သူက လွဲလို့ တခြားဘယ်သူဖြစ်နိုင်မှာလဲ
Vol. 106 Ch. 1623
ကောင်းကင်ပေါ်တွင် ကောင်းချီးတိမ်တိုက်များရှိပြီး မြေပြင်ပေါ်တွင် ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
သူမြင်တွေ့ခဲ့ဖူးသော အင်မော်တယ်မြူခိုးက သက်ရှိအားလုံးကို အာဟာရဖြည့်ပေးနေသည်။
အင်မော်တယ်များက နေရာတိုင်းမှာ အပြုံးမျက်နှာဖြင့် ဖြတ်သန်းသွားနေကြသည်။
အင်မော်တယ်သားရဲများက ငြိမ်သက်ပြီး အေးချမ်းကြသည်။ ၎င်းတို့ လမ်းလျှောက်သွားသည့်နေရာတိုင်း ကြာပွင့်များ ထွက်ပေါ်လာကြလိမ့်မည်။
အင်မော်တယ်နန်းတော်တစ်ခုလုံးက အကန့်အသတ်မဲ့ပြီး ခမ်းနားထည်ဝါသော ခန်းမဆောင်များဖြင့် ပြည့်နှက်နေသည်။
အင်မော်တယ်ပန်းများနှင့် အပင်များထံမှ မွှေးပျံ့သော ရနံ့များက လေထဲမှာ ပြည့်နှက်နေသည်။
အဝေးတွင် အင်မော်တယ်ခန်းမများနှင့် မျှော်စင်များက ထောင်မတ်နေကြသည်။ တစ်ချိန်တည်းမှာ သာယာငြိမ့်ညောင်းသော ခေါင်းလောင်းသံက ပဲ့တင်ထပ်နေသည်။
ယင်းတို့ကို မျက်မြင်တွေ့ပြီး အာရုံခံမိပြီးနောက် သူက အိမ်မက်ကမ္ဘာထဲမှာ ရောက်နေသည်ဟု ရွှီချင်း ခံစားမိသွားသည်။ အချိန်ကင်းမဲ့သော ခံစားမှုက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ ဤသည်မှာ ယနေ့က မနေ့ကနှင့် မည်သို့ကွာခြားကြောင်း သူမပြောနိုင်သည့်အလားပင်။
သူက အိမ်မက်ကမ္ဘာနှင့် ဆင်တူသော ဤအင်မော်တယ်နန်းတော်ထဲမှာ လမ်းလျှောက်နေရင်း သူ၏ ဘေးပတ်ဝန်းကျင်မှ အင်မော်တယ်စွမ်းအင်ကို စုပ်ယူလိုက်သည်။ သူက အမြင်အာရုံ၊ အနံ့အာရုံနှင့် အကြားအာရုံကို အသုံးပြု၍ ဤနေရာနှင့် သူ့ကိုယ်သူ အသားကျစေသည်။
တဖြည်းဖြည်း သူက ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ပြန်ဖော်လိုက်သည့်အခါ ရင်းနှီးကျွမ်းဝင်သော ခံစားမှုက သူ့ထံမှ ပျံ့လွင့်လာသည်။
ယင်းက သူ၏ အသိစိတ်ထဲမှာ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို ပုံမှန်ပြန်ဖြစ်စေသည်။
ရွှီချင်းက အသက်ရှူထုတ်လိုက်သည်။
သူက သတ်ပုတ်ကွင်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။
သူက လမ်းလျှောက်နေရင်း သူ၏ အရှိန်အဝါကို ချိန်ညှိလိုက်ပြီး သူ၏ လက်ရှိခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းကို ကျင့်သားရစေသည်။
သူက ဤခုနစ်ရက်စလုံးမှာ ထိုသို့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ဤအချက်နှင့်ပတ်သက်ပြီး သူက ထင်ရှားသော တိုးတတ်မှုတချို့ကို ပြုလုပ်နိုင်ခဲ့သည်။
မည်သို့ဖြစ်ပါစေ ဤခန္ဓာကိုယ်က အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ဖြစ်သည်။
သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။
သို့ဖြစ်၍ ဤခန္ဓာကိုယ်နှင့် ကျင့်သားရအောင် လုပ်ဆောင်ခြင်းက ရွှီချင်းအတွက် ရှားပါးသော အတွေ့အကြုံဖြစ်ပြီး ကံကြမ္မာကောင်းတစ်ခု ဖြစ်သည်။
ဤနည်းဖြင့် သူက အုပ်ချုပ်သူနယ်ပယ်ကို ပိုပြီးနက်နဲသိမ်မွေ့စွာ နားလည်နိုင်လိမ့်မည်။
မည်သို့ဖြစ်ပါစေ သူ၏ တိုက်ပွဲစွမ်းအားက ရှိန်လောက်စရာကောင်းသော်လည်း သူ၏ အစစ်အမှန် ကျင့်ကြံခြင်းက မဟာလောကရှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်မှာသာ ဖြစ်၏။
သူက အုပ်ချုပ်သူအဆင့်သို့ မတတ်လှမ်းနိုင်သေးပေ။
သို့ဖြစ်၍ ယခု ရွှီချင်းက ဤခန္ဓာကိုယ်မှတဆင့် အုပ်ချုပ်သူနယ်ပယ်အကြောင်းကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။
အုပ်ချုပ်သူတစ်ပါးနှင့် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူကြားမှ ကွာခြားမှုသည် တိုက်ပွဲစွမ်းအားတစ်ခုတည်း မဟုတ်ပေ။ အဓိက ကွာခြားမှုက အင်မော်တယ်သန္ဓေသားလောင်း ဖြစ်သည်။
အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းရန် မဟာလောကကိုးခုကို ပေါင်းစပ်ပြီး အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းရသည်။ ယင်းက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှ ရောစပ်မှုနှင့် ပြောင်းလဲမှုကို ဖော်ပြသော လုပ်ငန်းစဉ် ဖြစ်သည်။
“ အတိတ်တုန်းက နတ်ဘုရားသွေးမြစ်ပေါ်မှာ ကူးတို့လှေသမားက အင်မော်တယ်သန္ဓေသားလောင်းကို မဖျက်ဆီးနိုင်တဲ့ အစစ်အမှန်ရဲ့ ပုံရိပ်ယောင်လို့ ပြောခဲ့တယ် ”
ရွှီချင်းက လမ်းလျှောက်နေရင်း တွေးတောလိုက်သည်။
“ ပုံရိပ်ယောင်က ဝိညာဉ်ကို ရည်ညွှန်းပြီး အစစ်အမှန်က ခန္ဓာကိုယ်ကို ရည်ညွှန်းတယ်… အဲ့ဒါကြောင့်ပဲ အုပ်ချုပ်သူနယ်ပယ်ကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်နဲ့ နှောင်းပိုင်းအဆင့်ဆိုပြီး အဆင့်ငယ်သုံးဆင့် ခွဲခြားထားတယ် ”
“ အစောပိုင်းအဆင့်မှာ ဝိညာဉ်ကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ခန္ဓာကိုယ်အသစ်တစ်ခုကို ဖွဲ့စည်းရတယ်… အဲ့ဒါက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်ပဲ ”
ရွှီချင်းက သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သူသိထားသော သတင်းအချက်အလက်များဖြင့် စစ်ဆေးကြည့်လိုက်သည်။
“ ဒီခန္ဓာကိုယ်က အဲ့ဒီအဆင့်ကို ကျော်လွန်ပြီးပြီ ”
ရွှီချင်းက ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို လှန်လှောလိုက်ပြီး အစောပိုင်းအုပ်ချုပ်သူအဆင့်မှာ ရှိနေခဲ့စဉ်က တစ်ဖက်လူ၏ ဆင်ခြင်နားလည်မှုများကို ရှာဖွေလိုက်သည်။
“ ငါမျှော်လင့်ထားသလိုပဲ… အဲ့ဒီအဆင့်မှာ အုပ်ချုပ်သူတွေက သန်မာကြသလို အားနည်းကြတယ် ”
“ သန်မာတယ်လို့ ဘာလို့ ပြောရတာလဲဆိုတော့ အပြင်ဘက်က ပုံရိပ်ယောင်တွေက အစစ်အမှန်ကို တဖြည်းဖြည်း အစားထိုးသွားလို့ပဲ… ဒါကြောင့် အခွင့်အာဏာအပေါ် သူတို့ရဲ့ နားလည်သဘောပေါက်မှုနဲ့ အရာအားလုံးအပေါ် ထိန်းချုပ်နိုင်စွမ်းက အံ့မခန်းအဆင့်ထိ ရောက်ရှိသွားတယ် ”
“ အားနည်းတယ်လို့ ပြောရတာက အစစ်အမှန်က ပုံရိပ်ယောင်ကြောင့် ဖုံးကွယ်ခံထားရလို့ပဲ… တကယ်လို့ တစ်ယောက်ယောက်မှာ အစစ်အမှန်ကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတစ်ခုခုရှိတယ်ဆိုရင် အုပ်ချုပ်သူတစ်ပါးကို သတ်ဖို့ မခက်ခဲဘူး ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
ယင်းက အားကောင်းသော အုပ်ချုပ်သူက အားနည်းသော အုပ်ချုပ်သူကို အလွယ်လေး အနိုင်ယူနိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း သူနားလည်သွားသည်။
သူတို့က ‘ အစစ်အမှန် ဖျက်ဆီးခံရခြင်း ’ဟူသော စကားလုံးမှ မလွတ်မြောက်နိုင်ကြပေ။
“ အုပ်ချုပ်သူတစ်ပါးက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်ကို ကျွမ်းကျင်သွားတဲ့အခါ အလယ်အလတ်အဆင့်ကို တတ်လှမ်းသွားနိုင်လိမ့်မယ် ”
“ အလယ်အလတ်အုပ်ချုပ်သူအဆင့်မှာ ကျင့်ကြံသူက မူလက ဖုံးကွယ်ခံထားရတဲ့ ရုပ်ခန္ဓာကိုယ်ကို ဝိညာဉ်ထဲမှာ ပျော်ဝင်သွားစေမယ်… အဲ့ဒီအဆင့်ကို ဖျက်ဆီးမခံရခြင်းလို့ ခေါ်တယ် ”
“ အလယ်အလတ်အဆင့် အုပ်ချုပ်သူတွေက အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကို အတွေးတစ်ချက်နဲ့ နေရာပြောင်းလဲပစ်နိုင်တယ်… ဒါကြောင့် အဲ့ဒီအဆင့်မှာ အုပ်ချုပ်သူက ပြစ်ချက်မဲ့လုနီးပါးပဲ… ဒါကြောင့် အဲ့ဒီအဆင့်ကို ဖျက်ဆီးမခံရခြင်းလို့ ခေါ်တာ ”
“ အဲ့ဒါက ရောစပ်မှုနဲ့ ပြောင်းလဲမှုရဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုတယ် ”
“ ဒါပေမဲ့ အဲ့ဒီဖျက်ဆီးမခံရခြင်းက အုပ်ချုပ်သူတွေရဲ့ နည်းလမ်းတွေပေါ်မှာပဲ သက်ရောက်မှုရှိတယ်… တကယ်လို့ အာဏာစက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အဲ့ဒါက ပူဖောင်းတစ်ခုလို အလွယ်လေး ပေါက်ကွဲသွားလိမ့်မယ် ”
ရွှီချင်းက သူသတ်ခဲ့သော အုပ်ချုပ်သူများအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ သူ၏ ဆင်ခြင်နားလည်မှုက ပိုပြီးနက်ရှိုင်းသွားသည်။
“ နှောင်းပိုင်းအဆင့်မှာ အခွင့်အာဏာနဲ့ တာအိုအမှတ်အသားတွေကို လိုအပ်တယ်… တာအိုအမှတ်အသားတွေက မျဉ်းကြောင်းတွေလိုမျိုး ဖြစ်လာပြီး အစစ်အမှန်ရဲ့ ပုံရိပ်ယောင်နဲ့ ဖျက်ဆီးမခံရခြင်းကို အတူတကွ ပေါင်းစည်းသွားအောင် ရက်လုပ်ပေးလိမ့်မယ်… အဲ့ဒီအခါ တစ်စုံတစ်ယောက်က ကြယ်တွေကို ခူးဆွတ်ဖို့ အရည်အချင်းပြည့်မီလာပြီး အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းနိုင်လိမ့်မယ် ”
“ အဲ့ဒီကြယ်တွေက အာဏာစက်တွေကို ရည်ညွှန်းတယ်… အဲ့ဒါက ကိုယ်ပိုင်အာဏာစက်ကို ဆင်ခြင်နားလည်နိုင်စေမယ့် အခွင့်အလမ်းတစ်ခုပဲ ”
“ အာဏာစက်ကို ဆင်ခြင်နိုင်တာဖြစ်စေ မဆင်ခြင်နိုင်တာဖြစ်စေ အဲ့ဒါက အဆင့်ချိုးဖြတ်မှုအပေါ် သက်ရောက်မှုမရှိဘူး… အဲ့ဒါက အဆင့်တတ်ပြီးနောက် သူတို့ရရှိလာမယ့် တိုက်ပွဲစွမ်းအားအပေါ်ပဲ သက်ရောက်မှုရှိလိမ့်မယ် ”
“ အဆင့်ချိုးဖြတ်တာ အောင်မြင်သွားရင် သူတို့က ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မယ် ”
“ ဒါကြောင့် ကောင်းကင်အရွေးချယ်ခံတွေအနေနဲ့ အာဏာစက်ကို ပိုင်ဆိုင်ထားတာက ကြယ်တွေကို ခူးဆွတ်ဖို့ ကြိုအရည်အချင်းပြည့်မီသွားတယ်လို့ ဆိုလိုတာပဲ… ဒါကြောင့် ကောင်းကင်အရွေးချယ်ခံတွေက ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းသွားတဲ့အခါ အဆင့်တူမှာ အားနည်းတော့မှာ မဟုတ်ဘူး ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ဤရက်များတွင် သူ၏ ခန္ဓာကိုယ်အပေါ် စူးစမ်းလေ့လာခြင်းက သူ့အတွက် အတော်လေး အကျိုးရှိစေသည်။
ဤခန္ဓာကိုယ်က အလယ်အလတ်အဆင့်၏ ကျွမ်းကျင်အဆင့်မှာဖြစ်ပြီး နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်ရန် ခြေလှမ်းဝက်သာ လိုအပ်တော့သည်။
သူ၏ မဟာတာအိုအမှတ်အသားကိုးခုက မျဉ်းကြောင်းများအဖြစ် အသွင်ပြောင်းလဲနေပြီး အစစ်အမှန်၏ ပုံရိပ်ယောင်နှင့် ဖျက်ဆီးမခံရခြင်းကို ပေါင်းစည်းပေးနေသည်။
“ ဒါ့အပြင် ဒီသခင်လေးမှာ သူ့ကိုယ်ပိုင်အာဏာစက်ရှိတယ် ”
“ ဒါပေမဲ့ သူ့ရဲ့ အာဏာစက်က နည်းနည်း ထူးဆန်းတယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ အရှေ့သို့ သူရွေ့လျားနေစဉ် သတ်ပုတ်ကွင်းက သူ၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း သူ၏ အတွေးများက မရပ်တန့်သွားပေ။
အဘယ့်ကြောင့်ဆိုသော် ဤသခင်လေး၏ အာဏာစက်က ယခင်က ညှိုးနွမ်းခြောက်သွေ့ဖူးသည်။
“ သူက သူ့ကိုယ်ပိုင်အာဏာစက်ကို ကိုယ့်ဘာသာ ဆင်ခြင်နားလည်နိုင်ခဲ့တယ်… ဒါကိုကြည့်ရင် ဒီသခင်လေးရဲ့ ကျင့်ကြံခြင်းပါရမီနဲ့ နားလည်နိုင်စွမ်းက တကယ်အံ့ဩစရာပဲ ”
“ ဒါ့အပြင် သူဆင်ခြင်နားလည်ထားတဲ့ အာဏာစက်က အရမ်းထူးခြားတယ်… အဲ့ဒါက ကြေးမုံအာဏာစက်ပဲ ”
“ ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် သူ့ရဲ့ အာဏာစက်က နောက်ပိုင်းမှာ ထူးထူးဆန်းဆန်း ညှိုးနွမ်းခြောက်သွေ့သွားတယ်… ပြီးတော့ အဲ့ဒါက နားလည်ရခက်ခဲတဲ့ နည်းလမ်းနဲ့အတူ ချိပ်ပိတ်ခြင်းအာဏာစက်အဖြစ် ပြောင်းလဲသွားခဲ့တယ် ”
ဤကိစ္စက ရိုးရှင်းသော ကိစ္စမဟုတ်ကြောင်း ရွှီချင်း အလိုအလျောက် အနံ့ခံမိသွားသည်။
အဘယ့်ကြောင့် ထိုကြေးမုံအာဏာစက်က ညှိုးနွမ်းခြောက်သွေ့သွားပြီး ပြောင်းလဲသွားရကြောင်းကိုတော့ သခင်လေး၏ မှတ်ဉာဏ်များထဲမှာ ရှာမတွေ့ပေ။
ဤသခင်လေး၏ မှတ်ဉာဏ်များထဲတွင် ရှိနေသည်မှာ သူက ထိုအကြောင်းကို အင်မော်တယ်အရှင်သခင်အား ချက်ချင်း ပြောပြခဲ့ခြင်း ဖြစ်သည်။
ယင်းကို အင်မော်တယ်အရှင်သခင်က ရှာတွေ့သွားသည့်အခါ သူ၏ အမူအရာက တစ်ခါမှမဖြစ်စဖူး မည်းမှောင်သွားသည်။
သူက တစ်စုံတစ်ခုကို သိနေသည့်အလား ဒေါသတကြီး ထွက်သွားခဲ့သည်။
သို့သော်လည်း တစ်လကြာပြီးနောက် သူက ဘာမှမဖြစ်ခဲ့သည့်အလား ပြန်ရောက်လာသည်။
ထိုအချိန်တုန်းက မှတ်ဉာဏ်များက ပယ်ဖျက်ခံခဲ့ရသည်။ သို့ဖြစ်၍ ထိုအတောအတွင်း မည်သို့ဖြစ်ပျက်ခဲ့ကြောင်း ရွှီချင်း ဘာမှမသိပေ။ သူသိထားသည်မှာ ထိုနေ့ပြီး နောက်နေ့မှစ၍ ယခင်က စိတ်ဓာတ်တတ်ကြွခဲ့သော သခင်လေးက ရုတ်တရက် စရိုက်ပြောင်းလဲသွားသည်။ သူက ပန်းပေါင်းတစ်ရာနန်းတော်ကို တည်ထောင်ခဲ့ပြီး အပျော်အပါးနှင့် တဏှာရာဂမှာ နက်နက်ရှိုင်းရှိုင်း မွေ့ပျော်ခဲ့သည်။ သူ့ဘဝကို သေရည်နှင့် မိန်းမများထံမှာသာ နစ်မြှုပ်ထားခဲ့သည်။
ညှိုးနွမ်းခြောက်သွေ့သွားသော ကြေးမုံအာဏာစက်မှ ပြောင်းလဲသွားခဲ့သည့် သူ၏ အာဏာစက်နာမည်ကတော့…
ကမ္မသုံးခု… နတ်ဆိုးဆယ်ပါးချိပ်တံဆိပ်…
ယင်းက နတ်ဆိုးများကို ချိပ်ပိတ်နိုင်သော အာဏာစက်ဖြစ်သည်။
ရွှီချင်း၏ အတွေးများက လှိုင်းထသွားသည်နှင့် ထိုအချိန်တုန်းက မှတ်ဉာဏ်များထဲ၌ နက်ရှိုင်းစွာ ပုန်းကွယ်နေသော ဝမ်းနည်းမှုက စတင်ထွက်ပေါ်လာသည်။
ဤသခင်လေး တစ်ချိန်က တွေ့ကြုံခံစားခဲ့ရသော ခါးသီးမှုနှင့် စိတ်ရှုပ်ထွေးမှုကိုပင် ရွှီချင်း ခံစားမိသွားသည်။
အကြောင်းအရင်းက မရှင်းလင်းသော်လည်း ဝမ်းနည်းမှုက အလွန်နက်ရှိုင်းသည်။
ဝမ်းနည်းမှုက အလွန်နက်ရှိုင်းသည့်တိုင် ထိုထဲမှာ မည်သည့်မကျေနပ်စိတ်မှ မရှိပေ။ ယင်းအစား ထူးဆန်းသော လက်ခံချင်စိတ်သာ ရှိသည်။
“ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ ”
“ ဘာလို့ သူ့ရဲ့ အာဏာစက်က ပြောင်းလဲသွားတာလဲ ”
“ မိုးသောက်အင်မော်တယ်အရှင်သခင်တောင် အဲ့ဒါကို မဖြေရှင်းနိုင်ဘူး… ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
ဤသခင်လေး၏ အာဏာစက်ကို မည်သူက ပြောင်းလဲခဲ့ကြောင်း သူခန့်မှန်းနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့် အလွန်မြင့်မားသော ပုဂ္ဂိုလ်များသာလျှင် သိနိုင်သော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်က ယင်းကို မသိထားကြပေ။ ထိုအမှန်တရားက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ခံထားရသည်။
ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် အင်မော်တယ်ဘုရင်ကြားမှ ဆက်ဆံရေးဖြစ်သည်။
“ သူတို့ကြားက ဆက်ဆံရေးက အစွမ်းတချို့ကြောင့် သမိုင်းထဲမှာ ဖုံးကွယ်ခံထားရတယ် ”
“ မိုးသောက်အင်မော်တယ်အရှင်သခင်က အင်မော်တယ်ဘုရင်ရဲ့ သားပဲ… ဒီတော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ သခင်လေးက… အင်မော်တယ်ဘုရင်ရဲ့ မြေးပဲ ”
ရွှီချင်းက တွေးတောနေစဉ် ရယ်မောသံက ရုတ်တရက် လေထဲမှာ ပျံ့လွင့်သွားပြီး သူ၏ အတွေးများကို ရပ်တန့်ပစ်လိုက်သည်။
သူက ခေါင်းမော့လိုက်သည်။
သူက သတ်ပုတ်ကွင်းနှင့် အလွန်နီးကပ်နေသည်။
သတ်ပုတ်ကွင်းသည် ကျောက်တုံးနံရံများကို ဘေးပတ်ပတ်လည်၌ ကာရံထားသော ရှေးဟောင်းဧရိယာတစ်ခု ဖြစ်သည်။
ကျောက်တုံးနံရံများပေါ်တွင် တိုတမ်အမျိုးမျိုးနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲပုံများကို ရေးထွင်းထားသည်။ ထိုတိုတမ်များက တကယ်အသက်ဝင်နေသည့်အလား အောက်မေ့ရသည်။ သို့ဖြစ်၍ တချို့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေဟန်ရပြီး တချို့က မာန်ဖီဟိန်းဟောက်နေဟန် ရ၏။ ဤသည်မှာ ၎င်းတို့က နံရံများပေါ်မှ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလားပင်။
နေရောင်ခြည်က ပါးလွှာသော တိမ်တိုက်များကို ထိုးဖောက်နေလေရာ နေရောင်အစက်အပြောက်များက စင်မြင့်ပေါ်သို့ ကျဆင်းနေကြသည်။ ယင်းက ရှေးဟောင်းဧရိယာထဲ၌ ဂုဏ်သိက္ခာကြီးမြတ်သော လေထုကို ဖြစ်ပေါ်စေသည်။
သတ်ပုတ်ကွင်း၏ အလယ်ဗဟိုတွင် တည်ရှိနေသည်မှာ စက်ဝိုင်းသဏ္ဍာန် စင်မြင့်တစ်ခုဖြစ်သည်။ ထိုစင်မြင့်ကို အမည်မသိသတ္ထုများဖြင့် ဆောက်လုပ်ထားပြီး ယင်းထံမှ အချိန်ကင်းမဲ့သော အရှိန်အဝါက ထွက်ပေါ်နေသည်။ စင်မြင့်၏ အစွန်းများမှ ဘေးပတ်ပတ်လည်တွင် ခပ်မှိန်မှိန်တောက်ပသော ဓားစက်ဝန်းတစ်ခုကို နစ်မြှုပ်ထားသည်။ နေရောင်အောက်မှာ ယင်းတို့က စူးရှသော အလင်းရောင်ကို ရောင်ပြန်နေသည်။
သတ်ပုတ်ကွင်း၏ ဘေးပတ်ပတ်လည်မှ စောင့်ကြည့်စင်များပေါ်တွင် ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့အားလုံးက ယနေ့ တိုက်ပွဲကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။ ထိုပရိသတ်များထဲမှ အများစုက ကောင်းကင်အရွေးချယ်ခံလီထံမှ ဖိတ်ကြားခံခဲ့ရသည်။ သူက ယနေ့ တိုက်ပွဲကို မျက်မြင်သက်သေပြုပေးရန် သူတို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့အားလုံး၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။
လေထဲတွင် နောက်ထပ် ပုံရိပ်တစ်ခုရှိသည်။
သူက လူငယ်တစ်ယောက်ဖြစ်ပြီး သွေးနီရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ချောမောခန့်ညားပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသည်။ သူ၏ မျက်ခုံးနှစ်ခုကြားနေရာမှ သူရဲကောင်းအငွေ့အသက်ကို ထုတ်လွှတ်နေလေရာ သာမန်ကျင့်ကြံသူများက သူ့ကို မော်မကြည့်နိုင်ပေ။
သူ၏ သွေးနီရောင်ဝတ်စုံက အလွန်ရဲရဲတောက်လေရာ သူက မီးတောက်မီးလျှံများဖြင့် လွှမ်းခြုံခံထားရသည့်အလား အောက်မေ့ရသည်။ ဤသည်မှာ သူက သူ၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့်အလားပင်။
ရွှီချင်းကို သူမြင်သွားသောအခါ ဂုဏ်ယူဝင့်ကြွားသော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အလျင်မလိုပါနဲ့ သခင်လေး… အကယ်ဒမီက ဒီနေ့ ပိတ်ပါတယ်… ဒါကြောင့် ငါ့မှာ အချိန်အများကြီး ရှိပါတယ်… ဒီတော့ ဒီနေရာမှာ အားပြန်ဖြည့်ဖို့အတွက် ခဏအနားယူလိုက်ပါ… မဟုတ်ရင် တော်ကြာ မင်းငါ့ကို ရှုံးသွားတဲ့အခါ အကြောင်းအရင်းရှာနေမှာ စိုးရတယ် ”
“ ပြီးတော့ ဒီတိုက်ပွဲရဲ့ ဆုလာဘ်ကိုလည်း ငါယူလာခဲ့ပါတယ် ”
သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ သိမ်မွေ့နူးညံ့သော အလင်းက သူ၏ အင်္ကျီလက်ထဲမှ ထွက်ပေါ်လာသည်။ လေထဲတွင် အလင်းတန်းက ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
သူက ပေါ့ပါးသော ဂါဝန်ကို ဝတ်ဆင်ထားသည်။ ပထမအကြိမ် ကြည့်လိုက်သည့်အခါ သူက ချစ်စဖွယ်ကောင်းပြီး သိမ်မွေ့နူးညံ့သော မိန်းမပျိုလေးတစ်ယောက်နှင့် ဆင်တူသည်။ သို့သော်လည်း အကယ်၍ တစ်ယောက်ယောက်က အနီးကပ် သေချာကြည့်လိုက်မည်ဆိုလျှင် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုက သူ့ထံမှ ထွက်ပေါ်နေကြောင်း မြင်တွေ့နိုင်လိမ့်မည်။
သူ၏ အသွင်သဏ္ဍာန်က မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ဖြူစင်သန့်ရှင်းသလို အမျိုးသမီးတစ်ယောက်ကဲ့သို့လည်း ဆွဲဆောင်မှု ရှိသည်။
သူ၏ အကြည့်က အရောင်တောက်ပပြီး အဆုံးမဲ့သော ညှို့ငင်မှုဖြင့် ပြည့်နှက်နေသည်။ သူက ဆံပင်ရှည်ကို ဦးခေါင်းအနောက်တွင် မြင်းမြှီးသဖွယ် စုချည်ထားသည်။ ဆံခြည်မျှင်အနည်းငယ်ကလည်း သူ၏ နဖူးပေါ်သို့ ညင်သာစွာ ကျဆင်းနေသည်။
ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်နေသည်။
ရွှီချင်းသည်လည်း တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ထိုသို့အကြည့်၊ ထိုသို့ကိုယ်ဟန်အမူအရာက သူအလွန်ရင်းနှီးသောအရာ ဖြစ်သည်။
သူက သူ၏ ခန့်မှန်းမှုကို အတည်ပြုစရာ မလိုတော့ပေ။
ထိုမြေခွေးမိန်းမပျိုက ရွှံ့မြေခွေးမှလွဲ၍ တခြားမည်သူဖြစ်နိုင်မည်နည်း။
ရွှီချင်းက မြေခွေးမိန်းမပျိုလေးကို ကြည့်လိုက်သည်နှင့်ချက်ချင်း ကောင်းကင်အရွေးချယ်ခံလီက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး မြေခွေးမိန်းမပျိုလေး၏ အရှေ့မှာ ရပ်လိုက်ကာ ရွှီချင်း၏ အကြည့်ကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက စိတ်ဆွပေးသော စကားကို ပြောသည်။
“ မင်းငါ့ကို အနိုင်ယူနိုင်တဲ့အခါ သူ့ကို ခေါ်သွားလို့ ရတယ်… မင်းစိတ်ကြိုက် သူ့ကို ပြုမူနိုင်တယ်… သူက အပျိုစင်ပဲရှိသေးတယ်ဆိုတာ ငါအာမခံတယ်”
“ ဒီတော့ သခင်လေး… ငါတို့ရဲ့ အလောင်းအစားက နည်းနည်း မမျှတဘူးလို့ မင်းမခံစားရဘူးလား ”
“ ဘာပဲပြောပြော မြေခွေးမိန်းမပျိုလေးက အစကတည်းက ငါ့ဟာလေ… ဒီလိုလုပ်ရင်ရော… တကယ်လို့ ငါအနိုင်ရတဲ့အခါ မင်းရဲ့ ပန်းပေါင်းတစ်ရာနန်းတော်ဆီ တစ်လ အလည်လာခွင့်ရမယ် ”
“ တကယ်လို့ မင်းငါ့ကို အနိုင်ရသွားတဲ့အခါ ဒီမြေခွေးမိန်းမပျိုလေးက မင်းအပိုင်ဖြစ်သွားရုံတင်မကဘူး ငါက မင်းရဲ့ စာသင်ဖက်အဖြစ်လည်း နှစ်ပေါင်းတစ်ရာ ဆောင်ရွက်ပေးမယ်…အဲ့ဒီအတောအတွင်းမှာ ငါက မင်းရဲ့ အမိန့်တိုင်းကို နာခံမယ်… မင်းက ငါ့ကို လောကအနှံ့က မိန်းမလှလေးတွေကို လိုက်ရှာဖွေခိုင်းမယ်ဆိုရင်တောင် ငါငြင်းဆန်မှာ မဟုတ်ဘူး ”
“ ဒီတော့ မင်းဘယ်လိုသဘောရလဲ… ဒီအလောင်းအစားကို လက်ခံရဲလား ”
ကောင်းကင်အရွေးချယ်ခံလီ၏ အမူအရာမှာ စိတ်ဆွပေးလိုသော အရိပ်အယောင်ဖြင့် ပြည့်နှက်နေကြောင်း ထင်ရှားသည်။ ထို့ပြင် သူ၏ ကိုယ်ဟန်အမူအရာမှာ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူ့အနောက်မှ လိုက်လာသော ကျုံးချီသည်လည် အံ့ဩသွားသည်။
ယင်းက သမိုင်းထဲမှာ မပါဝင်ပေ။
“ ဒီလူက တစ်ခုခုမှားယွင်းနေတယ်… သူက အပြင်လူလား… အပြင်ပန်းအရတော့ သူက သခင်လေးနဲ့ တိုက်ခိုက်ချင်တယ်… တကယ်တမ်းတော့ သူက သခင်လေးနဲ့ နီးစပ်ဖို့ ကြိုးစားနေတာပဲ ”
ကျုံးချီက ထိုသို့တွေးမိသွားသည့်အခါ ရွှီချင်းက ရုတ်တရက် ပြောသည်။
“ ကောင်းပြီ ”
ထိုသို့သူပြောလိုက်သည်နှင့်ချက်ချင်း နက်ရှိုင်းသော ခံစားမှုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အချိန်လေဟာနယ်၏ လှုပ်ခတ်မှုဖြစ်သည်။
ယင်းက အလွန်ရှည်လျားသော သမိုင်းမြစ်ကြီးထဲတွင် မထင်မရှား လှုပ်ခတ်သွားသော လှိုင်းငယ်တစ်ခုမျှသာ ဖြစ်၏။
သို့သော်လည်း ထိုလှိုင်း၏ လှုပ်ခတ်မှုက ရွှီချင်း၏ အာဏာစက်အပေါ် သက်ရောက်မှုရှိသည်။
တစ်ချိန်တည်းမှာ ဗုံသံက အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဤသည်မှာ လောက၏ စိတ်ဆန္ဒက ဤအခိုက်အတန့်မှာ ပေါ်လျှိုးလာသည့်အလားပင်။
ကောင်းကင်အရွေးချယ်ခံလီက ရယ်မောလိုက်သည်။ သူ၏ တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားသည့်အခါ သူက ရွှီချင်းဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားသည်။
ဤအခိုက်အတန့်မှာ စောင့်ကြည့်စင်များပေါ်မှ ပရိသတ်အားလုံး၏ အကြည့်က ထွန်းလင်းတောက်ပသွားကြသည်။