← Chapters

ဘယ်သူက စစ်တုရင်အရုပ်လဲ… ဘယ်သူက ကစားပွဲကို ကြိုးကိုင်ခြယ်လှယ်နေတာလဲ

Vol. 106 Ch. 1631

ဘယ်သူက စစ်တုရင်အရုပ်လဲ… ဘယ်သူက ကစားပွဲကို ကြိုးကိုင်ခြယ်လှယ်နေတာလဲ

Vol. 106 Ch. 1631

ညသည် စီးဆင်းနေသော ငွေရောင်အလင်းသဖွယ် တလျှပ်လျှပ် ဝင်းလဲ့နေပြီး အင်မော်တယ်နန်းတော်ကို လွှမ်းခြုံထားသည်။

သို့တိုင်အောင် ယင်းက ပန်းပေါင်းတစ်ရာနန်းတော်ထံမှ ပျံ့လွင့်လာသော ရယ်မောသံများနှင့် သီချင်းသံများကို မတားဆီးနိုင်ပေ။

ထိုလှပသော တေးသံများက လေထဲမှာ လွင့်မျောနေပြီး ဂျူနီယာမိုးသောက်ခန်းမအပြင်ဘက်တွင် ရပ်နေသော ကျုံးချီ၏ နားထဲသို့ ဝင်ရောက်သွားသည်။ ထို့အတူ အသံက ရွှီချင်းထိုင်နေသော ခန်းမထဲသို့လည်း ပျံ့လွင့်သွားသည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ခန်းမ၏ ဝင်ပေါက်အပြင်ဘက်တွင် မတ်တတ်ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်သည်။

“ ကျုံးချီက နည်းနည်း ထူးဆန်းနေတယ်… ”

တွေးတောစဉ်းစားသော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ပုံမှန်အားဖြင့် ထိုစာသင်ဖက်သည် ညအချိန်ရောက်သည့်အခါ သူ၏ ညွှန်ကြားမှုမရှိလျှင် အိပ်ဆောင်သို့ ပြန်သွားလေ့ရှိသည်။ ယခုကဲ့သို့ သူ့အမိန့်မရှိဘဲ အပြင်ဘက်မှာ ညဉ့်နက်သည်အထိ ရပ်နေခြင်းက ရှားပါးသည်။ သို့ဖြစ်၍ ယနေ့ ကျုံးချီက မူမမှန်ကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။

ရွှီချင်းက စစ်တုရင်ခုံကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကျုံးချီ ”

ကျုံးချီက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး ခန်းမ၏ ဂိတ်တံခါးဆီသို့ မြန်မြန်သွက်သွက် လျှောက်သွားသည်။

“ သခင်လေး… ငါရောက်လာပါပြီ ”

“ ငါနဲ့လာပြီး စစ်တုရင်ကစားပါ ”

ရွှီချင်းက စစ်တုရင်ခုံကို ကြည့်လိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

“ ကောင်းပါပြီ ”

ကျုံးချီက အမြန်ခေါင်းညိတ်လိုက်သည်။ သူက ရွှီချင်းဆီသို့ ပြေးသွားသည့်အခါ ရွှီချင်းက စစ်တုရင်အရုပ်တစ်ရုပ်ကို နေရာစရွှေ့လိုက်သည်။

အရုပ်ကို ချလိုက်သည်နှင့် လေက တိုက်ခတ်လာသည်။

…..

ညအချိန်တွင် အေးစက်စက်လေက မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှာ တအင့်အင့်ညည်းသံနှင့်အတူ တိုက်ခတ်နေသည်။

လေထဲတွင် သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက မြန်မြန်သွက်သွက် လျှောက်နေသည်။

“ ငါ့သရုပ်ကို တစ်ယောက်ယောက်က ရှာတွေ့သွားလောက်ပြီ ထင်တယ်… ဒီနေ့ မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ငါရရှိထားတဲ့ အစစ်အမှန်ဦးသျှောင်သုံးယောက်ရဲ့ လှုပ်ရှားမှုသတင်းတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ငါ့အစီအစဉ်ကို အမြန်ဆုံး ဆောင်ရွက်မှ ဖြစ်တော့မယ် ”

သူက လမ်းလျှောက်နေစဉ် သူ၏ အမူအရာက တည်ငြိမ်သော်လည်း သူ၏ အတွေးများက ယောက်ယက်ခတ်နေသည်။

“ ကြည့်ရတာ ဒီနေ့ ငါမလှုပ်ရှားရင် ဒီအခွင့်အရေးကို တစ်သက်လုံး ဆုံးရှုံးသွားမယ့်ပုံပဲ ”

“ အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းတယ်… ”

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက မျက်လုံးမှေးကျဉ်းလိုက်သည်။ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တစ်ယောက်ယောက်က ငါးစာချပြီး ငါ့ကို ဒီညဆောင်ရွက်အောင် အတင်းဖိအားပေးနေတာလား ”

“ ငါရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ငါ့မှာ တကယ်ပဲ အချိန်မရှိတော့ဘူး… တကယ်လို့ အရမ်းနောက်ကျသွားမယ်ဆိုရင် နန်းတော်ကို သစ္စာဖောက်တဲ့ ဆူပူအုံကြွမှုကနေ ထွက်ပေါ်လာမယ့် လှိုင်းဂယက်တွေက ငါ့ရဲ့ လိုအပ်ချက်ကို ပြည့်မီတော့မှာ မဟုတ်ဘူး ”

“ ဘယ်လိုပဲ ငါစဉ်းစားပါစေ ဒီညက ငါ့အတွက် နောက်ဆုံးအခွင့်အရေးပဲ ”

“ ပြီးတော့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ ကာလဟာလတွေ… ”

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက နက်နဲစွာ တွေးတောလိုက်သည်။

“ ငါးဖမ်းသမားက ကောလဟာလတွေကို ဖြန့်တဲ့လူလား ဒါမှမဟုတ် အဲ့ဒီကောလဟာလတွေထဲမှာ ဖော်ပြထားတဲ့ လူလား ”

“ တကယ်လို့ အဲ့ဒီလူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ဆိုရင် သူရဲ့ ရည်ရွယ်ချက်က အဲ့ဒီကောလဟာတွေကို ဖြန့်တဲ့လူကို ထုတ်ဖော်ဖို့ ဖြစ်လိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒီကောလဟာလတွေကို ဖြန့်တဲ့လူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကိုယ်တိုင်လည်း ဖြစ်နိုင်တယ်ဆိုတာကို ငါမေ့ထားလို့ မဖြစ်ဘူး… သူက ဒီနည်းနဲ့ တခြားလူတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး သူ့ကို ဆန့်ကျင်နေတဲ့ တစ်ယောက်ယောက်ရှိတယ်လို့ တခြားလူတွေကို အယုံသွင်းချင်တာလား ”

“ လူတွေက သတင်းအမှားကို ယုံစားမိတဲ့အခါ ထုံးစံအားဖြင့် ကြီးမားတဲ့ အမှားတွေကို ပြုလုပ်တတ်ကြတယ် ”

ထိုသို့တွေးမိသည့်အခါ အေးစက်စက် အလင်းက သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းက ငါရှဲလင်းဇီကို အကွက်ဆင်ရဲမှတော့… ”

နောက်အခိုက်အတန့်မှာ သူ၏ အတွေးများက နှောင့်ယှက်ခံလိုက်ရပြီး သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။

သူ၏ အမူအရာက ချက်ချင်း တည်ကြည်လေးနက်သွားပြီး ခေါင်းငုံ့လိုက်ကာ အရိုအသေပေးလိုက်သည်။

“ ဆရာ ”

သူ၏ အရှေ့တွင် လူတစ်ယောက်က အမှောင်ထုမှ ထွက်လျှောက်လာသည်။

ထိုလူက အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူက မိုးကြိုးအပြစ်ပေးနန်းတော်၏ တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်သိက္ခာကြီးမြတ်သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။ သူက ထွက်လျှောက်လာပြီးနောက် သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီလောက် ညဉ့်နက်နေတာကို မင်းက ဘာလို့ အလျင်လိုနေတာလဲ ”

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက နှလုံးတုန်သွားသည်။ သူ၏ အရှေ့မှ ပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ်ပိုင်ရှင်၏ ဆရာဖြစ်သည်။ ထို့ပြင် တစ်ဖက်လူက မိုးကြိုးအပြစ်ပေးနန်းတော်၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်သည်။ သူက ဤမိုးကြိုးအပြစ်ပေးနန်းတော်ထဲမှာ ကြီးမားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။ ပုံမှန်အားဖြင့် ဆရာက သူ့ကို မထူးမခြားနား ဆက်ဆံသော်လည်း ဤအဖိုးအို၏ ဂုဏ်သိက္ခာကြီးမြတ်သော ပုံရိပ်က ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှာ နက်ရှိုင်းစွာ စွဲမြဲနေသည်။

အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ကိစ္စများတွင် ဖြစ်သည်။ ကြည့်ရသည်မှာ တစ်ဖက်လူက သူ၏ အစစ်အမှန်သရုပ်ကို စတင်သံသယဝင်နေပုံပေါ်သည်။

သို့ဖြစ်၍ ယခု သူက ဂရုစိုက်ရလိမ့်မည်။

ထိုသို့စဉ်းစားမိသောအခါ သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက ရိုသေစွာ ပြောသည်။

“ ဆရာ… ဒီတပည့်ရဲ့ ယန်စွမ်းအင်က အခုတလော အရမ်းပေါများနေတာကို သတိထားမိပါတယ်… ဒါကြောင့် ငါ့ရဲ့ မိုးကြိုးအတတ်ပညာကို ဟန်ချက်ညီစေဖို့အတွက် ညဘက်မှာ မိုးကြိုးရေကန်ဆီ သွားရောက်ကျင့်ကြံဖို့ စီစဉ်ထားပါတယ် ”

ယင်းကို အဖိုးအိုကြားသောအခါ သူ၏ အကြည့်က လျှပ်စီးတန်းပမာ သူ့အရှေ့မှ တပည့်ပေါ်သို့ ကျရောက်သွားသည်။

သူ၏ အကြည့်က အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိဟန် ရ၏။ ထို့နောက် သူ့တပည့်၏ ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်က အမှန်တကယ်ပင် သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ထက် ကျော်လွန်နေကြောင်း သူအတည်ပြုနိုင်သွားသည်။ သို့မှသာ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ဒီရက်ပိုင်း အင်မော်တယ်နန်းတော်ထဲမှာ ကောလဟာလတချို့ ပျံ့နှံ့နေတယ်… ဒါပေမဲ့ အင်မော်တယ်အရှင်သခင်၊ ခန်းမသခင်တွေနဲ့ အကြီးအကဲတွေက ဘာညွှန်ကြားချက်မှ မပေးကြဘူး… ဒါကြောင့် အဲ့ဒါကို နက်နက်ရှိုင်းရှိုင်း ငါမစုံစမ်းနိုင်ဘူး ”

“ တကယ်လို့ မင်းဆီမှာ သတင်းထူးတစ်ခုရှိမယ်ဆိုရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ ”

ထိုသို့ပြောပြီးနောက် အဖိုးအို၏ ပုံရိပ်က အမှောင်ထုနှင့် တစ်သားတည်းဖြစ်သွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အချိန်တစ်ခဏကြာအောင် စောင့်ဆိုင်းပြီးနောက် အဝေးသို့ လျှောက်သွားပြီး အမှောင်ထဲမှာ ပျောက်ကွယ်သွားသည်။

သူ၏ ပုံရိပ်က အမှောင်ထဲမှာ လုံးဝပျောက်ကွယ်သွားသည့်အခိုက် အစောနက အမှောင်ထဲသို့ ဝင်ရောက်သွားခဲ့သော အကြီးအကဲက ပြန်ပေါ်လာသည်။

သူက လေးနက်သော အဓိပ္ပာယ်နှင့်အတူ အဝေးသို့ စိုက်ကြည့်လိုက်သည်။

…..

သူ့အနောက်မှ အကြည့်က သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိအား ကြီးမားသော ဖိအားကို ခံစားမိစေသည်။

ကံကောင်းစွာဖြင့် ထိုအကြည့်က သိပ်မကြာမီ ပျောက်ကွယ်သွားသည်။

ယင်းက သူ့ကို စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်စေသည်။ ထို့နောက် သူက မြန်မြန်သွက်သွက် လျှောက်သွားသည်။

သူ၏ ဦးတည်ရာက မိုးကြိုးရေကန်၏ ဘေးမှ တာဝေးတည်နေရာပြောင်းရွှေ့အစီအရင် ဖြစ်သည်။

သူက စည်းချအစီအရင်ကို အသက်သွင်းရန် လိုအပ်သော အခြေအနေအားလုံးကို ဖမ်းဆုပ်ထားပြီးပြီ ဖြစ်သည်။

သို့ဖြစ်၍ ယနေ့ညတွင် သူက စည်းချအစီအရင်ထဲသို့ ဝင်ရောက်နိုင်ပြီး ယင်းကို အသက်သွင်းနိုင်သည်နှင့် သေချာပေါက် သတင်းပို့နိုင်လိမ့်မည်။

သူက ဤအခွင့်အရေးကို အသုံးချပြီး အင်မော်တယ်နန်းတော်ကို ပုန်ကန်လိမ့်မည်။

ယင်းက သူ၏ လမ်းစဉ်ဖြစ်သည်။ သူက ဤနန်းတော်ကို ပုန်ကန်ချင်သည်။ ယင်းက မူလသမိုင်းနှင့် သွေဖယ်နေလျှင်ပင် ကိစ္စမရှိပေ။ သူ၏ အစီအစဉ် အောင်မြင်သွားသရွေ့ ဤသမိုင်းအဖြစ်အပျက်က ကြေးမုံပုံရိပ်ဖြစ်နေလျှင်ပင် အရေးမကြီးပေ။

ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အာဏာစက်ဓားကျိုးကို အာဟာရဖြည့်ပေးနိုင်ပြီး ပိုပြီးကြီးထွားစေနိုင်မည်ဆိုလျှင် လုံလောက်ပေသည်။

“ ဒါပေမဲ့ အဲ့လိုဖြစ်ဖို့အတွက်ဆိုရင် ငါအသက်ရှင်မှဖြစ်မယ် ”

သူက တွေးတောစဉ်းစားနေရင်း မိုးကြိုးရေကန်ဆီသို့ နီးသထက် နီးကပ်သွားသည်။

မိုးကြိုးရေကန်ဆီသို့ သူနီးကပ်သွားသည်နှင့် အချိန်လေဟာနယ်အာဏာစက်ရှိသူများသာ အာရုံခံနိုင်သော လှိုင်းတစ်ခုက ပိုမိုအားကောင်းလာသည်။

ယင်းက အမှောင်ထဲမှ မီးရှူးတိုင်ကဲ့သို့ ထင်ရှားသည်။

ယင်းက ရွှီချင်း၏ စိတ်အာရုံထဲမှာ ပုံရိပ်ပြန်လာသည်။

ရွှီချင်းက စစ်တုရင်အရုပ်ကို စစ်တုရင်ခုံပေါ်မှာ တည်ငြိမ်စွာ နေရာချလိုက်သည်။

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ယနေ့ညမှာ မည်သည့်အရာကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း လီမုန့်တု၏ မူမမှန်က သူ့အား တွေးတောစဉ်းစားမိစေသည်။

ထို့ပြင် သူက ဤရက်များတွင် ပျံ့နှံ့နေသော ကောလဟာလများအပေါ် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က မည်သို့တုံ့ပြန်မည်ကို စောင့်ဆိုင်းနေခဲ့သည်။

ဤအခိုက်အတန့်မှာ အချိန်လေဟာနယ်အားလှိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှီချင်းက ရုတ်တရက် ပြောသည်။

“ ကျုံးချီ… မင်းတစ်ခုခုဖြစ်နေတာလား… မင်းပုံစံက ဂနာမငြိမ်သလိုပဲ ”

ယင်းကို ကြားသောအခါ ကျုံးချီက တစ်ခဏ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက သခင်လေး၏ အကြည့်ကို သတိထားမိသောအခါ ခါးသီးစွာ ပြုံးလိုက်သည်။

“ တကယ်ပါပဲ… သခင်လေးကို ငါဘာမှဖုံးကွယ်လို့ မရပါလား… ဟူး… မနေ့က ဝိညာဉ်ဖမ်းဆီးနန်းတော်က ရှောင်ဟွေ့ကို ငါဖွင့်ပြောခဲ့ပါတယ်… သူက ပွင့်ပွင့်လင်းလင်း မငြင်းပေမဲ့ စဉ်းစားဖို့ အချိန်လိုတယ်လို့ ပြောပါတယ်… အဲ့ဒီကတည်းက ငါက ဂနာမငြိမ်ဖြစ်နေတော့တာပဲ ”

ရွှီချင်းက ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ ကောင်းပြီ… မင်းစိတ်ထဲမှာ တစ်ခုခုရှိနေမှတော့ စစ်တုရင်ကစားလို့ ဘယ်ဖြစ်မလဲ… စတုတ္ထစီနီယာအကိုဆီ သွားပြီးတော့ ငါနဲ့ စစ်တုရင်ကစားဖို့ သွားဖိတ်ခေါ်ခဲ့ပါ… စတုတ္ထစီနီယာအကိုနဲ့ ကစားတာကမှ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလိမ့်မယ် ”

ကျုံးချီက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက အတွေးမလွန်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ မှတ်ဉာဏ်ထဲတွင် သခင်လေးက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသည်။ ထို့ကြောင့် အတိတ်မှာ သူတို့နှစ်ယောက်က အတူတူ စစ်တုရင်ကစားဖူးကြသည်။

သို့သော်လည်း မိုးသောက်အင်မော်တယ်အရှင်သခင်၏ အုပ်ချုပ်မည့်ကာလက မကြာခင် ကျရောက်လာတော့မည်ဖြစ်လေရာ အစစ်အမှန်ဦးသျှောင်သုံးယောက်က အရေးကြီးတာဝန်များနှင့်အတူ အပြင်သို့ ထွက်သွားကြသည်။ ထို့ကြောင့် အင်မော်တယ်နန်းတော်ထဲမှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်တစ်ယောက်တည်းသာ ကျန်ရှိသည်။ သို့ဖြစ်၍ သူက နန်းတော်ထဲမှ ကိစ္စများကို တစ်ယောက်တည်း ထမ်းဆောင်နေရလေရာ ယခင်ကဲ့သို့ စစ်တုရင်ကစားရန် သူ့မှာ အချိန်မရှိတော့ပေ။

‘ ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်… တကယ်လို့ ငါသာ သခင်လေးကို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ဖျက်ဆီးဖို့ သွေးဆောင်နိုင်မယ်ဆိုရင်… အဲ့ဒါက စိတ်ဝင်စားဖို့ကောင်းလိမ့်မယ် ’

ထိုအတွေးက ကျုံးချီ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက တုံ့ဆိုင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ ဘာဖြစ်လို့လဲ ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ သခင်လေး… အစစ်အမှန်ဦးသျှောင်က ဒီည အချိန်မပေးနိုင်လောက်ဘူး… ”

ကျုံးချီက အလျင်စလို ပြောသည်။

ရွှီချင်းက ကျုံးချီကို ကြည့်လိုက်သည်။

ကျုံးချီက သူ၏ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပြီး ဆက်ပြောသည်။

“ သခင်လေး… အစစ်အမှန်ဦးသျှောင်က ဒီည တစ်ခုခုဆောင်ရွက်တော့မယ်လို့ ငါကြားထားတယ် ”

ရွှီချင်းက အံ့ဩသွားသည်။

“ အဲ့ဒါကို ဘယ်သူ့ဆီကနေ မင်းကြားလာတာလဲ… ဘာကိစ္စကြီးလဲ ”

“ သခင်လေး ဒီရက်တွေမှာ ကောလဟာလသတင်းတွေကို မကြားမိဘူးလား… အဲ့ဒီနောက် သတင်းတစ်ခုက အစစ်အမှန်ဦးသျှောင်ရဲ့ ခန်းမကနေ ထွက်ပေါ်လာပါတယ်… သတင်းထဲမှာ ဖော်ပြထားတာက ဒီည အစစ်အမှန်ဦးသျှောင်က တစ်ယောက်ယောက်ကို ဖမ်းဆီးပါတော့မယ် ”

ကျုံးချီက ဂရုတစိုက် တွေးတောပြီးနောက် ပြောသည်။

ယင်းကို ရွှီချင်းကြားသောအခါ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကောလဟာလဆိုတာ တကယ်မဟုတ်ဘူး… အဲ့ဒါတွေကို ဘာလို့ ယုံကြည်ရမှာလဲ… ဒါ့အပြင် ထုံးစံအားဖြင့် ကောလဟာလဖြန့်တဲ့လူက အကျိုးအမြတ်အများဆုံး ရရှိတဲ့လူပဲ… အထူးသဖြင့် စတုတ္ထစီနီယာအကို ပါဝင်ပတ်သက်နေတဲ့ ကောလဟာလပဲ ”

“ စတုတ္ထစီနီယာအကိုက လက်တလောမှာ အင်မော်တယ်နန်းတော်ထဲက ကိစ္စတွေကို တစ်ယောက်တည်း ထမ်းဆောင်နေရတယ်… ဒီတော့ လူတချို့က သူ့အပေါ် မကျေမနပ်ဖြစ်ပြီး အပုပ်ချချင်တာ မထူးဆန်းပါဘူး… လူတိုင်းက အဲ့ဒီကောလဟာလကို ကြားပြီးနောက် ရယ်ကြလိမ့်မယ်လို့ ငါထင်ထားခဲ့တာ… သူတို့က အခုလိုမျိုး ဆွေးနွေးနေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး ”

“ မနက်ဖြန်ကျရင် ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါ… အင်မော်တယ်နန်းတော်ထဲမှာ အဲ့ဒီလိုကောလဟာလတွေ ဆက်မရှိရဘူး… အထူးသဖြင့် မင်း… ကိုယ့်ပါးစပ်ကိုယ် ဆင်ခြင်ပါ ”

ရွှီချင်းက သတိပေးလိုက်သည်။

ကျုံးချီက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့အရှေ့မှ သခင်လေးက ထိုကောလဟာလများကို ရိုးရှင်းစွာ တွေးတောနေကြောင်း အလွယ်တကူ သူပြောနိုင်သည်။

သို့ဖြစ်၍ သခင်လေးအား အသုံးပြုပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို အနိုင်ယူမည့် သူ့အစီအစဉ်က အလွန်ခက်ခဲကြောင်း ကျုံးချီ နားလည်သွားသည်။

သူက သဘောတူကြောင်း အမြန်ခေါင်းညိတ်လိုက်သည်။

သို့မှသာ ရွှီချင်း၏ အမူအရာက အနည်းငယ် ပြေလျော့သွားသည်။ သူက ကျုံးချီကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါနဲ့ မင်းက အတော်လေး သတင်းစုံတာပဲ… မင်းက သတင်းစုဆောင်းရတာကို အဲ့လောက်သဘောကျတာလား ”

ကျုံးချီက အံ့ဩသွားပြီး အမြန်ပြောသည်။

“ သခင်လေးကို အမှုထမ်းနေတဲ့အချိန် တစ်နေရာရာမှာ အထောက်အကူပေးနိုင်အောင်လို့ သတင်းစုဆောင်းတာပါ ”

ယင်းကို ကြားသောအခါ ရွှီချင်းက ပြုံးလိုက်သည်။

“ ကောင်းပြီ… မင်းငါ့နောက်ကို လိုက်ခဲ့တာ နှစ်တွေမနည်းတော့ဘူး… မင်းအကြောင်းကို ငါကောင်းကောင်း သိပါတယ်… မင်းက တကယ် အလုပ်ကြိုးစားတဲ့လူပဲ… ဒီရက်ပိုင်း မင်းရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေတာ ငါသတိထားမိတယ်… သွားပြီး ကောင်းကောင်း အနားယူလိုက်ပါ… ရှောင်ဟွေ့ကိစ္စနဲ့ပတ်သက်ပြီး မင်းကို ကူညီဖို့ မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို ငါအကြောင်းကြားလိုက်မယ် ”

ကျုံးချီက ဝမ်းသာပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက နောင်တရစွာ ထွက်သွားသည်။

ကျုံးချီ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထို့နောက် သူက မိုးကြိုးရေကန်၏ ဦးတည်ရာဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

သူ၏ စိတ်ထဲမှ အချိန်လေဟာနယ်လှိုင်းက ထိုနေရာမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးက မီးတောက်ပင်လယ်ပမာ တောက်လောင်နေသည်။

“ ကြည့်ရတာ ဒီဟာက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ ငါ့အပေါ် တုံ့ပြန်မှုဖြစ်နိုင်တယ် ”

“ တစ်ယောက်ယောက်က အဲ့ဒီမှာ သမိုင်းကို ပြောင်းလဲတော့မယ် ”

“ ဒါဆိုရင် ငါသွားသင့်လား မသွားသင့်ဘူးလား… ”

“ တကယ်လို့ ငါမသွားဘူးဆိုရင်… စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အဲ့ဒီလူကို အောင်မြင်စွာ တားဆီးနိုင်တဲ့အခါ သမိုင်းက အစီအစဉ်အတိုင်း ပြန်လည်ပတ်သွားလိမ့်မယ်… အဲ့ဒါက ငါ့လက်ထဲက ကျောက်ခဲတုံးတစ်တုံးကို ဆုံးရှုံးသွားတာနဲ့ အတူတူပဲ ”

ရွှီချင်းက မပြီးဆုံးသေးသော စစ်တုရင်ကစားပွဲကို ကြည့်လိုက်သည်။

သူက စစ်တုရင်အရုပ်တစ်ရုပ်ကို ကောက်ယူလိုက်ပြီး နေရာချလိုက်သည်။

အပြင်ဘက်မှ ညဉ့်နက်လေက ပိုပြီးကြမ်းတမ်းလာသည်။

ပုန်းကွယ်နေသော စစ်တုရင်ကစားပွဲထဲတွင် တစ်စုံတစ်ယောက်ကလည်း စစ်တုရင်အရုပ်ကို နေရာရွှေ့လိုက်သည်။

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက လေထဲမှာ မြန်ဆန်စွာ လျှောက်နေသည်။

သူ၏ အလျင်က တဖြည်းဖြည်း မြန်သထက် ပိုမြန်လာသည်။ နောက်ဆုံးမှာတော့ သူက မိုးကြိုးရေကန်ကို ဖြတ်ကျော်သွားပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ ဦးတည်သွားသည်။

သူက စည်းချအစီအရင်နှင့် ချက်ချင်း နီးကပ်သွားသည်။

သို့သော်လည်း စည်းချအစီအရင်၏ နယ်နိမိတ်ထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်က တုန်လှုပ်သွားသည်။ ဤသည်မှာ သဏ္ဍာန်မဲ့ချိပ်ပိတ်မှုက ဤနေရာကို လွှမ်းခြုံသွားသည့်အလားပင်။

အေးစက်မှုက သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ အသိစိတ်ကို ချိပ်ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာ တည်ငြိမ်သော အသံက ပဲ့တင်ထပ်လာသည်။

“ ရှဲလင်းဇီ… ငါမင်းကို စောင့်နေတာ အတော်ကြာပြီ ”

ဟင်းလင်းပြင်ထဲတွင် အမိန့်ကို ကိုယ်စားပြုသော သံကြိုးများက ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကြသည်။ ထိုသံကြိုးများ၏ အလယ်တွင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ပုံရိပ်က တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။

သူက အနားသို့ ချဉ်းကပ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။

သံကြိုးများက တုန်လှုပ်သွားပြီး တချွင်ချွင်မြည်သွားသည်။

ထိုမြည်သံက ဤလောက၏ အမိန့်ပေးသံနှင့် ဆင်တူသည်။ ယင်းက တုန်လှုပ်နေသော အချိန်လေဟာနယ်ကို ပြန်တည်ငြိမ်သွားစေပြီး အရာအားလုံးကို မူလလမ်းကြောင်းအပေါ် ပြန်ရောက်သွားစေသည်။

“ ကြယ်တာရာစက်ဝန်း ”

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိက ပြောသည်။

“ မင်းရဲ့ အာဏာစက်က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အာဏာစက်နဲ့ တူညီနေရင်တောင် ဘာဖြစ်လဲ ”

သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိ၏ စကားဆုံးသွားသည့်အခါ ထက်ရှသော ဓားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ဓားကျိုးက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

ဓားကျိုး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။

တစ်ချိန်တည်းမှာ သူတို့နှစ်ယောက် တိုက်ခိုက်တော့မည့်အချိန် မိုးကြိုးအပြစ်ပေးနန်းတော်ထဲ၌ သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိ၏ ဆရာဖြစ်သော အဖိုးအိုက စည်းချအစီအရင်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

အေးစက်စက် အပြုံးက သူ၏ နှုတ်ခမ်းထောင့်မှာ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ ကြယ်တာရာစက်ဝန်း… မင်းက ငါးမျှားနေတယ်… ငါကလည်း မင်းကို ငါးမျှားနေတယ်ဆိုတာ မင်းသိလား ”

All Chapters