← Chapters

ဘီလူးမြို့

Vol. 17 Ch. 227

ဘီလူးမြို့

Vol. 17 Ch. 227

" ကောင်းပြီဗျာ ၊ ဒါဆို အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြပါ "

လောထျန်းက နောက်လှည့်ကာ အားလုံးကို ပျောင်ပိုင်မြို့ဆီသို့ ဦးဆောင် ခေါ်လာခဲ့လိုက်သည်။

ထိုအချိန်တွင် လောယွီဂိုဏ်းမှ လူများအားလုံးမှာ ငိုမဲ့မဲ့ မျက်နှာကိုယ်စီ ရှိနေကြ၏။

" ငါ .. သေရတော့မလို ဘာဖြစ်လို့ ခံစားနေရလဲ "

ဂိုဏ်းမှ တပည့်တစ်ယောက်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

အခြားတဖက်မှ မိုင် ရာပေါင်းများစွာ ကွာဝေးသော နေရာတစ်ခု၌ ..

" ပြေးရမယ် .. ပြေးရမယ် "

ဟွမ်ဟိုင်သည် သူ အပြေး နှေးသွားခဲ့ပါက လောထျန်း သူ့ကို တွေ့သွားမည် စိုးသည့်အလား အသည်းအသန် ပြေးလွှားနေ၏။

" ချီး .. အဆုံးအစမဲ့ အဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်တောင် ချက်ချင်း အသတ်ခံခဲ့ရတာပဲ ။ ဟွမ်ဝေ့ ရေ .. မင်း ရှုံးသွားခဲ့တာ မထူးဆန်းတော့ဘူး ။ မင်းက ဘယ်လို ဘီလူးမျိုးကိုမှ သွားပြီး စော်ကားခဲ့လဲကွာ "

" သူ့ကို ဒီတိုင်း သတ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့

. ငါ ဘာဆက်လုပ်ရမလဲ .. ။ ခေါင်းတောင် ကိုက်လာပြီ "

ဟွမ်ဟိုင်က ပြေးလွှားနေရင်း တစ်ကိုယ်တည်း ပြောနေ၏။

ထိုစဥ် တဖက်မှ လောထျန်းတို့ အုပ်စုကမူ ပျောင်ပိုင်မြို့သို့ ပြန်ရောက်သွားကြသည်။

သူတို့ မြို့ထဲ ရောက်သည်နှင့် လောမိသားစု၏ ပထမ အကြီးအကဲက သူတို့အား မြို့အဝင်မှာတင် စောင့်ကြိုနေ၏။

သို့သော် .. ဘုရင်ကျင်းဖန် သယ်လာသည့် ပစ္စည်းများနှင့် လောယွီဂိုဏ်းမှ လူများ၏ အဝတ်အစားများကို တွေ့သော အချိန်တွင်မူ ပထမ အကြီးအကဲ ခေတ္တမျှ အံသြမှင်သက်သွားသည်။

" သခင်လေး ၊ ဒါတွေကို ဓားပြ တိုက်လာတာလား ။ ဘယ်လိုဖြစ်လို့ အဝတ်အစားတွေပါ ယူလာတာလဲ "

ပထမအကြီးအကဲက မေးလိုက်သည်။

ထိုသို့ အဝတ်အစားပါ မချန်ပြန်ယူလာခြင်းက ဝူယွိမသေမျိုး နန်းတော်တွင် တစ်ကြိမ် ဖြစ်ဖူးထားပေရာ သူ ထိုသို့တွေးသည်မှာ မဆန်းပါချေ ။

ထိုစကားကို ကြားသောအခါ လောထျန်းက မြန်မြန်ခေါင်းယမ်းပြီး ရှင်းပြ၏။

" မဟုတ်ဘူးဗျ ၊ ကျုပ် အတင်းယူလာတာ မဟုတ်ဘူး ။ သူတို့က ကျုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်တာ "

ပထမအကြီးအကဲက အံ့သြတကြီး ပြန်မေးသည်။

" လက်ဆောင် ..ဟုတ်လား "

ထို့နောက် သူက အဝတ်စားများနှင့် ဖိနပ်ပုံကြီးကို တလှည့် ၊ လောယွီဂိုဏ်းမှ လူများကို တစ်လှည့်ကြည့်ကာ ခေါင်းကုတ်လိုက်ရ၏။

" လက်ဆောင်နဲ့မတူဘဲ ဘာလို့ အတင်း လုလာတာနဲ့ တူနေရတာလဲ "

လောထျန်းမှာလည်း အနည်းငယ် စိတ်ရှုပ်ကာ နားမလည်ဟန်ဖြင့် ရှင်းပြသည်။

" ကျုပ် တကယ် လုလာတာ မဟုတ်ဘူးဗျ ။ မယုံရင် သူတို့ကို မေးကြည့် "

သူက ထိုသို့ပြောပြီးနောက် လောယွီဂိုဏ်းမှ လူများဘက် ရုတ်တရက် လှည့်၍ မေးလိုက်သည်။

" ကျုပ် ခင်ဗျားတို့ကို ဓားပြတိုက်လာတာလား "

လောထျန်းမှာ အထူးအထွေ မစဥ်းစားဘဲ နောက်လှည့်လိုက်ခြင်း ဖြစ်သေွလည်း ...

လောယွီဂိုဏ်းမှ လူများအားလုံး၏ အမြင်တွင်မူ ထိုသို့ မဟုတ်ပေ ။

သူတို့အမြင်တွင်မူ .. ကြောက်စရာ ရှေးဟောင်းသားရဲကြီးတစ်ကောင်က ခေါင်းလှည့်လာကာ အစွယ်များပြ၍ စိုက်ကြည့်နေသကဲ့သို့ ခံစားနေကြရ၏။

ချက်ချင်းပင် အားလုံး တောင့်ခနဲ ဖြစ်သွားကြပြီး သံပြိုင် ပြန်ဖြေလိုက်ကြသည်။

" မဟုတ်ပါဘူး "

ပထမ အကြီးအကဲက ထိုလူများကို ကြည့်ကာ ပြော၏။

" ခုက အတင်းလုလာတာနဲ့ .. ပိုတောင် တူသွားသေးတယ် ။ သခင်လေး ၊  ကျုပ်တို့ အဲ့လို ဓားပြထွက်တိုက်လဲ သိပ်တော့ သိစ္စမရှိပါဘူး ။ ခုလို လုပ်တာ ဒါ ပထမဆုံးမှ မဟုတ်တာပဲ "

လောထျန်းကမူ ချက်ချင်း မျက်နှာညိုသွားကာ စိတ်ရှုပ်နေဟန် ဖြစ်သွားသည်။

" အဲ့လို မဟုတ်ပါဘူးဗျာ ။ ကျုပ် မြို့ပြင်မှာ ရှိနေတုန်း သူတို့ရဲ့ လှေပျံကြီးကို ဓားတစ်လက်နဲ့ မတော်တဆ ဖျက်ဆီးမိသွားလို့ပါ။ အဲ့နောက်တော့ သူတို့တွေက ဒီပစ္စည်းတွေကို ပေးလာကြတာပဲ "

လောထျန်းက ပြောပြလိုက်သည်။

ပထမအကြီးအကဲက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ဒါ .. ဓားပြတိုက်တာပဲ မဟုတ်ဘူးလားဗျ "

လောထျန်း စိတ်ရှုပ်သွားပြီး ခေါင်းကုတ်ကာ လောယွီဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးဘက် လှည့်ပြောလိုက်သည်။

" ဒီကိုလာဦးဗျာ ၊ ခင်ဗျားကိုယ်တိုင်ပဲ လာပြောတော့ "

လောယွီဂိုဏ်း၏ဂိုဏ်းချုပ်ကြီးက အောင့်သက်သက်အပြုံးဖြင့် ပြော၏။

" အကြီးအကဲ ၊ ကျုပ်တို့က တကယ်ကို လက်ဆောင်ပေးတာပါ "

ပထမအကြီးအကဲ  :  " အိုး .. ကျုပ် နားလည်ပါပြီဗျာ ၊ နားလည်ပါပြီ "

ဂိုဏ်းချုပ်ကြီးက မြန်မြန် ထပ်ရှင်းပြ၏။

" အဲ့လိုမဟုတ်ဘူးဗျ ၊ အကြီးအကဲ အထင်လွဲနေပြီ ။ ဒီလိုပါဗျာ .. ကျုပ်တို့က လောယွီဂိုဏ်းကပါ ။ ပျောင်ပိုင်မြို့ရဲ့ ဂုဏ်သတင်းကို ကျုပ်တို့ ကြားထားတာ ကြာလှပြီဗျ ။ ဒီတစ်ခေါက် အကြီးအကဲတို့ဆီကို တမင် အလည်လာခဲ့တာပါ "

ပထမအကြီးအကဲမှာ အစပိုင်းတွင် သိပ်ယုံဟန် မတူသော်လည်း ထိုစကားကို ကြားပြီးနောက်တွင်မူ ချက်ချင်း မျက်လုံးပြူးသွားသည်။

" လော ..လောယွီဂိုဏ်းကလား ၊ ဖုန့်လင်းဒေသမှာ နာမည်ကျော်တဲ့ လောယွီ ဂိုဏ်းလား .. "

သူ တအံ့တသြ မေးလိုက်သည်။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်ပြ၏။

" အဲ့လိုဂုဏ်ပုဒ်မျိုးကိုတော့ မခံယူဝံ့ပါဘူးဗျာ ။ ဒါပေမယ့် ဖုန့်လင်းဒေသမှာတော့ လောယွီဂိုဏ်းနာမည်က ကျုပ်တို့ ဂိုဏ်းတစ်ခုပဲ ရှိတာဗျ "

ပထမအကြီးအကဲမှာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ လောယွီ ဂိုဏ်းသားများအား ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ ထို့နောက် သူ လောထျန်းဆီသို့ လျှောက်သွား၏။

" သခင်လေး ၊ လောယွီဂိုဏ်းက တကယ့် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုပဲ။ ကျုပ်တို့တွေ ဒီအခွင့်အရေးကို အမိအရ ယူပြီး သူတို့နဲ့ မိတ်ဆွေဖွဲ့ထားသင့်တယ် "

သူ လောထျန်းနားကပ်ကာ တီးတိုးပြောလိုက်သည်။

" အိုး ..အဲ့လိုလား "

လောထျန်းက ပြောရင်းဆိုရင်း အားလုံးကို ဝေ့ဝဲကြည့်လိုက်၏။

ပထမအကြီးအကဲက ခေါင်းညိတ်ကာ ဆက်ပြောသည်။

" အမှန်ပဲ ၊ ဒီလို အခွင့်အရေးမျိုးက ရှားတယ် သခင်လေးရဲ့ ။ အခု သူတို့က ကျုပ်တို့ကို လိုလိုလားလားနဲ့ မိတ်ဆွေလာဖွဲ့တာဆိုတော့ ဒီ အခွင့်ရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။ သူတို့နဲ့ မိတ်ဆွေဖွဲ့ထားရင် နောက် အရေးကြုံလာတဲ့အခါ ကျုပ်တို့အတွက် အထောက်အကူ ဖြစ်တာပေါ့ဗျာ "

လောထျန်းက လောယွီဂိုဏ်းမှ လူများကို တစ်ချက်ထပ်ကြည့်ကာ ပြန်ပြော၏။

" အင်း .. မိတ်တွေ နည်းတာထက် များတာက ပိုကောင်းတာ အမှန်ပဲ "

အကြီးအကဲက ခေါင်းညိတ်ပြသည်။

" ဟုတ်တယ် ၊ ဒါဆို .. ကျုပ် လိုအပ်တဲ့ကိစ္စတွေ စီစဥ်လိုက်ရမလား "

" ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဗျာ "

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

သူတို့ နှစ်ဦး ထိုသို့ အပြန်အလှန် ဆွေးနွေးကြပြီးနောက် ပထမအကြီးအကဲက လောယွီဂိုဏ်းမှ လူများဘက် ချက်ချင်းလှည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

" လောယွီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လာလည်တာဆိုတော့ ကျုပ်တိုပျောင်ပိုင်မြို့အတွက် ဂုဏ်ယူစရာကြီးပဲဗျာ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း ချက်ချင်း ဝမ်းသာသွားဟန်ဖြင့် ပြန်ပြော၏။

" အကြီးအကဲက အရမ်း ယဥ်ကျေးလွန်းနေပါပြီဗျာ။ ပျောင်ပိုင်မြို့ကို လာရတာကိုက ကျုပ်တို့အတွက် ဂုဏ်ယူစရာ တစ်ခုပါ "

ပထမ အကြီးအကဲက ပြန်ပြောသည်။

" ကိုယ့်ကိုယ်ကို အဲ့လောက်ကြီး မနှိမ့်ချပါနဲ့ ဂိုဏ်းချုပ်ကြီးရယ် ။ ကျုပ်တို့ ပျောင်ပိုင်မြို့က လောယွီဂိုဏ်းထက် အများကြီး ပိုအစွမ်းနိမ့်ပါတယ် "

ဂိုဏ်းချုပ်ကြီးမှာ ထိုစကားကြောင့် ချက်ချင်း ငိုမဲ့မဲ့ ဖြစ်သွား၏။

များစွာ အစွမ်းနိမ့်သည်တဲ့လား ..

သူတို့၏ သခင်လေးက အဆုံးအစမဲ့ အဆင့်ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ခဲ့သည်ကိုရော သိပါရဲ့လား ။

မည်သူက မည်သူ့ထက်ပို အစွမ်းနိမ့်ပါသနည်း ။

ပထမ အကြီးအကဲက စကားဆက်သည်။

" ဂိုဏ်းချုပ်ကြီးတို့ ခရီးအဝေးကြီးကနေ လာခဲ့ရတော့ ပင်ပန်းနေကြမှာပဲ ။ ကျုပ် လူလွှတ်ပြီး ညစာစားပွဲတစ်ခု ပြင်ခိုင်းလိုက်မယ်ဗျာ ။ အခု လောလာဆယ်တော့ ကျုပ် ဂိုဏ်းချုပ်ကြီးတို့ကို ပျောင်ပိုင်မြို့ထဲ လိုက်ပြပေးမယ်လေ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်၏။

" ကောင်းပါပြီ၊ ဒါဆို ကျေးဇူးပြုပြီး ဦးဆောင်ပါဗျာ "

လက်ရှိတွင် သူ မည်သို့ လုပ်ရမည် မသိ ဖြစ်နေလေရာ တဖက်လူ ပြောသမျှအတိုင်း လိုက်လုပ်ခြင်းကသာ အကောင်းဆုံးပင် ။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ သခင်လေးက အင်မတန် အစွမ်းထက်တယ် ဆိုပေမယ့် ပျောင်ပိုင်တစ်မြို့လုံးရဲ့ အစွမ်းကတော့ လုံလောက်တဲ့အစွမ်း မရှိသေးဘူးဗျ ။ ကျုပ်တို့ဆီမှာ ထိပ်တန်းအဆင့် သိုင်းသမားတွေ လိုနေတုန်းပဲ "

ပထမအကြီးအကဲက လမ်းလျှောက်နေရင်း ရှင်းပြသည်။

လောယွီဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်၏။ အမှန်တွင်လည်း သူ ထွက်လာသည့် လမ်းတလျှောက်တွင် ထိုသို့ ထိပ်သီး အစွမ်းထက် သိုင်းသမားများ မတွေ့ခဲ့ရပါ။

ထိုအချိန် သူ့စိတ်ထဲတွင် သံသယလည်း အနည်းငယ် ဝင်လာသည်။ ပျောင်ပိုင်မြို့တွင် လောထျန်းတစ်ယောက်တည်းကသာ အခြားသူများနှင့် ယှဥ်နိုင်သည့် တိုက်ခိုက်စွမ်းရည် ပိုင်ဆိုင်ထားသည်လား ။

သို့သော် .. ထိုစဥ်မှာပင် ..

" သခင်မကြီး ချင်းလျန်၊ ကျေးဇူးပြုပြီးတော့ အဲ့လိုအစွမ်းမျိုးနဲ့ ကျွန်မကို ထပ်တိုက်ခိုက်ပေးပါရှင် ။ တစ်ခါတည်းပါ ၊ ကျေးဇူးပြုပြီး လုပ်ပါရှင် "

ခပ်လှမ်းလှမ်းရှိ အဆောက်အဦး တစ်ခုရှေ့၌ တင်းပုတ်တစ်ခုကို  ကိုင်ထားသည့် နျိုထျဲ့ချူက တောင်းပန်သံဖြင့် ပြောနေ၏။

အဆောက်အဦးထဲမှလည်း အသံတစ်သံ ထွက်လာသည်။

" အား .. ငါ နင့်ကို သည်းမခံနိုင်တော့ဘူးနော် ။ အဲ့တစ်ကြိမ်ပဲလို့ သဘောတူထားပြီးသားလေ "

နျိုထျဲ့ချူက ဝမ်းနည်းသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆိုလဲ .. ကျေးဇူးပြုပြီး အကြံဉာဏ်တော့ ပေးပါ"

ထို့နောက်တွင်မူ ..

ဘုန်း ..

အဆောက်အဦးထဲမှ အရိုးဖြူ သားရဲကြီး ထွက်လာပြီး နျိုထျဲ့ချူအား လေထဲရောက်အောင် ရိုက်ပစ်လိုက်၏။

" ဟင် ... "

လောယွီဂိုဏ်းမှ လူများမှာ ထိုအခြင်းရာကို မြင်သည်နှင့် ​ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။

လောယွီဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီးကလည်း ဖုချင်းလျန်အား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်၏။

" ဒီကောင်ကြီးက တစ်ခုခုတော့ လွဲနေတယ် ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တုကျဲ့အဆင့်မှာပဲ ရှိသေးပေပေမယ့် သူ့အစွမ်းက ငါ့ထက် လုံးဝ မနိမ့်တာ သေချာတယ်။ ဒါတောင် ထိပ်တန်းအဆင့် တိုက်ခိုက်စွမ်းရည်မျိုး မရှိဘူးလို့ ပြောနေသေးတာလား "

သူ တစ်ကိုယ်တည်း တွေးလိုက်သည်။

ဘုန်း ..

ထိုစဥ် တဖက်မှ နျိုထျဲ့ချူက မြေကြီးပေါ်သိူ့ ပြန်ကျလာပြီူ ဖူးရောင်နေသည့် မျက်နှာဖြင့် ပြော၏။

" သခင်မကြီး ချင်းလျန်က ကျွန်မထက် ပိုအစွမ်းထက်နေသေးတာပဲ။ ကျွန်မ ပိုပြီး ကြိုးကြိုးစားစား လေ့ကျင့်ရမယ်။ နောက်တဆင့်ကို တက်သွားမှ သခင်မကြီးနဲ့ ထပ်လာပြီး တိုက်ခိုက်တော့မယ် "

ထိုသို့ ပြောပြီးသည်နှင့် နျိုထျဲ့ချူက နောက်လှည့်၍ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ဂိုဏ်းချုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပို၍ပင် အံ့သြတုန်လှုပ်သွားရ၏။

" အဲ့ တစ်ယောက်ကရော နတ်ဘုရားသားရဲတစ်ကောင်ပဲလား ။ သူက ဒီလောက် အရိုက်ခံထားရတာတောင် ခုလို အမြန်နှုန်းနဲ့ ရွေ့လျားနိုင်သေးတယ်ပေါ့။ဘယ်လို သားရဲမျိုးပါလိမ့် "

သူ ထပ်တွေးမိလိုက်သည်။

ထိုစဥ် ဘေးမှ ကြည့်နေသည့် ပထမအကြီးအကဲက အိုးတို့အမ်းတမ်း ပြောလာသည်။

" စိတ်မရှိပါနဲ့ ဂိုဏ်းချုပ်ကြီးရယ် ။ ကျုပ်တို့လူတွေရဲ့ ဘာမဟုတ်တဲ့ တိုက်ပွဲလေးတစ်ခုက ဂိုဏ်းချုပ်ကြီးအတွက် ရယ်စရာ ဖြစ်နေမှာ။ ဟိုနားကို သွားရအောင်ဗျာ "

ထို့နောက် သူတို့အားလုံး ရှေ့ဆက်လျှောက်သွားလိုက်ကြသည်။ လမ်းတလျှောက်တွင်လည်း ပထမအကြီးအကဲက အားလုံးနှင့် မိတ်ဆက်ပေးသွား၏။ မကြာမီမှာပင် သူတို့လူစု သိုင်းလေ့ကျင့်ရေးကွင်းဆီသို့ ရောက်သွားကြသည်။

" ဂိုဏ်းချုပ်ကြီး ၊ ဒါက ကျုပ်တို့ ပျောင်ပိုင်မြို့ရဲ့ သိုင်း လေ့ကျင့်ရေးကွင်းပဲဗျ။ လူငယ်တွေ လာလေ့ကျင့်ကြတဲ့ နေရာပေါ့ဗျာ။ ဂိုဏ်းချုပ်ကြီးက ဒီကို တစ်ခါတစ်ခါ လာဖို့ မလွယ်တော့ ကျုပ်တို့ လူငယ်တွေကို သိုင်းပညာနဲ့ ပတ်သက်တဲ့ အကြံဉာဏ်လေး တချို့တလေ ပေးသွားပါဦး "

ပထမအကြီးအကဲက မိတ်ဆက်ပေးရင်း ပြောလိုက်သည်။

ထိုအချိန်တွင် သိုင်းလေ့ကျင့်ရေး ကွင်းအတွင်း၌ ...

" ငါ မင်းကို ဘယ်နှခါတောင် ပြောထားပြီးပြီလဲ ။ ဓားသမားတစ်ယောက်အနေနဲ့ တိုက်ခိုက်တဲ့ အခါကျရင် အညှာအတာ ကင်းမဲ့ရမယ်လို့ ။ မင်းက ဓားသမားတစ်ယောက် လုပ်နေပြီးတော့ ကြောက်စရာ အရောင်အဝါမျိုးလဲ မရှိဘူး။ ဘယ်လို ဓားသမားမျိုးလဲ မင်း "

ကျန်းယွီက ​အော်ပြောကာ ဓားကို ဆွဲထုတ်လိုက်သည်။

ချွှင် ..

ဓားစိတ်ဆန္ဒတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ လေ့ကျင့်ရေးကွင်း၏ တစ်ဝက်ခန့်မှာလည်း ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။

၎င်းကို ကြည့်နေကြသည့် လောယွီဂိုဏ်းမှ လူများမှာ ကျောရိုးထဲမှပင် ချမ်းစိမ့်သွားကြရပြန်သည်။

" ဒီလူရဲ့ ဓားစိတ်ဆန္ဒက အစွမ်းထက်လိုက်တာ။ သူနဲ့ ငါနဲ့သာ တကယ်တမ်း ယှဥ်ပြီး တိုက်ခိုက်ကြမယ်ဆိုရင် ငါ မနိုင် နိုင်လောက်ဘူး ။ ဒီ ပျောင်ပိုင်မြို့ထဲမှာ အဲ့လို ဘီလူးမျိုး နှစ်ယောက်တောင် ရှိနေတာပဲ "

လောယွီဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်မှာ တိတ်တဆိတ် အံ့သြတုန်လှုပ်သွားရပြန်၏။

ထိုအချိန်မှာပင် ..

ဘုန်း ..

လေ့ကျင့်ရေးကွင်း၏ အခြားတဖက်မှ ထွက်ပေါ်လာသည့် ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ကြရသည်။

အားလုံးလှည့်ကြည့်လိုက်ကြရာ ယဲ့ထုံလင်းက မိစ္ဆာဝိဥာဥ်များ ဝန်းရံနေရာမှ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်ပြောင်းနေသည်ကို မြင်လိုက်ရ၏။

" ဟူး .. ဒီ အဆင့် ၈ အစီအမံကလဲ တစ်ချက်တည်းနဲ့ ပျက်စီးသွားရပြန်ပြီ ။ ဒီလိုအဆင့်မျိုးနဲ့တော့ မြို့ကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။ အင်း ... ပိုကောင်းလာအောင် လုပ်ဖို့ပဲ ရှိတာပေါ့ကွာ "

သူက ထိုသို့ ပြောပြီးနောက် အစီအမံ ပုံကြမ်း စာရွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားသည်။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်ပြီး ကြက်သေပင် သေသွားတော့၏။

" နောက်ထပ် ဘီလူးတစ်ကောင်ပါလား .. ဒီမြို့ကို ပျောင်ပိုင်မြို့လို့ မခေါ်ဘဲ ဘီလူးမြို့ လို့သာ ခေါ်လိုက်ပါတော့ "

သူ စိတ်ထဲမှ ကြိတ်အော်လိုက်သည်။

All Chapters