အခန်း (၂၅၈)
Vol. 18 Ch. 258
ဘုန်း
မုန့်ရှင်းကျီ ထွက်ခွာသွားပြီး မကြာခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့၏။ ကျောက်စိမ်းကဲ့သို့သော နတ်ဘုရားဆင်ကြီးကို စီးနင်းထားသော တိုင်ပို သည် တည်နေရာလမ်းကြောင်းဆီမှ ထွက်ပေါ်လာခဲ့၏။
သူသည် လက်ထဲတွင် ကြီးမားလှသည့် တင်းပုတ်ကြီးကို ကိုင်ဆောင်ထား၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ လောကကြီးကို ဖြတ်သန်းကာ ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ တည်နေရာအနှံ့ဆီသို့ လှမ်းကြည့်ပြီးသည့်နောက် ဘာတစ်ခုကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။
လက်ရှိအခြေအနေ မှာတော့ မုန့်ရှင်းကျီသည် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
…………..
တော်ဝင်ဓားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ ဂိုဏ်းချုပ် ရမ်ချင်းတုသည် လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား၏။ ထိုအရာသည် အင်ပါယာဆက်ခံသူစာရင်း ပါဝင်သည့် သတင်း အချက်အလက်များ ဖြစ်သည်။ သူသည် ထပ်ကာ ထပ်ကာ ဖတ်ရှုပြီးသည့်နောက် အဆုံးသတ်တွင် သက်ပြင်းရှည်ကြီး ကို ချလိုက်မိ၏။
ဤစာရင်းတွင် ပါဝင်ကြသည့် တစ်ယောက်ချင်းစီတိုင်းသည် ထူးချွန်လွန်းလှသည့် ပါရမီရှင်များသာလျှင် ဖြစ်၏။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်းဆီမှ တစ်စုံတစ်ယောက်သာ ပါဝင်သည်ဆိုပါက အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် တော်ဝင်ဓားဂိုဏ်းအတွင်း၌ ဤစာရင်းတွင် ပါဝင်အောင် ပြုလုပ်နိုင်သူဟူ၍ တစ်ယောက်မှ မရှိချေ။
သူ့အနေနှင့် စိတ်ထဲတွင် ဆိုးဆိုးရွားရွား ခံစားလျက် ရှိနေတုန်းမှာပဲ ကောင်းကင်၏ အဆုံးဘက်ဆီမှ အားကောင်းလွန်းလှသည့် အော်ရာများ ထွက်ပေါ်လာသည်ကို အာရုံခံလိုက်မိ၏။ တော်ဝင်ဓားဂိုဏ်း တစ်ခုလုံးသည် ဤအော်ရာ၏ အောက်တွင် တုန်ခါသွားခဲ့၏။ ရှေးအင်ပါယာတစ်ယောက် ပြန်လည် အသက်ဝင် နိုးထလာသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားကြီး ဖြစ်တည်လာခဲ့၏။
"ဘာဖြစ်တာလဲ"
ရမ်ချင်းတုသည် နဝေတိမ်တောင် အမူအရာ ဖြစ်တည်လာခဲ့၏။ သူသည် ခြေလှမ်းအနည်းငယ် လှမ်းလျှောက်သွားပြီးသည့်နောက် ဟောခန်း၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားသည်။
ထွက်ပေါ်လာခဲ့သည် အော်ရာများ၏ တည်နေရာကို လှမ်းကြည့်ပြီးသည့်နောက် ကောင်းကင်ယံထက်တွင် အသူရာနဂါးပေါင်း ကိုးဆယ့်ကိုးကောင် ဖြစ်တည်နေသည်ကို မြင်လိုက်ရတော့၏။ သူသည် ချက်ချင်းပဲ ကြောင်အသွားမိ၏။ "အသူရာနဂါးကြေးအိုး"
ရမ်ချင်းတုသည် ဤစကားကို မနည်းဖြစ်ညှစ်ကာ ပြောဆိုလိုက်ရခြင်းပင်။
ဆွစ် ဆွစ် ဆွစ်
များပြားလှသည့် နတ်ဘုရားတောင်ထွတ်တွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုသူများ အားလုံးသည် သူတော်စင်အဆင့် ကျင့်ကြံသူများသာလျှင်ဖြစ်၏။ အားလုံးသောသူတို့သည် တော်ဝင်ဓားဂိုဏ်း၏ အကြီးအကဲများ ဖြစ်ခဲ့ကြပြီး လက်ရှိအချိန်တွင် ဂိုဏ်းချုပ်၏ အရှေ့သို့ စုဝေးရောက်ရှိ လာခဲ့သည်။
"ဂိုဏ်းချုပ်… အရင် ရောင်စဉ်အလင်းနတ်နယ်မြေက အင်ပါရီယာလက်နက် မဟုတ်လား" စီနီယာ အကြီးအကဲ တစ်ယောက်သည် ပေါ်ပေါက်လာပြီးသည့်နောက် အလောတကြီးဖြင့် မေးမြန်းလိုက်၏။
"ဟုတ်တယ်" ရမ်ချင်းတုသည် ခက်ခက်ခဲခဲဖြင့် ခေါင်းညိတ်လိုက်သည်။
"အသူရာနဂါးကြေးအိုးလား။ ဒါ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ လက်ထဲကို ရောက်နေပြီ မဟုတ်လား"
"အခု အသူရာနဂါးကြေးအိုး ပေါ်လာပြီဆိုတော့ သူက တော်ဝင်ဓားဂိုဏ်းရဲ့ မနီးမဝေး တည်နေရာမှာ ရှိနေတာပေါ့။ ဟုတ်တယ်မလား" အကြီးအကဲပေါင်း မြောက်များစွာတို့သည် တွေးတောရင်း တုန်လှုပ်သွားမိကြ၏။ ၎င်းတို့သည် ဆိုးရွားလှသည့် အခြေအနေကို သုံးသပ်မိခဲ့ကြ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေဖြင့် တော်ဝင်ဓားဂိုဏ်းကို တိုက်ခိုက်ရန် စီစဉ်နေလေသည်လား။
"ဂိုဏ်းချုပ်.. မြန်မြန် အကြီးအကဲလုကို ဆက်သွယ်" အကြီးအကဲတစ်ယောက်က အကြံပေးလိုက်၏။
"ကျုပ် ဆက်သွယ်ပြီးသွားပြီ။ ဒါပေမဲ့ အကြီးအကဲလုက ရှုပ်ထွေးကြယ်ပင်လယ်ထဲကို ရောက်နေတယ်လေ။ သတင်းအချက်အလက်ကို လက်ခံမရရှိနိုင်ဘူး။ ပြီးတော့ ရှုပ်ထွေးကြယ်ပင်လယ်ထဲမှာ တော်ဝင်တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုလို့ မရနိုင်ဘူး"
ရမ်ချင်းတုသည် နာနာကျင်ကျင် အမူအရာဖြင့် အဝေးကောင်းကင်ယံဆီသို့ လှမ်းကာ မော့ကြည့်နေ၏။ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးလှသည့် ခံစားချက်များ ပြည့်နှက်လျက် ရှိနေလေ၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာ တစ်ယောက်ကို ရင်ဆိုင်ဖို့ ဆိုသည်မှာ တော်ဝင်ဓားဂိုဏ်းအနေဖြင့် မျှော်လင့်ချက် မရှိလှချေ။
သူတို့အနေနှင့် ခဏလောက် တောင့်ခံထားလျှင် ထားနိုင်ပေလိမ့်မည်။ သို့ပေမဲ့ အချိန်ကြာကြာ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ဘိုးဘေးကြီး လုချန်းဂီသည်သာ မရောက်လာဘူးဆိုပါက သူတို့၏ ကံကြမ္မာသည် အဆိုးဆုံးသော အခြေအနေဆီသို့ ရောက်ရှိသွားမှာ သေချာ၏။
"ဒါပေမဲ့ စိတ်မပူနဲ့။ ကျုပ် ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းနဲ့ ခရမ်းရောင်နတ်နယ်မြေတို့ကို သတင်းပို့ခဲ့ပြီးပြီ။ ဒီဂိုဏ်းနှစ်ခုက တော်ဝင်ဓားဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြတယ်။ သူတို့က အလကား ထိုင်နေမှာ မဟုတ်ဘူး။ ကျုပ်တို့သာ အကြီးအကဲလု ရောက်တဲ့အထိ ခဏလောက် တောင့်ခံထားလိုက်မယ်ဆိုရင် ...." ရမ်ချင်းတုက ဆက်ပြောလိုက်သည်။
သို့ပေမဲ့ သူ၏စကားဆုံးအောင် ဆက်မပြောလိုက်ရချေ။ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ဖြစ်ပေါ်လျက် ရှိနေပြီး တိမ်များကိုပင် လွင့်စင်သွားစေ၏။ ကောင်းကင်ယံ တစ်ခုလုံးရှိ လေဟာနယ်ကြီးသည် တွန့်လိမ်လျက် ရှိနေ၏။
ကောင်းကင်ယံထက်တွင် လက်ဝါးကြီးတစ်ခုက ပေါ်လာခဲ့ပြီး ထိုအရာသည် နေကိုပင် ကွယ်ကာထားခဲ့၏။ မိုင်တစ်သောင်းပတ်လည်အတွင်းတွင် ရှိနေသည့် တည်နေရာတစ်ခုလုံးသည် ထိုအရိပ်ကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။
သူတို့သည် တော်ဝင်ဓားဂိုဏ်းထဲတွင် ရှိနေသည် ဆိုလျှင်တောင်မှ ဤကြီးမားလွန်းလှသည့် လက်ကြီးကို မြင်ရသည့် အချိန်မှာတော့ စိတ်ပျက်မှုများ ခံစားလိုက်ရ၏။ ဤလက်ကြီး၏ ပိုင်ရှင်သည် တော်ဝင်ဓားဂိုဏ်းကို ပစ်မှတ်ထားသည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် နေဝင်ကပ်ဆိုးဆိုက်ပြီဖြစ်သည်။
"တော်… တော်ဝင်အင်ပါယာ"
သူတော်စင် အကြီးအကဲ တစ်ယောက်သည် ခြောက်ကပ်ကပ်ဖြင့် ပြောဆိုလိုက်၏။
"မုန့်ရှင်းကျီက တော်ဝင်အင်ပါယာတစ်ယောက်နဲ့ တိုက်ခိုက်နေတာလား။ လင်းရှောင် ပြန်လာတာလား" တစ်စုံတစ်ယောက်က တွက်ချက်လိုက်မိသည်။
"အဲလို မဟုတ်နိုင်ဘူး။ လင်းရှောင် အင်ပါယာဖြစ်သွားပြီ ဆိုပေမဲ့ သူက ရှေးရောင်စဉ်အလင်းအင်ပါယာရဲ့ လမ်းစဉ်ကို လိုက်မှာ သေချာတယ်။ ရောင်စဉ်အလင်း အင်ပါရီယာကျမ်းစာရဲ့ အော်ရာက လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလို အော်ရာမျိုးကို ကျုပ်တို့ မခံစားမိဘူး မဟုတ်လား" ရမ်ချင်းတုသည် ခေါင်းကို ခါယမ်းလိုက်မိ၏။
ဤကဲ့သို့ သုံးသပ်ချက်ကို ပြုလုပ်ပြီးသည့်နောက် အားလုံးသော သူတို့သည် စိတ်သက်သာရာ ရမိသွား၏။ အင်ပါယာတစ်ယောက်သာ လှုပ်ရှားတိုက်ခိုက်သည် ဆိုပါက မုန့်ရှင်းကျီသည် ကျိန်းသေပေါက် လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။ ဤကြီးမားလှသည့် လက်ကြီး၏ ပိုင်ရှင်သည် လင်းရှောင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိစ္စမရှိချေ။ မုန့်ရှင်းကျီ အနေနှင့် ဤအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"အရမ်းကြီး ပျော်မနေနဲ့အုံး။ အင်ပါယာရဲ့ အော်ရာ ကို ကျုပ်တို့ မရင်းနှီးဘူး။ ဒီလောကကြီးထဲမှာ ရှိနေတဲ့ လက်ရှိအင်ပါယာ တစ်ယောက်ယောက် မဟုတ်ဘူး။ တခြားအင်ပါယာ တစ်ယောက်ယောက် ဖြစ်နေနိုင်တယ်။ ဒါ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေပဲ" ရမ်ချင်းတုသည် လေးလေးနက်နက် တွေးတောလိုက်မိ၏။
သူတော်စင်တစ်ယောက်၏ အလိုလို သိစိတ်သည် တကယ်ပင် ထက်မြက်လွန်းလှ၏။ အင်ပါယာ အနေဖြင့် အလွန် အန္တရာယ်များလှသည်ဆိုသော ခံစားချက်များကို သူ့ကို ပေးစွမ်းသည် ဆိုလျှင်တောင်မှ ဤအင်ပါယာ သည် တော်ဝင်ဓားဂိုဏ်းနှင့်ပတ်သက်၍ ကောင်းမွန်သည့် ခံစားချက်များ မရှိနိုင်ကြောင်း သူက ခံစားမိ၏။ မုန့်ရှင်းကျီနှင့် ရင်ဆိုင်ပြီးသည့်နောက် ဤအင်ပါယာသည် တစ်ခါတည်း ထွက်မသွားဘဲ တော်ဝင်ဓားဂိုဏ်းကို ထပ်မံကာ ရိုက်နှက်မလား ဆိုသည်က အာမခံချက် မရှိချေ။
ရမ်ချင်းတု၏ စကားကို ကြားရပြီးသည့်နောက် အဓိကဟောခန်း၏ ရှေ့တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။ သို့ပေမဲ့ ဤတိတ်ဆိတ်ငြိမ်သက်မှုသည် ကြာကြာ မခံခဲ့ချေ။ ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် ကောင်းကင်၏ အဆုံးသတ်တွင် ကျောက်စိမ်းရောင် နတ်ဘုရားဆင်ကြီးကို စီနင်းထားသည့် ဆန်းကြယ်လှသော လူတစ်ယောက် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။
နတ်ဘုရားဆင်ကြီး၏ ခြေသံသည် အလွန်ပင် လေးလံလွန်းပြီး ကျယ်လောင်လွန်းလှ၏။ ခြေလှမ်းတစ်ခုချင်းစီ တိုင်းသည် လေဟာနယ်ကိုပင် တုန်ခါသွားစေခဲ့၏။ ကြယ်စင်စုများ အားလုံးတို့သည် အောက်သို့ တဖုတ်ဖုတ်ဖြင့် ပြုတ်ကျလာခဲ့ကြ၏။ ၎င်းနီးကပ်လာသည့် အခြေအနေတွင် တော်ဝင်ဓားဂိုဏ်း တစ်ခုလုံးသည် ကပ်ဘေးကြီးကို ခံစားရတော့မည်ဟု အလိုလို သိရှိလိုက်မိကြ၏။
"ထင်ထားတဲ့အတိုင်းပဲ ရောက်လာပြီ"
ရမ်ချင်းတု၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဒီနတ်ဘုရားဆင်ကြီးက ဒီလောကကြီးရဲ့ မျိုးနွယ်စုတွေထဲမှာ မပါဘူး။ အခြေအနေကို ကြည့်ရတာ အဲလောက် ရိုးရှင်းပုံ မပေါ်ဘူး။ အကြီးအကဲတွေ တောင်ကာကွယ်ခြင်း အစီအရင်ကို မြန်မြန် အသက်သွင်းလိုက်။ တိုက်ခိုက်ဖို့ ပြင်ကြတော့"