နောက်ကွယ်မှ သွေးထိုးခြင်း
Vol. 17 Ch. 235
" ကျုပ် သဘောပေါက်ပါပြီ "
အဘိုးအိုမှာ မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းသာ ညိတ်ပြလိုက်ရသည်။ ထို့နောက် သူ့ ဟင်းလင်းပြင် လက်စွပ်ထဲမှ ဓားတစ်လက်ကို ဆွဲထုတ်၍ အကာအကွယ် အစီအမံရှေ့သို့ လျှောက်သွား၏။
" ဒီဟာက အကာအကွယ် အစီအမံတစ်ခုပဲဆိုရင် အဲ့လောက်ကြီး ပြဿနာမရှိနိုင်ဘူး "
အဘိုးအိုက ပြောပြောဆိုဆိုပင် ဓားဖြင့် လွှဲခုတ်လိုက်သည်။
ထို့နောက် တွင်မူ ...
ဘုန်း ..
အဘိုးအို နောက်သို့ လွင့်ထွက်သွား၏။ သို့သော် အကာအကွယ် အစီအမံကမူ တုပ်တုပ်ပင် မလှုပ်ပါချေ။
၎င်းကို မြင်သောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပြီး အဘိုးအိုကို လှမ်းဆွဲလိုက်သည်။
" အဘိုးကြီး ခုနက ဟန်ဆောင်နေတာမလား ။ အစွမ်းကုန် ထုတ်သုံးပါလို့ ကျုပ် ပြောထားရဲ့သားနဲ့ ။ ကျုပ်ပြောတာ မကြားလိုက်ဘူးလား "
လောထျန်းက ဒေါသတကြီး ပြော၏။
အဘိုးအိုမှာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး တစ်ကိုယ်လုံးလည်း တုန်ယင်သွားသည်။
" ငါ .. နားလည်ပါပြီကွာ ၊ အစွမ်းအပြည့်ကို ထုတ်သုံးပါ့မယ် "
ထိုစကားကို ကြားမှသာ လောထျန်းက အဘိုးအိုအား ပြန်လွှတ်ပေးလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေသည့် လုရှောင်တစ်ယောက် အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
သူ့ဆရာသည် ကြယ်ခုနစ်စင်း ဂိုဏ်း၏ ထိပ်သီးသခင်ကြီးများထဲမှ တစ်ယောက် ဖြစ်ပါသည်။ သူသည် မြောက်ပိုင်းဒေသတွင် အစွမ်းအထက်ဆုံး သူတစ်ယောက် မဟုတ်သည့်တိုင် သြဇာကြီးမားသူ ဖြစ်၏။
သို့သော် .. လောထျန်းရှေ့တွင်မူ သူ့ဆရာက ကြက်ကလေး တစ်ကောင်ကဲ့သို့ အစွမ်းနိမ့်နေပေသည်။
သူတို့ရှေ့မှ လောထျန်းက မည်မျှ အစွမ်းထက်ပါသနည်း။
ကောင်းကင်ဘုံ တံခါးဝ အဆင့်လား ..
သို့မဟုတ် ..
မသေမျိုးတစ်ယောက်လား ...
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် သူ အလွန် တုန်လှုပ်သွား၏။
တဖက်မှ အဘိုးအိုမှာလည်း လောထျန်း ပြန်လွှတ်ပေးလိုက်ပြီးနောက်လက်ထဲတွင် ဓားကို မြဲမြဲကိုင်ကာ တုန်လှုပ်နေသည်။
" ဒီ အစီအမံရဲ့ အကာအကွယ်အစွမ်းက တကယ်လဲ ငါထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ်။ ခုနက ဓားမှာ ငါ့ရဲ့ အစွမ်းပြည့်ကို မသုံးခဲ့ဘူး ဆိုပေမယ့် သုံးခဲ့တဲ့အစွမ်းက မနိမ့်လှဘူး။ ဒါပေမယ့် ရလဒ်က .. ထားလိုက်ပါလေ ၊ ဒီတစ်ခေါက် အစွမ်းအပြည့် သုံးရမယ် "
အဘိုးအိုက ထိုသို့တွေးကာ အသက်ဝဝ ရှူလိုက်သည်။ သူ့ကိုယ်အရောင်အဝါလည်း ပေါက်ကွဲထွက်လာ၏။
သူ့မျက်နှာထားကလည်း ချက်ချင်း ပြောင်းသွားသည်။
ထို့နောက် သူက ဓားကို ရှေ့တည့်တည့်တွင် မိုးပေါ်ထောင်ကာ အော်လိုက်သည်။
" beidou xuanshen ၊ ကြယ်ခုနစ်စင်း နတ်ဘုရားဓား "
ချွှင် ...
ရုတ်ချည်းပင် သူ့အနောက်ဘက်၌ ကြယ်ခုနစ်စင်းအရိပ် ပေါ်လာပြီး သူ့ရှေ့ရှိ ဓားမှလည်း ဓားစိတ်ဆန္ဒတစ်ခု တိုးထွက်လာ၏။
လုရှောင်မှာ ၎င်းကို ကြည့်နေရင်း အလွန် အံ့အားသင့်သွားရသည်။
သူ့ဆရာက ထိုဓားသိုင်းကို အမှန်တကယ် ထုတ်သုံးလိုက်သည်လား ။
တဖက်မှ အဘိုးအိုက ဒေါသတကြီး အော်လိုက်သည်။
" ဖြတ်စေ "
ဘုန်း ...
တခဏချင်းမှာပင် ဓားစိတ်ဆန္ဒက ကောင်းကင်၏ စွမ်းအားကဲ့သို့ တိုးထွက်လာပြီး အစီအမံအား ဆက်တိုက် တိုက်ခိုက်လိုက်၏။
ထိုဓားမှာ ကြယ်ခုနစ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ဓားခုနစ်လက်ထဲမှ တစ်လက်ပင် ။ ၎င်းကို အဘိုးအို ကိုယ်တိုင်က ကိုင်ပြီး တိုက်ခိုက်သည့်အခါ အခြားသူများ ကိုင်တွယ်သည်ထက် ပို၍ပင် အစွမ်းထက်ပါသေးသည်။
ထို ဓား ဖြင့် ဆိုပါက တစ်ချက်တည်းဖြင့်ပင် မြို့တစ်မြို့လုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါသည်။
သို့သော် ..
ဘုန်း ...
အဘိုးအိုက နောက်သို့ လွင့်ထွက်သွားပြန်၏။
အကာအကွယ် အစီအမံ အပေါ်ဘက်တွင်မူ ရောင်စုံအလင်းတန်းအချို့ တိုးထွက်လာပြီး လှိုင်းအနည်းငယ်သာ ထသွားခဲ့သည်။
ထို လှိုင်းလေးများက တခဏအတွင်းမှာပင် ပြန်ပျောက်ကွယ်သွားကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
၎င်းကို မြင်သောအခါ လောထျန်း မျက်မှောင်ပြန်ကြုံ့သွားပြီး အဘိုးအိုကို သူ့ရှေ့သို့ ထပ်ဆွဲခေါ်ကာ ဒေါသတကြီး ပြောလိုက်သည်။
" အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်လို့ ကျုပ် မပြောခဲ့ဘူးလား '
အဘိုးအိုမှာ ငိုချတော့မလိုပင် ဖြစ်သွား၏။
" သခင်လေး ၊ ကျုပ် တကယ်ကို အစွမ်းအပြည့်သုံးပြီး အကောင်းဆုံး ကြိုးစားခဲ့တာပါဗျာ ။ ကျုပ် ဓားတောင် ကျိုးသွားခဲ့ရပါတယ် "
အဘိုးအို ပြန်ပြောလာသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး ကြည့်လိုက်ရာ အဘိုးအိုလက်ထဲမှ ဓားက တစ်ဝက်သာ ကျန်နေတော့သည်ကို တွေ့လိုက်ရသည်။
အဘိုးအို၏ လက်ဝါးမှာလည်း ဒဏ်ရာရထားပြီး သွေးကြာများစွာကို ထိခိုက်ထားသဖြင့် သွေးများက အဆက်မပြတ် စီးကျနေ၏။
" အိူး .. ကြည့်ရတာ ခင်ဗျားက အကောင်းဆုံး ကြိုးစားခဲ့တဲ့ပုံပဲ "
လောထျန်းက ထို့နောက်မှသာ အဘိုးအိုအား လွှတ်ပေးလိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
" အင်း ကြည့်ရတာ ဒီအတိုင်းဆိုရင် အဆုံးအစမဲ့ အဆင့် ၂ က ကျင့်ကြံသူတောင် ဒီ အကာအကွယ်အစီအမံကို မဖျက်နိုင်ဘူးပဲ ။ မြို့ရိုးပေါ်မှာက အကာကွယ် အစီအမံတွေ အားလုံးပေါင်း ၃၀၀ တောင် ရှိတာဆိုတော့ အကာအကွယ်ပိုင်းက မဆိုးဘူးလို့ ပြောလို့ရတယ် "
လောထျန်းတစ်ယောက်တည်း ရေရွတ်နေသည့် စကားကို ဘေးမှ အဘိုးအို ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်သွား၏။
အကာအကွယ် အစီအမံတစ်ခုတည်းကပင် သူ့အသက်ကို ခြွေလုနီးပါး ဖြစ်ခဲ့ရပါသည်။
ယခု .. မြို့ရိုး တစ်ဖက်ခြမ်းလေးမှာပင်အကာအကွယ် အစီအမံပေါင်း ၃၀၀ ကျော် သည်တဲ့လား ...
သူ နားကြားများ လွဲလေရော့သလား ..
သို့သော် သူ သေချာ ကြည့်လိုက်သည့် အချိန်တွင်လည်း လောထျန်း ပြောသွားခဲ့သည့်အတိုင်း ရှိနေသည်ကို မြင်လိုက်ရ၏။
သူ့ရှေ့ရှိ မြို့ရိုး၏ အပေါ်ဘက်တွင် အစောက သူ တိုက်ခိုက်ခဲ့သည့် အကာအကွယ် အစီအမံနဲ့ ဆင်တူ အစီအမံများက တစ်ခုပြီး တစ်ခု ထပ်နေပြီး အဆုံးသတ်ကိုပင် မမြင်ရပါချေ။
သူ စိတ်လည်း ညစ်သွား၏။
၎င်းက ပုံမှန် ဟုတ်ပါရဲ့လား ..
မြင့်မြတ်နယ်မြေများတွင်ပင် ထိုသို့သော အစွမ်းထက် အစီအမံမျိုး ရှိမည် မဟုတ်ပါ။
" သခင်လေး ၊ အခု ကျုပ် ထွက်သွားလို့ ရပြီလား "
အဘိုးအိုက အသံတုန်တုန်ဖြင့် မေးလိုက်သည်။
လောထျန်းက သူ့ကို မျက်လုံးထောင့်ကပ်ကြည့်ကာ ပြော၏။
" ဘာလို့ အဲ့လောက် အလျင်လိုနေရတာလဲ။ အခုမှ အစပဲ ရှိသေးတာ။ အခု အကာအကွယ်အစီအမံကို စမ်းကြည့်ပြီးသွားပြီဆိုတော့ တိုက်ခိုက်ရေး အစီအမံကို စမ်းကြည့်ရဦးမယ် "
" သခင်လေး ၊ ကျုပ် .. မလုပ် .. "
အဘိုးအိုမှာ အလွန်ကြောက်လန့်သွားသည်။
သို့သော် .. လောထျန်းက သူ့ကို စကားဆုံးအောင် ပြောရန်ပင် အခွင့်အရေး မပေးဘဲ ရုတ်တရက် ဆွဲမကာ တိုက်ခိုက်ရေး အစီအမံထဲသို့ ပစ်ထည့်လိုက်တော့သည်။
" အပြင်ကို ပြန်ထွက်လာနိုင်ရင် သွားလို့ရပြီ "
လောထျန်းက ပြော၏။
" ဆရာ .. "
ဘေးမှ ကြည့်နေသည့် လုရှောင်က အလန့်တကြား လက်ဆန့်၍ သူ့ဆရာကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော် .. အဘိုးအိုက အထဲသို့ပင် ရောက်သွားခဲ့လေပြီ ။
တခဏအတွင်းမှာပင် အလင်းတန်းထဲမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာ၏။
မကြာမီမှာပင် .. အဘိုးအိုက အသည်းအသန် ပြေးထွက်လာကာ အပြင်ရောက်ရောက်ချင်း သွေးအန်လိုက်သည်။
" ဆရာ .. "
သူ့ဆရာကို မြင်သည်နှင့် လုရှောင် အလွန်ပျော်သွားသည်။
သို့သော် .. လောထျန်းကမူ မျက်မှောင်ကြုံ့သွား၏။
" အဲ့လောက် လွယ်လွယ်နဲ့ ပြန်ထွက်နိုင်တာလား ။ ကြည့်ရတာ ဒီ တိုက်ခိုက်ရေး အစီအမံက သိပ်မကောင်းသေးဘူးနဲ့တူတယ်။ အစွမ်းပိုထက်အောင် ပြန်ပြင်ပြီး ထပ် စမ်းကြည့်မလား "
သူ ပြောလိုက်သည်။
အဘိုးအိုမှာ ထိုစကားကို ကြားသည်နှင့် ငိုချတော့မလို ဖြစ်သွား၏။
" သခင်လေး ၊ ထပ်မလုပ်ပါနဲ့တော့ဗျာ ။ ကျုပ် ခုလို ထွက်လာနိုင်အောင်တောင် အသက်ကယ် မှော်လက်နက် သုံးခု အပျက်စီးခံခဲ့ရတာဗျ ။ ကျုပ်ကို အထဲထပ်ဝင်ခိုင်းရင် သေချာပေါက် သေသွားရမှာ "
အဘိုးအိုက ငိုသံကြီးနှင့် ပြောလိုက်သည်။
" အဲ့လိုလား .. "
လောထျန်းက သူ့အား သံသယ မကင်းဟန်ဖြင့် ကြည့်နေသေး၏။
အဘိုးအိုက လက်တစ်ဖက်မြှောက်ကာ ပြောလိုက်သည်။
" ကျုပ် ကျိန်ရဲပါတယ်ဗျာ ၊ လိမ်ပြောနေတာ လုံးဝ မဟုတ်ပါဘူး "
၎င်းကိုမြင်မှသာ လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ထားလိုက်ပါမယ် "
အဘိုးအိုမှာ အသက်ပင် မရှူနိုင်ဘဲ ချက်ချင်း ပြန်မေး၏။
" ဒါဆို ကျုပ်တို့ သွားလို့ရပြီလား သခင်လေး "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ကျုပ် မေးတဲ့ မေးခွန်းတွေ အရင်ဖြေသွားဦး။ ပထမေးခွန်းက .. ပျောင်ပိုင်မြို့မှာ ဗောဓိပင် ရှိတယ်လို့ ခင်ဗျားကို ဘယ်သူက ပြောလိုက်တာလဲ "
လောထျန်းက ဗောဓိပင်အား ဆူမီတောင်မှ ပြန်ယူလာသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း ... ထိုအကြောင်းကို သိသူ များစွာ မရှိပါချေ။
သို့သော် .. ထိုသတင်းက ဖုန့်လင်းဒေသ အပြင်ဘက်ထိတိုင် အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့သည်ဖြစ်ရာ ၎င်းမှာ ပုံမှန် မဟုတ်ဟု လောထျန်း ခံစားနေရ၏။
ထိုမေးခွန်းကို ကြားသည်နှင့် အဘိုးအို တံတွေးသီးသွားပြီး ချောင်းပင် ဆိုးသွားသည်။
" အဲ့သတင်းရဲ့ မူလဇစ်မြစ်ကိုတော့ ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့် ကျုပ်တို့က ထျန်းပေ မျှော်စင်ကနေ ဒီသတင်းကို ကြားခဲ့ရတာ ။ သူတို့ ပြောတာတော့ ဖုန့်လင်းဒေသက ဘာမှမဟုတ်တဲ့ လူတစ်ယောက် .. အဲ .. ပျောင်ပိုင်မြို့က လူတစ်ယောက်က ဗောဓိပင်ကို ရခဲ့တယ်တဲ့ "
" ထျန်းပေ မျှော်စင် ဟုတ်လား "
လောထျန်းက ထိုနာမည်ငို ရွတ်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ထိုသို့ သတင်းကို တမင်လွှင့်နေခြင်းက သူ့အပေါ် မကောင်းကြံစည်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာပါသည်။
ထျန်းပေ မျှော်စင်က အဘယ့်ကြောင့် ထိုသို့ လုပ်နေရပါသနည်း။
အဘိုးအိုက မြန်မြန်ရှင်းပြ၏။
" ထျန်းပေ မျှော်စင်ဆိုတာ စီးပွားရေးကိုပဲ အဓိကထားတဲ့ အဖွဲ့တစ်ခုပဲဗျ ။ သူတို့က သဘာဝ ရတနာပေါင်စုံကို ရောင်းချကြတယ်။ တော်တော်လဲ အင်အားကြီးတဲ့ အဖွဲ့တစ်ခုပဲ ။ ဒါပေမယ့် အဲ့ထက်ပို အရေးကြီးတာက သူတို့နောက်မှာ စော်ကားလို့မရတဲ့ ကြောက်စရာ အဖွဲ့ကြီးတစ်ခု ရှိနေတယ်ဗျ "
လောထျန်း အံ့အားသင့်သွားရသည်။
" စော်ကားလို့ မရတဲ့ အဖွဲ့တစ်ခု ဟုတ်လား .. ဘယ်သူလဲ "
" စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့ပဲဗျ "
အဘိုးအိုက ပြောပြသည်။
ထို့နောက် သူ စကားဆက်၏။
" ဒီ စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့က စိတ်ဝိဥာဥ် သခင်ကြီးတွေ အပြည့်နဲ့ ဖွဲ့စည်းထားတာဗျ။ ဒီလူတွေက စိတ်ဝိဥာဥ်ပညာရပ်ကို ကျင့်ကြံကြပြီးတော့ အင်မတန်ထူးဆန်းတဲ့ နည်းတွေ ရှိကြတယ်။ သူတို့ တကယ်တမ်း တိုက်ခိုက်တဲ့အခါကျရင်လဲ သိုင်းပညာရှင်တွေထက် အစွမ်း မနိမ့်ကြဘူး။ ဒီ့ထက်ပို ဆိုးတာက ဆေးပညာရပ်တွေ ၊ သန့်စင်ရေး ပစ္စည်းတွေ ၊ အစီအမံတွေ အားလုံးကို လုပ်ဖို့ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း လိုတာပဲ "
" ဆိုတော့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့မှာ အဲ့သုံးခုကို အဓိကလုပ်ကြတဲ့ စိတ်ဝိဥာဥ်သခင်ကြီးတွေနဲ့ ပြည့်နေတာပေါ့ဗျာ။ အဲ့လိုလူ သုံးမျိုးက ဘယ်အဖွဲ့ကမဆို လေးလေးစားစား ဆက်ဆံကြရတဲ့ သူတွေဆိုတာ သခင်လေးလဲ သိပြီးသား ဖြစ်မှာပါ။ သူတို့က တစ်ခွန်း ပြောလိုက်တာနဲ့ သူတို့ခိုင်းတာကို လုပ်ပေးချင်ကြတဲ့ သိုင်းပညာရှင်တွေက နည်းတာ မဟုတ်ဘူးဗျ "
" ဒါ့ကြောင့်မို့လဲ သူတို့အဖွဲ့နဲ့ ဘယ်သူမှ ရန်သူ မဖြစ်ချင်ကြတာ "
စကားဆုံးဆောင် နားထောင်ပြီးနောက် လောထျန်း အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။
" အဲ့လိုလား ... "
သူ ဆက်ကာ အတွေးနယ်ချဲ့မိသွား၏။
စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့ တဲ့လား .. ။ သူ ထိုအဖွဲ့နှင့် တစ်ကြိမ်တစ်ခါမှ မပတ်သက်ခဲ့ဖူးပါချေ။
သို့တိုင် .. အဘယ့်ကြောင့် သူ့ကို ပစ်မှတ်ထားရန် ရွေးချယ်နေရပါသနည်း။
၎င်းက ဟွမ်ဝေ့ဆိုသည့် လူနှင့် တစ်စုံတရာ ပတ်သက်နေသည်လား ။
ထိုသို့ တွေးမိကာ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားသည်။
" မင်းတို့က ဘာရည်ရွယ်နဲ့ လုပ်ရတာလဲဆိုတာ မသိသေးပေမယ့် . ငါ့အပါ်ကို အောက်တန်းကျတဲ့ လှည့်ကွက်တွေ သုံးထားတာဆိုတော့ ငါ့ဘက်က ရိုင်းတာကိုလဲ ပြန်အပြစ် မတင်နဲ့တော့ "
သူ တစ်ကိုယ်တည်း တွေးလိုက်သည်။