← Chapters

နောက်တစ်ဆင့် တက်သွားသော ယဲ့ထုံလင်း

Vol. 17 Ch. 233

နောက်တစ်ဆင့် တက်သွားသော ယဲ့ထုံလင်း

Vol. 17 Ch. 233

လောထျန်းသည် ဒုတိယ အစီအမံရှေ့သို့ ရောက်သည်နှင့် ယခင်တစ်ခုအတိုင်းပင် စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ စစ်ဆေးကြည့်လိုက်ပြီး ထွင်းစာလုံးများ ထပ်ဖြည့်လိုက်၏။

ထို အစီအမံမှာ အစောကတည်းက ယဲ့ထုံလင်းကိုယ်တိုင် လုပ်ထားခဲ့သည့် အစီအမံတစ်ခု ဖြစ်သဖြင့် အတော်အတန် အစွမ်းထက်နေပြီးသား ဖြစ်ပါသည်။

လောထျန်ူက ထပ်ပြင်ဆင်ပြီးသွားသည့် အချိန်တွင်မူ ၎င်း၏ အစွမ်းက နှစ်ဆပင် တိုးသွားခဲ့တော့၏။

ဘေးမှ ကြည့်နေသည့် ယဲ့ထုံလင်းတစ်ယောက် အလွန် အံ့သြ တုန်လှုပ်နေသည်။

သူ့ရှေ့တွင် ကမ္ဘာသစ်ကြီးတစ်ခု ပွင့်သွားခဲ့သည့်အလားပင် ...

သူ့ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာကြာ ကိန်းဝပ်ပုန်းအောင်းနေခဲ့သည့် တစ်စုံတစ်ခုက ပျက်စီးသွားသကဲ့သို့လည်း သူ ခံစားလိုက်ရသည်။

လောထျန်းကမူ အစီအမံများ တစ်ခုပြီးတစ်ခုဆီသို့ သွားကာ ယခင်နည်းအတိုင်း ထွင်းစာလုံးများ ထပ်ထပ်ဖြည့်သွား၏။

ယဲ့ထုံလင်းမှာကား လောထျန်းနောက်မှ တစ်ကောက်ကောက်လိုက်၍ လောထျန်း၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ် လိုက်ကြည့်နေသည်။ တစ်ခုခုကို လွတ်သွားမည် စိုးသောကြောင့် သူ မျက်တောင်ပင် မခတ်ရဲပါချေ။

သူ့အသွင်မှာ ကန္တာရထဲတွင် ဆယ်ရက်ကျော်ခန့် ရေမသောက်ဘဲ ခရီးနှင်နေခဲ့ရသည့် ခရီးသွားတစ်ယောက်က ရုတ်တရက် အိုအေစစ် တစ်ခုကို တွေ့လိုက်ရသည်နှင့်ပင် တူနေသေးတော့သည်။

ဤသို့ဖြင့် ပျောင်ပိုင်မြို့မှ အကာအကွယ် အစီအမံများ အားလုံးကို ပြင်ဆင်ရန် လောထျန်း အချိန်တစ်ရက်လုံးပင် ယူခဲ့ရသည်။

သူ တစ်နေ့လုံး ရေးထွင်းခဲသည့် စာလုံးရေပေါင်းမှာလည်း ကုဋေပင် ချီနိုင်သေး၏။

ထိုအစီအမံများ အားလုံးမှာ ယခင်အစီအမံဟောင်းများသာ ဖြစ်သော်လည်း အစွမ်းကမူ လုံးဝ ကွဲပြားသွားခဲ့လေပြီ ။

ယဲ့ထုံလင်းက ပြောင်းလဲသွားသည့် အစီအမံများ အားလုံးကို အံ့သြတကြီး ကြည့်လိုက်သည်။

အမှန်တွင်မူ .. အစီအမံ စာလုံးများ ရေးထွင်းခြင်းသည် စိတ်ဝိဥာဥ်အစွမ်း အလွန်ကုန်လွယ်သည့် အလုပ်တစ်ခုပင် ။

အကယ်၍ သူသည်သာ ဤမျှ များပြားသော စာလုံးများကို ရေးထွင်းရပါက စိတ်ဝိဥာဥ်အစွမ်းများ ကုန်ခမ်းကာ အသက်ပင် ဆုံးသွားနိုင်ပေသည်။

သို့သော် .. လောထျန်းကမူ သူ့အပေါ် မည်သို့မှ အကျိုးမသက်ရောက်ဟန်ဖြင့်သာ ရှိနေ၏။

လောထျန်း၏ ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းကို ကြည့်ကာ ယဲ့ထုံလင်း ရှက်ပင် ရှက်သွားရသည်။

" ဝါး ... ခုမှပဲ ပြီးတော့တယ် ။ ဒီအစီအမံတွေနဲ့ဆို ... မြို့ကို အဆုံးအစမဲ့ အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူရဲ့ လက်ကနေ ယာယီ ခုခံနိုင်လောက်တယ် မဟုတ်လား "

လောထျန်းက အညောင်းဆန့်ရင်း ပျောင်ပိုင်မြို့ကို ကြည့်ကာ မေးလိုက်သည်။

ယဲ့ထုံလင်းမှာ ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ယခင်ကနှင့် လုံးဝ မတူတော့သည့် ပျောင်ပိုင်မြို့ကို လှမ်းကြည့်လိုက်သည်။

" ကာကွယ်နိုင်မယ် ထင်တယ်ဗျ "

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ကောင်းတယ်ဗျာ ၊ ကျုပ် တစ်နေ့လုံး ပင်ပန်းထားတာဆိုတော့ အခု ပြန်ပြီး အနားယူတော့မယ် "

" ကောင်းကောင်းအနားယူပါ သခင်လေးလောထျန်း "

ယဲ့ထုံလင်းက ချက်ချင်း ဦးညွှတ်အရိုအသေ ပေးကာ နှုတ်ဆက်လိုက်သည်။

ဤသို့ဖြင့် လောထျန်း ထွက်သွားပြီးသည့်တိုင် ယဲ့ထုံလင်းမှာ မပြန်သေးဘဲ နေရာတွင်သာ ဆက်ရပ်နေ၏။

ထို့နောက် တွင်မူ သူ မြို့ရိုးပေါ်သို့ ပျံတက်သွားကာ အသစ်​ပြုပြင်ထားသည့် အစီအမံများကို ကြည့်လိုက်သည်။ သူ့မျက်နှာမှာလည်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်နေဟန် ရှိ၏။

ထိုစဥ် .. ရုတ်တရက် သူ့ ခန္ဓာကိုယ်ထဲ၌ ရှင်းပြရန် ခက်ခဲသည့် အစွမ်းတစ်ခု တက်လာသည်ကို သူ ခံစားလိုက်ရသည်။

ဂျုန်း ...

အပေါ်ဘက် ကောင်းကင်ယံတွင်လည်း မိုးကြိုးသံတစ်သံ ခပ်တိုးတိုး ထွက်ပေါ်လာကာ အချိန်မရွေး မိုးကြိုးပစ်ချလာတော့မည့်အသွင် ရှိနေသည်။

သို့သော် .. ထိုအချိန်မှာပင် ယဲ့ထုံလင်း၏ အရောင်အဝါက အလွန်လျင်မြန်စွာ လျော့ကျလာ၏။

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူ့ အရောင်အဝါက အလွန်အားနည်းသွားပြီး  ကောင်းကင်ယံမှ မိုးတိမ်တိုက်များလည်း လွင့်ပါး ပျောက်ကွယ်သွားတော့သည်။

အရာအားလုံး ပြန်လည်တည်ငြိမ်သွားသည့် အချိန်တွင်မူ ယဲ့ထုံလင်းက ကောင်းကင်ယံသို့ မော့ကြည့်ကာ ရယ်လိုက်သည်။

" လက်စသတ်တော့ အဲ့လိုကိုး .. "

ထိုအချိန်မှာပင် လေထုကို ခွင်း၍ လာနေကြသည့် အသံ နှစ်သံ ထွက်ပေါ်လာ၏။

ထိုအသံများနှင့် မရှေးမနှောင်းမှာပင် ကျန်းယီနှင့် ဖုချင်းလျန်တို့ ရောက်လာကြသည်။

" အကိုကြီး ၊ ခုနက ဘာဖြစ်သွားတာလဲ "

ဖုချင်းလျန်က မေးလိုက်သည်။

ကျန်းယီမှာလည်း ယဲ့ထုံလင်းကို တွေ့သည်နှင့် ချက်ချင်း မျက်လုံးပြူးသွား၏။

" အကိုကြီးရဲ့ .. ကျင့်ကြံခြင်းအဆင့်က .. "

ယဲ့ထုံလင်းက ခါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ်ကွ ၊ ငါ နောက်တစ်ဆင့်ကို တက်သွားပြီ "

" ဘယ်လို "

ထိုစကားကို ကြားသည်နှင့် ကျန်နှစ်ယောက်လုံး အံ့အားသင့်သွားကြ၏။

သူတို့ သုံးယောက်သည် တူကျဲ့အဆင့်၏ ထိပ်ဆုံးတွင် ပိတ်မိနေခဲ့သည်မှာ နှစ်တစ်ထောင်ကျော်ခန့် ကြာသွားခဲ့ပြီဖြစ်ပြီး မည်သို့ပင် ကြိုးစားစေကာမူ နောက်တစ်ဆင့်သို့ မတက်နိုင်ခဲ့ကြပေ။

ထို့ကြောင့်လည်း  သူတို့က မသေမျိုး၏ ဂူကို စွဲလမ်းကာ နောက်ဆုံး နတ်ဆိုးများအဖြစ် ပြောင်းသွားခဲ့ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ နှစ်တစ်ထောင်ကျော် အကြာမှ ယဲ့ထုံလင်းတစ်ယောက် နောက်တစ်ဆင့်သိူ့ တက်သွားနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပါချေ။

" အကိုကြီး .. ဘယ်လိုဖြသ်ပြီး .. "

ကျန်းယွိက ယဲ့ထုံလင်းအား တအံ့တသြ ကြည့်ကာ မေးလိုက်သည်။

ယဲ့ထုံလင်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြန်ဖြေ၏။

" ငါက .. အစီအမံတွေကနေတဆင့် တာအိုအစွမ်းကို လေ့လာရင်းနဲ့ ကောင်းကင်ဘုံအဆင့်ကို ရောက်သွားခဲ့တာကွ "

ဖုချင်းလျန်ကလည်း အံ့သြတကြီး မေးလာသည်။

" အစီအမံတွေကနေတဆင့် တာအိုအစွမ်းကို လေ့လာတာ ..ဟုတ်လား ၊ အကိုကြီးက အရင်တည်းက အဆင့် ၈ အစီအမံကို နားလည်သဘောပေါက် ထားပြီးသား မဟုတ်လား "

ယဲ့ထုံလင်းက ခေါင်းယမ်းကာ ပြန်ပြော၏။

" မဟုတ်ဘူးကွ ၊ ငါ့ကို တကယ်စစ်မှန်တဲ့ အဆင့် ၈ အစီအမံ သခင်ကြီးလို့ ယူဆလို့ မရသေးဘူး။ အရင်ကဆို ငါက အရင်သခင်ကြီးတွေရဲ့ အစီအမံပုံကြမ်း  စာအုပ်ထဲမှာပါတဲ့ ညွှန်ကြားချက် အတိုင်းပဲ လိုက်လုပ်ပြီး အဆင့် ၈ အစီအမံတွေကို လုပ်ခဲ့တာ။ ပြီးတော့ ငါ အစီအမံတွေကို စီစဥ်နေရာချတဲ့ ပုံကလဲ အရမ်းကြီး ဖိအားပေးထားသလို ဖြစ်နေခဲ့တယ် "

" ငါက ရလဒ်ကိုပဲ သိပြီး ဘာကြောင့် ဘာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိခဲ့ဘူးလို့တောင် ပြောလို့ရတယ်။ အမှန်တိုင်း ပြောရရင် ငါ အဆင့် ၈ အစီအမံ ရဲ့ ဆန်းကြယ်ပုံတွေကို နားမလည်နိုင်ပဲ ဖြစ်နေခဲ့တာ "

" ဒါပေမယ့် အခုတော့ လုံးဝ ကွဲသွားပြီ ။ အဆင့် ၈ အစီအမံတွေကို အခြေခံကျကျ နားလည်သွားပြီကွ။ ငါ့ဟာငါတောင် အဆင့် ၈ အစီအမံတစ်ခုကို ပုံကြမ်းရေးလို့ ရနေပြီ ။ အဆင့် ၉ အစီအမံအကြောင်းကိုပါ တစွန်းတစ နားလည်နေပြီကွ "

အဆင့် ၈ အစီအမံများအား ကိုယ်တိုင် ပုံကြမ်းရေးဆွဲနိုင်သူမှသာလည်း စစ်မှန်သော အဆင့် ၈ အစီအမံ သခင်ကြီး ဖြစ်ပါသည်။

" ဂုဏ်ယူပါတယ် အကိုကြီး "

ဖုချင်းလျန်က ဦးညွှတ်အရိုအသေပေး၍ ဆိုလိုက်သည်။

" အကိုကြီး ၊ ဘယ်လိုဖြစ်ပြီးတော့ .. "

ကျန်းယီက ယဲ့ထုံလင်းအား ဆက်သိချင်နေသေးဟန်ဖြင့် ကြည့်လာ၏။

ယဲ့ထုံလင်းက အပြုံးဖြင့် ပြန်ပြောသည်။

" ဒါတွေအားလုံးက သခင်လေးလောထျန်းရဲ့ ကျေးဇူးတွေကြောင့်ပဲ "

" ဘယ်လို .. သခင်လေး လောထျန်းကြောင့် .. ဟုတ်လား "

ကျန်းယီတစ်ယောက် အလွန်အံ့အားသင့်သွားဟန်တူသည်။

ယဲ့ထုံလင်းက အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။

စကားဆုံးအောင် နားထောင်ပြီးသွားသည့် အချိန်တွင်မူ ကျန်းယီ နှင့် ဖုချင်းလျန်တို့ နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

" သခင်လေး လောထျန်းက တကယ်တမ်းမှာ အစီအမံ သခင်ကြီးတစ်ယောက်လဲ ဖြစ်နေတာပေါ့  "

ဖုချင်းလျန်က တအံ့တသြ ရေရွတ်သည်။

ကျန်းယီကလည်း မေးစေ့ကို လက်ဖြင့်ပွတ်ကာ ပြော၏။

" သခင်လေး လောထျန်း အစီအမံတွေကို လုပ်နေတာ ကြည့်ရင်းနဲ့တောင် ကျင့်ကြံခြင်းအဆင့် တက်နိုင်သွားတာပေါ့။ အဲ့လိုဆိုရင် .. ကျုပ် သခင်လေး လောထျန်းနဲ့ အတူတူ ဓားသိုင်းလေ့ကျင့်ကြည့်ရင်ရော .. အဆင်ပြေလောက်လား "

ဖုချင်းလျန်က ဝင်ပြောသည်။

" ရှင် သခင်လေးလောထျန်းရဲ့ လက်ချက်နဲ့ အသေရိုက်သတ် မခံရဘူးဆိုရင်တော့ နောက်တစ်ဆင့်  တက်ရင်တက်သွားနိုင်တယ် "

ကျန်းယီတစ်ယောက် ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားသည်။

ဖုချင်းလျန်က ဆက်ပြောလာ၏။

" ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကျွန်မတို့ ပျောင်ပိုင်မြို့မှာ ကောင်းကင်ဘုံအဆင့် အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက် ရှိသွားပြီပေါ့ရှင် ။ ဆိုတော့ ပျောင်ပိုင်မြို့ရဲ့ အစွမ်းကလဲ အရင်ထက် တိုးသွားပြီ "

ယဲ့ထုံလင်းကလည်း ခေါင်းညိတ်သည်။

" ဟုတ်တယ်ကွ ၊ ပျောင်ပိုင်မြို့ကို တကယ့် မြင့်မြတ်နယ်မြေ အစစ်တစ်ခု ဖြစ်လာစေချင်ရင် ငါတို့တွေအားလုံး သေချာ ကြိုးစားမှ ဖြစ်မယ် "

" ဟုတ်ကဲ့ အကိုကြီး "

ကျန်နှစ်ယောက်က သံပြိုင် ပြန်ပြောလိုက်ကြ၏။

ထိုအချိန်တွင်က ညဥ့်က အတော်အတန် နက်လာပြီ ဖြင့်သဖြင့် သူတို့သုံးယောက်လုံး မြန်မြန် လူစုခွဲပြီး မိမိနေသည့် အဆောင်သို့ ပြန်သွားလိုက်ကြသည်။

သို့သော် ..တစ်ချိန်တည်းမှာပင် .. ပျောင်ပိုင်မြို့ အပြင်ဘက်၌ လေထုကို ခွင်းလာသည့် အသံနှစ်သံ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ လူနှစ်ယောက် ဆင်းသက်လိုက်ကြ၏။

" ဆရာ ၊ ကောလဟာလလေး တစ်ခုအတွက်နဲ့ ခုလို ဖုန့်လင်းဒေသအထိ မိုင်ပေါင်း သောင်းချီပြီး လာစရာ လိုလို့လားဗျာ "

ထိုနှစ်ယောက်ထဲမှ လူငယ်တစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

လူငယ်၏ ဘေးတွင်မူ မုတ်ဆိတ်မွေးရှည်ရှည် နှင့် မသေမျိုးတစ်ယောက်အသွင် ရှိသည့် အဘိုးအိုတစ်ယာက် ရပ်နေ၏။

" လုရှောင် ၊ မင်းက ငယ်သေးတော့ ဗောဓိပင်က ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို မသိသေးဘူး။ ဗောဓိရွက်တို့ ၊ ဗောဓိကိုင်းတို့လောက်ဆိုရင်တောင် ငါ က ဂရုစိုက်မှာ မဟုတ်ဘူးကွ။ ဒါပေမယ့် ဗောဓိပင် ဆိုရင်တော့ ကွဲသွားပြီ "

" တစ်ယောက်ယောက်က ဗောဓိပင်ကို ဆုမီတောင်အပြင်ဘက် သယ်လာတယ် ဆိုတဲ့ သတင်းသာ အမှန်ဆိုရင် ဖုန့်လင်းဒေသတစ်ခုလုံး .. မဟုတ်သေးဘူး ၊ အလယ်ပိုင်း ဒေသက အဖွဲ့တွေကပါ သိပ်မကြာခင်  ဒီကို အုံကြလာကြလိမ့်မယ် "

" ငါတို့ ဂိုဏ်းထဲမှာသာ ဗောဓိပင်တစ်ပင် ပိုင်ဆိုင်ထားရင်  ပါရမီရှင်တွေ ဘယ်လောက်တောင် တိုးပွားလာမလဲ မင်း စဥ်းစားကြည့် ။ မျိုးဆက် ၂ ၊ ၃ ဆက် အတွင်းမှာတောင် မြင့်မြတ်နယ်မြေ တစ်ခု ဖန်တီးနိုင်ချေ ရှိတယ်ကွ "

လောရှောင်က သူ့ဆရာကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ထပ်ပြောလိုက်သည်။

"  အဲ့လိုသာဆိုရင် ... ဆရာက ဗောဓိပင်ကို ယူသွားရင်ရော ကျုပ်တို့ ကြယ်ခုနစ်စင်း ဂိုဏ်းကို အားလုံးက ပစ်မှတ် မထားလာနိုင်ဘူးလားဗျာ  "

အဘိုးအိုက လုရှောင်ကို ကြည့်ကာ စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်၏။

" မင်းက တကယ် ဉာဏ်ထက်တာပဲ။ ဒီ ကိစ္စရဲ့ အဓိက သော့ချက်ကို မင်း အဖြေရှာနိုင်သွားပြီ။  ဗောဓိပင်က တကယ်ကောင်းတဲ့ ရတနာတစ်ခုဆိုတာ မှန်ပေမယ့် အန္တရာယ်လဲ များတယ်ကွ။ မြင့်မြတ်နယ်မြေ တစ်ခုရဲ့ အစွမ်းမျိုးသာ မရှိထားရင် ဒီပစ္စည်းကို ပိုင်ဆိုင်ဖာားတာက သေကြောင်းကြံတာနဲ့ ဘာမှ မထူးဘူး "

" ငါကတော့ ဒီ ပျောင်ပိုင်မြို့က လူတွေလောက် ဘယ်တုံးအ မလဲကွာ ။ အခု ငါက ဗောဓိရွက်နဲ့ ဗောဓိကိုင်း တချို့ ယူဖို့ပဲ လာခဲ့တာ။ ဗောဓိသီးလဲ နည်းနည်းရနိုင်ရင်တော့ ပိုကောင်းတာပေါ့ကွာ "

All Chapters