ပန်းလင်၏ ကန့်သတ်ချက်
Vol. 17 Ch. 238
လောထျန်းက ထိုသို့ပြောကာ ဟွေ့ဖုန်းထံမှ အကြည့်လွှဲပြီး ရွှယ်မင်ဂိုဏ်းမှ အခြားသူများဘက် ဝေ့ဝဲကြည့်လိုက်သည်။
ထိုလူများအားလုံးမှာ အစောက မြင်ကွင်းကိုကြည့်ကာ အံ့သြမှင်သက်လွန်း၍ ကြက်သေသေ နေကြသဖြင့် မည်သို့မျှပင် မတုန့်ပြန်နိုင်ကြချေ။
ထိုအချိန်မှာပင် ..
ဝှစ် ... ဝှစ် ... ဝှစ် ...
မြောက်များစွာသော ဓားစွမ်းအင်များက သူတို့၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားတော့သည်။
ပြီးနောက်တွင်မူ .. လောထျန်းက သူ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ စိတ်ဝိဥာဥ်ပုလဲလုံးများအား ကျွမ်းကျွမ်းကျင်ကျင် ထုတ်ယူလိုက်၏။
တခဏအတွင်းမှာပင် ရွှယ်မင်ဂိုဏ်းမှ လူများအားလုံး၏ မှတ်ဉာဏ်များ ဖျက်ဆီးခံရကာ လောထျန်း၏ လက်ထဲတွင် ကောင်းကင်ဘုံအဆင့် စိတ်ဝိဥာဥ် ပုလဲလုံးအချို့ ရောက်လာသည်။
အားလုံး ပြီးသွားပြီးနောက် လောထျန်းက တည်နေရာ ထပ်မံရွှေ့ပြောင်းကာ အခြားတစ်နေရာသို့ ရောက်သွားပြန်၏။
ထိုအချိန်တွင် .. ကောင်းကင်ဘုံအဆင့်မှ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်က အဖိုးတန်ပစ္စည်းများကို အပိုင်သိမ်းရန် ကြိုးစားနေသည်။
ထို့နောက်တွင်မူ ... သူ့ခေါင်းက လေထဲသို့ မြှောက်တက်သွား၏။
လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်းသွားပြန်သည်။
သူ တစ်ကြိမ် တည်နေရာ ရွှေ့လိုက်တိုင်း .. အခြားနယ်များမှ လာခဲ့ကြသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် သေဆုံးသွာတော့၏။
ထိုအချိန်တွင် ပျောင်ပိုင်မြို့ထဲ ပြန့်ကျဲနေသည့် အစွမ်းထက် ကျင့်ကြံသူ အများစုမှာလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကြလေပြီ ။
သူတို့ တစ်ယောက်ပြီးတစ်ယောက် မြို့ပြင်သို့ ပြေးထွက်ရန် ကြိုးစားလိုက်ကြသည်။
သို့သော် ...
ဝီ .. အလင်းတန်းလိုက်ကာတစ်ခု ကောင်းကင်ယံမှ ကျလာကာ မြို့ထဲရှိ လူများအားလုံးအပေါ် လွှမ်းခြုံလာ၏။
ယဲ့ထုံလင်းက အကာအကွယ် အစီအမံများ အားလုံးကို အသက်သွင်းလိုက်ခြင်းပင် ...
" ဟင် .. အစီအမံကို ဖောက်ထွက်ကြဟေ့ "
လူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
သို့သော် ....
တစ်ကြိမ်မျှ တိုက်ခိုက်ပြီးသွားသည်နှင့် သူတို့အားလုံး နောက်သို့ လွင့်ထွက်သွားကုန်၏။
ထိုအချိန်မှာပင် လောထျန်းက သူတို့နောက်သို့ တည်နေရာရွှေ့ပြောင်း ရောက်ရှိလာသည်။
" မင်း ... "
ကောင်းကင်ဘုံအဆင့်မှ ကျင့်ကြံသူတစ်ယောက်က တစ်ခုခုပြောရန် ကြိုးစားလိုက်၏။
သို့သော် .. စက္ကန့်ပိုင်းမျှ အကြာမှာပင် သူ့စိတ်ဝိဥာဥ် ပျောက်ကွယ်သွားရတော့သည် ။
" ပျောင်ပိုင်မြို့ကို မလာခဲ့ကြနဲ့ ဟေ့ ၊ ပျောင်ပိုင်မြို့ကို မလာကြနဲ့ ။ ဒီမှာ အဖိုးတန်ပစ္စည်းတွေ ရဖို့ ဘာအခွင့်အရေးမှ မရှိဘူး။ ဒီကိုလာရင် သေလမ်းကို လာတာနဲ့ အတူတူပဲ "
ကောင်းကင်ဘုံအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က အသံလွှင့်အဆောင်ကို ထုတ်ကာ သူ့လူများဆီသို့ မြန်မြန် သတင်းပို့လိုက်သည်။
ထို့နောက်တွင်မူ .. သူသည်လည်း သေဆုံးသွားရ၏။
ဤသို့ဖြင့် တစ်မိနစ်ခန့်ပင် မကြာသော အချိန်အတွင်း၌ .. အခြားဒေသမှ လာကြသည့် အစွမ်းထက် ကျင့်ကြံသူများ အားလုံးနီးပါးပင် အသတ်ခံလိုက်ကြရတော့သည်။
ထိုစဥ် .. ပျောင်ပိုင်မြို့ တစ်နေရာရှိ ခပ်မှောင်မှောင် လမ်းကြားလေး တစ်ခုအတွင်း၌ မြေးအဖိုးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်လျက် ရှိနေကြ၏။
" အဘိုး ၊ ကျွန်မ ကြောကါတယ် "
ပိန်ပိန်ပါးပါး မိန်းကလေးငယ်လေး တစ်ယောက်က သူ့အဘိုးကို ဖက်ကာ တုန်ယင်စွာ ပြောလာသည်။
အဘိုးအို၏ မျက်နှာမှာလည်း ဖြူဖျော့နေ၏။
" ဘာမှ မကြောက်နဲ့ ၊ အဘိုးရှိတယ် "
အဘိုးအိုက ထိုသို့သာ အားပေးစကား ပြောလိုက်သော်လည်း သူကိုယ်တိုင် ကြောက်ရွံ့နေသည်မှာ သိသာပါသည်။
အမှန်တွင်မူ အဘိုးအိုသည် အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
ထိုအစွမ်းက ဖုန့်လင်းဒေသတစ်ခုလုံးကို မစိုးမိုးနိုင်သည့်တိုင် အလွန်အစွမ်းထက်သည့်အထဲတွင် ပါဝင်ပါသည်။
သို့သော် လက်ရှိတွင်မူ သူ့ရင်တစ်ခုလုံး ကြောက်စိတ်နှင့်အတူ ကူကယ်ရာမဲ့သည့် ခံစားချက်များဖြင့် ပြည့်နေတော့သည်။
တဖက်လူက အဘယ့်ကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေရပါသနည်း။
ဝှစ် ...
ထိုအချိန်မှာပင် လောထျန်းက လမ်းကြားထဲသို့ တည်နေရာရွှေ့ပြောင်း ရောက်လာ၏။
" အဟင့် .. (ငိုသံ )"
အဘိုးအိုလက်ထဲမှ မိန်ကလေးမှာ လောထျန်းကို မြင်မြင်ချင်း အလွန်ကြောက်ရွံ့သွားပြီး ဝါးခနဲ ငိုချလိုက်သည်။
အဘိုးအိုက သက်ပြင်းရှည်ကြီး တစ်ချက်ချ၍ လောထျန်းအား ပြောလိုက်သည်။
" သခင်လေး ၊ ကျုပ်က စဥ်းစားဆင်ခြင်ဉာဏ် မဲ့ပြီးတော့ ပျောင်ပိုင်မြို့ကို ခိုးဝင်ခဲ့မိပါတယ်။ အဲ့ဒီအတွက် သခင်လေးက ကျုပ်ကို သတ်မယ်ဆိုရင်တောင် ကျုပ် ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် .. ကျုပ်ရဲ့ မြေးမလေးကိုတော့ လွတ်ပေးပါလားဗျာ "
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြောလာ၏။
" ခင်ဗျားကို သတ်မယ်လို့ ဘယ်သူက ပြောလို့လဲ "
" ဟင် ... "
အဘိုးအို အံ့သြမှင်သက်သွားသည်။
၎င်းက ဘာအဓိပ္ပါယ်ပါနည်း ။
သူ့ကို မသတ်တော့ဘူးလား ...
သို့သော် .. အစောလေးမှာပင် လောထျန်းက လူများစွာအား တစ်ယောက်ပြီးတစ်ယောက် သတ်နေသည်ကို သူ မြင်ခဲ့ရသည် မဟုတ်ပါလား။
လောထျန်းက တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။
" အဲ့လူတွေက သေဖို့ ထိုက်တန်လို့ ကျုပ်က သတ်ခဲ့ရတာ ။ သူတို့တွေက ခုနက လူသတ်အရိပ်အငွေ့တွေ ထုတ်လွှတ်ပြီး ပျောင်ပိုင်မြို့ကို တိုက်ခိုက်ဖို့ ပြင်နေခဲ့ကြတာလေ "
" ဒါပေမယ့် ခင်ဗျားကတော့ အစကတည်းကနေ ခုချိန်ထိ လူသတ်အရိပ်အငွေ့ကို လုံးဝ မထုတ်လွှတ်ခဲ့ဘူး။ အနည်းဆုံးတော့ ခင်ဗျားက ခုထိ ကျုပ်ကို ရော ၊ ပျောင်ပိုင်မြို့အပေါ်မှာရော ဘာ မကောင်းတဲ့စိတ်မှ ရှိတဲ့ပုံ မပေါ်ဘူးလေ ။ ဒီတော့ ကျုပ်က ဘာလို့ ခင်ဗျားကို သတ်ရမှာလဲ။ ကျုပ်က လူသတ်တာကို စွဲလမ်းနေတဲ့သူမှ မဟုတ်တာ "
လောထျန်း၏ စကားကြောင့် အဘိုးအို ပို၍ပင် အံ့အားသင့်သွားရပြန်၏။
လောထျန်းက ထိုသို့ ကျိုးကြောင်းဆင်ခြင်ကာ လုပ်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ပါ ။
" ဒါဆို .. ကျုပ်ကို ဘာလို့ လာတွေ့ရတာလဲ "
အဘိုးအိုက စိုးရိမ်စိတ် မပြယ်သေးဟန်ဖြင့် မေးလိုက်သည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ဖြေ၏။
" ဘာပဲဖြစ်ဖြစ် ခင်ဗျားက အဆုံးအစမဲ့အဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲလေ ။ ဒီတော့ ခင်ဗျား ဘယ်သူ ဆိုတာနဲ့၊ ကျုပ်တို့ ပျောင်ပိုင်မြို့ကို ဘာကြောင့် လာခဲ့ရတယ်ဆိုတာ ကျုပ် သိသင့်တာပေါ့ ၊ မဟုတ်ဘူးလား "
ထိုစကားကို ကြားမှသာ အဘိုးအိုက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောသည်။
" ကျုပ်နာမည်က ထျဲ့နန်ဟွေ့ လို့ ခေါ်ပါတယ်။ ကျုပ်က ဖုန့်လင်းဒေသက တစ်ကိုယ်တောင် သိုင်းသမား တစ်ယောက်ပါ။ အခု ပျောင်ပိုင်မြို့ကို လာခဲ့ရတဲ့ ရည်ရွယ်ချက်က ကျုပ် မြေးမလေးရဲ့ ရောဂါကို ကုသချင်လို့ဗျ "
" ရောဂါ ကုဖို့ ..ဟုတ်လား "
လောထျန်း အံ့အားသင့်သွားကာ မိန်းမငယ်လေးအား ကြည့်လိုက်သည်။
မိန်းမငယ်မှာကား မျက်နှာတပြင်လုံး ဖြူဖျော့နေ၏။
လောထျန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
" ကြည့်ရတာ သူက တကယ်လဲ နေမကောင်း ဖြစ်နေတဲ့ပုံပဲ ။ သူ့မျက်နှာကိုလဲ ကြည့်ပါဦး ..ဖြူရော်နေတာပဲ "
ထျဲ့နန်ဟွေ့ က အိုးတိုးအတ ပြန်ပြောသည်။
" ဟို ... သူ ကြောက်လွန်းလို့ မျက်နှာက အဲ့လိုဖြစ်နေတာဗျ "
လောထျန်း : " .... "
ထို့နောက်မှသာ လောထျန်းက ချောင်းဟန့်ပြီး စကားဆက်လိုက်သည်။
" ဒါဆို သူက အခု ဘာရောဂါ ဖြစ်နေတာလဲ "
ထျဲ့နန်ဟွေ့က သက်ပြင်းချ၏။
" ဒီကလေးက ထူးဆန်းတဲ့ အဆိပ်တစ်မျိုးနဲ့ အဆိပ်ခတ် ခံထားရတာဗျ။ အဲ့ဒီ အဆိပ်ကို သာမာန်နည်းတွေနဲ့ ဘယ်လိုမှ ကုသလို့ မရဘူး ။ သူက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျုပ်ရဲ့ စိတ်စွမ်းအင် တစ်ခုတည်းကို အားကိုးပြီးတော့သာ ခုထိ အသက်ဆက်ရှင်နေနိုင်တာ "
" ကျုပ် ဒီကြားထဲမှာ သူ့ရောဂါကို ကုသပေးနိုင်မယ့် ဆေးပညာရှင်တွေ အများကြီးကို လိုက်ရှာပြီး အကူအညီ တောင်းခဲ့သေးတယ်ဗျ ။ဒါပေမယ့် အစွမ်းထက်တဲ့ သဘာဝ စိတ်ဝိဥာဥ်တစ်ကောင်က ကူညီပေးမှသာ သူ့ရောဂါ ပြန်ပျောက်နိုင်မယ်ဆိုတာ သိခဲ့ရတယ် ။ ဒါပေမယ့်ဗျာ အစွမ်းထက်တဲ့ သဘာဝ စိတ်ဝိဥာဥ် အများစုက တောနက်ထဲက တောင်တွေမှာပဲ နေကြပြီးတော့ လူရှေ့သူရှေ့ကို ထွက်လာလေ့ မရှိဘူး ။ ရှိတဲ့သူ တချို့ကလဲ ထိပ်သီးအဖွဲ့တွေမှာပဲ ရှိကြတာမို့ ကျုပ်တို့လို အပြင်လူတွေက တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ "
" ဒါ့ကြောင့်မို့ ကျုပ် နှစ်တွေအများကြီး ကြိုးစားရှာခဲ့တာတောင် အစွမ်းထက်တဲ့ သဘာဝ စိတ်ဝိဥာဥ်နဲ့ မတွေ့ခဲ့ရပါဘူးဗျာ။ ပြီးခဲ့တဲ့ တလောကမှ ပျောင်ပိုင်မြို့မှာ စိတ်ဝိဥာဥ်အဖြစ် အသွင်ပြောင်းထားနိုင်တဲ့ ဗောဓိပင်တစ်ပင် ရှိတယ် ဆိုတာကို ကျုပ် ကြားခဲ့ရတယ်။ ဗောဓိပင်ရဲ့ စိတ်ဝိဥာဥ်က ကြင်နာတဲ့ စိတ်ထား ရှိတတ်တာမို့ ကျုပ်မြေးလေးရဲ့ ဒဏ်ရာကို ကုသဖို့ အကူအညီ ရလိုရငြား လာခဲ့တာပါ "
" ကျုပ်က အဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ လာခဲ့ပြီးတော့ ဒီရောက်မှ ဟိုလူတွေနဲ့ တွေ့ခဲ့ရတာပါဗျာ "
စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ။ ဒါဆိုရင် ... ကျုပ် သဘာဝစိတ်ဝိဥာဥ်တစ်ယောက်ကို ရှာပြီး ကလေးမလေးရဲ့ ဒဏ်ရာကို ကုသနိုင်မလား တချက် ကြည့်ခိုင်းလိုက်မယ် "
" ဟင် ... သခင်လေး .. ဘယ်လို ပြောလိုက်တာ .. "
သူ့စကားကြောင့် ထျဲ့နန်ဟွေ့ အလွန်အံ့အားသင့်သွား၏။
လောထျန်းက သူ့ကို မသတ်လျှင်ပင် သူ ကံကောင်းလွန်းလှပြီဟုသာ တွေးထားခဲ့သော်လည်း ...
ယခုတွင်မူ သူ့မြေးမလေး၏ ဒဏ်ရာကိုပါ ကုသပေးမည်တဲ့လား ။
ထိုလူက ဤမျှ သဘောကောင်း သတဲ့လား ..
လောထျန်းက စကားဆက်သည်။
" ဒါပေမယ့် .. ကျုပ် ခင်ဗျားကို ဒီတိုင်း အလကားတော့ ကူညီမှာ မဟုတ်ဘူးဗျ ။ အခြေအနေတော့ တစ်ခုရှိတယ် "
" ဟုတ်ကဲ့ ၊ပြောပါသခင်လေး "
ထျဲ့နန်ဟွေ့က ချက်ချင်း ပြန်ပြော၏။
" ဒီကလေးမလေးရဲ့ ဒဏ်ရာ ပျောက်ကင်းသွားလို့ရှိရင် ကျုပ် ခင်ဗျားကို ပျောင်ပိုင်မြို့မှာ နှစ်တစ်ရာ အမှုထမ်းစေချင်တယ်၊ ဘယ်လိုလဲ "
လောထျန်းက ပြောလိုက်သည်။
ယနေ့ ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်ကို ကြည့်ခြင်းဖြင့်ပင် ပျောင်ပိုင်မြို့၌ ထိပ်သီးအဆင့် အင်အားစုများ ရှိရန် လိုအပ်နေသေးသည်ကို သူ မြင်ခဲ့ရပါသည်။
ယခု သူ့ရှေ့မှ အဘိုးအိုမှာ လူကောင်းတစ်ယောက် ဖြစ်ဟန်တူပေရာ ထိုအခွင့်အရေးကို အသုံးချ၍ သူ့အား ပျောင်ပိုင်မြို့၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် အရခေါ်ခြင်းက အကောင်းဆုံးပင်။
လောထျန်း၏ စကားဆုံးသည်နှင့် အဘိုးအိုက စဥ်းပင် စဥ်းစားမနေဘဲ ချက်ချင်း ခေါင်းညိတ်ပြ၏။
" ကောင်းပါပြီ ၊ ကျုပ်ရဲ့ မြေးလေးသာ နေကောင်းမယ်ဆိုရင် ပျောင်ပိုင်မြို့မှာ နှစ်သုံးရာ အမှုထမ်းရလဲ ကိစ္စမရှိပါဘူးဗျာ "
အဆုံးအစမဲ့ ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းမှာ အလွန်ရှည်လျားလှပါသည်။
သူတို့၏ သက်တမ်းနှင့် ယှဥ်ပါက နှစ်သုံးရာမှာ ခဏတာမျှပင် ။
သို့သော် ထိုအချိန်မှာပင် ထျဲ့နန်ဟွေ့၏ မျက်နှာက အနည်းငယ် ညိုသွားကာ ပြောလာ၏။
" ဒါပေမယ့် .. သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်ကို အကူအညီတောင်းဖို့ဆိုတာ .. လွယ်မှာတော့ မဟုတ်ဘူးဗျာ "
သူ့မြေးမလေး၏ ရောဂါကို ကုသရန်အတွက် သဘာဝ စိတ်ဝိဥာဥ်များ၏ အကြောင်းကို သူ များစွာ လေ့လာထားခဲ့ပါသည်။
သို့ဖြစ်ရာ သဘာဝ စိတ်ဝိဥာဥ်များက အလွန်မာနကြီးပြီး မောက်မာကြကြောင်း သူ ကောင်းကောင်းကြီး သိထား၏။
မြင့်မြတ်နယ်မြေများမှ သဘာဝ စိတ်ဝိဥာဥ် များဆိုလျှင် ထိုနေရာပိုင်ရှင် သခင်ကြီးများကိုပင် မျက်နှာသာပေးလေ့ မရှိဘဲ မိမိတို့ စိတ်တိုင်းကျသာ နေလေ့ရှိတတ်ပေသည်။
သို့သော် .. လောထျန်းက ခေါင်းယမ်းကာ ပြောလာ၏။
" အဲ့ဒါက ကိစ္စ မရှိဘူးဗျ ၊ ခဏလေးစောင့် "
သူက ထိုသို့ ပြောပြီးသည်နှင့် ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ အော်ခေါ်လိုက်သည်။
" ပန်းလင်ရေ .. ဒီကို ခဏ လာပါဦးဗျ "
" ဟင် .. "
ထျဲ့နန်ဟွေ့ အံ့သြမှင်သက်သွားသည်။
ခဏအကြာတွင်မူ .. လမ်းကြားပေါက်ဝ၌ ကြက်ကင်တစ်တုံးကို လက်ထဲ ကိုင်ထားသည့် အရပ်ပုပု အမျိုးသမီးတစ်ယောက် ရောက်လာ၏။
ထိုအမျိုးသမီးမှာ ပန်းလင်ပင် ...
" ဘာလို့ အော်ခေါ်နေရတာလဲ ၊ ငါ စားလို့ပြီးတဲ့အထိလေးတောင် မစောင့်ဘူး "
ပန်းလင်က သိပ်ကျေနပ်ဟန်မရသည့် မျက်နှာဖြင့် ပြောလိုက်သည်။
ထျဲ့နန်ဟွေ့မှာ ပန်းလင်ကို ကြည့်ကာ အလွန်အံ့သြတုန်လှုပ်နေ၏။
" ဒါ .. ဒါ ... သဘာဝ စိတ်ဝိဥာဥ်လား .. "
ထို့နောက် ချင်ချင်း ဆိုသလိုပင် ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။ တဖက်လူက သူ့အပြုအမူကို ရိုင်းသည်ဟု သဘောထားကာ စိတ်ဆိုးပြီး ထွက်သွားမည်ကိုလည်း သူ အလွန်ကြောက်ရွံ့နေ၏။
လာထျန်းက မိန်းမငယ်လေးကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
" ဒီ ကလေးမလေးက နေမကောင်းဘူး။ ပြောတာတော့ သဘာဝ စိတ်ဝိဥာဥ်ကပဲ ဒဏ်ရာကို ကုသပေးနိုင်တယ်တဲ့ ။ ဆိုတော့ ခင်ဗျား သူ့ကို ကြည့်ပေးလို့ ရမလား "
ပန်းလင်က မျက်မှောင်ကြုံ့ကာ ပြန်ပြောလာသည်။
" သူ့ကို ကုပေးလို့ ရတယ် ၊ ဒါပေမယ့် ကန့်သတ်ချက် တစ်ခုတော့ ရှိတယ် "
ထို စကားကြောင့် ထျဲနန်ဟွေ့ ရင်ထဲ လေးလံသွား၏။ သူ ကြားထားခဲ့သည့် ကောလဟာလများက အမှန် ဖြစ်နေဟန်ပင် ။
သဘာဝ စိတ်ဝိဥာဥ် ထံမှ အကူအညီ တောင်းခံရန်မှာ ဖြစ်နိုင်ဟန် မတူပေ။
သို့သော် .. သူ့ မြေးမလေး၏ ကျန်းမာရေး အခြေအနေကို ပြန်တွေးမိကာ အံကြိတ်ပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။
တဖက်လူက သူ့အသက်ကို အဖိုးအခအဖြစ် တောင်းဆိုလာလျှင်ပင် သူ အသက်စွန့်ရ ပေလိမ့်မည်။
ထိုအချိန်မှာပင် ပန်းလင်က လက်ဝါးတစ်ဖက်ဖြန့်ကာ ပြောလာ၏။
" ငါ ဝက်သားကင် ၅ ချောင်းရယ် ၊ အမဲသားကင် ၃ ပေါင်ရယ် ၊ ကြက်ကင် ၄ ကောင်ရယ် ၊ ဝက်လက် အချောင်း ၂၀ ရယ် လိုချင်တယ် ။ ဝက်လက်ပဲ ယူမှာနော် .. ဝက်ခြေထောက်ဆို မရဘူး "
စာစဉ်ပြီး၏