အဆင့် ၈ အစီအမံ
Vol. 17 Ch. 231
" အဲ့လိုလား ... ဒါဆို အဆုံးအစမဲ့အဆင့်ရဲ့ အပေါ်ကရောဗျ "
ပထမအကြီးအကဲက သေချာ အာရုံစိုက် နားထောင်နေရင်း မေးလိုက်သည်။
" အဆုံးအစမဲ့ အဆင့်က ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို ဂရုမစိုက်ဘဲ နေနိုင်ရင် .. နောက်တစ်ဆင့်ကတော့ ဒီစည်းမျဥ်းတွေရဲ့ အပေါ်ကလို့ ပြောရမယ်ဗျ "
" ဒီအဆင့်ကိုတော့ ကောင်းကင်ဘုံတံခါးဝ အဆင့်လို့ ခေါ်တယ် "
" ကောင်းကင်ဘုံတံခါးဝ အဆင့် တဲ့လား ၊ ကာင်းကင်ဘုံနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေရဲ့ အထက်မှာရှိတာပေါ့ .. ? "
အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
လောယွီဂိုဏ်းချုပ်ကြီး က ဆက်ပြော၏။
" ဟုတ်တယ်ဗျ ၊ လူတစ်ယောက်ဟာ ဒီကောင်းကင်ဘုံတံခါးဝ အဆင့်ကို ရောက်သွားပြီဆိုတာနဲ့ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို လျစ်လျူရှုထားနိုင်ရုံတင် မကဘူး ၊ ကမ္ဘာတွေကြားက အတားအဆီးကိုလဲ အားသုံးပြီး ဖွင့်နိုင်တယ်။ ကောင်းကင်ဘုံတခါးကိုတောင် အားသုံးဖွင့်ပြီးတော့ ပိုမြင့်တဲ့ကမ္ဘာကို သွားနိုင်တယ်ဗျာ။ ဒါ့ကြောင့်လဲ အဲ့နာမည် ရထားတာပဲ "
" အကြမ်းဖျင်း ပြောရရင်တော့ ဒီ ကောင်းကင်တံခါးဝ အဆင့်က ကျုပ်တို့ကမ္ဘာမှာ အမြင့်ဆုံး အဆင့်ပဲဗျ "
ထိုစကားကို ကြားသောအခါ အားလုံးဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး ပိုမြင့်သည့်အဆင့်သို့ တက်သွားနိုင်သည်တဲ့လား ...
အားလုံး၏ အတွေးထဲတွင်လည်း ထိုမြင်ကွင်းကို မြင်ယောင်မိသွားကြ၏။
လောဖုန်းတစ်ယောက်ကသာ တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် ပြောလာသည်။
" ဂိုဏ်းချုပ်ကြီး ပြောတဲ့အတိုင်းဆိုရင် .. ကျုပ်တို့ကမ္ဘာထက် ပိုမြင့်တဲ့ တခြား ထူးခြားတဲ့ ကမ္ဘာတွေ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လား "
အားလုံး၏ အကြည့်က လောယွီဂိုဏ်းချုပ်ကြီးဆီသို့ ချက်ချင်း ရောက်သွားကြပြန်၏။
လောယွီဂိုဏ်းချုပ်ကြီးက ခဏတာမျှ တွန့်ဆုတ်နေပြီးမှသာ ပြန်ဖြေသည်။
" ကျုပ် ကောလဟာလတွေ နည်းနည်းပဲ ကြားဖူးတာပါ "
" ကျုပ် ကြားထားတဲ့အတိုင်း ဆိုရင်တော့ ကျုပ်တို့ကမ္ဘာမှာ ရနိုင်တဲ့ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က ကောင်းကင်တံခါးဝ အဆင့်ပဲ။ ဒါပေမယ့် အဲ့အဆင့်ကို ရောက်သွားပြီးတာနဲ့ ပိုမြင့်တဲ့ ကမ္ဘာဆီတက်ပြီး မသေမျိုးအစွမ်းကို ရအောင် ကြိုးစားလို့ရတယ်လို့ ပြောတယ် "
" ဒါပေမယ့် .. ဒီကမ္ဘာတည်ရှိလာတဲ့ တလျှောက်မှာ ကောင်းကင်ဘုံတံခါးဝ အဆင့်ကို ရောက်သွားခဲ့ကြတဲ့ ထူးခြားတဲ့ လူတချို့ ရှိခဲ့ဖူးပေမယ့် ၊ သူတို့တွေက ပိုမြင့်တဲ့ ကမ္ဘာကို သွားဖို့ ငြင်းဆန်ပြီး ဒီကမ္ဘာမှာပဲ ဆက်နေခဲ့ကြတယ်တဲ့။ အဲ့နောက်တော့ ဒီကမ္ဘာမှာပဲ မသေမျိုးတွေ ဖြစ်လာခဲ့ကြတယ်လို့ ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒ်တွေက အများအပြောပဲ ရှိတာဗျ။ ကျုပ် တစ်သက်လုံးမှာ တွေ့ခဲ့ဖူးတဲ့ အစွမ်းအထက်ဆုံး သူကတောင် ကောင်းကင်တံခါးဝအဆင့်ကို ရောက်စပဲ ရှိသေးတာ။ ဒါတောင် ကျုပ် အဲ့လူက ခပ်ဝေးဝေးကပဲ မြင်ခဲ့ဖူးတာဗျ ။ အဲ့တော့ မသေမျိုးဆိုတာကိုတော့ မြင်ဖူးဖို့ အဝေးကြီးပေါ့ဗျာ "
" မသေမျိုးတဲ့ ... "
အားလုံးမှာ အံ့သြတကြီး ဖြစ်သွားကြပြန်သည်။
ထို့နောက်တွင်မူ .. သူတို့၏ ကျင့်ကြံခြင်းနှင့် ပတ်သက်သော စကားဝိုင်း အဆုံးသတ်သွားပြီး သာမာန်အကြောင်းအရာများကိုသာ ပြောဆိုကာ သောက်ကြစားကြ လုပ်နေကြ၏။ ညဥ့်နက်လာသည့် အချိန်တွင်မူ အားလုံး နှုတ်ဆက်စကားဆိုကာ လူစုခွဲလိုက်ကြသည်။
နောက်ရက်များတွင်လည်း လောမိသားစုက သူတို့၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသရန် လောယွီဂိုဏ်းမှ လူများကို နောက်ထပ် ရက်ကြာကြာဆက်နေရန် ဖိတ်ခေါ်ခဲ့သေး၏။ ဤသို့ဖြင့် နောက်တစ်ကြိမ် စိတ်စွမါးအင်သွေးကြောရေလှိုင်းနှင့် ကြုံပြီးမှသာ လောယွီဂိုဏ်းမှ လူများ ပြန်သွားကြတော့သည်။
ပျောင်ပိုင်မြို့တွင် နေခဲ့သည့် ရက်များအတွင်း၌ လောယွီဂိုဏ်းကလည်း သူတို့၏ စိတ်ရင်းကို ပြသသည့်အနေဖြင့် သူတို့၏ ထိပ်တန်းအဆင့် သိုင်းကျင့်စဥ်များထဲမှ တစ်ခုကို လက်ဆောင် ပြန်ပေးခဲ့၏။
ယခုဆိုလျှင် သူတို့နှစ်ဖွဲ့ မိတ်ဆွေများ ဖြစ်သွားခဲ့ကြလေပြီ ။
ထို့နောက် ..
တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ လင်းလက်သွားကာ လောယွီဂိုဏ်းမှ လူများ သူတို့ ဂိုဏ်းသို့ ပြန်ရောက်သွားကြတော့သည်။
" ဂိုဏ်းချုပ်ကြီး ၊ ပြန်လာတာ မြန်လှချည်လားဗျ ။ စိတ်စွမ်းအင်သွေးကြောကိုရော ပြန်ရခဲ့လား "
လောယွီဂိုဏ်းမှ အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားနေဟန်ဖြင့် အပြေးအလွှား ရောက်လာသည်။
သို့သော် .. ဂိုဏ်းချုပ်ကြီးက သူ့ကို ပြန်ကြည့်ကာ အေးစက်စက်သာ ပြော၏။
" အားလုံးကို အမိန့်ထုတ်လိုက်ပါ၊ ဒီအချိန်ကစပြီး စိတ်စွမ်းအင်သွေးကြောနဲ့ ပတ်သက်တဲ့အကြောင်းကို ဘယ်သူမှ မပြောရဘူးလို့ ။ ပြီးတော့ ဒီနေ့ဒီအချိန်ကစလို့ ေပျာင်ပိုင်မြို့က လူတွေကို တွေ့ရင် မိတ်ဆွေပဲ ဖွဲ့ရမယ် ၊ ရန်စ စော်ကားတာမျိုး မလုပ်ရဘူးလို့ ပြောလိုက်ပါ "
" ဟင် .. ဘာဖြစ်လို့လဲ ၊ သခင်ကြီး ပျောင်ပိုင်မြို့မှာ ဘာတွေ တွေ့ခဲ့ရလို့လဲ "
အကြီးအကဲ အလွန်အံ့အားသင့်သွားသည်။
လောယွီဂိုဏ်းချုပ်ကြီးက သက်ပြင်းရှည်ကြီး တစ်ချက်ချက်ကာ ပြန်ပြော၏။
" ငါတို့ .. ဘီလူးတစ်အုပ်နဲ့ တွေ့ခဲ့ရတယ်ကွ "
" ဘီလူးတစ်အုပ် ... "
.....
တဖက်ရှိ ပျောင်ပိုင်မြို့ ၊ လောမိသားစု အိမ်တော်အတွင်း၌ ..
" ပထမအကြီးအကဲ ၊ ကျုပ် ဆက်မခံနိုင်တော့ဘူးဗျ ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခဏလောက် ပေးနားပါဦးဗျာ "
လောမိသားစုမှ လူငယ်လေးတစ်ယောက်က မျက်နှာငယ်လေးဖြင့် ဆိုလိုက်သည်။
" ဟုတ်တယ်ဗျ အကြီးအကဲ ၊ လေ့ကျင့်နှုန်းကို ရုတ်တရက် အဲ့လောက်အများကြီး တိုးလိုက်ရင် အသက်ပါ ဆုံးသွားနိုင်တယ်ဗျ "
အခြားလူငယ်တစ်ယောက်ကလည်း မြန်မြန်ဝင်ပြော၏။
သို့သော် .. ပထမအကြီးအကဲက သုန်မှုန်နေသည့် မျက်နှာဖြင့်သာ အေးစက်စက် ပြန်ပြောလိုက်သည်။
" ပါးစပ်ပိတ်ထားကြ ၊ မင်းတို့က အဲ့လောက်ပင်ပန်းတာလေးတောင် မခံနိုင်ကြဘူးလားကွ ။ လောယွီဂိုဏ်းက လူတွေကို မင်းတို့ မမြင်လိုက်ကြဘူးလား ။ သူတို့ဆိုရင် ညစာ စားနေရင်းတောင် ပြေးထွက်ပြီး သွားကျင့်ကြံကြတာ။ မင်းတို့ကျတော့ ကြည့်စမ်းပါဦး ။ ဒီတိုင်းဆိုရင် နောက်ကိ အစွမ်းထက်ကျင့်ကြံသူ ဘယ်လိုလုပ် ဖြစ်တော့မှာလဲ "
" အခု မင်းတို့က ဒီလောက်လေး လေ့ကျင့်ရတာနဲ့တောင် ခက်ခဲပင်ပန်းနေကြတာ။ မင်းတို့တွေက ငါ သင်ခဲ့ဖူးသမျှ လောမိသားစု တပည့်တွေထဲမှာ အဆိုးဆုံးပဲ "
လူငယ်များမှာ မည်သို့မှ မပြောနိုင်ကြတော့ဘဲ ပါးစပ်ပိတ်၍ ပြန်ကျင့်ကြံရန်သာ ထွက်သွားလိုက်ရတော့သည်။
ထိုစဥ် .. ပျောင်ပိုင်မြို့ပြင်၌ ...
လောထျန်းသည် မြို့ပြင်တွင်ရပ်ကာ အဝေးသို့ တွေတွေကြီး ငေးကြည့်နေ၏။
" သခင်လေး ၊ ကျုပ်ကို ရှာနေတယ်ဆို "
ထိုစဥ် သူ့အနောက်ဘက်သို့ ယဲ့ထုံလင်း ရောက်လာသည်။
လောထျန်းက နောက်လှည့်ကြည့်ကာ ခေါင်းညိတ်၏။
" သခင်ကြီးယဲ့ ၊ ကျုပ် စိတ်ပူနေတာ တစ်ခုရှိလို့ "
" ဟင် .. "
ယဲ့ထုံလင်း အံ့အားသင့်သွားသည်။
လက်ရှိ ပျောင်ပိုင်မြို့ အခြေအနေနှင့် ဆိုပါက ဘာစိတ်ပူစရာ ရှိပါသေးသနည်း။
လောထျန်းက စကားဆက်သည်။
" ကျုပ်တို့ ပျောင်ပိုင်မြို့ရဲ့ အကာအကွယ်အစီအမံထဲမှာ လက်ရှိ အစွမ်းအထက်ဆုံးက အဆင့် ၈ အစီအမံနော် .. ဟုတ်တယ်မလား "
ယဲ့ထုံလင်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ဟုတ်တယ်ဗျ "
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြောလာသည်။
" ဒီအစီအမံနဲ့ဆိုရင် ... ကျုပ်မရှိတဲ့အချိန် အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်က လူတစ်ယောက် ပျောင်ပိုင်မြို့ကို တိုက်ခိုက်လာရင် သခင်ကြီး ကာကွယ်နိုင်ပါ့မလား "'
ယဲ့ထုံလင်းမှာ ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ခေါင်းရမ်း၍ ပြန်ဖြေသည်။
" ကျုပ် ကာကွယ်နိုင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် အဆုံးအစမဲ့ အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ကျုပ်တို့ ပျောင်ပိုင်မြို့ကို လွယ်လွယ်ကူကူ လာစရာ ဘာအကြောင်းရှိလို့လဲဗျာ။ ဟုတ်တယ်မလား "
လောထျန်းက ခေါင်းယမ်းကာ ပြော၏။
" မဟုတ်ဘူးဗျ ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က တစ်ယောက် ရောက်လာသေးတယ် "
ယဲ့ထုံလင်း ချက်ချင်းလန့်သွားကာ ပြန်မေးလိုက်သည်။
" ဘယ်လို .. အဆုံးအစမဲ့ အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဒီကို ရောက်လာတယ် .. ဘယ်တုန်းကလဲဗျ ၊ အခု သူက ဘယ်မှာလဲ "
လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။
" မြို့အပြင်ဘက်မှာဗျ ၊ ကျုပ် သူ့ကို အသေသတ်လိုက်ပြီ "
ယဲ့ထုံလင်းမှာ ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားသည်။
လောထျန်းက စကားဆက်သည်။
" အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူကို ကျုပ် သတ်နိုင်ပေမယ့် ကျုပ် မရှိတဲ့အချိန် ေပျာင်ပိုင်မြို့ကို လာတိုက်ခိုက်ရင်တော့ ကျုပ်လဲ ဘာမှ မတတ်နိုင်ဘူး။ ဒါ့ကြောင့်မို့ ကျုပ်က ပျောင်ပိုင်မြို့ရဲ့ အစီအမံကို ပိုအစွမ်းထက်အောင် လုပ်ချင်တာဗျ ။ ဒါဆို ကျုပ်မရှိတဲ့အချိန် လာ တိုက်ခိုက်ရင်တောင် အနည်းဆုံးတော့ ကျုပ်ပြန်လာတဲ့အထိ တောင့်ခံထားနိုင်မှာပေါ့ "
ယဲ့ထုံလင်းက ခေါင်းညိတ်ပြ၏။
" သခင်လေးပြောတာ မှန်ပေမယ့် အဆင့် ၈ အစီအမံက ကျုပ်လုပ်နိုင်တဲ့ ဂိတ်ဆုံးပဲဗျ ။ အဲ့လို အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူနဲ့ တိုက်ခိုက်ဖို့ဆိုရင် ကျုပ်တို့ အဆင့် ၉ အစီအမံကို မရှိမဖြစ် လိုတယ် "
" ဒါပေမယ့် အဆင့် ၉ အစီအမံကလဲ အင်မတန် ရှားတယ်ဗျ ။ မြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ အဖွဲ့တွေမှာပဲ အဲ့လိုအစီအမံမျိုး ရှိကြတာ "
လောထျန်း မေးလိုက်သည်။
" ခင်ဗျားဆီမှာ အဆင့် ၈ အစီအမံ ပုံကြမ်း ရှိထားတယ်မလား "
ယဲ့ထုံလင်း : " ဟုတ်တယ်ဗျ "
လောထျန်း : " ဒါဆို ကျုပ်ကိုအဲ့ အစီအမံပုံကြမ်း ပေးလို့ရမလား "
ယဲ့ထုံလင်းက အပြုံးဖြင့် ပြန်ပြော၏။
" သခင်လေးလောထျန်းရယ် ၊ တောင်းဆိုနေဖို့ မလိုပါဘူးဗျာ။ ကျုပ်ရဲ့အသက်ကိုတောင် သခင်လေးပဲ ပိုင်တာပါ ၊ ဒီ အစီအမံပုံကြမ်းကတော့ စကားထဲ ထည့်ပြောမနေပါနဲ့။ ဒါပေမယ့် အစီအမံပညာရပ်က သိုင်းပညာနဲ့တော့ ကွဲတယ်ဗျ ။ အစီအမံတွေကို သိုင်းပညာလိုတော့ လွယ်လွယ်သင်ယူလို့မရဘူး "
လောထျန်းက ခေါင်းညိတ်သည်။
" ကျုပ်လဲ သိတယ်ဗျ ။ ကျုပ် ဆုမီတောင်ကို သွားတုန်းက အစီအမံပညာရပ်ကို နည်းနည်း သင်ခဲ့ရသေးတယ်။ ကျုပ်ရဲ့ အစီအမံတွေက နည်းနည်းလေးတော့ အစွမ်းထက်တယ်ဗျ "
ယဲ့ထုံလင်း အံ့အားသင့်သွားရသည်။
နည်းနည်း အစွမ်းထက်သည်တဲ့လား ..
လောထျန်းက အစီအမံ ပညာရပ်တွင်လည်း ပါရမီ ပါနေသည်လား ...
ယဲ့ထုံလင်းမှာ ထိုသို့တွေးရင်း သူအင်္ကျီလက်ထဲမှ အစီအမံပုံကြမ်းကို ထုတ်ကာ လောထျန်းအား ပေးလိုက်သည်။
" သခင်လေး လောထျန်း ၊ ဒါ ကျုပ်ရဲ့ အဆင့် ၈ အစီအမံတွေ အများကြီးထဲက တစ်ခုပဲဗျ ။ အရပ်ရှစ်မျက်နှာ ဖျက်ဆီးခြင်း အစီအမံ လို့ခေါ်တယ်။ ဒါ တကယ့် ထိပ်တန်းအဆင့် လူသတ်အစီအမံတစ်ခုပဲ ။ ဒီဟာက အဆင့် ၈ အစီအမံတွေထဲမှာ အစွမ်းအထက်ဆုံး မဟုတ်ပေမယ့် အစွမ်းတော့ မနိမ့်ဘူး "
လောထျန်းသည် ယဲ့ထုံလင်း၏စကားကို နားထောင်နေရင်းမှာပင် အစီအမံ ပုံကြမ်းကို ယူကာ ဖြည်းဖြည်း ချင်း စဖွင့်ကြည့်လိုက်၏။
၎င်းကို မြင်သောအခါ ယဲ့ထုံလင်းစိတ်ထဲ အနည်းငယ် လေးလံသွားရသည်။
အစီအမံပညာရပ်မှာ သိုင်းပညာရပ်နှင့် မတူပါချေ။ အစီအမံပညာရပ်တွင် အကြီးဆုံးသော တားမြစ်ချက်ကြီးတစ်ခုလည်း ရှိ၏။ ၎င်းမှာ လောဘတက်ပြီး မစဥ်းစား မဆင်ခြင်ဘဲ မြန်မြန်နှင့် များများ တိုးတက်အောင် မလုပ်မိရန် ပင် ။
ပုံမှန်ဆိုလျှင် အစီအမံ သခင်ကြီးများမှာ စစချင်း အခြေခံ စာလုံးများ ရေးထွင်းခြင်းကိုသာ အရင်ဆုံး စလေ့လာလေ့ ရှိပါသည်။ ထို့နောက်မှသာ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူ ဖန်တီးပြီး ပုံမှန်နှုန်းအတိုင်း ဆက်သွားလေ့ရှိ၏။ သို့ဖြစ်ရာ ထိုသို့သော ထိပ်တန်းအဆင့် အစီအမံတစ်ခုကို ပြုလုပ်ရန်အတွက် နှစ်ပေါင်းများစွာကြာ ကြိုးကြိုးစားစား အချိန်ယူစမြဲပင် ။
ယဲ့ထုံလင်း၏ အမြင်တွင် .. ယခု လောထျန်းက အဆင့် ၈ အစီအမံတစ်ခုအား ချက်ချင်း သင်ယူနေသည်မှာ လွဲမှားသည်ဟု ယူဆ၏။
၎င်းမှာ အစီအမံပညာရပ်တွင် အကြီးမားဆုံးသော တားမြစ်ချက််လည်း ဖြစ်ပါသည်။
" သခင်လေး လောထျန်းက အမြဲတမ်း ငါ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံခဲ့တာ ။ အခု သူ အစီအမံပညာရပ်ကို သင်ယူချင်တယ်ဆိုရင် သူ့ကို လမ်းကြောင်းလွဲမသွားအောင် ကူညီပေးရမယ် "
ယဲ့ထုံလင်းက ထိုသို့တွေးကာ စကားစလိုက်သည်။
" သခင်လေး ၊ အစီအမံပညာရပ်ကို တကယ်ကြီး သင်ယူချင်တယ်ဆိုရင် ကျောက်စာ ရေးထွင်းတာနဲ့ စမှ ရမှာဗျ "
သူ့စကား ဆုံးသည့် အချိန်မှာပင် လောထျန်းက အစီအမံပုံကြမ်းစာအုပ်အား ဖုတ်ခနဲ ပိတ်လိုက်သည်။