လောယွီဂိုဏ်းချုပ်ကြီး၏ စကားများ
Vol. 17 Ch. 230
" သုံး ... သုံးရက်က်ု တစ်ကြိမ် ?? "
လောယွီဂိုဏ်းမှ လူများအားလုံး အံ့သြမှင်သက်ကုန်ကြသည်။
" ဟုတ်တယ်ဗျ "
လောဖုန်းက ပြန်ပြော၏။
လောယွီဂိုဏ်းချုပ်ကြီးမှာ ကောင်းကင်ယံတွင် ရှိနေသည့် ရွှေရောင်နဂါးကြိးကို မော့ကြည့်ရင်း ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင် ဖြစ်နေသည်။
" သုံးရက်ကြာတိုင်း တစ်ကြိမ်ဖြစ်တာ သေချာရဲ့လားဗျာ။ရေလှိုင်းပမာဏကရော အမြဲတမ်း အဲ့လိုပဲလား "
သူ သေချာအောင် ထပ်မေးလိုက်သည်။
လာဖုန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေ၏။
" အမြဲတမ်းကြီးတော့လဲ မဟုတ်ဘူးဗျ "
ထိုစကားကို ကြားမှသာ လောယွီဂိုဏ်းချုပ်ကြီး သက်ပြင်းချနိုင်သွားသည်။
ကြည့်ရသည်မှာ နားလည်မှုလွဲခြင်းနှင့် တူပေသည်။
ဤမျှ ပမာဏရှိသော စိတ်စွမ်းအင်သွေးကြောရေလှိုင်းက ထိိုသို့ မကြာခဏ ပေါ်လာသည်မှာ မဖြစ်နိုင်ပါချေ။
သို့သော် .. လောဖုန်းက စကားဆက်၏။
" အရင်တုန်းက ဖြစ်တဲ့ ရေလှိုင်းပမာဏက အကြီးနဲ့ အသေး ရှိတယ်ဗျ ။ အခု ဒီဟာက သေးတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ဖြစ်တဲ့ ပမာဏက အမြဲတမ်းတော့ မတူဘူးပေါ့ဗျာ "
လောယွီဂိုဏ်းချုပ်ကြီးမှာ ခြေတစ်ဖက် ယိုင်သွားပြီး မြေကြီးပေါ်သို့ လဲကျတော့မလိုပင် ဖြစ်သွားသည်။
ထိုလူ .. ပြောနေသည့် စကားများက လူစကားပင် ဟုတ်ပါသေးရဲ့လား။
သူ ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်လည်း လောမိသားစုမှ လူများအားလုံးက မထူးခြားဟန်ဖြင့်သာ ရှိနေသည်ကို မြင်လိုက်ရ၏။
ထိုလူများက လိမ်နေခြင်း မဟုတ်သည်မှာ သိသာပါသည်။
ထိုအချက်ကြောင့်လည်း သူ ပို၍ပင် အံ့သြတုန်လှုပ်သွားရ၏။
လွန်ခဲ့သော နှစ်များအတွင်း သူတို့ လောယွီဂိုဏ်းမှာ စိတ်စွမ်းအင်သွေးကြောနှင့် ပတ်သက်၍ ဒုက္ခရောက်နေခဲ့ကြရပါသည်။
အစွမ်းအသင့်အတင့် အးကောင်းသော စိတ်စွမ်းအင် သွေးကြောအချို့ ရရန်ပင် ပြောမပြနိုင်သည့် အခက်ခဲ ပေါင်းစုံနှင့် ကြုံခဲ့ကြရ၏။
ထို့ကြောင့်လည်း စိတ်စွမ်းအင်သွေးကြောနှင့် ပတ်သက်သည့် အကြောင်းအရာများကို သူတို့ သေချာ အသေးစိတ်ကျကျ လေ့လာထားခဲ့ကြသည်။
သို့ဖြစ်ရာ .. စိတ်စွမ်းအင်သွေးကြော ရေလှိုင်း ကဲ့သို့သော အရာမျိုးမှာ မြင့်မြတ်နယ်မြေတွင်ပင် ကံအကြောင်း တိုက်ဆိုင်လွန်းမှသာ ရှားရှားပါးပါး တွေ့ရတတ်သည်ကို သူ ကောင်းကာင်းကြီး သိထားပြီး ဖြစ်သည်။
ထို့အပြင် ထိုအသွင်ပြောင်း စိတ်စွမ်းအင် သွေးကြောများမှာ အလွန် မောက်မာပြီး မာန်မာန ကြီးတတ်ကြသော သက်ရှိများ ဖြစ်ကြ၏။
သူတို့သည် အသိဉာဏ် ရှိကြသည့်တိုင် လူသားများနှင့် ဆက်သွယ်ရမည်ကို အလွန်အထင်သေး ရွံရှာကြသူများလည်း ဖြစ်သည်။
ထို့အပြင် စိတ်စွမ်းအင်သွေးကြောကို ဖွင့်လိုလျှင်လည်း သူတို့၏ ဆန္ဒပါမှသာ ဖွင့်၍ ရတတ်ပါသည်။၎င်းတို့သာ ဆန္ဒမရှိပါက မိမိဘက်မှ နှစ်တစ်ထောင်တိတိ ဒူးထောက်၍ တောင်းပန်တိုးလျှိုးလျှင်ပင် အောင်မြင်မည် မဟုတ်ပါချေ။
သို့သော် ..ယခု သူတို့ရှေ့မှ ပျောင်ပိုင်မြို့ကမူ ...
လောယွီဂိုဏ်းမှ လူများအားလုံးမှာ အလွန် အံ့သြမှင်သက်နေကြတော့သည်။
" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့တွေ အထဲပြန်ဝင်ကြမလား "
လောဖုန်းက အပြုံးဖြင့် ဆိုလိုက်သည်။
" အင် ... "
လောယွီဂိုဏ်းချုပ်ကြီးက အနည်းငယ် တွန့်ဆုတ်နေဟန် ဖြစ်သွား၏။
သူ့ တပည့်များကို ကြည့်လိုက်သည့် အချိန်တွင်လည်း အားလုံးက သူ့အား ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
သူ အနည်းငယ် အိုးတို့အမ်းတမ်းနိုင်စွာ ပြောလိုက်၏။
" ဟို .. သခင်ကြီး လောဖုန်း ၊ အထဲကို ပြန်မသွားသေးဘဲ ဒီမှာပဲ နေလို့ရမလားဗျ ။ ကျုပ်တို့က ဒီလို စိတ်စွမ်းအင်သွေးကြောရေလှိုင်းကို တစ်ခါမှ မမြင်ဖူးကြဘူး။ တကယ်လို့ စိတ်မရှိရင် .. ကျုပ်တို့ ခဏလောက် အရင်ကျင့်ကြံလို့ ရမလားဗျာ "
လောဖုန်းမှာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက်မှ ခေါင်းညိတ်ကာ ပြန်ပြောသည်။
" ဒါပေါ့ဗျာ ၊ ရတာပေါ့ "
လောဖုန်း၏ စကားကို ကြားသည်နှင့် လောယွီဂိုဏ်းချုပ်ကြီးက ချက်ချင်း ဦးညွှတ်အရိုအသေပြုကာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
ထို့နောက် သူ့ဂိုဏ်းမှ လူများဘက် လှည့်ကာ ပြော၏။
" အားလုံး ကျင့်ကြံကြဟေ့ "
" ဟုတ်ကဲ့ "
လောယွီဂိုဏ်းမှ လူများအားလုံးက မြေကြီးပေါ်တွင် ချက်ချင်း တင်ပျဥ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်ကြသည်။
အားလုံးမှာ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်၍ အလေးနက် ကျင့်ကြံနေကြ၏။
စိတ်စွမ်းအင်သွေးကြောရေလှိုင်းကို သူတို့ဘဝတွင် ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း မဟုတ်ပါလား .. ။
ထိုအခွင့်ရေးမျိုးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း ။
ထိုတခဏတွင် အားလုံးက စိတ်စွမ်းအင်များကို အသည်းအသန် စုပ်ယူကာ သူတို့၏ ကျင့်ကြံခြင်း တိုးတက်လာအောင် ကြိုးစားနေကြ၏။
ပျောင်ပိုင်မြို့မှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
ပထမအကြီးအကဲက လောဖုန်းဘေးသို့ သွားကာ တီးတိုး ပြော၏။
" ခေါင်းဆောင်ကြီး ၊ ကြည့်ပါဦး .. "
လောဖုန်းမှာလည်း သူ့ရှေ့မှ လူများကို ကြည့်ကာ အံ့သြတကြီး ဖြစ်နေသည်။
" လောယွီဂိုဏ်းက ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်နေတာ မဆန်းတော့ပါဘူး။ သူတို့က ညစာစားပွဲ အတွင်းမှာတောင် ကျင့်ကြံဖို့ မမေ့ကြဘူး "
ပထမအကြီးအကဲကလည်း တအံ့တသြ ပြောသည်။
" အမှန်ပဲဗျာ ၊ သူတို့ အစွမ်းထက်ရတဲ့ အကြောင်းရင်းက ဒါပဲနေမှာ ။ ကျုပ်တို့ လောမိသားစုက လူငယ်တွေနဲ့များ ကွာပ ၊ သူတို့တွေက အပျင်းကြီးနေကြတာ။ ရှက်ဖို့တောင် ကောင်းတယ် "
ေလာဖုန်းက ခေါင်းကို အားရပါးရ ညိတ်ကာ သဘောတူ၏။
" ဟုတ်တယ်ဗျာ ၊ ကျုပ်တို့တွေ ဒီတိုင်းပဲ ဆက်သွားရင် ထျန်းလေးကို ဒုက္ခပေးသလို ဖြစ်နေတော့မှာ။ ကျုပ် အကြံတစ်ခုရပြီ ၊ ဒီနေ့က စပြီးတော့ မိသားစုထဲက လူတွေအားလုံးကို အရင်ကထက် နှစ်ဆတိုးပြီး ကျင့်ကြံခိုင်းလိုက်မယ်ဗျာ။အကြီးအကဲ ဘယ်လို သဘောရလဲ .. "
ပထမ အကြီးအကဲက ပြန်ပြောသည်။
" ကျုပ်လဲ အဲ့လိုတွေးနေတာဗျ ။ ဒါပေမယ့် .. နှစ်ဆတည်း တိုးရုံနဲ့တော့ မလုံလောက်ဘူးထင်တယ်။ သုံးဆ တိုးလိုက်ရင်ရောဗျာ "
လောဖုန်းက ခေတ္တမျှ စဥ်းစားကာ ပြော၏။
" ကောင်းတယ်ဗျာ၊ အဲ့လိုပဲ လုပ်ကြမယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကဲကိုယ်တိုင်က ကြီးကြပ်ကွပ်ကဲပေးဖို့ရော .. ဘယ်လိုသဘောရလဲ "
" ရတာပေါ့ ခေါင်းဆောင်ကြီးရယ် ၊ ကျုပ် သေချာ ကြီးကြပ်လိုက်ပါ့မယ်။ ငပျင်းေကောင်တွေကို ကျုပ်ကိုယ်တိုင် နပန်ကျင်းပစ်မယ် "
အကြီးအကဲက ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ စိတ်စွမ်းအင်သွေးကြောရေလှိုင်းက ပြန်လည်ပျောက်ကွယ်သွားပြီး လောယွီဂိုဏ်းမှ လူများလည်း ကျင့်ကြံခြင်းကို ရပ်လိုက်ကြသည်။
လောယွီဂိုဏ်းမှ တပည့်များအားလုံး၏ မျက်နှာတွင်လည်း အံ့အားသင့်နေသည့် အရိပ်အယောင်များ ရှိနေကြ၏။
" စိတ်စွမ်းအင်သွေးကြောရေလှိုင်း ဆိုတာ ဒါမျိုးလား ... ။ စိတ်စွမ်းအင်တွေက အစွမ်းထက်လွန်းတော့ ကျုပ်ရဲ့ ကျင့်ကြံခြင်း အများကြီး တိုးတက်သွားတယ်ဗျာ "
" နာရီဝက်လောက်ပဲ ကျင့်ကြံရတာတောင် အပြင်မှာ တစ်လလောက် ကျင့်ကြံတာနဲ့ ညီမျှနေတယ်။ ဒါ .. ဟုတ်ရော ဟုတ်သေးရဲ့လား .. "
" ဟား ဟား .. ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆက်မတိုးဘဲ ရပ်နေတာ တစ်နှစ်ခွဲလောက် ရှိသွားပြီ။ အခု ခနပဲ လေ့ကျင့်လိုက်ရုံနဲ့တင် အပြောင်းအလဲ ဖြစ်သွားတာကို ခံစားလိုက်ရတယ် "
လောယွီဂိုဏ်းမှ လူများအားလုံး အလွန်ပျော်ရွှင်နေကြသည်မှာ သိသာပါသည်။
ထို့နောက်တွင်မူ လောဖုန်းက အားလုံးကို ခန်းမထဲမှ ညစာစားပွဲသို့ ပြန်သွားရန် ဖိတ်ခေါ်လိုက်သည်။
ညစာစားပွဲအတွင်း၌ လောဖုန်းက အပြုံးဖြင့် မေး၏။
" ဂိုဏ်းချုပ်ကြီး က .. ကောင်းကင်ဘုံအဆင့်ကို ရောက်သွားပြီလား "
လောယွီဂိုဏ်းချုပ်ကြီး က ခေါင်းညိတ်၍ ပြန်ဖြေသည်။
" ဟုတ်တယ်ဗျ "
လောဖုန်း အနည်းငယ် လန့်သွားကာ အလေးနက် ဆက်မေးလိုက်သည်။
" ဒါဆို .. ဂိုဏ်းချုပ်ကြီး စိတ်မရှိရင် ဒီအဆင့်အကြောင်း ကျုပ်တို့ကို ကျေးဇူးပြုပြီး ရှင်းပြပေးလို့ ရမလားဗျာ "
လောမိသားစု၏ ကျန် အကြီးအကဲ သုံးယောက်ကလည်း လောယွီဂိုဏ်းချုပ်ကြီးကို အာရုံစိုက် ကြည့်လာကြ၏။
သူတို့အားလုံးက တုကျဲ့အဆင့်သို့ ရောက်သွားကြပြီဖြစ်ရာ နောက်တဆင့်ဖြစ်သည့် ကောင်းကင်ဘုံအဆင့်အကြောင်း သိလိုကြသည်မှာ မဆန်းပါချေ။
လောယွီဂိုဏ်းချုပ်ကြီးက ပြောပြသည်။
" ရှင်းပြလို့ ရတာပေါ့ဗျ ။ အားလုံးလဲ သိပြီးကြတဲ့အတိုင်း ၊ ကျင့်ကြံခြင်း ကမ္ဘာမှာ ရှေ့ပိုင်း အဆင့်တွေဖြစ်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ၊ စိတ်စွမ်းအင် စုဆောင်းခြင်း ၊ စိတ်ဝိဥာဥ်အသွင်ပြောင်းခြင်း နဲ့ ကောင်းကင်ထိန်းချုပ်အဆင့် စတဲ့ အဆင့်တွေအားလုံးက တကယ်တော့ အစွမ်းတိုးတက်မှု ပဲလေ "
" လူတစ်ယောက်ရဲ့ အစွမ်းဟာ အတိုင်းအတာတစ်ခုကို ရောက်သွားပြီဆိုရင်တော့ သဘာဝတရားကြီးရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်သွားပြီမို့ ကောင်းကင်နှင့် မြေကြီးက ဒါကို လက်မခံတော့ဘူးပေါ့ဗျာ ။ ဒါကြောင့်မို့လဲ ကောင်းကင်နဲ့ မြေကြီးရဲ့ မနာလိုဝန်တိုမှုကို ခံရပြီး ကောင်းကင်ဘုံ ပျက်စီးခြင်းနဲ့ ကြုံကြရတာပဲ။ ဒီအဆင့်ကိုတော့ တုကျဲ့အဆင့်လို့ ခေါ်တာပေါ့ "
" တုကျဲ့အဆင့်က ကောင်းကင်ဘုံ ပျက်စီးခြင်းဟာ အန္တရာယ်များတာ မှန်ပေမယ့် ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတစ်ခုပဲ။ တကယ်တော့ ကောင်းကင်ဘုံပျက်စီးခြင်းတွေ အားလုံးဟာ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲပစ်တာပဲဗျ "
" ဒါပေမယ့် ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံး အခြေအနေအထိ ပြောင်းလဲပစ်တဲ့ အခါမျိုးမှာတော့ ကောင်းကင်ဘုံနှင့် မြေကြီး ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက် ရန်စ လိုက်သလိုဖြစ်ပြီး သူတို့ရဲ့ အညှိုးထားတာကို ခံကြရတယ်။ အဲ့လို အညှိုးထား ခံရရင် ပိုအစွမ်းထက်တဲ့ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြစ်သွားစေပြီးတော့ တစ်ခါတစ်လေ အသက်သေဆုံးတဲ့အထိ ကောင်းကင်ဘုံရဲ့ တိုက်ခိုက်တာကို ခံရတတ်တယ်ဗျ ။ တုကျဲ့အဆင့်ကနေ ကောင်းကင်ဘုံအဆင့်ကို ကူးပြောင်းတဲ့ အစွမ်းထက် ကျင့်ကြံသူအများစုက ဒီအဆင့်ကြောင့်မို့ ကျရှုံးကြရတာ "
လောမိသားစုမှ လူများ ခေါင်းညိတ်လိုက်ကြသည်။
" ဒါဆို .. ကောင်းကင်ဘုံအဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ ဘယ်လိုလုပ်ရမလဲဗျ "
ပထမအကြီးအကဲက မေးလိုက်သည်။
လောယွီဂိုဏ်းချုပ်ကြီးက စကားဆက်၏။
" ဒါက ရိုးရှင်းတယ်ဗျ ၊ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ပဲ "
" ထိန်းချုပ်ရမယ် .. ဒါ .. ဘယ်လိုအဓိပ္ပါယ်လဲဗျ "
အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
လောယွီဂိုဏ်းချုပ်ကြီးက အပြုံးဖြင့် ရှင်းပြ၏။
" ကောင်းကင်ဘုံအဆင့် မတိုင်ခင်က ကျင့်ကြံခြင်းတွေက တကယ်တော့ အထိန်းအချုပ် မရှိကြဘူး။ ကျင့်ကြံခြင်း တစ်ခုတည်းအပေါ်မှာပဲ မူတည်ပြီးတော့ ဖိအားနဲ့ စိတ်စွမ်းအင်တွေကို တတ်နိုင်သလောက် များများ ထုတ်လွှတ်ဖို့ပဲ အရေးကြီးတာ ။ ဒါမှလဲ အစွမ်းထက်တယ်လို့ ခံစားကြရမှာလေ "
" ဒါပေမယ့် ကောင်းကင်ဘုံအဆင့်ကို ရောက်သွားရင်တော့ ကိုယ်ကိုကိုယ် ထိန်းချုပ် မြိုသိပ်တတ်ဖို့ အရေးကြီးလာပြီ။ ဒီအဆင့်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်နဲ့ ဖိအားတွေ အားလုံးကို တတ်နိုင်သလောက် ထိန်းချုပ်ပြီး ဖိနှိပ်တတ်ဖို့ ကြိုးစားရမယ်ဗျ ။ ဒါမှ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေက သတိမထားမိကြမှာ "
" သဘောတရားအရ ပြောရရင်တော့ ကောင်းကင်ဘုံအဆင့်က အကောင်းဆုံး ကျင့်ကြံသူတွေဟာ သူတို့အစွမ်းရဲ့ တစ်စိတ်တစ်ပိုင်းလေးကိုတောင် မထုတ်လွှတ်သင့်ဘူးတဲ့။ အပြင်ကကြည့်ရင် သာမာန်လူတစ်ယောက်လို ပုံစံမျိုးနဲ့ တူနေရမယ်တဲ့ ဗျ။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းက ဘာမှသုံးစားမရတဲ့ သေဆုံးခါနီး လူတစ်ယောက်လို ပုံပေါ့ဗျာ ။ ဒါ့ကြောင့်မို့လဲ ဒီအဆင့်ကို ကောင်းကင်ဘုံအဆင့်လို့ ခေါ်တာ "
အားလုံးမှာ ထိုအချိန်မှသာ နားလည်သဘောပေါက်သွားကြ၏။
ဤစကားများမှာ လောဖုန်းနှင့် ကျန် လောမိသားစုမှ လူများအတွက် အလွန်အဖိုးတန်သော စကားများ ဖြစ်ပါသည်။
သူတို့ ပျောင်ပိုင်မြို့တွင် ရှေးဟောင်း အမွေအနှစ်များ များစွာ ရှိမထားပါချေ ။
ေလာထျန်းပေးသည့် စိတ်ဝိဥာဥ် ပုလဲလုံးများသည်ပင် တုကျဲ့အဆင့် ကျင့်ကြံသူ၏ မှတ်ဉာဏ်များသာ ပါသည်မဟုတ်ပါလား။
သို့ဖြစ်ရာ ကောင်းကင်ဘုံအဆင့်နှင့် ပတ်သက်၍ သူတို့ သိပ်မသိလှပေ။
" ဒါဆို .. ကောင်းကင်ဘုံအဆင့် ပြီးရင်ရော ဘာဆက်ဖြစ်လဲဗျ "
တတိယ အကြီးအကဲက မေးလိုက်သည်။
လောယွီဂိုဏ်းချုပ်ကြီးက ပြန်ဖြေသည်။
" ကောင်းကင်ဘုံအဆင့် ပြီးသွားရင်တော့ အဆုံးအစမဲ့ အဆင့် ရှိတယ်ဗျ။ကောင်းကင်ဘုံအဆင့်ကို ကိုယ်တွင်းထိန်းချုပ်ခြင်းလို့ ပြောရမယ်ဆိုရင် အဆုံးအစမဲ့ အဆင့်က ကိုယ်ပြင်ထုတ်လွှတ်ခြင်းပဲဗျ။ဒီအဆင့်က ပိုးတုံးလုံး ဘဝကနေ လိပ်ပြာအဖြစ် ကူးပြောင်းသွားတဲ့ အချိန်မှာ အဲ့ဒီလိပ်ပြာက ပိုးအိမ်ထဲကနေ ဖောက်ထွက်လာတဲ့ အခိုက်အတန့်နဲ့ တူတယ် "
" ကောင်းကင်ဘုံ အဆင့်မှာ ထိန်းချုပ်ဖိနှိပ် ခံလာရတဲ့ အစွမ်းတွေကို လူ့ခန္ဓာကိုယ်က ဆက်ပြီး မထိန်းချုပ်ထားနိုင်တော့ဘဲ အပြည့်အဝ ထုတ်လွှတ်လိုက်တာပေါ့ဗျာ။ ဒီလို ထုတ်လွှတ်လိုက်တဲ့ အစွမ်းတွေက ပင်လယ်ကြီးတစ်စင်းလို နက်ရှိုင်း ကျယ်ပြောပြီးတော့ တိုင်းတာလို့လဲ မရဘူး။ ဒါ့ကြောင့်မို့ ဒီအဆင့်ကို အဆုံးအစမဲ့ အဆင့်လို့ ခေါ်တာပဲ "
" ဒီ အဆုံးအစမဲ့ အဆင့်ကို ရောက်သွားတာနဲ့ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကလဲ ကိုယ့်ကို မဖျက်ဆီးနိုင်ကြတော့ဘူး "