အမွှေးတိုင်သုံးတိုင်… ကမ္မသုံးခု
Vol. 106 Ch. 1624
“ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူ ”
ရွှီချင်း၏ အမူအရာက တည်ကြည်သွားသည်။
ယင်းက သခင်လေး၏ အကျင့်စရိုက်နှင့် လိုက်ဖက်ညီသည်။ သူက အပျော်အပါးမက်သောကြောင့် လူအများအပြား၏ ပြစ်တင်ရှုံ့ချခြင်းခံရသော်လည်း လူတိုင်းဝန်ခံရမည့် တစ်ခု ရှိသည်။
ကျင့်ကြံခြင်းဖြစ်စေ၊ တိုက်ပွဲစွမ်းအားဖြစ်စေ သို့မဟုတ် ပါရမီဖြစ်စေ သူက မိုးသောက်သားတော်ဟူသော သူ၏ အဆင့်အတန်းကို တစ်ခါမှ မဖျက်ဆီးခဲ့ပေ။
သူ၏ ကျင့်ကြံခြင်းက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။ သူ၏ တိုက်ပွဲစွမ်းအားသည်တော့ ပိုပြီးအံ့ဩဖွယ်ကောင်းသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးနှင့် တိုက်ခိုက်ခဲ့သည်။
သူက အပျော်အပါးမက်နေပြီး ကျင့်ကြံခြင်းကို စိတ်မဝင်စားတော့သောကြောင့် သူ၏ ကျင့်ကြံခြင်းက အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းက ဤသခင်လေး၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားလေရာ အမှန်တရားကို သူက တခြားလူများထက် ပိုသိသည်။
အပြင်လူများ၏ အမြင်တွင် သခင်လေးက အမြဲတမ်း ပျင်းရိနေပုံပေါ်သော်လည်း အကျင့်စရိုက်မပြောင်းလဲခင် တစ်ချိန်က သူ၏ ကြိုးစားအားထုတ်မှုများက ကျင့်ကြံသူအများစုထက် အများကြီး သာလွန်ပေသည်။
အမည်မသိ မတော်တဆမှုကြောင့် သူက ရည်မှန်းချက်ပျောက်ဆုံးသွားပြီး အဆင့်ချိုးဖြတ်ရန် စိတ်လျော့လိုက်သည်။ ရလဒ်အနေဖြင့် သူ၏ အပြင်ပိုင်းအမူအကျင့်က တဖြည်းဖြည်း သူ၏ စစ်မှန်သော အခြေအနေနှင့် တူညီလာသည်။
မည်သို့ဖြစ်ပါစေ မိုးသောက်သခင်လေးဟူသော သူ၏ သရုပ်က မလှုပ်ခါနိုင်သောအရာ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက ရပ်တန့်နေလျှင်ပင် သူ၏ တိုက်ပွဲစွမ်းအားက လျော့တွက်နိုင်သောအရာ မဟုတ်ပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ မိုးခြိမ်းသံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားပြီး ကမ္ဘာမြေက တုန်ယင်သွားသည်။
တိုက်ပွဲခေါ်ဗုံသံများက သုတ်ပုတ်ကွင်းတစ်ခုလုံးမှာ ပြည့်နှက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး တောင်ဖြိုခွင်းနိုင်သော အရှိန်အဟုန်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အဆုံးမဲ့သော အနက်ရောင်မီးတောက်မီးလျှံများက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။
ထိုမီးတောက်သည် အခြေခံအားဖြင့် သာမန်မီးတောက်များနှင့် ကွဲပြားခြားနားသည်။
အင်မော်တယ်မီးတောက်သည်ပင် ယင်းကို မနှိုင်းယှဉ်နိုင်ပေ။
အမှန်မှာ ယင်းကို မီးဟု အပြည့်အဝခေါ်၍ မရပေ။ ယင်းက ပွဲကြည့်ပရိသတ်များ၏ စိတ်အာရုံထဲမှ မီးနိယာမကို ချေးငှား၍ ဖန်တီးထားသောအရာ ဖြစ်သည်။
ယင်း၏ အစစ်အမှန်နာမည်က ကမ္မမီးတောက်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကမ္မမီးတောက်က အဝေးသို့ ပျံ့လွင့်သွားပြီး သူ့ဆီသို့ ဦးတည်လာနေသော ကောင်းကင်အရွေးချယ်ခံလီကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ ပရိသတ်များ၏ အကြည့်က လင်းလက်တောက်ပသွားပြီး သူတို့၏ စိတ်ဝင်စားမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ သူတို့က မျက်တောင်ခတ်ရန်ပင် ဆန္ဒမရှိကြပေ။
လူတိုင်း၏ စိတ်ဝင်စားမှုအောက်မှာ အလင်းတန်းတစ်ခုက ကောင်းကင်အရွေးချယ်ခံလီ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
သူ၏ လက်ညှိုးညွှန်မှုကြောင့် ကောင်းကင်က ချက်ချင်း အုံ့မှိုင်းသွားပြီး အမှောင်ထုက လောကကို လွှမ်းခြုံသွားသည်။
ထိုအမှောင်ထုထဲမှာ မဟာနေတစ်စင်းက ရုတ်တရက် မြှောက်တတ်လာပြီး အာရုဏ်ဦးနှင့် ညနေဆည်းဆာ၏ စွမ်းအားကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာ ၎င်းက ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကိုလည်း သယ်ဆောင်ထားသည်။ နေအလင်းရောင်က ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ အရှေ့သို့ ပေါက်ကွဲထွက်လာပြီး မီးတောက်မီးလျှံများကို ပြန့်ကျဲသွားစေသည်။
ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေသော မဟာနေ၏ ပုံရိပ်က အလွန်အံ့ဖွယ်ကောင်းသည်။ ၎င်းက လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်နှင့်အတူ ကမ္မမီးတောက်ကို ဖိနှိပ်လိုက်သည်။
ထိုမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းသည်။
သခင်လေး၏ ကမ္မမီးတောက်ဖြစ်စေ ကောင်းကင်အရွေးချယ်ခံလီ၏ မဟာနေဖြစ်စေ ယင်းတို့နှစ်ခုစလုံးက ပြိုင်ဘက်ကင်းသော အံ့ဖွယ်စွမ်းအားကို ဖော်ထုတ်ပြနေကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မသိထားလျှင် ပထမအကြိမ် ကြည့်လိုက်သည့်အခါ သူတို့ကို ခြေလှမ်းဝက်အင်မော်တယ်များဟု ထင်မြင်မိလိမ့်မည်။
ကျယ်လောင်သော မြည်သံများက မိုးခြိမ်းသံပမာ ပေါက်ကွဲသွားသည်။
ကမ္မမီးတောက်က မဟာနေနှင့် ထိပ်တိုက် တွေ့ဆုံနေစဉ် ကမ္မနှင့် ကောင်းကင်ဘုံအလင်းက အပြန်အလှန် ဆန့်ကျင်နေကြသည်။
အဆုံးမဲ့သော ပေါက်ကွဲသံများကြား၌ ကောင်းကင်အရွေးချယ်ခံလီ၏ ရယ်သံက ထိုအသံအားလုံးကို ဖိနှိပ်လိုက်ပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။
“ စိတ်ဝင်စားစရာပဲ… ကြည့်ရတာ မင်းက သေရည်နဲ့ မိန်းမတွေပေါ်မှာပဲ လုံးဝစိတ်နှစ်ထားတာ မဟုတ်ဘူးပဲ ”
“ ဒီလိုဆိုမှတော့ ငါတို့တွေ ခွန်အားစမ်းသပ်နေစရာ မလိုတော့ဘူး… ဘာလို့ ဒီပြိုင်ပွဲကို မြန်မြန်အဆုံးမသတ်တာလဲ ”
ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်အရွေးချယ်ခံလီက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ပုံရိပ်က ကမ္မမီးတောက်၏ ဝန်းရံမှုကြား၌ အပေါ်သို့ မြှောက်တတ်သွားသည်။ သူက ပိုပြီးမြင့်သော နေရာဆီသို့ တတ်လှမ်းသွားပြီး သတ်ပုတ်ကွင်းကို အပေါ်မှ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် နဖူးပေါ်သို့ ဖိချလိုက်သည်။
ထိုအခါ အားလှိုင်းဂယက်များက သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး သူ့အနောက်မှ ဟင်းလင်းပြင်ပေါ် သက်ရောက်လိုက်သည်။
ဟင်းလင်းပြင်သည် အလွန်ကျယ်ပြောသော ရေကန်အဖြစ် ပြောင်းလဲသွားသည်။ ထိုမှတဖန် ရေကန်က အကန့်အသတ်မဲ့ ပင်လယ်အဖြစ် ပြောင်းလဲသွားပြန်သည်။
ပင်လယ်က လှိုင်းတဝုန်းဝုန်း ထသွားသည့်အခါ ရှေးဟောင်းယဇ်ပလ္လင်ဆယ့်သုံးခုက ပင်လယ်ပြင်ပေါ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။
ယဇ်ပလ္လင်တစ်ခုစီက အချိန်ဖြတ်သန်းမှု၏ အနှစ်သာရနှင့် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယဇ်ပလ္လင်များ၏ အသွင်သဏ္ဍာန်က ရိုးရှင်းသော်လည်း အနုလက်ရာမြောက်သည်။ ယင်းက မျက်မှောက်ခေတ်ဗိသုကာလက်ရာများနှင့် သိသိသာသာ ကွဲပြားခြားနားသည်။
ယင်းတို့က ရွှေရောင်အလင်းကိုလည်း ထုတ်လွှတ်နေကြသည်။
ချက်ချင်းဆိုသလို လူတချို့က ထိုယဇ်ပလ္လင်များ၏ ဇစ်မြစ်ကို မှတ်မိသွားကြသည်။
ရွှီချင်းသည်လည်း ထိုယဇ်ပလ္လင်များ၏ တည်ဆောက်ပုံနှင့် အရှိန်အဝါကို လွန်စွာ ရင်းနှီးသည်။
ယင်းတို့က နတ်ဘုရားများ၏ ယဇ်ပလ္လင်များ ဖြစ်ကြသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ ယဇ်ပလ္လင်ဆယ့်သုံးခုက အပေါ်သို့ မြှောက်တတ်သွားသည့်အခါ ပုံရိပ်ယောင်ပင်လယ်က စတင်လှုပ်ခတ်သွားသည်။ ထို့အတူ ယဇ်ပလ္လင်များသည်လည်း လှုပ်ခတ်သွားကြသည်။ ထို့နောက် ယင်းတို့က နတ်ဘုရားအရှိန်အဝါကိန်းဝပ်နေသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကြသည်။
ဒြပ်နှောများက လေထဲမှာ ပြည့်နှက်သွားပြီး ကောင်းကင်ကို ဝေဝါးစေကာ မြေပြင်ကို ပုံပျက်တွန့်လိမ်စေသည်။
နတ်ဘုရားတစ်ပါးပြီးတစ်ပါးသည် ယဇ်ပလ္လင်ကို ချိုးဖြတ်၍ လေထဲမှာ ထွက်ပေါ်လာကြသည်။
ယင်းက အလွန်ထိတ်လန့်စရာကောင်းသော မြင်ကွင်းဖြစ်သည်။
၎င်းတို့အားလုံးက ပြစ်ချက်မဲ့အဆင့်မှာ ဖြစ်ကြသည်။
ယင်းက သေမျိုးများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
နတ်ဘုရားများသည် ပင်လယ်ပြင်ပေါ်တွင် ထွက်ပေါ်လာကြပြီးနောက် ခေါင်းငုံ့လိုက်ကြပြီး ကောင်းကင်အရွေးချယ်ခံလီကို အရိုအသေပေးလိုက်ကြသည်။
နတ်ဘုရားဆယ့်သုံးပါးက သူ့ကို ဦးညွတ်လိုက်ကြသည်။
ထိုနတ်ဘုရားများသည် ဤနှစ်များတွင် ကောင်းကင်အရွေးချယ်ခံလီ၏ ကိုယ်တိုင်သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ သို့ဖြစ်၍ သူတို့ကြားမှာ ကြီးမားသော ကမ္မဆက်နွယ်မှု ရှိသည်။ နတ်ဘုရားများသည် ဤလောကတွင် ကိုးကွယ်ပူဇော်ခံရရန် မွေးဖွားလာကြသော သက်ရှိများ ဖြစ်ကြသည်။ သို့သော်လည်း ယခု ၎င်းတို့က တစ်စုံတစ်ယောက်ကို ဦးညွတ်နေကြသည်။
သို့ဖြစ်၍ ၎င်းတို့၏ ဦးညွတ်ခံရသော ပုဂ္ဂိုလ်၏ ဘဝအဆင့်အတန်းက အဆင့်အသစ်တစ်ခုထိ မြင့်တတ်သွားလိမ့်မည်။
နတ်ဘုရားများ၏ ဦးညွတ်ခံရသော ပုဂ္ဂိုလ်များသည် ထုံးစံအားဖြင့် သာလွန်ထူးခြားသူများ ဖြစ်ကြသည်။
စွမ်းအားက ဒီရေလှိုင်းသဖွယ် ပေါ်လျှိုးလာပြီး ဤဧရိယာအတွင်းမှ လူတိုင်း၏ နှလုံးသားနှင့် အသိစိတ်ကို အကြမ်းပတမ်း ရိုက်ခတ်သွားသည်။ နတ်ဘုရားဆယ့်သုံးပါး၏ ဦးညွတ်မှုကို ခံယူပြီးနောက် အလွန်အားကောင်းသော စွမ်းအားက ကောင်းကင်အရွေးချယ်ခံလီ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။
ယင်းက ကောင်းကင်အရွေးချယ်ခံလီ၏ အာဏာစက်ဖြစ်သည်။
ယင်း၏ အဆင့်က နတ်ဘုရားများ၏ ဦးညွတ်မှုနှင့်အတူ မြင့်တတ်သွားသည်။ အရိုအသေပေးသော အပြုအမူက ယုံကြည်ကိုးကွယ်သူတစ်ယောက်ကဲ့သို့ ဖြစ်လာစေသည်။ ထို့ကြောင့် ယင်းက အမွှေးတိုင်ပူဇော်ခြင်းကို ဖြစ်ပေါ်စေသည်။
သို့ဖြစ်၍ အခြေခံအားဖြင့်ဆိုရသော် ကောင်းကင်အရွေးချယ်ခံလီ၏ အာဏာစက်စွမ်းအားသည် သူ့အား ယုံကြည်ကိုးကွယ်ကြသော နတ်ဘုရားများထံမှ ဆင်းသက်လာသည့် အမွှေးတိုင်ပူဇော်ခြင်း ဖြစ်သည်။
သီအိုရီအရ သူက နတ်ဘုရားများကို ပိုပြီးသတ်ပစ်လေ သို့မဟုတ် နတ်ဘုရားများက သူ့ကို ပိုပြီးယုံကြည်ကိုးကွယ်လာလေ သူ၏ အာဏာစက်က ပိုပြီးအစွမ်းထက်လာလေ ဖြစ်သည်။
ထိုသို့ထူးဆန်းသော အာဏာစက်ကို ဖမ်းဆုပ်နိုင်ခဲ့သောကြောင့် သူက ဤမျိုးဆက်မှာ ကောင်းကင်အရွေးချယ်ခံဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းက သူ့အာဏာစက်၏ အခြေခံလုပ်ဆောင်မှုမျှသာ ရှိသေးသည်။ ကောင်းကင်အရွေးချယ်ခံလီ၏ စွမ်းရည်များက ထိုနေရာမှာ မရပ်တန့်သွားပေ။ သူက ထိုအာဏာစက်နှင့်သက်ဆိုင်သော အာဏာစက်အတတ်ပညာတစ်ခုကိုလည်း ကိုယ်တိုင်ဖန်တီးခဲ့သည်။
“ ငါ့ရဲ့ အာဏာစက်က နှစ်ဆယ့်လေးအမွှေးတိုင် ယဇ်ပူဇော်ခြင်းမှာ ထွက်ပေါ်လာစေ… ပုန်းကွယ်နေတဲ့ ဗဟုသုသတွေက ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းကို နိမိတ်ဖတ်ပေးလိမ့်မယ် ”
“ ပထမအမွှေးတိုင်… ဘဝအဆုံးသတ်အမွှေးတိုင် ”
“ ငါ့အရှေ့က လူရဲ့ ဘဝက အဆုံးသတ်စေ ”
ကောင်းကင်အရွေးချယ်ခံလီ၏ အသံက တာအိုအသံပမာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ သူ၏ အာဏာစက်အစွမ်းက လှုပ်ခတ်သွားသည့်အခါ အခိုးအငွေ့က သူ၏ အရှေ့၌ စုဝေးသွားပြီး အမွှေးတိုင်သုံးချောင်းကို ဖွဲ့စည်းလိုက်သည်။
အမွှေးတိုင်နှစ်ချောင်းက ရှည်လျားပြီး တစ်ချောင်းက တိုသည်။
ဘဝအဆုံးသတ်မီးညှိခြင်း…
ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ချောက်ချားဖွယ်ကောင်းသော ကျိန်စာက ရွှီချင်းအပေါ်သို့ သက်ရောက်လာသည်။
သူ၏ အသွင်သဏ္ဍာန်က စတင်ညှိုးနွမ်းခြောက်သွေ့လာသည်။ သူ၏ မျက်နှာက တဖြည်းဖြည်း ဇရာအိုမင်းလာပြီး သူ့ဘဝက နေဝင်ချိန်သို့ ရောက်ရှိသွားဟန် ရ၏။
အနံ့အာရုံက လွင့်ပြယ်သွားသည့်အခါ ဤလောကထဲမှ ဆွဲဆောင်မှုရှိသော အရာများနှင့် သာယာပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စများက ပျောက်ကွယ်သွားကြသည်။
အရသာခံအာရုံက လွင့်ပြယ်သွားသည့်အခါ ဘဝ၏ အတွေ့အကြုံများက တဖြည်းဖြည်း ဖယ်ရှားခံလိုက်ရသည်။
ထို့နောက် အထိအတွေ့အာရုံက လွင့်ပြယ်သွားသည့်အခါ ဤလောကနှင့် ဆက်သွယ်မှုက တဖြည်းဖြည်း အားနည်းသွားသည်။ ဤသည်မှာ တစ်စုံတစ်ယောက်၏ လက်ချောင်းများက ရေခဲထဲသို့ ထိုးစိုက်သွားသည့်အလား နွေဦးလေပြေ၏ အနွေးဓာတ်ကို မခံစားနိုင်တော့ပေ။
နောက်ဆုံးမှာတော့ အကြားအာရုံက လွင့်ပြယ်သွားသည့်အခါ ဤလောက၏ အသံများက တိတ်တဆိတ် ပျောက်ကွယ်သွားသည်။
ယိုယွင်းပျက်စီးခြင်းငါးမျိုးက သူ့အပေါ်သို့ သက်ရောက်လာသည့်အခါ သူသေဆုံးသွားရန် စက္ကန့်ပိုင်းမျှသာ လိုအပ်တော့သည်။
သတ်ပုတ်ကွင်းထဲတွင် လူတိုင်းက နှလုံးတုန်သွားကြသည်။ အထူးသဖြင့် ကျုံးချီပင်။ သူက အပြင်းအထန် နှလုံးတုန်နေပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
‘ ဒီအာဏာစက်က ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ… စိတ်မကောင်းစရာပဲ… သမိုင်းထဲမှာ ဒီလူက နောက်တစ်လကြာရင် ကျရောက်လာမယ့် မိုးသောက်အင်မော်တယ်နန်းတော်ရဲ့ မဟာကပ်ဘေးထဲမှာ သေဆုံးသွားခဲ့တယ်… သူဖန်တီးခဲ့တဲ့ အမွှေးတိုင်အာဏာစက်ကလည်း ပျောက်ဆုံးသွားခဲ့တယ် ’
‘ ဒီတော့… ဒီသမိုင်းအဖြစ်အပျက်ထဲမှာ အဲ့ဒီအာဏာစက်ကို ဆင်ခြင်နားလည်နိုင်ဖို့ ငါ့မှာ အခွင့်အရေးရှိနိုင်မလား သိချင်လိုက်တာ ’
ကျုံးချီက သွေးဆောင်ခံလိုက်ရသည်။
ရွှီချင်းက ပိုပြီးသွေးဆောင်ခံလိုက်ရသည်။
တစ်စုံတစ်ယောက် ပိုင်ဆိုင်ထားသော အာဏာစက်အရေအတွက်က သူတို့၏ နယ်ပယ်ကို မမြှင့်တင်ပေးနိုင်သော်လည်း ကောင်းကင်အရွေးချယ်ခံလီ၏ အာဏာစက်က ဝမ်ကူးကုန်းမြေကဲ့သို့ ပတ်ဝန်းကျင်မျိုးမှာ အထူးသင့်တော်သည်။
သို့သော်လည်း ယခုအချိန်သည် ယင်းကို စူးစမ်းလေ့လာရမည့်အချိန် မဟုတ်ပေ။ သူ့ဘဝက အဆုံးသတ်သို့ ရောက်တော့မည်ကို အာရုံခံမိသွားသောအခါ ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ပါးစပ်ကို ညင်သာစွာ သုတ်လိုက်သည်။
ပါးစပ်ကို သုတ်လိုက်သည်နှင့် သူ၏ အာဏာစက်က အသက်ဝင်လာသည်။
ထို့နောက် မိုးကြိုးက ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော မိုးကြိုးသွားများက လေထဲမှာ ထွက်ပေါ်လာကြပြီး လေထဲ၌ လက်တစ်ဖက်အဖြစ် ဖွဲ့စည်းသွားကြသည်။
ထိုလက်က အဖိုးအိုတစ်ယောက်၏ လက်တစ်ဖက်နှင့် ဆင်တူသည်။
ယင်းက ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုလက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကက တုံ့ပြန်လိုက်ပြီး ဥပဒေသအားလုံးက တုန်ယင်သွားကြသည်။ ဤသည်မှာ တစ်လောကလုံး၏ နိယာမများနှင့် ဥပဒေသများက ပဲ့တင်ပြန်လိုက်ကြသည့်အလားပင်။
ထိုအတတ်ပညာကို အသုံးပြုလိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အင်မော်တယ်များက အမူအရာပြောင်းလဲသွားကြသည်။ သက်ရှိအားလုံးက အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ကောင်းကင်အရွေးချယ်ခံလီ၏ အာဏာစက်က အမှန်တကယ် ထူးခြားသည်။ သို့သော်လည်း မိုးသောက်သားတော်အနေနှင့် သခင်လေး၏ အာဏာစက်က ပိုပြီးအံ့ဖွယ်ကောင်းသည်။
ကမ္မသုံးခု နတ်ဆိုးဆယ်ပါးချိပ်တံဆိပ်…
ကမ္မမီးတောက်က အခြေခံစွမ်းရည်မျှသာ ဖြစ်၏။ သူ့မှာလည်း သူ့ကိုယ်ပိုင် အာဏာစက်အတတ်ပညာတစ်ခု ရှိသည်။
ကမ္မသုံးခုက စကား၊ ခန္ဓာကိုယ်နှင့် စိတ်ကို ကိုယ်စားပြုသည်။
ဤအခိုက်အတန့်မှာ ဘဝအဆုံးသတ်အမွှေးတိုင်ဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်းက စကားကမ္မချိပ်တံဆိပ်ကို အသုံးပြုလိုက်သည်။
စကားပြောမှားမည်ကို ရှောင်ကြဉ်ခြင်းက ကမ္မစကားကို သန့်စင်စေမည်။ ကမ္မစကားက သန့်စင်ခံလိုက်ရသည့်အခါ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ငြိမ်းချမ်းသွားလိမ့်မည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ငြိ်မးချမ်းသွားသည့်အခါ စိုးရိမ်စရာကင်းမဲ့သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ဘဝမှာ စိုးရိမ်စရာမရှိတော့သည့်အခါ အတွေးအားလုံးက လွင့်ပြယ်သွားလိမ့်မည်။
ကိုယ့်ရဲ့ စကားကို ပိတ်ပင်လိုက်တာဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ပုံသွင်းလိုက်တာပဲ…
ဘဝအဆုံးသတ်အမွှေးတိုင်က မည်မျှထူးဆန်းပါစေ ဤအခိုက်အတန့်မှာ ယင်းက စကားကမ္မချိပ်တံဆိပ်ကို နည်းနည်းလေးမှ မလှုပ်ခါပစ်နိုင်ပေ။
ဘဝအဆုံးသတ်ခြင်းက ကျရှုံးသွားသည့်အခါ ထုံးစံအားဖြင့် တန်ပြန်ဆိုးကျိုးက ထွက်ပေါ်လာသည်။
ကောင်းကင်အရွေးချယ်ခံလီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူ၏ အရှိန်အဝါသည်လည်း သိသိသာသာ အားနည်းသွားသည်။ သို့သော်လည်း ဤတိုက်ပွဲက မပြီးဆုံးသေးပေ။
နောက်အခိုက်အတန့်မှာ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားပြီး သူက နောက်တစ်ကြိမ် လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို အခိုးအငွေ့က နောက်တစ်ကြိမ် ပြန်စုဝေးသွားပြီး ဒုတိယမြောက် အမွှေးတိုင်ကို ဖွဲ့စည်းလိုက်သည်။
လူတချို့က ပြောကြသည်မှာ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းက လူပုဂ္ဂိုလ်ပေါ်မှာ မူတည်သည်။ ယင်းတို့နှစ်ခုစလုံးက အကြောင်းတရားနှင့် အကျိုးတရားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အကြောင်းတရားက ဘယ်ဘက်မှာ တည်ရှိပြီး အကျိုးတရားက ညာဘက်မှာ တည်ရှိသည်။ သို့ဖြစ်၍ ဘယ်ဘက်က ညာဘက်ထက် အနည်းငယ် ပိုမြင့်သည်။
အလယ်တွင်တော့ ကံကြမ္မာဆိုးက တည်ရှိပြီး ကပ်ဘေးကျရောက်စေမည့် အသေးဆုံး ဧရိယာကို သိမ်းပိုက်ထားသည်။
ယင်းက မကောင်းမှုကို ရည်ညွှန်းသော အမွှေးတိုင်ဖြစ်ပြီး ယင်းကို သတ်ဖြတ်ခြင်းအတွက် အဓိက အသုံးပြုသည်။
ယင်းကို ဘယ်ညာအလယ်၏ သုံးဆအမွှေးတိုင်ဟုလည်း သိကြသည်။ ယင်းက မရေမတွက်နိုင်သော ဒုစရိုက်မှုများကို ငြိမ်းသတ်ပစ်နိုင်သည်။
အမွှေးတိုင်ကို မီးညှိလိုက်သည်နှင့် ကောင်းကင်၊ မြေပြင်နှင့် လူသားများထံမှ မကောင်းမှုအမျိုးမျိုးက နိယာမများ၊ ဥပဒေသများ၊ စိတ်ဆန္ဒများနှင့်တကွ ထွက်ပေါ်လာကြပြီး အဆုံးမဲ့သော မကောင်းမှုကို ဖန်တီးလိုက်ကြသည်။ ထို့နောက် ယင်းက ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အလွန်သိပ်သည်းသော မကောင်းမှုက ကပ်ဘေးအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာပေါင်းစုံမှ ပေါ်လျှိုးလာသည်။
ထို့ကြောင့် ကောင်းကင်က မည်းမှောင်သွားပြီး လေက တအင့်အင့် ငိုညည်းသံကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော မကောင်းမှုဇစ်မြစ်များက အမည်မသိအင်အားတစ်ခုအဖြစ် စုဝေးသွားပြီး ရွှီချင်းပေါ်သို့ ကျဆင်းလာသည်။
သေခြင်းရှင်ခြင်းကပ်ဘေးက အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။
ရွှီချင်းက လုံးဝ တုံ့ဆိုင်းမနေပေ။ သူက အာဏာစက်စွမ်းအင်ကို ချက်ချင်း လှည့်ပတ်လိုက်သည်။
ထိုအခါ မိုးကြိုးလက်မှ ဖွဲ့စည်းထားသော ချိပ်တံဆိပ်က ပြောင်းလဲသွားသည်။
ကမ္မသုံးခုထဲမှ ဒုတိယမြောက်ကမ္မက ရွှီချင်းပေါ်သို့ သက်ဆင်းလာသည်။
ယင်းက ခန္ဓာကိုယ်ကမ္မချိပ်တံဆိပ် ဖြစ်သည်။
အကယ်၍ ခန္ဓာကိုယ်က မိစ္ဆာလမ်းစဉ်ကို မလျှောက်လှမ်းလျှင် အကယ်၍ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်းနှင့် စိတ်အလိုက်လိုက်ခြင်းကို မဆောင်ရွက်လျှင် အမြဲတမ်း သန့်စင်နေလိမ့်မည်။
ခန္ဓာကိုယ်က သန့်စင်နေလျှင် မည်သည့်မကောင်းမှုမှ ကပ်တွယ်နိုင်တော့မည် မဟုတ်ချေ။
ဤသည်မှာ သူက အကြောင်းတရားနှင့် အကျိုးတရား၏ ပြင်ပမှာ တည်ရှိနေသည့်အလား မကောင်းမှုက ပစ်မှတ်မဲ့သွားလိမ့်မည်။
ဤသည်မှာ သူက ဤလောကထဲမှာ မတည်ရှိနေသည့်အလား မကောင်းမှုမှန်သမျှက သူ့အား မကပ်တွယ်နိုင်တော့ပေ။
ဦးတည်ရာနှင့် ကျောက်ဆူးကြိုးမရှိတော့သည့်အခါ ဤလောကပေါ်သို့ ဆင်းသက်လာသော မကောင်းမှုက နောက်ပြန်ဆုတ်သွားသည်။
ကောင်းကင်အရွေးချယ်လီ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြန်သည်။
သူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး သူ၏ အသိစိတ်က တုန်လှုပ်သွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေး ဆင်းသက်လာသည့်အခိုက် သူက လုံးဝ တုံ့ဆိုင်းမနေတော့ပေ။ သူက ချက်ချင်း လက်ဝှေ့ယမ်းလိုက်ပြီး တတိယမြောက် အမွှေးတိုင်ကို ဆင့်ခေါ်လိုက်သည်။
ထိုအမွှေးတိုင်က ငြိမ်းချမ်းမှု ဖြစ်သည်။ ယင်းက ဘဝကို အဆုံးမသတ်ပေးနိုင်သလို ကပ်ဘေးကိုလည်း မဆင့်ခေါ်ပေးနိုင်ပေ။ ယင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ငြိမ်းချမ်းမှုကို ကာကွယ်ပေးရန် ဖြစ်သည်။
ဘယ်ညာအလယ်၏ သုံးဆအမွှေးတိုင်ကို အားလုံးအရှေ့မှာ ဖော်ထုတ်ခြင်းက ကောင်းကင်အရွေးချယ်ခံလီ၏ အကန့်အသတ်ဖြစ်သည်။ ယင်းကို ထုတ်လွှတ်ပြီးနောက် သူက မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သခင်လေး၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျတစ်ခု ထွက်ပေါ်လာနေကြောင်း သူအာရုံခံနိုင်သောကြောင့် ဖြစ်သည်။
ထိုအားလှိုင်းအတတ်အကျက နောက်ဆုံးကမ္မဖြစ်သည်။
ယင်းက စိတ်ကမ္မ ဖြစ်သည်။
မိုးကြိုးလက်၏ ချိပ်တံဆိပ်က ထပ်မံ ပြောင်းလဲသွားသည့်အခါ စိတ်ကမ္မချိပ်တံဆိပ်က ဆင်းသက်လာသည်။
အတွေးများက ရုပ်သဏ္ဍာန်ရှိလာကြသည်။ တချို့က သူတော်စင်ဖြစ်ပြီး တချို့က မိစ္ဆာဖြစ်သည်။
ကမ္မကောင်းသည် လောဘ၊ မုန်းတီးမှုနှင့် အလိမ်အညာအမြင်မှ လွတ်မြောက်သွားသည်။ ယင်းက ကိုယ့်ကိုယ်ကိုယ် အစွမ်းမြှင့်တင်ပေးပြီး အဆုံးမဲ့စွာ ကြီးထွားလာသည်။ ထို့နောက် ယင်းက ကောင်းချီးမင်္ဂလာပုံရိပ်များနှင့်အတူ ထွန်းလင်းတောက်ပလာသည်။
ကမ္မဆိုးက လောဘ၊ မုန်းတီးမှုနှင့် အလိမ်အညာအမြင်ထဲသို့ ပေါင်းစပ်သွားသည်။ ယင်းက ရန်သူများပေါ်သို့ တိုက်ရိုက် သက်ရောက်သွားပြီး မိစ္ဆာများနှင့်ဆင်တူသော အမှောင်ထုကို ဖွဲ့စည်းလိုက်သည်။ အလင်းရောင်က မှေးမှိန်သွားသည့်အခါ ကံကြမ္မာဆိုးက လိုက်ပါလာသည်။
ဤချိပ်တံဆိပ်က ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မရည်ရွယ်ပေ။ ယင်းအစား အာဏာစက်ကိုသာ ပစ်မှတ်ထားသည်။
စိတ်ကမ္မချိပ်တံဆိပ် ဆင်းသက်လာသည့်အခါ ကောင်းကင်အရွေးချယ်ခံလီ၏ ငြိမ်းချမ်းမှုအမွှေးတိုင်က ချက်ချင်း လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားသည်။
ငြိမ်းချမ်းမှုက စိတ်ကမ္မချိပ်တံဆိပ်ကို မတားဆီးနိုင်ခဲ့ပေ။
သွေးက သူ၏ ပါးစပ်ထဲမှ ဒလဟော စီးကျလာသည်။ သူ၏ ဘဝက အဆုံးသတ်ခါလုနီးပါး ဖြစ်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ကောင်းကင်အရွေးချယ်ခံလီက အလျင်စလို ပြောသည်။
“ သခင်လေး… ငါ အရှုံးကို ဝန်ခံပါတယ် ”
“ မြေခွေးမိန်းမပျိုလေးကို ငါပေးပါမယ်… ပြီးတော့ သခင်လေးရဲ့ စာသင်ဖက်အနေနဲ့ နှစ်တစ်ရာထမ်းဆောင်ဖို့ ငါဆန္ဒရှိပါတယ် ”