နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ပေါ်သည့် စိတ်စွမ်းအင်သွေးကြောရေလှိုင်း
Vol. 17 Ch. 229
" ဂိုဏ်းချုပ်ကြီး ၊ စားပွဲဝိုင်းဆီ သွားလိုက်ကြတော့မလား "
ပထမအကြီးအကဲက အပြုံးဖြင့် ဆိုလိုက်သည်။
" ဟင် ... ကောင်းပါပြီ "
လောယွီဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် သူ့လူများမှာ ခန်းမထဲသို့ ကြောင်အအ မျက်နှာများဖြင့် ဝင်သွားလိုက်ကြသည်။
ဖြစ်ပျက်သွားခဲ့သည့် အရာများက အလွန်အံ့သြတုန်လှုပ်ဖွယ် ကောင်းလှပေရာ သူတို့ ထိုသို့ ဖြစ်နေကြသည်မှာ မဆန်ပါချေ။
အခြေအနေကို နားလည်နိုင်ရန် အချိန်လိုသည် မဟုတ်ပါလား ။
သူတို့ ခန်းမထဲ ရောက်သည့်အချိန်တွင် လောဖုန်း ရောက်နှင့်နေသည်မှာ ကြာနေလေပြီ ။ လောဖုန်းက အားလုံးကို မြင်သည်နှင့် ချက်ချင်း ထကာ နှုတ်ဆက်၏။
လောယွီဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ လောဖုန်းက လောထျန်း၏အဖေ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် အံ့အားသင့်သွားသည်။
လောဖုန်းက သူ့အပေါ် ယဥ်ယဥ်ကျေးကျေး ဆက်ဆံလေလေ ၊ သူ့စိတ်ထဲ ပို၍ ကြောက်လန့်လာလေပင် ။
မကြောက်ပဲလည်း မည်သို့နေပါမည်နည်း။
ထိုသူက လောထျန်း၏ အဖေ မဟုတ်ပါလား။
လောထျန်းက အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူအား လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်။
ထိုသို့သော သူကိုမှ မကြောက်လျှင် မည်သူ့ကို ကြာက်ရပါတော့မည်နည်း။
ယခုတွင်လည်း လောထျန်း၏ ဖခင်က သူ့အပေါ် အလွန်ယဥ်ကျေးလွန်နေသဖြင့် သူ မည်သို့လုပ်ရမည်ပင် မသိ ဖြစ်နေ၏။
သို့သော် .. ကွေ့ရှအဆင့် ၉ သာ ရှိသေးသည့် လောဖုန်းကို ကြည့်ကာ သူ တစ်ခုကိုလည်း တွေးမိလိုက်သည်။ ၎င်းမှာ .. လောထျန်းက ဤမျှ ကြောက်မက်ဖွယ် ကောင်းနေသလောက် သူ့ဖခင်က အဘယ့်ကြောင့် သာမာန် ကျင့်ကြံသူတစ်ဦး ဖြစ်နေရသနည်း ဆိုသည့် မေးခွန်းပင်။
သို့သော် .. သူ ထိုစကားကိူ ထုတ်မမေးဝံ့ပါချေ။
ထို့နောက် စားသောက်ပွဲစပြီး မကြာခင်မှာပင် ....
ဂျုန်း ...
လေထဲတွင် မိုးကြိုးတိမ်တိုက်များ ရုတ်တရက် ပေါ်လာပြီး မိုးချိန်းသံများ ထွက်ပေါ်လာ၏။
မိုးကြိုးသံနှင့် မရှေးမနှောင်းမှာပင် အစွမ်းထက်သော အရောင်အဝါ တစ်ခုလည်း ထွက်ပေါ်လာသည်။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "
အားလုံး အံ့အားသင့်သွားကြသည်။
သို့သော် လောဖုန်းကမူ အံ့အားသင့်ရမည့်အစား မျက်လုံးများသာ အရောင်လက်သွားပြီး ပြော၏။
" အားလုံး အေးအေးဆေး ဆေး စားသောက်ကြပါဦးဗျာ ၊ ကျုပ် ခဏနေ ပြန်လာခဲ့ပါ့မယ် "
လောဖုန်းက ထိုသို့ ပြောပြီးသည်နှင့် ခပ်သွက်သွက် ထွက်ခွာသွားသည်။
သူ ထွက်သွားပြီး မကြာခင်မှာပင် ခန်းမအပြင်ဘက်မှ မိုးကြိူးသံများ ဆက်တိုက် ကြားလိုက်ကြရ၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ လောဖုန်းက အပြုံးဖြင့် ပြန်ရောက်လာသည်။
" အားလုံး စိတ်မရှိကြပါနဲ့ဗျာ "
သူ အပြုံးဖြင့် ဆိုလိုက်သည်။
လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက လေသံတိုးတိုးဖြင့် မေး၏။
" သခင်ကြီးလော ၊ ဘာဖြစ်လို့လဲဗျ "
လောဖုန်းက အပြုံးဖြင့် ပြန်ဖြေသည်။
" ဘာမှ မဟုတ်ပါဘူးဗျာ ၊ ကျုပ် ကောင်းကင်ဘုံပျက်စီးခြင်းကို ခံဖို့ ခဏသွားတာပါ "
" ဟင် ... "
ထိုအချ်န်မှသာ လောဖုန်း၏ ကျင့်ကြံခြင်းအဆင့်အား အားလုံး သတိထားမိသွားကြတော့၏။ လောဖုန်းက တုကျဲ့အဆင့်သို့ ရောက်သွားခဲ့လေပြီ။
လောဖုန်းသည် လွန်ခဲ့သော ရက်များအတွင်း စိတ်စွမ်းအင်သွေးကြောကြောင့် ရရှိခဲ့သော စိတ်စွမ်းအင်များနှင့် နဂါးအရိုးထံမှ စုပ်ယူရခဲ့သော နဂါးမျိုးနွယ်၏ မူလ နဂါးအစွမ်းကြောင့် သူ့ ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ဖြစ်သွားခဲ့သည်။
ထိုအရာများအပြင် စိတ်ဝိဥာဥ် ပုလဲလုံးမှ မှတ်ဉာဏ်များ ၊ ထျန်းလင်သတ္ထုတွင်းမှ သတ္ထုရိုင်းများ နှင့် ဗောဓိပင်၏အကူအညီတို့ဖြင့် ပေါင်းစပ်လိုက်သည့် အခါတွင်မူ ကွေ့ရှအဆင့် ၉ သို့ လျင်မြန်စွာပင် ရောက်သွားခဲ့ပြီး တုကျဲ့အဆင့်ရောက်ရန် လက်တစ်ကမ်းစာသာ လိုခဲ့တော့၏။
ယခုတွင်မူ သူ တုကျဲ့အဆင့်သို့ တက်သွားနိုင်ခဲ့လေပြီ ။
" သခင်ကြီးက .. ကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ ဒဏ်ကို သွားခံလာတာလား ... "
လောယွီဂိုဏ်းမှ အကြီးအကဲတစ်ယောက်က သူ့အား တအံ့တသြ ကြည့်လာသည်။
ထိုအချိန်တွင် လောဖုန်းမှာ မည်သို့မှ ခံစားခဲ့ရသည့် ပုံ မပေါ်ဘဲ မည်သို့သော ဒဏ်ရာမှ မရထားသလို အဝတ်အစားများကလည်း အစွန်းအထင်း မရှိ သန့်ရှင်းတောက်ပြောင်နေ၏။
၎င်းက တုကျဲ့အဆင့်သို့ ကူးပြောင်းသည့်အချိန် တွင် မြင်တွေ့ရသည့် ပုံစံတဲ့လား ..
သူ တုကျဲ့အဆင့်သို့ ကူးပြောင်းခဲ့သည့် အချိန်ကဆိုလျှင် သေလူမျောပါး ခံစားခဲ့ရသည်ကို ယခုချိန်ထိ မှိတ်မိနေပါသေးသည်။
လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း သူ့ရှေ့မှ လောဖုန်းကို ကြည့်ကာ ပို၍ပင် ကြောက်လန့်တုန်လှုပ်နေ၏။
" ချီး .. ငါက ခုနလေးကမှ လောထျန်းရဲ့အဖေကို သာမာန် ကျင့်ကြံသူတစ်ယောက်လို့ တွေးနေတာ။ အခုတော့ သူက တာကျဲ့အဆင့်က ကောင်းကင်ဘုံ ပျက်စီးခြင်းကိုတောင် ဒီလောက် လွယ်လွယ်ကူကူ ခံနိုင်ခဲ့တယ်တဲ့လား ။ ဒီလူက ...တကယ့် ဘီလူးတစ်ကောင်ပဲ "
သူ တွေးလိုက်သည်။
ထိုအချ်န်မှာပင် ..
ဂျုန်း ..
လေထဲမှ မိုးကြိုးသံတစ်သံ ထပ်ပေါ်လာပြန်၏။
" ဟင် .. ဘာတွေ ဖြစ်ပြန်ပြီလဲ "
အားလုံး အံ့အားသင့်သွားကြပြန်သည်။
ဤတစ်ကြိမ်တွင်မူ ပထမအကြီးအကဲ၏ မျက်နှာက ပျာ်ရွှင်ဝင်းပသွားကာ ပြောလာသည်။
" အားလုံး ခဏလောက် စောင့်နေခဲ့ကြပါဦးဗျာ ၊ ကျုပ် မကြာခင် ပြန်လာခဲ့ပါ့မယ် "
ထို့နောက် အားလုံး၏ အံ့သြတကြီး အကြည့်အောက်မှာပင် ပထမအကြီးအကဲက ခန်းမ အပြင်ဘက်သို့ လှစ်ကနဲထွက်သွားတော့သည်။
ထို့နောက် ..
ဂျုန်း ...
လေထဲမှ မိုးကြိုးသံများ ဆက်လက်ထွက်ပေါ်လာ၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ ပထမအကြီးကလည်း အပြုံးမျက်နှာဖြင့် ပြန်ရောက်လာသည်။
" ရိုင်းသလို ဖြစ်သွားရင် စိတ်မရှိပါနဲ့ဗျာ "
သူက အပြုံးဖြင့် ဆို၏။
အားလုံးမှာ သူ့ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြန်သည်။
" အကြီး .. အကြီးအကဲကရော တုကျဲ့အဆင့်ကို ရောက်သွားတာလား "
လောယွီဂိုဏ်းမှ အကြီးအကဲတစ်ယောက်က တွန့်ဆုတ်ဆုတ် မေးလိုက်သည်။
ပထမအကြီးအကဲက အပြုံးဖြင့် ပြန်ဖြေ၏။
" ဟုတ်တယ်ဗျ ၊ ကျုပ်က ကွေ့ရှ အဆင့် ၉ မှာ ပိတ်မိနေတာ နှစ်တွေ တော်တော်ကြာခဲ့ပြီ ။ နောက်တစ်ဆင့်တက်ဖို့ လမ်းစတောင် မတွေ့ဘဲ ဖြစ်နေခဲ့တာဗျ ။ ဒါပေမယ့် ခုဏက မိသားစုခေါင်းဆောင်ကြီး တုကျဲ့အဆင့်ကို ရောက်သွားတာ တွေ့လိုက်ရတဲ့အချိန်မှာ ကျုပ် ရင်ထဲမှာ တစ်ခုခုကို ခံစားမိလိုက်ရသလို ဖြစ်သွားလို့ အဲ့ခံစားချက်နောက်ကို လိုက်သွားလိုက်တာ။ ရလဒ်ကတော့ တုကျဲ့အဆင့်ကို ရောက်သွားတာပေါ့ဗျာ "
အားလုံးမှာ သူ့ကို ကြည့်ကာ ဆွံ့အနေကြတော့သည်။
၎င်းက ဖြစ်နိုင်ပါသေးရဲ့လား ...
သို့သော် .. ထိုအချိန်မှာပင် ..
ဂျုန်း ..
လေထဲမှ မိုးကြိုးသံ ထွက်ပေါ်လာပြန်သည်။
လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ပြောလိုက်သည်။
" ဒါ ... မဟုတ်မှလွဲရော .. "
သူ့စကား ဆုံးဆုံးချင်းမှာပင် လောမိသားစုမှ ဒုတိယအကြီးအကဲက ထိုင်နေရာမှ ထရပ်၏။
" အားလုံး .. ကျုပ် မကြာခင် ပြန်လာခဲ့ပါ့မယ် "
အားလုံး : " ........ "
ထိုလူကရော တုကျဲ့အဆင့်သို့ ရောက်တော့မည်လား ...
အားလုံးမှာ စကားမဆိုနိုင်ဘဲ ဆွံ့အနေကြတော့သည်။
လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်သည်။
" အကြီးအကဲ ၊ အကြီးအကဲ တုကျဲ့အဆင့် ရောက်တာကို ကျုပ်တို့ ကြည့်လို့ ရမလားခင်ဗျာ "
လောမိသားစုမှ ထိုဘီလူးများက ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့် ကြုံနေရချိန်တွင် မည်သို့ ရင်ဆိုင်ကြမှန်း သူ အမှန်တကယ်ပင် ကြည့်ချင်နေ၏။
" ဒါပေါ့ဗျာ ၊ ကြည့်လို့ရပါတယ် "
ဒုတိယအကြီးအကဲက လိုလိုလားလားပင် သဘောတူသည်။
ထို့နောက်တွင်မူ အားလုံးက ဒုတိယအကြီးအကဲနောက်မှ နေ၍ ခန်းမအပြင်သို့ လိုက်ထွက်လာကြ၏။
ထိုအချိန်မှာပင် ပျက်စီးခြင်း တိမ်တိုက်များက ကောင်းကင်ယံ၌ စုဝေးနေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။
ထို့နောက် .. ဒုတိယအကြီးအကဲက လေထဲသို့ ပျံတက်သွားပြီးချိန်မှာပင် မိုးကြိုးတစ်ချက် ပစ်ခတ်လာတော့သည်။
၎င်းအခြင်းအရာကို မြင်သောအခါ လောယွီဂိုဏ်းမှ လူများအားလုံးက တစ်ယောက်အတွေးကို တစ်ယောက် သဘောပေါက်နေသည့်အလား အချင်းချင်း လှည့်ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။
ပျောင်ပိုင်မြို့မှ လူများ၏အစွမ်း လျှို့ဝှက်ချက်ကို သူတို့ သိချင်နေကြသည်ဖြစ်ရာ ...
ယခု ကောင်းကင်ဘုံ ပျက်စီးခြင်းက ၎င်းကို ရှာဖွေနိုင်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခုပင် ။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့် ကြုံရချိန်တွင် မည်သူကမှ သတိလက်လွတ် မနေရဲဘဲ ရှိသမျှ အစွမ်းကုန်သုံးပြီး တိုက်ခိုက်တတ်ကြသောကြောင့် ဖြစ်ပါသည်။
သို့ဖြစ်ရာ .. ဒုတိယအကြီးအကဲက ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့် ရင်ဆိုင်သည်ကို ကြည့်ခြင်းဖြင့် သတင်းအချက်အလက်များစွာ ရနိုင်ပေသည်။
သို့သော် ... ကောင်းကင်ဘုံ ပျက်စီးခြင်း ကျလာသည့် အချိန်တွင်မူ .. ဒုတိယအကြီးအကဲက မည်သို့သော တိုက်ခိုက်မှုကိုမှ မလုပ်ဘဲ အေးအေးလူလူသာ ရပ်နေ၏။
" ဟင် ... သူက မိုးကြိုးနဲ့ ထိပ်တိုက်ရင်ဆိုင်မလို့လား .. "
ထိုအတွေးက သူတို့ခေါင်းထဲတွင် ဖျတ်ခနဲ ဝင်လာသည်။
ဂျုန်း ..
မိုးကြိုးလျှပ်စီးက တိမ်တိုက်များကြားမှ ထွက်လာကာ ဒုတိယအကြီးအကဲပေါ်သို့ ပြင်းထန်စွာ ကျသွား၏။
" ဒါ နည်းနည်း .. လက်လွတ်စပါယ် လုပ်လွန်းရာ ကျမနေဘူးလား။ ဒါ ကောင်းကင်ဘုံ ပျက်စီးခြင်းလေ ။ အစောတည်းက အစီအမံ တစ်ခုခု ကြိုမလုပ်ထားဘူးဆိုရင်တောင် အနည်းဆုံးတော့ မှော်လက်နက်တစ်ခုခုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်သင့်တာပေါ့ ။ အဲ့လို လက်နက်တစ်ခုခု သုံးပြီး ခုခံမှလဲ ဖြစ်မှာလေ ။ ဟုတ်တယ်မလား ။ အခု သူက ခန္ဓာကိုယ်ကိုပဲ သုံးပြီး ခုခံမလို့လား .. "
လောယွီဂိုဏ်းမှ လူများအားလုံး၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာပင် ဒုတိယအကြီးအကဲက ကောင်းကင်ဘုံ ပျက်စီးခြင်း အဆင့် ၇ ဆင့်ကို တုပ်တုပ်ပင် မလှုပ်ဘဲ အစမှ မဆုံးတိုင် အေးအေးလူလူ ငြိမ်ခံသွား၏။
မိုးကြိုးနှင့် လျှပ်စီးများ အဆင့် ၇ ဆင့်လုံး ပြီးသွားသည့် အချိန်တွင်မူ တိမ်တိုက်များ ပြန်လည်ပျောက်ကွယ်သွားတော့သည်။ ဒုတိယအကြီးအကဲကလည်း ထိုအချိန်မှသာ မြေပြင်သို့ တင့်တယ်စွာ ပြန်ဆင်းသက်လာ၏။
ထိုအချိန်တွင် သူ့ကိုယ်အပေါ်ပိုင်းမှ အင်္ကျီများမှာ မီးလောင်ကျွမ်း ခံထားရသည့်အလား မည်းနက်နေလေပြီ။
သို့သော် .. သူ့ကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု တိုးထွက်နေကာ သူ့အသားများကို မလောင်ကျွမ်းစေရန် အကာအကွယ် ပေးထား၏။
" အင်း .. ကျုပ်ရဲ့ ကျင့်ကြံခြင်းက လုံလောက်အောင် မကောင်းသေးတော့ ခေါင်းဆောင်ကြီးနဲ့ ကျုပ် အကိုကြီးတို့လို ဘာမှ မဖြစ်ဘဲတော့ ပြန်ထွက်မလာလိုက်နိုင်ဘူးဗျာ "
ဒုတိယအကြီးအကဲက ခေါင်းယမ်းကာ သက်ပြင်းချရင်း ဆိုလိုက်သည်။
လောဖုန်းက သူ့ကို ချက်ချင်း နှစ်သိမ့်၏။
" ဒုတိယအကြီးအကဲက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်လေ ၊ကျုပ်နဲ့ ပထမအကြီးအကဲတို့လို မဟုတ်ဘူး ။ ကျုပ်တို့ နှစ်ယောက်သာ မင်းလို ကောင်းကင်ဘုံပျက်စီးခြင်းကို ခန္ဓာကိုယ်အစွမ်းတစ်ခုတည်းနဲ့ ရင်ဆိုင်ရင် မင်းထက်တောင် အခြေအနေ ဆိုးဦးမှာ "
သူတို့နှစ်ဦး ပြောနေကြသည့် စကားကို နားထောင်နေသော လောယွီဂိုဏ်းမှ လူများမှာ စိတ်ထဲမှ ဆဲရေးလိုက်ကြသည်။
ထိုလူက ယခုအခြေအနေအထိ ရောက်နေသည့်တိုင် မကျေနပ်သေးဘူးတဲ့လား ..
" ဒီ သုံးယောက်ကလဲ .. ဘီလူးတွေပဲ .. "
လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ လောဖုန်းနှင့် အကြီးအကဲ နှစ်ယောက်ကို ကြည့်နေရင်း စိတ်ထဲမှ လေးလံသွား၏။
ထိုအချိန်မှာပင် ..
ဝေါင်း ..
ပျောင်ပိုင်မြို့ ထဲမှ အသံတစ်သံ ကြားလိုက်ကြရသည်။
အသံနှင့် မရှေးမနှောင်းမှာပင် မြေကြီးထဲမှ ရွှေရောင်နဂါးကြီး တစ်ကောင် ထွက်လာပြီး လေထဲတွင် အကြိမ်ရေအနည်းငယ် လှည့်ပတ်ကာ ပျောင်ပိုင်မြို့အပေါ်ဘက် ကောင်းကင်ယံ၌ ပျံဝဲနေလိုက်သည်။
" ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင် သွေးကြောပဲ ... "
ထို စိတ်စွမ်းအင်သွေးကြောကို မြင်သည်နှင့် လောယွီဂိုဏ်းမှ လူများမှာ အသက်ရှုပင် ရပ်မတတ် ဖြစ်သွားကြ၏။
ထို စိတ်စွမ်းအင် သွေးကြောမှာ သူတို့ နှစ်ပေါင်းများစွာကြာ အချိန်ပေးကာ အရယူရန် ကြိုးစားနေခဲ့သည့် စိတ်စွမ်းအင်သွေးကြောဖြစ်ကြောင်း သေချာပါသည်။
ယခု နောက်ဆုံးတွင်မူ .. ပျောင်ပိုင်မြို့တွင် ပြန်တွေ့ရလေပြီ။
ထိုတခဏတွင် လောယွီဂိုဏ်းမှ လူများအားလုံး စိတ်မသက်မသာ ခံစားလိုက်ကြရ၏။
ထိုစဥ်မှာပင် ကောင်းကင်ယံမှ ရွှေရောင်နဂါးကြီးက တစ်ပတ်လှည့်လိုက်ပြီး ရုတ်တရက် ပါးစပ်ဟ၍ စိတ်စွမ်းအင် ရေတံခွန်ကြီးတစ်ခု ဖန်တီးလိုက်သည်။
၎င်းကို မြင်သည်နှင့် လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး အလွန်စိတ်လှုပ်ရှားသွား၏။
" ဒါ .. စိတ်စွမ်းအင် သွေးကြော ရေလှိုင်း လား "
ထို့နောက် သူက လောဖုန်ဘက် ချက်ချင်း လှည့်ကြည့်ကာ ပြောလိုက်သည်။
" သခင်ကြီး လော ၊ ပျောင်ပိုင်မြို့ထဲက လူတွေအားလုံးကို ချက်ချင်း တစ်ကိုယ်တည်း ကျင့်ကြံကြဖို့ ပြောလိုက်ပါ။ ဒီ စိတ်စွမ်းအင်သွေးကြော ရေလှိုင်းက နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ပေါ်လာတတ်တဲ့ ရှားပါး အခွင့်ကောင်းကြီးပဲဗျ "
သို့သော် .. လောဖုန်း နှင့် အကြီးအကဲများ အပါအဝင် လောမိသားစုမှ လူများအားလုံးကမူ မလှုပ်မယှက် ရှိနေကြပြီး သူ့ကိုသာ နားမလည်နိုင်သည့်အကြည့်ဖြင့် ပြန်ကြည့်နေကြ၏။
၎င်းကို မြင်သောအခါ လောယွီဂိုဏ်းချုပ်ကြီးက အနည်းငယ် စိုးရိမ်သွားဟန်ဖြင့် ထပ်ပြောလိုက်သည်။
" သခင်ကြီးလော ၊ ကျုပ် နောက်နေတာ မဟုတ်ဘူးဗျ ။ ဒီလို အခွင့်ကောင်းမျိုးက လွဲချော်လို့ မဖြစ်ဘူး "
လောဖုန်းက ကောင်းကင်ယံမှ ရွှေရောင်နဂါးကြီးကို မော့ကြည့်လိုက်ပြီး တအံ့တသြ ပြောလာ၏။
" ဂိုဏ်းချုပ်ကြီးပြောတာ .. ဒီလိုဖြစ်ရပ်မျိုးက နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ဖြစ်တာလို့ ပြောလိုက်တာလား .. "
လောယွီဂိုဏ်းချုပ်ကြီး : " ဟုတ်တယ်ဗျ "
လောဖုန်းက ခေါင်းကုတ်ကာ ပြန်ပြောသည်။
" ဒါပေမယ့် .. ကျုပ်တို့ ပျောင်ပိုင်မြို့မှာက အဲ့ဒါမျိုး သုံးရက်ကို တစ်ကြိမ် ဖြစ်နေတာဗျ "