← Chapters

အိနာနာမရဏဘုံသို့ သက်ဆင်းခြင်း

Vol. 3 Ch. 110

အိနာနာမရဏဘုံသို့ သက်ဆင်းခြင်း

Vol. 3 Ch. 110

စစ်နတ်ဘုရားမ အိနာနာဟာ မရဏဘုံကို ဆင်းသွားခဲ့တယ်။ ဒီနေရာမှာရှိနေတဲ့ အရာအားလုံးက မှောင်မှိုင်းကာ ဖုန်မှုန့်တွေနဲ့ဖုံးလွှမ်းပြည့်နှက်နေခဲ့ပါတယ်။ သေသူတွေဟာ အသိဉာဏ်မဲ့စွာနဲ့ သွားလာနေကြပြီး ဖုန်မှုန့်နဲ့ရွံနွံတွေကိုသာ စားသောက်နေကြရပါတယ်။

မရဏဘုံဟာ ဟိုးရှေးယခင် အချိန်တွေကတည်းက ဆန်းကြယ်လှတဲ့ နေရာတစ်ခုဖြစ်ပြီး နတ်ဘုရားတွေတောင် ဆင်းသွားပြီးရင် ပြန်မလွတ်မြောက်လာနိုင်ဘူးလို့ နာမည်ကြီးတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီနေရာကို အုပ်စိုးတဲ့ နတ်မိမယ်တစ်ပါးလည်း ရှိနေခဲ့ပြီး အက်ရှိဂယ် လို့ခေါ်ပါတယ်။ ပြီးတော့ အဲဒီ နတ်ဘုရားမဟာ အိနာနာရဲ့ညီမအရင်းဖြစ်နေခဲ့တယ်။

“ဂိတ်တံခါးစောင့်တွေ၊ ငါအရှင်မအတွက် တံခါးဖွင့်ပေးစမ်း။”

အိနာနာက မြင့်မားလှတဲ့ မြေသားတံခါးကြီးရဲ့ရှေ့မှာ ရပ်နေရင်းနဲ့ လှမ်းအော်ပြောခဲ့တယ်။ ဝတ်ရုံနက်ကြီး ခြုံထားပြီး ဝတ်ရုံနက်အောက်မှာ အရိုးတွေသာရှိတဲ့ ဂိတ်စောင့်ကြီးကတော့ စစ်ဝတ်တန်ဆာအပြည့်နဲ့ နတ်သမီးကို ကြည့်ရှုပြီးတော့ မယုတ်မလွန်သာ ပြောခဲ့လေရဲ့။

“အိုအရှင်မ၊ အသင့်ကို တံခါးဖွင့်ပေးရန် ကျွနုပ်တွင် အခွင့်မရှိ။ ကျွန်ုပ်၏ဘုရင်မထံ ခွင့်ပြုချက်ယူပါရစေ။”

“ကောင်းပြီ။”

အိနာနာက ခွင့်ပြုပေးတာနဲ့ ဂိတ်စောင့်ကြီးက မြေအောက်ကမ္ဘာနန်းတော်ထဲကိုဝင်ပြီး ရုပ်ချင်းဆင်တူပေမဲ့ မြင့်မြတ်တဲ့အရှိန်အဝါတွေအစား လူသေအခိုးအငွေ့တွေနဲ့ ဖုံးလွှမ်းနေတဲ့ နတ်မိမယ်ကို သွားရောက်ခစားပါတယ်။

“အိုအရှင်မ အက်ရှီဂယ်၊ အသင့်အစ်မကား မရဏမြို့တံခါး ရှေ့သို့ ရောက်ရှိလာ၏။”

ပလ္လင်ထက်မှာရှိနေတဲ့ နတ်မိမယ် အက်ရှီဂယ်က မျက်လုံးကို မှေးလိုက်ပြီး “အစ်မတော်က ဘာစိတ်ကူးနဲ့များ ဒီနေရာကို ဆင်းလာပါလိမ့်။”

“အရှင်မ၊ ဤနတ်သမီးကား ကြီးမြတ်သော နတ်မင်းကြီးကို ဆန့်ကျင်ဝင့်သူတည်း။ မရဏဘုံအား ဝင်ခွင့်ပေး၍မဖြစ်။ မရဏဘုံအား သိမ်းပိုက်မည်ပြုသော် မခက်လော။”

“ကောင်းပြီ။ သူ့ကို ထွက်သွားဖို့ ပြောသွားချေ။ မထွက်သွားရင် ငါ့ဆီပြန်လာခဲ့။”

“မှန်လှပါ။” ဂိတ်စောင့်ကြီးက အက်ရှီဂယ်နတ်ဘုရားမကို ဦးညွှတ်ပြီး မရဏဘုံဂိတ်တံခါးဆီ ပြန်ရောက်လာခဲ့တယ်။ တံခါးစောင့်ကြီးက မြို့တံတိုင်းရိုးပေါ်တက်ပြီး စစ်နတ်​ဘုရားမကို လှမ်းပြီး အကြောင်းအကျိုးကိုဆိုပါတယ်။

“အိုအရှင်မ၊ အရှင့်ညီမတော်ကား အစ်မတော်အရေးကို ထောက်ရှု၍ မရဏဘုံအတွင်းဝင်ခွင့်မပေးရန် ဆုံးဖြတ် ထားသည်။ မရဏဘုံကား ဝင်ပြီးသူတို့ ပြန်မထွက်နိုင်သော နေရာ၊ သဲနှင့်ဖုန်မှုန့်တို့ကိုသာ စားသောက်၍ရသောနေရာ မဟုတ်ပါလား။”

စောင့်ဆိုင်းနေရတာ ကြာပြီဖြစ်တဲ့အတွက် စိတ်မရှည်တဲ့ အိနာနာကတော့ ကြေးဝါလှံနဲ့ ဂိတ်တံခါးကိုရွယ်လိုက်ရင်း

“ကောင်းပြီ၊ သင်မဖွင့်ရင် ငါကိုယ်တိုင် တံခါးကိုရိုက်ချိုးပြီး ဖွင့်မယ်။”

“အရှင်မ၊ ဒီလိုထင်ရာစိုင်းလို့ မဖြစ်ပါဘူး။ မရဏတံခါးတွေ ကျိုးပဲ့ကုန်ရင် သေပြီးသူတွေရဲ့ဝိညာဥ်တွေ လွတ်မြောက် လာပြီးတော့ လူသားဘုံတစ်ခုလုံး ကပ်ဘေးစိုက်ပါလိမ့်မယ်။ အရှင့်ညီမတော်ကို ဖျောင်းဖျပါရစေဦး။”

ဂိတ်တံခါးစောင့်က အက်ရှီဂယ်ဆီရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါတယ်။ အက်ရှီဂယ်က ဒေါသတကြီးနဲ့ ပလ္လင်တော်လက်ရန်းကို လက်ဝါးနဲ့ ရိုက်လိုက်ရင်း...

“မိုက်ရိုင်းလိုက်တာ။ ဒင်းက ငါ့အစ်မတော်ဖြစ်နေပေမဲ့ ငါအုပ်ချုပ်တဲ့တိုင်း​​ပြည်တံခါးဝရှေ့လာပြီး မောက်မောက်မာမာ ပြောဝင့်တယ်။ ကောင်းပြီ၊ သူဝင်ချင်တယ်ဆိုရင်လည်း ဝင်ပါစေတော့။ ဒါပေမဲ့ စည်းမျဥ်းဟောင်းတွေအတိုင်း လုပ်ဆောင်စေ။”

“မှန်လှပါ။” တံခါးစောင့်ကြီးက အက်ရှီဂယ်ကို ဦးညွှတ်ပြီး တံခါးဆီကို ရောက်ရှိလာပြန်ပါတယ်။

“အို၊ အရှင်မအိနာနာ။ အရှင်မညီမတော်က အရှင်မအား ဝင်ခွင့်ပေးလိုက်ပြီ။ သို့သော် စည်းမျဥ်းဟောင်းများအတိုင်း လိုက်နာရမည်။”

“ကောင်းပြီ။”

ကျွီ...

မြို့တံခါးကြီးက အိနာနာရဲ့ရှေ့မှာတင်ပဲ ပွင့်သွားခဲ့တယ်။ ဂိတ်တံခါးကြီးရဲ့နောက်မှာ နောက်ထပ်ဂိတ်တံခါးလည်း ရှိနေသေးပေမဲ့ အိနာနာဟာ အများကြီးမတွေးဘဲ အထဲကို လှမ်းလျှောက်ခဲ့ပါတယ်။ တံခါးမှူးကြီးကတော့ အနားကို ရောက်ရှိလာပြီး

“ကြွပါ အရှင်နတ်သမီး။ ဒီကျွန်တော်မျိုးကို ကုရှတာလို့ ခေါ်ပါတယ်။ မရဏပြည်ထောင်မှ ကြိုဆိုပါတယ်။”

အဲဒီနောက်တော့ တံခါးစောင့်ကြီးကုရှတာက အိနာနာရဲ့ ခေါင်းမှာဝတ်ဆင်ထားတဲ့ နဖူးသင်းကျစ်ကို ဖြုတ်ယူတယ်။ အိနာနာလည်း ဒေါသမာန်နဲ့ တံခါးစောင့်ကြီးကို ကြည့်ရင်း မေးလိုက်တယ်။

“အို၊ အသင်တံခါးမှူး အဘယ်ကြောင့် ကျွနုပ်၏သင်းကျစ်ကို ဖြုတ်ယူရသနည်း။”

“အရှင်မ၊ ဤကား မရဏဘုံ၏ထုံးတမ်း ဖြစ်ပေသည်။ မရဏပြည်တံခါးကို ဖြတ်သန်းဝင်ရောက်လာသူတို့သည် အသက်ရှင်စဥ်က ပိုင်ဆိုင်ခဲ့သမျှကို တစ်ခုချင်းစီ ထားရစ် ခဲ့ရပေမည်။”

“ဟဲ့ကုရှတာ။ ငါက နတ်ဘုရားမ။ သေမျိုးမဟုတ်။ ဘာလို့ ဒီထုံးတမ်းကို လိုက်နာရမှာလဲ။”

အိနာနာက ပြောလိုက်တော့ ကုရှတာက လက်နဲ့ပြန်လမ်းကို ညွန်ပြရင်း “ ထုံးတမ်းအတိုင်းလိုက်နာမည်ဟု အသင်ကတိရှိသည်မဟုတ်လား။ မလိုက်နာနိုင်လျင် အပြင်မှာပဲ နေရစ်ပါ။”

အိနာနာက တံခါးမှူးနောက်မှာရှိနေတဲ့ လူသေစစ်တပ်ကို ကြည့်လိုက်ရင်း သက်ပြင်းချမိပြန်တယ်။ မိမိကိုယ်တိုင်က စစ်နတ်ဘုရားမဖြစ်ပေမဲ့ တစ်​ယောက်တည်း အလျင်စလို ဆင်းလာမိတဲ့အတွက် စကားအရ တံခါးတွေကိုချိုးဖျက် ဝင်ရောက်မယ်လို့ ပြောခဲ့ပေမဲ့ တကယ်လုပ်ဖို့ကတော့ ထင်သလောက်မလွယ်။ စစ်သူကြီးတစ်ယောက်က စစ်သည်မပါဘဲ စစ်ကိုဘယ်လိုတိုက်မှာလဲ။ ပြီးတော့ လူသားဘုံကို ကပ်ဘေးသင့်စေနိုင်တာမလို့ ချင့်ချိန် စဥ်းစားဖို့လိုသေးတယ်။

“ကောင်းပြီ။ စည်းမျဥ်းအတိုင်းသာ ရှိစေတော့။” ဒီလိုနဲ့ အိနာနာဟာ ကုရှတာက သင်းကျစ်ကိုဖြုတ်ယူတာကို ခွင့်ပြု ပေးလိုက်တယ်။

ဒါပေမဲ့ ဒုတိယတံခါးဝရောက်တဲ့အချိန်မှာ ကုရှတာက နားမှာ ဝတ်ဆင်အပ်တဲ့ နားတောင်းတွေကို ဖြုတ်ယူပြန်ပါတယ်။ “အိုအရှင်မ၊ ဒါလည်းထုံးတမ်းပါပဲ။”

အိနာနာကတော့ ဒုတိယတံခါးဝအလွန်မှာရှိနေတဲ့ နောက်ထပ် တံခါးဝကြီးကိုကြည့်ရင်း “ ကုရှတာ၊ ဂိတ်တံခါးတွေက ဘာလို့အထပ်ထပ်ရှိနေတာလဲ။ နောက်ထက် တံခါးဘယ်နှစ်ခုကျန်သေးလဲ။”

“အရှင်မ၊ မရဏကမ္ဘာဂိတ်တံခါးပေါင်း ၇ ခုရှိပါတယ်။ မရဏဘုံဂိတ်တံခါးတွေကို ဖြတ်သန်းတဲ့အခါတိုင်းမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတစ်ခုချင်းစီကို ထားရစ်ခဲ့ပါမယ်။”

ဒီလိုနဲ့ တတိယဂိတ်တံခါးကို ဖြတ်သန်းတဲ့အခါမှာ လည်ဆွဲဘယက်၊ စတုတ္ထဂိတ်တံခါးကို ဖြတ်သန်းတဲ့ အခါမှာ ကြေးချပ်မိန်ညို၊ ပဥ္စမတံခါးမှာတော့ ခါးပတ်နဲ့တကွ ယူဆောင်လာအပ်သော ဓား၊ ဓားအိမ် စတဲ့လက်နက်တွေ၊ ဆဋ္ဌမတံခါးကို ဖြတ်သန်းရာမှာ လက်ကောက်ခြေကျင်း၊ သတ္တမတံခါးကိုအရောက်မှာတော့ ကိုယ်ရုံတော် ခြင်္သေ့ သားရေခြုံလွှာ စတာတွေကို ထားရစ်ခဲ့ရတယ်။

မရဏဘုံကို အစ်မတော်ကျူးကျော်လာလို့ ဒေါသူပုန်ထပြီး အသားတွေတဆတ်ဆတ်တုန်နေတဲ့ အက်ရှီဂယ်ရှေ့ကို ရောက်ရှိချိန်မှာတော့ အိနာနာမှာ ဘာစစ်ဝတ်တန်ဆာမှ မရှိတော့ပါဘူး။

“ အစ်မတော်။ ဘယ်လိုဆန္ဒမျိုးရှိလို့ မရဏဘုံကို ကြွချီလာရပါသလဲ။”

အက်ရှီဂယ်က ရင်းနှီးပုံပေါ်တဲ့လေသံကို ထိန်းချုပ်ရင်း မေးလိုက်တော့ အိနာနာကလည်း ပုံမှန်အတိုင်းပဲထင်ပြီး အကြီးက အကြီးအရာမှာနေဆိုတဲ့အတိုင်း မရဏပလ္လင် ကိုလှမ်းကာ ထိုင်ဖို့လုပ်ပါတယ်။

“ညီမတော်၊ ဒီအစ်မတော်ရဲ့အလိုကို လိုက်လျောပေးနိုင်မလား။”

အိနာနာက အက်ရှီဂယ်ကို လာရင်းအကြောင်း ရှင်းပြဖို့ ကြိုးစားခဲ့ပေမဲ့ အက်ရှီဂယ်ကတော့ သူ့လက်ဝါးထဲမှာ ရောဂါဝေဒနါပေါင်းတစ်ရာပါဝင်တဲ့ ရောဂန္တရကပ်ဘေး စွမ်းအားတွေကိုစုစည်းကာ အလစ်အငိုက်တိုက်ခိုက် လိုက်ပါတော့တယ်။

“ရှင်ဒီကိုလာကတည်းက ဘာလုပ်မယ်ဆိုတာကို ကျွန်မ သိခဲ့ပြီးသား။”

ဘုန်း...

“ဝေါ့....” အိနာနာက ပလ္လင်ထက်ကိုသွားရာ လမ်းပေါ်နေ အရုပ်ကျိုးပျက် လွင့်စင်သွားခဲ့တယ်။ သွေးမည်းတွေကို ပါးစပ်ကနေ အန်ထုတ်လိုက်ရပြီး သူ့မျက်လုံးတွေက တိမ်ဖုံးကာ ဘာကိုမှ မြင်နိုင်တော့ဟန် မရှိတော့ပါဘူး။ ခြေလက်တွေမှာလည်း နူနာရောဂါစွဲကပ်ပြီး ခန္ဓာကိုယ်အနှံအနာရောဂါတွေနဲ့ ပြည့်နှက် လာခဲ့ပါတယ်။ အသက်ကိုပြင်းထန်စွာရှုရှိုက်နေရပြီးတော့ မကြာခင်မှာပဲ သူ့ရဲ့မသေဆုံးနိုင်ဘူးလို့ ယူဆထားခဲ့တဲ့ နတ်ဘုရားခန္ဓာကိုယ်ဟာ ရောဂါကပ်ဘေးပေါင်းများစွာရဲ့ တိုက်စားခြင်းကိုခံရပြီး စတင်ယိုယွင်းလာပါတော့တယ်။

“ငါသိပြီ... သူက ငါ့ရဲ့ချပ်ဝတ်တန်ဆာတွေကို အလိမ္မာနည်းနဲ့ ချွတ်စေပြီး ကာကွယ်ရာမဲ့ဖြစ်အောင် ပရိယာရ်နဲ့ လုပ်ခဲ့တာပဲ။”

ဒါကတော့ နတ်ဘုရားဖြစ်လျက်နဲ့ သေဆုံးမသွားခင်မှာ တွေးခဲ့တဲ့ အိနာနာရဲ့အတွေးတွေပါပဲ။

...

ရှေးဟောင်းစာတွေကို ဖတ်ရှုနေရင်းနဲ့ စာအုပ်ရဲ့အဆုံးကို ရောက်ရှိတဲ့အခါမှာတော့ ဆယ်ဗီက ရုတ်တရက်ဆိုသလိုပဲ လန့်နိုးလာခဲ့တယ်။ သူ့စိတ်ထဲမှာ ထင်ဟပ်နေခဲ့တဲ့ ပုံရိပ်တွေ ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ အဲဒီပုံရိပ်တွေဟာ အစစ်အမှန် အတွေ့အကြုံတွေနဲ့ ပိုတူနေခဲ့ပြီး လက်တွေ့နဲ့အိပ်မက်ကို ခွဲခြားမရနိုင်လောက်အောင်ပါပဲ။

နောက်တော့ အဲဒီဇာတ်ကြောင်းကို ပြန်စဥ်းစားပြီးတော့ ဇာတ်ကောင်တွေကိုသနားလို့ ငိုမိတော့တာပဲ။

“အိနာနာလေး သနားဖို့ကောင်းလိုက်တာ။ သူမှာ နတ်ဘုရားဖြစ်ရဲ့နဲ့ တစ်ဖက်သတ်ချစ်ရသူအတွက် ပေးဆပ်လိုက်ရတာ။”

အဲဒီနောက်တော့ စာဖတ်ရတာ ကျေနပ်သွားခဲ့ပြီဖြစ်တဲ့ ဆယ်ဗီက စာအုပ်ကို နေရာတကျပြန်သိမ်းလိုက်ပြီးတော့ ဖွင့်ထားတဲ့ ​စာကြည့်ခန်းပြတင်းပေါက်ကြီးရှေ့မှာ ရပ်ခဲ့ပါတယ်။ အဲဒီပြတင်းပေါက်ကနေတစ်ဆင့် ခြံဝင်းထဲ ကျရောက်နေတဲ့ ညနေခင်းနေရောင်ဝါကို မြင်နေရတယ်။

“ဒီအချိန်တောင် ရောက်သွားပြီလား။ ညစာစားဖို့ အသင့်ဖြစ်ပြီလားမသိဘူး။”

ဆယ်ဗီက တဂွီဂွီမြည်နေတဲ့ဗိုက်ကို လက်နဲ့ဖိနှိပ်လိုက်ရင်း ညစာစားခန်းဆီကို ဦးတည်ပြီးသွားပါတယ်။ တကယ်လည်း သူစားဖို့သောက်ဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်ပြီးတော့ လက်ဖက်ရည်သောက်ရင်း သူ့ကိုစောင့်နေတဲ့ ရိုစယ်လီယာနဲ့ တန်းတွေ့တော့တာပဲ။

“အချစ်၊ စာဖတ်ရတာ သဘောကျရဲ့လား။”

“အင်း...”

အဲဒီနောက်တော့ သူကိုယ်တိုင်လည်း စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ရင်းနဲ့ သူဖတ်လာခဲ့တဲ့ ဝတ္ထုအကြောင်းကို ပြန်ပြောပြတော့တာပဲ။ ဒါပေမဲ့ ရိုစယ်လီယာကတော့ အဲဒီဝတ္ထုအကြောင်းကို နားထောင်နေရင်းနဲ့ မျက်မှောင် ကုတ်လိုက်ပါတယ်။

“အိနာနာက ဂေဂါမက်အတွက် မရဏဘုံကို ဆင်းသွားတာလား။ အဲဒီအကြောင်းက မူရင်းမှာ မပါသလိုပဲနော်။”

“အမ်...” အဲဒီစကားကြောင့် ဆယ်ဗီနားမလည် သလိုမျိုးနဲ့ ရိုစယ်လီယာကို ကြည့်လိုက်တယ်။ ရိုစယ်လီယာကတော့ ညနေခင်း လက်ဖက်ရည်ခွက်ကို လက်ထဲမှာကိုင်ကာ အနည်းငယ်လှုပ်လိုက်ရင်းနဲ့

“ဒီလိုလေ၊ ရို့စ်ဖတ်ဖူးတဲ့ ဂေဂါမက်ဒဏ္ဍာရီအရဆိုရင် နတ်ဘုရားမအိနာနာနဲ့ ဂေဂါမက်နဲ့က ရန်သူတွေလိုမျိုး ဖြစ်ခဲ့ကြတာ။ ကောင်းကင်နွားသိုးကြီးနဲ့တိုက်တဲ့အခန်းထိက အချစ်ပြောတဲ့အတိုင်းဆိုပေမဲ့ အကြောင်းအရာတွေကတော့ မတူဘူးရယ်။”

“ဘယ်လိုမတူတာလဲဟင်...” ဆယ်ဗီက မေးလိုက်တော့ ရိုစယ်လီယာက ချက်ချင်းမဖြေသေးဘဲ လက်ဖက်ရည်ကို တစ်ချက်မော့ချတယ်။ ပြီးတဲ့နောက်

“ရို့စ်ဖတ်ဖူးတဲ့အထဲမှာကျ ကောင်းကင်နွားသိုးကြီးနဲ့ အပြစ်ပေးဖို့ကိစ္စကို ကောင်းကင်ဘုံမှာ စကားစတဲ့သူက အိနာနာတဲ့။ သူက ဂေဂါမက်နဲ့အန်ကီဒုတို့ တပူးတတွဲတည်း ဖြစ်နေတာကို ကြည့်မရဖြစ်နေတာလေ။”

“ဒီတော့... အိနာနာက ဗီလိန်မလေး ဖြစ်နေတာပေါ့။”

“အင်း၊ ဗီလိန်မဖြစ်နေရုံတင်မကဘူး ဗီလိန်မ အကြီးကြီးပဲ။”

“.....” ဆယ်ဗီ ပြောစရာစကား ကင်းမဲ့သွားခဲ့ပါတယ်။ ရိုစယ်လီယာဖ​တ်ဖူးတဲ့ဟာနဲ့ ဆယ်ဗီဖတ်ဖူးတဲ့ပုံပြင်က ခေါင်းစဥ်ပဲတူပြီး မတူညီတဲ့အကြောင်းအရာနှစ်ခု ဖြစ်နေတယ်လို့ ခံစားရတယ်။ ရိုစယ်လီယာကတော့ အူကြောင်ကြောင်ဖြစ်နေတဲ့ ဆယ်ဗီကိုကြည့်ပြီး

“ပြီးတော့လည်း အိနာနာမရဏဘုံကို ဆင်းသွားတဲ့အခန်းက ဂေဂါမက်ရဲ့ဒဏ္ဍာရီထဲမှာမပါဘူး။ ဂေဂါမက်ရဲ့ဒဏ္ဍာရီမှာက သူမသေဆေးယူဖို့ကျရှုံးပြီး ဥရုတိုင်းပြည်ဆီ ပြန်တဲ့အထိပဲ ပါတာရယ်။ ဆယ်ဗီပြောတဲ့ အက်ရှီဂယ်နဲ့တွေ့တာဘာညာက တခြားဒဏ္ဍာရီတစ်ခုဖြစ်တဲ့ ‘အိနာနာမရဏဘုံသို့ သက်ဆင်းခြင်း'ဆိုတဲ့ ကဗျာရှည်ကြီးထဲမှာပဲပါတာ။ ပြီးတော့ သွားရတဲ့အကြောင်းအရင်းက ကောင်းကင်နွားသိုးကြီးကို ကယ်ဖို့တဲ့ ဂေဂါမက်နဲ့ဘာမှမဆိုင်ဘူး။”

“.....” ဒါဖြင့် သူသိလာတာက တလွဲကြီးပေါ့။

“ဒါပေမဲ့ ဆယ်ဗီက တကယ်ကြီး အုတ်ချပ်စာတွေကနေ ကူးယူလာတဲ့ မူလဗားရှင်းကို ဖတ်ခဲ့တာလား။ ဆူမာဘာသာနဲ့ ရေးထားတဲ့ ကျူးနစ်ဖောင်းတွေကို ဖတ်တတ်တာလား။”

ရိုစယ်လီယာက စိတ်ဝင်စားသွားတဲ့ပုံနဲ့ မေးလိုက်တယ်။ ဆယ်ဗီကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကို ယုံကြည်မှုရှိနေတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။ ရိုစယ်လီယာကတော့ ဆယ်ဗီရဲ့စကားကို မဖြစ်နိုင်ဘူးလို့ ပြောမယ့်အစား ယုံကြည်ပေးဖို့အတွက် ရွေးချယ်လိုက်တယ်။

“ကောင်းပြီလေ၊ ညစာစားပြီးရင် အတူတူတစ်ခေါက် ပြန်သွားဖတ်ရအောင်။”

အဲဒီလိုနဲ့ ညစာစားပြီးတဲ့နောက်မှာ နှစ်ယောက်သား စာကြည့်ခန်းထဲကို ပြန်သွားခဲ့ပြီး ပိတ်စစာအုပ်ကိုဖွင့်ကာ အတူတူဖတ်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ ပထမ စာမျက်နှာကိုဖွင့်ပြီး အကြာကြီးစိုက်ကြည့်နေခဲ့တဲ့ ဆယ်ဗီရဲ့မျက်နှာမှာ မျက်ရည်တွေနဲ့ပြည့်နှက်လာတယ်။

“အ... အချစ်ရေ၊ ဘာဖြစ်တာလဲ။” ရိုစယ်လီယာက စိုးရိမ်သွားပြီး မေးလိုက်တော့...

“ကျ... ကျွန်မ ဘာဖြစ်သွားတာလဲမသိဘူး။ ကျူးနစ်ဖောင်းတွေကို မဖတ်တတ်တော့ဘူး။”

“.....” ရိုစယ်လီယာတစ်ယောက် ဘာပြောရမှန်းမသိအောင် ဆွံအသွားခဲ့ပေမဲ့ ဆယ်ဗီကို အပြစ်မပြောဘဲ ကျောလေးကို သပ်ကာ နှစ်သိမ့်ပေးလိုက်တယ်။

“ကြည့်ရတာ အချစ်က ဒီစာအုပ်ကိုတွေ့လာပြီး ဖတ်ဖို့ ကြိုးစားရင်းနဲ့ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်သွားတာနေမှာ။ အဲဒီကနေတစ်ဆင့် ကြားဖူးနားဝရှိတဲ့ ဂေဂါမက်ဒဏ္ဍာရီကို ကိုယ့်စိတ်ကူးနဲ့ကိုယ် အိပ်မက်မက်ခဲ့တာဖြစ်ရမယ်။”

“အဲဒီလို မဟုတ်ပါဘူးဆို၊ တကယ်ဖတ်ခဲ့တာ သေချာတယ်။ အီးဟီးဟီး...” ဆယ်ဗီကတော့ သူ့ဘာသာသူ အိပ်မက်မက်နေ ခဲ့တယ်ဆိုတာကို မယုံဘဲ ငြင်းဆန်ဖို့ ကြိုးစားနေဆဲပဲ။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ရို့စ်ယုံပါတယ်နော်။” ရိုစယ်လီယာကတော့ ငိုနေတဲ့ ကလေးကိုချော့ဖို့လုပ်နေတဲ့ လူကြီးတစ်ယောက်လို ပြုမူနေလေရဲ့။

All Chapters