
ကျန်းလန်က ကျောက်ဂူတစ်ခုကိုပင် ရှာဖွေနေထိုင်ခြင်း မပြုခဲ့ပေ။ ကျောက်ဂူအတွင်းတွင် နေထိုင်မည်ဆိုပါက အခြားသူများ ကျောက်ဂူအတွင်းဝင်ရောက်လာပြီး သူ့ကို ရှာဖွေတွေ့ရှိသွားလျှင် အန္တရယ်မကင်းနိုင်သောကြောင့် ဖြစ်သည်။
မြေအောက်လိုဏ်ခေါင်းတူးပြီး နေထိုင်သူကတော့ မရှိသလောက်ရှားပါးလေရာ သူနေထိုင်သည့်နေရာကို မည်သူမှ သတိပြုမိမည် မဟုတ်ပေ။
သူတစ်ယောက်တည်း ကျင့်ကြံနေစဉ်တွင် အခြားသူများ လွယ်လွယ်နှင့် လာရောက်နှောက်ယှက်နိုင်မည် မဟုတ်ပေ။
ကျန်းလန် ဤနေရာတွင် ကျင့်ကြံနေသည်မှာ အချိန် (၃)နှစ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အချိန် (၃)နှစ်အတွင်း ပြင်ဆင်မှုများစွာကိုလည်း ပြုလုပ်ထားခဲ့သည်။ ကျန်းလန်က သူနေထိုင်သည့်နေရာပတ်ပတ်လည်တွင် အစီအရင်များစွာ ပြုလုပ်ထားသည်။
သူစိမ်းများရောက်လာသည်ကို စောင့်ကြည့်သည့်အစီအရင်များ ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရာတွင် ကူညီပေးနိုင်မည့် အစီအရင်များ စသည်ဖြင့် ဖြစ်၏။
သူက အစီအရင်များကို ဖုံးကွယ်ထားပြီး လျှို့ဝှက်အစီအရင်များအဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူနေထိုင်သည့်နေရာသို့ အခြားသူများရောက်ရှိလာသည့်တိုင် အစီအရင်များကို တွေ့မြင်ရမည် မဟုတ်ပေ။
ထို့ပြင် ကျန်းလန်က စိတ်ရှုတ်ထွေးစေသည့် အစီအရင်များကိုလည်း ပြုလုပ်ထားသေးသည်။
သူ့ကို တစ်စုံတစ်ယောက်က ခြေရာခံမိမည်ဆိုလျှင်တောင်မှ အစီအရင်များကြောင့် စိတ်ရှုတ်ထွေးသွားပြီး အခြားနေရာများသို့ လမ်းလွဲကာ ရောက်ရှိသွားမည် ဖြစ်သည်။
ထိုသို့ စိတ်ရှုတ်ထွေးစေသည့်အစီအရင်များကို သူနေထိုင်ရာနေရာ၏ အပြင်ဘက်အစွန်းပိုင်းတွင် ကျန်းလန်က ပြုလုပ်ထားသည်။
အစီအရင်ပညာ အားမနည်းသူများသာလျှင် ကျန်းလန်ပြုလုပ်ထားသည့် လျှို့ဝှက်အစီအရင်များကို ထိုးထွင်းတွေ့မြင်နိုင်မည် ဖြစ်သည်။
ထို့ပြင် အန္တရယ်ကြုံလာလျှင် ထွက်ပြေးလွတ်မြောက်ရန်အတွက် အသက်ကယ်လမ်းကြောင်းတစ်ခုကိုလည်း ကျန်းလန်က ပြုလုပ်ထားသေးသည်။
မတော်တဆ သူ့ကို အန္တရယ်ပေးမည့်သူနှင့် ရင်ဆိုင်ရလျှင် လွတ်လမ်းရှာဖွေနိုင်ရန် ဖြစ်လေသည်။
ရန်သူက သူ့ထက် တန်ခိုးစွမ်းအားနည်းပါးသူဆိုလျှင် ကိစ္စမရှိသော်လည်း တန်ခိုးစွမ်းအားကြီးမားသူဆိုလျှင်တော့ ထိပ်တိုက်ရင်မဆိုင်သည်က အကောင်းဆုံး ဖြစ်သည်။
အနောက်ဘက်တောင်တန်းများတွင် ကျင့်ကြံနေသည့် အချိန် (၃)နှစ်အတွင်း ကျန်းလန်၏ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်များပင်လျှင် သူ့ကို ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်က အရေးကြီးသည့်အချိန်ဖြစ်လေရာ ကျန်းလန် လူသားအင်မော်တယ်တစ်ပါးနှင့်ပင် ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိပေ။
သူသာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက ပေးဆပ်ရမည့်တန်ဖိုးက အလွန်ကြီးမားမည် ဖြစ်သည်။
သို့သော် ကျန်းလန် ကံကောင်းသည်ဟု ဆိုနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်း ကျန်းလန်နေထိုင်ရာ အနီးပတ်ဝန်းကျင်သို့ မည်သူမှ ရောက်ရှိလာခြင်း မရှိပေ။
မကြာခင်က သူနေထိုင်ရာအနီးပတ်ဝန်းကျင်သို့ ကျင့်ကြံသူ (၂)ယောက် ရောက်ရှိလာသော်လည်း ကျန်းလန်နှင့်ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှ သိရှိသွားကြခြင်း မရှိပေ။
ထို့ကြောင့် ကျန်းလန်လည်း အေးအေးဆေးဆေး ဆက်လက်ကျင့်ကြံနိုင်ခဲ့လေ၏။
ယခုတော့ ကျန်းလန်၏ အခြေအနေက အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုမျှ လျှင်မြန်စွာဖြင့် ကျင့်ကြံခြင်းအထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ကျန်းလန် ထင်မထာခဲ့ပေ။
အနောက်ဘက်တောင်တန်းများရှိရာသို့ စတင်ရောက်ရှိစဉ်က ကျန်းလန် စနစ်တွင် မှတ်ပုံတင်ခဲ့လေသည်။ မှတ်ပုံတင်ခြင်းမှ ထူးဆန်းသည့် ဝိညာဉ်ဆေးပင်တစ်မျိုး ရရှိခဲ့သည်။ ထိုဆေးပင်က သူ၏ ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်လာစေခဲ့သည်။
ကျန်းလန် မရှိမှုအာကာသအဆင့် အထွတ်ထိပ်သို့ ရောက်ရှိခဲ့ပြီးနောက် အင်မော်တယ်အဖြစ် အဆင့်တက်ရန် အတော်လေး နီးစပ်လာပြီ ဖြစ်သည်။
သူသာ ဆက်လက်ကျင့်ကြံမည်ဆိုလျှင ်မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများ စတင်ထွက်ပေါ်လာသည်။ ဤသည်က အင်မော်တယ်အဖြစ် အဆင့်တက်တော့မည့် လက္ခဏာ ဖြစ်၏။
အင်မော်တယ်စွမ်းအားများက ထူးခြားလေသည်။ ကျန်းလန်က အင်မော်တယ်မဖြစ်သေးသည့်အတွက် ထိုစွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
သို့သော် အခြား မူမမှန်သည့်လက္ခဏာများကိုတော့ တွေ့ရှိရခြင်း မရှိပေ။
ကျန်းလန် ခွန်လွန်တောင်မှ ခပ်စောစောထွက်လာခဲ့သည်မှာ မှန်သည်ဟု ဆိုရမည်။ တောင်ပေါ်မှ အချိန်စောပြီး ဆင်းလာခဲ့ခြင်းက သူ့ကို ပိုပြီးအန္တရယ်ကင်းစေလေသည်။
မြေအောက်လိုဏ်ဂူထဲတွင်ထိုင်ရင်း ကျန်းလန် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ့လက်ထဲတွင် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ကိုင်ထား၏။
အင်မော်တယ်အဖြစ်အဆင့်တက်ရန် အရာအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ပြီးလျှင် သေချာပေါက် အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။
"ဒီဆေးလုံးက အရင်ကလိုပဲ ငါရင်ဆိုင်ရတဲ့ ကျင့်ကြံခြင်းအကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်ပါ့မလား မသိဘူး… ၊ ဒီဆေးလုံးနဲ့ အဆင်မပြေရင်တော့ ငါ နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပြီးရှာဖွေရမှာပဲ…"
ကျန်းလန် မူလဝိညာဉ်အဆင့်သို့ တက်ရောက်စဉ်က မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို သောက်သုံးခဲ့ပြီး ကျင့်ကြံခြင်းအကျပ်အတည်းများကို ဖြေရှင်းနိုင်ခဲ့သည်။
သို့သော် ဤဆေးလုံးက မိုးကောင်းကင်စမ်းသပ်ခြင်းကို ရင်ဆိုင်ရာတွင် ကူညီနိုင်ပါမည်လား မသေချာလှပေ။
စိတ်ချရစေရန်အတွက် ကျန်းလန်က သူ့တွင်နောက်ဆုံးကျန်ရှိနေသည့် တာအိုနားလည်ခြင်းလက်ဖက်ခြောက် တစ်ပုံစာကိုလည်း အသင့်ပြင်ထားသည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးက အလုပ်မဖြစ်လျှင် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားရမည် ဖြစ်သည်။
ထို့နောက် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ကျန်းလန် ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ပြီး အင်မော်တယ်တစ်ပါး ဖြစ်လာရန်ကတော့ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုအပေါ်တွင် မူတည်မည် ဖြစ်သည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို မြိုချလိုက်သည်နှင့် ကျန်းလန် ချက်ချင်းပင် အာကာသဗလာနယ်ထဲသို့ ရောက်ရှိသွားလေသည်။
ဤနေရာတွင် အင်မော်တယ်တံခါးကို ရှာဖွေရမည် ဖြစ်သည်။
ထိုခဏမှာပင် မိုးနဲ့မြေကို ဖန်ဆင်းခြင်းဆေးလုံးမှ တုန့်ပြန်မှုတစ်ခု ဖြစ်ပေါ်လာပြီး တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာကြောင်း ကျန်းလန် ခံစားလိုက်ရသည်။
ထို့နောက် အာကာသလေထုတစ်ခုလုံး ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။
အာကာသဗလာနယ်ထဲတွင် တံခါးတစ်ချပ်ထွက်ပေါ်လာသည်ကို ကျန်းလန် တွေ့လိုက်ရသည်။
ထိုတံခါးက အင်မော်တယ်တံခါး ဖြစ်လေသည်။ ကျန်းလန်အနေဖြင့် ထိုတံခါးကို မြင်သာမြင်နေရပြီး ထိတွေ့ချဉ်းကပ်နိုင်ခြင်း မရှိပေ။
အင်မော်တယ်တံခါးက ကျန်းလန်အနားသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်။ သို့သော် ကျန်းလန်နှင့် နီးကပ်လာသည်နှင့် ထိုတံခါးက ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထို့နောက် ကျန်းလန်၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သည့် တံခါးပေါင်းများစွာ ထွက်ပေါ်လာလေသည်။ ထိုတံခါးများအားလုံးမှ တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လျှက် ရှိကြသည်။
ထိုတံခါးများမှထွက်ပေါ်နေသည့် တုန်ခါမှုတစ်ခုစီက အတားအဆီးတစ်ခုစီကို ကိုယ်စားပြုသည်။ ထိုတံခါးများထဲမှ တံခါးတစ်ခုကသာလျှင် စစ်မှန်သည့် အင်မော်တယ်တံခါး ဖြစ်လေသည်။
သို့သော် ကျန်းလန် အင်မော်တယ်တံခါးနှင့် နီးကပ်လာသည်နှင့်အမျှ တံခါးများက စဉ်ဆက်မပြတ် ပြောင်းလဲမှုများကို ပြုလုပ်လျှက် ရှိသည်။
စစ်မှန်သည့် အင်မော်တယ်တံခါးကို ရှာဖွေရန်အတွက် ကျန်းလန် ကိုယ့်အားကိုယ်ကိုးရမည် ဖြစ်သည်။
အချိန်အတန်ကြာလေ့လာပြီးနောက် တံခါးများက လှည့်စားမှုများကို မည်သို့ပြုလုပ်နေသည်ကို ကျန်းလန် သိရှိသွားသည်။
ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းစတင်လှမ်းလိုက်လေသည်။ သူ၏ ဦးတည်ရာက စစ်မှန်သည့် အင်မော်တယ်တံခါးရှိရာသို့ ဖြစ်သည်။
နောက်ဆုံးတွင်တော့ ကျန်းလန်၏ ပတ်ဝန်းကျင်မှ တံခါးများအားလုံး ပျောက်ကွယ်သွားသည်။
အာကာသဗလာနယ်ထဲတွင် မျှော်စင်ကြီးတစ်ခုပမာ မြင့်မားလွန်းသည့် တံခါးကြီးတစ်ချပ်သာလျှင် ကျန်ရစ်ခဲ့သည်။ ထိုတံခါးကြီးမှ တောက်ပသည့်ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လျှက် ရှိသည်။
ထိုတံခါးက စစ်မှန်သည့် အင်မော်တယ်တံခါး ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။ သူ ချက်ချင်းပင် ခြေလှမ်းကျဲများဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်သည်။
အင်မော်တယ်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအန္တရယ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
ကျန်းလန် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးမှ တန်ခိုးစွမ်းအားများ သူ၏လက်တစ်လျှောက် စီးဆင်းထွက်ပေါ်လာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
"ကျွီ…"
တံခါးပွင့်သွားသည်နှင့် တံခါးအတွင်းမှ တောက်ပသည့်အလင်းရောင်များနှင့်အတူ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာသည်။
ထိုအချိန်ခဏအတွင်းမှာပင် ကျန်းလန် ဉာဏ်အလင်းပွင့်သွားပြီး အင်မော်တယ်အဆင့်ကို ချက်ချင်း နားလည်သဘောပေါက်သွားလေသည်။
လူသားတစ်ယောက် အင်မော်တယ်ဖြစ်လာခြင်းဆိုသည်က ဆင့်ကဲဖြစ်စဉ်တစ်ခု ဖြစ်သည်။
အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်သည်နှင့် လူတစ်ယောက်၏ အနာဂတ်သည် အဆုံးမဲ့ဖြစ်နိုင်ချေများဖြင့် ပြည့်နက်သွားပေလိမ့်မည်။
အသက်ဆက်လက်ရှင်သန်ပြီး တာအိုလမ်းကို လျှောက်လှမ်းနေသရွေ့ ထာဝရအသက်ရှင်နေထိုင်ခွင့်ကို ရရှိမည် ဖြစ်သည်။
မြေပြင်ထက်တွင် လမ်းလျှောက်နေသူတစ်ယောက် ချက်ချင်းပင် ကောင်းကင်ထက်သို့ ရောက်ရှိသွားသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။
သူက ကောင်းကင်အမြင့်ထက်မှနေပြီး မြေပြင်နှင့် မိုးကုတ်စက်ဝိုင်းတစ်ခွင်ကို ငုံ့ကြည့်နေသည့်အလား ဖြစ်သည်။
အင်မော်တယ်ဖြစ်လာသည်နှင့် သူရရှိမည့် အဆုံးမဲ့ဖြစ်နိုင်ချေများကို ကျန်းလန် နားလည်လာခဲ့သည်။
အင်မော်တယ်တစ်ပါးနှင့် သာမန်လူသားတစ်ယောက်အကြား ခြားနားချက်က အသူရာတမျှနက်ရှိုင်းသည့် ချောက်နက်ကြီးပမာ ဖြစ်သည်။ ဘယ်သောအခါမှ စပ်ဟပ်၍ရမည် မထင်ပေ။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းအဆင့်ကိုသာ အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဆိုလျှင် ကျန်းလန်၏ အနာဂတ်က တောက်ပနေမည် ဖြစ်သည်။
သို့သော် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို မကျော်ဖြတ်နိုင်လျှင်တော့ အသက်ပျောက်ကာ မြေကြီးထဲမြှုပ်နှံခံရမည် ဖြစ်သည်။
အတွေးများစွာနှင့်အတူ ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုခြေလှမ်းက သူ့ဘဝတွင် အမြဲတမ်း လှမ်းချင်ခဲ့သည့် ခြေလှမ်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) ကျော်ခန့်က သူ အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်သည့် ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့ပြီး အင်မော်တယ်ကျင့်စဉ်များကို စတင်ကျင့်ကြံခဲ့သည်။
သူ၏ ကနဦးရည်ရွယ်ချက်က အင်မော်တယ်ဖြစ်လာရန်နှင့် သူကိုယ်သူ ကာကွယ်နိုင်ရန် ဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် အခြားသောမျှော်လင့်ချက်များလည်း ရှိနေလေသည်။
ထို့နောက်…
ကျန်းလန် အင်မော်တယ်တံခါးအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားလေတော့သည်။
ယနေ့တော့ သူ သေချာပေါက် အင်မော်တယ်ဖြစ်လာရမည် ဖြစ်သည်။