အစီအမံ ပုံကြမ်းစာအုပ်
Vol. 17 Ch. 232
ထိုမြင်ကွင်းကို ကြည့်ကာ ယဲ့ထုံလင်းတစ်ယောက် စိတ်သက်သာရာ ရသွား၏။
သခင်လေး လောထျန်းမှာ အလွန်အစွမ်းထက်သော်လည်း မိမိကိုယ်ကို နှိမ့်ချတတ်သည့် လူတစ်ယောက်ပင် ။
သူပေးသည့် အကြံကို ကြားသည်နှင့် အဆင့် ၈ အစီအမံစာအုပ်ကို ချက်ချင်း ပိတ်လိုက်သည် မဟုတ်ပါလား။
ဤလောကကြီးတွင် အဆင့် ၈ အစီအမံအား ထိုသို့ အလွယ်တကူ လက်လျှော့နိုင်သူမှာ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
သို့သော် .. ထိုအချိန်မှာပင် ..
" အခု ဖတ်လို့လဲ ပြီးသွားပြီဆိုတော့ အစီအမံကို စလုပ်ကြည့်လိုက်ရအောင်လေ "
လောထျန်းက ပြောလိုကါသည်။
" ဟင် .. "
ယဲ့ထုံလင်းမှာ အံ့သြမှင်သက်လွန်း၍ ပါးစပ် အဟောင်းသား ဖြစ်သွား၏။
ဖတ်လို့ ပြီးသွားပြီတဲ့လား ..
၎င်းမှာ သာမာန်စာအုပ်မဟုတ်ဘဲ အဆင့် ၈ အစီအမံတစ်ခု ဖြစ်ပါသည် ။
ထိုသို့သော အစီအမံကို အချိန်တိုလေးအတွင်း ဖတ်၍ ပြီးသွားသည်တဲ့လား ။
နောက်နေသည်များလား ..
သို့သော် ... လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အလွန်အစွမ်းထက်လွန်းလှပေရာ သာမာန်အသိစိတ်ဖြင့် ခန့်မှန်း၍လည်း မရပါချေ။
ယဲ့ထုံလင်းမှာ မည်သို့မှ မတတ်နိုင်ဘဲ ပါးစပ်ပိတ်ပြီး စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ရ၏။
ထိုအချိန်မှာပင် လောထျန်းက မြို့အပြင်ဘက် ခပ်ဝေးဝေးသို့ တည်နေရာရွှေ့ပြောင်သွားလိုက်သည်။
ယဲ့ထုံလင်းကလည်း သူ့နောက်မှ ချက်ချင်း လိုက်လာ၏။
" သခင်ကြီးယဲ့ ၊ ကျုပ်က်ု ကူညီပေးဦးနော် "
လောထျန်းက ပြောလာသည်။
" အိုး .. အစီအမံ ပြုလုပ်တဲ့နေရာမှာ ကူညီပေးစေချင်တာလား သခင်လေး "
ယဲ့ထုံလင်း ပြန်မေး၏။
" မဟုတ်ဘူးဗျ ၊ ဘေးပတ်ဝန်းကျင်ကို ကြည့်ထားစေချင်တာ။ ဒီနားကို ဘယ်သူမှ အကပ်မခံနဲ့နော် ။ ကပ်လာရင်လဲ ဒီမှာ ဘာရတနာမှ မရှိဘူးဆိုတာ သေချာပြောပြလိုက်ပါဦး "
ယခင်တစ်ကြိမ်က အဖြစ်အပျက်ကြောင့် သူ ထရော်မာများ ရထားခဲ့လေပြီ :3
" ဟင် .... ဟုတ်ကဲ့ပါ "
ယဲ့ထုံလင်းမှာ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း ပြောသည့်အတိုင်း လိုက်လုပ်ရန်သာ ဆုံးဖြတ်လိုက်၏။
ထိုစဥ်မှာပင် လောထျန်းက စိတ်စွမ်းအင်ကျောက်တုံး များစွာကို ထုတ်ကာ အစီအမံ၏ အခြေခံအုတ်မြစ်ကို စတည်လိုက်သည်။
နံဘေးမှ ကြည့်နေသည့် ယဲ့ထုံလင်းတစ်ယောက် အံ့အားသင့်သွားရသည်။
" ဒါ ... အစီအမံရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပုံက တကယ်ကြီး မှန်နေတာပဲ။ ကြည့်ရတာ သခင်လေးလောထျန်းက အစီအမံစာအုပ်ကို သေသေချာချာ ဖတ်ထားတယ်နဲ့တူတယ်။ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ ကြောက်စရာ ကောင်းလိုက်တာ "
သူ မအံ့သြဘဲ မနေနိုင်တော့ပါချေ။
ထိုအချိန်မှာပင် လောထျန်းက အစီအမံ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်၍ ပြီးသွားပြီး စိတ်စွမ်းအင်ကျောက်တုံးများပေါ်၌ စာလုံးများ စတင်ရေးထွင်းလိုက်သည်။
ယဲ့ထုံလင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြတုန်လှုပ်သွားရပြန်၏။
" ဒီ .. စာလုံးတွေကို ရေးတဲ့နှုန်းက ... "
စာလုံးတစ်လုံးကို တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ရေး၍ ပြီးသွားသော လောထျန်းကို သူ တအံ့တသြ ကြည့်ကာ မျက်လုံးပြူးနေသည်။
အစီအမံများ၊ ထွင်းစာများနှင့် ရင်းနှီးကျွမ်းဝင်ထားပြီး ဖြစ်သည့် ယဲ့ထုံလင်းသည်ပင် ထို အဆင့် ၈ အစီအမံအတွက် ထွင်းစာများကို ရေးရန် အနည်းဆုံး အချိန်တစ်နာရီကျော် ယူရပါသည်။
သို့သော် .. လောထျန်းကမူ ...
စာလုံးတစ်လုံးကို တစ်စက္ကန့်မျှသာ ကြာ၏။
" သခင်လေး လောထျန်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက အစွမ်းထက်တယ်ဆိုတာ သိထားပြီးသားပေမယ့် ခုလေုက်ပြီး အစွမ်းထက်မယ်လို့တော့ မထင်ထားမိဘူး "
ယဲ့ထုံလင်း တွေးမိလိုက်သည်။
တဖက်မှ လောထျန်းကမူ စာလုံးများကိုသာ ဆက်ရေးနေ၏။
သူ ထွင်းစာများကို ရေးသည့်နှုန်းမှာ အလွန် လျင်မြန်လှသဖြင့် ရေနွေးတစ်ပွက်ခန့် အကြာမှာပင် ရှုပ်ထွေးလှသော ထွင်းစာလုံးပေါင်း ၃၆၀ ခန့် ရေး၍ ပြီးသွားတော့သည်။
၎င်းကို နံဘေးမှ ကြည့်နေသည့် ယဲ့ထုံလင်းမှာ ပါးစပ်အဟောင်းသား နှင့် မျက်လုံးများ ပြုးနေ၏။
" အဆင့် ၈ အစီအမံကို အဲ့လောက် မြန်မြန်နဲ့ လုပ်ပြီးသွားတာလား ၊ အမြန်နှုန်းက အရမ်း .. "
သူ တအံ့တသြ ရေရွတ်လိုက်သည်။
ထို့နောက် သူ လောထျန်းအနားသို့ သွားကာ ဂုဏ်ပြုစကားဆိုရန် ပြင်လိုက်စဥ်မှာပင် ..
လောထျန်းက ပြောလာသည်။
" ကဲ .. ပထမအဆင့်ကတော့ ပြီးသွားပြီ "
" ဟင် .. "
ယဲ့ထုံလင်း အံ့သြမှင်သက်သွားရပြန်သည်။
ပထမအဆင့်က ပြီးသွားပြီတဲ့လား ...
၎င်းက မည်သည့် အဓိပ္ပါယ်ပါနည်း ။
အစီအမံ တစ်ခုလုံး ပြီးသွားခဲ့ပြီ မဟုတ်ပါလား ...
လောထျန်းက အဘယ့်ကြောင့် ၎င်းကို ပထမအဆင့်ဟု ပြောနေရပါသနည်း။
ထိုစဥ်မှာပင် လောထျန်းက စာလုံးများ ဆက်ရေးလိုက်ပြန်သည်။
" ဘာလို့ ထွင်းသာတွေ ဆက်ရေးစရာ လိုနေသေးတာလဲ "
ယဲ့ထုံလင်းမှာ နားမလည်နိုင် ဖြစ်သွားသည်။
ထို့နောကိ .. သူ အံ့သြတကြီး ကြည့်နေစဥ်မှာပင် လောထျန်းက နောက်ထပ် စာလုံးရေ ၃၆၀၀ ခန့် ထပ်ရေးပြီးသွားပြန်၏။
အစပိုင်းတွင်မူ .. ယဲ့ထုံလင်းသည် လောထျန်းက မစဥ်းစားဘဲ လျှောက်လုပ်နေသည်ဟု တွေးနေမိသော်လည်း ....
ထိုစာလုံးများကို သေချာကြည့်လေလေ ပို၍ ကြောက်ရွံ့လာလေလေပင် ။
လောထျန်း ရေးထားသည့် ထွင်းစာလုံးများသည် တစ်ခုနှင့်တစ်ခု လုံးဝ အဆက်အစပ်မရှိဟန် ပေါက်နေသော်လည်း ..
အားလုံးကို ပေါင်းလိုက်သည့် အချိန်တွင်မူ ကောင်းကင်ဘုံ တာအို အစွမ်းနှင့် တစ်ထပ်တည်း ကျနေ၏။ ထို စာလုံးပေါင်း ၃၆၀၀ မှာလည်း တစ်ခုကိုတစ်ခု အားဖြည့်ကာ အစွမ်းပိုတိုးပေးနေသလို ဖြစ်နေသည်။
၎င်းမှ ထွက်နေသည့် စွမ်းအင်မှာလည်း ယခင် အစီအမံပုံကြမ်းစာအုပ်ထဲမှ မူလ အစီအမံနှင့် လုံးဝ တူမနေတော့ပါ။
" အစီအမံ ၊ အသက်ဝင်စေ "
လောထျန်းက နောက်ဆုံးစာလုံးကို ရေးပြီးသွားသည်နှင့် လက်ယမ်း၍ အစီအမံအား အသက်သွင်းလိုက်သည်။
ဝီ ..
ချက်ချင်း ဆိုသလိုပင် အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်အရိပ်အငွေ့တစ်ခု လွင့်ပျံလာ၏။
ယဲ့ထုံလင်းမှာ အ၀ီအမံ အပြင်ဘက်တွင် ရှိနေသည့်တိုင် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
လောထျန်းက အစီအမံကို ခေါင်းမော့ကြည့်ကာ ပြောလာ၏။
" ဝိုး .. ဒါက အဆင့် ၈ အစီအမံလား ၊ တော်တော်လေး အစွမ်းထက်တာပဲ "
ထိုစကားကို ကြားသောအခါ ယဲ့ထုံလင်း တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ ထို့နောက် ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ လောထျန်းအား ကြည့်လိုက်သည်။
" သခင်လေး လောထျန်း ၊ ဒါ အဆင့် ၈ အစီအမံ မဟုတ်တော့ဘူးဗျ "
" ဟင် .. ဘာဖြစ်လို့လဲ "
လောထျန်းက တအံ့တသြ ပြန်မေးလာ၏။
ယဲ့ထုံလင်းမှာ ချက်ချင်းပင် ငိုချလိုက်တော့မည့်အလား ငိုမဲ့မဲ့မျက်နှာ ဖြသ်သွားသည်။
ဘာဖြစ်လို့လဲ တဲ့လား ...
ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါတော့လား ...
အစီအမံ တစ်ခုတွင် အရေူးအကြီးဆုံး အရာမှာ ထွင်းစာများ ဖြစ်ပါသည်။
လောထျန်း ပြုလုပ်ခဲ့သော အစီအမံထဲမှ ထွင်းစာများမှာ မူလအတိုင်းမဟုတ်ဘဲ တာအိုအစွမ်းနှင့် ထပ်တူညီသည့် ပုံစံသစ်အဖြစ် ပြောင်းလဲထားခဲ့သည်ဖြစ်ရာ၊ အစီအမံ၏ အစွမ်းကလည်း မူလ အဆင့် ၈ အစီအမံထက် များစွာ ပိုအစွမ်းထက်လာခဲ့လေပြီ။
" သခင်လေး ၊ ဘာဖြစ်လို့ ထွင်းစာတွေ အများကြီး ထပ်ပေါင်းရေးလိုက်တာလဲဗျ "
ယဲ့ထုံလင်းက မေးလိုက်သည်။
၎င်း က သူနားမလည်ဆုံး အပိုင်းပင်။
ပုံမှန်ဆိုလျှင် သူသည် ထွင်းစာလုံးများကို စာအုပ်ကြီးအတိုင်းသာ လေ့လာကာ ထိုအတိုင်းပင် လိုက်ရေးလေ့ရှိပြီး အပြောင်းအလဲ လုပ်လေ့မရှိပါ။
ထို့ကြောင့် လောထျန်းကို ကြည့်ကာ သူ့ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်လာခဲ့ရ၏။
လောထျန်းက သူ့အမေးကို ပြန်ဖြေသည်။
" ဟုတ်သားပဲ .. အဲ့ဒါက ဒီလိုဗျ ။ ကျုပ် စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်မိတာ ၊ အစီအမံတစ်ခု ပြီးသွားရင် ကိုယ့်ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး အားနည်းချက် ရှိ မရှိ ကို စစ်ဆေးကြည့်ရမယ်တဲ့။ ခုနက ကျုပ် အစီအမံ ပုံကြမ်းထဲကအတိုင်း လိုက်လုပ်ပြီးတဲ့အချိန် စိတ်ဝိဥာဥ်အစွမ်းနဲ့ စစ်ဆေးကြည့်လိုက်တော့ အားနည်းချက်တွေ ရှိနေသေးတာ တွေ့လို့ ပြင်လိုက်တာ "
ထိုစကားကို ကြားသောအခါ ယဲ့ထုံလင်း အလွန်အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" ဒါ .. တကယ့်ကို အံ့သြစရာကြီးပဲဗျာ ။ ဒီ အချက်ကို ကျုပ် အခုမှပဲ ကြားဖူးတယ်။ သခင်လေးလောထျန်း ဖတ်ခဲ့တဲ့ စာအုပ်က ဘာစာအုပ်များပါလိမ့် ။ ကျု်ကိုရော ခဏ ငှားပေးလို့ ရမလားဗျ "
အစီအမံ သခင်ကြီးတစ်ယောက်ဖြစ်သည့် ယဲ့ထုံလင်းသည်ပင် ထိုစာအုပ်ကို အထင်ကြီးသွားရ၏။
လောထျန်း၏ အစီအမံက ဤမျှ အစွမ်းထက်နေသည်မှာ မဆန်းတော့ပါချေ။
အကြောင်းရင်းက အစီအမံ ပညာရပ်နှင့် ပတ်သက်သည့် ထူးဆန်းသော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့သောကြောင့် တဲ့လား ။
သို့ဖြစ်ရာ အစီအမံ သခင်ကြီးတစ်ယောက်ဖြစ်သည့် ယဲ့ထုံလင်းက ထို ထူးဆန်းသော စာအုပ်အား မျက်မြင်ကိုယ်တွေ့ ဖတ်ချင်နေသည်မှာ မဆန်းပေ။
တဖက်မှ လောထျန်းက ပြောလာသည်။
" စာအုပ်ကို ကျုပ်နဲ့အတူတော့ ယူမလာမိဘူးဗျ ၊ ဒါပေမယ့် မြို့ထဲမှာတော့ ရှိနိုင်တယ်။ သခင်ကြီးယဲ့ ဖတ်ချင်ရင် သွားဖတ်လို့ ရတယ်လေ "
" မြို့ထဲမှာ ရနိုင်တယ် .. ဟုတ်လား ၊ စာအုပ်နာမည်က ဘာတဲ့လဲဗျ "
ယဲ့ထုံလင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လောထျန်းက ပြန်ပြော၏။
" စာအုပ်နာမည်က နည်းနည်းတော့ ရှည်တယ်ဗျ ။ ' အစီအမံများနှင့် မိတ်ဆက်ခြင်း : အစီအမံများကို နားလည်စေရန် ကူညီမည့် စာအုပ်တစ်အုပ် ' တဲ့ "
" ဟင် .. "
ယဲ့ထုံလင်း အံ့အာူသင့်သွားသည်။
ထို စာအုပ်၏ နာမည်ကို ..သူ ကြားဖူးနေသလိုပင် ...
" ဟင် .. ဟုတ်သားပဲ ၊ အဲ့ဒါ အစီအမံပညာရပ်ကို စလေ့လာတဲ့ သူတွေအတွက် မိတ်ဆက်စာအုပ် မဟုတ်လား "
ယဲ့ထုံလင်း ပြန်မှတ်မိသွားသည်။ သူ သေချာ ပြန်စဥ်းစားကြည့်လိုက်သောအခါ ထိုစာအုပ်ထဲတွင် လောထျန်း ပြောခဲ့သည့် အကြောင်းအရာက အမှန်တကယ် ပါသည်ကို သတိရသွား၏။
သို့သော် .. ထို စာကြောင်း၏ မူလ ရည်ရွယ်ချက်မှာ အစီအမံကို စလေ့လာစ သူများအနေဖြင့် ထွင်းစာလုံးများ မှားရေးမိခြင်းမှ ကာကွယ်နိုင်ရန် နှင့် ရေးပြီးသည့်အချိန်တွင် စာလုံးများ စီစဥ်နေရာချပုံကို ကြိမ်ဖန်များစွာ စစ်ဆေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
လောထျန်းက ထိုစာကြောင်းမှ ယခုလို အကြံမျိုး ရသွားမည်ဟု မည်သူ ထင်ထားပါမည်နည်း ။
သူ့အစီအမံက အစွမ်းထက်နေရခြင်းမှာ ထူးဆန်းသော စာအုပ်တစ်အုပ်ကြောင့် မဟုတ်ပဲ ....
လောထျန်းဆိုသည့် လူထူးဆန်းကြောင့်ပင် ...
" သခင်လေး လောထျန်း ၊ မြို့ထဲက တခြားအစီအမံတွေကို ကြည့်ပေးလို့ ရလားဗျ ။ အမှားအယွင်း ၊ လိုအပ်ချက်တွေ တွေ့ရင်လဲ ပြင်ပေးပါဦး "
ယဲ့ထုံလင်းက တောင်းဆိုလိုက်သည်။
အစီအမံ ပညာရပ်ကို နောက်တစ်ဆင့် ထပ်တိုးတက်ချင်ပါက လောထျန်း လုပ်သမျှကို သေချာ ကြည့်ပြီး လေ့လာလိုက်လျှင်ပင် ရသွားနိုင်သည် မဟုတ်ပါလား ။
အမှန်တွင်မူ အစောက လောထျန်း အစီအမံအား ပြင်ဆင်နေသည်ကို ကြည့်နေရင်းဖြင့်ပင် တစ်စုံတစ်ခု ပြောင်းလဲလာသည်ကို သူ ခံစားခဲ့ရပါသည်။
သို့ဖြစ်ရာ .. နောက်ထပ် အကြိမ်အနည်းငယ်သာ ထပ်ကြည့်လိုက်မည် ဆိုပါက ...
ယဲ့ထုံလင်း တွေးကာ စိတ်လှုပ်ရှားသွားသည်။
" ကောင်းတာပေါ့ဗျာ ၊ ပျောင်ပိုင်မြို့ရဲ့ အကာအကွယ်ကို ပိုပြီး အစွမ်းထက်အောင် လုပ်လိုက်နိုင်ရင် ကျုပ်လဲ ပိုစိတ်အေးသွားရမှာ "
လောထျန်းက ပြောပြောဆိုဆိုပင် မြို့အဝင် ဂိတ်တံခါးဝနားသို့ လျှောက်သွားလိုက်သည်။
သူ့ရှေ့တွင်မူ အဆင့် ၆ အကာအကွယ် အစီအမံတစ်ခု ရှိနေ၏။
" ဒီ အစီအမံက အသေးစိတ်မလုပ်ဘဲ အတိုချုံ့ထားတွေ တော်တော်များတာပဲ "
လောထျန်းက အစီအမံကို စိုက်ကြည့်နေရင်း မည်သို့မှ မပြောဘဲ စိတ်ထဲမှသာ တွေးလိုက်သည်။
ထို့နောက် အချိန်တိုအတွင်းမှာပင် အစီအမံမှ ထွင်းစာများကို ပြန်ပြင်ဆင်၍ ပြီးသွားတော့၏။
ဝုန်း ..
အစီအမံက ဖျတ်ခနဲ လင်းလာကာ အရောင်အဝါ တစ်ခုလုံးလည်း ပြောင်းသွားသည်။
" ဝိုး ... ဒီကောင်ကြီးက ချက်ချင်းကို အများကြီး အစွမ်း ထက်လာတာပဲ "
ယဲ့ထုံလင်းက တအံ့တသြ ပြောလိုက်သည်။
" ကဲ .. နောက်တစ်ခုဆီ သွားကြစို့ဗျာ "
တဖက်မှ လောထျန်းကမူ အစီအမံ နောက်တစ်ခုဆီသို့ပင် သွားနေလေပြီ ။