အခန်း (၂၆၃)
Vol. 18 Ch. 263
“ခရမ်းရောင်နက်နဲလောကကြီးဆီသွားတဲ့ တည်နေရာလမ်းကြောင်းဟုတ်လား”
အောင်းရွှမ်သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ စိတ်လှုပ်ရှားသွားမိ၏။ သူသည် အသာ ပြန်လှည့်လာခဲ့ပြီး သည့်နောက် ထိုင်ခုံ၌ ထိုင်ချလိုက်၏။ ပြီးနောက် လီယွင်ဆီသို့ မျှော်လင့်တကြီး ဖြစ်လျက်ရှိသော မျက်ဝန်းတစ်စုံနှင့် ကြည့်ရှုလိုက်၏။
“တည်နေရာလမ်းကြောင်းကို ဖွင့်ဖို့ဆိုတာ ခက်ခဲတာတော့ မဟုတ်ဘူး”
လီယွင်သည် ထိုနှစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် သေသေချာချာ စဉ်းစားလိုက်လေ၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် လောကအတားအဆီးကို ဖြတ်သန်းပြီး သွားချင်တာလား”
“အင်း”
မုန့်ရှင်းကျီသည် ကြောင်အအနှင့် ပြန်လည်ကာ ဖြေဆိုလိုက်၏။ “ဒါပေမဲ့ စီနီယာ ဘယ်လောက် တောင်းဆိုမလဲဆိုတာပေါ်မှာ မူတည်ပါတယ်”
တည်နေရာလမ်းကြောင်း ဖွင့်လှစ်ခြင်းဆိုသည်မှာ အင်ပါယာတစ်ယောက်သာ ပြုလုပ်နိုင်သည့်အရာဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် အင်ပါယာတစ်ယောက်ဖြစ်သည်ဆိုခြင်းမှာ သံသယရှိစရာ မလိုအပ်ချေ။ သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သတင်းအချက်အလက်များကို ဝယ်ယူရသည်ပင်လျှင် အလွန်အမင်း ဈေးကြီးလို့နေ၏။ ထို့ကြောင့် တည်နေရာလမ်းကြောင်း ဖွင့်လှစ်ပေးဖို့ဆိုသည်မှာ မည်မျှကြီးမားလှသည့် ကုန်ကျစရိတ် ရှိမည်နည်းဆိုသည်မှာ မသေချာလှချေ။
စီနီယာအနေနှင့် သာမန်ထက်ပိုသည့် ဈေးနှုန်းကိုသာ တောင်းဆိုမည်ဆိုပါက သူတို့ တတ်နိုင်လိမ့်မည်မဟုတ်ပေ။ စီနီယာအနေနှင့်သာ အင်ပါရီယာလက်နက်၏ တန်ဖိုးတစ်ခုလောက်သာ တောင်းဆိုမည် ဆိုပါက ချမ်းသာလွန်းလှသည်ဆိုသော အစစ်အမှန်နဂါးကလန်က တတ်နိုင်လိမ့်မည်ဟု မုန့်ရှင်းကျီက တွေးတောထားမိသည်။
“အင်း.. ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခု” လီယွင်သည် လက်နှစ်ချောင်းကို ထောင်ပြလိုက်၏။
သတင်းအချက်အလက်ရောင်းချခြင်းထက်စာလျှင် ဤကဲ့သို့သော အရာမျိုးကိုပြုလုပ်ခြင်းမှာ ပိုမိုကာ အဆင်ပြေလွန်းလှ၏။ သူ လှုပ်ရှားပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အရာအားလုံးသည် အဆင်ပြေ သွားပေလိမ့်မည်။
ကွာစီအင်ပါယာလက်နက်တစ်ခုအတွက် အောင်းရွှမ်သည် သိုလှောင်လက်စွပ်ကို အစောကြီးတည်းက ကြည့်ရှုပြီးသားဖြစ်၏။ သူ့၌ ပြည့်စုံသည့် အင်ပါရီယာအဆင့်ရတနာ (သို့မဟုတ်) အင်ပါရီယာ ကျမ်းစာမျိုး မရှိပေ။ ဈေးနှုန်းသည် မြင့်မားသည်ဆိုပါက သူ့အနေဖြင့် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
မုန့်ရှင်းကျီအနေနှင့် ဘေးတစ်ဖက်မှဝင်ရောက်ကာ ကူညီဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။ မုန့်ရှင်းကျီလို လူတစ်ယောက်၏ ချမ်းသာကြွယ်ဝမှု ဆိုသည်မှာ အောင်းရွှမ် ချမ်းသာကြွယ်ဝမှု၏ ဆယ်ပုံတစ်ပုံလောက်ပင် ရှိလိမ့်မည် မဟုတ်ချေ။ ကွာခြားချက်မှာ ကြီးမားလွန်းလှချေ၏။
“ကွာစီအင်ပါယာပစ္စည်းနှစ်ခုလား”
မုန့်ရှင်းကျီ၏အမူအယာသည် နာကျင်မှုများနှင့် ပြည့်နှက်သွားခဲ့တော့၏။ အင်ပါရီယာလက်နက်မဟုတ်ပေ။ ထိုအရာသည် သူ့အား စိတ်သက်သာရစေခဲ့၏။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ အံအားသင့်လို့လည်း နေခဲ့သည်။
ကွာစီအင်ပါယာလက်နက်ဆိုသည်မှာ နေရာအနှံ့တွင် တွေ့ရှိနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဘာပဲပြောပြော သူတတ်နိုင်သည့်အရာမဟုတ်သောကြောင့် အောင်းရွှမ်ကိုသာ မှီခိုရပေလိမ့်မည်။ တည်နေရာလမ်းကြောင်း ဖွင့်လှစ်ခြင်းဆိုသည်မှာ မည်သည့်အကျိုးကျေးဇူးမှ မရှိချေ။ သူတို့ တည်နေရာကို ဖြတ်သန်းသွားပြီးသည့် နောက်မှာတော့ ဘာတွေတွေ့ဆုံရမည်ဆိုသည်ကလည်း မသိပေ။ တော်ဝင်အင်ပါယာ တစ်ယောက်သည်သာ သူတို့၏လမ်းကို တားဆီးထားသည်ဆိုပါက ရောက်သည်နှင့်တစ်ပြိုင်နက် သေဆုံးသွားနိုင်၏။ အောင်းရွှမ် တစ်ယောက် ဤကဲ့သို့ ဘာမှန်းမသိသည့်အကြောင်းအရာတွင် ရင်းနှီးမြှုပ်နှံမလားဆိုသည်ကို မုန့်ရှင်းကျီက အာမ မခံနိုင်ချေ။
“စီနီယာ”
အောင်းရွှမ်သည် အချိန်အတော်ကြာစဉ်းစားလိုက်၏။ ပြီးနောက် သိုလှောင်လက်စွပ်ကို အသာထိကြည့်နေမိ၏။ သူ၏ပိုင်ဆိုင်မှုများကို စီနီယာသည် သေသေချာချာ သိရှိပြီးဖြစ်နေသည်ဟု ခံစားမိသောကြောင့် အနည်းငယ်ထူးဆန်းသလိုပင် ဖြစ်မိနေ၏။
ဈေးနှုန်းသည် သူ တတ်နိုင်သည့် အတိုင်းအတာ ဘောင်ထဲတွင်ရှိ၏။ ဈေးကြီးလှသည်ဆိုလျှင်တောင်မှပေါ့။ အောင်းရွှမ်သည် အသံကို နှိမ့်ကာ မေးမြန်းလိုက်၏။ “တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်တဲ့အချိန်မှာ သွားချင်တဲ့နေရာကို ထိန်းချုပ်လို့ရလားဆိုတာကို သိချင် ပါတယ်”
တည်နေရာဖြတ်သန်းခြင်းဆိုသည့် နိယာမ၏သဘောတရားကို ကွာစီအင်ပါယာတိုင်း နားလည်ကြ၏။ တည်နေရာလမ်းကြောင်း ဖွင့်လှစ်ခြင်းဆိုသည်မှာ တကယ်ပင် အရေးကြီးလှသည့်အရာဖြစ်၏။ တည်နေရာလမ်းကြောင်းသည် မည်သည့်နေရာတွင် ပေါ်ပေါက်လာမည် ဆိုသည်ကို မည်သူကမျှ သေသေချာချာ မသိရှိကြချေ။ တစ်ဖက်လောက၏ မည်သည့်နေရာသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း မသေချာသောကြောင့် အလွန်ပင် စွန့်စားရသည့်ကိစ္စမျိုးဖြစ်၏။ သို့ပေမဲ့ ရောက်ရှိမည့် တည်နေရာကို လွယ်လွယ်ကူကူနှင့် ထိန်းချုပ်ထားနိုင်သည်ဆိုပါက ခြားနားသွားပေလိမ့်မည်။
“သိပ်ရတာပေါ့”
လီယွင်သည် ပြုံးကာပြောလိုက်၏။ သူ့တွင် စနစ်ရှိနေသည်ဖြစ်သည်မို့ ကောင်းကင်နှင့်မြေကြီး၏ အသင်္ချေ များပြားလှသော လောကများ၌ သူမသိသည့်နေရာ ဟူ၍ မရှိချေ။ ထို့ကြောင့် မည်သည့်နေရာတွင်မဆို တည်နေရာ လမ်းကြောင်းကို ဖွင့်လှစ်ပေးနိုင်၏။
“ဒါဆိုရင် အရမ်းကောင်းတာပဲ”
အောင်းရွှမ်သည် လက်ခုပ်လက်ဝါးတီးကာဖြင့် နှစ်ထောင်းအားရစွာ ရယ်မောလိုက်၏။ ပထမဦးဆုံး ကွာစီအင်ပါယာကျမ်းစာ တစ်ခုကို ထုတ်ယူပြီးသည့်နောက် ကွာစီ အင်ပါယာလျှို့ဝှက်အတတ်တစ်ခုကိုပါ ထုတ်ယူ လိုက်၏။ ခဏလောက်စဉ်းစားပြီးသည့်နောက် သူကပြောလိုက်သည်။ “စီနီယာ ... အင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့အခွင့်အရေးနားမှာ တည်နေရာ လမ်းကြောင်းကို ဖွင့်လှစ် ပေးပါလား”
ထိုစကားကိုကြားရသည့်အချိန်မှာတော့ မုန့်ရှင်းကျီ၏ နှလုံးခုန်သံများသည် မြန်ဆန်သွားခဲ့၏။ အောင်းရွှမ် သည် အင်ပါယာတစ်ယောက်ဖြစ်လာရန် ရည်မှန်းချက် ရှိလို့နေခဲ့၏။
မုန့်ရှင်းကျီသည် သူတို့၏ လောကကြီး ဖိအားဒဏ်ကို ပေါ့ပါးသွားစေရန်အတွက် တစ်ဖက်ဆီသို့ သွားရောက်ကာ ပြဿနာရှာချင်စိတ်သာလျှင် ရှိသည်။
အောင်းရွှမ်၏ အကြံအစည်သည် သူ့ထက်ပိုမိုကာ ကြမ်းတမ်းလွန်းနေ၏။ တခြားသောလောကကြီးတွင် လည်း အင်ပါယာဖြစ်သည်ဆိုပါက အင်ပါယာမိုယွမ် ကဲ့သို့သော အင်ပါယာများသည် စိတ်နှလုံး ကွဲကြေမှာသေချာ၏။
“ပြဿနာမရှိဘူး”
လီယွင်သည် ကွာစီအင်ပါယာပစ္စည်းများကို သိမ်းဆည်းကာဖြင့် မေးမြန်းလိုက်သည်။ “စနစ်... အောင်းရွှမ်အင်ပါယာတစ်ယောက်ဖြစ်နိုင်မယ့့် လမ်းနဲ့နည်းတွေကို စစ်ဆေးလိုက်”
[ဒင်… ခရမ်းရောင်နက်နဲလောကြီး၌ အောင်းရွှမ်အင်ပါယာဖြစ်နိုင်ရန် သင့်တော်လှသည့် အခွင့်အရေးများကို အောင်မြင်စွာ ထုတ်နုတ်ပြီးပါပြီ]
[ကောင်းကင်ကံကြမ္မာ အင်မော်တယ်တောင်ကြား၊ တိကျသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သိန်းခုနှစ်သောင်း လိုအပ်သည်]
[ကြွေကျခြင်း အင်မော်တယ်ရှေးဘုရားကျောင်း - တိကျသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ကောင်းကင် လျှို့ဝှက်အမှတ် ရှစ်သန်းလိုအပ်သည်]
[မြှုပ်နှံအင်မော်တယ်ကုန်းမြေ - တိကျသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက် အမှတ် ရှစ်သန်း လိုအပ်၏]
[ကြယ်ကြွေအင်ပါယာ၏သင်္ချိုင်း - တိကျသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ကောင်းကင် လျှို့ဝှက်အမှတ် ခြောက်သိန်းတစ်သောင်းတိတိ လိုအပ်၏]
[နဂါးပြာကလန်၏ ဘိုးဘေးနယ်မြေ - တိကျသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ကောင်းကင် လျှို့ဝှက်အမှတ် နှစ်သိန်းခုနှစ်သောင်းနှင့် ကိုးထောင်တိတိ လိုအပ်၏]
“ငါးခုတည်းလား” လီယွင်သည် ထိုအရာများကို ရေတွက်ကြည့်လိုက်၏။ အစစ်အမှန်ပင်။ ခရမ်းရောင်နက်နဲ လောကကြီးသည် ကောင်းကင်မူလ လောကကြီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အင်ပါယာဖြစ်လာနိုင်ရန်အတွက် အခွင့်အရေး ပိုမိုကာ တည်ရှိ၏။ သို့ပေမဲ့ အရေအတွက်သည် နည်းပါးလွန်းလှ၏။ သို့ပေမဲ့ ဤအရာသည် အောင်းရွှမ်နှင့် သင့်တော်သည့်အရာများသာ ဖြစ်လေ၏။ လူတစ်ယောက်ချင်းစီတိုင်း၏ အင်ပါယာဖြစ်ရန် နည်းလမ်း ဆိုသည် မှာ ခြားနားလွန်းလှချေ၏။ အခွင့်အရေးခြင်းကလည်း မတူညီလှပေ။
“အင်း.... အင်မော်တယ်ရှေးဟောင်းဘုရားကျောင်း၊ အင်မော်တယ်နယ်မြေ၊ အင်မော်တယ်တိုက်ပွဲ”
လီယွင်သည် ထိုစကားစုများကို တီးတိုးရေရွတ်လိုက်၏။ ဤအရာများကြားတွင် ချိတ်ဆက်မှုတစ်ခုခုရှိနေ မည်ဟု သူက ထင်မှတ်နေမိ၏။ သို့ပေမဲ့ ထိုအရာများကို ထုတ်နှုတ်စဉ်းစားရန်အတွက် သူ့၌ အချိန်မရှိချေ။ သူ့စိတ်ထဲတွင်ရှိနေသည့် အတွေးများကို ခဏတာ ဖိနှိပ်လိုက်ရ၏။
“စနစ်.. ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်ဆီ တိုးမြှင့်လိုက်၊ ဒါနဲ့ အဲလိုတိုးမြှင့် လိုက်တဲ့အတွက် ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေ အကုန်လုံးကို ပိတ်သိမ်းထားပေး” လီယွင်သည် စိတ်ထဲမှ ပြောလိုက်သည်။
လက်ရှိအခြေအနေမှာတော့ သူ၏ အားအင်အဆင့်သာ တိုးတက်သွားသည်ဆိုပါက ပတ်ဝန်းကျင် ပြောင်းလဲမှုများ ပေါ်ပေါက်လာမှာ သေချာ၏။ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် အရူးတစ်ယောက် ဆိုလျှင်တောင်မှ တစ်ခုခုလွဲမှားနေမည်ကို အာရုံခံမိမှာသေချာ၏။
ရှင်းလင်းစွာပင် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာသည်မှာ ကြာမြင့်သည်ဟု ထင်မှတ်ထားခဲ့သည့် လူတစ်ယောက်သည် ယခုမှ အင်ပါယာဖြစ်လာသည်ကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။ အကောင်းဆုံးသော နည်းလမ်းမှာ ဘာတစ်ခုမှ မခံစားရအောင် ပိတ်ပင်တားဆီးခြင်းသာလျှင် ဖြစ်၏။ သို့မှသာလျှင် အမှားအယွင်း ကင်းပေလိမ့်မည်။
[ဒင်… ကောင်းကင်လျှို့ဝှက်အမှတ် နှစ်ဒဿမခုနှစ်ကိုးသန်း ကုန်ကျသည်။ လက်ခံသူ၏အားအင်အဆင့်သည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်]
ဘုန်း
လီယွင်၏ ခန္ဓာကိုယ်အတွင်းမှာတော့ စကြဝဠာကြယ်စင်စုများ ပေါက်ကွဲထွက်သွားသကဲ့သို့ပင်။ သူ၏ အော်ရာများသည် ပို၍တိုးတက်လာခဲ့၏။ အဆင့်များ တစ်ခုပြီးတစ်ခု ချိုးဖြတ်လာခဲ့ပြီးသည့်နောက် ချက်ချင်း ဆိုသလိုပဲ သူသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းအဆင့်မှသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏။ နောက်ဆုံးအဆင့်၌ ခြေတစ်လှမ်းသာလျှင် လိုအပ်တော့၏။ အနည်းငယ်သော ကျင့်ကြံခြင်းအဆင့်ကို အားစိုက်လိုက်သည်ဆိုပါက တစ်ခါတည်း အဆင့်ချိုးဖြတ်သွားနိုင်မည့်ပုံပင်။
“ဘာလို့ အဲ့လောက် ဈေးကြီးရတာလဲ”
လီယွင်သည် မျက်မှောင်ကုပ်လိုက်မိ၏။ ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းကျော်လောက်ပဲ ကုန်ကျသင့်သည် မဟုတ်ပါလား။ သူသာ ကွာစီအင်ပါယာအဆင့် လက်နက်နှစ်ခုနှင့် နက်နဲ ယင်အင်ပါယာ ကျမ်းစာတို့ကို ရရှိထားသည်မဟုတ်ပါက သူ့၌ရှိသော ကောင်းကင်လျှို့ဝှက်အမှတ် များသည် လုံလောက်လိမ့်မည်ပင် မဟုတ်ပေ။
ယခု များပြားလှသည့် ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြုပြီးပြီဆိုသောကြောင့် သူ့၌ ကောင်းကင် လျှို့ဝှက်အမှတ် ရှစ်သိန်းခုနှစ်သောင်းသာလျှင် ကျန်ရှိတော့၏။ ယခင်ကရှိခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်မည် ဆိုလျှင် အလွန်ပင် ဝေးကွာလွန်းလှ၏။
[လက်ခံသူ... တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ကုန်ကျစရိတ် က ကြီးမားလွန်းလှ၏]
လီယွင် “.........”
တော်ဝင်အင်ပါယာတစ်ယောက်ဖြစ်လာခြင်းနှင့် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိခြင်းသည် မတူညီသည့် ဈေးနှုန်းများ တည်ရှိနေလေသည်လား။ စနစ်သည် တစ်ကယ်ပင် ကပ်စီးနည်းလွန်းလှချေသည်။ အချိန်အတော်ကြာ အတူနေထိုင်ခဲ့သည်ဆိုလျှင်တောင်မှ သူ့အတွက် နည်းနည်းလေးမှ စဉ်းစားမပေးခဲ့ချေ။