အခန်း (၂၅၄)
Vol. 18 Ch. 254
“ဒါဆိုရင် ဘာလုပ်ကြမလဲ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဖျက်ဆီးခံရတာကို စောင့်ပြီး ကြည့်အုံးမလား” တစ်စုံတစ်ယောက်သည် လေးလေးနက်နက်အသံဖြင့် ဝင်ရောက်ကာ ပြောလိုက်၏။
“နန်းဆောင်သခင်က တော်ဝင်အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်လေ။ တကယ်လို့ ငရဲ ကိုးကောင်နတ်ဆိုးဂိုဏ်းကို ကာကွယ်ပေးဖို့ စီနီယာကို ဖိတ်ခေါ်နိုင်ရင် ဒါမှမဟုတ် လင်းရှောင်ကို သတိပေး တားမြစ်ဖို့ စီနီယာ့ကို တောင်းပန်လိုက်မယ်ဆိုရင်ကော” သူတော်စင်ဘုရင်သည် စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။
“လင်းရှောင်က အရင်တုန်းက နန်းဆောင်သခင်ရဲ့ လက်ထဲမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တယ်လေ။ ဒီတော့ နန်းဆောင်သခင်ရဲ့ အားအင်အဆင့်ကို ကျိန်းသေပေါက် သိမှာပဲ။ စီနီယာသာ ဝင်ပြီး တားဆီးပေးမယ်ဆိုရင် ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက လုံခြုံလောက်တယ်”
ဤအဆိုပြုချက်သည် အားလုံးသော သူတို့၏ မျက်လုံးများကို တောက်ပသွားစေခဲ့၏။
“အင်း... ဒီအကြံပြုချက်ကတော့ ကောင်းတယ်။ လင်းရှောင်က အင်ပါယာဖြစ်ဖို့ အခွင့်အရေးကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ရခဲ့တာလေ။ ဒီတော့ နန်းဆောင်သခင်က လမ်းညွှန်ပြသပေးတာ ဖြစ်လိမ့်မယ်။ စီနီယာသာ ပြောမယ်ဆိုရင် ကျိန်းသေပေါက် လင်းရှောင်က ငြင်းပယ်ရဲမှာ မဟုတ်ဘူး” တခြားသော သူတော်စင်ဘုရင်ကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
“ဒါပေမဲ့ ကုန်ကျစရိတ်က မနည်းလောက်ဘူးနော်”
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ တော်ဝင်သူတော်စင်သည် အတွေးနက်နေသည့် မျက်လုံးအစုံဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “ပြီးတော့ စီနီယာအနေနဲ့ ဝင်ပြီးတော့ မပြောဆိုပေးဖို့ ဖြစ်နိုင်ချေ တစ်ခုကလည်း ရှိနေသေးတယ်”
ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်ပေါက်လာစဉ်ကတည်းက တခြားသော ဂိုဏ်းဂဏများ၏ သေခြင်းရှင်ခြင်း များကို ဂရုစိုက်ခဲ့သည့်ပုံ မပေါ်ပေ။ ဤအရာသည် တခြားသော လူပေါင်းများစွာတို့ကို စိတ်သက်သာရာ ရရှိစေသည့် အရာပင်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ပွင့်ပွင့် လင်းလင်းနှင့် မျက်နှာသာပေးသည်ဆိုပါက တခြားသောသူများသည် မည်ကဲ့သို့ ရပ်တည်ရတော့မည်နည်း။
ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ မျက်နှာသာပေးခြင်းကို ခံရသည်ဆိုပါက ဒုတိယမြောက် စွမ်းအားအမြင့်ဆုံးလူ ဖြစ်လာမည်မှာ သဘောသဘာဝပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် နန်းဆောင်သခင် တို့၏ ဂုဏ်သိက္ခာအရဆိုလျှင် အလွန်မြင့်မြင့်မားမား တည်ရှိနေသော နေရာတွင် မတ်မတ်ရပ်ကာဖြင့် အရာအားလုံးကို ကြည့်ရှုခြင်းသာ ပြုလုပ်ပေလိမ့်မည်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ မျက်နှာကြောင့် ဝင်ရောက်ကာ ပြောဆိုဆောင်ရွက်ပေးလိမ့်မည် မဟုတ်ချေ။
“ဒါလည်း အလုပ်မဖြစ်ဘူးလောက်ဘူး။ ဟိုဟာလည်း အလုပ်မဖြစ်လောက်ဘူး။ ဒါဆိုရင် ဖြေရှင်းနည်းကော တကယ်ရှိသေးရဲ့လား”
ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမည့် အရေးကို စဉ်းစားတွေးခေါ်ပြီးသည့်နောက်မှာ သူတော်စင်ဘုရင်တစ်ယောက်သည် စိတ်ပင် မရှည်နိုင်တော့ချေ။
“နားငြီးလိုက်တာ”
မုန့်ရှင်းကျီသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ သူ၏အသံသည် ခြောက်ခြားစရာပင်။ “ဒီအဘိုးကြီးက အခု မသေသေးဘူးလေ”
စောဏတုန်းက ပြောဆိုခဲ့သည့် သူတော်စင်ဘုရင်သည် သူ၏အမှားကို နားလည်သွားခဲ့၏။ မုန့်ရှင်းကျီ၏ စကားကို ကြားရပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် တစ်ခါတည်း တိတ်ဆိတ် ငြိမ်သက်သွားမိ၏။
“ကျုပ်ဆီမှ အကြံတစ်ခုရှိတယ်။ ပြောရမလားတော့ မသိဘူး”
ထိုအချိန်မှာတော့ ယန်ရှိုသည် အဓိပ္ပာယ်ပါပါဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
စွမ်းအားမြင့်ကျင့်ကြံသူများကြားတွင် သူသည် သာမန်သူတော်စင်လေးတစ်ယောက်သာဖြစ်၏။ သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေရုံသာရှိသည်။ သို့ပေမဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးသည့်နောက် မည်သည့် သဲလွန်စမှ မရှိသည်ကို သိရှိပြီးသည့်နောက် သူ မပြောလျှင် နောက်ကျပေလိမ့်မည်။
“အမ်”
မုန့်ရှင်းကျီသည် ခေါင်းကို အသာလှည့်ကာဖြင့် ယန်ရှိုကို လှည့်ကြည့်လိုက်၏။ ပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ပြောစရာရှိတာ ပြောစမ်း”
“ကောင်းပါပြီ”
ယန်ရှိုသည် လေးလေးစားစားဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “လင်းရှောင်ရဲ့ အင်ပါယာ ဖြစ်လာနိုင်တဲ့ အခွင့်အရေးက ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြု ရယူခဲ့တာလေ။ ဒီတော့ ကျုပ်တို့အနေနဲ့ ဂိုဏ်းမှာရှိတဲ့ အရင်းအမြစ်အားလုံးကို ထုတ်ပြီး အသုံးပြုလိုက်မယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကနေပြီးတော့ သတင်းအချက်အလက်တွေကို ဝယ်ယူကောင်း ဝယ်ယူနိုင်လိမ့်မယ်”
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ လက်ရှိအခြေအနေက အရင်းအမြစ်တွေ အများကြီး မရှိဘူးလေ။ ငါတို့ လုပ်ချင်တယ် ဆိုရင်တောင်မှ ဂိုဏ်းတစ်ခုလုံးမှာရှိတဲ့ တပည့်တစ်သိန်းကျော်က မစားမသောက်ဘဲနဲ့ ဘယ်လို လုပ်မလဲ။ သူတို့ စားတာ၊ သောက်တာ၊ ကျင့်ကြံတာတွေကို ရပ်တန့်ရတော့မှာလား” မုန့်ရှင်းကျီသည် အေးစက်စက်ဖြင့် ခွန်းတုံ့ပြန်လိုက်၏။
“ဘိုးဘေးကြီးပြောတာ အမှန်ပါပဲ”
ယန်ရှိုသည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ထပ်မံကာ ပြောဆိုလိုက်သည် “ဒါပေမဲ့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရရင်ကော သူတို့ ဘာကိုသွားစားမှာလဲ”
“အမ်”
မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် စိတ်သက်တောင့်သက်သာ ဖြစ်သွားပုံပေါ်သည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံဖြင့် ဆက်လက်ကာ ပြောလိုက်၏။ “ဆက်ပြော”
“ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနဲ့ တော်ဝင်ဓားဂိုဏ်းတို့က နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့တာလေ။ အတိတ်တုန်းကတည်း ရန်ငြိုးတွေ တည်ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ အားအင်အဆင့်က တူညီတဲ့ အခြေအနေမှာ တည်ရှိနေလို့။ ဒါပေမဲ့ အခု ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက တောင်ဝင်ဓားဂိုဏ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ တကယ်လို့ ကျုပ်တို့သာ တော်ဝင်ဓားဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ရရှိနိုင်မယ်ဆိုရင် အလှည့် အပြောင်းအနေနဲ့ ဘိုးဘေးကြီးကို အင်ပါယာ တစ်ယောက်ဖြစ်အောင် ကူညီနိုင်လိမ့်မယ်လေ။ ဒါဆိုရင် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ မဟုတ်လား” ယန်ရှိုသည် ယုံကြည်ချက်ရှိရှိဖြင့် အကြံပြုလိုက်သည်။
“ဒါက”
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တော်ဝင်သူတော်စင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ “အင်း.. ဒါက ဆိုးရွားတဲ့ အဆိုပြုချက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါသိသလောက်ဆိုရင် တော်ဝင်ဓားဂိုဏ်းနဲ့ စီနီယာနန်းဆောင်သခင်တို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ တော်ဝင်ဓားဂိုဏ်းရဲ့ တပည့်မလေးက ကောင်းကင်လျှို့ဝှက်နန်းဆောင်မှာ နေနေတာ မဟုတ်လား။ ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းဆီ သွားပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် စီနီယာ နန်းဆောင်သခင် စိတ်ပျက်သွားနိုင်တယ်”
ယန်ရှိုသည် ခဏလောက် စဉ်းစားပြီးသည့်နောက် မသေချာ၊ မရေရာသလို ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျုပ် ခန့်မှန်းကြည့်ရမယ်ဆိုရင်..”
သူ့အနေနှင့် မသေချာလှပေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကြည့်ရသည်မှာ တော်ဝင်ဓားဂိုဏ်းသည် သူတို့လှုပ်ရှားရန်အတွက် အကောင်းဆုံးသော ရွေးချယ်စရာသာဖြစ်၏။ တစ်ဖက်လူများ၌ အင်ပါရီယာလက်နက် မရှိသလို အင်ပါရီယာအဆင့် အစီအရင်လည်း မရှိပေ။ အနီးအနားတွင်လည်း တည်ရှိလို့ နေသေး၏။ ကျိန်းသေပေါက် ရုတ်တရက် တိုက်ခိုက်လိုက်မည်ဆိုပါက ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
တခြားသော ဂိုဏ်းများမှ ကြားဝင်တားဆီးခြင်းသာ မဟုတ်ပါက တော်ဝင်ဓားဂိုဏ်းကို မြန်မြန်ဆန်ဆန်ဖြင့် ဖျက်ဆီးပစ်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့်အရာပင်။ တော်ဝင်ဓားဂိုဏ်း၏ အရင်းအမြစ် တစ်ခုလုံးကို ဝါးမျိုခြင်းဖြင့်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူရန် လုံလောက်သည့် အရင်းအမြစ်များကို ရရှိပေလိမ့်မည်။
ထိုမှသာလျှင် သူတို့၏ ဘိုးဘေးကြီးသည် အင်ပါယာ ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်မည်ဆိုမှသာ အလှည့် အပြောင်းအနေဖြင့် လင်းရှောင်၏ အန္တရာယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။
“အဆိုပြုချက်ကတော့ မဆိုးဘူး”
မုန့်ရှင်းကျီ၏ မျက်လုံးများသည် မှေးကျဉ်းသွားခဲ့၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
ယန်ရှို၏ စကားကို နားထောင်ပြီးသည့်နောက် သူသည် တကယ်ပင် စိတ်ပါဝင်စားလာခဲ့၏။ သူ၏ လက်ထဲတွင် အင်ပါရီယာလက်နက် ရှိ၏။ တော်ဝင်ဓားဂိုဏ်း၌ ကွာစီအင်ပါယာတစ်ယောက် တည်ရှိ နေသည်ဆိုလျှင်တောင်မှ သူ့အနေနှင့် ဖိနှိပ်ထားနိုင်ရန်အတွက် လုံလောက်သည့် ယုံကြည်ချက်ကို ပိုင်ဆိုင်နေပြီ ဖြစ်၏။
လင်းရှောင်နှင့် နှိုင်းယှဉ်နိုင်သည့် လူတစ်ယောက်သာ မရှိဘူးဆိုပါက နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ရ သည့် ကွာစီအင်ပါယာ တစ်ယောက်ဖြစ်သော သူ၏အားအင်အဆင့်သည် ပြင်ပလူများထက် အားမနည်းဘူး ဆိုသည်မှာတော့ သေချာလှ၏။ လင်းရှောင်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းကသာလျှင် ကံဆိုးခြင်း ဖြစ်ခဲ့သည်။
တော်ဝင်ဓားဂိုဏ်းနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်တို့ ကြားထဲတွင် ရှိနေသည့် ပတ်သက်ဆက်နွယ်မှု အတွက်တော့ မုန့်ရှင်းကျီသည် ခဏကြာ စဉ်းစားလိုက်မိ၏။ ပြီးနောက် ယုံကြည်ချက် ရှိလို့နေခဲ့၏။ နန်းဆောင် သခင်သည် မည်မျှ သာမန်ထက် ပိုသနည်း။ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် တော်ဝင်အင်ပါယာ တစ်ယောက်၊ များပြားလှသည့်ဂိုဏ်းများ မြင့်တက်လာခြင်း၊ ပျက်စီးခြင်းများကို မျက်မြင် တွေ့ခဲ့ရသည့် လူတစ်ယောက် အနေဖြင့် သာမန်တော်ဝင်ဓားဂိုဏ်းတစ်ခု ပျက်စီးခြင်းကို အရေးစိုက်လိမ့်မည် မဟုတ်ချေ။
အများဆုံးအနေဖြင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် တော်ဝင်ဓားဂိုဏ်း နှစ်ခုလုံးတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ အမြဲတမ်း လာရောက်လည်ပတ်နေသည့် ဖောက်သည်များ ဖြစ်နေလေ၏။ မည်သူသည် အမြဲ လာရောက်လည်ပတ်နေသည့် ဖောက်သည်ကို တားဆီးနေမည်နည်း။ နှစ်ခုလုံးအား တူညီသည့် အလေးပေးမှု နေရာ ထားရှိထားမှာ သေချာ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဘက်လိုက်တတ်သည့် လူတစ်ယောက် မဟုတ်နိုင်ဟု သူက သတ်မှတ်ထားသည်။ ထို့အပြင် သူလုပ်ခဲ့သမျှ အရာအားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အကျိုးအမြတ်များ ပေးအပ်ရန်ပင်ဖြစ်၏။ သေချာပေသည်။ နန်းဆောင်သခင်သည် ကျိန်းသေပေါက် သူ၏ ရည်ရွယ်ချက်ကို နားလည်ပေလိမ့်မည်။
ထိုအရာကို စိတ်ထဲမှာ တွေးတောပြီးသည့်နောက် မုန့်ရှင်းကျီသည် စိတ်သက်သာရာရသလို ခံစားလိုက်မိ၏။ အခေါင်းထဲမှာ ငုတ်တုပ်ထိုင်နေရင်း ထူးမခြားနားသလို ပြောလိုက်၏။ “မကြာခင် ပြန်လာခဲ့မယ်”
သအသံ ထွက်ပေါ်ပြီးပြီးချင်းမှာပဲ သူသည် အရှေ့ဆီသို့ တစ်လှမ်း လှမ်းတက်လိုက်၏။ သူ၏ ခြေထောက် အောက်တွင် မဲနက်လှသည့် လမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။ ပြီးသည့်နောက် ရောင်စဉ်အလင်း နတ်နယ်မြေမှ ရရှိထားသည့် အင်ပါရီယာ လက်နက်ကို ကိုင်ဆောင်ရင်း မုန့်ရှင်းကျီသည် ပျောက်ကွယ်သွားခဲ့ လေသည်။
မုန့်ရှင်းကျီတစ်ယောက် တော်ဝင်ဓားဂိုဏ်းသို့ အလျင်အမြန်ဖြင့် သွားလျက် ရှိနေတုန်းမှာပဲ ဂိုဏ်းတည်နေရာ၏ မိုင်နှစ်ထောင် အကွာအဝေးမှာတော့ အက်ကွဲကြောင်းလေးတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာ၏။ ထိုအက်ကွဲကြောင်းလေးသည် အလွန်အမင်း သေးငယ်လှသည် ဖြစ်သောကြောင့် မည်သူမှ သတိမပြုမိလောက် စရာပေ။ ပြောရမည်ဆိုလျှင် တစ်စုံတစ်ခု လွှဲမှားနေသည်ဆိုသည်ကို မည်သူကမှလည်း သတိမပြုမိချေ။