အခန်း (၇၄၂-၇၄၄)
Vol. 50 Ch. 742-744
အခန်း(၇၄၂)
ဆယ်ငါးမိနစ်မျှ ကြာပြီးနောက်တွင် ကျန်းချန်နှင့် ကျောက်ယွိလုံတို့သည် စန်းလန်အဖွဲ့အစည်း၏ တပည့်များဆီမှ ရရှိသော သတင်းစကားအရ လေပင်လယ် လျှို့ဝှက်နယ်မြေ၏ အရှေ့ဘက်ခြမ်းရှိ တောင်တစ်လုံးဆီသို့ လိုက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားသော အပြာရောင် ကျောင်းဆောင်တစ်ခုသည် ကျန်းချန်တို့နှစ်ယောက်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
ထိုအပြာရောင်နန်းတော်က တောင်ထိပ်ရှိ တိမ်များ ကြားထဲတွင် တည်ရှိပြီး မှိန်ဖျော့သော အပြာရောင်အလင်းများ ဝန်းရံကာ ထာဝရပျက်စီးခြင်း၏ လျှို့ဝှက်ဆန်းကြယ်သော လေထုကို ထုတ်လွှတ်နေခဲ့သည်။
"ဒါက ဥက္ကာခဲ ကျောင်းဆောင်လား.."
ကျန်းချန်က လေဟာနယ်ထဲမှ အပြာရောင်နန်းတော်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ခု ပေါ်လာခဲ့၏။
"ဟုတ်တယ်.. ဒါက ဥက္ကာခဲကျောင်းဆောင်ပဲ.. ဒီ လေပင်လယ် လျှို့ဝှက်နယ်မြေက ရှေးခေတ်က အင်အားကြီးမားသူ တစ်ယောက်ဖြစ်တဲ့ ဥက္ကာခဲ ဓားအင်ပါယာ ချန်ထားခဲ့တဲ့ နယ်မြေလို့လည်း ဆိုကြတယ်.. ပြောရရင် ဒီဥက္ကာခဲကျောင်းဆောင်က ဥက္ကာခဲ ဓားအင်ပါယာရဲ့ အမွေဆက်ခံရာနေရာတစ်ခုပဲ.. မင်းသာ ဥက္ကာခဲကျောင်းဆောင်ရဲ့စမ်းသပ်မှုကို အောင်မြင်ရင် ဥက္ကာခဲဓားအင်ပါယာရဲ့အမွေအနှစ်ကို ရရှိနိုင်တယ်"
ကျောက်ယွိလုံက လေထဲမှ အပြာရောင်နန်းတော်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ကျန်းချန်ကို ရှင်းပြလိုက်သည်။
ဥက္ကာခဲဓားအင်ပါယာ။
၎င်းက လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်တွင် လူသိများ ကျော်ကြားသော နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူဖြစ်သည်။
သူ၏ အမွေအနှစ်သည် ဤကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော သိုင်းပညာရှင်များ အတွက် အိပ်မက်မက်သည့်အရာ ဖြစ်မည်မှာ သေချာ၏။
နှစ်ယောက်သားက လေထုထဲရှိ ဥက္ကာခဲကျောင်းဆောင်ကို လှမ်းကြည့်နေစဥ်မှာပင် ဥက္ကာခဲကျောင်းဆောင်၏ အောက်ဘက်ကနေ ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် သူတို့ရှေ့ရှိ တောင်တန်းဆီကနေ စန်းလန်အဖွဲ့အစည်း၏ တပည့်ဆယ်ယောက်ကျော်သည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြ၏။
ဤစန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးသည် အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ဟုန်ကွမ်း ဟုခေါ်သည့် ကြယ်တစ်ရာဘုရင်တစ်ပါး ဆိုလျှင် နှုတ်ခမ်းထောင့်၌ သွေးစွန်းနေပြီး မျက်နှာတစ်ခုလုံးလည်း အလွန်တစ်ရာပင် ဖြူဖျော့နေခဲ့သည်။
"အကိုကျောက် ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပေါ့.."
တောင်အပြင်ဘက်တွင် ပေါ်လာသည့် ကျောက်ယွိလုံတို့ နှစ်ယောက်ကို မြင်လျှင် ဟုန်ကွမ်းနှင့် တခြားသူများ၏ မျက်နှာထက်တွင် အဆုံးသတ်၌ ပျော်ရွှင်သည့် အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
"ဟုန်ကွမ်း.. ဒါဘယ်လို ဖြစ်ရတာလဲ.."
ဟုန်ကွမ်းတို့၏ ပုံစံကိုမြင်လျှင် ကျောက်ယွိလုံသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"အကိုကျောက်.. ရေနဂါးဂိုဏ်းရဲ့ တပည့်တွေက အရမ်း လူပါးဝတယ်.. သူတို့က ဥက္ကာခဲကျောင်းဆောင် တစ်ခုလုံးကို အတင်းအဓမ္မ သိမ်းပိုက်ချင်နေကြတယ်.. ကျွန်တော်တို့တွေ ဝင်ဝင်ချင်းမှာပဲ နှင်ထုတ်ခံလိုက်ရတဲ့အပြင် ကျွန်တော်တို့ထဲက နှစ်ယောက်ကိုပါ သူတို့က ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်"
ဟုန်ကွမ်းက ဒေါသတကြီး ပြောလိုက်သည်။
ဟုန်ကွမ်း၏ စကားကိုကြားလျှင် ကျောက်ယွိလုံသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ခေါင်းညိမ့်၍ ကျန်းချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ညီနောင်ကျန်း.. မင်းဘယ်လိုသဘောရလဲ.."
ရေနဂါးဂိုဏ်းမှ တပည့်များသည် စန်းလန် အဖွဲ့အစည်းမှတပည့်များထက် အင်အားပိုမိုကောင်းမွန်သည့် အပြင် စန်းလန်အဖွဲ့အစည်းထက် ဘုရင်အဆင့် ပါရမီရှင် တစ်ယောက် ပိုများ၏။
ရေနဂါးဂိုဏ်းသာ ဥက္ကာခဲကျောင်းဆောင်ကို အမှန်တကယ်သိမ်းပိုက်ပါက သူ နှင့် စန်းယာတို့ ပူးပေါင်းလျှင်ပင် ရေနဂါးဂိုဏ်းကို အသာရရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ထို့အပြင် လက်ရှိ အခြေအနေအရ သူ နှင့် စန်းယာသည် ပူးပေါင်းရန် လုံးဝမဖြစ်နိုင်ပေ။
ကျောက်ယွိလုံသည် စန်းယာ၏ အကြောင်းကို ကောင်းစွာသိသည်။
ထိုကောင်က ယခုအခါတွင် ကျန်းချန်ကို အလွန်ကြောက်ရွံ့နေမှာသေချာ၍ အလွယ်တကူ ပေါ်ပေါက်လာမည် မဟုတ်ပေ။
သို့သော်လည်း ကံကောင်းစွာဖြင့် သူ၏ဘေးတွင် ကျန်းချန်လို ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ရှိနေခဲ့သည်။
သို့မဟုတ်လျှင် ဤတစ်ခေါက် ဥက္ကာခဲကျောင်းဆောင် ပေါ်ထွက်လာသည့်တိုင် သူတို့ စန်းလန်အဖွဲ့အစည်းမှ တပည့်များသည် ထိုင်ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည် မဟုတ်ပါလား။
"ဘာမှစိုးရိမ်မနေနဲ့ အကိုကျောက်..ကျွန်တော်တို့ ဒဲ့ပဲ ရင်ဆိုင်ကြမယ်.. ရေနဂါးဂိုဏ်းရဲ့ တပည့်တွေက ဥက္ကာခဲကျောင်းဆောင်ကို သိမ်းပိုက်ချင်တယ်ဆိုရင် ကျွန်တော် သဘောတူလား ဆိုတာကို အရင်ဆုံးမေးမှရမယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီးနောက်တွင် တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
ဟုန်ကွမ်းက တောင်ထိပ်ဆီသို့ လျှောက်သွားသည့် ကျန်းချန်ကို လှမ်းကြည့်ကာ အံ့သြသွားခဲ့၏။
သူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ကျောက်ယွိလုံကို ပြောလိုက်သည်။
"အကိုကျောက်.. အဲဒီမှာ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့်ပါရမီရှင် သုံးယောက်လုံး ရှိနေကြတယ်.. အကိုစန်းယာကို စောင့်သင့်တယ်လို့ မထင်ဘူးလား"
"စောင့်မနေနဲ့.. အဲဒီကောင် စန်းယာ လာမှာမဟုတ်ဘူး.. မင်းတို့ ဥက္ကာခဲ ကျောင်းဆောင်ထဲ ဝင်ချင်ရင် ငါတို့ နောက်ကနေသာ လိုက်လာခဲ့"
ထိုစကားကို ပြောပြီးနောက်တွင် ကျောက်ယွိလုံ၏ ပုံရိပ်သည် တောင်ထိပ်ဆီသို့ အလျင်အမြန် ရွေ့လျားသွားခဲ့သည်။
"ကဲ.. ငါတို့လည်း အကိုကျောက်တို့ နောက်ကို လိုက်ကြစို့.."
ဟုန်ကွမ်းက တိတ်တဆိတ် အံကြိတ်လိုက်ပြီး စန်းလန်အဖွဲ့အစည်းမှ တပည့်ဆယ်ယောက်ကျော်နှင့် အတူ ချက်ချင်းပင် လိုက်သွားခဲ့သည်။
အခန်း(၇၄၂)ပြီး၏။
အခန်း(၇၄၃)
ကျန်းချန်နှင့် ကျောက်ယွိလုံတို့က ဟုန်ကွမ်းနှင့် စန်းလန်အဖွဲ့အစည်းမှ တပည့်ဆယ်ယောက်ကျော်ကို တောင်ထိပ်သို့ ခေါ်ဆောင်သွားချိန်တွင် တောင်ထိပ်ပေါ်၌ ရေနဂါးဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ် ပါရမီရှင်နှစ်ဆယ်၊ သုံးဆယ်မျှ စုရုံး၍ ရှိနေကြသည်။
ထိုလူငယ် ပါရမီရှင် အုပ်စုထဲတွင် ကြက်အုပ်စုထဲမှ ကြက်ဖကဲ့သို့ ထင်ရှားသည့် ပုံရိပ်သုံးခုသည် အရှေ့တွင် ရပ်နေခဲ့သည်။
ထိုသုံးယောက်ထဲမှ တစ်ယောက်မှာ ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန် ဖြစ်သည်။
သူ့ နံဘေးရှိ တခြားနှစ်ယောက်မှာ ရေနဂါးဂိုဏ်း၏ နောက်ထပ် ဘုရင်အဆင့်ပါရမီရှင် နှစ်ယောက်ဖြစ်သည့် ဝမ်ဖုန်း နှင့် လောရှင်းတို့ ဖြစ်သည်။
"ဝမ်ဖုန်း.. ဥက္ကာခဲကျောင်းဆောင်က မကြာခင် ဖွင့်တော့မယ်.. စန်းလန်အဖွဲ့အစည်းက လူတွေရဲ့အခြေအနေ ဘယ်လိုလဲ"
လေထုထဲတွင် တဖြည်းဖြည်းတုန်ခါစွာ ထွက်ပေါ်လာသည့်ဥက္ကာခဲကျောင်းဆောင်ကို လှမ်းကြည့်ရင်း ကျောယွင်ဖန်သည်ညာဘက်ရှိ ခန္ဓာကိုယ်ထွားကျိုင်းသည့် လူငယ်ကို ရုတ်တရက် ပြောလိုက်သည်။
"စန်းလန် အဖွဲ့အစည်းရဲ့ ဘုရင်အဆင့်ပါရမီရှင် နှစ်ယောက်အခုထိ ပေါ်မလာသေးပုံ ထောက်ရင် သူတို့ ဒီကိုလာဖို့ သတ္တိမရှိတော့ဘူး ထင်တယ်..ခုနက တောင်ပေါ်တက်လာတဲ့ အမှိုက်တချို့ကိုတော့ ငါဆုံးမပြီးပြီ"
ဝမ်ဖုန်းဟု ခေါ်သည့် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"စောင့်ကြည့်လိုက်.. ဒီတစ်ခေါက် ဥက္ကာခဲကျောင်းဆောင်မှာ စန်းလန်အဖွဲ့အစည်းက ဘာအစွမ်းမှ ပြနိုင်မှာမဟုတ်ဘူး.."
"ဝမ်ဖုန်း.. စန်းလန် အဖွဲ့အစည်းက မင်းထင်ထားသလောက် မရိုးရှင်းဘူး"
ထိုစကားကိုပြောရင်း ကျောယွင်ဖန်၏ နှလုံးသားက အနည်းငယ် လေးလံသွားခဲ့သည်။
စန်းလန်အဖွဲ့အစည်းတွင် ကြောက်စရာ အကောင်းဆုံးမှာ စန်းယာနှင့် ကျောက်ယွိလုံ ဟူသည့် ဘုရင်အဆင့်ပါရမီရှင် နှစ်ယောက် မဟုတ်ဘဲ ကျန်းချန်ဟုခေါ်သည့် ကောင်လေးမှန်း သူ့ထက် မည်သူမှ ပိုသိမည် မဟုတ်ပေ။
ထိုကောင်လေးသာ စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်နှင့် ပူးပေါင်းခဲ့လျှင် သူတို့ သုံးယောက်သည် အသာရနိုင်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ထိုကောင်လေးနှင့် စန်းယာသည် တစ်ယောက် နှင့် တစ်ယောက် မတည့်ကြ၍ လက်တွဲဖို့ အခွင့်အရေး အလွန်ပင် နည်းပါးသည်။
သို့မဟုတ်လျှင် ဥက္ကာခဲ ကျောင်းဆောင်အတွင်းရှိ တိုက်ပွဲသည် အနည်းငယ် ရှုပ်ထွေးသွားနိုင်ပေသည်။
"အကိုကျောက စန်းလန်အဖွဲ့အစည်းက လူတွေကို အရမ်း အထင်ကြီးနေတာပဲ.. စန်းလန်အဖွဲ့အစည်းရဲ့ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက် ရောက်လာတော့ရော ဘာဖြစ်လဲ.. သူတို့ တကယ်လာရဲရင် ငါတို့ သုံးယောက်ပေါင်းပြီး ရှင်းပစ်လိုက်ရုံပေါ့.. ဟုတ်တယ်မလား.."
ဝမ်ဖုန်းက မဲ့ပြုံးပြုံး၍ ဝင့်ကြွားစွာ ပြောလိုက်သည်။
သူက စန်းလန်အဖွဲ့အစည်းမှ တပည့်များကို ဂရုမစိုက်သည်မှာ ထင်ရှားနေ၏။
"ဝုန်း.."
သို့သော် ဝမ်ဖုန်း၏ စကားမဆုံးခင်မှာပင် တောင်အောက်ကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် တောင်အောက်ကနေ ပုံရိပ်နှစ်ခုသည် တောင်ပေါ်သို့ ပစ်ထုတ်ခံလိုက်ရပြီး အဆုံးသတ်၌ ဝမ်ဖုန်း၏ ခြေရင်းတွင် ဘုန်းခနဲ ကျရောက်သွားခဲ့သည်။
ထိုပုံရိပ်နှစ်ခုမှာ ဝမ်ဖုန်းက တောင်အောက်ရှိ အခြေအနေကို စနည်းနာရန် စေလွှတ်လိုက်သည့် ရေနဂါးဂိုဏ်းမှ ပါရမီရှင်နှစ်ယောက်ပင် ဖြစ်သည်။
"ဘယ်သူလဲ သတ္တိရှိရင် ထွက်လာစမ်း.."
သူ၏ခြေရင်းတွင် သေဆုံးနေသည့် ရေနဂါးဂိုဏ်းမှ ပါရမီရှင် နှစ်ယောက်ကို မြင်လျှင် ဝမ်ဖုန်း၏ အမူအရာသည် ချက်ချင်းပင်မှောင်မိုက်သွားခဲ့သည်။
ဝမ်ဖုန်း၏ ကြုံးဝါးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပုံရိပ်အချို့သည် တောင်အောက်ကနေ အလျင်အမြန် တက်လာခဲ့ကြသည်။
"ကျောက်ယွိလုံ"
ဝမ်ဖုန်းက တောင်ပေါ်ကို တက်လာသည့် ပုံရိပ်ဆယ်ခုကျော်ကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သူ၏ အကြည့်သည် ကျောက်ယွိလုံဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။
သူက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
"မင်းဒီကို လာရဲမယ်လို့ ငါ မထင်ထားဘူး"
"ဝမ်ဖုန်း.. ဒီဥက္ကာခဲ ကျောင်းဆောင်က မင်းတို့ ရေနဂါးဂိုဏ်းရဲ့ အပိုင် မဟုတ်ဘူး.. မင်းက ဥက္ကာခဲကျောင်းဆောင်ကို အတင်းအဓမ္မ သိမ်းပိုက်ချင်တယ်ဆိုတော့ ငါတို့ စန်းလန် အဖွဲ့အစည်းကို သောက်ဂရုမစိုက်ဘူး ဆိုတဲ့ သဘောပေါ့ဟုတ်လား"
ကျောက်ယွိလုံက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
"ဟားဟား..မင်းကို သောက်ဂရုမစိုက်တော့ရော ဘာဖြစ်လဲ"
ဝမ်ဖုန်းက ခနဲ့တဲ့တဲ့ ရယ်မောကာ ပြောလိုက်သည်။
"အခု ဒီမှာဘုရင်အဆင့် ပါရမီရှင်ဆိုလို့ မင်းတစ်ယောက်တည်း ရှိနေတာကို မမေ့နဲ့.. စန်းယာ ရှိနေရင်တောင် မင်းတို့ စန်းလန်အဖွဲ့အစည်းက ဥက္ကာခဲကျောင်းဆောင်ထဲ ဝင်ခွင့်ရမှာမဟုတ်ဘူး"
"ဟားဟား.. လေလုံးထွားလှချည်လား...ငါဥက္ကာခဲကျောင်းဆောင်ထဲကို ဒီနေ့ရအောင်ဝင်မယ်.. ကျောယွင်ဖန်တောင် ငါ့ကို တားဆီးနိုင်ခွင့် မရှိဘူး.. မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာလဲ"
ကျန်းချန်က အေးစက်စက်ပြုံး၍ ဝမ်ဖုန်းကို လှမ်းကြည့်လိုက်သည်။
သူ၏ သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေသော အသံသည် ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
"ဥက္ကာခဲ ကျောင်းဆောင်နဲ့ ပတ်သက်ပြီး ငါကျန်းချန် ဒီနေ့ဆုံးဖြတ်ချက် တစ်ခုချမယ်.. ငါ့ကို တားဆီးတဲ့သူတွေ အကုန်လုံး သေရမယ်.."
အခန်း(၇၄၃)ပြီး၏။
အခန်း(၇၄၄)
ကျန်းချန်၏ အေးစက်စက်စကားသံသည် တောင်တခွင်လုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
သူ၏အနောက်ရှိ စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင် ဆယ်ယောက်ကျော်ပင် လုံးဝ အံ့အားသင့်သွားခဲ့သည်။
"ဒီကောင် ဦးနှောက်များ ပျက်သွားတာလား"
ကျန်းချန်က အင်ပါယာခန်းမ၏ လူသစ်စံချိန်ကို ချိုးဖျက်ခဲ့သည့် ပြိုင်ဘက်ကင်းမွန်းစတား တစ်ယောက်မှန်း သူတို့ သိထားကြသည်။
သို့သော်လည်း လက်ရှိတွင် ကျန်းချန်သည် ဘုရင်အဆင့်ပါရမီရှင်ထဲတွင် မည်သူ့ကိုမှ မယှဥ်နိုင်သေးပေ။
ကျန်းချန်ကိုသာ နှစ်နှစ် ၊ သုံးနှစ်မျှ အချိန်ပေးလိုက်လျှင် စန်းလန်အဖွဲ့အစည်း၏ အတောက်ပဆုံး ဘုရင်အဆင့် ပါရမီရှင် ဖြစ်လာမည်မှာ သေချာ၏။
သို့သော်လည်း ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းထဲကို ယခုမှ ဝင်ရောက်လာသည့် လူသစ် တစ်ယောက်သာ ဖြစ်၏။
ထို့အပြင် ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ဝမ်ဖုန်းသည် ရေနဂါးဂိုဏ်း၏ နာမည်ကျော် ဘုရင်အဆင့် ပါရမီရှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ကြောက်မက်ဖွယ် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
သူတို့ စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့်ပါရမီရှင် ကျောက်ယွိလုံပင် ဝမ်ဖုန်းကို အနိုင်ယူရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ဝမ်ဖုန်းကို ထည့်မတွက်လျှင်ပင် ရေနဂါးဂိုဏ်း၏ တခြားဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်လည်း ဤနေရာတွင် ရှိနေသေးသည်။
သို့ဖြစ်ရာ ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်သုံးယောက်ကို ရင်ဆိုင်နေရသည့် ကျန်းချန်သည် ဤကဲ့သို့ စကားမျိုး ပြောထွက်ရန် မည်သည့်နေရာက သတ္တိရခဲ့မှန်း သူတို့ တကယ်ကို မတွေးနိုင်ခဲ့ပေ။
စန်းလန်အဖွဲ့အစည်း၏ တပည့်ဆယ်ယောက်ကျော် အံ့သြတုန်လှုပ်နေချိန်တွင် ဆန့်ကျင်ဘက်ရှိ ရေနဂါးဂိုဏ်းမှ တပည့်အဆင့် အုပ်စုသည်လည်း ကျန်းချန်၏ မောက်မာသော စကားများကြောင့် အံ့အားသင့်သွားခဲ့သည်။
မကြာခင်မှာပင် သူတို့အားလုံးသည် ကျန်းချန်ကို အရူးတစ်ယောက်လို လှမ်းကြည့်လိုက်ကြပြီး အော်ဟစ် လှောင်ရယ်လိုက်ကြသည်။
"ဒီကောင်က အပြင်ဘက်မှာတုန်းက စွန်းယွင်ကို လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူခဲ့တဲ့ ကောင်လေး မဟုတ်လား.. တော်တော် မောက်မာတာပဲ"
"ဟားဟား.. စွန်းယွင်ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တာနဲ့ပဲ ငါတို့အားလုံးက သူ့ကိုမယှဥ်နိုင်ဘူးလို့ ထင်နေတာလား မသိဘူး.. စီနီယာဝမ်ရဲ့ ရှေ့မှာတောင် ရိုင်းစိုင်းရဲတယ်.. သူက သူ့သေလမ်းကို သူ့ဘာသာသူရှာနေတာပဲ"
"............."
ကျန်းချန်၏ မောက်မာသောစကားကို ကြားလိုက်ရလျှင် ဝမ်ဖုန်းသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။
သူက ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့်ပါရမီရှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
ဤလေပင်လယ် လျှို့ဝှက်နယ်မြေတွင် သူ့ကို ယှဥ်ပြိုင်နိုင်သည့်သူ သုံးယောက်ထက် ပို၍ မရှိပေ။
ထိုကောင်လေးတွင် သူ့ကိုသတ်နိုင်သည့် အင်အား မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။
"ဟားဟား.. ကောင်လေး စကားကြီးစကားကျယ်တွေ လျောက်ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. ငါဝမ်ဖုန်း ဒီနေ့ဒီ နေရာမှာ ရှိနေသ၍ မင်းတို့ စန်းလန်အဖွဲ့ အစည်းက ဘယ်သူမှ ဥက္ကာခဲကျောင်းဆောင်ထဲကို ဝင်ဖို့မစဥ်းစားနဲ့"
ဝမ်ဖုန်းက ကျန်းချန်ကို ခပ်ပြုံးပြုံး လှမ်းကြည့်လိုက်သည်။
သူ၏ အမူအရာက အလွန်ပင် ဝင့်ကြွားနေခဲ့၏။
"မင်းငါ့ကို ဘယ်လိုသတ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်.. ကောင်းပြီလေ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. အမှန်အတိုင်း ပြောရရင် မင်းတို့ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်ဆိုတာ ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး.. မင်းကို သတ်ချင်တယ် ဆိုရင် ဓားကွက် တစ်ကွက်တည်းနဲ့တင် သတ်လို့ရတယ်"
ကျန်းချန်၏ စကား အဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ချက်ချင်းပင် လေထုထဲ၌ ပြည့်နှက်သွားပြီး ပတ်ဝန်းကျင်မှ လူတိုင်းကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။
"ဒါ.. ဒါက ဘယ်လိုဓားဆန္ဒမျိုးလဲဟ"
ဝမ်ဖုန်းက ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားခဲ့၏။
ကျန်းချန်က ဓားဆန္ဒတစ်ခုတည်းဖြင့်ပင် သူ့ကို မတွန်းလှန်နိုင်သည့် ခံစားချက်မျိုး ရရှိစေမည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။
ဓားဆန္ဒကို ထုတ်ဖော်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး သူ၏ မမြင်နိုင်သောဓားသည် လေထုကို ထိုးဖောက်ကာ သတိပေးချက် အလျင်းမရှိပဲ ဝမ်ဖုန်း၏ စိတ်ထဲကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ဝိညာဥ် တုန်ခါသွားပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မည်ဟု ခံစားရကာ တစ်ကိုယ်လုံးသည် ခေတ္တထိုင်းမှိုင်းသော အခြေအနေထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို့သို့ ဝမ်ဖုန်း ခေတ္တထိုင်းမှိုင်းနေသော အချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် ဝမ်ဖုန်း၏ ဘေးတွင် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လက်ထဲမှ သွေးနဂါးဓားဖြင့် ဝမ်ဖုန်း၏ လည်ပင်းကို ပွတ်ဆွဲလိုက်ရာ လှပသော သွေးအစင်းကြောင်းသည် ချက်ချင်းပင် ဝမ်ဖုန်း၏ လည်ပင်း၌ ထွက်ပေါ်လာခဲ့၏။
"မင်း.. မင်း.."
သူ၏အသက်စွမ်းအင် အလျင်အမြန် ကုန်ဆုံးသွားသည်ကို ခံစားမိရင်း ဝမ်ဖုန်းသည် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
အဆုံးသတ်တွင် ဝမ်ဖုန်းသည် ဘာစကားမှ မပြောနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့၏။
အခန်း(၇၄၄)ပြီး၏။