← Chapters

ယဥ်ကျေးလှသည့် စိတ်ဝိဥာဥ်များ

Vol. 17 Ch. 228

ယဥ်ကျေးလှသည့် စိတ်ဝိဥာဥ်များ

Vol. 17 Ch. 228

" အင်း .. ဒီမှာလဲ အပျက်အစီးတွေနဲ့ ရှုပ်ပွနေတာပဲဗျာ ။ ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ တခြားဘက်ကို သွားကြမလား "

ပထမအကြီးအကဲက အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်းပါပြီ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ခေါင်းအသာ ညိတ်ပြလိုက်၏။

အမှန်တွင်လည်း ဘီလူးနှစ်ကောင် ရှိနေသည့် ဤနေရာတွင် သူ ကြာကြာ ဆက်မနေလိုပါချေ။

ထို့နောက်တွင်မူ သူတို့လူစု နောက်လှည့်၍ လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့ကြပြီး စျေးဆိုင်တန်းများရှိသည့် လမ်းတစ်ခုဆီသို့ ဦးတည် သွားလိုက်ကြသည်၊

ထိုအချ်န်တွင် ပျောင်ပိုင်မြို့ထဲရှိ လမ်းများမှာ သွားလာလှုပ်ရှားနေသည့် လူများဖြင့် စည်စည်ကားကား ရှိနေ၏။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ လူအုပ်ကို ကြည့်ပြီးမှသာ သက်ပြင်းချ၍ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

" တော်သေးတာပေါ့၊ ဒီမှာ ခုနကလို ကြောက်စရာကောင်းတဲ့ ဘီလူးမျိုး မရှိဘူး "

သို့သော် .. ထိုအချိန်မှာပင် တုတ်ချောင်းဖြင့် ထိုးထားသော သစ်သီးယို နှစ်ချောင်း လက်ထဲကိုင်ထားသည့် အရပ်ပုပု အမျိုးသမီးတစ်ဦး သူတို့အနားသို့ ရောက်လာ၏။

သူမက လောယွီဂိုဏ်းမှ လုများကို တစ်ချက် ဝေ့ဝဲကြည့်ပြီးနောက် ပထမအကြီးအကဲဘက် လှည့်ကာ လက်ယမ်းပြလိုက်သည်။

" မင်္ဂလာပါ ..ပထမ အကြီးအကဲ "

ပထမအကြီးအကဲက သူမကို ချက်ချင်း ဦးညွှတ်၍ ပြန်နှုတ်ဆက်သည်။

" မင်္ဂလာပါ မိန်းကလေး ပန်းလင် "

ပန်းလင်က ခေါင်းညိတ်ပြကာ လက်ထဲမှ သစ်သီးယိုကို စားရင်း ထွက်သွား၏။

သို့သော် .. ထွက်ခွာသွားသော သူမ၏ နောက်ကျောကို ကြည့်နေသည့် လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ နားမလည်နိုင်ဟန် ရှိနေသည်။

" အစောက အမျိုးသမီးကို ကျုပ် ဘာလို့ ဖောက်ထွင်းပြီး ကြည့်လို့မရတာလဲ "

သူ တအံ့တသြ ပြောလိုက်သည်။

ပထမအကြီးအကဲက ချက်ချင်း အပြုံးဖြင့် ပြန်ပြော၏။

" သြော် .. အဲ့ဒါ မိန်းကလေးပန်းလင်ဗျ ၊ သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်ပဲ ။ ကျုပ်တို့ သခင်လေးက သူ့ကို ဒီမှာနေဖို့ ဖိတ်ထားတာ။ သူ့ရဲ့ အဓိက တာဝန်ကတော့ ကျုပ်တို့ ပျောင်ပိုင်မြို့အတွက် ကံကောင်းခြင်းတွေ စုဆောင်းပေးတာဗျ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ကြားလိုက်ရသည့် စကားကြောင့် ခြေထောက်များ ပျော့ခွေသွားပြီး လဲကျလုမတတ်ပင် ဖြစ်သွားသည်။

" ခဏ .. အကြီးအကဲ ဘာတွေ ပြောနေတာလဲ ။ သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် .. ဟုတ်လား ။ ပြီးတော့ သူက အသိဉာဏ် ရှိရုံတင် မကဘူး ၊ လူသားအသွင်လဲ ပြောင်းနိုင်တယ် "

သူ အံ့သြတကြီး ပြောလိုက်သည်။

ပထမ အကြီးအကဲက ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ ၊ ဘာဖြစ်လို့လဲ "

ဘာဖြစ်လို့လဲ တဲ့လား ...

၎င်းမှာ မြင့်မြတ်သော မျိုးနွယ်ဝင်ဖြစ်သည့် သဘာဝ စိတ်ဝိဥာဥ် တစ်ကောင်ပင် ။

လောယွီဂိုဏ်း တည်ရှိလာခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကာလအတွင်း ဂိုဏ်းသို့ သဘာဝစိတ်ဝိဥာဥ်တစ်ကောင်ကို ဖိတ်ခေါ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြဖူးပါသည်။ ထိုသို့ ဖိတ်ခေါ်ရန်မှာလည်း သူတို့အတွက် အိမ်မက်ကြီးတစ်ခုပင်။

နောက်ဆုံး သူ့အရင် ဂိုဏ်းချုပ်ကြီး လက်ထက်မှသာ အသိဉာဏ် မနိုးထသေးသော သဘာဝစိတ်ဝိဥာဥ်တစ်ကောင်ကို အဖိုးအခ များစွာပေး၍ ဂိုဏ်းတွင် လာနေရန် ဖိတ်ခေါ်နိုင်ခဲ့၏။

သို့သော် ..နှစ်ပေါင်းများစွာကြအောင် သဘာဝ အဖိုးတန် ရတနာများဖြင့် ဂရုစိုက် ပြုစုခဲ့ကြသည့်တိုင် ၎င်းမှာ မကြာသေးမီကမှ စိတ်စွမ်းအင် အသိဉာဏ် နှိုးထလာတော့မည့် လက္ခာအချို့သာ ပြသေးပါသည်။

သို့သော် .. ၎င်းမှာ အစမျှသာ ရှိသေးပြီး စိတ်စွမ်းအင် အသိဉာဏ် အမှန်တကယ် နိုးထလာအောင် အချိန်မည်မျှ ကြာဦးမည် မသိပါချေ။

သို့ဖြစ်ရာ လူသားအဖြစ် အသွင်ပြောင်းရန်ဆိုလျှင် .. အိမ်မက်ပင် မမက်ရဲသေးပေ ။

အမှန်တွင်မူ သူတို့ လောယွီဂိုဏ်းတစ်ခုတည်းသာ ထိုသို့ ကြုံရသည် မဟုတ်ပါ။ ဖုန့်လင်းဒေသမှ အင်အားကြီး အဖွဲ့များ ထဲတွင် အသွင်ပြောင်းနိုင်သော သဘာဝ စိတ်ဝိဥာဥ်ကို ပိုင်ဆိုင်ထားသည့် အဖွဲ့က အနည်းငယ်မျှသာ ရှိ၏။

နောက်တစ်ခု ရှိသေးသည်မှာ  .. သူတို့ ဖုန့်လင်းဒေသတွင် သဘာဝ စိတ်ဝိဥာဥ် ရှိထားသည့် အဖွဲ့များအားလုံးက ၎င်းကို ဘိုးဘေးတစ်ယောက်ကဲ့သို့ အိမ်ဦးခန်းတွင်ထားကာ ရိုရိုသေသေ  ဆက်ဆံကြသည်ချည်း ဖြစ်ပါသည်။

ဂိုဏ်းမှ အကြီးအကဲများသည်ပင် ထို သဘာဝ စိတ်ဝိဥာဥ်ကို တွေ့သည်နှင့် သုံးကြိမ် ၊ သို့မဟုတ် ကိုးကြိမ်တိုင်တိုင် ဦးညွှတ်၍ အရိုအသေပေးကြရ၏။

ထိုသို့ အရိုအသေပေးသည့်တိုင် သဘာဝ စိတ်ဝိဥာဥ်က စိတ်ကြည်မှသာ တဖက်လူကို အသိအမှတ် ပြုတတ်ပြီး စိတ်မကြည်ပါက လျစ်လျူရှုထားတတ်ပါသေးသည်။

သို့သော် .. ယခု ပျောင်ပိုင်မြို့မှ သဘာဝ စိတ်ဝိဥာဥ် ကမူ သာမာန်လူတစ်ယောက်ကဲ့သို့ မြို့ထဲတွင် လျှောက်သွားကာ လမ်းလျှောက်ရင်း သစ်သီးယိုများ စားနေ၏။

ထို့အပြင် သူ သိသော လူများကို တွေ့လျှင်လည်း နှုတ်ဆက်နေသေးသည်။

ဤမျှယဥ်ကျေးသော သဘာဝ စိတ်ဝိဥာဥ်မျိုး ရှိသည်တဲ့လား ...

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက သူ့အစွမ်းကို စုစည်းကာ မျက်လုံးပေါ်တွင် အာရုံစိုက်၍ ကြည့်လိုက်သည်။

ထိုအချိန်မှသာ ပျောင်ပိုင်မြို့ ပတ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ ရွှေရောင် အရောင်အဝါတစ်ခု မျောလွင့်နေသည်ကို သူ သတိထားမိသွား၏။

၎င်းက မကြာမီအချိန်အတွင်း ကောင်းကင်ယံအမြင့်အထိတိုင် တက်သွားမည်မှာ သေချာပေသည်။

" ပျောင်ပိုင်မြို့က .. တော်တော်ကြောက်စရာ ကောင်းတာပဲ "

သူ တအံ့တသြ ရေရွတ်လိုက်သည်။

ထိုစဥ် .. လမ်း တဖက်စွန်းမှ လူငယ်တစ်ယောက်က သူတို့ရှိရာသို့ အပြေး ရောက်လာ၏။

" ပထမအကြီးအကဲ ၊ ညစာစားပွဲ အသင့်ဖြစ်နေပါပြီ ။ မိသားစုခေါင်းဆောင်ကလဲ လောယွီဂိုဏ်းက လူတွေအားလုံးကို ညစာစားပွဲကို တက်ရောက်ဖို့ ဖိတ်လိုက်ပါတယ် "

လူငယ်က ဦးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။

ပထမအကြီးအကဲက ခေါင်းညိတ်ပြလိုက်ပြီးနောက် လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဘက် လှည့်ကာ ပြောလိုက်သည်။

" သွားကြတော့မလား ဂိုဏ်းချုပ်ကြီး "

ဂိုဏ်းချုပ်ကြီးက ခပ်မြန်မြန်ပင် ပြန်ဖြေ၏။

" ကောင်းပါပြီဗျာ ၊ သွားကြတာပေါ့ "

မကြာမီမှာပင်  .. သူတို့လူစု လောမိသားစု အိမ်တော်အတွင်း ရောက်လာကြသည်။

လောယွီဂိုဏ်းမှ လူများမှာ ထိုနေရာသို့ ရောက်သည်နှင့် အံ့သြတကြီး ဖြစ်သွားကြပြန်၏။

သူတို့ထဲမှ အကြီးအကဲတစ်ယောက်က ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်ကာ တအံ့တသြ ဆိုလိုက်သည်။

" ဒီ ပျောင်ပိုင်မြို့က တကယ်ကို ချမ်းသာကြွယ်ဝတာပဲ ။ အဆောက်အဦးတွေမှာ သုံးထားတဲ့ အုပ်ချပ်တွေ ၊ ကျောက်တုံးတွေ ၊ ကျောက်ပြားတွေ အားလုံးက အဖိုးတန်ပစ္စည်းတွေချည်းပဲ ။  သစ်ပင် မြက်ပင်တွေတောင် အဖိုးတန်တယ် "

" ဒါပေမယ့် ဒီက အနုပညာလက်ရာပုံစံက နည်းနည်း ဟိုစပ်စပ် ဒီစပ်စပ် ရောထားသလိုတော့ ခံစားရတယ် "

" မသိရင် တခြားတစ်နေရာကနေ ယူလာပြီးမှ ပြန်ပေါင်းပြီး ဆောက်ထားသလိုပဲ "

ထိုစဥ် သု့ဘေးမှ လူငယ်တပည့်တစ်ယောက်က တီးတိုးဝင်ပြော၏။

" အကြီးအကဲ ၊ ဒီဟာကို မသိသေးဘူးနဲ့တူတယ်။ ဒီလို ပုံစံမျိုးက ကျုံ့ကျိုးဒေသမှာ အရမ်း နာမည်ကြီးတယ်ဗျ ။ ဒီလို ပုံစံကို ရောသမမွှေ ပုံစံလို့ ခေါ်တယ် "

အကြီးအကဲက ထိုအချိန်မှသာ နားလည်သွားဟန်ဖြင့် ပြန်ပြောသည်။

" သြော် .. အဲ့လိုလား ။ ဒါဆို ဒီပုံစံက ကျို့ကျိုးဒေသရဲ့ ပုံစံဆောက်ထားတာပေါ့ "

ထိုအချိန်မှာပင် .. လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက အဆောက်အဦးတစ်ခု၏ အနောက်ဘက်သို့ လှမ်းကြည့်မိလိုက်ပြီး အသက်ရှုပင် မှားသွားသည်။

" ဟင် ... ဒါ .. ဗောဓိပင် ပါလား "

သူ အလွန် အံ့အားသင့်သွား၏။

" ဘယ်လို .. ဗောဓိပင်တဲ့ ၊ ဘယ်နားမှာလဲ "

လောယွီဂိုဏ်းမှ အခြားသူများလည်း တအံ့တသြ ဖြစ်ကုန်ကြ၏။

ထို့နောက် သူတို့အားလုံးလည်း ဗောဓိပင်ကို မြင်သွားကာ အံ့သြမှင်သက်သွားကြသည်။

ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ပြောလာ၏။

" ကျုပ် .. မရှိတာတွေ မြင်ယောင်နေတာများလား ။ ဒါ .. တကယ်ကြီး ဗောဓိပင် အစစ်လား ။ ကျုပ် ကြားဖူးတာတော့ ဒီကမ္ဘာကြီး တစ်ခုလုံးမှာတောင် ဗောဓိပင်က သုံးပင်ပဲ ရှိတာဆို။ တစ်ခုက ကျုံ့ကျိုးဒေသက ယောင်ချီ မှာ ၊ အဲ့နေရာကို အပြင်လူ ဘယ်သူ့ကိုမှ အကပ်မခံဘူးတဲ့။ နောက်တစ်ခုကတော့ တောင်ပိုင်းဒေသဘက်မှာ ၊ အဲ့အပင်ကလဲ ပိုင်ရှင်ရှိထားပြီးသားပဲ။ နောက် တတိယတစ်ခုက ဆုမီတောင်မှာ ။ အခု ဒီဟာက လေးခုမြောက် အသစ်ပေါ်လာတာလား "

ထိုစဥ် ပထမအကြီးအကဲက ခေါင်းယမ်း၍ ပြန်ပြောသည်။

" မဟုတ်ဘူးဗျ ၊ ဒီဟာက ဆုမီတောင်က ဟာပဲ ။ ကျုပ်တို့ သခင်လေးက ဆုမီတောင်ကနေမှ ဒီကို ပြန်သယ်လာတာ "

" ဘယ်လို .. "

လောယွီဂိုဏ်းမှ လူများ အံ့သြတုန်လှုပ်သွားကြပြန်၏။

သူတို့၏ သခင်လေးက ထို ဗောဓိပင်ကို ဆုမီတောင်မှ အမှန်တကယ် သယ်ထုတ်လာခဲ့သည်လား ။

ထိုစဥ် လောယွီဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ဝင်ပြောသည်။

" ဟုတ်တော့ မဟုတ်သေးဘူးဗျ ၊ ကျုပ် မှတ်မိသလောက်တော့ ဆုမီတောင်က ဗောဓိပင်က ခုလောက် မရှည်သလို အဲ့လောက်လဲ မကြီးပါဘူး။ ပြီးတော့ ခုလို အစွမ်းထက်တဲ့ အရောင်အဝါမျိုးလဲ မရှိဘူးဗျ "

ပထမအကြီးအကဲက ခေါင်းကုတ်ကာ ပြန်ပြော၏။

" အဲ့ဒါတော့ ကျုပ်လဲ သေချာမသိဘူးဗျ ။ တစ်ယောက်ယောက် ပြောတာကို ကြားတာတော့ ဗောဓိပင်က ကျုပ်တို့ရဲ့ သခင်လေးကြောင့် ဉာဏ်အလင်းပွင့်သွားပြီး ပိုကြီး ၊ ပိုအစွမ်းထက်လာတာလို့ ပြောတယ် "

လောယွီဂိုဏ်းမှလူများ  :  " ..... "

ဗောဓိပင်ကိုယ်တိုင်က ဉာဏ်အလင်းပွင့်ခဲ့သည်တဲ့လား ...

သူတို့ နားကြားများ လွဲလေသလား ..

ထိုအချိန်မှာပင် ...

" ပထမအကြီးအကဲ "

နဖူးအလွန်ပြောင်သည့် အမျိုးသမီးတစ်ဦး အားလုံးရှေ့တွင် ပေါ်လာသည်။

" ဟင် .. သခင်မကြီး ၊ ကျုပ် ဘာလုပ်ပေးရမလဲဗျ "

ပထမအကြီးအကဲက ချက်ချင်း ဦးညွှတ်၍ ဆို၏။

" ဒီလိူပါရှင် ၊ ကျွန်မ အခု ဉာဏ်အလင်းထပ်ပွင့်တော့မလို ခံစားနေရလို့ပါ ။ အကိုင်းသစ်တွေနဲ့ အရွက်သစ်တွေလဲ မကြာခင် ထွက်လာကြတော့မှာ။ သိပ်မကြာခင် အသီးတောင် သီးနိုင်တယ်ရှင့်။ ဆိုတော့ တစ်ယောက်ယောက်ကို ကျွန်မအတွက် စိတ်စွမ်းအင်ရေ ပြင်ဆင်ခိုင်းပြီးတော့ အပင်ကို လောင်းပေးလို့ ရမလားရှင်။  ပြီးတော့ အသီးသီးလာရင်လဲ အထူးချွန်ဆုံး တပည့်တချို့ကို ရွေးပြီး ကျွန်မဆီ လာခိုင်းလိုက်ပါ။ ကျွန်မ သူတို့ ကျင့်ကြံတဲ့နေရာမှာ အကောင်းဆုံး ကူညီပေးမယ် "

အမျိုးသမီးက ပြောလိုက်သည်။

ပထမအကြီးအကဲက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ကောင်းပါပြီ ၊ ကျုပ် ချက်ချင်း တစ်ယောက်ယောက်ကို ​လုပ်ခိုင်းလိုက်ပါ့မယ် "

" ကျေးဇူတင်ပါတယ် "

အမျိုးသမီးက ထိုသို့ ပြောပြီးသည်နှင့် ဖျတ်ခနဲ ပြန်ပျောက်ကွယ်သွားသည်။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ပျောက်ကွယ်သွားသည့် အမျိုးသမီးဘက် လက်ညိုးထိုးကာ မေးလိုက်သည်။

" အဲ့ဒါ .. ဘယ်သူလဲဗျ "

ပထမအကြီးအကဲက ပြန်ဖြေ၏။

" သြော် .. အဲ့ဒါက ဗောဓိပင်က ဗောဓိစိတ်ဝိဥာဥ်ဗျ "

ဂိုဏ်းချုပ်ကြီးမှာ ဖြစ်နိုင်ချေကို ခန့်မှန်းမိထားပြီး ဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရသည့် စကားကြောင့် သူ့အရှိုက်ကို အထိုးခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။

ဗောဓိပင်၏ စိတ်ဝိဥာဥ်တဲ့လား ...

လူ့အသွင်ပြောင်းနိုင်ပြီး ...

အလွန်ယဥ်ကျေး ...

သူ ငယ်စဥ်က ဆုမီတောငသို့ သွားခဲ့ဖူးပြီး ထိုဗောဓိပင်အောက်တွင် ဉာဏ်အလင်းပွင့်ခဲ့ဖူးပါသည်။

ထိုအချိန်က သူ ဗောဓိကိုင်း တစ်ကိုင်းကိုပါ ရခဲ့ပြီး သူ့မိတ်ဆွေ အပေါင်းအသင်းများ ကြားထဲတွင် အကောင်းဆုံးအဖြစ် မျက်နှာမော့နိုင်ခဲ့၏။

သူ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းတွင်ပင် ထိုအဖြစ်ပျက်ကို သူ့ဂိုဏ်းမှ တပည့်များအား အားတက်စေရန် မကြာခဏ ပြောပြဖြစ်ပါသေးသည်။

သို့သော် .. ယခုတွင်မူ ထိုဗောဓိပင်က အမှန်တကယ် ဤနေရာသို့ ရောက်နေသည်တဲ့လား။

ထို့အပြင် ဗောဓိစိတ်ဝိဥာဥ်၏ စကားအတိုင်း ဆိုပါက မိသားစုထဲမှ လူငယ်လေးများမှာ ဗောဓိသီးကိုပင် လက်ဆောင်အဖြစ် ရဦးမည်တဲ့လား ။

ထိုအရာမှာ သူ့တစ်သက်လုံး ထိပင် မထိဖူးသည့် အရာတစ်ခု ဖြစ်ပါသည်။

သို့သော် ..ထိုအထဲမှ အထူးဆန်းဆုံးမှာ ဗောဓိစိတ်ဝိဥာဥ်က အလွန်ယဥ်ကျေးနေခြင်းပင် ။

၎င်းက အလွန်မောက်မာဝင့်ကြွားသည့် ဗောဓိပင် ဟုတ်ပါသေးရဲ့လား ။

ဤပျောင်ပိုင်မြို့တွင် တစ်စုံတစ်ခု မှားယွင်းနေလေပြီ ။

All Chapters