အခန်း (၇၃၉-၇၄၁)
Vol. 50 Ch. 739-741
အခန်း(၇၃၉)
စန်းယာက စန်းလန်အဖွဲ့အစည်း၏ တပည့်များကို ဤနေရာတွင် ဖိအားပေးကာ စုစည်းထားခဲ့ပြိိီး ရန်ဟောင်၏ သတင်းကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ရန်ဟောင်သည် သူ၏ သက်သေခံ တံဆိပ်ပြားကနေ အဆုံးသတ်၌ သတင်းကို လှမ်းပို့လိုက်၏။
ရန်ဟောင်ဆီမှ သတင်းကို လက်ခံရရှိပြီးသောအချိန်တွင် စန်းယာ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"အားလုံးပဲ ရန်ဟောင်ဆီက သတင်းရပြီ.. ကျောက်ယွိလုံကို ကျန်းချန် ကယ်တင်လိုက်ပြီ.. သူ့ကို ရှာချင်ရင်တော့ ကိုယ့်ဘာသာကိုယ်ဘဲ ဆက်သွယ်လိုက်ကြတော့ "
စကားဆုံးသည်နှင့် စန်းယာသည် အနက်ရောင်အရိပ် တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်နှင့် ကျောယွင်ဖန်တို့ တိုက်ခိုက်ခဲ့သည့် နေရာတွင် စန်းယာ၏ ပုံရိပ်သည် ပေါ်လာခဲ့သည်။
ထိုအခါ သူက တုန်လှုပ်ခြောက်ခြားနေသော မျက်နှာထားဖြင့် ရပ်နေသည့် ရန်ဟောင်ကို တွေ့လိုက်ရသည်။
"ရန်ဟောင် ဘာတွေဖြစ်နေတာလဲ.. ကျောယွင်ဖန်က ဘာလို့ ရှုံးနိမ့်သွားရတာလဲ "
စန်းယာက ရန်ဟောင်ကို စိတ်ဝင်တစား မေးလိုက်သည်။
သူ၏ ရှေ့တွင် ရောက်လာသည့် စန်းယာကို ကြည့်ကာ
အဆုံးသတ်တွင် ရန်ဟောင်သည် မှင်တက်နေရာကနေ ဖြေးညင်းစွာ ပြန်လည် အသိဝင်လာခဲ့သည်။
သူကအသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စန်းယာကို တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။
"အကိုစန်းယာ.. ကျန်း.. ကျန်းချန်က ကျောယွင်ဖန်ကို အနိုင်ယူလိုက်တယ် "
"ဘာ"
ရန်ဟောင်ဆီမှ သူ လုံးဝ မမျှော်လင့်ထားသော စကားကို ကြားလျှင် စန်းယာသည် တုန်လှုပ်သွားခဲ့သည်။
ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်ဖြစ်သည့် ကျောယွင်ဖန်သည် သိုင်းသခင်နယ်ပယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်၍ အလွန် အင်အားကြီးမားသည်ဟု ဆိုနိုင်၏။
ကျောယွင်ဖန်၏ တိုက်ပွဲဝင်စွမ်းရည် အရ ဤလေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် နံပါတ်တစ် ဟုပင် ဆို၍ရသည်။
သူ၏အင်အားကို အကုန်အစင် ထုတ်သုံး၍ ကျောယွင်ဖန်ကို တိုက်ခိုက်ခဲ့လျှင်ပင် အနိုင်ရဖို့ အလားအလာသည် ၄၀ ရာခိုင်နှုန်းထက် မပိုပေ။
ကျန်းချန်က အလွန်နတ်ဆိုးဆန်သော ပါရမီရှိသော်လည်း အဆုံးသတ်တွင် စန်းလန်အဖွဲ့အစည်းထဲကို ယခုမှသာ ဝင်ရောက်လာသည့် လူသစ်တစ်ယောက် ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်တွင်လည်း ကျောယွင်ဖန်နှင့် အတော်လေး ကွာဟနေခဲ့၏။
ထို့ကြောင့် ကျန်းချန်ဆိုသည့် ကောင်လေးက သူ့ထက် အင်အားပိုကြီးသည့် ကျောယွင်ဖန်ကို အနိုင်ယူနိုင်သည့် အင်အားမျိုး ရှိနေလိမ့်မည်ဟု စန်းယာ မယုံကြည်နိုင်ခဲ့ပေ။
"ဒါက နည်းနည်းမယုံနိုင်စရာကောင်းပေမဲ့ အမှန်တရားပဲ အကိုစန်းယာ.. ရေနဂါးဂိုဏ်းက ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန်ကို ကျန်းချန်က တကယ်ပဲ အနိုင်ရခဲ့တယ်"
ရန်ဟောင်က ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ခဏမျှ တုန့်ဆိုင်းနေပြီးမှ စန်းယာကို သတိပေးလိုက်သည်။
"အကိုစန်းယာ အဲဒီကောင်လေး ကျန်းချန်က အရမ်း ပါရမီရှိတယ်.. ကျွန်တော်တို့ကိစ္စကို ဒီနေရာမှာပဲ ရပ်လိုက်ရင် ကောင်းမလား"
စန်းလန်အဖွဲ့အစည်းထဲ ဝင်ရောက်လာသည်မှာ ၂လ ၃လလောက်သာ ရှိသေးသော လူသစ်တစ်ယောက်သည် သိုင်းသခင် နယ်ပယ်တစ်ပိုင်း ဘုရင်အဆင့်ပါရမီရှင်ကို အနိုင်ယူနိုင်သည်အထိ ကြောက်မက်ဖွယ်ရာ တိုးတက်လာခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်နှုန်းသည် စန်းလန် အဖွဲ့အစည်း၏ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးပေ။
ဆိုရလျှင် ဤကဲ့သို့ မွန်းစတားမျိုးသည် သူတို့ မည်သည့် နည်းနှင့်မျှ စော်ကားနိုင်သည့်သူမျိုး မဟုတ်ချေ။
"မင်းက ငါတို့အနေနဲ့ နောက်ဆုတ်လို့ ရဦးမယ် ထင်နေတာလား.. ဒီတစ်ခေါက် ငါတို့ရဲ့အစီအစဥ်က သိပ်ထင်ပေါ်လွန်းတယ်.. ဒါ့ကြောင့် သိပ်မကြာခင်မှာပဲ ကျောက်ယွိလုံနဲ့ ကျန်းချန်တို့က ငါတို့ရဲ့ လှည့်ကွက်ကို ရိပ်မိသွားကြလိမ့်မယ်.. ငါကဒီနေရာမှာပဲ ရပ်လိုက်ဖို့ ဆန္ဒရှိရင်တောင် သူတို့ကတော့ ဆန္ဒရှိမှာ မဟုတ်ဘူး "
စန်းယာက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
ဤတစ်ခေါက် အစီအစဥ်က အလွန်တစ်ရာ ချောမွေ့၍ ကျောက်ယွိလုံနှင့် ကျန်းချန်တို့ နှစ်ယောက်လုံး သေချာပေါက် သေရမည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ကျောယွင်ဖန်ကို အနိုင်ယူလိမ့်မည်ဟု အိပ်မက်ထဲမှာပင် သူလုံး၀ မတွေးမိခဲ့ပေ။
ယခုအခါတွင် သူ၏ အစီအစဥ်က ပျက်စီးသွားခဲ့ချေပြီ။
ကျောက်ယွိလုံနှင့် ကျန်းချန်တို့က အသက်ရှင်နေသေး၍ သိပ်မကြာခင်မှာပင် လျှို့ဝှက်ကြံစည်မှုတွင် သူပူးပေါင်းပါဝင်နေသည်ကို သိသွားမည်မှာ သေချာသလောက်ပင်။
ထိုနှစ်ယောက်သာ ပူးပေါင်းပြီး သူ့ကို ရင်ဆိုင်ခဲ့လျှင် သူ့အနေဖြင့် အလွန် အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလား။
ရန်ဟောင်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ စန်းယာကို မေးလိုက်သည်။
"ဒါဆို အကိုစန်းယာမှာ ဘယ်လိုအစီအစဥ်ရှိလဲ ကျွန်တော် သိပါရစေ"
"အခုချိန်မှာ သူတို့နှစ်ယောက်ကို ငါဘာမှ မလုပ်နိုင်ဘူး.. အရင်ဆုံး ဆုတ်ခွာပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားမယ်.. လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ငါအရင်းအမြစ်တွေ အများကြီး စုဆောင်းထားပြီးပြီ.. ဒါက ငါ့အတွက် သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်ဖို့ လုံလောက်မယ်လို့ ငါထင်တယ်.. ငါသိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်နိုင်သ၍ သူတို့နှစ်ယောက်က သဂြိုလ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး "
စကားဆုံးသည်နှင့် စန်းယာသည် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၇၃၉)ပြီး၏။
အခန်း(၇၄၀)
ကျန်းချန်က ကျောယွင်ဖန်ကို အနိုင်ယူပြီးနောက်တွင် ကျောက်ယွိလုံကို လျှို့ဝှက်ချိုင့်ဝှမ်း တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် သူက ချိုင့်ဝှမ်း၏ အပေါက်တွင် ပဥ္စမအဆင့် အကာအကွယ် အစီအရင် တစ်ခုကို စီရင်လိုက်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ကနေ အားနည်းသော ခံစားချက်တစ်ခုကို သူခံစားလိုက်ရ၏။
ဤသည်မှာ တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြုပြီးနောက်တွင် ဖြစ်ပေါ်တတ်သည့် အခြေအနေမှန်း ကျန်းချန်သိသောကြောင့် ပြန်လည်သက်သာလာရန် အတွက် ချိုင့်ဝှမ်းထဲတွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။
ကျောက်ယွိလုံကလည်း သူ့အနားတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ပဥ္စမအဆင့် ဆေးလုံးတစ်လုံးကို မျိုချကာ ဒဏ်ရာများကိုစတင်ကုသခဲ့သည်။
နှစ်နာရီမျှကြာပြီးနောက်တွင် ကျန်းချန်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်၏ အားနည်းသော ကာလကို ကျော်လွန်သွားခဲ့ပြီးသူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည် ရရှိသွားခဲ့သည်။
သူက ဒဏ်ရာကုသနေသည့် ကျောက်ယွိလုံကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို စဥ်းစားမိသွားပြီး သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားသော.ပစ္စည်းများကို အပြင်သို့ ထုတ်ယူလိုက်သည်။
ထိုပစ္စည်းများသည် ရေနဂါးဂိုဏ်းမှ တပည့်လေးယောက်ကိုသတ်ပြီး စုဆောင်းထားသော အရင်းအမြစ်များ ဖြစ်၏။
ရေနဂါးဂိုဏ်းမှ တပည့်များသည် လေပင်လယ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်၍ ၎င်းတို့အားလုံးသည် ရေနဂါးဂိုဏ်း၏ အထွတ်အထိပ်ပါရမီရှင်များဖြစ်ကြသည်။
ထို့ကြောင့် သူတို့တွင် အရင်းအမြစ် ကြွယ်ဝစွာရှိ၏။
အထူးသဖြင့် စွမ်းအင်သိပ်သည်ခြင်း နမဝအဆင့်ရှိ ရွှေရောင်ဆံပင်နဲ့လူငယ်သည် မရေမတွက်နိုင်သော ရတနာများကိုပိုင်ဆိုင်ထားခဲ့သည်။
ကျန်းချန်က သူ၏ရှေ့မှ အရင်းအမြစ်များကို စီစစ်ပြီးနောက်တွင် ထိုအရင်းအမြစ်များဖြင့် အဆင့်မြင့်ဆေးလုံးအများအပြား သန့်စင်နိုင်သည်ကိုတွေ့လိုက်ရသည်။
ကျန်းချန်ကို အံ့အားအသင့်စေဆုံးအရာမှာ ထိုအရင်းအမြစ်များကို စုစည်းလိုက်သည့်အခါ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး အလုံးနှစ်ဆယ် သန့်စင်ရန် လုံလောက်နေခြင်း ဖြစ်၏။
"ငါ့ရဲ့ဓားဆန္ဒက ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိနေပြီ ဆိုတော့ တတိယအဆင့်ကို ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်.. အခု ငါက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး နှစ်ဆယ်ကို သန့်စင်လိုက်ရင် ငါ့ရဲ့ ဓားဆန္ဒက တတိယအဆင့်ကို တဟုန်ထိုး ချိုးဖျက်နိုင်မယ် ထင်တယ်"
ထိုအတွေးကို တွေးမိသည်နှင့် ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
သူက ချက်ချင်းဆိုသလို ဆေးမီးဖိုကို ထုတ်ယူကာ ဆေးလုံးကို စတင် သန့်စင်လိုက်၏။
ကျန်းချန်၏ လက်ရှိ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် အင်အားဖြင့်ဆိုလျှင် ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို သန့်စင်ရန်မှာ သဘာဝကျစွာပင် မခက်ခဲပေ။
ကျန်းချန်က ရှေးဟောင်း ဆေးလုံးသန့်စင်နည်းစနစ် ဖြစ်သည့် ခရမ်းရောင် ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုပြီး ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးနှစ်ဆယ်ကျော်ကို သန့်စင်ခဲ့သည်။
ဤသို့ဖြင့် နှစ်နာရီပင် မကြာလိုက်ဘဲ ဓားဆန္ဒ သိပ်သည်ခြင်း ဆေးလုံး နှစ်ဆယ့်သုံးလုံးကို ကျန်းချန်က သန့်စင်နိုင်ခဲ့၏။
ဆေးလုံးကို ရရှိသောအခါတွင် ကျန်းချန်သည် နှမြောနေခြင်းအလျင်းမရှိဘဲ ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ ပဲလှော်ဝါးသကဲ့သို့ ဝါးစားလိုက်သည်။
"ဒင်.. သင်က ဓါးဆန္ဒာသိပ်သည်းခြင်း ဆေးလုံး တစ်လုံးကို စားသုံးပြီး ဓါးဆန္ဒ အတွေ့အကြုံရမှတ် လေးထောင်ကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်.. သင်က ဓားဆန္ဒ သိပ်သည်းခြင်း ဆေးလုံး တစ်လုံးကို စားသုံးပြီး ဓားဆန္ဒ အတွေ့အကြုံရမှတ် လေးထောင်ကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်.. သင့်ရဲ့ ဓားဆန္ဒာက တတိယအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"
ဓားဆန္ဒ သိပ်သည်းခြင်းဆေးလုံး အလုံးနှစ်ဆယ်ကို ဆက်တိုက် စားသုံးပြီးနောက်တွင် ကျန်းချန်၏ ဓားဆန္ဒသည် အဆုံးသတ်တွင် တတိယအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။
"ဓားးဆန္ဒ တတိတယအဆင့်ကို နောက်ဆုံးတော့ ချိုးဖျက်နိုင်ခဲ့ပြီ"
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးသံကို ကြားပြီးနောက်တွင် ဆယ်ဆကျော် ပိုမို အားကောင်းလာသည့် သူ၏ အားကောင်းသော ဓားဆန္ဒကို ခံစားရင်း သူ၏ နှုတ်ခမ်းထောင့်သည်လေးကိုင်းသဏ္ဌာန် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ဤသည်က ဓားဆန္ဒ၏ စစ်မှန်သော အဓိပ္ပါယ်ကို တတိယအဆင့် နားလည်ခြင်းဖြစ်ပြီး သိုင်းသခင်နယ်ပယ်အဆင့်.ကျင့်ကြံသူအများအပြားပင် ထိုအဆင့်သို့ ရောက်ရန် လေ့ကျင့်ဖို့ ခက်ခဲ၏။
ထို့အပြင် စွမ်းအင် သိပ်သည်ခြင်းနယ်ပယ် အဆင့်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို တတိယအဆင့်အထိ နားလည်နိုင်သူများသည် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် ရှားပါးသော ပါရမီရှင်များ ဖြစ်သည်။
ဆိုရလျှင် ကိုယ်ခံပညာ၏ စစ်မှန်သော တတိယအဆင့်သည်သံသယကင်းစွာပင် အင်အားကြီးသော အရာ ဖြစ်သည်။
သူ၏ လက်ရှိအင်အားဖြင့် ကျောယွင်ဖန်ကိုသာ နောက်ထပ် ယှဥ်ဆိုင်ရလျှင် ကျန်းချန်သည် ဓားဆန္ဒ တတိယအဆင့် ခွန်အားဖြင့် အလွယ်တကူ သတ်ပစ်ရန် ယုံကြည်မှု ရှိလာ၏။
ကျန်းချန်က ဓားဆန္ဒတတိယအဆင့် ကို ချိုးဖျက်ပြီးနောက်တွင် ကျောက်ယွိလုံသည် ကုသမှု အခြေအနေကနေ အလျင်အမြန် သက်သာလာခဲ့သည်။
ကျန်းချန်က ဓားဆန္ဒတတိယအဆင့်ကို ချိုးဖျက်ပြီးနောက် ကျောက်ယွိလုံကလည်း ဒဏ်ရာကနေ အလျင်အမြန်သက်သာလာခဲ့ပြိီး ကျင့်ကြံရာကနေ မျက်စိကို ဖွင့်လိုက်သည်။
ထိုအခါ ကျန်းချန်က ကျောက်ယွိလုံကို လှမ်းကြည့်ကာ ပြုံး၍ မေးလိုက်၏။
"အစ်ကိုကျောက် ဒဏ်ရာကနေ သက်သာသွားပြီလား"
"ညီလေးကျန်းရဲ့ ကျေးဇူးက ကြိီးမားလွန်းလို့ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး"
ကျောက်ယွိလုံက ကျေးဇူးတင်စကား ပြောလိုက်သည်။
"အစ်ကိုကျောက် ဒီတစ်ခေါက် တိုက်ခိုက်ခံရတာ သွေးရိုးသားရိုး မဟုတ်ဘူး"
ထိုစကားကိုပြောပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။
"အခု ဒီအကြွေးကို ရှင်းဖို့အတွက် တရားခံကို ရှာဖွေဖို့အချိန်ရောက်ပြီ"
အခန်း(၇၄၀)ပြီး၏။
အခန်း(၇၄၁)
ကျန်းချန်၏ စကားကိုကြားလျှင် ကျောက်ယွိလုံသည် ချက်ချင်းပင် အတွေးနက်သွားခဲ့သည်။
အစပိုင်းတွင် သူအလစ် တိုက်ခိုက်ခံရသည်ကို ကျောက်ယွိလုံသည် သိပ်မစဥ်းစားမိခဲ့ပေ။
သို့သော် ယခု အသေအချာ စဥ်းစားကြည့်လိုက်လျှင် ဖြစ်စဥ်တစ်ခုလုံးသည် သူတို့ကို ရှင်းပစ်ရန် အတွက် ပူးပေါင်းကြံစည်မှု ဖြစ်နိုင်၏။
သူက ကျောယွင်ဖန် တို့၏ တိုက်ခိုက်မှုကို မခံရခင် ရေနဂါးဂိုဏ်း၏ တပည့် မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။
သူတွေ့ခဲ့သည့် တစ်ဦးတည်းသောသူမှာ စန်းယာသာ ဖြစ်သည်။
တစ်နည်းဆိုရလျှင် စန်းယာက လွဲ၍ သူ၏ တည်နေရာကို အတိအကျ မည်သူမှမသိပေ။
နောက်ပိုင်းတွင် သူက စန်းလန် အဖွဲ့အစည်း၏ တပည့်အားလုံးဆီသို့ အကူအညီတောင်းသည့် သတင်းစကား ပေးပို့ခဲ့သော်လည်း ကျန်းချန်တစ်ယောက်သာ ရောက်လာခဲ့သော
ကြောင့် တစ်စုံတစ်ရာ ထူးဆန်းနေသလို ခံစားခဲ့ရသည်။
သိထားရမည်မှာ စန်းလန်အဖွဲ့အစည်းတွင် ဘုရင်အဆင့်ပါရမီရှင်က နှစ်ယောက်ဖြစ်၍ စန်းလန်အဖွဲ့အစည်းတွင် သူ၏ အင်အားသည် စန်းယာလောက် မကြီးမားလျှင်ပင် သူ့ကို
ထောက်ခံသည့် ကျင့်ကြံသူအများအပြား ရှိပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ တားဆီးမထားလျှင် စန်းလန်အဖွဲ့အစည်း၏ တပည့်များသည် သူ့ကို အကူအညီပေးရန် မလာစရာ အကြောင်း မရှိပေ။
စန်းလန်အဖွဲ့အစည်း၏ တပည့်များကို တားဆီးနိုင်သောအင်အားသည် စန်းလန်အဖွဲ့အစည်း တစ်ခုလုံးတွင် စန်းယာမှလွဲ၍ မည်သူ့ထံတွင် ရှိနိုင်ပါအံ့နည်း။
၎င်းက ကျောယွင်ဖန်၏ တည်နေရာကို ဖော်ကောင်လုပ်ပြီး လျှို့ဝှက် တိုက်ခိုက်စေကာ ပြင်းထန်သည့် ဒဏ်ရာများကို ရရှိစေခဲ့သည်။
ထို့နောက်တွင် ကယ်တင်ဖို့လာသည့် စန်းလန်အဖွဲ့အစည်းမှ တပည့်များကို တားဆီးရန် လုပ်ဆောင်ခဲ့ပြီး ကျန်းချန် တစ်ယောက်ကိုသာ လာခွင့်ပြုခဲ့သည်။
စန်းယာ၏ အစီအရင်သည် ကျောယွင်ဖန်၏ လက်ကို အသုံးချပြီး သူနှင့် ကျန်းချန်ကို တစ်ပြိုင်နက်တည်း ရှင်းထုတ်ရန် စီစဥ်ထားမှန်း ထင်ရှားနေ၏။
"မေဘေး စန်းယာ ဆိုတဲ့ကောင်ကို စာရင်းရှင်းကို ရှင်းရမယ်"
ကျောက်ယွိလုံ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ဤတစ်ခေါက်တွင် စန်းယာနှင့် ရေနဂါးဂိုဏ်းမှ ကျောယွင်ဖန်တို့သည် ပူးပေါင်းကြံစည်ပြီး သူတို့ကို လုပ်ကြံခဲ့ကြသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကသာ ကျောယွင်ဖန်ကိုစိတ်ကူးမယဥ်နိုင်လောက်သည်အထိ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့လျှင် သူတို့နှစ်ယောက်လုံးသည် အမှန်တကယ်ပင် ကျောယွင်ဖန် လက်ထဲတွင် သဂြိုလ်ခံရမည်မှာ သေချာသလောက် ဖြစ်၏။
ကျောယွိလုံက သူ၏ သက်သေခံတံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ထို့နောက် သူ၏ နောက်လိုက်အချို့ကို သတင်းစကားပို့ဖို့ ပြင်နေစဥ်မှာပင် သတင်းစကား တစ်ခုသည် သူ့ထံသို့ အရင်ရောက်ရှိလာခဲ့သည်။
ထိုစကားကို လက်ခံရရှိပြီးနောက်တွင် ကျောက်ယွိလုံသည် စိတ်လှုပ်ရှားသွားခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ကျန်းချန်ကို မျက်နှာချင်းဆိုင်ကာ တည်ကြည်စွာ ပြောလိုက်သည်။
"ညီလေးကျန်း.. စန်းယာကို ဖြေရှင်းဖို့ ခဏလောက် ရပ်ထားရအောင်"
"ဘာဖြစ်လို့လဲ အကိုကျောက်"
ကျန်းချန်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။
ကျောက်ယွိလုံက ဖြည်းညှင်းစွာ ပြန်ဖြေလိုက်၏။
"ဥက္ကာခဲကျောင်းဆောင် ပေါ်ထွက်လာပြီ.."
ကျောက်ယွိလုံ၏ စကားကိုကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားသွားခဲ့ပြီး သူ၏စိတ်ကို အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ဥက္ကာခဲကျောင်းဆောင်သည် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ အံ့ဖွယ်အကောင်းဆုံး နေရာများထဲက တစ်ခု ဖြစ်သည်။
ဥက္ကာခဲကျောင်းဆောင်၏ တည်နေရာသည် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ မြေပြင်ပေါ်တွင် မရှိပေ။
ဆိုရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်းတွင် ဥက္ကာခဲ ကျောင်းဆောင်သည် ကျပန်း ပေါ်ပေါက်လာခြင်း ဖြစ်၏။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာသည့်တပည့်အားလုံးသည် ဥက္ကာခဲကျောင်းဆောင် ဆီသို့ သွားပြီး ဥက္ကာခဲကျောင်းဆောင်၏ စမ်းသပ်မှုတွင် ပါဝင်နိုင်ကြသည်။
ဥက္ကာခဲ ကျောင်းဆောင်၏ စမ်းသပ်မှုကို အောင်မြင်လျှင် ကြွယ်ဝသော ဆုလာဘ်များအား ရရှိနိုင်၏။
ထို့အပြင် တန်ဖိုးအကြီးဆုံး ဆုလာဘ်များထဲမှ တစ်ခုမှာ အာကာသစွမ်းအင် ကျောက်တုံး ဖြစ်သည်။
စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့ ရရှိထားသောအာကာသစွမ်းအင် ကျောက်တုံးအများစုသည် လေပင်လယ်လျှို့ဝှက်နယ်မြေထဲရှိ ဥက္ကာခဲကျောင်းဆောင်ထံကနေ ရရှိခဲ့ခြင်း ဖြစ်၏။
ယခုအခါ ဥက္ကာခဲကျောင်းဆောင် ဆင်းသက်လာပြီ ဖြစ်၍ ကျန်းချန်သည် ဤအချိန်တွင် စန်းယာကို လက်စားချေရန် ခေတ္တ လျစ်လျူရှုထားခဲ့သည်။
အဆုံးသတ်တွင် ဤတစ်ခေါက် သူ လေပင်လယ် လျှို့ဝှက်နယ်မြေထဲ ဝင်လာသည့် အဓိက ရည်ရွယ်ချက်သည် အာကာသစွမ်းအင် ကျောက်တုံးအတွက်သာ ဖြစ်၏။
အာကသစွမ်းအင် ကျောက်တုံးကို ရှာဖွေသည့်ကိစ္စနှင့် နှိုင်းယှဥ်လျှင် စန်းယာကိုရှာပြီး လက်စားချေသည့် ကိစ္စသည် စကားထဲပင် ထည့်ပြောစရာ မဟုတ်ပေ။
ဆိုရလျှင် ကျန်းချန်အတွက် အာကာသစွမ်းအင်ကျောက်တုံးသည်သာ အရေးအကြီးဆုံး ဖြစ်၏။
"အကိုကျောက်.. အခု ဥက္ကာခဲကျောင်းဆောင် ထွက်ပေါ်လာပြီဆိုတော့ ကျွန်တော်တို့ အဲဒီကို သွားကြစို့"
ကျန်းချန်က တွေဝေမနေဘဲ ကျောက်ယွိလုံကို တိုက်ရိုက် ပြောလိုက်သည်။
"ကောင်းပြီ ညီလေးကျန်း"
ကျောက်ယွိလုံက ခေါင်းညိမ့်လိုက်ပြီး ကျန်းချန်ကို ဦးဆောင်၍ ခေါ်သွားခဲ့သည်။
အခန်း(၇၄၁)ပြီး၏။