အခန်း (၇၄၈-၇၅၀)
Vol. 50 Ch. 748-750
အခန်း(၇၄၈)
ကျန်းချန်နှင့် သူ့အဖွဲ့သည် ပုံမှန် အရှိန်အဟုန်ဖြင့်ပင် အပြာရောင်ကျောက်လမ်းပေါ်၌ အလျင်မလိုဘဲ ပြေးနေခဲ့သည်။
သူတို့က အနောက်ရှိ ရုပ်သေးသားရဲနှင့် ပေတစ်ရာ အကွာအဝေးကို ထိန်းထား၏။
ဤသို့ဖြင့် ကျန်းချန်တို့ လူစုသည် အပြာရောင် ကျောက်လမ်းမ ပေါ်တွင် တစ်နာရီ ကြာသွားခဲ့ပြီ ဖြစ်သည်။
ဤတစ်နာရီအတွင်း ကျန်းချန်တို့သည် သူတို့၏ အရှိန်အဟုန်ကို ထိန်းထားခဲ့သော်လည်း အသက်စွမ်းအင် အတော်များများ ကုန်ဆုံးသွားခဲ့၏။
စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် စန်းလန်အဖွဲ့အစည်း၏ တပည့်အချို့သည် အတော်လေး အားနည်းသွားခဲ့သည်။
သူတို့အားလုံးက သိုလှောင် လက်စွပ်ထဲတွင် သိမ်းဆည်းထားသည့် အသက်စွမ်းအင် ပြန်လည် ရရှိစေသော ဆေးလုံးကို ထုတ်ယူကာ ကုန်ဆုံးသွားသည့် အသက်စွမ်းအင်ကို ဆေးအစွမ်းဖြင့် ပြန်လည် ဖြည့်တင်းခဲ့ရသည်။
သို့သော်လည်း ကျန်းချန်၏ နည်းဗျူဟာကြောင့် စန်းလန်တပည့်များ၏ အသက်စွမ်းအင် ကုန်ဆုံးနှုန်းသည် နှေးကွေးခဲ့သည် ဖြစ်ရာ သူတို့သည် ဆက်လက် တောင့်ခံနိုင်ခဲ့၏။
ရေနဂါးဂိုဏ်းမှ တပည့်များကမူ ထိုမျှလောက် ကံမကောင်းဘူး။
သူတို့က အတော်လေး မောပန်းနေကြ၍ သိပ်မကြာခင်မှာပင် ကျန်းချန်တို့ လူစုသည် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ရေနဂါးဂိုဏ် တပည့် ဆယ်ယောက်ကျော်ကို လိုက်မီလာခဲ့သည်။
ရေနဂါးဂိုဏ်း၏ တပည့်များသည် နာရီဝက်ကြာ တောက်လျောက် ပြေးလာခဲ့ရသောကြောင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်သည် အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။
ထို့ကြောင့် အပြာရောင် ကျောက်လမ်းပေါ်တွင် အတွင်းအားကျင့်ကာ အသက်စွမ်းအင် ပြန်ရအောင် လုပ်ဆောင်ခဲ့ကြသည်။
သို့သော် သူတို့ အတွင်းအား ကောင်းစွာ မကျင့်ကြံရသေးခင်မှာပင် ကျန်းချန်တို့ အဖွဲ့ နှင့် သားရဲ ရုပ်သေးများက လိုက်မီလာသည်ကို တွေ့လိုက်ရ၏။
သို့ဖြစ်ရာ သူတို့ အဘယ်ကဲ့သို့ ရပ်ရဲတော့မည်နည်း။
သူတို့က ချက်ချင်းပင် ရှေ့ကို ဆက်လက် ပြေးခဲ့ကြသည်။
ဤတစ်ခေါက်တွင် သူတို့ အဝေးကြီး မပြေးရသေးခင်မှာပင် သူတို့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်သည် ကုန်ဆုံးသွားခဲ့၏။
ထို့ကြောင့် သူတို့က အသက်စွမ်းအင် ပြန်လည်ရရှိရန် နောက်တစ်ကြိမ် ရပ်တန့်ခဲ့ရသည်။
သို့သော် ဤတစ်ခေါက် သူတို့ ပြေးသည့် အကွာအဝေးသည် အရင်တစ်ခါထက် ပိုတိုပြီး အတွင်းအားကျင့်ပြီး အသက်စွမ်းအင်စုဆောင်းရသော အချိန်လည်း ပိုနည်းပါး၏။
သူတို့က အသက်စွမ်းအင် ကောင်းစွာ ပြန်လည်ရရှိသည်အထိ အချိန်မရခဲ့ပေ။
ကျန်းချန်တို့က သူတို့ကို နောက်တစ်ကြိမ် လိုက်မီသွားခဲ့သည်။
ဤကဲ့သို့ နှစ်ကြိမ် သုံးကြိမ်မျှ ဖြစ်ပျက်ပြီးနောက်တွင် ရေနဂါးဂိုဏ်းမှ တပည့် ဆယ်ယောက်ကျော်၏ မျက်နှာသည် အလွန်ပင် ဖြူဖျော့နေခဲ့ပြီ ဖြစ်၏။
သူတို့အားလုံးက အသက်စွမ်းအင် ပြန်လည်ရရှိစေသော ဆေးလုံးကို သုံးစွဲခဲ့သည့်တိုင် ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင် ကုန်ဆုံးနှုန်းကို ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိတော့ပေ။
ဆိုရလျှင် ဤကဲ့သို့ စွမ်းအင် ပြန်လည်ရရှိစေမည့် ဆေးလုံးများသည် ဆက်တိုက် အသုံးပြုဖို့ မသင့်တော်ချေ။
များများသောက်လေ ပြန်လည်ရရှိသည် ဆိုးကျိုး အာနိသင်က ပိုဆိုးလေ ဖြစ်သည်။
ဤသို့ဖြင့် ရေနဂါးဂိုဏ်းမှ တပည့် ဆယ်ယောက်ကျော်၏ အရှိန်အဟုန်သည် တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
အဆုံးသတ်တွင် သူတို့၏ အရှိန်အဟုန်သည် ကျန်းချန်တို့ လူစု၏ အရှိန်ကိုပင် မမီတော့ဘဲ အနောက်တွင် ပြတ်ကျန်ရစ်ခဲ့၏။
သူတို့က သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာသော သားရဲရုပ်သေးကို လှမ်းကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။
မကြာပါချေ၊ ကျန်းချန်တို့ လူစု၏ နောက်ကနေ ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ရေနဂါးဂိုဏ်း၏ တပည့် ဆယ်ယောက်ကျော်သည် ရုပ်သေးသားရဲ အုပ်စု၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
သူတို့နောက်မှ ရေနဂါးဂိုဏ်း တပည့်များ၏ အော်ဟစ်သံများကို ကြားလျှင် စန်းလန်အဖွဲ့အစည်း၏ တပည့်များသည် ကြက်သီးပင် ထသွားကြသည်။
ကံကောင်းစွာဖြင့် ကျန်းချန်က သူတို့ကို ပုံမှန် အရှိန်အဟုန်ဖြင့် ခေါ်ဆောင်သွားခြင်းသည် သူတို့၏ အသက်စွမ်းအင် ကုန်ဆုံးနှုန်းကို တစ်ဝက်မျှ လျှော့ချပေးခဲ့၏။
သို့မဟုတ်လျှင် သူတို့၏ ကံကြမ္မာသည်လည်း ရေနဂါးဂိုဏ်းမှ တပည့်တွေလို ဆိုးရွားမည်မှာ သေချာသလောက်ပင်။
သိပ်မကြာခင် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် ရေနဂါးဂိုဏ်း၏ တပည့်အချို့သည် ကျန်းချန်တို့၏ နောက်တွင် ကျန်ရစ်ခဲ့သည်။
အကြိမ်ပေါင်းများစွာ သူတို့ ခန္ဓာကိုယ်၏ အလားအလာကို ညှစ်ထုတ်၍ ရုန်းကန်ခဲ့ပြီးနောက်တွင် သူတို့သည်လည်း သူတို့ရှေ့မှ ရေနဂါးဂိုဏ်း တပည့် ဆယ်ယောက်ကျော်၏ ခြေရာနောက်ကို လိုက်သွားကြတော့၏။
ကျန်းချန်တို့အဖွဲ့ကမူ အရှိန်အဟုန် တစ်ခုကို ထိန်းထားပြီး ဆက်သွားနေခဲ့သည်။
ဤသို့ဖြင့် နောက်ထပ် တစ်နာရီကြာ အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့၏။
ကျန်းချန်တို့အဖွဲ့မှ စန်းလန် တပည့် အများအပြားသည်လည်း အသက်စွမ်းအင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူတို့၏ အကန့်အသတ်သို့ ရောက်သွားသော အချိန်မှာပင် အပြာရောင်ကျောက်လမ်းသည် အဆုံးသတ် သွားခဲ့သည်။
အကြောင်းရင်းမှာ မီတာတစ်ထောင် အကွာရှိ ရှေးဟောင်းကြေးတံခါး တစ်ချပ်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သောကြောင့်ပင်။
အခန်း(၇၄၈) ပြီး၏
အခန်း(၇၄၉)
"ရှေ့မှာ အပြာရောင် ကျောက်လမ်းရဲ့ အဆုံးသတ်ပဲ.. ငါတို့ ပထမအဆင့်ကို ကျော်ဖြတ်နိုင်တော့မယ်"
သူတို့ရှေ့မှ ကြေးတံခါးကို လှမ်းကြည့်ရင်း လူတိုင်းသည် စိတ်ဓာတ် တက်ကြွလာခဲ့သည်။
သူတို့အားလုံးက အံကြိတ်၍ ခန္ဓာကိုယ်ထဲမှ နောက်ဆုံး အားအင်ကို အစွမ်းကုန် ညှစ်ထုတ်ကာ ကြေးတံခါးဆီ ပြေးလာခဲ့ကြ၏။
နောက်ဆုံးတွင် သူတို့အားလုံးသည် အပြာရောင် ကျောက်လမ်းကို အလျင်အမြန် ဖြတ်ကျော်ကာ ကြေးတံခါးထဲကို ဝင်ရောက်နိုင်ခဲ့ကြသည်။
"ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှု ပထမအဆင့်၊ နိဂုံးမဲ့လမ်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တဲ့ သူတွေကို အာကာသစွမ်းအင် ကျောက်တုံး သုံးတုံးနဲ့ ဟွာယွမ်ဆေးလုံး တစ်လုံး ဆုချီးမြှင့်မယ်"
ကျန်းချန်တို့အဖွဲ့ ကြေးတံခါးကို ဖြတ်ကျော်လာပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်ဖို့ အချိန်မရသေးခင်မှာပင် လေထုထဲမှ စက်ယန္တရားသံသည် ကျန်းချန်တို့၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာ၏။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်း အစုအဝေးများသည် လေထဲကနေ အလိုအလျောက် ပျံဝဲလာပြီး ကျန်းချန်တို့ ရှေ့သို့ တိုက်ရိုက် ပေါ်လာခဲ့သည်။
အလင်းအစုအဝေး တစ်ခုစီတွင် အာကာသစွမ်းအင် ကျောက်တုံး သုံးတုံးနဲ့ ဟွာယွမ် ဆေးလုံး တစ်လုံးစီ ရှိ၏။
သူတို့ရှေ့မှ ဆုလာဘ်ကို ကြည့်ပြီး ကျန်းချန်နှင့် ကျောက်ယွိလုံတို့ အပါအဝင် စန်းလန် အဖွဲ့အစည်း၏ တပည့်အားလုံးသည် ဤအချိန်တွင် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
သိထားရမည်မှာ အာကာသစွမ်းအင် ကျောက်တုံးတစ်တုံး၏ တန်ဖိုးသည် စန်းလန်အဖွဲ့အစည်းတွင် အနည်းဆုံး စန်းလန်ဒင်္ဂါး ၂ သိန်းနှင့် လဲလှယ်နိုင်၏။
ထို့ကြောင့် အာကာသစွမ်းအင် ကျောက်တုံး သုံးတုံးသည် စန်းလန်ငွေ ၆ သိန်းနဲ့ ညီမျှသည်။
ဤသည်မှာ သူတို့အတွက် သေချာပေါက် ကံကောင်းခြင်း တစ်ခုပင်။
"အာကာသစွမ်းအင်ကျောက်တုံး သုံးတုံး ရပြီ ဆိုတော့ ငါ စန်းလန်အဖွဲ့အစည်းကနေ ထွက်ခွာနိုင်တော့မယ်"
ကျန်းချန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူ့ရှေ့မှ ဆုလာဘ်များကို အလျင်အမြန် သိမ်းဆည်းကာ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။
ကျန်းချန်တို့ ရောက်နေသည်မှာ ဆန်းကြယ်သော ခန်းမတစ်ခု ဖြစ်၏။
ခန်းမထဲတွင် ကျောယွင်ဖန် ဦးဆောင်သည့် ရေနဂါးဂိုဏ်း၏ တပည့် ဆယ်ယောက်ကျော်သည် သူတို့ထက်စော၍ ကြိုရောက်နေခဲ့သည်။
ကျန်းချန်တို့ အဖွဲ့ကို မြင်လျှင် သူတို့လူစု၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။
သိထားရမည်မှာ ဥက္ကာခဲ ကျောင်းဆောင်၏ စမ်းသပ်မှု ပထမအဆင့် နိဂုံးမဲ့လမ်းသည် လုံးဝ မရိုးရှင်းပေ။
စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် အစောပိုင်းတွင် ရှိသည့် သူတို့ ရေနဂါးဂိုဏ်း၏ လူအချို့သည်ပင် နိဂုံးမဲ့လမ်းကို ကျော်ဖြတ်ရာတွင် မအောင်မြင်ခဲ့ချေ။
ကျန်းချန်၏ အနောက်တွင်မူ စန်းလန်တပည့် ဆယ်ယောက်ကျော်သည် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့သည်။
ဆိုရလျှင် စွမ်းအင် သိပ်သည်းခြင်း သတ္တမအဆင့် လူအချို့အပါအဝင် စန်းလန်အဖွဲ့ဝင် အားလုံးသည် နိဂုံးမဲ့လမ်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြ၏။
"မယုံနိုင်စရာပဲ.. ဒါက အရမ်းကို မယုံနိုင်စရာ ကောင်းတယ်"
ကျော်ယွင်ဖန်နှင့် တခြားသူများ တုန်လှုပ်ချောက်ချားနေချိန်တွင် လေထုထဲမှ စက်ယန္တရားသံသည် လူတိုင်း၏ နားထဲကို နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
"ဥက္ကာခဲကျောင်းဆောင် စမ်းသပ်မှုရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အဆုံးမဲ့ လျှို့ဝှက်လမ်း မကြာခင် ဖွင့်လှစ်တော့မယ်"
"စမ်းသပ်မှုရဲ့ ပထမအဆင့်ကို အောင်မြင်တဲ့သူ အားလုံး ပြင်ဆင်ချိန် နာရီဝက်ရမယ်"
"နာရီဝက်အတွင်း ဒုတိယအဆင့် အဆုံးမဲ့ လျှို့ဝှက်လမ်းထဲ မဝင်တဲ့သူတွေကို ဥက္ကာခဲ ကျောင်းဆောင်ကနေ နှင်ထုတ်မယ်"
ဤအသံ ထွက်ပေါ်လာသည်နှင့် ခန်းမထဲတွင် ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။
မကြာခင်မှာပင် ခန်းမကြီး ရှေ့ရှိ ကျောက်နံရံပေါ်တွင် တူညီသည့် ကျောက်တံခါး ရှစ်ချပ်သည် တိုက်ရိုက် ပေါ်လာခဲ့၏။
သံသယဖြစ်စရာ မလိုလောက်အောက်ပင် ထိုကျောက်တံခါး ရှစ်ချပ်သည် ဒုတိယအဆင့် ဖြစ်သည့် အဆုံးမဲ့ လျှို့ဝှက်လမ်း၏ ဝင်ပေါက် ဖြစ်သည်။
လေထုထဲမှ အသံကို ကြားလျှင် စန်းလန်အဖွဲ့အစည်း၏ တပည့် အများအပြားသည် ဒုတိယအဆင့် စမ်းသပ်မှုကို လက်လျော့ဖို့ ရွေးချယ်ခဲ့ကြသည်။
သူတို့က နိဂုံးမဲ့လမ်းကို ဖြတ်ကျော်ကာ ဆုလာဘ်များကို ရရှိခဲ့သည်ကပင် အတော်လေး ကံကောင်းနေပြီ ဖြစ်၏။
သူတို့သာ ဒုတိယအဆင့်ကို ဆက်သွားလျှင် သူတို့၏ အင်အားဖြင့် သေတွင်းထဲ ခုန်ဆင်းသည်နှင့် မခြားပေ။
အဆုံးသတ်တွင် ကျန်းချန်နှင့် ကျောက်ယွိလုံ အပြင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို ရောက်ရှိထားသည့် ဟုန်ကွမ်းနှင့် တခြားလူ သုံးယောက်ကသာ ဒုတိယအဆင့်ကို ဆက်သွားရန် ဆုံးဖြတ်ခဲ့သည်။
"အားလုံး ခဏနားကြတာပေါ့"
"အမွှေးတိုင် တစ်တိုင်စာလောက် နားပြီးရင် ဒုတိယအဆင့်ကို စတင်ဖြတ်ကျော်ကြစို့"
ကျန်းချန်က ကျောက်ယွိလုံ နှင့် တခြားလေးယောက်ကို လှမ်းကြည့်၍ ပြောလိုက်ပြီးနောက် နေရာလွတ် တစ်ခုကို ရှာဖွေကာ အတွင်းအား ကျင့်ကြံနေခဲ့သည်။
အခန်း(၇၄၉) ပြီး၏
အခန်း(၇၅၀)
ကျန်းချန်နှင့် တခြားသူများသည် ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားသော အသက်စွမ်းအင်ကို ပြန်လည်ရရှိရန် အချိန်ရတုန်း အတွင်းအားကို ကျင့်ကြံခဲ့ကြ၏။
အမွှေးတိုင် တစ်တိုင်စာအချိန် ကုန်ဆုံးသွားပြီးနောက်တွင်
ကျန်းချန်သည် သူ၏ အတွင်းအားကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် သူက ထရပ်ကာ သူ့ရှေ့ရှိ ကျောက်တံခါး ရှစ်ချပ်ကို စတင် လေ့လာခဲ့သည်။
ဒုတိယအဆင့်ဖြစ်သည့် အဆုံးမဲ့ လျှို့ဝှက်လမ်းသည် အစီအရင်ပညာရပ် အပေါ် နားလည်နိုင်စွမ်းအား စမ်းသပ်မှု ဖြစ်ပုံရ၏။
ကျန်းချန်၏ ခန့်မှန်းချက်အရဆိုလျှင် ကျောက်တံခါး ရှစ်ချပ်ထဲတွင် တံခါး တစ်ခုတည်းသာ အတော်လေး လုံခြုံသည့် ဝင်ပေါက် ဖြစ်ပုံရသည်။
ထို့အပြင် ဥက္ကာခဲကျောင်းဆောင်က ပြင်ဆင်ချိန် နာရီဝက်သာ ပေးသောကြောင့် သူ့အနေဖြင့် ကျောက်တံခါး ရှစ်ချပ်ထဲမှ အတော်လေး လုံခြုံသည့် ဝင်ပေါက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရပေမည်။
ကျန်းချန်က အာရုံစူးစိုက်ပြီး သူ့ရှေ့ရှိ ကျောက်တံခါး ရှစ်ချပ်ကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။
"ဒင်.. သင်က နောင်တတရားရဲ့တံခါးရှစ်ချပ် အစီအရင်ကို တစ်မိနစ်ကြာ လေ့လာခဲ့ပြီး နားလည်မှုကို အဆတစ်ရာ လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ယင်ယန် ပါ့ကွ ပေါင်းစပ်ထားတဲ့ အနှစ်သာရ အချို့ကို နားလည်သဘောပေါက်သွားပါပြီ"
"ဒင်.. သင်က နောင်တတရားရဲ့တံခါးရှစ်ချပ် အစီအရင်နဲ့ ယင်ယန်ပါ့ကွ အစီအရင်ကို တစ်မိနစ်ကြာ လေ့လာခဲ့ပြီး နားလည်မှု အဆတစ်ရာ ဖြစ်ပေါ်လာပါပြီ"
"............."
"ဒင်.. သင်က နောင်တတရားရဲ့တံခါးရှစ်ချပ် အစီအရင်နဲ့ ယင်ယန်ပါ့ကွ အစီအရင်ကို တစ်မိနစ်ကြာ လေ့လာခဲ့ပြီး နားလည်မှု အဆတစ်ရာ ဖြစ်ပေါ်လာပါပြီ"
"ဒင်.. သင်က နောင်တတရားရဲ့ တံခါးရှစ်ချပ် အစီအရင်နဲ့ ယင်ယန်ပါ့ကွ အစီအရင်ကို အောင်မြင်စွာ နားလည်သဘောပေါက်သွားပါပြီ"
စနစ်ထံမှ အချက်ပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့် အမျှ ကျန်းချန်၏ စိတ်ထဲသို့ အစီအရင်နှင့် ပတ်သက်သည့် အချက်အလက်များ ဝင်ရောက်လာခဲ့၏။
ဤသို့ဖြင့် ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ကျန်းချန်သည် အစီအရင် တစ်ခုလုံးကို ကျွမ်းကျင်သွားခဲ့သည်။
ထိုအခါ သူ့ရှေ့ရှိ ကျောက်တံခါး ရှစ်ချပ် အပေါ် နားလည်မှုသည် ကျန်းချန်၏ စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။
တခဏအတွင်းမှာပင် ကျန်းချန်သည် ကျောက်တံခါး ရှစ်ချပ်ထဲမှ အလုံခြုံဆုံး ဝင်ပေါက်ကို တွေ့သွားခဲ့သည်။
"ကျန်းချန်"
ကျန်းချန် သင့်တော်သည့် ဝင်ပေါက်ကို ရှာတွေ့ချိန်တွင် ကျောယွင်ဖန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ခေါင်းငဲ့၍ ကျောယွင်ဖန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ဘာပြောစရာရှိလို့လဲ"
"ကျန်းချန်.. ငါတို့အားလုံးရဲ့ ရည်ရွယ်ချက်က ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး ဥက္ကာခဲကျောင်းဆောင်ရဲ့ ဆုလာဘ်ကို ရယူဖို့ပဲ"
"ငါတို့ရဲ့ မကျေနပ်မှုတွေကို ခဏလောက် ဘေးဖယ်ထားပြီး အတားအဆီးတွေကို ဖြိုခွဲဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရင် လူတိုင်းအတွက် အကျိုးရှိလိမ့်မယ်လို့ မထင်ဘူးလား"
ကျောယွင်ဖန်က မျက်လုံးများ တောက်ပစွာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
ဤကောင်လေးသည် စန်းလန် အဖွဲ့အစည်း၏ တပည့်အားလုံးကို ပထမအဆင့်တွင် ဖြတ်ကျော်နိုင်အောင် ဦးဆောင်နိုင်ခဲ့သည်။
သူ့ထံတွင် ဥက္ကာခဲကျောင်းဆောင်၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည့် အရည်အချင်း တချို့ ရှိပုံရ၏။
ထို့ကြောင့် ကျန်းချန်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခြင်းသည် သူတို့အတွက် အလွန်အကျိုးရှိစေမည်မှာ သေချာသလောက်ပင်။
"ကောင်းပြီလေ"
ကျန်းချန်က ငြင်းဆိုခဲ့ခြင်း မရှိပေ။
သူက ပြုံးပြီး ကျောယွင်ဖန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"မင်း ဒီဒုတိယအဆင့်ကို ဘယ်လိုမြင်လဲ သိပါရစေ"
"ငါ လေ့လာတွေ့ရှိချက်အရ ဒီဒုတိယအဆင့်က အစီအရင်စွမ်းရည်ကို စမ်းသပ်တာပဲ"
"ငါလေ့လာရသလောက်တော့ ဒီအစီအရင်က နောင်တတရားရဲ့ တံခါးရှစ်ချပ် အစီအရင်လို့ ထင်တယ်
"ဒုတိယအဆင့်ကို လုံခြုံစွာ ဖြတ်ကျော်နိုင်ဖို့ အတွက်ဆိုရင် ငါတို့တွေ တံခါးရှစ်ချပ်ထဲက အသက်တံခါး တစ်ခုကို ရှာရမယ်"
ကျိုးယွမ်ဖန်က သူသိထားသလောက် ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးလိုက်၏။
"မင်းရဲ့ သုံးသပ်ချက်က ကောင်းသားပဲ.. ငါ့အထင်တော့ ဘယ်ဘက်က ပထမဆုံးတံခါးက အသက်တံခါးပဲ"
"ဘာလို့ ဘယ်ဘက်က ပထမတံခါးလို့ မင်း ထင်တာလဲ"
ကျောယွင်ဖန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူ၏ လေ့လာတွေ့ရှိချက်အရ နောင်တတရား၏ တံခါးရှစ်ချပ် အစီအရင်တွင် ဘယ်ဘက်မှ ပထမဆုံးတံခါးသည် သေတံခါး ဆိုသည်မှာ ရှင်းလင်းနေ၏။
ဤကောင်လေးက အစီအရင် ပညာရပ်ကို လုံးဝ နားမလည်တာလား သို့မဟုတ် သူတို့ကို တမင် လမ်းလွဲအောင် လုပ်ချင်နေတာလား သူ မသိတော့ပေ။
"အကြောင်းပြချက် မရှိပါဘူး.. ဒီတံခါးကို ကြည့်ရင်း သဘောကျလို့ ကျပန်း ရွေးချယ်လိုက်တာပါ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ချက်ချင်းပင် ကျောယွင်ဖန် တို့ကို လျစ်လျူရှုကာ ကျောက်ယွိလုံတို့ လေးယောက်ကို ဘယ်ဘက်ရှိ ပထမဆုံးကျောက်တံခါး ဆီသို့ ဦးဆောင်သွားခဲ့သည်။
အခန်း(၇၅၀) ပြီး၏