← Chapters

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း(၇၃၆)

"ညီလေးကျန်း သတိထား.. ဒါက အသက်စွမ်းအင် အချုပ်အနှောင်ပဲ"

အစောပိုင်းက ကျန်းချန်ထုတ်ဖော်ခဲ့သည့် အင်အားကြောင့် အလွန်အမင်း ကြောက်ရွံ့သွားသော ကျောက်ယွိလုံသည် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။

သူက ကျောယွင်ဖန် ထုတ်ဖော်လိုက်သော စွမ်းအားကို မြင်သည်နှင့် ကျန်းချန်ကို အော်ဟစ်၍ သတိပေးလိုက်၏။

"အသက်စွမ်းအင် အချုပ်အနှောင်ဆိုတာ ဒါလား"

ကျန်းချန်က သူ့ပတ်ဝန်းကျင်မှ အပြာရောင် အသက်စွမ်းအင်ထဲတွင် ပါဝင်သော မှော်စွမ်းအားကို ခံစားရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

အသက်စွမ်းအင် အချုပ်အနှောင်။

ဤသည်က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်သော စွမ်းရည် ဖြစ်သည်။

သိုင်းသခင်နယ်ပယ် အဆင့်သို့ရောက်လျှင် အသက်စွမ်းအင်သည် ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်သည် အရည်အသွေးနှင့် ပမာဏအရ စွမ်းအင်သိပ်သည်ခြင်း ကျင့်ကြံသူများထက် တစ်ဆင့် ပိုမြင့်သွားခဲ့သည်။

ထို့အသက်စွမ်းအင်သည် သိုင်းသခင်နယ်ပယ် အဆင့်အောက်ရှိ ကျင့်ကြံသူ၏ အသက်စွမ်းအင်ကို အလွယ်တကူ ချုပ်နှောင်နိုင်စွမ်း ရှိ၏။

ဆိုရလျှင် သိုင်းသခင်နယ်ပယ်အဆင့် ပိုင်ဆိုင်သော အသက်စွမ်းအင်သည် သိုင်းသခင်နယ်ပယ် အဆင့်နှင့် စွမ်းအင်သိပ်သည်ခြင်း နယ်ပယ်အဆင့် တို့ကို မိုးနှင့်မြေလောက် ကွာခြားစေသော အရာပင် ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်များက လွဲလျှင် သာမန် စွမ်းအင်သိပ်သည်ခြင်း နယ်ပယ် နဝမအဆင့်အထွတ်အထိပ် ကျင့်ကြံသူပင် သိုင်းသခင်နယ်ပယ် အရှေ့၌ တုံ့ပြန် တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ထို့အပြင် သူ၏အရှေ့မှ ကျောယွင်ဖန်သည် သိုင်းသခင်နယ်ပယ်တစ်ပိုင်း အဆင့်တွင် ရှိ၍ ၎င်း၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်တွင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ စွမ်းအင်အချို့ ပါဝင်နေသည်မှာ ထင်ရှားနေသည်။

"ကျောယွင်ဖန် ဒါက မင်းပြောတဲ့ သိုင်းသခင်နယ်ပယ်တစ်ပိုင်းအဆင့် အင်အားလား "

ကျန်းချန်က နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနဲ့ ယှဥ်ရင် မင်းလို သိုင်းသခင်နယ်ပယ်တစ်ပိုင်း အဆင့်ရဲ့ အသက်စွမ်းအင် အချုပ်အနှောင်က အများကြီး လိုပါသေးတယ်"

သာမန် စွမ်းအင်သိပ်သည်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူသည် သိုင်သခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အင်အားကို မယှဥ်နိုင်ပေ။

သို့သော်လည်း ကျန်းချန်သည် သာမန် စွမ်းအင်သိပ်သည်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ပေ။

သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်အရ ဆိုလျှင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ အစစ်အမှန် တစ်ယောက်ပင် အသက်စွမ်းအင် အချုပ်အနှောင်ဖြင့် သူ့ကို ချုပ်နိုင်ဖို့ မလွယ်ချေ။

ထို့အပြင် သူ၏ အရှေ့မှ ကျောယွင်ဖန်သည် သိုင်းသခင်နယ်ပယ်တစ်ပိုင်း အဆင့်သာ ဖြစ်သည်။

သို့ဖြစ်ရာ ကျောယွင်ဖန်၏ အသက်စွမ်းအင် အချုပ်အနှောင်သည် သူ့ကို မည်ကဲ့သို့ ချုပ်နှောင်နိုင်ပါအံ့နည်း။

"မင်းပြောတာမှန်တယ်.. ငါ့ရဲ့အင်အားက တကယ့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနဲ့ မယှဥ်သာဘူး.. ဒါပေမယ့် အဲဒီလို ဆိုရင်တောင် မင်းကို ဖြေရှင်းဖို့အတွက်တော့ လုံလောက်တယ်"

ကျောယွင်ဖန်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အလင်းရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

ထို့နောက်တွင် သူ့လက်ထဲမှ နက်မှောင်သော သံမဏိဓားရှည်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ရည်ရွယ်ကာ ခုတ်ချလိုက်သည်။

သူက သိုင်းသခင်နယ်ပယ်တစ်ပိုင်း အဆင့်ကို ရောက်ရှိခဲ့သော်လည်း အသက်စွမ်းအင် အချုပ်အနှောင်ဖြင့် ကျန်းချန်ကို ချုပ်နှောင်နိုင်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း သူ၏အသက်စွမ်းအင် အချုပ်အနှောင်မှ စွမ်းအားသည် ကျန်းချန်၏ အသက်စွမ်းအင်ကို အနည်းဆုံး ၂၀ရာခိုင်နှုန်းခန့် လျော့ချနိုင်မည် ဖြစ်၏။

ဤသို့ဖြင့် ကျန်းချန်၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအင်သည် အားနည်းသွားမည်မှာ သံသယဖြစ်စရာပင် မလိုပေ။

ဤကောင်လေးက အသက်စွမ်းအင်၂၀ ရာခိုင်နှုန်း လျော့ချခံရပြီးနောက်တွင် သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ကျောယွင်ဖန် မယုံကြည်ခဲ့ချေ။

သူ့ကို နောက်တစ်ဖန်တိုက်ခိုက်လာသည့် ကျောယွင်ဖန်ကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

"ဟားဟား ကျောယွင်ဖန်.. မင်းရဲ့ ဒီလှည့်ကွက်က တခြား စွမ်းအင်သိပ်သည်ခြင်း ကျင့်ကြံသူတွေ အတွက် အသုံးဝင်နိုင်ပေမယ့် ကံဆိုးစွာနဲ့ပဲ ငါ့အတွက်တော့ ဘာမှ အဓိပ္ပါယ်မရှိဘူး.. ဘာလို့လဲဆိုတော့ အသက်စွမ်းအင်ကို မသုံးဘဲ ငါက မင်းကို အနိုင်ယူနိုင်လို့ပဲ"

ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက် သူက မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ရာ ရွှေရောင်အရိပ် ၉၉ခုသည် သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို ထိုရွှေရောင် အရိပ်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့၏။

ထိုခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို သုံးပေအထိ မြင့်တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေကြောက်မက်ဖွယ်ကောင်းသော သွေးဖိအားတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

"တောင်တန်းနဲ့မြစ်များလှုပ်ခါစေ"

ကျန်းချန်က ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ်ကို ထုတ်ဖော်ကာ နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားကို လှုံ့ဆော်လိုက်ပြီး သူ့ထံသို့ သက်ရောက်လာသည့် နက်မှောင်သော သံဓားရှည်ကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ် လက်သီးအင်အားနှင့် ရင်ဆိုင်ရလျှင် ကျောယွင်ဖန်၏ လက်ထဲမှ နက်မှောင်သော သံဓားရှည်သည် ချက်ချင်းဆိုသလို တုန်ခါသွားခဲ့သည်။

ထို့နောက်တွင် ကျောယွင်ဖန်၏ ပုံရိပ်သည် ဓားမှတစ်ဆင့် ကူးစက်လာသော ကြောက်မက်ဖွယ် အင်အားကြောင့် အရှက်တကွဲ လွင့်ထွက်သွားခဲ့သည်။

အခန်း(၇၃၆)ပြီး၏။

အခန်း(၇၃၇)

"ဒီကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ "

ကျောယွင်ဖန်၏ ခန္ဓာကိုယ်သည် ပေအတော်ဝေးဝေးထိ လွင့်စင်သွားခဲ့သည်။

သူက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်ကို ထိန်းချုပ်လိုက်ပြီးနောက်တွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့သော အရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့၏။

ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ နှင့် သိုင်းပညာ နှစ်မျိုးလုံးကို လေ့ကျင့်ထားမှန်း ကျောယွင်ဖန် သိသော်လည်း ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ အင်အားက ဤမျှအထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်က ကျောယွင်ဖန်ကို လက်သီးဖြင့် နောက်ပြန် လွှင့်စင်စေပြီးနောက်တွင် အသက်ရှူဖို့ အခွင့်အရေးပင် မပေးခဲ့ချေ။

သူ၏ ရွှေရောင်လက်သီးက ရုတ်တရက် တုန်ခါသွားပြီး ကြီးမားသော လက်သီးအရိပ်တစ်ခု အဖြစ် ချက်ချင်း စုစည်းသွားခဲ့သည်။

"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ ဒုတိယတိုက်ကွက် ဟင်းလင်ပြင်ချိုးဖျက် "

ကျန်းချန်က လက်သီးတစ်လုံးကို ကျောယွင်ဖန် ဆီသို့ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။

"ဝုန်း"

ရွှေရောင်လက်သီး အရိပ်သည် ကြယ်တံခွန်ကဲ့သို့ ကျရောက်လာပြီး လွှမ်းမိုးနိုင်သော အင်အားတစ်ခုအဖြစ် ကျောယွင်ဖန်ဆီသို့ သက်ရောက်သွားခဲ့သည်။

ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကျန်းချန်၏ လက်သီးချက်ကို ကြည့်ရင်း ကျောယွင်ဖန်သည် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

လေထုကိုပင် ချိုးဖျက်နိုင်ပုံရသည့် ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရိပ်ကို ကြည့်ရင်း မတွန်းလှန်နိုင်သော ခံစားချက်တစ်ခုသည် ကျောယွင်ဖန်၏ နှလုံးသားထဲသို့ မသိစိတ်ကနေ ဝင်ရောက်လာခဲ့သည်။

"အရိပ်တစ်ရာ ဖြတ်တောက်စမ်း "

ကျောယွင်ဖန်က ကြုံးဝါးလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အပြာရောင်အလင်းသည် လေထဲသို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

ထိုအပြာရောင်အလင်းသည် လေထုထဲတွင် လှည့်ပတ်ကာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အပြာရောင် ဓားစွမ်းအင်တစ်ရာ အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် ထိုအပြာရောင် ဓားစွမ်းအင် တစ်ရာသည် ကျောယွင်ဖန်၏ ခေါင်းထက်တွင် စုဝေးသွားခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်၏ ကြီးမားသော ရွှေရောင်လက်သီးအရိပ်သည် ကျောယွင်ဖန် ဆီသို့ သက်ရောက်လာခဲ့၏။

"ဝုန်း"

ကျန်းချန်၏ ကြီးမားသော ရွှေရောင်လက်သီးရိပ်နှင့် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် အပြာရောင် ဓားစွမ်းအင်သည် အလွယ်တကူပင် ချေမှုန်းခံလိုက်ရသည်။

ကျောယွင်ဖန်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ပေအတော် ဝေးဝေးထိ လွှင့်စင်သွားခဲ့သည်။

ထိုအချိန်တွင် စစ်နတ်ဘုရားတစ်ပါးလို မာန်ပါပါ ရပ်နေသည့် ကျန်းချန်ကို ကြည့်ရင်း ကျောယွင်ဖန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်တစ်ယောက် အနေဖြင့် ကျောယွင်ဖန်သည် တစ်ခြားသူများကို အဆင့်ကျော်၍ တိုက်ခိုက်ခဲ့သော်လည်း တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပေ။

ယခုအခါတွင် ဤ ကျန်းချန်သည် သူ့ကို အဆင့်ကျော်၍ တိုက်ခိုက်ခဲ့ရုံသာမက အပြတ်အသတ်ပင် ရှုံးနိမ့်စေခဲ့သည်။

ဤကောင်လေး၏ တိုက်ပွဲဝင်စွမ်းအင်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။

ဆက်လက် တိုက်ခိုက်နေလျှင် သူ့အနေဖြင့် ဤကောင်လေး ၏ အသတ်ခံရမည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။

ကျောယွင်ဖန်က ကျန်းချန်ကို အကြောက်လန့်ကြီး ကြောက်ရွံ့လာခဲ့သည်။

ဤအချိန်တွင် ကျောယွင်ဖန်၌ ကျန်းချန်ကို ရင်ဆိုင်ရန် သတ္တိလုံး၀ မရှိတော့ပေ။

သူက သူ၏ စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ထိန်းချုပ်ကာ

လေလွင့်ခွေးတစ်ကောင် ကဲ့သို့ ကြောက်လန့်တကြားဖြင့် အဝေးသို့ ထွက်ပြေးသွားခဲ့၏။

ကျန်းချန်က ကျောယွင်ဖန်ကို လိုက်မဖမ်းခဲ့ပေ။

အဆုံးသတ်တွင် ကျောယွင်ဖန်သည် သိုင်းသခင်နယ်ပယ် တစ်ပိုင်းအဆင့် ခွန်အားကို ပိုင်ဆိုင်ထား၍ သတ်ဖြတ်ရန် ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။

ထိုအချက်ကို ထည့်မတွက်လျှင်ပင် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့်ပါရမီရှင် တစ်ယောက်အနေဖြင့် ကျောယွင်ဖန် ထံတွင် ရေနဂါးဂိုဏ်းမှ အကြီးအကဲများ ပေးအပ်ထားသည့် အသက်ကယ် ဝှက်ဖဲတစ်ခုခု ရှိကောင်းရှိနိုင်ပေသည်။

အကယ်၍ သူက ကျောယွင်ဖန်ကို ဤကတ်ကို သုံးရန် အတင်းအကြပ် ဖိအားပေးခဲ့လျှင် ပြဿနာများသွားနိုင်သည် မဟုတ်ပါလား။

တိုက်ပွဲကို အနီးကပ် ကြည့်ရှုနေသည့် ကျောက်ယွိလုံသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။

ကျန်းချန်၏ ပါရမီက အလွန် မွန်းစတားဆန်မှန်း ကျောက်ယွိလုံ သိသော်လည်း ဤမျှလောက်ထိ ကြောက်ရွံ့ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားမည်ဟု သူ မထင်ထားခဲ့ပေ။

ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့်ပါရမီရှင် ဖြစ်ပြီး သိုင်းသခင််နယ်ပယ် တစ်ပိုင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားသည့် ကျောယွင်ဖန်ပင် ကျန်းချန်၏ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။

ထိုထက် ကြောက်စရာကောင်းသော အရာမှာ ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်မှာသာ ရှိနေသေးခြင်း ဖြစ်သည်။

"စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်နဲ့ သိုင်းသခင်နယ်ပယ်တစ်ပိုင်း ဘုရင်အဆင့် ပါရမီရှင်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်လား"

"ဘုရင်အဆင့် ပါရမီရှင် မပြောနဲ့.. ကြယ်သုံးပွင့် အင်အားစုတွေရဲ့ အင်ပါယာ ပါရမီရှင်တွေတောင် ဒီထက် အင်အားကြီးမှာ မဟုတ်လောက်ဘူး.. ဒီကောင်လေးက သေချာပေါက် အင်ပါယာပါရမီရှင်နဲ့ နှိုင်းယှဥ်နိုင်တဲ့ ပါရမီရှင်ပဲ"

အခန်း(၇၃၇)ပြီး၏။

အခန်း(၇၃၈)

"ညီလေးကျန်း.. မင်းရဲ့အင်အားက ငါ့ကို တကယ်ပဲ ရှက်ရွံစေတယ်"

ကျောက်ယွိလုံသည် မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း အံ့သြသော အရိပ်အယောင်တစ်ခုသည် သူ၏ မျက်နှာထက်၌ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ဤကောင်လေးသည် စန်းလန် အဖွဲ့အစည်း၏ အပြင်ဘက်ဒေသရှိ အားအနည်းဆုံး ကျွန်းသုံးကျွန်းကနေ စန်းလန်အဖွဲ့အစည်း ထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

စန်းလန် အဖွဲ့အစည်းကို ရောက်ရှိလာပြီးကတည်းကပင် တောက်လျောက် တိုးတက်လာခဲ့ပြီး အဖွဲ့အစည်း တစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့၏။

လအနည်းငယ်အတွင်းမှာပင် ဤကောင်လေးသည် သူပင် မော့ကြည့်နေရသည့် အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။

သိထားရမည်မှာ ကျောယွင်ဖန်၏ အင်အားသည် ရေနဂါးဂိုဏ်းနှင့် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင် ငါးယောက်ထဲမှာပင် အင်အားအကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူသည် ကျန်းချန်၏ အပြတ်အသတ် အနိုင်ယူခြင်းကို ခံလိုက်ရ၏။

ကျန်းချန်၏ လက်ရှိတိုက်ပွဲဝင် စွမ်းရည်သည် နှစ်ဖက်စလုံးမှ ဘုရင်အဆင့် ပါရမီရှင်များကို ကျော်လွန်သွားပြိိီဟုပင် ဆိုနိုင်သည်။

ဤသည်မှာ စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကိုသာ ရောက်နေသေး၍ ဖြစ်၏။

အကယ်၍သာ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့လျှင် ၎င်းတို့အားလုံးသည် ကျန်းချန်၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံရလိမ့်မည် မဟုတ်ပါလား။

"ဒါက ကံကောင်းသွားလို့ပါ"

ကျန်းချန်က ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ရုတ်သိမ်းလိုက်ပြီးနောက်တွင် ကျောက်ယွိလုံကို ပြုံး၍ ပြောလိုက်သည်။

"အကိုကျောက် ကျွန်တော်တို့ ဒီကနေ ထွက်သွားကြရအောင် "

ကျောက်ယွိလုံ အလစ်ဝင်ရောက် တိုက်ခိုက်ခံရသည့် ဖြစ်စဥ်တွင် အရာအားလုံးသည် ထူးဆန်းနေပြီး အစီအစဥ်တကျ စီစဥ်ထားသည်ဟုပင် ထင်ရသည်။

ထို့ကြောင့် သူက ဤနေရာတွင် ကြာကြာမနေလိုခဲ့ပေ။

ယင်းအပြင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အစောပိုင်းက အသုံးပြုထားသောကြောင့် ခဏမျှ အားနည်းသွားခဲ့ရာ ဤနေရာကနေ အမြန်ထွက်ခွာမှ ရပေလိမ့်မည်။

"ကောင်းပြီ"

ကျောက်ယွိလုံက ခေါင်းညိမ့်လိုက်သည်။

ဤနေရာတွင် အချိန်အကြာကြီး မနေသင့်မှန်း သူက ကောင်းစွာ သိသောကြောင့် ကျန်းချန်နှင့်အတူ ဤနေရာကနေ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့၏။

ကျန်းချန်နှင့် ကျောယွင်ဖန်တို့ တိုက်ခိုက်နေချိန်တွင် သူတို့တိုက်ခိုက်နေသည့် နေရာနှင့် မိုင်ရာချီဝေးသော သစ်တောတွင် အနက်ရောင်ဝတ်စုံဝတ် စန်းယာသည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရပ်နေခဲ့သည်။

သူ၏ နောက်တွင် စန်းလန်အဖွဲ့အစည်း၏ တပည့် ဆယ်ယောက်ကျော်သည် စုဝေး၍ ရှိနေကြသည်။

စန်းလန်အဖွဲ့အစည်းမှ တပည့်များသည် ကျောက်ယွိလုံ၏ သတင်းပေးမှုကို လက်ခံရရှိပြီး ကျောက်ယွိလုံကို ကယ်တင်ရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော်လည်း သူတို့သည် လမ်းတစ်ဝက်မှာပင် စန်းယာ၏ တားဆီးခြင်းကို ခံခဲ့ရပြီး စန်းယာသည် သူတို့အားလုံးကို ဤနေရာတွင် စုဝေးစေခဲ့သည်။

"အကိုစန်း.. အကိုကျောက်ကို ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့်ပါရမီရှင်က တိုက်ခိုက်နေပြီ.. ငါတို့ အခုနေ သွားရင် အချိန်မီနိုင်သေးတယ်.. မဟုတ်ရင် နောက်ကျသွားမှာ စိုးရိမ်ရတယ်"

ကျောက်ယွိလုံနှင့် ဆက်ဆံရေးကောင်းသည့် စန်းလန်အဖွဲ့အစည်းမှ တစ်ယောက်သည် အဆုံးသတ်တွင် မနေနိုင်တော့ဘဲ စန်းယာကို ပြောလိုက်သည်။

သူ မူလက ထင်ထားခဲ့သည်မှာ စန်းယာသည် ကျောက်ယွိလုံကို ကယ်တင်ရန်အတွက် သူတို့ကို ဤနေရာတွင် စုရုံးစေသည်ဟူ၍ ဖြစ်သည်။

သို့သော်လည်း သူတို့ကို ဤနေရာတွင် စုရုံးစေပြီးနောက်တွင် စန်းယာသည် ဘာမှမလှုပ်ရှားဘဲ နေလိမ့်မည်ဟု မည်သူ သိနိုင်ပါအံ့နည်း။

"ငါက ကျောက်ယွိလုံကို မကယ်တင်ချင်တာ မဟုတ်ဘူး.. ဒါပေမဲ့ ငါအခုချိန်မှာ သေချာပေါက် မဆင်မခြင် မလုပ်နိုင်ဘူး ငါတို့တွေ လာကယ်နိုင်တယ်ဆိုတာ ရေနဂါးဂိုဏ်းက လူတွေ မသိဘဲမနေဘူး.. သူတို့တွေက ကျောက်ယွိလုံ ရှိနေတဲ့နေရာမှာ ထောင်ချောက်ဆင်ထားပြီးသား.. ဖြစ်နိုင်တယ် ငါတို့တွေ မဆင်မခြင်နဲ့ အရှေ့ကို တိုးဝင်သွားရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ ဘာမှကွာမှာ မဟုတ်ဘူး "

စန်းယာက လေးနက်သော အမူအရာဖြင့် ဟန်လုပ်ကာ ပြောလိုက်သည်။

"ငါ ရန်ဟောင်ကို အခြေအနေ စုံစမ်းခိုင်းထားပြီးပြီ...သူ့ဆီက သတင်းကို အရင်စောင့်လိုက်ကြရအောင်"

စန်းယာက ထိုစကားကိုပြောနေချိန်တွင် မျက်လုံးထဲ၌ ထူးဆန်းသော အရိပ်အယောင် တစ်ချို့ တောက်ပသွားခဲ့၏။

စန်းလန်အဖွဲ့အစည်း၏ တပည့်များကို သူက တမင်တကာ တားဆီးထားခဲ့သည်။

ထို့အပြင် ကျောယွင်ဖန်ကလည်း ကျောက်ယွိလုံ ပုန်းအောင်းနေသော နေရာတွင် ချုံခိုတိုက်ခိုက်ဖို့ စောင့်နေခဲ့၏။

ကျန်းချန် ထွက်ပေါ်လာသည်နှင့် ကျောယွင်ဖန်သည် သေချာပေါက် ကျန်းချန်ကို တိုက်ခိုက်လိုက်မည် ဖြစ်သည်။

ဆိုရလျှင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် ကျောက်ယွိလုံ နှင့် ကျန်းချန်သည် ကျောယွင်ဖန်၏ ပြိုင်ဘက် မဟုတ်ပေ။

သူ ရန်ဟောင်ကို အခြေအနေ စုံစမ်းခိုင်းခြင်းသည် ကျောယွင်ဖန်က ထိုနှစ်ယောက်ကို ရှင်းပစ်သည့် အခြေအနေအား သိချင်၍ ဖြစ်သည်။

အဆုံးသတ်တွင် ကျောက်ယွိလုံသည် အကြီးအကျယ် ရှုံးနိမ့်ခဲ့သော်လည်း အသက်ကယ်ဝှက်ဖဲတစ်ခု ရှိနေပါသေးသည်။

ထို့ကြောင့် ကျောက်ယွိလုံက သူ မသေခင် အသက်ကယ်ဝှက်ဖဲကို အသုံးပြုကာ ကျောယွင်ဖန်ကို တိုက်ခိုက်ခဲ့လျှင် ကျောယွင်ဖန်သည် မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားလိမ့်မည် ဖြစ်သည်။

ဤသို့ဖြင့် သူက သူ့နေရာသို့ ခြိမ်းခြောက်နေသည့် ကျန်းချန်နှင့် ကျောက်ယွိလုံကို ရှင်းပစ်နိုင်မည့်အပြင် အားနည်းနေသော ကျောယွင်ဖန်ကိုလည်း သတ်ပစ်နိုင်မည် မဟုတ်ပါလား။

ယင်းမှာ ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို ရှင်းပစ်နိုင်မည့် စန်းယာ၏ စစ်မှန်သော ရည်ရွယ်ချက်ဆိုလဲ မမှားပေ။

အခန်း(၇၃၈)ပြီး၏။

All Chapters