အခန်း (၂၆၈)
Vol. 18 Ch. 268
တခြားတစ်ဖက် ရှေးအသူရာဖီးနစ်ကလန်၏ အတွင်းဘက်မှာတော့ .....
ဤကလန်သည် ခရမ်းရောင်နက်နဲ လောကကြီး၌ ကျော်ကြားလှသည့် ကလန်မျိုး မဟုတ်ချေ။ ၎င်းတို့၏ ဘိုးဘေးကြီးသည် ကြီးမားလှသည့် အောင်မြင်မှုများကို မရရှိခဲ့သည်ဆိုသော်လည်း နိမ့်ကျသည့် အခြေအနေမျိုးတော့လည်း မဟုတ်ပြန်ချေ။ ၎င်းတို့၏ မျိုးဆက်တိုင်းသည် တော်ဝင်သူတော်စင်အဆင့် တစ်ယောက်၊ နှစ်ယောက်လောက်ကိုတော့ မွေးထုတ်ပေးနိုင်ခဲ့၏။ အလွန်အမင်း အားမကောင်းလှဘူး ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် လုံလောက်သော အားအင် ရှိသည်။
အသူရဖီးနစ်ကလန်အတွင်း မင်္ဂလာရှိသော တိမ်များ ထွန်းတောက်လျက် ရှိနေပြီး မြူများကြားထဲတွင် ခမ်းနားထည်ဝါလွန်းလှသည့် ဟောခန်းကြီးတစ်ခုက ထီးထီးကြီး ရှိလို့နေ၏။ ထိုဟောခန်းကြီး၏ အရှေ့ဘက် တွင် လူနှစ်ယောက်သည် ဘေးချင်းကပ် မတ်မတ်ရပ်ကာဖြင့် လေဟာနယ်ကို လှမ်းကြည့်နေ၏။
“ကောင်းကင်မူလလောကထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာ ဘိုးဘေးနှစ်ယောက်က ဘာတွေလုပ်နေမလဲ ဆိုတာ သိချင်လိုက်တာ” အသူရာဖီးနစ်ကလန်မှ ကလန်ခေါင်းဆောင်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်မိသည်။
လောကဖြတ်သန်းပြီး တိုက်ခိုက်သည် ဆိုသည်မှာ အခွင့်အရေး တစ်ခုပင်ဖြစ်၏။ သို့ပေမဲ့ ထိုအရာ၌ ဘေးအန္တရာယ်များလည်း ပါဝင်လျက် ရှိနေ၏။ များပြားလှသည့် အခွင့်အရေးများကို ရရှိနိုင်သည်ဆိုပါက အသူရာဖီးနစ်ကလန်အတွင်းတွင် ကွာစီအင်ပါယာ တစ်ယောက်၊ နှစ်ယောက်လောက်ကို မွေးထုတ်ပေးနိုင် ပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်မူလ လောကကြီးမှလူများ တန်ပြန်တိုက်ခိုက်ပြီး သူတို့ဘိုးဘေး ရှုံးနိမ့်ခဲ့သည်ဆိုပါက ပြဿနာများပေလိမ့်မည်။
အသူရာဖီးနစ်ကလန်သည် အင်ပါယာမိုယွမ်နှင့် ပူးပေါင်းပြီးသားဖြစ်၏။ အင်ပါယာမိုယွမ် ကျရှုံးသည် ဆိုပါက အသူရာဖီးနစ်ကလန် တစ်ခုလုံးသည်လည်း ပျောက်ဆုံး ပျက်စီးသွားမှာ သေချာလေ၏။
ပြောရမည် ဆိုလျှင် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် မျိုးနွယ်စုများအားလုံးကဲ့သို့ပင်။ သူတို့သည် အားကောင်းချင်သည့်စိတ်ကြောင့် အရာအားလုံးကို ပြုလုပ်ရန် အဆင်သင့် ဖြစ်လို့နေခဲ့၏။ လူပေါင်း သောင်းချီကို သတ်ဖြတ်ရမည် ဆိုလျှင်တောင်မှ မည်သည့် စိတ်ခံစားချက်၊မည်သည့် ဖိအားကိုမှ ခံစားရလိမ့်မည် မဟုတ်ချေ။
ကောင်းကင်မူလလောကကြီးသည် ကြမ်းတမ်းလှသည့် လောကကြီးဖြစ်၏။ ထိုကဲ့သို့သော ကြမ်းတမ်းလှသည့် လောကကြီးနှင့် ရင်ဆိုင်ရသည့် အချိန်တွင် အသူရာဖီးနစ်ကလန် အနေနှင့် ယုံကြည်ချက် သိပ်တော့ မရှိလှပေ။
“ကလန်ခေါင်းဆောင်... စိတ်မပူပါနဲ့။ အင်ပါယာမိုယွမ် လက်အောက်မှာရှိတဲ့ ပထမဆုံး စစ်သူကြီးဆီကနေ သတင်းအချက်အလက်တွေ ရရှိခဲ့တယ်။ သူတို့က မိုင်သန်းနဲ့ချီ အကွာအဝေးအတွင်းမှာရှိတဲ့ လက်ရွေးစင် စစ်သည်တွေ အကုန်လုံးကို သတ်ဖြတ်နိုင်ခဲ့ပြီတဲ့”
“ပထမဆုံး ရောက်ရှိတဲ့ ဂိုဏ်းက တော်ဝင်ဓားဂိုဏ်းပဲ။ သူတို့ကို အဆုံးထိ သုတ်သင်နိုင်ခြင်း မရှိသေးဘူးဆိုပေမဲ့ အဲလူတွေ အကုန်လုံးက တော်တော်ကြီးကို ထိခိုက် ဒဏ်ရာ ရနေကြပြီတဲ့။ မိုင်တော်တော် ဝေးဝေးဆီကိုတောင် နောက်ဆုတ်ခဲ့ရတယ်”
“ဒီခရီးစဉ်မှာ လမ်းမှာ ရှိနေတဲ့ ဂိုဏ်းအသီးသီးကလည်း သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရတယ်။ ကောင်းကင် မူလလောကကြီးထဲမှာ ပထမဆုံး ကျုပ်တို့ကို ခုခံတဲ့ ကလန်တွေက လူသားကလန်တွေပဲ။ သူတို့က ကပ်ဘေးဆိုက်နေကြပြီ။ ခဏလောက်ကြာရင် လူသားကလန်တွေ အနေနဲ့ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်မိတယ်”
အသူရာဖီးနစ်ကလန်၏ ကလန်ခေါင်းဆောင် ဘေးတွင်ရှိနေသည့် အကြီးအကဲသည် ပြုံးကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ ၎င်းသည် တကယ်ပင် စိတ်အေးချမ်းသာလျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီး ထဲတွင် ရှိနေသည့် အခြေအနေကို သူက သိရှိခဲ့ပြီးသားဖြစ်၏။
ကျူးကျော် ဝင်ရောက်မှုကို ရင်ဆိုင်သည့်နေရာတွင် လူသားမျိုးနွယ်များသည် မတ်မတ်ရပ်ကာဖြင့် ကာကွယ်လျက် ရှိနေ၏။ တခြားမျိုးနွယ်များမှာတော့ ဘေးတစ်ဖက်တွင် ရပ်ကာ ကြည့်ရှုနေကြ၏။ တကယ့်ကို ကောင်းကင်က ပေးပို့လိုက်သည့် အခွင့်အရေးပင်ဖြစ်သည်။
မျိုးနွယ်စု အားလုံးသည်သာ တစည်းတလုံးဖြင့် သူတို့ကို ခုခံမည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး အနေဖြင့် ကျိန်းသေပေါက် ပေးဆပ်ရမည့် အရာများ ရှိလာပေလိမ့်မည်။ သို့ပေမဲ့ ယခု တခြားမျိုးနွယ်များ ဝင်ရောက်ကူညီရန် နှောင့်နှေးနေသည်ဆိုသည်ကို မြင်ရသည့်အချိန်မှာတော့ ခရမ်းရောင်နက်နဲလောကမှ လူများ၏ မျက်လုံးထဲတွင် တကယ့်ကို မယုံကြည်နိုင်စရာ ဖြစ်လို့လာခဲ့၏။ သူတို့သည် တကယ်ပဲ ပျော်ရွှင်နေ၏။
“လူသားကလန်တွေပဲ ခုခံနေတာလား”
အသူရာဖီးနစ်ကလန်၏ ကလန်ခေါင်းဆောင်သည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။ သူသည် အမှတ်မထင်နှင့် မှတ်ချက် ပြုလိုက်မိသည်။ “ဒီအဖွဲ့အစည်းက တကယ့်ကို အားမနည်းဘူးပဲ။ အတိတ်တုန်းက သူတို့က ခရမ်းရောင်နက်နဲ လောကကြီးမှာလည်း တောက်ပခဲ့ဖူးတယ်လေ။ ကံဆိုးတာက မျိုးနွယ်စုပေါင်းများစွာတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုအောက်မှာ လူသားမျိုးနွယ်တွေက ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ သူတို့အားလုံးက ဂိုဏ်းဂဏ အသီးသီးရဲ့ ဖိနှိပ်ခြင်းကို ခံရတယ်လေ။ ဒုတိယတန်းစားအဆင့်အထိ ကျဆုံးလုနီးပါး ဖြစ်သွားခဲ့တယ် မဟုတ်လား”
အသူရာဖီးနစ်ကလန်မှ အကြီးအကဲသည် နှာခေါင်းကို ရှုံ့လိုက်၏။ “သူတို့က တတိယတန်းစားတောင် ဖြစ်နိုင်သေးတယ်။ သူတို့ရဲ့ အမွေအနှစ်တွေက ဖျက်ဆီးခံလိုက်ရပြီ။ သင့်တော်တဲ့ ကျင့်ကြံခြင်း နည်းစနစ်လည်း မရှိဘူး။ ကိုယ်ပိုင်ဖန်တီးပြီးတော့ ကြိုးစားနေကြရတာ။ သူတို့ ပြန်ပြီးတော့ မြင့်တက်လာဖို့ အတွက်ဆိုရင် နှစ်ဆယ်သန်းနီးပါးလောက်တောင် ကြာရင်ကြာနိုင်လိမ့်မယ်”
“အမှန်ပဲ”
အသူရာဖီးနစ်ကလန်မှ ကလန်ခေါင်းဆောင်သည် ပြုံးပြီးသည့်နောက် သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်၏။ သူက တီးတိုးရေရွတ်လိုက်သည်။ “ကောင်းကင်မူလလောကကြီး စစ်ပွဲစပြီး မကြာခင်မှာ ရင်းနှီးနေတဲ့မျိုးနွယ်တွေနဲ့ ထပ်ပြီး တွေ့ရလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး။ ကြည့်ရတာ လူသားကလန်တွေကတော့ ခရမ်းရောင်နက်နဲလောကကြီးရဲ့ လက်ချက်နဲ့ ထပ်ပြီး ရှုံးနိမ့်အုံးမှာပဲ”
“ကလန်ခေါင်းဆောင်ပြောတာ အမှန်ပဲ” အသူရာဖီးနစ်ကလန်မှ အကြီးအကဲသည် ဝင်ရောက်ကာ မြှောက်ပင့် ပေးလိုက်၏။
သူတို့နှစ်ယောက်သည် ပြုံးလျက် ရှိနေ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် စိတ်ပါဝင်စားမှုနှင့် အကြောင်းအရာများ အားလုံးကို တစ်ယောက်က သိရှိလို့နေသည်။
ကောင်းကင်မူလလောကကြီး - ဤလောကကြီးသည် စွမ်းအားကြီးလှသည် ဆိုသော်လည်း သူတို့ ခန့်မှန်း ထားသည်ထက် ရင်ဆိုင်ရ လွယ်ကူသည့်ပုံပင်ပေါ်၏။ တော်ဝင်အင်ပါယာ တစ်ယောက်ပင်လျှင် ခြေမချရသေးချေ။ သို့ပေမဲ့ မျိုးနွယ်စု တစ်ခုသည် ဖျက်ဆီးခြင်းကို ခံရပေတော့မည်။ အကယ်၍ တော်ဝင် အင်ပါယာ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်လောက်သာ ခြေချနိုင်သည်ဆိုပါက ကောင်းကင်မူလ လောကကြီးသည် တန်ပြန် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ရှုံးနိမ့်ပေလိမ့်မည်။
တွေးကြည့်ပြီးသည့်နောက် သူတို့၏ မျက်နှာပေါ်မှာ ရှိနေသည့် အပြုံးများသည် အားရပါးရ ရယ်မောသံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူတို့၏ အသံသည် လေဟာနယ်ထဲတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့ ရယ်မောလျက် ရှိနေတုန်းမှာပဲ အသူရာဖီးနစ်ကလန်၏ ကလန်ခေါင်းဆောင် မျက်နှာသည် အေးခဲသွားခဲ့သည်။
သူသည် အပြင်ဘက်ကို လှမ်းကြည့်ပြီးသည့်နောက် မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာမျိုး ဖြစ်တည် လာခဲ့၏။ “လူသားကလန်လား”
“အမ်”
အသူရာဖီးနစ်ကလန်မှ အကြီးအကဲသည်လည်း ရယ်မောနေရာမှ ရပ်တန့်လိုက်၏။ သူသည် ကလန်ခေါင်းဆောင်၏ အကြည့်အတိုင်း လိုက်ပါကာ ကြည့်လိုက်သည်။
အပြင်ဘက်လေဟာနယ်ထဲတွင်တော့ အဘိုးကြီးတစ်ယောက် တည်ရှိလို့ နေခဲ့သည်။ ၎င်းသည် အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အဖြူရောင် မုတ်ဆိတ်မွှေးများမှာ လေနှင့်အတူ လှုပ်ယမ်းလျက် ရှိနေ၏။ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်သည့် အရိပ်အယောင်များ မျက်လုံးထဲတွင် ပြည့်နှက်လျက် ရှိနေလေသည်။ အသူရာဖီးနစ်ကလန်၏ ဘိုးဘေးတည်နေရာ တစ်ခုလုံးကို တောက်လျှောက်ဆိုသလိုပဲ ကြည့်ရှုနေ၏။
“လူသားကလန်တွေ ဒီကို ဘာလာလုပ်တာလဲ”
အသူရာဖီးနစ်ကလန်မှ ကလန်ခေါင်းဆောင်က မျက်မှောင်ကုတ်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ဘယ်လိုဖြစ်ပြီး တတိယတန်းစား မျိုးနွယ်က ငါတို့ အသူရာဖီးနစ်ကလန်ရဲ့ ဘိုးဘေးနေရာအတွင်းကို ရောက်လာတာလဲ။ တတိယအကြီးအကဲ... သွားပြီး သတ်လိုက်စမ်း”
ရှေးတုန်းကတည်းက လူသားကလန်ဆီမှ သက်ရှိသတ္တဝါပေါင်းများစွာသည် သုတ်သင်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် လူသားကလန်ထဲမှ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်း ဆိုသည်မှာ ၎င်းတို့အတွက် စားခြင်း၊ သောက်ခြင်းကဲ့သို့ပင် လွယ်ကူလျက်ရှိ၏။
“ကောင်းပါပြီ”
အသူရာဖီးနစ်ကလန်မှ တတိယအကြီးအကဲက ဦးညွတ်လိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင် ရက်စက်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သူသည် လေဟာနယ်ဆီသို့ ရဲရဲဝံ့ဝံ့ဖြင့် လှမ်းလျှောက်သွားခဲ့၏။ ရှေ့ဆီသို့ နှစ်လှမ်းလောက် လှမ်းရသေးသည့် အချိန်မှာပဲ အပြင်ဘက် အစီအရင်ကြီး ရှေ့ဆီသို့ ရောက်ရှိသွား၏။ ရုတ်တရက် သူ၏ခြေလှမ်းများသည် ရပ်တန့်သွားခဲ့၏။ နှုတ်ခမ်းထောင့်တွင် ရှိနေသည့် ရက်စက်လှသည့် အပြုံးသည် ပျောက်ကွယ်သွားခဲ့ပြီး ကြောက်လန့်တကြား အမူအရာများအဖြစ် ပြောင်းလဲသွားခဲ့၏။
ရှေ့တွင် ရှိနေသည့် အဘိုးကြီးသည် အေးစက်သည့် မျက်လုံးအကြည့်များနှင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ လက်ဝါးထက်တွင် ရှေးဆန်ပြီး ကြီးမားလွန်းလှသည့် ကြေးအိုးကြီးတစ်ခုက ချာချာလည်လျက် ရှိနေပြီး ကောင်းကင်ယံပေါ်သို့ လွင့်တက်လာခဲ့သည်။
ဘုန်း ဘုန်း
ထိုကြေးအိုးကြီးသည် သုံးဆယ့်ခြောက်ပေခန့်ရှည်သည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အဘိုးကြီး၏ ခေါင်းထက်တွင် ချာချာလည်နေ၏။ အသူရာနဂါး ကိုးဆယ့်ကိုးကောင်တို့သည် ထိုနေရာတွင် လိမ်ယှက်လျက် ရှိနေပြီး နဂါးအော်သံများကို ထုတ်ဖော်နေ၏။
ထိုလက်နက် ပေါ်လာသည်နှင့်တပြိုင်နက် မိုင်သန်းနှင့်ချီ အကွာအဝေးတွင် ရှိနေသည့် စိတ်ဝိညာဉ် စွမ်းအင်အားလုံးသည် ခြောက်ခမ်းသွားခဲ့လေ၏။ အသူရာနဂါး ကြေးအိုးကြီးဆီမှ အမဲရောင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့ကြပြီး ကြယ်တာရာလိုက်ကာကြီးကဲ့သို့ပင် အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
အသူရာဖီးနစ်ကလန် တစ်ခုလုံးသည် နေ့ခင်းဘက် ရောက်နေသည် ဆိုလျှင်တောင်မှ ညဘက်အဖြစ်သို့ ပြောင်းလဲသွား၏။
“အင်.. အင်ပါရီယာလက်နက်” အသူရာဖီးနစ်ကလန်မှ တတိယ အကြီးအကဲ၏ မျက်နှာသည် ဖြူလျော် သွားခဲ့လေ၏။ သူသည် အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။ လက်ရှိအခြေအနေမှာတော့ သူ၏ အသံတစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ထိုအသံသည် ဘိုးဘေးနယ်မြေ တစ်ခုလုံး၌ ပဲ့တင်ထပ်လျက် ရှိနေလေသည်။