အခန်း (၂၆၁)
Vol. 18 Ch. 261
"အင်ပါယာကျမ်းစာ"
မုန့်ရှင်းကျီသည် အံ့အားတသင့်ဖြင့် ထအော်လိုက်မိ၏။ ကျမ်းစာကို ထွက်ပေါ်လာပြီးသည့်နောက် ထိုကျမ်း၏ တန်ဖိုးသည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း သူက သိရှိပြီးဖြစ်သည်။
"နက်နဲယင်အင်ပါယာကျမ်းစာ"
လူသားဧကရာဇ်တစ်ဦး ချန်ထားခဲ့သည့် အမွေအနှစ်တစ်ခု ဖြစ်ပြီး အစစ်အမှန် နဂါးကလန်၏ လက်ထဲသို့ ကျရောက်နေခဲ့၏။ ပြောနေစရာပင် မလိုချေ။ ထိုကျမ်းစာသည် တကယ့်ကို တန်ဖိုးကြီးသည့် ကျမ်းစာပင်။
"နက်နဲယင်အင်ပါယာ ကျမ်းစာ"
မုန့်ရှင်းကျီသည် အသက် မရှုနိုင်သလိုပင် ဖြစ်မိနေ၏။ တစ်ဖက်လူ ထုတ်ဖော်လိုက်သည့် အရာသည် ကြောက်မခမ်းလိလိပင် ဖြစ်၏။ ဤအင်ပါယာ ကျမ်းစာကိုသာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ရရှိမည် ဆိုပါက ပို၍တိုးတက်သွားမှာ သေချာ၏။
"စီနီယာ ခုနကပြောတဲ့ ခရမ်းရောင်နက်နဲလောကကြီးက ကျုပ်တို့လောကထက် အနည်းငယ် သာတယ်ဆိုတာ ဘယ်လောက်လဲ။ အဲဒီ လောကထဲမှာ အင်ပါယာဘယ်လောက်များများရှိပြီး သူတို့ရဲ့ အားအင်အဆင့်က ဘယ်လောက်လဲ" အောင်းရွှမ်သည် အလောတကြီး မေးမြန်းလိုက်သည်။
လီယွင်သည် အောင်းရွှမ်ကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ အစစ်အမှန် နဂါးကလန်သည် တကယ်ပင် တရားလွန်လှချေ၏။ အင်ပါယာကျမ်းစာကို ထုတ်ဖော်လိုက်သည် ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ သက်ပြင်းချ၊ နှမျောဝမ်းနည်းသည့် အမူအရာမျိုးလည်း မရှိချေ။ ခပ်တည်တည်ဖြင့် ထုတ်ပေးပြီးနောက် မေးချင်သည်ကို တည့်တည့်ပင် မေးမြန်းနေ၏။ ဘေးတစ်ဖက်၌ မုန့်ရှင်းကျီ ရှိနေသည်ကိုပင် ဂရုမစိုက်လှချေ။
ဤကဲ့သို့သော အလဲအလှယ်တွင် လီယွင်အနေဖြင့် အရာတစ်ခုကို သတိပြုမိခဲ့၏။ အောင်းရွှမ်၏ ကိုယ်ရေးအကျဉ်းကို ကြည့်ရှုပြီးသည့်နောက် ဤလူသည် တကယ်ပင် စဉ်းစဉ်းစားစားနှင့် ပြုလုပ်တတ်သူ ဖြစ်ကြောင်း နားလည်လိုက်မိ၏။ တခြားသော လောကဆီမှ စိန်ခေါ်မှု နှင့် အခက်အခဲများကို ရရှိပြီးသည့်နောက် အောင်းရွှမ်သည် သတင်းအချက်အလက်ကို ဝယ်ယူခြင်းဖြင့် လူသားမျိုးနွယ်များကို ကူညီနေခြင်းဖြစ်ကြောင်း သူ သိလိုက်ရ၏။ ထို့ပြင် လူသားမျိုးနွယ်များကို ကူညီခြင်း ဆိုသည်မှာ မွန်းစတားမျိုးနွယ်များကို သွယ်ဝှိုက် ကူညီခြင်းလည်း ဖြစ်၏။ လောကနှစ်ခုကြား တိုက်ပွဲဖြစ်ပါက မည်သူမှ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှေကျီးကန်းကလန်မှ စီနီယာပင်လျှင် လှုပ်ရှားဆောင်ရွက်နေသောကြောင့် ၎င်းတို့အနေဖြင့် ကျိန်းသေပေါက် ပါဝင်ရပေလိမ့်မည်။
ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ရွှေကျီးကန်းကလန်အနေဖြင့် လူသားမျိုးနွယ်များနှင့် ဆန့်ကျင်ဖက် ပြုမူပါက တစ်လောကလုံးနှင့် ရန်သူဖြစ်သွားပေလိမ့်မည်။
အောင်းရွှမ်သည် လက်ရှိ သတင်းအချက်အလက်များကို ဝယ်ယူနေသော်လည်း မုန့်ရှင်းကျီကို အသိပေးရန် ရည်ရွယ်ထားပြီးသား ဖြစ်၏။ ထိုမှသာလျှင် ခရမ်းရောင်နက်နဲလောကကြီးသည် မည်မျှ အားကောင်းလှပြီး သူတို့အနေဖြင့် မည်မျှယုံကြည်ချက်ရှိရှိဖြင့် တိုက်ခိုက်နိုင်မည်ကို တွက်ချက်နိုင်ပေမည်။
"အားကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာတော့ သေချာတယ်။ ကံဆိုးတာက…."
လီယွင်သည် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် ခရမ်းရောင်နက်နဲလောကကြီး၏ သတင်းအချက်အလက်များကို ကြည့်ရှုလိုက်မိသည်။ ကောင်းကင်လျှို့ဝှက်အမှတ် လေးသိန်းကို အသုံးပြုပြီးနောက် သူသည် အသေးစိတ် သတင်းအချက်အလက်ကို ရရှိခဲ့၏။
"ခရမ်းရောင် နက်နဲလောကကြီးမှာ အင်ပါယာလေးယောက် ရှိတယ်။ လက်ရှိ တည်နေရာလမ်းကြောင်းကို ဖွင့်တဲ့တစ်ယောက်က အင်ပါယာမိုယွမ်ပဲ။ အင်ပါယာလေးယောက်ထဲမှာ နှစ်ယောက်တော့ သူတို့ရဲ့ တည်နေရာ လမ်းကြောင်းတွေကို ဖွင့်ဖို့ကြိုးစားနေကြတယ်။ သူတို့က နောက်သုံးလအတွင်း ရောက်ဖို့ မျှော်လင့်နေကြတယ်။နောက်တစ်ယောက်တော့ တစ်နှစ်အတွင်း ရောက်ဖို့ပေါ့။ ခရမ်းရောင်နက်နဲလောကရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့ကတော့ ဒီမှာကြည့်"
ပြီးသည့်နောက် လီယွင်သည် အောင်းရွှမ်အား ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်၏။ မုန့်ရှင်းကျီကိုတော့ သူသည် ထပ်မံကာ မပေးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤမျှရက်ရောလွန်းလျှင် မသင့်တော်လှချေ။ အောင်းရွှမ်သည် အင်ပါယာကျမ်းစာကိုပင် ထုတ်ပေးထားခဲ့သည်။ မုန့်ရှင်းကျီကို အလကားပေးလိုက်မည် ဆိုပါက မမျှမတ ဖြစ်ပေလိမ့်မည်။ အောင်းရွှမ်သည်သာ မငြင်းပယ်ပါက သူသည် မုန့်ရှင်းကျီအား သတင်းအချို့ပေးရန်တော့ စိတ်ကူးထားသည်။
"ဒီအင်ပါယာလေးယောက်က တကယ့်ကို သာမန်ထက်ပိုတာပဲ" အောင်းရွှမ်က ပြောလိုက်၏။ သူ၏ မျက်နှာပေါ်တွင် လေးပင်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ အချိန်အတော်ကြာ တိတ်ဆိတ်ပြီးသည့်နောက် သူသည် သက်ပြင်းချလိုက်မိ၏။
အင်ပါယာ မိုယွမ် အရင်ဆုံး ရောက်လာလိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ချေ။ ၎င်းသည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းခုနှစ်သောင်းကတည်းက အင်ပါယာဖြစ်ခဲ့သူဖြစ်၏။ လက်ရှိလေးယောက်ထဲတွင် အရင်ဆုံး အဆင့်ကျော်ဖြတ်ခဲ့သူလည်း ဖြစ်၏။ အစောပိုင်းကာလတည်းက အဆင့်ကျော်ဖြတ်ခဲ့သည့် လူသည် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့်လူ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ အင်ပါယာလေးယောက်သာ ပူပေါင်း၍ တိုက်ခိုက်ပါက ၎င်းတို့ လောကတစ်ခုလုံးသည် ကံဆိုးမိုးမှောင်ကျမှာ သေချာ၏။
စီနီယာခန်းဆောင်သခင်၏ စိတ်နေစိတ်ထားမှာ မရိုးရှင်းလှချေ။ ဝင်ရောက်ကူညီမလား၊ မကူညီဘူးလား ဆိုသည်မှာ မသေချာပေ။ လင်းရှောင်ကို အမှီပြုရန်မှာမူ လင်းရှောင်သည် သာမန်ထက်ပိုသည့် ပါရမီကို ပိုင်ဆိုင်သော်လည်း အင်ပါယာလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ယှဉ် ပြိုင်နိုင်သည့် လူတစ်ယောက်တော့ မဟုတ်ချေ။
တစ်ယောက်ချင်းစီတိုင်းသည် ချွင်းချက်မဲ့ အားကောင်းလွန်းလှ၏။ တစ်ယောက်ချင်း တိုက်ခိုက်မည် ဆိုလျှင်တောင်မှ လင်းရှောင်အနေဖြင့် အနိုင်ယူရန် မသေချာလှချေ။ နှစ်ပေါင်းသိန်းချီ လေ့ကျင့်ပြီးသည့်နောက် လင်းရှောင်သည် ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း သက်သေပြပြီး ဖြစ်သည်ဆိုသော်လည်း အကန့်အသတ်တော့ တည်ရှိနေ၏။
"အင်ပါလေးယောက်လုံးသာ လာရင် ဒီလောကကြီးက မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမျိုး ကြုံနိုင်တယ်" အောင်းရွှမ်သည် စိတ်နှလုံးလေးလံစွာဖြင့် ပြောလိုက်မိသည်။
သူတို့၏ လောကကြီးတွင် အင်ပါယာများ နည်းပါးကြောင်း လူတိုင်းနီးပါး သိရှိကြသည်။ ပုန်းအောင်းနေသော အင်ပါယာများလည်း ရှိကောင်းရှိနိုင်၏။ သို့ပေမဲ့ သူတို့လောကကြီးအကြောင်းကိုတောင်မှ သူတို့ကောင်းကောင်း မသိကြချေ။
ခရမ်းရောင်နက်နဲလောကကြီး၌ အင်ပါယာ မည်မျှရှိကြောင်း စီနီယာနန်းဆောင်သခင်က ပြောဆိုထားခဲ့၏။ တစ်ယောက်ချင်းစီတိုင်း၏ အသေးစိတ် သတင်းအချက်အလက်များလည်း ပါဝင်လျက် ရှိနေ၏။
မုန့်ရှင်းကျီသည် အောင်းရွှမ်ကိုင်ထားသည့် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်နေမိ၏။ ထိုထဲတွင် အင်ပါယာလေးယောက်၏ အချက်အလက်များ တည်ရှိနေ၏။ တစ်ယောက်ချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း သူက သိရှိပြီးဖြစ်၏။
အချိန်အတော်ကြာပြီးနောက် မေးမြန်းချင်စိတ်များ ပေါ်လာသည်။ သို့ပေမဲ့ ထိန်းချုပ်ထားရသည်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေဖြင့် အောင်းရွှမ်ကဲ့သို့ ငွေကြေးမပြည့်စုံချေ။ ယခုရရှိထားသည့် သတင်း အချက်အလက်ကပင်လျှင် သူ့ကို စိတ်ကျေနပ်စေပြီ ဖြစ်သည်။
"စီနီယာ …. အင်ပါယာမိုယွမ်အနေနဲ့ အင်အားဘယ်လောက်များများကို စုစည်းပြီးပြီးလဲ" မုန့်ရှင်းကျီသည် ခဏလောက် စဉ်းစားပြီးနောက် ဤမေးခွန်းကို မေးမြန်းလိုက်၏။
တခြားသောလောကဆီသို့ ချိုးဖျက်လာရန်မှာ တကယ်ပင် လွယ်ကူလှသည့် အရာမျိုး မဟုတ်ချေ။ အင်ပါယာလက်နက်များကိုပါ ယူဆောင်လာပါက ကျိန်းသေပေါက် ပျက်စီးငါးပါး ဆိုက်ရောက်မှာ သေချာသည်။
“အင်း”
လီယွင်သည် မျက်ခုံးကို ပင့်လိုက်၏။
မုန့်ရှင်းကျီသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။ ပြီးနောက် တော်ဝင်သူတော်စင်အဆင့် လက်နက်တစ်ခုကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကမ်းပေးရန် ပြင်လိုက်၏။ ထိုအရာမှာ တခြားသောလောကဆီမှ သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့နှင့် တိုက်ခိုက်ပြီး ရရှိခဲ့သော အရာပင်ဖြစ်၏။ နွေးအောင်ပင် မကိုင်ရသေးချေ။ ယခုတခြားလူကို ပေးအပ်ရပေတော့မည်။