အခန်း (၇၄၅-၇၄၇)
Vol. 50 Ch. 745-747
အခန်း(၇၄၅)
သူတို့ရှေ့မှ မြင်ကွင်းသည် ပတ်ဝန်းကျင် တစ်ခုလုံးကို တိတ်ဆိတ် ငြိမ်သက်သွားစေခဲ့သည်။
စန်းလန်ဂိုဏ်း၏ တပည့်ဖြစ်စေ၊ ရေနဂါးဂိုဏ်း၏ တပည့် ဖြစ်စေ လူတိုင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်သည့်အံ့သြတုန်လှုပ်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
ဝမ်ဖုန်း။
၎င်းက ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားသောသူ ဖြစ်သည်။
သာမန် သိုင်းသခင်နယ်ပယ် အဆင့်တစ်ယောက်ပင် ဝမ်ဖုန်းကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်သည် ဓားကွက်တစ်ကွက်တည်းဖြင့် ဝမ်ဖုန်းကို အလွယ်တကူ အနိုင်ယူပြခဲ့သည်။
ကျန်းချန်၏ စွမ်းရည်က ဤမျှလောက်အထိ ကောင်းကင်ကိုပင် ဆန့်ကျင်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ်မှာ ရှိတဲ့ ဘုရင်အဆင့် ပါရမီရှင်ကို ဓားကွက်တစ်ကွက်တည်းနဲ့ သတ်ပစ်လိုက်တာလား.. ဒါက တကယ်ကို တုန်လှုပ် ခြောက်ခြားစရာပဲ.. ဒါက ဓားဆန္ဒ တတိယအဆင့်ပဲ.. ညီနောင်ကျန်းက တကယ်ကို မွန်းစတားပဲ.. သူရဲ့အင်အားက ကျောယွင်ဖန်နဲ့ တိုက်ခိုက်တုန်းကထက်တောင် အများကြီး ပိုအားကောင်းလာပြီ"
ကျောက်ယွိလုံသည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာယူ ခဲ့ရသည်။
ကျန်းချန်က အလွန်ပင် အင်အားကြီးပြီး ကျောယွင်ဖန်ကိုအနိုင်ယူနိုင်သည့် အင်အားရှိမှန်း ကျောက်ယွိလုံ သိထားပြီးသား ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ စွမ်းရည်က ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။
ကိုယ်ခံပညာ၏ စစ်မှန်သော တတိယအဆင့်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများအတွက်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခု ဖြစ်သည်။
ထို့ကြောင့်လည်း စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်အထွတ်အထိပ်မှာ ရှိသည့် ဘုရင်အဆင့် ပါရမီရှင် ဝမ်ဖုန်းသည် သူ၏ဓားချက်ကြောင့် ကူကယ်ရာမဲ့သွားခဲ့ရသည် မဟုတ်ပါလား။
"ဓားဆန္ဒတတိယအဆင့်.. ဒီကောင်က ဓားဆန္ဒ တတိယအဆင့်ကိုတောင် ချိုးဖျက်သွားခဲ့ပြီလား.."
သူ၏ဆန့်ကျင်ဘက်မှ ဓားကွက်တစ်ကွက်တည်းဖြင့် ဝမ်ဖုန်းကို သတ်ပစ်လိုက်သည့် ကျန်းချန်ကိုမြင်လျှင် ကျောယွင်ဖန်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ကို လှမ်းကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် မနာလိုသော အရိပ်အယောင်တစ်ခုပင် ရှိနေခဲ့၏။
နောက်ဆုံးအကြိမ်က ကျန်းချန်နှင့် တိုက်ခိုက်စဥ် သူသည် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ယခုကျန်းချန်က ဓားဆန္ဒ တတိယအဆင့်ကို ချိုးဖျက်သွားခဲ့ပြီဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
"အကိုကျော..ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ.."
ဝမ်ဖုန်းကို ကျန်းချန်က ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လျှင် ရေနဂါးဂိုဏ်း၏ တခြားဘုရင်အဆင့် ပါရမီရှင်ဖြစ်သော လောရှင်းသည် ထိတ်လန့်တကြား ဖြစ်ကာ အသံပင် တုန်ယင်နေခဲ့သည်။
ဆိုရလျှင် ဝမ်ဖုန်း၏ အင်အားသည် သူ့ထက် မနိမ့်ပေ။
ယင်းက စန်းလန်အဖွဲ့အစည်း၏ ကောင်လေးသည် ဓားတစ်ကွက်တည်းဖြင့် သူ့ကိုလည်း သတ်ပစ်နိုင်သည့် စွမ်းရည်ရှိသည်ဟု အဓိပ္ပါယ်ရသည် မဟုတ်ပါလော။
ကျောယွင်ဖန်က ကျန်းချန်ကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေခဲ့သည်။
ယခုအခါတွင် သူ့မျက်နှာက အလွန်ပင် အကျည်းတန်နေ၏။
ဤလေပင်လယ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် မယှဥ်နိုင်လောက်အောင်ပင် အားကောင်းလာခဲ့သည်။
အကယ်၍ ကျန်းချန်သာ ဥက္ကာခဲကျောင်းဆောင်ကို အတင်းအဓမ္မ သိမ်းပိုက်ချင်လျှင် သူတို့တွင် ယှဥ်နိုင်ဖို့အခွင့်အရေး မရှိချေ။
တောင်ပေါ်မှ လူတိုင်းသည် ကျန်းချန်က ဓားတစ်ကွက်တည်းဖြင့် ဝမ်ဖုန်းကို သတ်လိုက်သောကြောင့် အံ့သြတုန်လှုပ်နေသော အချိန်မှာပင် လေထဲရှိ ဥက္ကာခဲကျောင်းဆောင်ကနေ တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ဥက္ကာခဲကျောင်းဆောင်၏ ပတ်ဝန်းကျင်၌ မှိန်ဖျော့သော အပြာရောင်အလင်း နှင့် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်လှိုင်းများ ရှိနေသည်ကို အားလုံးက တွေ့လိုက်ရသည်။
"ဂျိမ်း"
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ဥက္ကာခဲကျောင်းဆောင်၏ အရှေ့ဘက်ရှိ ရှေးဟောင်း ကြေးတံခါးကြီးသည် အဆုံးသတ်တွင် ဖြည်းညင်းစွာ ပွင့်သွားခဲ့သည်။
ထို့နောက်တွင် ရှေးဟောင်း အရှိန်အဝါကို ထုတ်လွှတ်နေသည့် အပြာရောင် ကျောက်လမ်း တစ်ခုသည် လူတိုင်း၏ မြင်ကွင်းတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
"ဥက္ကာခဲကျောင်းဆောင် ဖွင့်ပြီ"
လေထုထဲမှ ဥက္ကာခဲကျောင်းဆောင်ကို လှမ်းကြည့်ရင်း တောင်ပေါ်ရှိ လူတိုင်း၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။
"ညီလေးကျန်း.. ဥက္ကာခဲကျောင်းဆောင်ဖွင့်ပြီ.. ဥက္ကာခဲကျောင်းဆောင် ဖွင့်တဲ့ ကြာချိန်က အရမ်းတိုတယ်လို့ ပြောကြတယ်.. ငါတို့ ဥက္ကာခဲကျောင်းဆောင် ထဲကို အရင်ဝင်ကြစို့"
ကျောက်ယွိလုံက ဥက္ကာခဲကျောင်းဆောင်၏ ပွင့်နေသော တံခါးကို လှမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိမ့်၍ ပြန်ပြောလိုက်သည်။
"သွားကြစို့ အကိုကျောက်.."
ဥက္ကာခဲကျောင်းဆောင် ဖွင့်ပြီ ဖြစ်၍ ကျန်းချန်သည် ကျောယွင်ဖန်နှင့် အခြား ရေနဂါးဂိုဏ်း၏ တပည့်များကို ဂရုစိုက်ရန် စိတ်မဝင်စားတော့ပေ။
သူက ချက်ချင်းဆိုသလို လေထဲသို့ ခုန်တက်ကာ ကျောက်ယွိလုံတို့ အုပ်စုကို ဦးဆောင်၍ အပြာရောင်ကျောက်လမ်း ဆီသို့ ပြေးဝင်သွားခဲ့သည်။
အခန်း(၇၄၅)ပြီး၏။
အခန်း(၇၄၆)
ကျန်းချန်နှင့် သူ့အဖွဲ့သည် ဥက္ကာခဲကျောင်းဆောင်၏ တံခါးကို ဖြတ်ကျော်ပြီး အနည်းငယ် မှောင်မိုက်သော နေရာတစ်ခုတွင် တိုက်ရိုက် ပေါ်လာခဲ့၏။
သူတို့၏ ခြေထောက်အောက်တွင် အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်သည့် အပြာရောင် ကျောက်လမ်းတစ်ခု ရှိနေသည်။
ထိုအပြာရောင် ကျောက်လမ်းသည် ဆယ်ပေလောက် ကျယ်ပြီး ဘေးနှစ်ဖက်စလုံးတွင် အဆုံးမဲ့ နက်ရှိုင်းသည့် ချောက်ကမ်းပါးများ ရှိကာ ချောက်ကမ်းပါးပေါ်တွင်လည်း ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေခဲ့၏။
ကျန်းချန်သည် ထိုလေပြင်းထဲမှ အန္တရာယ်ရှိသည့် အရှိန်အဝါကို ခံစားမိခဲ့သည်။
"ဒါ ဥက္ကာခဲကျောင်းဆောင်လား"
လူတိုင်းသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီး စိတ်လှုပ်ရှားနေကြသည်။
အစောပိုင်းက ရေနဂါးဂိုဏ်းသည် ဥက္ကာခဲကျောင်းဆောင်ကို အင်အားကြီးမားစွာ လွှမ်းမိုးထား၏။
ထို့ကြောင့် သူတို့အနေဖြင့် ဥက္ကာခဲ ကျောင်းဆောင်နှင့် ပတ်သက်၍ စိတ်ပင် မကူးရဲတော့ပေ။
သို့သော် ကျန်းချန်က ရေနဂါးဂိုဏ်းထက် ပိုပြီး အာဏာရှင်ဆန်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
၎င်းက ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်ကို ဓားတစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်ပြီး ရေနဂါးဂိုဏ်း၏ မျက်စိရှေ့မှာပင် သူတို့ကို ဦးဆောင်ကာ ဥက္ကာခဲကျောင်းဆောင်ထဲကို အရင်ဝင်လာခဲ့သည်။
ဥက္ကာခဲကျောင်းဆောင်သည် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ အကြီးမားဆုံး အခွင့်အလမ်း ဖြစ်မည်မှာ သေချာသည်။
ကျန်းချန်နှင့် တခြားသူများ ပတ်ဝန်းကျင်ကို လှမ်းကြည့်နေချိန်တွင် နောက်ထပ် လေတိုးသံများ ထွက်ပေါ်လာသည်။
သူတို့က ကျော်ယွင်ဖန် ဦးဆောင်သည့် ရေနဂါးဂိုဏ်းမှ တပည့်များ အပြာရောင် ကျောက်လမ်းပေါ်သို့ အလျင်အမြန် တက်လာသည်ကို တွေ့လိုက်ရ၏။
"ညီလေးကျန်း.. ကျောယွင်ဖန်တို့လည်း ဝင်လာပြီ"
ကျောက်ယွိလုံရဲ့ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ခု တောက်ပသွားသည်။
သူက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်၏။
"ငါတို့ သူတို့ကို အရင်ရှင်းလိုက်သင့်လား"
"ထားလိုက်ပါတော့.. သူတို့က လူအင်အားများပြီး အင်အားကြီးတယ်.. တကယ်တမ်း တိုက်ခိုက်ရင် ကျွန်တော်တို့ အသာစီးမရနိုင်ဘူး"
ကျန်းချန် ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
စန်းယာ ဦးဆောင်သည့် စန်းလန်အဖွဲ့အစည်းမှ လူများသည် ဤတစ်ခေါက်တွင် ဥက္ကာခဲကျောင်းဆောင်ကို မလာခဲ့ပေ။
ထို့ကြောင့် ဥက္ကာခဲကျောင်းဆောင်ထဲ ဝင်လာသည့် စန်းလန်တပည့် အရေအတွက်သည် ရေနဂါးဂိုဏ်း၏ တစ်ဝက်ပင် မရှိပေ။
ထိုအချက်ကို ထည့်မတွက်လျှင်ပင် သူတို့ရဲ့ အင်အားသည် ရေနဂါးဂိုဏ်း၏ တပည့်တွေလောက် မကောင်းချေ။
ယခုအခါ ကျန်းချန်အတွက် အရေးအကြီးဆုံး အချက်မှာ ဥက္ကာခဲကျောင်းဆောင်၏ စမ်းသပ်မှုကနေ အာကာသစွမ်းအင် ကျောက်တုံးကို ရယူရန် ဖြစ်သည်။
ကျန်းချန်က သူ၏ ခွန်အားကို ကျောယွင်ဖန်တို့ လူစု အပေါ်တွင် မဖြုန်းတီးချင်ခဲ့ပေ။
အတင်းအကြပ် ဖိအားပေး မခံရသ၍ ကျန်းချန်သည် ကျောယွင်ဖန် တို့ကို ဥက္ကာခဲ ကျောင်းဆောင်တွင် အလွယ်တကူ ဘာမှ မလုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။
"ဥက္ကာခဲ ကျောင်းဆောင်ရဲ့ စမ်းသပ်မှု ဖွင့်ပြီ.. ပထမအဆင့်ကတော့ နိဂုံးမဲ့လမ်းပဲ"
ကျန်းချန်က ကျောက်ယွိလုံနှင့် စကားပြောနေစဥ်မှာပင် လေထုထဲကနေ စက်ယန္တရားဆန်သည့် အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီနိဂုံးမဲ့လမ်းဆိုတာ ဘာများလဲ"
ထိုခဏတွင် သူတို့နောက်ကနေ မိုးခြိမ်းသံလို ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ကျန်းချန်နှင့် တခြားသူများ ရုတ်တရက် နောက်ကို လှည့်ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမ အရိပ် ဆယ်ချီသည် သူတို့ဆီသို့ ရန်လိုစွာ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဒါ...ဒါက ဘာကြီးလဲ"
လူတိုင်းသည် သူတို့နောက်မှ ဧရာမ အရိပ်များကို ငေးမောကြည့်ရင်း စိတ်နှလုံးသားများ တုန်လှုပ်သွားကြ၏။
ထိုသို့ လူတိုင်း အံ့အားသင့်နေသော အချိန်မှာပင် ဧရာမအရိပ်၏ ပုံသဏ္ဌာန်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ အလွန် မြင့်မားသည့် ထူးဆန်းသော ဧရာမ သားရဲ ဖြစ်၏။
ဧရာမ သားရဲ၏ ကြီးမားသော မျက်လုံးနှစ်လုံးသည် အေးစက်ကာ တစ်လက်လက် တောက်ပနေခဲ့သည်။
၎င်း၏ တစ်ကိုယ်လုံးကနေလည်း ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ထိုဧရာမသားရဲ၏ အရှိန်အဝါ ဖိအားအောက်တွင် ပတ်ဝန်းကျင်ရှိ အားနည်းသော လူအများအပြားသည် အသက်ရှူဖို့ပင် ခက်ခဲနေခဲ့သည်။
"ညီလေးကျန်း.. ဒါက ရှေးဟောင်း ကျမ်းစာတွေမှာ တွေ့ရတဲ့ သားရဲရုပ်သေးပဲ.. ဒီသားရဲရုပ်သေးက ဆဋ္ဌမအဆင့် မွန်းစတားသားရဲရဲ့ ခန္ဓာကိုယ်ကနေ သန့်စင်ထားတာပဲ"
ဧရာမ သားရဲ၏ ပုံသဏ္ဌာန်ကို မြင်လျှင် ကျောက်ယွိလုံ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ပြေး"
ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေဘဲ အပြာရောင်ကျောက်လမ်းအတိုင်း ရှေ့ကို ပြေးသွားခဲ့၏။
ဆဋ္ဌမအဆင့် သားရဲရုပ်သေးသည် ဆဋ္ဌမအဆင့် သားရဲနှင့် တန်းတူနီးပါး အစွမ်းရှိသည်။
ယင်းက သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်၏။
အကယ်၍ သားရဲရုပ်သေးက တစ်ကောင် သို့မဟုတ် နှစ်ကောင် ဆိုလျှင် သူတို့အနေဖြင့် ကိုင်တွယ်နိုင်သော်လည်း သူတို့ အနောက်တွင် ရှိနေသည်မှာ အရေအတွက် ဆယ်ချီ ဖြစ်သည်။
ကျန်းချန်နှင့် တခြားသူများ အတွက် ရှေ့ကို ဆက်လက် ပြေးမှသာ ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
အခန်း(၇၄၆) ပြီး၏
အခန်း(၇၄၇)
နိဂုံးမဲ့လမ်း။
ဤအချိန်တွင် စမ်းသပ်မှု၏ ပထမအဆင့်ဖြစ်သည့် နိဂုံးမဲ့လမ်း၏ အဓိပ္ပါယ်ကို ကျန်းချန် နားလည်သွားခဲ့သည်။
ယခုအခါတွင် သူတို့၏ ဘေးနှစ်ဖက်၌ အဆုံးမဲ့ နက်ရှိုင်းသည့် ချောက်ကမ်းပါး ရှိ၏။
ချောက်ကမ်းပါး ပေါ်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော လေပြင်းက တိုက်ခတ်နေသည်။
စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူပင် ထိုလေပြင်းနှင့် ရင်ဆိုင်ရလျှင် လွယ်လွယ်ကူကူ အသားစိုင်ဖြစ်သွားမည်ဟု ခန့်မှန်းရ၏။
လက်ရှိအချိန်တွင် သူတို့သည် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည့် သားရဲရုပ်သေး ဆယ်ကောင်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဆိုရလျှင် ဤအပြာရောင် ကျောက်လမ်းသည် အမှန်တကယ်ကို မရဏလမ်း ဖြစ်သည်။
ကျန်းချန်တို့အတွက် အခုအခါတွင် လုံးဝ ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က ဤသားရဲရုပ်သေးများ သူတို့နောက်ကို လိုက်မမီစေရန်အတွက် အပြာရောင် ကျောက်လမ်းပေါ်တွင် ရှေ့သို့ ဆက်လက် ပြေးရန်သာ တတ်နိုင်ခဲ့၏။
သို့မဟုတ်လျှင် အပြာရောင်ကျောက်လမ်းသည် သူတို့၏ သင်္ချိုင်း ဖြစ်သွားနိုင်ပေသည်။
"သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တဲ့ သားရဲရုပ်သေးဟ.. အားလုံး မြန်မြန် ပြေးကြ"
တခြားတစ်ဖက်မှ ကျောယွင်ဖန်၏ အမူအရာသည်လည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူက ရေနဂါးဂိုဏ်းမှ တပည့်အုပ်စုကို ဦးဆောင်ကာ ကျန်းချန်တို့ နောက်ကနေ အလျင်အမြန် ပြေးလိုက်လာခဲ့သည်။
ကျန်းချန်က အပြာရောင် ကျောက်လမ်းပေါ်တွင် လျင်မြန်စွာ ပြေးလွှားရင်း သူတို့နောက်မှ သားရဲရုပ်သေးကို လှမ်းအကဲခတ်လိုက်သည်။
ခဏအကြာတွင် ကျန်းချန်သည် တစ်စုံတစ်ရာကို တွေ့ရှိသွားပုံရ၏။
သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု တောက်ပသွားခဲ့၏။
ထို့နောက်တွင် သူ၏ အရှိန်အဟုန်သည် ဖြည်းဖြည်းချင်း အတော်လေး နှေးသွားခဲ့သည်။
ကျန်းချန် ရုတ်တရက် နှေးသွားသောကြောင့် သူ့နောက်မှ ကျောက်ယွိလုံနှင့် တခြားသူများကလည်း အံ့အားသင့်သွားကြ၏။
ကျောက်ယွိလုံက အံ့သြသော အမူအရာဖြင့် မေးလိုက်သည်။
"ညီလေးကျန်း.. မင်းဘာလို့ အရှိန်လျော့လိုက်တာလဲ.."
ယခုအခါတွင် ဆဋ္ဌမအဆင့် သားရဲရုပ်သေး ဆယ်ကောင်ကျော်သည် သူတို့နောက်ကို လိုက်နေသည်။
သူတို့ အရှေ့ဆုံးကနေ ပြေးနေသ၍ သူတို့နောက်တွင် ရေနဂါးဂိုဏ်း၏ တပည့်အုပ်စု ရှိနေလိမ့်မည် ဖြစ်၏။
သူတို့ နှေးသွားခဲ့လျှင် ရေနဂါးဂိုဏ်းက ကျော်တက်သွားပြီး သူတို့က ရေနဂါးဂိုဏ်း၏ စတေးခံ အနေအထားသို့ ရောက်ရှိသွားမည် မဟုတ်ပါလား။
"ဟားဟား.. ဒီစမ်းသပ်မှုရဲ့ ပထမအဆင့်ဖြစ်တဲ့ နိဂုံးမဲ့လမ်းက မြန်မြန်ပြေးရုံနဲ့ မရဘူး"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"အားလုံး ကျွန်တော့် နောက်ကနေ ပုံမှန်အရှိန်အဟုန်နဲ့ လိုက်လာခဲ့ပါ.. ဘာမှ မထိခိုက်စေရဘူးလို့ ကျွန်တော် ကတိပေးတယ်"
ကျန်းချန်နှင့် တခြားသူများ ရုတ်တရက် အရှိန်အဟုန် နှေးသွားသောကြောင့် ကျောယွင်ဖန်တို့ လူစုက အံ့အားသင့်သွား၏။
သို့သော် ကျောယွင်ဖန်တို့သည် ဤကိစ္စအတွက် အချိန်ကုန်ခံ၍ စဥ်းစားမနေခဲ့ပေ။
သူတို့က အင်အားအကုန်သုံးပြီး ပြေးလွှားခဲ့ကြရာ မကြာခင်မှာပင် ကျန်းချန်တို့ လူစုကို ကျော်တက်သွားပြီး အတော်ဝေးဝေးတွင် ပြတ်ကျန်အောင် လုပ်နိုင်ခဲ့သည်။
ကျန်းချန်က မနှေးမမြန် အရှိန်အဟုန်ဖြင့်သာ အပြာရောင်ကျောက်လမ်း အတိုင်း ဆက်ပြေးနေခဲ့သည်။
အလွန်မြန်ဆန်စွာပင် ကျောက်ယွိနှင့် တခြားသူများသည် ထူးဆန်းသော အချက်တစ်ခုကို သတိထားမိသွားကြ၏။
ကျန်းချန်က သူတို့ကို အရှိန်လျော့၍ ပြေးစေခဲ့သော်လည်း သူတို့နောက်မှ သားရဲရုပ်သေးများသည် ဘယ်တော့မှ သူတို့ကို မမီခဲ့ကြပေ။
အစကနေ အဆုံးထိ သူတို့အားလုံးသည် ထိုရုပ်သေးသားရဲများနှင့် ပေတစ်ရာနီးပါး အကွာအဝေးကို ထိန်းထားနိုင်ခဲ့၏။
"ညီလေးကျန်းက တကယ်ကို ဉာဏ်ကောင်းတာပဲ.. ဒီသားရဲရုပ်သေးရဲ့ အရှိန်အဟုန်က သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေထက် အများကြီး နှေးကွေးပုံရတယ်"
ကျောက်ယွိလုံက အံ့အားသင့်သော အမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဒီသားရဲရုပ်သေးရဲ့ အရှိန်အဟုန်သာ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ အရှိန်အဟုန်နဲ့ ယှဉ်နိုင်ရင် ကျွန်တော်တို့အားလုံး ဒီနေ့ နိဂုံးမဲ့လမ်းမှာ မြှုပ်နှံခံရမှာ သေချာတယ်"
"ကျွန်တော့် လေ့လာတွေ့ရှိချက်အရ ဒီသားရဲရုပ်သေးတွေရဲ့ အရှိန်အဟုန်က သာမန် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဟုန်လောက်ပါပဲ.. ဒါကြောင့်လည်း ကျွန်တော်တို့ကြားက အကွာအဝေးကို ထိန်းထားနိုင်တာပါ"
"ဒါ့အပြင် အပြာရောင်ကျောက်လမ်းက ဘယ်လောက်ဝေးလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး.. မြန်မြန်ပြေးရင် ခန္ဓာကိုယ်ရဲ့ အသက်စွမ်းအင် အရမ်းမြန်မြန်ဆန်ဆန် ကုန်ဆုံးသွားမှာ စိုးရိမ်မိတယ်.. အဲဒီ အခြေအနေထိ ရောက်လာရင် သားရဲရုပ်သေးလက်ကနေ ပြေးနိုင်တော့မှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်အေးဆေးနေခဲ့၏။
ကျောက်ယွိလုံတို့သည် ကျန်းချန်၏ စကားကို ကြားလျှင် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ဤအပြာရောင် ကျောက်လမ်းပေါ်တွင် အင်အားအကုန်သုံးပြီး ပြေးလျှင် သူတို့ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်သည် အများဆုံး တစ်နာရီအတွင်း ကုန်ဆုံးသွားလိမ့်မည် ဖြစ်၏။
သူတို့ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင် ကုန်ဆုံးသွားသည်နှင့် အပြာရောင်ကျောက်လမ်းကနေ ထွက်နိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် သူတို့ အနောက်မှ သားရဲရုပ်သေးက သူတို့ကို လိုက်မီသွားမှာလည်း စိုးရိမ်ရ၏။
တကယ်သာ ထိုအချိန်သို့ ရောက်လျှင် သူတို့၏ နဂုံးက မည်မျှ ဆိုးရွာမည်ကို တွေးနေစရာပင် မလိုပေ။
အခန်း(၇၄၇) ပြီး၏