← Chapters

အခန်း (၂၆၇)

Vol. 18 Ch. 267

အခန်း (၂၆၇)

Vol. 18 Ch. 267

ခရမ်းရောင်နက်နဲလောကကြီး

တည်နေရာလမ်းကြောင်းဆီမှ အောင်းရွှမ်သည် လှမ်းလျှောက်ကာ ထွက်လာခဲ့၏။ ချက်ချင်းဆိုသလိုပဲ သူသည် အော်ရာများကို အသာသိမ်းဆည်းထားခဲ့၏။ နတ်ဘုရားအသိအမြင်များကို ဖြန့်ကျက် ကြည့်ရှုပြီးနောက် အနီးအနားတွင် မည်သူမှ မရှိကြောင်း သူက အတည်ပြုလိုက်နိုင်၏။ ထို့ကြောင့် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

တည်နေရာလမ်းကြောင်း၏ရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် သူသည် နဂါးပြာကလန် တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးနောက် သူ၏နောက်ဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကို လှမ်းကြည့်လိုက်ပြန်၏။ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် သူ၏ လက်ထဲတွင် အစီအရင်ပြား တစ်ခုက ပေါ်ပေါက်လာခဲ့သည်။

သူသည် တည်နေရာလမ်းကြောင်း၏ ထွက်ပေါက်ကို စည်းခတ်ရန် ရည်ရွယ်ခဲ့၏။

သူရောက်ရှိလာခြင်းသည် လျှို့ဝှက်ချက် တစ်ခုသာဖြစ်၏။ တည်နေရာလမ်းကြောင်းကို တစ်စုံတစ်ယောက်က မြင်သွားသည် ဆိုပါက အနည်းငယ် တွက်ချက်လိုက်သည် ဆိုသည်နှင့် တစ်စုံတစ်ယောက် ဒီနေရာသို့ ရောက်ရှိလာသည်ဖြစ်ကြောင်းကို ခန့်မှန်းမိပေလိမ့်မည်။ ထိုသို့ဆိုလျှင် တည်နေရာလမ်းကြောင်း၌ စောင့်ဆိုင်းကာဖြင့် သူပြန်လာသည်နှင့် ပြဿနာရှာရန် ကြံရွယ်ကြပေလိမ့်မည်။

အစီအရင် ကျောက်စိမ်းပြားသည် လင်းလက်လျက် ရှိနေသည်။ အစီအရင် အသက်မဝင်သေးခင်မှာဘဲ အမဲရောင် အလင်းတန်းတစ်ခုသည် ဆွစ်ဟူသော အသံနှင့်အတူ ဖြတ်သန်းသွားခဲ့၏။ အရှိန်အဟုန်ပြင်းပြင်းဖြင့် ကောင်းကင်၏ အဆုံးဘက်ဆီသို့ တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။

အောင်းရွှမ် "..."

စောဏက မည်သူဖြတ်သွားသနည်း။ အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် မုန့်ရှင်းကျီနှင့်တူ၏။ တစ်ဖက်လူသည်လည်း ရောက်ရှိလာခဲ့လေသည်လား။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် အင်ပါယာ တစ်ယောက် ဖြစ်လာရန် ကံကြမ္မာကို ဝယ်ယူနိုင်သည့် ချမ်းသာကြွယ်ဝမှုများ ရှိနေလေသည်လား။

မဖြစ်နိုင်ပေ။ အောင်းရွှမ်တစ်ယောက် ဇဝေဇဝါဖြင့်‌ ခေါင်းကို ခါယမ်းလိုက်မိ၏။ သူသည် မုန့်ရှင်းကျီကို လျစ်လျှူရှုလိုက်၏။ လက်ကို ယမ်းခါပြီးသည့်နောက် လေဟာနယ်ထဲသို့ အစီအရင်ပြားကို လှမ်းကာပစ်လွှတ် လိုက်လေ၏။ တည်နေရာလမ်းကြောင်း တည်ရှိနေသည်ဆိုသည့် အရိပ်အယောင်များသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့လေ၏။ ဤအရာသည် ပုံရိပ်ယောင် အစီအရင်တစ်ခုသာလျှင်ဖြစ်၏။ တော်ဝင် သူတော်စင် သို့မဟုတ် ထိုထက်မြင့်မားသည့်အဆင့် မရှိသည်ဆိုပါက အစီအရင် ရှိနေသည်ဖြစ်ကြောင်းကို လုံးဝ သိရှိလိမ့်မည် မဟုတ်ချေ။

"အင်း... အခုတော့ ငါလုပ်ချင်တာ လုပ်လို့ရပြီ"

အောင်းရွှမ်သည် သူ၏စိတ်ကူးကို သဘောတကျဖြင့် ခေါင်းညိတ်လျက် ရှိနေလေ၏။ အသာလှည့်ပြီးသည့်နောက် မနီးမဝေးတွင် ရှိနေသည့် နဂါးပြာကလန်၏ ဘိုးဘေးကုန်းမြေဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

လက်ရှိအချိန်၌ ၎င်းတို့၏ ကလန်ဘိုးဘေးကြီးသည် ကောင်းကင်မူလလောကကြီးဆီသို့ သွားရောက်ပြီး ဒေါသတကြီး တိုက်ခိုက်လျက် ရှိနေ၏။ ထို့ကြောင့် လက်စားချေသည့် အနေဖြင့် ၎င်းတို့ ဘိုးဘေးကြီး ချန်ခဲ့သည့် ရတနာအမွေအနှစ်များ အားလုံးကို သူရယူရပေလိမ့်မည်။

ဤလောကကြီးထဲတွင် ဦးချိုနဂါးများသည် နဂါးကလန်၏ မျိုးနွယ်များပင်ဖြစ်၏။ ဦးချိုနဂါးများသည် နဂါးများပင် ဖြစ်သည်ဆိုသော်လည်း နဂါးကလန်သည် ၎င်းတို့ကို ဘယ်တော့မှ အသိအမှတ်ပြုခဲ့သည် မဟုတ်ချေ။ ဤနေရာတွင် ကောင်းမွန်သည့်အရာမှာ သူသည် ဦးချိုနဂါးဖြစ်သည် ဆိုသော်လည်း နဂါးကလန်မှ သတ္တဝါ ဖြစ်နေခြင်းပင်။ ဤဦးချိုနဂါးလေးသည် အင်ပါယာတစ်ယောက် ဖြစ်လာရန် ကံကြမ္မာကို ပိုင်ဆိုင်နေလေသည်လား။

"ဟမ့်"

အောင်းရွှမ်က နှာခေါင်းရှုံ့လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ နဂါးပြာကလန်၏ တောင်ကာကွယ်ခြင်း အစီအရင်ရှေ့ဆီသို့ ရောက်ရှိလာ၏။ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည် လင်းလက်သွားခဲ့၏။ ကျောက်စိမ်းပြားပေါ်တွင် မှတ်သား ထားသည့် နည်းလမ်းများအတိုင်း သူသည် နဂါးပြာကလန်၏ ဘိုးဘေးကုန်းမြေထဲသို့ ချောချောမောမော ဝင်ရောက်လာခဲ့၏။ ဘယ်သူမှ သတိမပြုမိလောက်အောင်ပင် ချောမွေ့လျက် ရှိနေ၏။

ကွာစီအင်ပါယာ ဘိုးဘေးကြီးသည် ကလန်ထဲတွင် ထိုင်နေသည်သာ မဟုတ်ပါက သူ့ကို သတိပြုမိနိုင်စရာ အကြောင်းမရှိချေ။ တော်ဝင်သူတော်စင်အဆင့် လက်ကျန် ကျင့်ကြံသူများသာ ရှိသည်ဖြစ်သောကြောင့် အောင်းရွှမ်၏ တည်ရှိမှုကို သတိပြုမိဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

"စီနီယာရဲ့ နည်းလမ်းတွေက တကယ့်ကို နက်နဲလွန်းတာပဲ။ စီနီယာက တခြားသော လောကမှာရှိတဲ့ အရာအားလုံးကို တွက်ချက်နိုင်တယ်။ စီနီယာရဲ့ မျက်လုံးထဲမှာ အသင်္ချေများပြားတဲ့ လောကအသီးသီးက လျှို့ဝှက်ချက်ဆိုတာ ရှိမှာ မဟုတ်တော့ဘူး" အောင်းရွှမ်သည် ချီးကျူးသလို သက်ပြင်းချလိုက်မိသည်။

လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို ကိုင်ဆောင်ပြီးသည့်နောက် နဂါးပြားကလန်၏ ဘိုးဘေးကုန်းမြေထဲသို့ သူက လျှောက်သွားလျက် ရှိနေ၏။ ဤကလန်သည် နက်နဲလှသည့် အမွေအနှစ်များ တည်ရှိသည့် ကလန်တစ်ခု ဖြစ်ပုံပေါ်သည်။ မိုင်သောင်းနှင့်ချီ အကွာအဝေးအတွင်း ခန့်ခန့်ညားညား တည်ရှိလျက် ရှိနေပြီး ရံဖန်ရံခါဆိုသလို နဂါးအော်သံများ ထွက်ပေါ်လျက် ရှိ၏။

နတ်ဘုရားတောင်ထွတ်များ၏ထိပ်တွင် ဆန်းကြယ်လှသည့် အဆောက်အဦများ တည်ရှိလျက် ရှိနေပြီး နတ်ဘုံနတ်နန်းကြီး တစ်ခုထဲသို့ ဝင်ရောက်သွားရသည်နှင့်ပင် ဆင်တူလှ၏။ နတ်ပန်းချီကဲ့သို့သော စမ်းချောင်းများ၊ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက်ရှိနေသည့် မြက်ခင်းများသည် တကယ်ပင် လှပလွန်းလှချေ၏။ တည်နေရာတစ်ခုလုံးသည် မသေမျိုးလောကကြီး၏ အော်ရာများ ပြည့်နှက်လျက် ရှိနေသည်။

အခြေအနေ တစ်ခုလုံးကို သုံးသပ်ရမည်ဆိုလျှင် ကောင်းကင်မူလ‌ လောကကြီးတွင် ရှိနေသည့် တကယ့်ကို ရှေးကျသည့် ထိပ်တန်းကလန်များပင်လျှင် ၎င်းတို့နှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်မူလ လောကကြီး၏ ရှေးဆန်ပြီး ထည်ဝါခမ်းနားလွန်းသော ဂိုဏ်းများထက်ပင် ပိုမိုကာ အမွေအနှစ်များ ပိုင်ဆိုင်ပုံပေါ်၏။

ဤကဲ့သို့ ခန့်မှန်း၍ မရနိုင်သည့် ဂိုဏ်းကလန် တစ်ခုအတွင်းတွင် ရှိနေသည့် အကြောင်းအရာများကို စီနီယာက သေသေချာချာ သိရှိလျက် ရှိနေ၏။ တစ်ဖက်လူများ မည်သည့်အတွင်းခံအရောင် ဝတ်ထားသည် ဆိုသည်ကပင် စီနီယာ၏ မျက်လုံးအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

"ကောင်းကင်လျှို့ဝှက်နန်းဆောင်သာ ရှိမယ်ဆိုရင် နဂါးကလန်အနေနဲ့ ကလန်အသီးသီးကို သွားလည်ပြီး လုပ်ချင်တာတွေ လုပ်လို့ရနေမလား မသိဘူး" အောင်းရွှမ်က စဉ်းစားလိုက်မိသည်။

သူ၏ ခန္ဓာကိုယ်ဆီမှ စိမ်းပြာရောင်အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး သူသည် နတ်ဘုရား တောင်ထွတ်၏ ရှေ့ဆီသို့ ရောက်ရှိနေ၏။ တောင်ကြီးသည် ခပ်ဝေးဝေး တည်နေရာသို့‌ ရောက်ရှိနေသည့် အချိန် နဂါးတစ်ကောင်နှင့် ဆင်တူလျက် ရှိ၏။ ဆန်းကြယ်လှသည့် အရှိန်အဝါများ ထွက်ပေါ်လျက်ရှိနေပြီး လောကကြီး တစ်ခုလုံးကို ဝါးမျိုတော့မည် သကဲ့သို့ပင်။

နဂါး၏ ဦးခေါင်းသည် ကောင်းကင်ယံဆီသို့ မော့ကာ အော်ဟစ်လျက် ရှိနေသည့်ပုံပင်။ များပြားလွန်းလှသည့် နဂါးဆန္ဒများသည် ဒီရေလှိုင်းများ ကဲ့သို့ပင် လေထုတစ်ခုလုံးကို တိုက်စားလျက် ရှိနေ၏။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ဤနေရာတွင် ရှိနေသည့် မြက်ပင်၊ သစ်ပင် တစ်ခုချင်းစီတိုင်းသည် နဂါး၏ အော်ရာ အငွေ့အသက်များ ထွက်ပေါ်လျက် ရှိနေလေ၏။ တကယ့်ကို ကောင်းချီးပေးခံထားရသည့် ကုန်းမြေတစ်ခု ကဲ့သို့ပင်။

"စီနီယာရဲ့ မှတ်တမ်းအရဆိုရင် ဒါက နဂါးပြာကလန်ပဲ ဖြစ်ရမယ်။ ရှေးတုန်းက တော်ဝင်အင်ပါယာရဲ့ အသားအရေတွေက နတ်တောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲပြီးတော့ ကလန်ကြီးတစ်ခုလုံးကို ထိန်းသိမ်း ထားခဲ့တာပဲ။ တကယ့်ကို ရတနာပဲ။ ငါသာ အင်ပါယာ ဖြစ်သွားမယ်ဆိုရင် ဒါကိုယူဖို့ နည်းလမ်းကို ရှာရမယ်"

အောင်းရွှမ်သည် နတ်ဘုရားတောင်ထွတ်ကို လှမ်းကြည့်ပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို ပြန်ကြည့်လိုက်၏။ သူက တီးတိုးရေရွတ်လိုက်၏။ "အင်ပါယာတစ်ယောက် ဖြစ်လာမယ့် အခွင့်အရေးက ဒီနတ်ဘုရားတောင်ထဲမှာပဲ ရှိရမယ်။ စီနီယာရဲ့ အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းသာ မရှိဘူးဆိုရင် ကွာစီအင်ပါယာကို မပြောနဲ့ တော်ဝင်အင်ပါယာ တစ်ယောက်တောင်မှ ဒါကို ရယူဖို့အတွက် အရမ်းကို ခက်ခဲမယ်။ အားစိုက်ထုတ်ရမှာပဲ"

ကျောက်စိမ်းပြားထဲတွင် ရှိနေသည့် အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းများကို မှတ်သားပြီးသည့်နောက် သူသည် ရှေ့ဆီသို့ တစ်လှမ်းချင်း သွားလိုက်၏။ နဂါး၏ ဦးခေါင်းရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မည်သည့် အတားအဆီးမှ မရှိချေ။ အရာအားလုံး ချောမွေ့လျက် ရှိနေသည်။

ရှေးတော်ဝင်အင်ပါယာ၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ ဝင်ရောက်ပြီးသည့်နောက် နဂါးစွမ်းအင်များသည် လိမ်ယှက်လျက် ရှိနေ၏။ ထိုအထဲတွင် သုံးပေခန့်မြင့်သည့် အသူရာစိတ်ဝိညာဉ်ဆေးပင် တစ်ခုက တည်ရှိနေပြီး ထိုအရာသည် လေနှင့်အတူ ယိမ်းယိုင်လျက် ရှိနေ၏။

အစိမ်းရောင် တောက်ပလျက် ရှိနေပြီး ထိုအပင်ကို သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် နဂါးတစ်ကောင်နှင့် ဆင်တူ၏။ အပင်ပေါ်တွင် နဂါးကြေးခွံများ ဖုံးလွှမ်းလျက် ရှိနေပြီး အသစ်မွေးဖွားလာသည့် အစစ်အမှန် နဂါး တစ်ကောင်ကဲ့သို့ပင် ထင်မှတ်မှားရလောက်ချေသည်။

"အင်ပါယာတစ်ယောက် ဖြစ်လာမယ့် အပင်လား"

အောင်းရွှမ်သည် ဤစိတ်ဝိညာဉ်ဆေးပင်ကို မြင်ရသည့် အချိန်မှာတော့ ရင်ခုန်နှုန်းများ မြန်လာခဲ့၏။ သူ၏ အတွေးထဲတွင် ရှိနေသည့် စိတ်ဆန္ဒများသည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ ဤစိတ်ဝိညာဉ်ဆေးပင်သည် သူ့အတွက် ကြိုတင်ကာ အထူးပြင်ဆင် ထားသကဲ့သို့ပင်။ သူနှင့် အလုံးစုံ လိုက်ဖက်ညီလျက် ရှိနေ၏။ သူသည် ထိုအင်ပါယာအဆင့် စိတ်ဝိညာဉ် ဆေးပင်ကို ဝါးမျိုလိုက်သည်နှင့်တပြိုင်နက် ကျိန်းသေပေါက် အင်ပါယာတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

All Chapters