← Chapters

ဒီကို လက်ဆောင်တွေ ပေးဖို့ လာခဲ့တာပါ

Vol. 17 Ch. 225

ဒီကို လက်ဆောင်တွေ ပေးဖို့ လာခဲ့တာပါ

Vol. 17 Ch. 225

ဘုန်း ...

လှေပျံပေါ်ရှိ လှံကြီးဆီမှ ဧရာမ အလင်းတန်းကြီးတစ်ခု တိုးထွက်လာကာ ပျောင်ပိုင်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။

လှေပေါ်မှ လူများမှာ ထိုလှံကြီး၏ အစွမ်းကို ကြည့်ကာ စိတ်လှုပ်ရှားသွားကြ၏။

" ဟူး ..ဒီ လှံကြီး ပစ်လိုက်တာကို မြင်တိုင်း ကြောက်ရတုန်းပဲ "

" ဒီ လှံသာ ငါ့ကို ဦးတည်ထားလို့ကတော့ ဘာအစအနမှတောင် ကျန်မယ်မထင်ဘူး "

" ခုနက ဂိုဏ်းချုပ်ကြီး ပြောသွားတာ မကြားလိုက်ဘူးလားကွ ။ မင်း မပြောနဲ့ ၊ သူတောင် ဒီ လှံချက်ကို ထိပ်တိုက် ရင်မဆိုင်ရဲဘူးတဲ့။ ဒီ မိုးပြာနဂါး တိုက်လှေကြီးက အဆင့် ၈ မှော်လက်နက်တွေထဲမှာတောင် ဘုရင်လို့ တင်စားပြီး ခေါ်ကြတာ။ ပေါ့သေးသေး မဟုတ်ဘူးကွ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

လောယွီ ဂိုဏ်းချုပ်ကြီး၏ မျက်နှာတွင်မူ အပြုံးတစ်ခု ရှိနေ၏

" ဒီ တစ်ချက်နဲ့ဆို နဂါး စိတ်စွမ်းအင်သွေးကြောက ငါတို့ လောယွီဂိုဏ်းအပိုင် ပြန်ဖြစ်လာတော့မှာ "

သူက လှံကြီးမှ ပစ်လွှတ်လိုက်သည့် အလင်းတန်းကို ကြည့်ကာ ပြုံးလိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် သူ့မျက်နှာထက်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုံ့သွား၏။

" အဲ့ဒါ ဘာကြီးလဲ "

ထိုစဥ် ခပ်လှမ်းလှမ်း၌ စူးရှသော အလင်းတန်းတစ်ခုက သူတို့ မိုးပြာနဂါးတိုက်လှေ ရှိရာဘက်သို့ ဦးတည်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် လာနေသည်။

" ဒါ .. ဓားစွမ်းအင်လား ၊ ဘယ်သူ့ရဲ့ ဓားစွမ်းအင်လဲ "

မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုက ဓားစွမ်းအင်အား မျက်မှောင်ကြုံ့၍ သေချာ ကြည့်လိုက်သည်။

" ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးဘူး ။ ဒီလူက ငါတို့ မိုးပြာနဂါး တိုက်လှေကိုတောင် ဓားစွမ်းအင်သုံးပြီး တိုက်ခိုက်ရဲတာဆိုတော့ တုံးအလွန်းတာပဲလား ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုလွန်းနေတာပဲလား တစ်ခုခုပဲ "

" တုံးအ လွန်းလို့ပေါ့ကွ ။ ငါတို့ မိုးပြာနဂါးတိုက်လှေက လှံကြီးကို ဓားစွမ်းအင်သုံးပြီး တိုက်ခိုက်နေတာဆိုတော့ .. ဦးနှောက် နည်းနည်းလေး ပါရင်တောင် သူ အဲ့လို လုပ်မှာ မဟုတ်ဘူး "

ထိုသို့ ပြောကာ အားလုံး တဟားဟား အော်ရယ်လိုက်ကြသည်။

လောယွီဂိုဏ်းချုပ်ကြီးသည်ပင် မနေနိုင်ဘဲ ပြုံးမိသွား၏။

သို့သော် .. ထို့နောက်တွင်မူ အားလုံး၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားကာ ကြက်သေ သေသွားကြတော့သည်။

မိုးပြာနဂါးတိုက်လှေ၏ လှံကြီးမှ ပစ်လွှတ်လိုက်သော အလင်းတန်းကြိီးက ဓားစွမ်းအင်နှင့် တိုက်မိသွားကြ၏။

သို့သော် ... မျှော်လင့်မထားစွာပင် .. ၎င်းအလင်းတန်းကြီးက ဓားစွမ်းအင်နှင့် ထိမိလိုက်သည်နှင့် ချက်ချင်း ပြိုကွဲပျက်စီးသွားတော့သည်။

တဖက်မှ ဓားစွမ်းအင်မှာမူ မည်သို့သော အကျိုးသက်ရောက်မှုမှ မရှိသည့်အလား တိုက်လှေဆီသို့သာ ဆက်တိုးဝင်လာသည်။

လောယွိဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေး၏။  ထို့နောက်မှ သာ တစ်စုံတစ်ခု လွဲနေသည်ကို သူ သတိထားမိသွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။

" အားလုံး လှေကိုထားပြီး ထွက်ပြေးကြဟေ့ "

ထိုသို့ ပြောပြီးပြီးချင်မှာပင် သူ လေထဲသို့ ပျံတက်လိုက်သည်။

" အင် ... "

အားလုံးမှာ အံ့အားသင့်နေကြသော်လည်း မြန်မြန်ပင် အသိဝင်လာကာ လေထဲသို့ အလားတူ ပျံတက်လိုက်ကြသည်။

ချက်ချင်း ဆိုသလိုပင် ..

ဘုန်း ..

ဓားစွမ်းအင်က မိုးပြာနဂါး တိုက်လှေဘေးမှ ဝီခနဲ ဖြတ်သွားပြီး ၎င်း၏ လက်ကျန် နောက်ဆက်တွဲ ဓားစွမ်းအင်များက တိုက်လှေကြီးအား အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်လိုက်တော့သည်။

" ဒါ ... တကယ်ရောဟုတ်ရဲ့လား "

အားလုံးမှာ အံ့သြမှင်သက်ကာ ​အခြေအနေကို မယုံကြည်နိုင် ဖြစ်နေကြ၏။

မိုးပြာနဂါး တိုက်လှေကြီးမှာ အံ့မခန်း တိုက်ခိုက်ရေးအစွမ်း ရှိသည့်အပြင် အကာအကွယ်ပိုင်း၌လည်း မလျော့ပါချေ။

တိုက်လှေ၏ ဘေးပတ်ပတ်လည်တွင် ရာနှင့်ချီသော အကာအကွယ် အစီအမံများလည်း ရှိထားသေး၏။

အကယ်၍ ကောင်းကင်ဘုံအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်လာလျှင်ပင် တိုက်လှေကြီးကို တစ်စုံတစ်ရာ ထိခိုက်ရန် အနည်းဆုံး နာရီများစွာကြာ အချိန်ယူတိုက်ခိုက်ရမည် ဖြစ်ပါသည်။

သို့သော် ..ယခု ထိုဓားစွမ်းအင်၏ လက်ကျန်စွမ်းအင်ကပင် တိုက်လှေကြီးကို ဖျက်ဆီးရန် လုံလောက်သည် တဲ့လား ။

ထိုဓား၏ ပိုင်ရှင်က ... မည်မျှ အစွမ်းထက်နေပါသနည်း ။

အားလုံး တွေးကာ ကြောက်လန့်တုန်လှုပ်သွားကြသည်။

ထိုစဥ် .. တဖက်မှ ပျောင်ပိုင်မြို့ အရှေ့တွင်မူ .

လောထျန်းက ဓားကို လူငယ်ဆီသို့ ပြန်ပေးလိုက်၏။

" ကဲ ..ခုနက မြင်ခဲ့ရတာက တကယ့် ကောင်းကင်ဘုံ ဓားသိုင်းကွက် အစွမ်းရဲ့ ဆယ်ပုံ တစ်ပုံစာပဲ ရှိသေးတယ် "

လောထျန်းက ပြောလိုကါသည်။

လူငယ်များမှာ အံ့သြတကြီး ဖြစ်ကုန်ကြ၏။

" တော်တော်အစွမ်းထက်တဲ့ ဓားသိုင်းပါလား .. ။ ကျွန်တော်ရော ဘယ်အချိန်ကျမှ အဲ့လို ဓားသိုင်းကွက်မျိုး သုံးနိုင်မလဲ မသိဘူး "

" ကျွန်မလဲ သေချာကြည့်တာတောင် ဓားက မြန်လွန်းနေတော့ အပိုင်းတော်တော်များများကို သေချာ မမြင်လိုက်ရဘူး။ လောချူ ၊ နင့်ရဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်က ကြယ်မျက်လုံးဆိုတော့ နင်ရော သေခချာမြင်လိုက်ရလား "

လောချူက သူ့ စိတ်စွမ်းအင်ပင်လယ် ပုံရိပ်ကို အသက်သွင်းကာ ဓားစွမ်းအင် ထွက်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ တအံ့တသြ ပြောလာ၏။

" တော်တော်အစွမ်းထက်တဲ့ ဓားစွမ်းအင်ပဲ ။ လှေကြီးတစ်စင်းကိုတောင် အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်နိုင်တယ် "

လောထျန်းသည် အစပိုင်းတွင် အားလုံး၏ စကားကို အေးအေးလူလူ နားထောင်နေခဲ့သော်လည်း ..

ထိုစကားကို ကြားသည်နှင့် ခေတ္တမျှ အံ့သြမှင်သက်သွားသည်။

" လှေ .. ဟုတ်လား ၊ ဘာလှေလဲ "

သူ ချက်ချင်းပင် စိတ်ဝိဥာဥ်အစွမ်းကို ဖြန့်ကျက်၍ ဓားစွမ်းအင် ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်သည်။

" ကြည့်ရတာ ..တစ်ခုခုနဲ့ တိုက်မိသွားတဲ့ပုံပဲ ။ ကျင်းဖန် .. ကျုပ်ကို အဲ့နေရာ လိုက်ပို့ဦး "

လောထျန်း ကျယ်လောင်စွာ အော်လိုက်သည်။

သူ၏ ဓားစွမ်းအင်သာ အပြစ်မဲ့သည့် တစ်စုံတစ်ယောက်ကို သတ်မိသွားပါက ပြဿနာပင် မဟုတ်ပါလား .. ။

" ဟုတ်ကဲ့ သခင်လေး "

ဘုရင်ကျန်းဖန်က ချက်ချင်း တောင်ပံနှစ်ဖက်ကို ဖြန့်ကာ လောထျန်းအား ကျောပေါ်တင်၍ ပျံသန်းသွားလိုက်သည်။

လက်ရှိတွင် တုကျဲ့အဆင့်သို့ ရောက်နေပြီဖြစ်သည့် ဘုရင်ကျင်းဖန်မှာ ယခင်ကထက် များစွာ ပိုလျင်မြန်နေလေပြီ ။

တဖက်မှ လောယွီဂိုဏ်းဝင်များ ရှိသည့်နေရာ၌..

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ "

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက တစ်စစီ ပျက်စီးသွားသည့် တိုက်လှေကြီးကို ကြည့်ကာ တုန်တုန်ယင်ယင် မေးလိုက်သည်။

ဤခရီးကို လာခဲ့သည့် သူတို့၏ ပထမ အစီစဥ်မှာ စိတ်စွမ်းအင်သွေးကြောအား ပြန်လည် ဖမ်းယူရန် ဖြစ်ပါသည်။

သို့သော် .. မြို့အနီးသို့ မရောက်ခင်မှာပင် ယခုလို အခြေနေမျိုးနှင့် ကြုံရမည်ဟု မည်သူ ထင်ထားပါမည်နည်း။

ထို့ထက်ပို အရေးကြီးသည်မှာ အစောက သူတို့ မြင်တွေ့ခဲ့ရသည့် ဓားစွမ်းအင်၏ အစွမ်းထက်မှုပင် ။

ထိုသို့သော ဓားစွမ်းအင်မျိုးကို ထုတ်လွှတ်နိုင်သူမှာ မည်သူပါနည်း ။

" ပြန်သွားကြစို့ "

လောယွီဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီးက ချက်ချင်း အမိန့်ပေးလိုက်သည်။

ထို ဓားစွမ်းအင်ကို မြင်လိုက်ရသည်နှင့် သူ ပျောင်ပိုင်မြို့အား လျှော့တွက်ကာ အမှားယွင်းတစ်ခု လုပ်လိုက်မိပြီဖြစ်ကြောင်း နားလည်သွားခဲ့ရ၏ ။

လတ်တလောတွင် စိတ်စွမ်းအင်သွေးကြောအား ပြန်ယူရန် ကြိုးစားခြင်းက မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ခြားမည် မဟုတ်ပါချေ။

သို့သော် .. ထိုအချိန်တွင် ..

ဝှစ် .

ခပ်လှမ်းလှမ်းမှ လေထုကို ဖြိုခွင်း၍ လာနေသည့် အသံတစ်သံ ထွက်ပေါ်လာပြီး ..

လောထျန်းအား ကျောပေါ် သယ်လာသည့် ဘုရင်ကျင်းဖန် ရောက်လာသည်။

၎င်းကို မြင်သည်နှင့် ဂိုဏ်းချုပ်ကြီး ချက်ချင်း မျက်လုံးပြူးသွားသည်။

" တုကျဲ့အဆင့် ရှိတဲ့ နတ်ဘုရားသားရဲ တစ်ကောင်ပါလား ။ မဟုတ်သေးဘုး ၊ သူ့အရောင်အဝါက တုကျဲ့အဆင့်က သာမာန် နတ်ဘုရားသားရဲတစ်ကောင်ထက်တောင် ပိုအစွမ်းထက်တယ် "

" ဒီလို နတ်ဘုရားသားရဲတစ်ကောင်ကို စီးတော်ယာဥ်အဖြစ် သုံးနေတာပေါ့ "

ဘုရင်ကျင်းဖန်၏ ကျောပေါ်မှ လောထျန်းကို မြင်သည့်အချိန်တွင်မူ လောယွီဂိုဏ်းချုပ်ကြီး၏ စိတ်ထဲ ပိုလေးလံသွား၏။

ထိုအချ်န်တွင် လောထျန်းက သူတို့အနီးမှ တစစီ ကျိုးပျက်နေသည့် မိုးပြာနဂါး တိုက်လှေကြီးကို တွေ့သွားကာ ချက်ချင်း ဦးညွှတ်၍ ဆိုလိုက်သည်။

" ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် စောနက ဓားထုတ်ရင်း နည်းနည်း သတိလက်လွတ် ဖြစ်သွားတယ်။ တစ်ယောက်ယောက်များ ထိခိုက်မိသွားသေးလား "

" ဟင် .. "

ထိုစကားကို ကြားသော်အခါ လောယွီဂိုဏ်းချုပ်ကြီး တစ်ကိုယ်လုံး တုန်သွား၏။

အစောက ဓားစွမ်းအင်က သူ့ရှေ့မှ လူငယ်လေး၏ လက်ချက်တဲ့လား ..

ထို့နောက် သူ လောထျန်းအား သေချာကြည့်လိုက်ရာ လောထျန်း၏ ကျင့်ကြံခြင်းအဆင့်မှာ အရမ်း မမြင့်ဘဲ စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်၌သာ ရှိသေးသည်ကို မြင်လိုက်ရသည်။

သို့သော် .. သူ့ကိုယ်တွင်မူ အစွမ်းထက် ဓားစွမ်းအင်က ရစ်ပတ်နေ၏။

၎င်းမှာ အစောက သူတို့ မြင်တွေ့ခဲ့ရသည့် ဓားစွမ်းအင်နှင့် အရောင်အဝါ အတူတူပင် ။

တစ်နည်းအားဖြင့် ဆိုရသော် .. ယခု သူ့ရှေ့တွင် ရပ်နေသည့် လူငယ်၏ အစွမ်းမှာ အစွမ်းထက်လွန်း၍ မိုးသို့ပင် ထိုးနေသည်ဟု ဆို၍ ရပေသည်။

ထိုလူငယ်က သူ့လူများကိုပင် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း သတ်နိုင်မည်မှာ သံယဖြစ်စရာ မရှိချေ။

ဂိုဏ်းချုပ်ကြီးမှာ ၎င်းကို တွေးကာ ပိုပို၍ ကြောက်ရွံ့လာ၏။

" မထိခိုက်ပါဘူးဗျာ ၊ အထိအခိုက် မရှိပါဘူး "

သူ အသံတုန်တုန်ဖြင့် ပြန်ပြောလိုက်သည်။

သူ သေချာဂရုတစိုက် မဖြေပါက လောထျန်း စိတ်ဆိုးသွားပြီး သူ့အား သတ်ပစ်မည်ကိုလည်း ဂိုဏ်းချုပ်ကြီး အလွန် ​စိုးရိမ်နေ၏။

လောထျန်းကမူ ထိုစကားကို ကြားမှသာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။

" ဘယ်သူမှ မသေသွားတာ တော်သေးတာပေါ့ဗျာ ။ ခင်ဗျားနဲ့ ကျုပ်နဲ့ကြားမှာ ဘာရန်ညိုးမှလဲ မရှိထားဘူးလေ ။ တကယ်လို့ ကျုပ်တို့ ပျောင်ပိုင်မြို့ကို ရန်စဖို့ လာတာဆိုရင် ခင်ဗျားတို့ကို တစ်စစီ ဖြစ်အောင် လုပ်တာ ကိစ္စမရှိပေမယ့် ဘာရန်ညိုးမှ မရှိဘဲ မတော်တဆ ထိခိုက်အောင် လုပ်မိသွားရင်တော့ ကျုပ်ရဲ့အမှား ဖြစ်သွားပြီဗျ။ ဒါနဲ့ .. စကားမစပ် ခင်ဗျားတို့က ဒီကို ဘာလာလုပ်ကြတာလဲ "

လောထျန်းစကားကြောင့်  လောယွီဂိုဏ်းသားများ၏ နှလုံးခုန်သံများ မြန်လာကြသည်။

ပျောင်ပိုင်မြို့ကို ရန်စလျှင် တစစီဖြစ်အောင် အလုပ်ခံရမည်တဲ့လား ..

သူတို့က အမှန်တွင်လည်း ပျောင်ပိုင်မြို့မှ လူများကို ပြဿရှာရန် လာခဲ့ကြခြင်းပင် ။

ထိုလူငယ်က .. သူတို့က တမင်တကာ ရွဲ့ပြောနေခြင်းပေလား ။

လောယွီဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီးက အသံတုန်တုန်ဖြင့် မဝံ့မရဲ ပြန်ပြော၏။

" ကျုပ် .. ကျုပ်တို့က လောယွီဂိုဏ်းကပါ ။ ဒီတစ်ခေါက် ပျောင်ပိုင်မြို့ကို လာခဲ့ရတဲ့ အကြောင်းရင်းက .... သခင်လေးကို လက်ဆောင်တွေ ပေးချင်လို့ပါ "

လောထျန်းက တအံ့တသြ ပြန်မေးသည်။

" လက်ဆောင် ..ဟုတ်လား ၊ ဘာလက်ဆောင်လဲဗျ "

လောယွီဂိုဏ်းချုပ်ကြီးက ပြန်ပြော၏။

" ခဏလေး စောင့်ပါ သခင်လေး "

သူက ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်၍ လက်ယမ်းပြကာ လောယွီဂိုဏ်းသားများအားလုံးကို စုဝေးလိုက်သည်။

" လာ ..လာ ၊ မင်းတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေ အာလုံး ထုတ်ပေးကြ "

သူ လေသံတိုးတိုးဖြင့် ပြော၏။

" ဟင်.. ဂိုဏ်းချုပ်ကြီး၊ ကျုပ်တို့မှာ ရှိသမျှ အကုန် ထုတ်ပေးရမှာလား "

အကြီးအကဲတစ်ယောက်က မကျေနပ်သည့် အသွင်ဖြင့် မေးလာသည်။

' အဓိပ္ပါယ် မရှိတဲ့စကားတွေ လျှောက်​မေးမနေနဲ့ ။ မင်း အသက်ဆက်ရှင်ချင်သေးတယ် မလား ။ ဘာမှချန်မထားဘဲ ရှိသမျှ အကုန်သာထုတ် "

ဂိုဏ်းချုပ်ကြီးက အံကြိတ်ကာ ပြန်ပြောလိုက်သည်။

" ကောင်းပါပြီ "

အားလုံးမှာ မည်သို့မှ မတတ်နိုင်ကြဘဲ ဟင်းလင်းပြင်လက်စွပ်များကို ကိုယ်စီ ထုတ်ပေးလိုက်ကြရ၏။

ဂိုဏ်းချုပ်ကြီးက သူ့ရှေ့မှ ပစ္စည်းများကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

" ဂိုဏ်းချုပ်ကြီး ၊ အားလုံးက တိုက်လှေကြီး မပျက်စီးချင် အလျင်စလို ထွက်ပြေးလာကြရတော့ ဘာမှ များများစားစား ပါမလာဘူးဗျ ။ ပစ္စည်းအများစုက တိုက်လှေကြီးနဲ့အတူ ဖျက်ဆီးခံလိုက်ရပြီ။ကျုုပ်တို့ဆီမှာ ဘာမှ ထပ်ပေးစရာ မကျန်တော့ဘူး "

မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ငိုချတော့မည့် မျက်နှာဖြင့် ရှင်းပြ၏။

အားလုံးကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။

အမှန်တွင်လည်း အစောက မတော်တဆမှုမှာ ရုတ်တရက် ဖြစ်သွားခဲ့ခြင်း ဖြစ်သဖြင့် သူတို့၏ ပိုင်ဆိုင်မှု အများစုက ဓားစွမ်းအင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ကြရလေပြီ ။

" မဖြစ်သေးဘူး ၊ ပစ္စည်းက နည်းလွန်းနေသေးတယ်။ ဒီလောက်နဲ့တော့ ငါတို့ရဲ့ စိတ်ရင်းမှန်ကို ပြဖို့ မလုံလောက်သေးဘူး။ ကဲ .. အားလုံး အဝတ်အစားတွေ ချွတ်ကြ "

ဂိုဏ်းချုပ်ကြီးက အံကြိတ်၍ ပြောလိုက်သည်။

" ဟင် .. ဂိုဏ်းချုပ်ကြီး .. "

အားလုံး ရှက်သွားကြ၏။

သူတို့ ဖြစ်ပျက်သွားပုံကြောင့် ဂိုဏ်းချုပ်ကြီးက ချက်ချင်း မျက်နှာသုန်မှုန်သွားကာ ထပ်ပြောလိုက်သည်။

' ငါတို့ ဂိုဏ်းရဲ့ အဝတ်စားတွေက ကောင်းကင်ဘုံ ပိုးကောင်တွေကနေ ရတဲ့ ပိုးချည်တွေနဲ့ လုပ်ထားတာမို့ အဆင့် ၆ မှော်လက်နက်တွေနဲ့တောင် တန်ဖိုးချင်း ယှဥ်လို့ရတယ်ကွ။ လောလောဆယ် ငါတို့မှာ ပေးစရာက ဒါပဲ ကျန်တော့တာ ။ အဲ့တော့ မင်းတို့ရဲ့ အသက်က အရေးကြီးသလား ၊ အဝတ်အစားက ပိုအရေးကြီးသလား ပြော "

ထိုစကားကို ကြားပြီးနောက်တွင်မူ အားလုံးမှာ ကူကယ်ရာ မဲ့နေသည့် မျက်နှာငယ်လေးများဖြင့် အဝတ်အစားများ ချွတ်လိုက်ကြတော့သည်။

" ဟင် .. ဒီလူတွေက ဘာတွေ လုပ်နေကြတာလဲ "

သူတို့ကို မလှမ်းမကမ်းမှ ကြည့်နေသည့် လောထျန်းတစ်ယောက် နားမလည်နိုင် ဖြစ်သွား၏။

All Chapters