← Chapters

မုန်တိုင်းများ စုစည်းလာခြင်း

Vol. 17 Ch. 236

မုန်တိုင်းများ စုစည်းလာခြင်း

Vol. 17 Ch. 236

" သခင်လေး ကျုပ်တို့ သွားလို့ရပြီလား "

အဘိုးအိုက လောထျန်းအား မျက်နှာငယ်လေးဖြင့် မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြကာ ပြော၏။

" သွားလို့ရပြီ ၊ တကယ်လို့ လက်တုန့်ပြန်ချင်တယ် ဆိုရင်လဲ အချိန်မရွေး ပြန်လာလို့ရတယ်။ ဒါပေမယ့် နောက်တစ်ခါကျရင်တော့ ခင်ဗျား ခုလောက် ကံကောင်းမှာ မဟုတ်တော့ဘူး ။ ကျုပ်လဲ  ခုလို စိတ်ကောင်းဝင်နေမှာ မဟုတ်ဘူး "

" ကျေးဇူးတင်ပါတယ် သခင်လေး '

အဘိုးအိုမှာ အသက်ဘေးမှ ကင်းလွတ်ခွင့် ရသွားသည့်အလား  ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် လူရှောင်ကို ဆွဲကာ အဝေးသို့ ပျသန်းသွားတော့၏။

တဖြည်းဖြည်း အဝေးသို့ ရောက်သွားသည့် အဘိုးအို၏ နောက်ကျောကို ကြည့်ကာ လောထျန်း သက်ပြင်းချလိုက်သည်။

" ပျံသန်းနိုင်တာ ကောင်းလိုက်တာ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူ နေသည့်အဆောင်သို့ တည်နေရာရွှေ့ပြောင်းသွား၏။

တဖက်မှ အဘိုးအိုမှာမူ တခဏအတွင်း မိုင်သုံးထောင်ခန့် ပျံသန်းသွားပြီးမှသာ ရပ်လိုက်သည်။  ထိုမတိုင်ခင်က သူ ခဏလေးပင် မရပ်ရဲခဲ့ပါချေ။

သူ ရပ်ရပ်ချင်းပင် နောက်လှည့်၍ လောထျန်း လိုက်လာ ၊ မလာ ကို စစ်ဆေးကြည့်လိုက်သေး၏။ ဘာမှ မရှိသည်ကို တွေ့သွားမှသာ စိတ်သက်သာရာ ရပြီး သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။

ထို့နောက် သူ သွေးအန် သွား၏။

" ဆရာ .. အဆင်ပြေရဲ့လား "

လုရှောင်က မေးသည်။

အဘိုးအိုက လက်ယမ်းပြပြီး သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ဆေးပင် လက်တစ်ဆုပ်စာ ထုတ်ကာ ချက်ချင်း ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုဆေးပင်များက သူ့ဒဏ်ရာကို သက်သာလာအောင် လုပ်ပေးကြပေလိမ့်မည်။

" တော်တော် ဆိုရွားတဲ့ ပျောင်ပိုင်မြို့ပါလားကွာ "

အဘိုးအို တအံ့တသြ ရေရွတ်လိုက်သည်။

လုရှောင်က သူ့ဆရာအား စိုးရိမ်မကင်းဟန်ဖြင့် ကြည့်နေ၏။

ထိုအချိန်မှာပင် ...

ဘုန်း ...

သူတို့ ခပ်ဝေးဝေး တစ်နေရာမှ အစွမ်းထက်သော အရောင်အဝါ များစွာပင် ထွက်ပေါ်လာပြီး သူတို့ရှိရာဘက်သို့ အလျင်အမြန် ချဥ်းကပ်လာကြသည်။

" ဆရာ .."

လုရှောင်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားသည်။

အဘိုးအိုက လက်ကာပြကာ သူ့ကို စကားမပြောရန် အချက်ပြ၏။

ထိုအချိန်မှာပင် ဝေဟင်ထဲမှ လူရိပ်များစွာက သူတို့အနီးသို့ ခပ်မြန်မြန်ပင် ရောက်လာကြသည်။

" အိုး .. ခပ်လှမ်းလှမ်းမှာ ကတည်းက ရင်းနှီးတဲ့ အရောင်အဝါ တစ်ခုကို ခံစားမိပါတယ်လို့ တွေးနေတာ ..  လက်စသတ်တော့ ကြယ်ခုနစ်စင်း ဂိုဏ်းက မျိုးမစစ် အဘိုးကြီး ဖြစ်နေတာကိုး '

ခပ်ဝဝ သက်လတ်ပိုင်းအရွယ် လုကြီးတစ်ဦးက လေထဲတွင် ရပ်ကာ လုရှောင်တို့ ဆရာတပည့်နှစ်ယောက်အား အေးစက်စက် မျက်နှာဖြင့် ကြည့်လိုက်သည်။

အဘိုးအိုကလည်း တဖက်လူအား ခေါင်းမော့ကြည့်ကာ အေးစက်စက် အသံဖြင့် ပြန်ပြော၏။

" ဘယ်သူများလဲ မှတ်တယ် .. ရွှယ်မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပါလား ။ ဘာဖြစ်လို့ ကိုယ့်ဂိုဏ်းမှာ ကိုယ် မနေဘဲ ဖုန့်လင်းဒေသက မြို့ငယ်လေး တစ်မြို့ဆီ ဒီလောက်အဝေးကြီး ခရီးနှင်လာရတာလဲ ။ ဘာကြောင့်များပါလိမ့် ... "

ထိုအဖွဲ့နှစ်ခုမှာ ယခင်ကတည်းက  မတည့်ကြရာ ယခု အချင်းချင်းတွေ့သည့် အချိန်တွင်လည်း ရန်လိုနေကြသည်မှာ မထူးဆန်းချေ။

ရွှယ်မင်ဂိုဏ်းချုပ်က မျက်ခုံးပင့်ကာ ပြောလာ၏။

" မျိုးမစစ်အဘိုးကြီး ၊ ဘာဖြစ်လို့ မသိတာလိုလို ဘာလိုလို ဟန်ဆောင်နေရသေးတာလဲ ။ငါ လဲ မင်းလိုပဲလေ ၊ ဒီကို ဗောဓိပင်အတွက် လာခဲ့တာ "

သူက ထိုသို့ပြောကာ အဘိုးအိုအား ကြည့်နေရင်း ရုတ်တရက် လန့်သွားဟန်ဖြင့် ဆက်ပြောသည်။

" မင်းက .. အောင်မြင်သွားခဲ့ပြီလား "

အဘိုးအိုက သူ့ကို ပြန်ကြည့်ကာ ပြော၏။

" ဒါပေါ့ကွ ၊ ဒါပေမယ့် ငါက ဗောဓိသီး နည်းနည်းကိုပဲ ယူခဲ့တာ ။ ငါ့မှာက ဗောဓိပင် တစ်ခုလုံးကို အပိုင်သိမ်းနိုင်တဲ့ အစွမ်းမျိုး မရှိဘူးဆိုတာယုံလို့ တမင်ကို အသီးနည်းနည်းပဲ ယူခဲ့တာ "

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက အဘိုးအိုအား ခြေဆုံးခေါင်းဆုံးကြည့်ကာ ခေါင်းအသာ ညိတ်လိုက်သည်။

" အဲ့လိုလား .. ၊ ဒီ ပျောင်ပိုင်မြို့က ဗောဓိပင်ကိုတောင် တူးယူနိုင်ခဲ့တာဆိုတော့ ဘယ်လို နောက်ခံအင်အားမျိုး ရှိလို့လဲ စိတ်တော့ ဝင်စားသား "

အဘိုးအိုက ပြန်ပြော၏။

" ပျောင်ပိုင်မြို့မှာ အစီအမံ သခင်ကြီးတစ်ယောက်တော့ ရှိတယ်ကွ။  သူ့အစီအမံတွေက အင်မတန်ကို အစွမ်းထက်တယ်။ ဒါပေမယ့် အဲ့ အစီအမံတွေကလွဲရင် သူက တခြားနေရာ ဘာမှ သုံးစားမရပါဘူး "

ရွှယ်မင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။

" အစီအမံ သခင်ကြီး .. ဟုတ်လား "

အဘိုးအိုက တည်တည်ငြိမ်ငြိမ် ပြော၏။

" ငါက ငါ့တပည့် ဗောဓိသီးကို သန့်စင်နိုင်အောင် ကူညီပေးရဦးမှာမို့ မြန်မြမ်ပြန်မှ ရမယ်။ အဲ့တော့ မင်းတို့ပဲ နေခဲ့လိုက်ကြဦး ၊ သွားပြီ "

သူက ထိုသို့ ပြောပြီးသည်နှင့် လုရှောင်ကို ဆွဲ၍ ထွက်ခွာသွားတော့သည်။

" ဂိုဏ်းချုပ်ကြီး .. "

ရွှယ်မင်ဂိုဏ်းမှ တပည့်တစ်ယောက်က သူတို့ဂိုဏ်းချုပ်ကြီးနောက်သို့ ရောက်လာကာ လေသံတိုးတိုးဖြင့် ခေါ်သည်။

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက အေးအေးဆေးဆေး ပြန်ပြော၏။

" ငါတို့လဲ သွားကြမယ် ။  ကြယ်ခုနစ်စင်း ဂိုဏ်းက လူတွေတောင် ရောက်နေကြပြီဆိုတော့ တခြားအဖွဲ့ က သူတွေလဲ မလာဘူးလို့ မပြောနိုင်ဘူး။ ငါတို့ နောက်ကျသွားရင် သူတို့တွေပဲ ဗောဓိပင်ကို ရသွားကြလိမ့်မယ် "

" ဟုတ်ကဲ့ပါ "

သူ့နောက်မှ လူများ ပြန်ပြောလိုက်ကြသည်။

ထို့နောက် .. သူတို့လူစု ပျောင်ပိုင်မြို့ ရှိရာသို့ တဟုန်ထိုး ဆက်ပျံသန်းသွားကြ၏။

" အားလုံး ရပ်ကြ "

ရုတ်တရက် ..အားလုံး၏ ရှေ့ဆုံးမှ ရွှယ်မင်ဂိုဏ်းချုပ်ကြီးက အော်ပြောလာသည်။

" ဆရာ .. ဘာဖြစ်လို့လဲ "

သူ့နောက်မှ လူများ နားမလည်နိုင် ဖြစ်သွားကြ၏။

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက ခပ်လှမ်းလှမ်းမှ ပျောင်ပိုင်မြို့ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

" ဒါ ဘယ်လိုအစီအမံမျိုးပါလိမ့် ၊ ဘာလို့ .. အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ "

သူ ပြောလိုက်သည်။

သူ့ဘေးမှ လူငယ်တစ်ယောက်က ပြောလာ၏။

" သခင်ကြီး ၊ စောနက အဘိုးကြီးက ပျောင်ပိုင်မြို့မှာ အစီအမံ သခင်ကြီးတစ်ယောက် ရှိပေမယ့် ကျန်တဲ့သူတွေကတော့ သုံးစားမရဘူးလို့ ပြောသွားတာပဲလေ ။ ကျုပ်တို့ ဒီ အစီအမံတွေကို ချိုးဖျက်ဖို့ နည်းလမ်းရှာလို့ မရဘူးလား "

ရွှယ်မင်ဂိုဏ်းချုပ်ကြီး က ရုတ်တရက် လူငယ်ဘက်လှည့်ကာ ရိုက်လိုက်သည်။

ဖြောင်း ..

လူငယ်မှာ ချက်ချင်း နောက်သို့ လွင့်ထွက်သွား၏။

ထို့နောက် လူငယ်က သူတို့ ဂိုဏ်းချုပ်ကြီးအား မျက်နှာငယ်လေးဖြင့် ကြည့်လာသည်။

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက သူ့ကို မျက်နှာသုန်မှုန်စွာ ကြည့်ကာ ပြော၏။

" မင်း ဦးနှောက် ချောင်နေတာလား ။ ဟို အဘိုးကြီး ပြောသမျှ အားလုံးကို ယုံတယ်ပေါ့လေ။ တကယ်လို့ သူက ငါတို့ကို လှည့်စားဖို့ ထောင်ချောက်ဆင်ထားတာဆိုရင် ဘယ်လိုလုပ်မလဲ "

" ဟင် ... "

လူငယ်မှာ ပါးစပ်အဟောင်းသားဖြင့် စကားမဆိုနိုင် ဖြစ်သွားသည်။

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက ပျောင်ပိုင်မြို့ဘက် လှည့်ကြည့်ကာ ဆက်ပြော၏။

" ဒီ အစီအမံတွေက တစ်ခုနဲ့တစ်ခု ဆက်နေပြီးတော့ အစွမ်းလဲ ထက်ကြတယ်။ တကယ်လို့ ငါ အတင်းရှေ့ဆက်တိုးရင် အန္တရာယ်နဲ့ ကြုံနိုင်တယ်ကွ "

" ဟင် .. အဲ့လောက်တောင် အစွမ်းထက်တာလား "

ဂိုဏ်းချုပ်ကြီး၏ စကားကြောင့် သူ့နောက်မှ လူများအားလုံး အံ့သြတုန်လလှုပ်သွားကြသည်။

ပျောင်ပိုင်မြို့၏ အစီအမံက အစွမ်းထက်သည်ဟု သူတို့ ကြားထားပြီး ဖြစ်သော်လည်း ..

ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ထို့အပြင် သူတို့၏ ဂိုဏ်းချုပ်ကြီးမှာ အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ထားသည့် လူတစ်ယောက် ဖြစ်ပါသည်။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "

အဘိုးအိုတစ်ယောက်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ထိုစဥ် ..  ရွှယ်မင်ဂိုဏ်းချုပ်ကြီးမှာလည်း ကျဥ်းထဲကြပ်ထဲ ရောက်နေပြီး မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေ၏။

သူ နောက်လှည့်ကာ ထွက်သွားလိုက်ချင်သော်လည်းဤမျှ ခရီးရှည်ကြီး နှင်လာခဲ့ရသဖြင့် ထိုသို့ အလွယ်တကူလည်း လက်မလျှော့နိုင် ပါ။

သို့သော် ... ရှေ့ဆက်တိုးရန်မှာလည်း ...

ခံစားချက် ကောင်းမနေပေ။

" ဟုတ်ပြီ ၊ မနက်ဖြန် မြို့အဝင်ဂိတ် ဖွင့်တဲ့အခါကျရင် ငါတို့တွေ မြို့ထဲ ခိုးဝင်ပြီး သတင်းအချက်အလက်တွေ အရင်စုံစမ်းကြမယ်။ ငါ ထင်တာတော့ ကြယ်ခုနစ်စင်း ဂိုဏ်းကရော ၊ ငါတို့ရော ရောက်လာပြီဆိုတော့ ကျန်တဲ့ အဖွဲ့တွေလဲ ရောက်လာကြမှာပဲ။ ဒီတော့ အရင်ဆုံး တခြားအဖွဲ့တွေ ဘယ်လိုလုပ်ကြလဲဆိုတာကို အရင်စောင့်ကြည့်ကြမယ်။ ပြီးမှပဲ အားသုံးပြီး တိုက်ခိုက်ရမလား ၊ မတိုက်ရဘူးလားဆိုတာ ဆုံးဖြတ်ကြတာပေါ့ "

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက ပြောလိုက်သည်။

" ဉာဏ်အမြော်အမြင် ကြီးလှပါတယ် ဂိုဏ်းချုပ်ကြီး "

အားလုံးက သံပြိုင် တုန့်ပြန်လိုက်ကြသည်။

ထို့နောက်တွင်မူ .. သူတို့အားလုံး ​ပျောင်ပိုင်မြို့ပြင်၌ စတည်းချကာ တစ်ညတာ ကုန်ဆုံးသွားခဲ့တော့သည်။

နောက်နေ့ မနက်မိုးသောက်ချိန်တွင်မူ .. ရွှယ်မင်ဂိုဏ်းမှ လူများက သူတို့၏ ကိုယ်အရောင်အဝါများကို ဖိနှိပ်ကွယ်ဝှက်ကာ အခြားသူများနှင့် ရောနှော၍ ပျောင်ပိုင်မြို့ထဲ ဝင်သွားကြ၏။

သူတို့၏ လှည့်ကွက်မှာ ပြီးပြည့်စုံသည်ဟု အားလုံး ထင်ထားခဲ့ကြသော်လည်း ..

သူတို့ မြို့ထဲ ဝင်လာသည်နှင့် လောထျန်းက သတိထားမိသွားသည်။

" ဟင် .. အဆုံးအစမဲ့ အဆင့်က လူနှစ်ယောက်နဲ့ ကောင်းကင်ဘုံအဆင့်က လူတစ်ယောက်ကို မြို့ထဲကို ခိုးဝင်လာကြပါလား"

လောထျန်းက အဝေးမှ မြို့အဝင်ဂိတ်အား လှမ်းကြည့်လိုက်သည်။

သူ့မြင်ကွင်းကို နံရံတစ်ခုက ပိတ်ထားသည့်တိုင် ရွှယ်မင်ဂိုဏ်းမှ လူများအားလုံးကို သူ အသေးစိတ် မြင်နေရ၏။

" အရင်ဆုံး ဒီလူတွေ ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ ဆိုတာကို စောင့်ကြည့်ရမယ်။ မစဥ်းစား မဆင်ခြင်ဘဲ ပြုမူရင်တော့ ..အဲ့ကျမှ သတ်လဲ နောက်မကျသေးပါဘူး "

လောထျန်းက ထိုသို့ပြောလိုက်ပြီး အခြားဘက်သို့ အကြည့်လွှဲလိုက်သည်။

ရွှယ်မင်ဂိုဏ်းချုပ်ကြီး ခန့်မှန်းထားခဲ့သည့်အတိုင်းပင် နောက်နှစ်ရက်အတွင်း  အခြားဒေသများမှ အင်အားကြီး အဖွဲါများ ပျောင်ပိုင်မြို့သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထပ်ရောက်လာခဲ့ကြ၏။

သို့သော် .. မြို့၏ အကာအကွယ် အစီအမံကို မြင်ပြီးသည်နှင့် သူတို့အားလုံး အားသုံးပြီး မတိုက်ခိုက်ရဲကြဘဲ  မြို့ထဲသို့ အမည်လွဲများဖြင့် ခိုးဝင်ကာ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ထို နှစ်ရက်အတွင်းမှာပင် ပျောင်ပိုင်မြို့ထဲ၌ အဆုံးအစမဲ့အဆင့် ကျင့်ကြံသူ ၄ ယောက်နှင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ခြောက်ဆယ်ကျော် စုမိနေခဲ့ကြလေပြီ ။

တုကျဲ့အဆင့် ကျင့်ကြံသူများဆိုလျှင် ရေပင် မရေတွက်နိုင်ပါချေ။

တတိယမြောက် နေ့တွင်မူ ရွှေရောင် နဂါးကြီးနှင့် စိတ်စွမ်းအင်သွေးကြောရေတံခွန်ကို မြင်လိုက်ရပြီး သူတို့အားလုံး အံ့သြတုန်လှုပ်သွားကြ၏။

" နည်းတဲ့ စိတ်စွမ်းအင်သွေးကြော ရေတံခွန်ကြီး မဟုတ်ဘူးကွာ ... ငါ မြင်ယောင်နေတာတော့ မဟုတ်ဘူးမလား ။ ဒီလို ပျောင်ပိုင်မြို့မှာမြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြော ရှိနေတယ်ပေါ "

လမ်းမဘေးတစ်နေရာတွင် ရပ်နေသည့်  ရွှယ်မင်ဂိုဏ်းချုပ်ကြီးက လေထဲမှ ဧရာမ နဂါးအရိပ်ကြီးကို ကြည့်ကာ ​အံ့သြတကြီး ပြောလိုက်သည်။

" ဝိုး ... ဗောဓိပင်တင် မကဘူး ၊ မြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြော တစ်ခုပါ ရှိနေတာပဲ။ ဒီ ပျောင်ပိုင်မြို့က ဘယ်လိုနေရာမျိုးပါလိမ့် "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" ဟား ဟား .. ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပျောင်ပိုင်မြို့က ဖျက်ဆီးခံရတော့မှာ အသေချာပဲ "

သူ့နောက်မှ အဘိုးအိုတစ်ဦးက ရယ်ကာ ပြောလာ၏။

All Chapters