လူတိုင်းမှာ လမ်းစဉ်ကိုယ်စီရှိတယ်(၁)
Vol. 106 Ch. 1621
အင်မော်တယ်နန်းတော်၏ သခင်လေးနေရာ၌ သရုပ်ဆောင်နေသော ရွှီချင်းသည် မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးပေါ်တွင် ခုနစ်ရက်ပြည့်အောင် ချိတ်ဆွဲခံထားရသည်။
အပြစ်ဒဏ်မှ သူလွတ်မြောက်ရန် ခြောက်နာရီသာ လိုတော့သည်။
ထိုနောက်ဆုံးခြောက်နာရီအတွင်းမှာ လျှပ်စီးပစ်ခတ်မှုက ပုံမှန်ထက် ပိုပြီးအားကောင်းလာသည်။ ဝုန်းခနဲ မြည်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားလေရာ ယင်းကို မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ အပြင်ဘက်မှ လူများသည်ပင် ကြားနိုင်ကြသည်။
လျှပ်စီးက အလွန်ကျယ်ပြောလေရာ ၎င်းက မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ ကြောက်မက်ဖွယ်ကောင်းပုံကို လူတိုင်းအား ပြောပြနေသည့်အလားပင်။
ချောက်ကမ်းပါး၏ လေထဲမှ ပုံရိပ်က လျှပ်စီးများဖြင့် တရစပ် ပစ်ခတ်ခံနေရသော်လည်း ထိုနောက်ဆုံးခြောက်နာရီအတွင်း၌ ကောင်းကင်ဘုံလျှပ်စီးက သူ့ကို ဆက်တိုက် အာဟာရဖြည့်ပေးနေသည်။ ဤသည်မှာ ပြန်လည်အားဖြည့်ခြင်းစွမ်းအင်က ထိုလျှပ်စီးထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသည့်အလားပင်။
အနာခံမှ အသာစံရမည်ဟူသော ဆိုးရိုးစကား ရှိသည်။
အပြင်လူများအတွက်တော့ ဤလျှပ်စီးပစ်ခတ်မှုက အပြစ်ဒဏ်ပေးခြင်းဖြစ်ပြီး ကြောက်စရာကောင်းသည်။ သို့သော်လည်း အမှန်မှာ ထွန်းလင်းတောက်ပသော ထိုလျှပ်စီးများက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တိတ်တဆိတ် အာဟာရဖြည့်ပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းက နောက်ဆုံးခြောက်နာရီအတွင်းမှာသာ ဖြစ်၏။ ဤသည်မှာ ယင်းက ခုနစ်ရက်ကြာအောင် အပြစ်ဒဏ်ခံခဲ့ရသည့်အတွက် အကျိုးအမြတ်ဖြစ်ဟန် ရသည်။ အပြင်လူများက ယင်းကို မသိနိုင်သော်လည်း ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို စုပ်ယူထားသော ရွှီချင်းက ယင်းကို နားလည်သည်။
ယင်းက အပြစ်ဒဏ်ဖြစ်သော်လည်း နောက်ဆုံးအချိန်တွင် သခင်လေး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြန်ကောင်းမွန်စေမည့် စွမ်းအင်က တိတ်တဆိတ် ကျဆင်းလာလိမ့်မည်။
ထို့ပြင် ယင်းက ဤတစ်ကြိမ်တည်း မဟုတ်ပေ။ ယခင်အခေါက်များတွင်လည်း ထိုအတိုင်းဖြစ်သည်။
မည်သို့ဖြစ်ပါစေ သူက မိုးသောက်အင်မော်တယ်အရှင်သခင်၏ တစ်ဦးတည်းသောသား မဟုတ်ပါလော။
‘ အဖေက ဒီလောက် အလိုလိုက်ထားမှတော့ သားပျက်စီးတာ မဆန်းပါဘူး ’
ကျုံးချီက အပေါ်သို့ မြန်ဆန်စွာ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်မကောင်းဖြစ်သော အမူအရာက ထွက်ပေါ်နေသော်လည်း အတွင်းစိတ်ထဲမှာ သူက နှာခေါင်းရှုံ့လိုက်သည်။
ဤအခြေအနေ၏ နောက်ကွယ်မှ အမှန်တရားကို တခြားလူများက မသိနိုင်သော်လည်း သခင်လေး၏ စာသင်ဖက်ဖြစ်သော သူက မည်သို့ကြောင့် မသိဘဲနေမည်နည်း။
မည်သို့ဖြစ်ပါစေ သူက စိုးရိမ်ပူပန်သော အမူအရာဖြင့် အရှေ့သို့ လျှောက်သွားပြီး အော်ပြောလိုက်သည်။
“ သခင်လေး… တောင့်ခံထားပါ… ခြောက်နာရီပဲ ကျန်ပါတော့တယ် ”
“ ကောင်းကင်အရွေးချယ်ခံလီက သတ်ပုတ်ကွင်းမှာ မင်းကို စောင့်နေပါတယ် ”
သူ၏ အသံထဲမှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
ယင်းကို ကြားသောအခါ ရွှီချင်းက ကျုံးချီကို ကြည့်ရန် မျက်လုံးမဖွင့်ဘဲ မနေနိုင်ပေ။
ယခင်က ယင်းကို သူသတိမထားမိသော်လည်း လီမုန့်တုက သရုပ်ဆောင်ခြင်းတွင် အတော်လေး ပါရမီပါသည်။
အကယ်၍ သူသာ တစ်ဖက်လူ၏ သရုပ်ကို အစကတည်းက မသိထားလျှင် ကျုံးချီက လီမုန့်တုဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ ကျုံးချီက ပိုပြီးသရုပ်ဆောင်ပြလိုက်သည်။ ဤသည်မှာ သူက လျှပ်စီးနှင့်အပြိုင် ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေသည့်အလားပင်။
သို့သော်လည်း ရှင်းလင်းစွာပင် လျှပ်စီးက သူ့ပြိုင်ဘက်မဟုတ်ပေ။
မိုးခြိမ်းသံက ကျယ်လောင်သထက် ပိုပြီးကျယ်လောင်လာသည်။ ၎င်း၏ အရှိန်အဟုန်က အလွန်ကြောက်စရာကောင်းလေရာ မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ ကောင်းကင်နှင့် မြေပြင်တစ်ဝိုက်တွင် လျှပ်စီးစက်ကွင်းများဖြင့် ပြည့်နှက်နေသည်။ လျှပ်စီးအလင်းရောင်က ထွန်းလင်းတောက်ပလေရာ ဤဧရိယာက လျှပ်စီးရေကန်အဖြစ် ပြောင်းလဲသွားဟန် ရ၏။
မိုးခြိမ်းသံက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ဤနေရာတစ်ခုတည်း မဟုတ်ပေ။ မိုးခြိမ်းသံက အင်မော်တယ်နန်းတော်၏ မြောက်ပိုင်းမှ ဓားမီးဖိုပေါ်မှာလည်း ပဲ့တင်ထပ်နေသည်။
အင်မော်တယ်နန်းတော်၏ မြောက်ပိုင်းတွင် မီးဖိုတစ်လုံးက ထောင်မတ်နေသည်။
ယင်းက အရွယ်အစား အလွန်ကြီးမားသော ခြေသုံးချောင်းဒယ်စောက်နှင့် ဆင်တူသည်။ မီးဖိုထဲတွင် မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေသည်။ ဤသည်မှာ သားရဲတစ်သောင်းက မီးဖိုထဲမှာ ပြေးလွှားနေကြသည့်အလားပင်။ မီးတောက်အလင်းရောင်က အလွန်တောက်ပလေရာ ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်သည်။
လေသည်ပင် လောင်ကျွမ်းခံလိုက်ရဟန် ရ၏။
မီးဖို၏ မျက်နှာပြင်ပေါ်တွင် မှော်သင်္ကေတများက စီးဆင်းနေပြီး ထွန်းလင်းတောက်ပကြသည်။ တစ်ချိန်တည်းမှာ ယင်းတို့က မီးတောက်များ၏ လောင်ကျွမ်းမှုအောက်မှာ တရှဲရှဲမြည်သံကို ထုတ်လွှတ်နေကြသည်။ ဤသည်မှာ ရှေးဟောင်းဘုန်းတော်ကြီးများက ကျမ်းစာရွတ်ဖတ်နေကြသည့်အလားပင်။
မှော်သင်္ကေတတစ်ခုစီမှာ ကောင်းကင်နှင့် မြေပြင်၏ လျှို့ဝှက်ဆန်းကြယ်မှုက ကိန်းအောင်းနေကြသည်။
ဤသည်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်က ကမ္ဘာငယ်တစ်သိန်းကို သန့်စင်ပြီးနောက် ဖန်တီးခဲ့သော ကောင်းကင်မြေပြင်မီးဖို ဖြစ်သည်။
သို့ဖြစ်၍ ထိုမီးဖိုက အရာအားလုံးကို သန့်စင်နိုင်ပြီး အသုံးမဝင်သော အရာကို ရတနာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။
ဤအခိုက်အတန့်မှာ မီးဖိုက လေထဲမှာ တည်ရှိနေစဉ် မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေကြသည်။ ထိုမီးတောက်များက တရှဲရှဲမြည်သံနှင့်အတူ မီးဖိုထဲမှ ကောင်းကင်ဘုံသတ္ထုများနှင့် မြေကမ္ဘာသတ္ထုများကို အရည်ကြိုနေသည်။
တချို့သတ္ထုများက မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး တချို့သတ္ထုများက အရည်အဖြစ် ပြောင်းလဲသွားသည်။ ထိုသို့အသွင်ပြောင်းလဲနေစဉ် ဝိညာဉ်စွမ်းအင်လှိုင်းများက လေထဲမှာ ပျံ့လွင့်နေကြသည်။
မီးတောက်များက ဝိညာဉ်စွမ်းအင်နှင့်အတူ ရောယှက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်မျိုးကို ပျိုးထောင်ပေးနေသည်။
ယင်းက ဓားသန္ဓေသားလောင်းဖြစ်သည်။
ခေတ်အဆက်ဆက်တွင် အင်မော်တယ်ဓားဆယ်လက်က ထိုဓားမီးဖိုထဲမှ မွေးဖွားလာခဲ့ကြသည်။ ဓားတစ်လက်စီက မိုးသောက်အင်မော်တယ်အရှင်သခင်၏ လက်သုံးတော်ဓားဖြစ်လာပြီး ကြယ်တာရာစက်ဝန်းတစ်ခုလုံး၌ ထင်ပေါ်ကျော်ဇောသည်။
မိုးသောက်အင်မော်တယ်အရှင်သခင်၏ အစီအစဉ်အရ သူက ဓားအစီအရင်တစ်ခုကို ဖန်တီးရန် အင်မော်တယ်ဓားဆယ့်နှစ်လက်ကို လိုအပ်သည်။
ယခု နောက်ဆုံးကျန်ရှိသော ဓားနှစ်လက်ကို ဓားမီးဖိုက ပျိုးထောင်ပေးနေသည်။
ထို့ကြောင့် မိုးကြိုးမုန်တိုင်းက ဆင်းသက်လာပြီး ဓားမီးဖိုပေါ်တွင် ပေါက်ကွဲသွားကာ လျှပ်စီး၏ စွမ်းအားဖြင့် ဓားထုဆစ်ခြင်းတွင် အကူအညီပေးလိုက်သည်။
ဤအခိုက်အတန့်မှာ လျှပ်စီးများက ပေါ်လျှိုးလာပြီး ကောင်းကင်နှင့် မြေပြင်၏ မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေစဉ် ကောင်းကင်ဘုံသတ္ထုများနှင့် ကမ္ဘာမြေသတ္ထုများက မြန်ဆန်စွာ အရည်ပျော်သွားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဓားမီးဖို၏ အထဲသို့ ကြည့်လိုက်မည်ဆိုလျှင် ဓားသန္ဓေသားလောင်းနှစ်ခုက ဝေဝေဝါးဝါး ဖြစ်တည်နေကြကြောင်း မြင်တွေ့နိုင်လိမ့်မည်။
၎င်းတို့က ဆက်လက် ထုဆစ်ခံနေရစဉ် ဓားအရှိန်အဝါနှင့် ထက်ရှမှုက တစ်ဟုန်ထိုး မြှင့်တတ်သွားသည်။
ဓားသန္ဓေသားလောင်းနှစ်ခုအတွက်တော့ ဤလုပ်ငန်းစဉ်က ပိုးလောင်းဘဝမှ လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားခြင်းနှင့် ဆင်တူသည်။ ဤသည်မှာ ငါးက နဂါးဂိတ်တံခါးကို ကျော်ဖြတ်နေသည့်အလားပင်။
ထိုဓားသန္ဓေသားလောင်းနှစ်ခုထဲမှာ ကိန်းအောင်းနေကြသည့် ပြင်ပဝိညာဉ်နှစ်ခုအတွက်တော့ ယင်းက ဖော်မပြနိုင်သော ကံကြမ္မာကောင်းတစ်ခု ဖြစ်သည်။
သူတို့က မြောက်ပိုင်းကြယ်စင်စု၏ အင်မော်တယ်ဓားဂိုဏ်းမှ ချမ်ကျွင်းနှင့် ပိုင်ရီ ဖြစ်ကြသည်။ တတိယအလွှာထဲမှ မြောက်ပိုင်းပင်လယ်ထဲတွင် သူတို့ကြိုးစားပမ်းစား ရယူခဲ့သော သရုပ်များက ဤဓားနှစ်လက်ဖြစ်သည်။
ယင်းက သူတို့၏ ကိုယ်ပိုင်တာအိုနှင့် ဆက်စပ်သည်။
သူတို့တစ်ယောက်စီက မွေးရာပါဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ တစ်ချိန်တည်းမှာ သူတို့က မွေးဖွားသည့်အချိန်မှစ၍ ဓားတစ်လက်ကို အမြဲတမ်း သယ်ဆောင်ထားခဲ့ကြသည်။ ဤဆေးမီးဖိုထဲတွင် သူတို့က အင်မော်တယ်ဓားများ၏ မွေးဖွားမှုလုပ်ငန်းစဉ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤသည်မှာ သူတို့ကိုယ်၌က အင်မော်တယ်ဓားများအဖြစ် သန့်စင်ခံနေရသည့်အလားပင်။ ယင်းက ဓားတာအိုကို ကျင့်ကြံသော သူတို့အတွက် ကြီးမားသော ကံကြမ္မာကောင်းဖြစ်သည်။
သို့ဖြစ်၍ ဤဓားသန္ဓေသားလောင်းနှစ်ခုထဲမှာ နေထိုင်ခြင်းက သူတို့အတွက် အကောင်းဆုံး လမ်းစဉ်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာ အင်မော်တယ်ဓားနှစ်လက်က သန္ဓေသားလောင်းအဆင့်မှာသာရှိပြီး မပြည့်စုံသေးပေ။ သတ်မှတ်ထားသော အချိန်အရဆိုလျှင် ဓားနှစ်လက်သည် တစ်လကြာပြီးနောက် အပြည့်အဝ ဒြပ်ထည်ဖွဲ့စည်းသွားလိမ့်မည်။ သို့သော်လည်း အင်မော်တယ်ဓားနှစ်လက် မမွေးဖွားလာခင် မဟာကပ်ဘေးက ဤနေရာပေါ်သို့ ကျရောက်လာပြီး မိုးသောက်အင်မော်တယ်နန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်။ ထိုထဲမှာ အင်မော်တယ်ဓားနှစ်လက်လည်း ပါဝင်သည်။
သို့ဖြစ်၍ ဤဘဝတွင် အင်မော်တယ်ဓားနှစ်လက်ထံမှာ သခင်မရှိပေ။
ပိုင်ရှင်မဲ့သော ဓားနှစ်လက်က မည်သည့်ကမ္မနှင့်မှ မဆက်နွယ်သေးပေ။ သို့ဖြစ်၍ ယင်းတို့က ချမ်ကျွမ်းနှင့် ပိုင်ရီအတွက် အသင့်တော်ဆုံး ဖြစ်သည်။
သူတို့နှစ်ယောက်က ဤသရုပ်အတွက် အလွန်စိတ်ကျေနပ်ကြသည်။ သူတို့ရရှိမည့် အကျိုးအမြတ်များနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြသည်။
တခြားလူများက မည်သည့်လမ်းစဉ်ကို ရွေးချယ်ပါစေ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို မည်သို့ရှာဖွေပါစေ ယင်းက အရေးမကြီးပေ။ ချမ်ကျွင်းနှင့် ပိုင်ရီအတွက်တော့ ကံကြမ္မာကောင်းက သူတို့၏ မျက်စိအရှေ့မှာတင် ရှိသည်။
သူတို့က တခြားလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မလိုပေ။ သူတို့က ဤမီးဖိုထဲမှာ တိတ်တဆိတ် ကျင့်ကြံပြီး အင်မော်တယ်ဓားနှစ်လက်၏ သန့်စင်ခံနေရသော လုပ်ငန်းစဉ်ကို ကိုယ်တိုင်တွေ့ကြုံခံစားရန်သာ လိုအပ်သည်။
အကယ်၍ မမျှော်လင့်ထားသော ဧည်သည့်များ ရောက်လာမည်ဆိုလျှင်ပင် သူတို့စိုးရိမ်စရာ မလိုပေ။ ဤသည်မှာ သူတို့၏ ကံကြမ္မာကောင်းက တခြားကြယ်ပွင့်များ၏ လမ်းစဉ်များနှင့်ပတ်သက်၍ အနှောင့်အယှက်မဖြစ်စေနိုင်သည့်အလားပင်။
ထိုစဉ် ဓားမီးဖိုက လျှပ်စီးနှင့် မီးတောက်မီးလျှံများ၏ သန့်စင်ခံနေရစဉ် တည်ငြိမ်သော အသံက မီးဖိုအပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။
“ ဒီမီးဖိုက ဓားကို သန့်စင်ပေးနိုင်ရုံတင်မကဘူး… တစ်စုံတစ်ယောက်ရဲ့ စိတ်ကိုလည်း သန့်စင်ပေးနိုင်တယ် ”
“ ဒါကြောင့် ဓားထုဆစ်တဲ့ တာအိုက တကယ်တော့ စိတ်ကို ကျင့်ကြံတဲ့ နည်းလမ်းတစ်ခုပဲ ”
ထိုအသံက မီးဖိုထဲသို့ ပျံ့လွင့်သွားသည့်အခါ ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဝိညာဉ်က လှုံ့ဆော်ခံလိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က သူတို့၏ အသိစိတ်ကို မီးဖိုအပြင်သို့ ထုတ်လွှတ်လိုက်ကြသည်။
မီးဖို၏ အပြင်ဘက်တွင် ရှည်လျားဖြောင့်မတ်သော လူငယ်တစ်ယောက်က ထင်းရှုးပင်ပမာ မတ်မတ်ရပ်နေပြီး တည်ငြိမ်သော အမူအရာဖြင့် နူးညံ့စွာ ပြောသည်။