← Chapters

ပန်းပွင့်ပင်လယ်

Vol. 106 Ch. 1628

ပန်းပွင့်ပင်လယ်

Vol. 106 Ch. 1628

“ အမေ… ”

ရွှီချင်းက သူ၏ အရှေ့မှ သဲကန္တာရကို ကြည့်လိုက်ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ စကားကို နားထောင်လိုက်သည်။

ဖြစ်နိုင်သည်မှာ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ လှိုင်းအတတ်အကျများမှ ထွက်ပေါ်လာခြင်းလော သို့မဟုတ် ဖြစ်နိုင်သည်မှာ ထိုစကား၏ နောက်ကွယ်တွင် တခြားအဓိပ္ပာယ်ရှိနေခြင်းလော။

မည်သို့ဖြစ်ပါစေ သူ၏ အသိစိတ်က မှတ်ဉာဏ်တချို့ကြောင့် လှိုင်းထသွားသည်။

ဝမ်ကူးကုန်းမြေနှင့် ပြိုင်ဘက်ကင်းမြို့တော်က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းမြို့တော်နှင့် သူ၏ မိဘများက ထိုမှတ်ဉာဏ်ထဲမှာ ရှိသည်။

သူ၏ မှတ်ဉာဏ်ထဲမှ အလှအပများနှင့် သွေးမိုးက မည်သည့်အခါမှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။

သူ့မိဘများကို ပြန်သတိရသွားသည်။

သူက နေရာအများအပြားဆီသို့ ခရီးသွားခဲ့ပြီး အဖြစ်အပျက်များစွာကို တွေ့ကြုံဖူးသော်လည်း သူ၏ မိဘများကို မှတ်မိရန် ကြိုးစားသည့်အခါတိုင်း ယင်းတို့က ပုံကြမ်းမျှသာ ရေးတေးတေး ထွက်ပေါ်လာလိမ့်မည်။

သို့တိုင်အောင် ထိုပုံကြမ်းမှ ထုတ်လွှတ်နေသော နွေးထွေးကြင်နာမှုက အလွန်ထင်ရှားသော အမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေသည်။ မည်သည့်တောင်တန်းမှ၊ မည်သည့်အတွေ့အကြံမှ၊ မည်သည့်မှတ်ဉာဏ်မှ ယင်းကို မဖျက်ဆီးပစ်နိုင်ပေ။

ယင်းက သူ၏ နှလုံးသားထဲမှာ ထာဝရ တံဆိပ်ရိုက်ခတ်ထားသည်။

လူအများစုသည် သူတို့၏ နောက်ဆုံးအဆုံးသတ်က မည်သို့ဖြစ်မည်ကို မသိကြချေ။

သို့သော်လည်း ဤလောကဆီသို့ ပထမဆုံးအကြိမ် သူတို့ရောက်လာသည့်အခါ များသောအားဖြင့် သူတို့မိဘများက ဘေးမှာ ရှိနေကြလိမ့်မည်။

“ အမေ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ အသိစိတ်က သိမ်းပိုက်ထားသော ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များက အလိုအလျောက် ထွက်ပေါ်လာသည်။

ထိုမှတ်ဉာဏ်များထဲတွင် မိခင်ပုံရိပ်က ပျောက်ကွယ်လုနီးပါး ဝေဝါးနေသည်။ ယင်းကို မှတ်မိရန် အလွန်ခက်ခဲကြောင်း ထင်ရှားသည်။

ယင်းက ရွှီချင်း၏ မှတ်ဉာဏ်များနှင့် ဆင်တူသည်။

ထိုမှတ်ဉာဏ်နှစ်ခုက ဤအခိုက်အတန့်မှာ အချင်းချင်း ပဲ့တင်ပြန်လိုက်ကြသည်။

ထိုပဲ့တင်ပြန်မှုက လှိုင်းတစ်ခုနှင့် ဆင်တူပြီး နှလုံးသားနှင့် အသိစိတ်ကို လှုပ်ခတ်သွားစေသည်။ ယင်းက စီးဆင်းနေသော အချိန်ကိုလည်း လှိုင်းထသွားစေသည်။ ထို့နောက် လှိုင်းက သဲကန္တာရတစ်လျှောက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားသွားသည်။

ယင်းက သဲကန္တာရ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံက အချိန်သဲကန္တာရထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်းအမေနဲ့ ငါက ငါတို့ရဲ့ ဇာတိမြို့မှာ တွေ့ဆုံခဲ့ကြတယ် ”

“ သူက ငါ့ရဲ့ ဆရာတူညီမဖြစ်ပြီး မင်းအဖိုးရဲ့ သတ္တမမြောက် တပည့်ဖြစ်တယ် ”

“ အတိတ်တုန်းက ကောင်းကင်ပေါ်မှာ အခုလိုပဲ နေနဲ့လ ရှိတယ်… ဒါပေမဲ့ အဲ့ဒါက အခု ငါတို့မြင်နေတဲ့ပုံစံ မဟုတ်ဘူး ”

မိုးသောက်အင်မော်တယ်အရှင်သခင်က အရှေ့သို့ ဆက်ရွေ့လျားနေရင်း နူးညံ့စွာ ပြောသည်။

သူက ရွှီချင်းကို စကားပြောနေရင်း အတိတ်ကို ပြန်လည်အောက်မေ့နေဟန် ရ၏။

သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပိုပြီးရှေးကျလာပြီး အတိတ်ကို လွမ်းဆွေးမှုက ပိုပြီးထင်ရှားလာသည်။

“ အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ ဇာတိမြေက အမှတ်ငါးကြယ်တာရာစက်ဝန်းက နတ်ဘုရားတွေ အုပ်စိုးတဲ့ မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်တွေထဲက တစ်ခုပဲ ”

“ အဲ့ဒီမှာ နေထိုင်တဲ့အခါ ငါတို့က နတ်ဘုရားတွေကို ကိုးကွယ်ပူဇော်ရတယ်… သူတို့ရဲ့ ကျွန်ပြုခြင်းခံရတယ်… ငါတို့က အရိုးပုံတွေကြားထဲမှာ နေထိုင်ရတယ် ”

“ ဒါကြောင့် ငါတို့ခေါင်းပေါ်က နေနဲ့လတောင်မှ နတ်ဘုရားတွေ ဖြစ်ကြတယ်… အတိအကျပြောရရင် အဲ့ဒီနေနဲ့လ ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်က ကမ္ဘာငယ်အားလုံးဆီ ကျူးကျော်ဝင်ရောက်သွားတယ် ”

“ ပြီးတော့ ရိုယင်နဲ့ မုန့်နီလို့ခေါ်တဲ့ အထွတ်အမြတ်နတ်ဘုရားတွေရဲ့ နာမည်က ကမ္ဘာငယ်အားလုံးဆီမှာ ကျော်ကြားတယ် ”

“ အဲ့ဒီနှစ်တွေမှာ ပင်ပန်းဆင်းရဲမှုတွေနဲ့ ပြည့်နှက်နေတယ်… ဒါပေမဲ့ မင်းအမေက ငါ့အနားမှာ ရှိနေတာကြောင့် ပျော်ရွှင်မှုကို ငါရှာတွေ့ခဲ့တယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံက သိမ်မွေ့နူးညံ့သည်။

ရွှီချင်းက အနောက်မှ လိုက်သွားပြီး တိတ်တဆိတ် နားထောင်သည်။

ဤအခိုက်အတန့်မှာ မိုးသောက်အင်မော်တယ်အရှင်သခင် လိုအပ်နေသည့်အရာက သူ့အကြောင်းကို နားထောင်ပေးမည့် တစ်စုံတစ်ယောက် ဖြစ်သည်။

“ ငါတို့က အတူတူ ကျင့်ကြပြီး အတူတူ ကြီးပြင်းလာကြတယ်… နောက်တော့ ကမ်းစပ်ကိုးခုနဲ့ ငါတို့တွေ့ဆုံခဲ့တယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်က ခေါင်းခါလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ လွမ်းဆွေးမှုက ပိုပြီးအားကောင်းလာသည်။

“ အတိတ်တုန်းက ကမ်းစပ်ကိုးခုရဲ့ အကျင့်စရိုက်က အခုနဲ့ သိပ်မကွာခြားဘူး… သူက တိတ်ဆိတ်တာ၊ စူးစမ်းလေ့လာတာနဲ့ မှတ်တမ်းတင်ရတာကို သဘောကျတယ် ”

“ မင်းအမေက သူ့ကို ‘ ကြီးမြတ်တဲ့ သမိုင်းပညာရှင် ’လို့ ခေါ်ခဲ့တယ်… သူက အဲ့ဒီဘွဲ့ကို အတော်လေး သဘောကျတယ်… နှစ်ပေါင်းများစွာကြာအောင် သူ့ကိုယ်သူ သမိုင်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ် ”

“ သူက တကယ်ငတုံး ”

မိုးသောက်က သဘောကျစွာ ရယ်မောလိုက်သည်။

“ အဲ့ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်… ”

“ နောက်ဘာဆက်ဖြစ်လဲဆိုတာကိုတော့ သမိုင်းမှတ်တမ်းတွေကနေ မင်းသိပြီးလောက်ပါပြီ ”

“ နတ်ဘုရားတွေရဲ့ နောက်ဆုံးနေ့ရက်တွေမှာ မင်းအဖိုးရဲ့ ဦးဆောင်မှုအောက်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကမ္ဘာငယ်အားလုံးက နတ်ဘုရားတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ် ”

“ အဲ့ဒီတိုက်ပွဲက စိတ်ကူးမယဉ်နိုင်လောက်အောင် အရမ်းရက်စက်ကြမ်းကြုတ်တယ် ”

“ မင်းက အဲ့ဒီဖရိုဖရဲကာလမှာ မွေးဖွားခဲ့တယ်… ဒါပေမဲ့ မင်းအမေနဲ့ ငါက မင်းကို ရက်စက်ကြမ်းကြုတ်တဲ့ ဒီလောကကို မမြင်တွေ့စေချင်ဘူး ”

“ ဒါကြောင့် ငါတို့ မင်းကို ချိပ်ပိတ်ခဲ့တယ်… စစ်ပွဲပြီးသွားလို့ ဒီလောကက လှပလာတဲ့အခါ ချိပ်ပိတ်မှုကို ဖြေလွှတ်ပေးမယ်လို့ ကတိပေးခဲ့တယ်… ငါတို့က မင်းမျက်လုံးဖွင့်တဲ့အခါ သာယာအေးချမ်းတဲ့ ကောင်းကင်နဲ့ မြေပြင်ကို အရင်ဦးဆုံး မြင်တွေ့စေချင်တယ် ”

“ ငါတို့က မင်းကို ပျော်ရွှင်စရာကောင်းတဲ့ လောကမှာ နေထိုင်စေချင်တယ် ”

မိုးသောက်၏ အသံက အချိန်သဲကန္တာရထဲမှာ ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း သူ၏ အသံထဲမှာ ဝမ်းနည်းမှုတစ်စွန်းတစ်စ ပါဝင်နေသည်။

“ နှစ်ပေါင်းမြောက်များစွာ ကြာပြီးနောက် စစ်ပွဲက အဆုံးသတ်သွားတယ်… ငါတို့ကျင့်ကြံသူတွေက အပြည့်အဝ မြင့်တတ်လာပြီး တစ်ချိန်က ငါတို့ကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ နတ်ဘုရားတွေကို အနိုင်ယူနိုင်ခဲ့ကြတယ် ”

“ ကောင်းကင်ပေါ်က နေနဲ့လလည်းပဲ ကျဆုံးသွားပြီး ငါတို့တာအိုရဲ့ ယင်ယန်နဲ့ အစားထိုးခံလိုက်ရတယ် ”

“ ဒါပေမဲ့… ငါ့ဘေးက ပုံရိပ်တစ်ခုက ပျောက်ဆုံးသွားခဲ့တယ် ”

“ မင်းအမေ… သူကျဆုံးသွားခဲ့တယ် ”

ရွှီချင်းက တိတ်တဆိတ် နားထောင်သည်။

ယင်းက တခြားတစ်ယောက်၏ ပုံပြင်ဖြစ်သော်လည်း ဤခန္ဓာကိုယ်နှင့် သူ့အသိစိတ်၏ ပဲ့တင်ပြန်မှုမှ ထုတ်လွှတ်လိုက်သော လှိုင်းများက ရွှီချင်းအား အလွန်နက်ရှိုင်းသော ဝမ်းနည်းမှုကို ခံစားမိစေသည်။

“ ငါကလည်း အကြောင်းအရင်းတချို့ကြောင့် နက်ရှိုင်းစွာ အိပ်မောကျသွားခဲ့တယ် ”

“ အဲ့ဒီအိပ်စက်မှုက နှစ်တစ်သောင်းကြာမြင့်ခဲ့တယ် ”

“ ငါပြန်နိုးလာတော့ အရာအားလုံးက ငါမျှော်လင့်ထားတာထက် ပိုပြီး ပြောင်းလဲသွားခဲ့တယ်… ငါ့ရဲ့ အချိန်လေဟာနယ်အာဏာစက်က အကန့်အသတ်ကို ရောက်ရှိသွားတယ်… ”

“ နှစ်ပေါင်း(၃၃၃၃)… အဲ့ဒါက ဒီစကြာဝဠာထဲက ကြယ်တာရာစက်ဝန်းအားလုံးရဲ့ အချိန်လေဟာနယ်နယ်နိမိတ်ပဲ ”

“ မင်းကို ချိပ်ပိတ်ခဲ့တုန်းက မင်းရဲ့ အမေရော ငါရော ရှိခဲ့တယ်… ဒါပေမဲ့ ချိပ်ပိတ်မှုကို ဖြေလျော့တဲ့အချိန်မှာ ငါတစ်ယောက်တည်းပဲ ကျန်ရှိတော့တယ် ”

တိုးညင်းသော အသံက လောကထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ မိုးသောက်၏ ခြေလှမ်းက ရပ်တန့်သွားသည်။

အလွန်ကျယ်ပြောသော ပန်းပွင့်ပင်လယ်က ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

ယင်းက အိမ်မက်ပင်လယ်နှင့် ဆင်တူသည်။ မရေမတွက်နိုင်သော ရောင်စုံသစ်ခွများနှင့် ပန်းအမျိုးမျိုးက သဲကန္တာရထဲမှာ ပွင့်လန်းနေကြသည်။

ယင်းက ရင်သပ်ရှုမောဖွယ်ကောင်းစွာ လှပသည်။

ဤကဲ့သို့ ကျက်တီးမြေသဲကန္တာရပေါ်မှာ ရောင်စုံသစ်ခွများက ပင်လယ်တစ်စင်းနှယ် ပွင့်လန်းနေမည်ဟု မည်သူက စိတ်ကူးနိုင်မည်နည်း။

အတိတ်မှာ ရွှီချင်းက ဤနေရာသို့ ရောက်ခဲ့ဖူးသော်လည်း ယင်းကို မမြင်တွေ့ခဲ့ပေ။

ဤသည်မှာ ပန်းပွင့်ပင်လယ်က သဲကန္တာရ၏ အနက်ပိုင်းထဲမှာ လျှို့ဝှက်စွာ ပုန်းကွယ်နေသည့်အလားပင်။

ရွှီချင်းက လှမ်းကြည့်လိုက်သည့်အခါ သစ်ခွပန်းများက အမျိုးအစားစုံလင်စွာ အရောင်အသွေးစုံလင်စွာ ရှင်သန်နေကြကြောင်း မြင်တွေ့သွားသည်။ တချို့က အတောင်ပံခတ်နေသော လိပ်ပြာများနှင့် ဆင်တူပြီး တချို့က အတောင်ပံဖြန့်ထားသော ကြိုးကြာများနှင့် ဆင်တူသည်။ ပန်းပွင့်တစ်ခုစီက တမူထူးခြားသော ရနံ့ကို ထုတ်လွှတ်နေကြသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် မိုးသောက်အင်မော်တယ်အရှင်သခင် ရောက်လာသည့်အခါ နေရောင်ခြည်က ပြန့်ကျဲနေသော တိမ်တိုက်များကို ဖောက်ထွင်း၍ သစ်ခွပင်လယ်ကို ရွှေရောင်ထွန်းလင်းပေးလိုက်သည်။ ရွှေရောင်အလင်း၏ လွှမ်းခြုံမှုအောက်မှာ ဤပန်းပွင့်ပင်လယ်က လျှို့ဝှက်ဆန်းကြယ်လာပြီး ပိုပြီးနှစ်သက်ဖွယ်ကောင်းလာသည်။

လေပြေ တိုးဝှေ့လာသည့်အခါ ပန်းပွင့်ပင်လယ်က အိမ်မက်ဆန်စွာ ယိမ်းနွဲ့သွားသည်။

အဝေး၌ ဝေဝါးနေသော မြင်ကွင်းထဲတွင် ကောင်းကင်ဘုံအမျိုးသမီးတစ်ဦးက ပန်းပွင့်ပင်လယ်ထဲမှာ မတ်တတ်ရပ်နေဟန် ရ၏။ သူ၏ သိမ်မွေ့နူးညံ့သော အကြည့်က ခင်ပွန်းနှင့် သားအပေါ်သို့ ကျရောက်နေသည်။

တိုးညင်းသော ရေရွတ်သံက ပဲ့တင်ထပ်သွားသည့်အခါ သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးက ထွက်ပေါ်လာသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်သည် ပန်းပွင့်ပင်လယ်နှင့် သူ၏ မှတ်ဉာဏ်ထဲမှ ရင်းနှီးသော ပုံရိပ်ကို မြင်သွားသောအခါ နူးညံ့စွာ ပြုံးလိုက်သည်။

သူက ပြုံးလိုက်ပြီး ပန်းပွင့်ပင်လယ်၏ အစွန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ ထို့နောက် သူက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ လက်တစ်ဆုပ်စာ မျိုးစေ့များကို ထုတ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အနာဂတ်အုပ်ချုပ်သူမဟုတ်တော့သလို အင်မော်တယ်တစ်သောင်း၏ အရှင်သခင်လည်း မဟုတ်တော့ပေ။ သူက ချစ်လှစွာသော ဇနီးသည်ကို ဆုံးရှုံးထားသည့် သာမန်ယောင်္ကျားတစ်ယောက်သာ ဖြစ်သည်။

သူက မျိုးစေ့များကို သဲကန္တာရထဲမှာ စိုက်ပျိုးလိုက်သည်။

ယင်းတို့က အနာဂတ်မှာ သေချာပေါက် ပွင့်လန်းလာလိမ့်မည်။

“ မင်းအမေရဲ့ နာမည်ထဲမှာ ‘ လန် ’ဆိုတဲ့ စကားလုံး ပါတယ်… ပြီးတော့ သူက အင်မော်တယ်သစ်ခွတွေကို အရမ်းသဘောကျတယ် ”

“ ဒီပန်းတွေက နတ်ဘုရားအရှိန်အဝါတွေနဲ့ ထိတွေ့လို့မရဘူး… အဲ့ဒါက ပန်းတွေကို မြန်မြန်ညှိုးနွမ်းစေလိမ့်မယ်… ငါတို့ရဲ့ ဇာတိမြေထဲမှာ ဒြပ်နှောတွေနဲ့ ပြည့်နှက်နေတာတောင် ဒီပန်းက ဘယ်တော့မှ မပျောက်ကွယ်သွားဘူး ”

“ ပန်းက နွမ်းသွားရင်တောင် နောက်တစ်ကြိမ် ပွင့်လန်းလာလိမ့်မယ် ”

“ တစ်ခါက ငါတို့နှစ်ယောက်က စစ်ပွဲပြီးဆုံးသွားလို့ အရာအားလုံး ငြိမ်းချမ်းသွားပြီး လောကက လှပလာတဲ့အခါ အင်မော်တယ်သစ်ခွတွေကို စိုက်ဖို့ နေရာတစ်နေရာ ရှာဖွေမယ်လို့ အိမ်မက်မက်ခဲ့ကြတယ်… ပန်းပွင့်တွေက ပင်လယ်ကြီးလိုမျိုး ကုန်းမြေအပြည့် များပြားလာတဲ့အထိ တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးဖို့ စိတ်ကူးခဲ့ကြတယ် ”

“ ဒီနှစ်တွေမှာ ဒီကို ငါရောက်လာတဲ့အခါတိုင်း အပင်တချို့ကို စိုက်ပျိုးလိမ့်မယ် ”

“ တဖြည်းဖြည်း… ဒီနေရာက ငါတို့စိတ်ကူးထဲကအတိုင်း ပင်လယ်ကြီးလို ဖြစ်လာတယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်က ပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ သူက မျိုးစေ့များကို မြေကြီးထဲမှာ ဂရုတစိုက် မြှုပ်နှံလိုက်သည်။

ထို့နောက် သူက ဘေးမှာ ထိုင်ချလိုက်ပြီး မည်သည့်စကားမှ မပြောဘဲ ပန်းပွင့်ပင်လယ်ကို ကြည့်လိုက်သည်။

သို့သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးသိမ်မွေ့လာသည်။

ရွှီချင်းက ယင်းကို ကြည့်ပြီးနောက် မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဘေးသို့ တိတ်တဆိတ် လျှောက်သွားသည်။ သူသည်လည်း ဘေးမှာ ဝင်ထိုင်လိုက်ပြီး အင်မော်တယ်အရှင်သခင်ကို အဖော်ပြုပေးကာ ပန်းပွင့်ပင်လယ်ကို ကြည့်လိုက်သည်။

အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။

နေဝင်တော့မည့်အချိန် မိုးသောက်အင်မော်တယ်အရှင်သခင်က နူးညံ့စွာ ပြောသည်။

“ မင်းက အရွယ်ရောက်လာပြီး လက်ထပ်တော့မယ် ”

“ အနာဂတ်မှာ ငါအလုပ်များနေရင် မင်းက ဒီနေရာကို နှစ်တိုင်း ရောက်လာပြီး မင်းအမေအတွက် သစ်ခွပန်းတွေစိုက်ပေးဖို့ အမြဲသတိရပါ ”

“ ဒီနေရာမှာ ပန်းပွင့်ပင်လယ်ကို အမြဲရှိနေပါစေ ”

ရွှီချင်းက စိတ်ရှုပ်ထွေးမှုကို ခံစားမိသွားသည်။

နောက်တစ်လကြာလျှင် မိုးသောက်အင်မော်တယ်အရှင်သခင်တစ်ယောက်တည်း သေဆုံးသွားမှာ မဟုတ်ကြောင်း သူသိထားသည်။ ဤခန္ဓာကိုယ်ပိုင်ရှင်သည်လည်း သေဆုံးသွားလိမ့်မည်။

သို့ဖြစ်၍ အနာဂတ်တွင် ဤနေရာမှာ နောက်ထပ် သစ်ခွပန်းများ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။

ဖြစ်နိုင်သည်မှာ ထိုအကြောင်းအရင်းကြောင့် သူက အတိတ်မှာ ဤနေရာသို့ ရောက်သွားခဲ့စဉ် မည်သည့်ပန်းပွင့်ပင်လယ်ကိုမှ မမြင်တွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

ပန်းပွင့်ပင်လယ်က အချိန်၏ ယိုယွင်းတိုက်စားမှုကြောင့် ညှိုးနွမ်းခြောက်သွေ့သွားခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း သူက ခေါင်းညိတ်လိုက်ဆဲပင်။

မိုးသောက်က ပြုံးလိုက်ပြီး ရွှီချင်း၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။

“ ဒီဟာကို မှတ်ထားပါ… ”

“ မိဘတွေက မင်းရဲ့ တစ်ဘဝလုံးမှာ အဖော်မပြုပေးနိုင်ဘူး… မင်းရဲ့ ကလေးတွေကလည်း အမြဲတမ်း မင်းဘေးမှာ ရှိနေပေးမှာ မဟုတ်ဘူး… မင်းရဲ့ တာအိုလက်တွဲဖော်ကပဲ မင်းရဲ့ အနားမှာ တစ်သက်လုံး ရှိနေပေးလိမ့်မယ် ”

“ ဒီတော့ မင်းသူ့ကို ကောင်းကောင်းမွန်မွန်ထားပါ… ငါ့လို အဆုံးမသတ်စေနဲ့… ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ထာဝရ ဆုံးရှုံးရတာက အရမ်းဝမ်းနည်းကြွေကွဲစရာကောင်းတယ် ”

ထိုသို့ပြောပြီးနောက် မိုးသောက်အင်မော်တယ်အရှင်သခင်က မတ်တတ်ရပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်းငယ်ငယ်တုန်းက ငါပြောပြခဲ့တဲ့ ညနဲ့ပတ်သက်တဲ့ ပုံပြင်ကို မှတ်မိသေးလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြန်ပြောသည်။

“ ညရောက်တဲ့အခါ အဖေ့ကို လာမတွေ့ရဘူး ”

ထိုစကားက ဤသခင်လေး၏ မှတ်ဉာဏ်များထဲမှာ သံမှိုပမာ နက်ရှိုင်းစွာ စွဲကပ်နေသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့အား ထိုစကားကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။

ယင်းက ရွှီချင်းကို ရေခဲအောက်မှ ပုံရိပ်ပြန်မှုအား ပြန်အမှတ်ရသွားစေသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် မိုးသောက်အင်မော်တယ်အရှင်သခင်က အာရုဏ်တတ်ခါနီးအချိန်မှသာ ထွက်ပေါ်လာလေ့ ရှိသည်။

မိုးသောက်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဝင်လုဆဲဆဲ နေလုံးကို ကြည့်လိုက်သည်။

“ မှောင်တော့မယ်… ပြန်ကြရအောင် ”

မိုးသောက်က စကားဆုံးသည်နှင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

လောကက ဝေဝါးသွားသည်။

နောက်အခိုက်အတန့်မှာ သဲကန္တာရက ပျောက်ကွယ်သွားပြီး ပန်းပွင့်ပင်လယ်က ပျောက်ကွယ်သွားသည်။

ရွှီချင်းက ဂျူနီယာမိုးသောက်ခန်းမထဲမှာ ပြန်ပေါ်လာသည်။ အတိအကျဆိုရလျှင် အစောနက သူထွက်သွားခဲ့သော နေရာအတိအကျမှာ ပြန်ပေါ်လာခြင်း ဖြစ်သည်။

ဤသည်မှာ အစောနက ဖြစ်ပျက်ခဲ့သော အရာအားလုံးက ပုံရိပ်တစ်ခုထက် မပိုသည့်အလားပင်။

မိုးသောက်အင်မော်တယ်အရှင်သခင်သည်လည်း ထွက်သွားပြီ ဖြစ်သည်။

ပြောင်းလဲသွားသော တစ်ခုတည်းသော အရာမှာ ကောင်းကင်ဖြစ်သည်။

ရွှီချင်းမထွက်သွားခင်က ကောင်းကင်သည် အာရုဏ်တတ်ခါနီးအချိန် ဖြစ်သောကြောင့် လင်းထိန်သည်။

ယခု ညအချိန် ကျရောက်လာတော့မည်ဖြစ်၍ ကောင်းကင်က မှောင်ရီနေသည်။

ညက ဤကုန်းမြေကို လွှမ်းခြုံသွားသည့်အခါ တောက်ပသော လစန္ဒာက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

…..

ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော်အောက်မှ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းထဲတွင် မီးအလင်းရောင်က ထိန်ထိန်လင်းနေသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။

သို့သော်လည်း သူက အရှေ့သို့ လျှောက်သွားနေစဉ် သူ၏ အနောက်မှ မီးအလင်းရောင်များက တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားကြသည်။

အပြင်လောကကို အမှောင်ထုက ဖုံးလွှမ်းသွားနေစဉ် သူ၏ ဝတ်စုံဖြူသည်လည်း ဖြည်းညင်းစွာ နက်မှောင်သွားသည်။ မကြာမီ သူ၏ ဝတ်စုံက အနက်ရောင်အဖြစ် လုံးလုံးပြောင်းလဲသွားသည်။

သူ၏ မျက်နှာပေါ်မှ သိမ်မွေ့နူးညံ့မှုက ပျောက်ကွယ်သွားသည်။ ထိုနေရာမှာ နတ်ဆိုးဆန်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုက အစားထိုး ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်က တုန်ယင်နေလေရာ သူ၏ ခြေလှမ်းသည်ပင် ဒယိမ်းဒယိုင်ဖြစ်လာသည်။ နောက်ဆုံးမှာတော့ သူက ဥမင်လှိုဏ်ခေါင်း၏ အနက်ပိုင်းထဲသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူက အလုံပိတ်ထားသော အကျဉ်းထောင်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။

အကျဉ်းထောင်ထဲသို့ သူဝင်ရောက်သွားသည့်အခိုက် မရေမတွက်နိုင်သော မှော်သင်္ကေတများမှ ဖွဲ့စည်းသွားသော သံကြိုးများက လေထဲမှာ ထွက်ပေါ်လာကြသည်။ ထိုသံကြိုးများက သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်သွားကြပြီး သူ့ကို ချုပ်နှောင်လိုက်ကြသည်။

အလင်းရောင်က လုံးဝပျောက်ကွယ်သွားသည့်အခိုက် လှိုဏ်ဂူတစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားသည်။ အလင်းရောင်ကင်းမဲ့သော ဤအမှောင်နယ်မြေထဲတွင် တိုးညင်းသော ညည်းညူသံများနှင့် ပြင်းထန်သော သံကြိုးဆွဲသံများက ထွက်ပေါ်လာသည်။

All Chapters