← Chapters

စုံစမ်းဖော်ထုတ်ခြင်း

Vol. 106 Ch. 1620

စုံစမ်းဖော်ထုတ်ခြင်း

Vol. 106 Ch. 1620

ရွှံ့မြေခွေးက သူနှင့်အတူ စတုတ္ထအလွှာဆီသို့ ဝင်ရောက်လာခဲ့ခြင်းလော ရွှီချင်း သေချာမသိပေ။

ယခု သူ၏ ခန္ဓာကိုယ်ရော ဝိညာဉ်ရောက ဤနေရာမှာ မရှိပေ။

သူ၏ အသိစိတ်တစ်ခုတည်းက မိုးသောက်သားတော်ပေါ်သို့ ဆင်းသက်လာပြီး သူနှင့်ပတ်သက်သော အရာအားလုံးကို အစားထိုးသွားသည်။ ယင်းက ပြောင်းလဲရန် မဖြစ်နိုင်သော ကံကြမ္မာတစ်ခုမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရခြင်း ဖြစ်သည်။

သမိုင်းကို မပြောင်းလဲနိုင်ပေ။

ယင်းက မိုးသောက်၏ နောက်ဆုံးအသိစိတ်အမျှင်တန်းမှ ဖွဲ့စည်းသွားခဲ့သော ကောင်လေး၏ သတိပေးစကား ဖြစ်သည်။

၎င်းက ရွှီချင်းကို စတုတ္ထအလွှာဆီသို့ ဝင်ရောက်ပြီးနောက် သမိုင်းကြောင်းကို လေ့လာစောင့်ကြည့်သူအဖြစ်သာ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

သို့သော်လည်း ယင်းက နည်းလမ်းကောင်းဟု ရွှီချင်း မမြင်ပေ။

သမိုင်းကို လေ့လာစောင့်ကြည့်ခြင်းနှင့် ကိုယ်တိုင်တွေ့ကြုံခံစားခြင်းက သူနှင့် တခြားကြယ်ပွင့်များအတွက်တော့ အနည်းငယ်သာ တန်ဖိုးရှိသည်။

အကယ်၍ အတိတ်ကို မျက်မြင်သက်သေပြုခြင်းက ဤနေရာ၏ ကံကြမ္မာကောင်းဖြစ်ပြီး အခွင့်အလမ်းကောင်းဖြစ်မည်ဆိုလျှင် ယင်းက အကောင်းဆုံး မဟုတ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ အချိန်သည် ရပ်တန့်နေသောအရာ မဟုတ်ပေ။ အချိန်သည် အမြဲတမ်း အရှေ့ဆက်နေပြီး အတိတ်ကို လွင့်ပြယ်စေသည်။

သို့ဖြစ်၍ ရွှီချင်း၏ သုံးသပ်မှုအရ ဤစတုတ္ထအလွှာ၏ အကြီးမားဆုံး အခွင့်အလမ်းက ဤအချိန်ကာလထဲမှာ ပုန်းကွယ်နေရမည်။

“ ဒီတော့… အဲ့ဒါက တကယ်ပဲ ဘာလဲ ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး လျှပ်စီးပစ်ခတ်ခြင်းကို တောင့်ခံလိုက်သည်။

အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

ငါးရက်ကုန်ဆုံးသွားသည်။

ဤငါးရက်အတွင်းမှာ ကျုံးချီက သူ့ဆီသို့ နေ့တိုင်းရောက်လာပြီး သူ့ကို အဖော်ပြုပေးခဲ့သည်။

စာသင်ဖက်တစ်ယောက်အနေဖြင့် ယင်းက သူ၏ တာဝန်ဖြစ်သည်။ အနည်းဆုံးတော့ အပေါ်ယံမှာ ဖြစ်သည်။

ထိုအပေါ်ယံ၏ အောက်တွင် သခင်လေး အပြစ်ပေးခံရနေစဉ် ရှားပါးသော လွတ်လပ်မှုကို ကျုံးချီ ရှာတွေ့သွားသည်။ ဤအတောအတွင်းမှာ သူက သူ့ကိုယ်ပိုင်ကံကြမ္မာကောင်းနှင့် ဆက်စပ်သော ကိစ္စများကို လျှို့ဝှက်စွာ စုံစမ်းလုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သခင်လေး အသက်ရှူနေသေးသရွေ့ ကျုံးချီက မထူးမခြားနား ဆက်ရှိနေလိမ့်မည်။

အမှန်မှာ ဤအပြစ်ဒဏ်က ပိုပြီးကြာမြင့်ရန် သူမျှော်လင့်ထားသည်။

ရွှီချင်းက ရံဖန်ရံခါ လှမ်းကြည့်လိုက်သည့်အခါ ကျုံးချီ၏ ရည်ရွယ်ချက်ကို ကောင်းမွန်စွာ နားလည်သွားသည်။

သို့သော်လည်း တစ်ဖက်လူကို ထုတ်ဖော်ရန် မလိုပေ။ တခြားလူများက သူ၏ သရုပ်အား ဖော်ထုတ်သည်ကို သူသဘောမကျသကဲ့သို့ပင်။ ဤစတုတ္ထအလွှာဆီသို့ ရောက်လာသော လူတိုင်းမှာ ကိုယ်ပိုင်အစီအစဉ်များ ရှိကြသည်။

သူကိုယ်၌သည်တော့ မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးပေါ်မှာ ရှိနေစဉ်အတောအတွင်း သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော လျှပ်စီးသွားများမှတဆင့် ဤလောကကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။

“ ဝိညာဉ်စွမ်းအင်၊ လျှပ်စီးနဲ့ ဒီလောကရဲ့ အရှိန်အဝါထဲမှာတောင်… အရာအားလုံးထဲမှာ အချိန်အငွေ့အသက်က ရေးတေးတေး ပါဝင်နေတယ် ”

“ ဒီလောကနဲ့ အစစ်အမှန်လောကကြားမှာ သေးငယ်တဲ့ ခြားနားမှုတစ်ခု ရှိတယ် ”

“ အစစ်အမှန်သမိုင်းက ပြောင်းလဲဖို့ အရမ်းခက်ခဲတယ်… ပြီးတော့ အဆင့်ပိုမြင့်တဲ့ အာဏာစက်တွေရဲ့ ကန့်သတ်ထားမှုတွေက သမိုင်းကို ပြုပြင်ပြောင်းလဲဖို့ ခွင့်မပြုဘူး… အဲ့ဒီမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို သက်ရောက်နိုင်မယ့် အချိန်လေဟာနယ်မုန်တိုင်းတစ်ခု ဖွဲ့စည်းသွားလိမ့်မယ်”

“ ဒါပေမဲ့ ငါရှိနေတဲ့ အခုအချိန်က… အစစ်အမှန်သမိုင်းထဲမှာ မဟုတ်ဖို့ ဖြစ်နိုင်ခြေအရမ်းများတယ် ”

လျှပ်စီးသွားများက သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်နေစဉ် ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး တွေးတောလိုက်သည်။

ဤသမိုင်းအဖြစ်အပျက်က အမှန်တကယ်မတည်ရှိခြင်း မဟုတ်ပေ။ သို့သော်လည်း အချိန်လေဟာနယ်အပေါ် ရွှီချင်း၏ နားလည်ထားမှုအရ စတုတ္ထအလွှာမှာ ပြသနေသော အတိတ်ဖြစ်ရပ်များက ကြေးမုံပုံရိပ်များနှင့် ပိုပြီးတူညီသည်။

“ ဒီအချက်ကို အတည်ပြုဖို့ လိုအပ်နေသေးတယ် ”

ရွှီချင်းက နက်နဲစွာ တွေးတောခြင်းအပြင် ရံဖန်ရံခါ အော်ဟစ်ညည်းညူလိမ့်မည်။ သို့မှသာ သူ၏ သရုပ်ဆောင်မှုက ဤဇာတ်ကောင်နှင့် လိုက်ဖက်လိမ့်မည်။

သူက ဤငါးရက်အတွင်းမှာ တခြားတစ်ခုကိုလည်း စဉ်းစားနေသည်။

ယင်းမှာ ဤလောကထဲသို့ လီမုန့်တုနှင့် တခြားကြယ်ပွင့်များအပြင် တခြားလူများ ဝင်ရောက်လာသေးသလား ဖြစ်သည်။

ထို့ပြင် ထိုလူများ၏ သရုပ်များကိုလည်း သူတွေးတောလိုက်သည်။

“ အဲ့ဒါက မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးကနေ ငါထွက်သွားပြီးရင် စုံစမ်းစစ်ဆေးရမယ့် အရာပဲ ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သူက တခြားလူများအတွက် အတားအဆီးဖြစ်လာရန် မစဉ်းစားထားပေ။ သို့သော်လည်း အကယ်၍ သူသာ တခြားလူများ၏ သရုပ်များကို သိထားမည်ဆိုလျှင် ယင်းက ဤလောကထဲမှာ သူ့အား ကြီးမားသော အားသာချက်ကို ပေးလိမ့်မည်။

“ သူတို့က ကံကြမ္မာကောင်းကို ဘယ်လိုရှာဖွေလဲဆိုတာ ငါသိထားမယ်ဆိုရင် အဲ့ဒါက ငါ့ရဲ့ ခန့်မှန်းမှုကို အတည်ပြုပေးနိုင်လိမ့်မယ် ”

“ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းမှုသာ မှန်ကန်မယ်ဆိုရင် ဒီလောကက ကြေးမုံပုံရိပ်တစ်ခုပဲ… ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြီး တွေးတောလိုက်သည်။

“ အဲ့ဒါဆိုရင် ဒီအချိန်ထဲမှာ လှိုင်းထသွားအောင် ကြိုးစားတာက ပင်လယ်သေထဲမှာ လှိုင်းဖန်တီးတာနဲ့ အတူတူပဲ… အချိန်လေဟာနယ်ထဲက အပြောင်းအလဲတွေကို လေ့လာစောင့်ကြည့်တာက အချိန်လေဟာနယ်အာဏာစက်အပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုကို ပိုပြီး နက်ရှိုင်းစေလိမ့်မယ် ”

“ ဒါမှပဲ ငါက အချိန်လေဟာနယ်ရဲ့ အုပ်ချုပ်သူဖြစ်လာလိမ့်မယ် ”

“ ပြီးတော့ နောက်ရက်အနည်းငယ်ကြာရင် မိုးသောက်အင်မော်တယ်အရှင်သခင် ပြန်ပေါ်လာမလား ငါသိချင်လိုက်တာ… ”

ရွှီချင်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ယခင်တစ်ခေါက်က မိုးသောက်အင်မော်တယ်အရှင်သခင် ထွက်ပေါ်လာခဲ့စဉ်က ဤလောကအကြောင်းကို ရွှီချင်းက ကောင်းမွန်စွာ နားမလည်ထားပေ။ သူ့အတွက် အရာအားလုံးက အသစ်အဆန်းဖြစ်နေသည်။ သို့ဖြစ်၍ သူက မည်သည့်မတော်တဆမှုမှ မဖြစ်စေရန် မိုးသောက်အင်မော်တယ်အရှင်သခင်ကို မစစ်ဆေးခဲ့ပေ။

သို့သော်လည်း ယခု ရက်အနည်းငယ် စုံစမ်းလေ့လာပြီးနောက် သူက သတင်းအချက်အလက်အများကြီး ရရှိသွားသည်။

ကံမကောင်းစွာဖြင့် ခြောက်ရက်မြောက်နေ့ ကုန်လွန်သွားပြီး အပြစ်ဒဏ်ပြီးဆုံးရန် နေ့တစ်ဝက်သာ ကျန်တော့သည့်အချိန် တစ်စုံတစ်ယောက်က ရောက်လာသော်လည်း ထိုလူက အင်မော်တယ်အရှင်သခင်မဟုတ်ပေ။

ယခု ရောက်ရှိလာသူက ဖီးနစ်ကိုးကောင်ဆွဲထားသော ရွှေရထားလုံးပေါ်တွင် ထိုင်နေသည့် တစ်စုံတစ်ယောက် ဖြစ်သည်။ သို့သော်လည်း ရထားလုံး၏ ပြတင်းပေါက်များကို ဇာပဝါဖြင့် ဖုံးကွယ်ထားလေရာ အထဲမှ ပုဂ္ဂိုလ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

ရွှေရထားလုံးက လျှပ်စီး၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်အောက်မှာ ခမ်းနားထည်ဝါစွာ ထွန်းလင်းတောက်ပနေသည်။ ဤသည်မှာ ရွှေရောင်အလင်းက အင်မော်တယ်နန်းတော်တစ်ခုလုံးကို ဖြန့်ကြက်သွားနိုင်သည့်အလားပင်။

ရထားလုံးကို ဆွဲထားကြသော ဖီးနစ်ကိုးကောင်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတုန်ဟီးစေနိုင်သော အော်မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့၏ ငှက်မွှေးများက မီးတောက်မီးလျှံများပမာ ရဲရဲတောက်ပြီး စကြာဝဠာကို လောင်ကျွမ်းပစ်နိုင်ဟန် ရ၏။

မရေမတွက်နိုင်သော ရတနာအမျိုးမျိုးဖြင့် ရထားလုံးကို စီခြယ်ထားလေရာ လျှပ်စီးအလင်းရောင်အောက်တွင် ယင်းတို့က ကြယ်များအလား အောက်မေ့ရသည်။ ယင်းတို့၏ ထွန်းလင်းတောက်ပမှုက မျက်လုံးတိုင်းကို ဖမ်းစားထားသည်။

ရထားလုံး၏ ဘေးပတ်ဝန်းကျင်တွင် အစောင့်အကြပ်တစ်ရာကျော် ရှိကြသည်။ အစောင့်အကြပ်တိုင်းက အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လှံရှည်ကို သယ်ဆောင်ထားကြသည်။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်ချောက်ချားဖွယ်ကောင်းသည်။

၎င်းတို့က ရထားလုံး၏ အနောက်မှ လိုက်၍ ညီညီညာညာ ရွေ့လျားနေကြသည်။

တည်ကြည်လေးနက်သော လေထုက ၎င်းတို့ထံမှ ထွက်ပေါ်နေလေရာ ရထားလုံးထဲမှ အထွတ်အမြတ်ပုဂ္ဂိုလ်ကို ကာကွယ်ရန် ၎င်းတို့က အမြဲတမ်း အသင့်ပြင်ထားပုံပေါ်သည်။

ခမ်းနားထည်ဝါသော ရထားလုံးနှင့် သတိကြီးသော အစောင့်အကြပ်များသည် မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးဆီသို့ ဦးတည်သွားနေကြသည်။

၎င်းတို့က လေထဲမှာ ချိတ်ဆွဲခံထားရသော ရွှီချင်းနှင့် ပေသုံးရာအကွာမှာ ရပ်လိုက်ကြသည်။

ထို့နောက် ရထားလုံးထဲမှ သက်တံ့ရောင်ခြည်ကန့်လန့်ကာ၏ အနောက်တွင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်က ထွက်ပေါ်လာသည်။ ထိုလက်က ချောမွေ့ပြီး အချောသတ်ထားသော ကျောက်စိမ်းပမာ ပြစ်ချက်မရှိပေ။ ယင်းက သိမ်မွေ့ညင်သာမှုနှင့် နွေးထွေးသော အလင်းကို ထုတ်လွှတ်နေသည်။

လက်က လေထဲမှာ တဒင်္ဂရပ်တန့်သွားပြီးနောက် အပေါ်သို့ အနည်းငယ် မြှောက်တတ်သွားသည်။ ထို့နောက် လက်က ကန့်လန့်ကာကို ဘေးသို့ ညင်သာစွာ ဆွဲဖွင့်လိုက်လေရာ ကြော့ရှင်းတင့်တယ်သော ခံစားမှုက ထွက်ပေါ်လာသည်။

ကန့်လန့်ကာ၏ ဖွင့်လှစ်မှုနှင့်အတူ ကြော့ရှင်းတင့်တင်သော ခန္ဓာကိုယ်နှင့် ပြိုင်ဘက်ကင်းအောင် လှပသော မျက်နှာက ထွက်ပေါ်လာသည်။

လျှပ်စီးအလင်းရောင်အောက်မှာ သူ၏ မျက်နှာက သိမ်မွေ့နူးညံ့သော ငွေရောင်အလင်းဖြင့် ဖုံးလွှမ်းခံထားရဟန် ရ၏။ ယင်းက သူ့အား အိမ်မက်ဆန်သော ဆွဲဆောင်မှုနှင့် စစ်မှန်သော မွန်မြတ်သန့်စင်မှုကို ပေးသည်။

သူ၏ ထွက်ပေါ်လာမှုက သူ့ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို မှိန်ဖျော့သွားစေသည်။

သူ၏ မျက်လုံးများက နက်ရှိုင်းပြီး တောက်ပသည်။ သူ၏ နှာတံက ဖြောင့်စင်းပြီး သူ၏ နှုတ်ခမ်းက ပန်းနုရောင်ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်က မသိမသာ လှုပ်နေလေရာ သူက သိမ်မွေ့ညင်သာစွာ ပြုံးချင်သော်လည်း မပြုံးမိအောင် အတင်းချုပ်တည်းထားသည့်အလားပင်။ ဤသည်မှာ သူ၏ ဘေးပတ်ဝန်းကျင်၌ ဒေါသထွက်သော လေထုဖြစ်အောင် တမင်ကြိုးစားနေဟန် ရ၏။

အရှေ့သို့ သူလျှောက်သွားသည့်အခါ သူ၏ ပိတုန်းရောင် ဆံနွယ်များက ရေတံခွန်သဖွယ် သူ၏ ပခုံးထက်သို့ ကျဆင်းနေသည်။

သူ၏ ရွေ့လျားမှုက သူ၏ ဘေးပတ်ဝန်းကျင်မှ အတုအယောင်ဒေါသလေထုကို လျော့ပါးသွားစေပြီး သူ၏ ဆွဲဆောင်မှုနှင့် သိမ်မွေ့ညင်သာမှုကို ပိုပြီးထင်ရှားစေသည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ ထို့နောက် သူက ပန်းနုရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး ပြောသည်။

“ အသည်းနှလုံးမရှိတဲ့လူ ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး သူ၏ အရှေ့မှ ပြိုင်ဘက်ကင်းအောင် ချောမောလှပသော မိန်းမပျိုလေးကို ကြည့်လိုက်သည်။

မိုးသောက်သားတော်၏ မှတ်ဉာဏ်များမှတဆင့် တစ်ဖက်လူ၏ သရုပ်ကို အကြည့်တစ်ချက်ဖြင့် သူမှတ်မိသွားသည်။

ထိုမိန်းမပျိုလေးသည် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ သမီးတော် ကျိုးလင်းရှန်းမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက မိုးသောက်အင်မော်တယ်အရှင်သခင် စီစဉ်ထားသော နောက်တစ်လကြာလျှင် သူလက်ထပ်ရမည့် သတိုးသမီးဖြစ်သည်။

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ သမီးတော်ကို အဖက်ဖက်တွင် ပြီးပြည့်စုံသည်ဟုဆိုလျှင် လွန်ကြူးရာမရောက်ပေ။

သူက သေမျိုးလောကပေါ်သို့ ကျဆင်းလာသော နတ်မိမယ်အလား ပြိုင်ဘက်ကင်းအောင် ချောမောလှပသည်။ သူ့ထံမှ ထုတ်လွှတ်နေသော မွန်မြတ်သန့်စင်ခြင်းအရှိန်အဝါက သူ၏ အနားသို့ ချဉ်းကပ်လာသူတိုင်းကို နှလုံးတုန်ယင်သွားစေလိမ့်မည်။

အထူးသဖြင့် လေပြေက သူ၏ ဆံပင်ကို တိုးဝှေ့ကျီစယ်သွားသည့်အခါတိုင်း သူ၏ ပုံရိပ်က လေနှင့် ပေါင်းစပ်သွားသည့်အလား ရပ်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

သူ၏ အသွင်သဏ္ဍာန်နှင့် အရှိန်အဝါက ရှေးဟောင်းပန်းချီးကားထဲမှ အပြင်သို့ ထွက်လျှောက်လာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူသည်။ ဖြစ်နိုင်သည်မှာ သူက ကောင်းကင်ဘုံမှ ချီးမြှောက်လိုက်သော ဆုလာဘ်တစ်ခုဖြစ်သည်။

သူ၏ အသံထဲမှာ ဒေါသတစ်စွန်းတစ်စ ကိန်းအောင်းနေသော်လည်း သူ၏ အသံက ကောင်းကင်ဘုံတေးသံပမာ သာယာဖွယ်ကောင်းနေဆဲပင်။

ကံမကောင်းစွာဖြင့် ရွှီချင်းက မိုးသောက်သားတော် မဟုတ်ပေ။

ရွှီချင်းက သူ၏ အရှေ့မှ မိန်းမပျိုလေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး တစ်ဖက်လူကို လျစ်လျူရှုထားလိုက်သည်။

“ အကြင်နာမရှိတဲ့ အယုတ်တမာကောင် ”

မိန်းမပျိုလေးက ရွှီချင်းကို ထပ်မံ ကျိန်ဆဲလိုက်သည်နှင့် သူ၏ မျက်လုံးထဲမှာ ဝမ်းနည်းမှုဖြင့် ပြည့်နှက်သွားသည်။ သို့တိုင် သူ၏ အကြည့်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများပေါ်သို့ ကျရောက်သွားသည့်အခါ ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်သော သိမ်မွေ့နူးညံ့မှုက သူ၏ မျက်ဝန်းထဲမှာ မထင်မရှား ထွက်ပေါ်လာသည်။

သူက ပါးစပ်မှ ကျိန်ဆဲနေသော်လည်း လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ပြီး ရွှီချင်း၏ ပါးစပ်ထောင့်မှ သွေးကို ဂရုတစိုက် သုတ်ပေးလိုက်သည်။ သိမ်မွေ့နူးညံ့သော ထိုလက်ကလေးက အကန့်အသတ်မဲ့သော ညင်သာမှုကို ဆောင်ကြဉ်းထားပြီး ဤလောက၏ အနှောင့်အယှက်မှန်သမျှနှင့် မတည်ငြိမ်မှုအားလုံးကို ငြိမ်သက်သွားစေနိုင်ဟန် ရ၏။ သူက ကြင်နာယုယစွာ ဆောင်ရွက်ပေးနေရင်း နူးညံ့စွာ ပြောသည်။

“ အစကတော့ ရှင့်ရဲ့ ဒီနှုတ်ဖျားကနေ စကားလုံးချိုချိုလေးတွေ ပြောခဲ့တယ်… ဒါပေမဲ့ အခုကျတော့ ရှင်က… ကျွန်မသိပါတယ်… ရှင်ရဲ့ ပန်းပေါင်းတစ်ရာနန်းတော်ကို လက်မလွှတ်ချင်ဘူးဆိုတာ… အဲ့ဒါဆိုလည်း ရှင်ဘာလို့ ကျွန်မဆီ အရင်ချဉ်းကပ်ခဲ့တာလဲ… ”

“ ရှင့်အဖေက ရှင်နဲ့ ကျွန်မကို လက်ထပ်ပေးဖို့ မင်္ဂလာပွဲစီစဉ်နေပြီ… ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို နောက်တစ်လကြာရင် ကျင်းပလိမ့်မယ်… ရှင့်နှလုံးသားက ကျွန်မဆီမှာ မဟုတ်တာကို… ”

မိန်းမပျိုလေး၏ စကားမဆုံးခင်မှာ ရွှီချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက လျှပ်စီးဖြင့် တုတ်နှောင်ခံထားရသော သူ၏ ညာလက်ကို မြှောက်လိုက်ပြီး မိန်းမပျိုလေး၏ သေးသွယ်သော ခါးကို ဆွဲဖက်လိုက်သည်။

မိန်းမပျိုလေးက ရပ်တန့်သွားသော်လည်း ရုန်းကန်ခြင်းမပြုပေ။ ယင်းအစား သူက ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်းက ငါ့မျက်နှာပေါ်က သွေးတွေကို ပြောင်အောင် သုတ်လိုက်မှတော့ ငါနောင်တရနေကြောင်း အဖေ့ကို ဘယ်လိုသက်သေပြနိုင်တော့မှာလဲ ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက မိန်းမပျိုလေးကို ပြန်လွှတ်ပေးလိုက်သည်။

မိန်းမပျိုလေးက နူးညံ့စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူက ဆက်ပြီး မသုတ်ပေးတော့ပေ။

“ ဒီဟာက ပန်းပေါင်းတစ်ရာနန်းတော်ကို ဆက်ဆွဲထားဖို့ ရှင်စဉ်းစားမိတဲ့ နည်းလမ်းလား… ရှင်က သနားစရာကောင်းတဲ့ပုံစံ ဟန်ဆောင်ပြီးတော့ မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ နှလုံးသားကို ပျော့ပျောင်းစေမယ်ပေါ့ ”

“ ရှင့်ရဲ့ ပန်းပေါင်းတစ်ရာနန်းတော်ကို ကျွန်မအခုပဲ သွားဖျက်ဆီးပစ်မယ် ”

မိန်းမပျိုလေးက ဒေါသတကြီး ပြောပြီးနောက် အနောက်လှည့်လိုက်ပြီး ရထားလုံးဆီသို့ ပြန်လျှောက်သွားသည်။ အစေခံတစ်ယောက်က ကန့်လန့်ကာကို မမြှောက်ပေးထားလေရာ မိန်းမပျိုလေးက ရပ်တန့်ခြင်းမရှိဘဲ ရထားလုံးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထို့နောက် ရထားလုံးက အနောက်သို့ လှည့်လိုက်ပြီး အစောင့်အကြပ်များ၏ ကင်းထောက်မှုအောက်မှာ မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးထံမှ ပြန်ထွက်ခွာသွားသည်။

သို့မှသာ ကျုံးချီက ခေါင်းမော့လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ သခင်လေး… ဘာလို့ အဲ့လိုပြောလိုက်တာလဲ… ”

ရွှီချင်းက ဘာမှမပြန်မပြောဘဲ မျက်လုံးမှိတ်လိုက်သည်။

ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ လျှို့ဝှက်စွာ ထွက်ပေါ်လာသည်။

အစောနက ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ သမီးတော် လုပ်ဆောင်ခဲ့သော အရာမှန်သမျှက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

သူက အရာအားလုံးကို အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။

ပထမဆုံးအနေဖြင့် သူက ရထားလုံးထဲမှ မထွက်လာခင် ကန့်လန့်ကာကို မြှောက်တင်လိုက်သည်။

ယင်းက သာမန်လှုပ်ရှားမှုလေးတစ်ခုမျှသာ ဖြစ်သော်လည်း ရွှီချင်းရရှိထားသော မှတ်ဉာဏ်များထဲတွင် ကျိုးလင်းရှန်းသည် လွန်စွာ အဆင့်အတန်းမြင့်မားပြီး ဂုဏ်သိက္ခာကြီးမားသော မိန်းမပျိုလေးဖြစ်လေရာ ကန့်လန့်ကာကို သူကိုယ်တိုင် တစ်ခါမှ မဖွင့်လှစ်ဖူးပေ။

မှန်ပေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အကြောင်းပြချက်တစ်ခု ပေးနိုင်သည်။ ဖြစ်နိုင်သည်မှာ သူက အလျင်လိုနေခြင်းလော သို့မဟုတ် စိတ်ခံစားချက် ပြင်းထန်နေခြင်းလော။

သို့သော်လည်း ပိုပြီးအသေးစိတ်ကျသော နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ ကျိုးလင်းရှန်း၏ ခါးကို ရုတ်တရက် သူဖက်လိုက်စဉ် တစ်ဖက်လူက တည်ငြိမ်စွာ တုံ့ပြန်ခဲ့သော်လည်း အလိုအလျောက် ငြင်းဆန်မှုက သူ၏ ခန္ဓာကိုယ်ထဲမှ မထင်မရှား ထွက်ပေါ်လာခဲ့သည်။

ယင်းက အာရုံမခံနိုင်လုနီးပါး အလွန်သေးငယ်သည်။ သို့သော်လည်း ထိုငြင်းဆန်မှုက ရွှီချင်း၏ အာရုံခံမှုအောက်မှ မလွတ်မြောက်ခဲ့ပေ။

ယင်းက ထူးဆန်းသည်။

မည်သို့ဖြစ်ပါစေ မိုးသောက်သားတော်နှင့် ကျိုးလင်းရှန်းသည် ရုပ်ပိုင်းဆိုင်ရာထိတွေ့ဆက်ဆံမှု ရှိပြီးသား ဖြစ်သည်။

သို့သော်လည်း ယင်းက ခိုင်လုံသော အချက်အလက် မဟုတ်သေးပေ။ ထိုသို့အပြုအမူအတွက် အကြောင်းပြချက်ပေးနိုင်ပေသည်။

သို့သော် သူ၏ သုံးသပ်မှုက ထိုအချက်နှစ်ချက်ပေါ်မှာသာ အခြေမခံပေ။ နောက်ထပ် အချက်တစ်ချက်ရှိသေးသည်။

ကျိုးလင်းရှန်း၏ ခါးကို သူဖက်လိုက်စဉ်က ငြင်းဆန်မှုအပြင် အလွန်အားကောင်းသော သတိထားမှုကို ရွှီချင်း ခံစားမိခဲ့သည်။

တစ်ဖက်လူ၏ သရုပ်အဆင့်အတန်းအရဆိုလျှင် သူက ထိုသို့သတိထားစရာ မလိုပေ။

ယင်းက ပုံမှန်မဟုတ်သော အပြုအမူဖြစ်သည်။

ထိုအချက်သုံးချက်စလုံးက သေးငယ်သော အရာများဖြစ်သော်လည်း အကယ်၍ ယင်းတို့ကို လူတစ်ယောက်တည်းထံမှာ အတူတကွ မြင်တွေ့လိုက်ရမည်ဆိုလျှင် ယင်းက ရွှီချင်းအား မတူညီသော အတွေးတစ်ခုကို ပေါ်ပေါက်စေသည်။

ထိုအချက်အားလုံးကို ပေါင်းစပ်ပြီး သုံးသပ်ကြည့်သည့်အခါ ကျိုးကြောင်းဆီလျော်သော ခန့်မှန်းမှုတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုခန့်မှန်းမှုက…

ကျိုးလင်းရှန်းက အပြင်လူဖြစ်သည်။

ထိုခန့်မှန်းမှုက အထက်မှာ ဖော်ပြခဲ့သော အချက်သုံးချက်စလုံးကို ဖြေရှင်းချက်ပေးနိုင်သည်။ သူက အပြင်လူဖြစ်သောကြောင့် ကျိုးလင်းရှန်း၏ အပြုအမူများကို အသေးစိတ် မသိထားနိုင်ပေ။ ထို့ကြောင့် ရွှီချင်းက သူ့ကို ဖက်လိုက်သည့်အခါ ခန္ဓာကိုယ်က အလိုအလျောက် ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဤပတ်ဝန်းကျင်က သူမရင်းနှီးသောအရာဖြစ်လေရာ အရာရာတိုင်းကို သတိထားခြင်းက ဖြစ်သင့်ပေသည်။

နောက်ဆုံးမှာတော့ ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

‘ သူက တကယ့်ကျိုးလင်းရှန်းမဟုတ်ဖို့ ဖြစ်နိုင်ခြေအရမ်းများတယ် ’

‘ ဘယ်ကြယ်ပွင့်လဲ… ကြယ်ပွင့်တွေထဲမှာ မိန်းကလေးက တစ်ယောက်ပဲ ပါဝင်တယ်… ဒါပေမဲ့ ဒီအချက်တစ်ခုတည်းပေါ်မူတည်ပြီး တခြားကြယ်ပွင့်တွေကို ငါဖယ်ထုတ်လိုက်လို့ မဖြစ်သေးဘူး ’

ရွှီချင်းက မျက်လုံးဖွင့်လိုက်ပြီးနောက် အဝေးသို့ ကြည့်လိုက်သည်။

‘ တကယ်လို့ သူက ကြယ်ပွင့်ဆိုရင်… သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ’

All Chapters