အခန်း (၂၆၆)
Vol. 18 Ch. 266
“ဪ ဒါနဲ့”
လီယွင်သည် တစ်စုံတစ်ခုကို စဉ်းစားမိပုံဖြင့် ထပ်ပြောလိုက်၏။ “ခင်ဗျားက တခြားသူတွေနဲ့ ခြားနားတယ်။ တော်ဝင်အင်ပါယာ ဖြစ်လာဖို့အတွက် အခွင့်အရေးဆိုတာက တခြားသူတွေထက် ခင်ဗျားက ပိုပြီး ဈေးကြီးတယ်။ ခင်ဗျား အစောတုန်းက တွက်ချက်ထားတာနဲ့ လုံလောက်လိမ့်မှာ မဟုတ်ဘူး”
“ဟမ်”
မြေပုံကို ရရှိပြီးသည့်နောက် အံ့အားသင့်နေရာမှ ပြန်လည် မကောင်မွန်သေးချေ။ ရေခဲရေနှင့် ပက်ခံလိုက်ရသလို တစ်ကိုယ်လုံး အေးခဲသွားခဲ့၏။ စီနီယာသည် သူ့ကို မတူညီစွာ ဆက်ဆံနေလေသည်လား။ သူ့ဆီက ဂျုံးဂျုံးကျ အရည်ညှစ်ရန်ပင် ကြိုးစားနေလေသည်လား။
“ခင်ဗျားကို ကျုပ် မမျှမတ ဆက်ဆံတာမဟုတ်ဘူး။ ခင်ဗျားရဲ့ အလားအလာက ကုန်ခမ်းနေပြီဆိုတာ နားလည်သင့်တယ်။ ခင်ဗျားက တခြားသောသူတွေနဲ့စာရင် တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်လာဖို့ အရမ်းကိုခက်ခဲတယ်” လီယွင်က အသာပြောလိုက်၏။
“ဒါဆိုရင် အောင်းရွှမ်ကရော သူက ကျုပ်နဲ့ တူညီတဲ့ မျိုးဆက်ထဲမှာ ရှိခဲ့တာ မဟုတ်လား” မုန့်ရှင်းကျီသည် စောဒက တက်လိုက်သည်။
“သူက နဂါးပြာကလန်ရဲ့ ရှေးအင်ပါယာတစ်ယောက် ချန်ခဲ့တဲ့အခွင့်အရေးကို ရရှိခဲ့တယ်။ ကွာခြားတယ်ဆိုရင်တောင်မှ သူတို့က တူညီတဲ့ မျိုးနွယ်ထဲမှာ ရှိနေတာဖြစ်တာကြောင့် အမွေဆက်ခံဖို့ သိပ်ပြီး မခက်ခဲဘူး” လီယွင်က ရှင်းပြလိုက်၏။
မုန့်ရှင်းကျီအား သူတစ်ကယ်ပင် သတိပေးခဲ့ခြင်း ဖြစ်၏။ ထိုအရာသည် မေတ္တာတရားသာလျှင်။ မုန့်ရှင်းကျီအနေနှင့် အရင်းအမြစ်များကိုလုယူရန် ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်သည်ဆိုသောကြောင့် နည်းနည်းပါးပါး ပိုမိုကာ လုယူရန် ကြိုးစားသင့်၏။ လုံလောက်သည့် ပမာဏတစ်ခုအထိ စုဆောင်းထားနိုင်ပြီ ဆိုလျှင်တောင်မှ ထို့ထက် ပိုမိုကာ စုဆောင်းရန် လိုအပ်သည်ဖြစ်ကြောင်း သူက သတိပေးခဲ့ခြင်းပင်။
“ဒါက”
မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ သူသည် မြေပုံကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီးသည့်နောက် အနီးနားတွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏မျက်လုံးထဲတွင် ကြမ်းတမ်းရက်စက်လွန်းသည့် အရိပ်အငွေ့များ ပေါ်ပေါက်လာခဲ့၏။ ဤတစ်ကြိမ် မှာတော့ သူ့ကိုယ်သူ အပြစ်ပြန်တင်၍ မဖြစ်နိုင်တော့ချေ။ နှစ်သန်းပေါင်းများစွာ နေထိုင်ပြီးသည့်နောက် သူဖြစ်ချင်သည့် တစ်ခုတည်းသော ရည်မှန်းချက်သည် အင်ပါယာသာလျှင် ဖြစ်သည်။
“သွားတော့” လီယွင်သည် လက်ကိုယမ်းခါကာပြောလိုက်၏။
“နှုတ်ဆက်ပါတယ် စီနီယာ”
မုန့်ရှင်းကျီသည် အမဲရောင်မြူများအဖြစ်သို့ အသွင်ပြောင်းကာဖြင့် တည်နေရာ လမ်းကြောင်းထဲသို့ လှမ်းဝင်သွားခဲ့၏။ တည်နေရာ နယ်စပ်ကို ပြည့်ပြည့်စုံစုံဖြင့် မကျော်ဖြတ်ရသေးခင်မှာပဲ သူ၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်လာလေသည်။
လီယွင်သည် ခရမ်းရောင်နက်နဲလောကဆီမှ လူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ကြိုတင်ကာ တိတ်ဆိတ် ငြိမ်သက်ပေးလိုက်မိ၏။ ယခင်တုန်းက မုန့်ရှင်းကျီအနေနှင့် ဤလောကထဲတွင် ရှိနေသည့် တော်ဝင်ဓားဂိုဏ်းကို ဝင်ရောက်လှုပ်ရှားရန် စီစဉ်ခဲ့၏။ သို့ပေမဲ့ မည်သူ့ကိုမှ ကြည့်စရာ မလိုတော့သည့် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ရောက်ရှိသည် ဆိုပါက မည်မျှကြီးမားသည့် မုန်တိုင်းမျိုးကို မွှေနှောက်မည်နည်းဆိုမှာ မည်သူမှ ခန့်မှန်း၍ မရနိုင်ချေ။
ကွာစီအင်ပါယာတစ်ယောက်၏ စွမ်းအင်အဆင့်ဆိုသည်မှာ တော်ဝင်အင်ပါယာနှင့် နှိုင်းယှဉ်လျှင် လိုအပ်ချက် ရှိနေသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ဖန်တီးနိုင်သူ တစ်ယောက်ဖြစ်၏။ ထို့အပြင် အင်ပါယာလက်နက်တစ်ခုကို ကိုင်ဆောင်ထားသော မုန့်ရှင်းကျီဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
နှစ်ယောက်သား ထွက်ခွာသွားပြီးနောက် လီယွင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် မတ်မတ် ရပ်လျက် ရှိနေ၏။ သူ၏ နတ်ဘုရားအာရုံများသည် ဒီရေလှိုင်းကဲ့သို့ပင် ဖြန့်ကျက်လျက် ရှိနေပြီး မိုင်ဆယ်သန်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ထိုအထဲတွင် ဖြစ်နေသည့် အရာအားလုံးသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။
သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှတဆင့် တည်နေရာ လမ်းကြောင်းကို လှမ်းကြည့်လိုက်၏။ ပြီးနောက် အပြင်ဘက်တွင် ရှိနေသော ထုတ်ဖော်ထားသည့် စာရင်းများကို ထပ်ကြည့်လိုက်သည်။ ယခင်တုန်းက သူ၏ အားအင်အဆင့် မလုံလောက်သောကြောင့် နန်းဆောင်၏ အ ပြင်ဘက်တွင် စာရင်းများကို ကျောက်တိုင်များနှင့် ဖော်ပြထားသည်။ စာရင်းများသည် မသိလျှင် ကဗ္ဗည်းကျောက်တိုက်များကဲ့သို့ ဖြစ်နေပြီး နန်းဆောင်၏ အပြင်၌ သင်္ချိုင်းတစ်ခု ဖန်တီးထားသလို ဖြစ်လို့နေသည်။ ကျက်သရေမဲ့လွန်းလှသည်။
နန်းဆောင်၏ အတွင်းဘက်တွင်တော့ တည်နေရာလမ်းကြောင်းတစ်ခု တည်ရှိနေသောကြောင့် အနာဂတ်တွင် ခရမ်းရောင်နက်နဲလောကမှလူများ လာသည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိလာမှာ သေချာ၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်တွင် များပြားလှသည့် တည်နေရာ လမ်းကြောင်းများကိုသာ သူဖန်တီးထားနိုင်သည်ဆိုပါက ကျိန်းသေပေါက် လောကအသီးသီးမှ ဖောက်သည်များ ဝင်လာမဆဲ တသဲသဲ ဖြစ်ပေမည်။
“အင်း... ငါ့အနေနဲ့ သေသေချာချာ စဉ်းစားစရာတွေတော့ လိုအပ်သေးတယ်” လီယွင်သည် မေးစေ့ကို ပွတ်သပ်လိုက်၏။
တော်ဝင်သဲကန္တာရမြို့
ကျယ်ပြောလှသော တော်ဝင်သဲကန္တာရမြို့၏အပြင်ဘက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။ တဖြည်းဖြည်းပင်လျှင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ကောင်းကင်ပေါ်သို့ မြင့်တက် လာခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ငါ့အောက်ခြေမှာရှိတဲ့ မြေပြင်ကြီးက လှုပ်နေသလို ခံစားနေရတာလဲ”
“ခင်ဗျားမှန်တယ်။ တော်ဝင်သဲကန္တာရမြို့က အပေါ်ကို မြှောက်လာတာပဲ။ မိုင်ပေါင်းသောင်းချီ တည်နေရာကြီးတစ်ခုလုံး အပေါ်ကို မြှောက်တက်လာတာပဲ။ ဒါ စီနီယာ နန်းဆောင်သခင် ပြုလုပ်တာလား”
တော်ဝင်သဲကန္တာရမြို့ထဲတွင်ရှိသော လူပေါင်းများစွာတို့သည် ပထမဦးဆုံး ကြောက်လန့်မိသည် ဆိုသော်လည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ကြ၏။ တစ်လောကလုံးတွင် ဤနေရာသည် အလုံခြုံဆုံးသော တည်နေရာသာဖြစ်၏။ တခြားသော လောကဆီမှ တစ်စုံတစ်ယောက် ရောက်ရှိလာသည် ဆိုလျှင်တောင်မှ သူတို့အား လာရောက် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ စီနီယာ နန်းဆောင်သခင် ပြုမူဆောင်ရွက်ခြင်းဖြစ်သောကြောင့် သူတို့အနေနှင့် များများစားစား တွေးတောနေစရာ မလိုအပ်ချေ။
တော်ဝင်သဲကန္တာရမြို့သည် ဖြည်းဖြည်းချင်း ကောင်းကင်ပေါ်သို့ တက်သွားခဲ့ပြီးသည့်နောက် ကောင်းကင် လျှို့ဝှက်နန်းဆောင်သည်လည်း လိုက်ပါသွားခဲ့သည်။
လီယွင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးသည် ဘာပဲပြောပြော ရွေ့လျား၍ ရသည့်ပုံပေါ်၏။ အနည်းဆုံးအနေနှင့် တော်ဝင်သဲကန္တာရမြို့ အပေါ်သို့ မြောက်တက်လာပြီးသည့်နောက် နန်းဆောင်သည် မြေတည်နေရာ၌ အမြစ်တွယ်ကာ ကျန်ရှိသည့်ပုံမျိုး မရှိချေ။
ယခင်တုန်းက မလုပ်နိုင်ခြင်းသည် သူ၏ အားအင်အဆင့် မလုံလောက်သောကြောင့်သာ ဖြစ်၏။ အနာဂတ်တွင် တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာရောက်ကာ ရန်ပြုသည် ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် တည်နေရာရွေ့ပြောင်းကာ သွားလာနိုင်စွမ်း ရှိနေလေ၏။ နန်းဆောင်ကြီးကိုပါ ရွေ့ပြီး ရန်သူကို လိုက်သတ်နိုင်၏။
ပေတစ်သောင်း အထက်သို့ ရောက်ရှိခဲ့ပြီးသည့်နောက် လီယွင်သည် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသိန်းကျော်ကို အသုံးပြုပြီးသည့်နောက် ခန္ဓာကိုယ်သန့်စင်ခြင်းမှသည် ကွာစီအင်ပါယာအဆင့် အစီအရင် နည်းစနစ်များနှင့် စနစ်ဆီမှ လဲလှယ်လိုက်သည်။
ငါးယူသည်ထက် ငါးမျှားနည်းကို သင်သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အစီအရင် နည်းစနစ် ဆိုသည်မှာ ကုန်ကျစရိတ်သိပ်မရှိချေ။ ထို့ကြောင့် စနစ်ဆီမှ ရရှိသည့် အစီအရင်များကို လေ့လာခြင်းဖြင့် အကုန်အကျ သက်သာပေလိမ့်မည်။
သူ၏စိတ်ထဲ၌ အစီအရင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ များပြားစွာ ပေါ်ပေါက်လာခဲ့ပြီး နောက် လီယွင်သည် လက်ကိုမြှောက်ကာဖြင့် များပြားလွန်းလှသည့် သင်္ကေတများကို ဖန်တီးလိုက်၏။ တော်ဝင်သဲကန္တာရမြို့၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြီးမားလွန်းလှသည့် အစီအရင်ကြီး တစ်ခု ဖြစ်တည်လာ၏။ လေဟာနယ်ထဲတွင် တော်ဝင် သဲကန္ဓာရမြို့၏ ကုန်းမြေကြီးသည် မြဲမြဲတည်ရှိလို့ နေလေ၏။
သူ့အနေနှင့် ကြီးမားလွန်းလှသည့် စိတ်ဝိညာဉ် အစီအရင်ကြီးကို ဖန်တိးကာဖြင့် မိုင်သန်းနှင့်ချီသည့် အကွာအဝေးတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေလေ၏။ ဤနေရာကြီးအား နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ပြောင်းလဲရန်ဆိုသည်မှာ အချိန်ကြာမြင့်လိမ့်မည်မဟုတ်ချေ။
အရာအားလုံး ပြုလုပ်ပြီးသည့်နောက် မတူညီသည့် တည်နေရာ အသီသီးဆီသို့ သူထုတ်ဖော်ခဲ့သည့် စာရင်းများသည် ပျံ့နှံ့ သွားခဲ့လေ၏။ နတ်ဘုံနတ်နန်းပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေသည့် လီယွင်သည် လောကကြီး၏ တည်နေရာတစ်ခုလုံးအနှံ့ကို မြင်ရလုနီးပါး ဖြစ်နေ၏။
သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းအား တော်ဝင်သဲကန္တာရမြို့၏ အောက်ဆီသို့ အသာထားလိုက်၏။ လမ်းကြောင်းဆီမှ ထွက်လာသည့် မည်သူ့မဆိုသည် တော်ဝင်သဲကန္တာရမြို့ အနီးအနားဆီသို့ ရောက်ရှိလာပေလိမ့်မည်။ သို့ပေမဲ့ အထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။
“အင်း... စနစ်ကို ကျေးဇူးတင်ရမယ်။ တည်နေရာ လမ်းကြောင်းကိုတောင် ရွေ့လို့ရနေတာပဲ”
လီယွင်သည် ချီးကျူးစွာ ပြောဆိုလိုက်၏။ ပြီးနောက် သူသည် အပြင်လောကကို တစ်ချက်လှမ်းကြည့်ကာ မေးမြန်း လိုက်၏။ “စနစ် အပြင်ဘက် က စာရင်းအသီးသီးကို အဆင့်မြင့်တင်ပေးလို့ရလား။ စာရင်းတွေကို အပြင်လေဟာနယ်မှာ ချိတ်ထားပြီး အားလုံးမြင်ရအောင် လုပ်ပေး”
[ရတာပေါ့]
ထိုစကားကိုကြားရသည့်အချိန်မှာတော့ လီယွင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ထိန်းချုပ်နိုင်မှုဘောင် အဝေးတွင် ထိုစာရင်းများ တည်ရှိနေသည်က အဆင်မပြေလှချေ။ ထို့အပြင် ထိုစာရင်းများကို သေသေချာချာ အသစ်မွန်းမံခြင်း မပြုလုပ်ပါက ပြဿနာ ဖြစ်လာပေလိမ့်မည်။ စနစ်၏ တုံ့ပြန်မှုကို ကြားရသည့်အချိန်မှာတော့ သူသည် ထိုအရာများအတွက် စိတ်ပူရန် မလိုတော့ပေ။