မဖြေရှင်းနိုင်တဲ့အရာ
Vol. 106 Ch. 1633
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အမိန့်အာဏာစက်ကို ကျင့်ကြံသည်။ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ သူက တူညီသော တာအိုတုံ့ပြန်မှုနောက်သို့ လိုက်၍ ဤလမ်းစဉ်အား လျှောက်လှမ်းသူအားလုံးကို ရှင်းလင်းသုတ်သင်ပစ်ခဲ့သည်။
သူက ထိုနည်းဖြင့် သူ့ကိုယ်ပိုင်အာဏာစက်ကို သန့်စင်ခဲ့ပြီး ယင်းကို တမူထူးခြားစေခဲ့သည်။
သူမသေဆုံးသေးသရွေ့ ဤလောကထဲမှာ အမိန့်အာဏာစက်ကို ပိုင်ဆိုင်သူက သူမှလွဲ၍ အခြားတစ်ယောက် မရှိရပေ။
ဤအခိုက်အတန့်မှာ ဥပဒေသ(၁၃)ခုက ဒြပ်ထည်ဖွဲ့စည်းသွားသည်နှင့် ရှင်းလင်းသော သံစဉ်သုံးခုက ခေါင်းတလားများအတွင်းထဲမှ ပဲ့တင်ထပ်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားမှာ ပျံ့လွင့်သွားသည်။
“ ဒီနေရာမှာ လေမရှိရဘူး ”
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ကောင်းကင်နှင့် မြေပြင်ကြားမှ လေအားလုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။
လေမရှိတော့သည့်အခါ သဲမှုန်များနှင့် ဖုန်မှုန့်များက ကောင်းကင်ပေါ်မှ ပြန်ပြုတ်ကျလာကြသည်။
“ ဒီနေရာမှာ သဲမရှိရဘူး ”
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာ ဤနေရာမှ သဲနှင့် ဖုန်မှုန့်များက ဗလာနတ္ထိအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
သဲမုန်တိုင်းပျောက်ကွယ်သွားသည့်အခါ လေထဲတွင် မတ်တတ်ရပ်နေသော ဝတ်စုံနက်ပုံရိပ်က မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီအချိန်လေဟာနယ်ထဲမှာ အပြင်လူက ငါကလွဲပြီး တခြားတစ်ယောက် မရှိရဘူး ”
ယင်းက တတိယမြောက်အသံဖြစ်ပြီး နောက်ဆုံးစကား ဖြစ်သည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော အင်အားက ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ယင်းက အပနှင်သကဲ့သို့ အရာအားလုံးကို သန့်စင်ပစ်ပြီး ဖယ်ရှားပစ်နိုင်သည်။
ထိုအင်အားက ဝတ်စုံနက်ပုံရိပ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေစဉ် သူ၏ အသိစိတ်က ဖယ်ရှားခံနေရသည်။
ထိုခံစားမှုက သူ၏ မျက်လုံးကို နီရဲသွားစေသည်။ သို့သော်လည်း သူက ရုတ်တရက် ရယ်မောလိုက်သည်။
သူ၏ ရယ်သံက ရက်စက်ကြမ်းကြုတ်ပြီး အထင်သေးမှုဖြင့် ပြည့်နှက်နေသည်။
“ မင်းက တကယ့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်မဟုတ်သလို ဒီအင်မော်တယ်နန်းတော်ရဲ့ အရှင်သခင်လည်း မဟုတ်ဘူး… မင်းရဲ့ အမိန့်တွေက သက်ရောက်မှုမရှိနိုင်ဘူး ”
ဝတ်စုံနက်ပုံရိပ်၏ စကားဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသွားသည်။ ၎င်းက အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး ဤနေရာမှာ မတည်ရှိရန် တားမြစ်ခံထားရသော သဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။ သဲမှုန်များက ဤနေရာမှာ အတင်းအဓမ္မ ထွက်ပေါ်လာသည့်အခါ ဘေးပတ်ဝန်းကျင်က ယင်းကို တုံ့ပြန်သည့်အနေဖြင့် ပရမ်းပတာ လှုပ်ခတ်သွားသည်။
တစ်ချိန်တည်းမှာ ဂျူနီယာမိုးသောက်ခန်းမထဲတွင် ရွှီချင်းက သူ့အရှေ့မှ စစ်တုရင်ခုံကို မှောက်လှန်ပစ်လိုက်သည်။ ထိုအခါ စစ်တုရင်အရုပ်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားကြသည်။
စစ်တုရင်အရုပ်များက ကြမ်းပြင်နှင့် ထိတွေ့သွားသည့်အခါ အသံအမျိုးမျိုး ထွက်ပေါ်လာကြသည်။ ထိုအသံများက ခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ လောကက မှောက်လှန်ခံလိုက်ရသည့်အလားပင်။
သီးခြားတည်ရှိနေသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က သဲကန္တာရအဖြစ် ပြောင်းလဲသွားသည်။
အဝါရောင်သဲမှုန်များက ပေါ်လျှိုးလာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ အဆုံးမဲ့စွာ ဆန့်တန်းသွားသည်။
အဝေးမှကြည့်လျှင် သဏ္ဍာန်မဲ့လက်တစ်ဖက်က အဝါရောင်သဲကန္တာရပေါ်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာဟန် ရသည်။
နောက်အခိုက်အတန့်မှာ အရွယ်အစားကြီးမားသော လင်းယုန်တစ်ကောင်က သဲကန္တာရထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ၎င်းက စူးရှသော အော်မြည်သံနှင့်အတူ အတောင်ပံဖြန့်ထုတ်လိုက်ပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ထိုးသုတ်လိုက်သည်။
ထို့နောက် ဧရာမကြံ့တစ်ကောင်က ထွက်ပေါ်လာပြီး မိုးခြိမ်းသံပမာ ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ၎င်းက အလွန်ချွန်ထက်သော ဦးချိုနှင့်အတူ အရှေ့သို့ ဒုန်းစိုင်းပြေးသွားသည်။
ထို့နောက် ကောင်းကင်ဘုံစစ်သည်တော်များနှင့်ဆင်တူသော မရေမတွက်နိုင်သည့် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ၎င်းတို့က စစ်ပွဲအတွက် အသင့်ဖြစ်နေကြသည့်အလား အလွန်ပြင်းထန်သော လွှမ်းမိုးဖိနှိပ်မှုကို ထုတ်လွှတ်နေကြသည်။
ထိုမြင်ကွင်းက အလွန်အံ့ဩဖွယ်ကောင်းပြီး သဲကန္တာရပေါ်မှ ပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော မဟာနေတစ်စင်းက သဲပန်းချီကားကို နောက်ခံထား၍ ထွက်ပေါ်လာသည်။ နေလုံးထဲတွင် နတ်ဘုရားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက နေနတ်ဘုရား ဖြစ်သည်။
ထို့နောက် တောက်ပသော လစန္ဒာက ဆင်းသက်လာသည်။ လစန္ဒာထဲမှ လနတ်ဘုရား၏ အကြည့်က ဤလောကပေါ်သို့ ကျရောက်လာသည်။
ထို့နောက် စာလုံးများက သဲကန္တာရပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ပုံပြင်ပြောနေသည့်အလား မသဲကွဲသော ပုံရိပ်တစ်ခုက အကြမ်းဖျဉ်း ထွက်ပေါ်လာသည်။
ထိုမျှသာ မဟုတ်ပေ။ သဲပန်းချီကားက နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။
ဤတစ်ကြိမ်တွင် ဓားကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူ့ထံမှ ဓားစိတ်ဆန္ဒက လောကကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။
ထို့နောက် နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။
သူက နေ၊ လ၊ ကြယ်များ၏ ရှေးဦးအရင်းအမြစ်ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဧကရာဇ်ဝတ်စုံနှင့် သရဖူကို ဆောင်းထားသည်။
ထိုဧကရာဇ်က ဝမ်ကူးကုန်းမြေမှ မဟုတ်ပေ။ ၎င်းက ပေဖန်းခေတ်ကောင်းကင်ဟုခေါ်သော လောကထံမှ ဧကရာဇ်ဖြစ်သည်။
ပုံရိပ်အားလုံးက ရောင်ဝါထွန်းလင်းတောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။
ရလဒ်အနေဖြင့် သဲကန္တာရက ဝုန်းခနဲ မြည်သွားပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။ သဲကန္တာရတစ်ခုလုံးက ပြိုကွဲသွားပြီး ပျောက်ကွယ်သွားသည်။
မကြာမီ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က နေရာမှာ ပြန်ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်း၏ အမူအရာက မည်းမှောင်နေသည်။ သဲကန္တာရ ပျောက်ကွယ်သွားသည်နှင့် ရှဲလင်းဇီ၏ ဓားကျိုးအရှိန်အဝါသည်လည်း ပျောက်ကွယ်သွားသည်။
သူလိုအပ်သော အချိန်က ကုန်ဆုံးသွားသည်။
လေထဲတွင် ဝတ်စုံနက်ပုံရိပ်၏ အရှိန်အဝါက အားနည်းနေသည်။ သူက အနောက်ဆုတ်သွားပြီး ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်ကာ နေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
“ မင်းက ဒီနေရာကို ရောက်လာပြီး ငါ့အစီအစဉ်ကို နှောင့်ယှက်ခဲ့တယ်… ဒီလိုဆိုမှတော့… ”
ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှ အေးစက်မှုက ပိုပြီးပြင်းထန်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝတ်စုံနက်ပုံရိပ်ကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ အသံက အမိန့်အသံအဖြစ် ပြောင်းလဲသွားပြီး အလွန်ကျယ်ပြောသော စည်းချအစီအရင်အဖြစ် ပြောင်းလဲသွားသည်။ သံကြိုးများက လေထဲမှာ ထွက်ပေါ်လာကြပြီး ပိုပြီးအံ့ဖွယ်ကောင်းသော စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ စည်းချအစီအရင်နှစ်ခုက ငွေရောင်အလင်း တောက်ပလာသည့်အခါ အချင်းချင်း ယှက်ထွေသွားကြသည်။
စည်းချအစီအရင်နှစ်ခုက အတူတကွ လှည့်ပတ်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အမိန့်စွမ်းအားက ပေါ်လျှိုးလာသည်။ ယင်းက ဖယ်ရှားခြင်းနှင့် သန့်စင်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဝတ်စုံနက်ပုံရိပ်ကို လွှမ်းခြုံသွားသည်။
ချက်ချင်းဆိုသလို သံကြိုးများက စည်းချအစီအရင်ထဲမှ ပျံသန်းထွက်လာကြပြီး ဝတ်စုံနက်ပုံရိပ်ကို ရစ်ပတ်လိုက်ကြသည်။ ထို့နောက် အမိန့်အသံနှင့်အတူ မှော်သင်္ကေတများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ရွေ့လျားသွားကြသည်။
ဖယ်ရှားသော စိတ်ဆန္ဒက အားအင်အပြည့် ထွက်ပေါ်လာသည်။
သို့သော်လည်း ဝတ်စုံနက်ပုံရိပ်ကို လျော့မတွက်နိုင်ပေ။ သူက အားနည်းနေသည့်တိုင် ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်ထားဆဲပင်။
နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းက ဝတ်စုံနက်ပုံရိပ်ထံမှ ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။
ထို့နောက် လောကက နောက်တစ်ကြိမ် ရွှေ့ပြောင်းခံလိုက်ရပြီး ကောင်းကင်နှင့် ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
သို့သော်လည်း ကောင်းကင်က အောက်ဘက်မှာရှိပြီး ပင်လယ်က အပေါ်မှာ ရှိသည်။ ကောင်းကင်နှင့် ပင်လယ်ကြားတွင် ငါးများက ကူးခတ်နေကြသည်။
အရာအားလုံးက ပြောင်းပြန်ဖြစ်နေသည်။
ထို့နောက် ဧရာမရွှံ့ရုပ်တုတစ်ခုက ကောင်းကင်ကို ပုံရိပ်ပြန်နေသော ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။
တစ်ခုက အစစ်အမှန်ဖြစ်ပြီး တစ်ခုက အတုအယောင်ဖြစ်သည်။
ယင်းက အမှန်တရားနှင့် အလိမ်အညာကို ကိုယ်စားပြုသည်။
ယင်းက ရွှံ့မြေခွေး၏ နတ်ဘုရားအခွင့်အာဏာဖြစ်ပြီး ပြောင်းပြန်အမှားအမှန် ဖြစ်သည်။
နောက်အခိုက်အတန့်မှာ အရာအားလုံးက ပျောက်ကွယ်သွားသည်။ ထိုထဲမှာ ဝတ်စုံနက်ပုံရိပ်လည်း ပါဝင်သည်။
သံကြိုးများသာ လေထဲတွင် ကျန်ရှိနေပြီး ဦးတည်ရာမဲ့စွာ ရွေ့လျားနေကြသည်။ သံကြိုးတချို့က အချင်းချင်း ပွတ်တိုက်သွားပြီး တချွင်ချွင်မြည်သံကို ထုတ်လွှတ်လိုက်သည်။
ဖယ်ရှားခြင်းက အောင်မြင်သွားသလို ကျရှုံးသွားခဲ့သည်။
အောင်မြင်သည်ဟု ပြောရခြင်းမှာ ဖယ်ရှားခြင်းက အမှန်တကယ် အသက်ဝင်ခဲ့သည်။
ကျရှုံးသည်ဟု ဆိုရခြင်းမှာ ဖယ်ရှားခံလိုက်ရသည်ဟူသော အချက်က အတုအယောင်ဖြစ်နေသည်။
သို့သော်လည်း ကြယ်တာရာစက်ဝန်းမှာ မည်သူနည်း။ ဝတ်စုံနက်ပုံရိပ်၏ သရုပ်ကို ထုတ်ဖော်ခြင်းက သူ့အတွက် မဖြစ်နိုင်သောအရာ မဟုတ်ပေ။
“ မြေခွေးမိန်းမပျိုလေး ”
ကြယ်တာရာစက်ဝန်းက ခေါင်းလှည့်လိုက်ပြီး ဂျူနီယာမိုးသောက်ခန်းမ၏ ဦးတည်ရာကို လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက တိမ်မည်းကဲ့သို့ နက်မှောင်နေသည်။ သို့သော်လည်း သူက ပိုပြီးအရေးကြီးသော ကိစ္စအပေါ် ပြန်အာရုံစိုက်လိုက်သည်။ အစောနက မြေခွေးမိန်းမပျိုလေး၏ ဝင်နှောင့်ယှက်မှုကြောင့် ရှဲလင်းဇီအပေါ် သူ၏ တိုက်ခိုက်မှုက နှောင့်နှေးသွားခဲ့သည်။
ထိုအခါ ယင်းက မဖြေရှင်းနိုင်သောအရာ ဖြစ်သည်။
ကောင်းကင်ယံတွင် အကန့်အသတ်မဲ့ဒေါသဖြင့် ပြည့်နှက်နေသော ပုံရိပ်တစ်ခုက ဤနေရာဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာနေသည်။ သူ၏ အနောက်တွင် တဂျိန်းဂျိန်းမြည်နေသော မိုးကြိုးမုန်တိုင်းက လိုက်ပါလာသည်။
ထိုပုံရိပ်သည် သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိ၏ ဆရာဖြစ်သော အဖိုးအိုမှလွဲ၍ တခြားမဟုတ်ပေ။
သူက မိုးကြိုးအပြစ်ပေးနန်းတော်၏ အကြီးအကဲဖြစ်သည်။
သူ၏ အမူအရာက အလွန်အရုပ်ဆိုးပြီး သူ၏ ဒေါသက အလွန်ပြင်းထန်သည်။ သို့သော်လည်း သူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။
သူက တကယ့်ရှဲလင်းဇီ ဖြစ်သည်။
သူက စတုတ္ထအလွှာဆီသို့ နောက်ကျမှ ရောက်လာသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် အဓိကအာရုံစိုက်ခဲ့သည်။
ထို့နောက် သူက လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြု၍ သူ့တပည့်၏ စိတ်အာရုံကို တဖြည်းဖြည်း ပြောင်းလဲပစ်ကာ သူ့ကိုယ်သူ ရှဲလင်းဇီဟု ယုံကြည်စေသည်။
သူက အာဏာစက်သံမဏိဓားကျိုးကိုပင် သူ့တပည့်၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းခဲ့သေးသည်။ ထိုနည်းဖြင့် တစ်ဖက်လူက ပြစ်ချက်မဲ့သော သူ့ကိုယ်ပွားဖြစ်လာပြီး အကောင်းဆုံး ငါးစာဖြစ်လာနိုင်လိမ့်မည်။
ထို့နောက် သူက အမှောင်ထဲမှာသာ ပုန်းအောင်းနေပြီး သူ့တပည့်နှင့်ပတ်သက်၍ နောက်ထပ် မည်သည့်ကမ္မကိုမှ မဖန်တီးခဲ့ပေ။
သူ့ကိုယ်သူ ရှဲလင်းဇီဟု ယုံကြည်နေသော ထိုတပည့်က ရှဲလင်းဇီ၏ အကျင့်စရိုက်ဖြစ်သော ကိစ္စများကို မလွဲဧကန် သေချာပေါက် ဆောင်ရွက်လိမ့်မည်။
ဥပမာ သစ္စာဖောက်ခြင်း။
အစက သူစီစဉ်ထားသည်မှာ ယနေ့ညတွင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို မျှားခေါ်ရန် သူ့တပည့်ကို အသုံးပြုမည်။ တစ်ဖက်မှာတော့ သူက ဤအခွင့်အရေးကို အသုံးချပြီး နန်းတော်ကို သစ္စာဖောက်လိမ့်မည်။
သူက ထိုအတွက် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
သို့သော်လည်း နောက်ဆက်တွဲ အဖြစ်အပျက်များက သူ့ကို စိတ်ပြောင်းသွားစေသည်။
သူက ပိုပြီးခမ်းနားသော အစီအစဉ်ကို ရှာတွေ့သွားသည်။
ထို့ကြောင့် သူက မိုးကြိုးမုန်တိုင်းနှင့်အတူ အလွန်မြန်ဆန်စွာ ပျံသန်းလာသည်။ တစ်ချိန်တည်းမှာ သူက သူ၏ တည်ရှိမှုကို မဖုံးကွယ်ထားပေ။ သို့ဖြစ်၍ အင်မော်တယ်နန်းတော်ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤဖြစ်စဉ်ကို သတိထားမိသွားကြသည်။ သူတို့၏ အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထံသို့ ကျရောက်သွားကြသည်။
ဤအခိုက်အတန့်မှာ သူက စည်းချအစီအရင်ထံသို့ ချဉ်းကပ်သွားသည်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အသံက ခေါင်းလောင်းမြည်သံပမာ အင်မော်တယ်နန်းတော်ထဲ၌ ပဲ့တင်ထပ်သွားသည်။
“ အစစ်အမှန်ဦးသျှောင်… မင်းဘာလို့ ငါ့တပည့်ကို သတ်လိုက်တာလဲ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း အင်မော်တယ်နန်းတော်က ဆူပူအုံကြွသွားသည်။
မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
စည်းချအစီအရင်က ပြိုကွဲသွားသည်နှင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် မိုးကြိုးအပြစ်ပေးနန်းတော်မှ ဒေါသထွက်နေသော အကြီးအကဲက လေထဲမှာ အထင်အရှား ထွက်ပေါ်လာကြသည်။
မြေပြင်ပေါ်တွင်တော့ သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းအရာရှိ၏ အလောင်းရှိသည်။
“ ငါ့တပည့်က မိုးကြိုးအလင်းကို ရယူဖို့ မိုးကြိုးရေကန်ဆီ သွားခဲ့ပေမဲ့ ဒီနေရာမှာ အသတ်ခံလိုက်ရတယ်… သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမိန့်အာဏာစက်ရဲ့ အမှတ်အသားတွေက အခုထိ ရှိနေတုန်းပဲ… အစစ်အမှန်ဦးသျှောင်… သူ့ကို မင်းသတ်လိုက်တာ ထင်ရှားတယ် ”
“ အစစ်အမှန်ဦးသျှောင်… ကျေးဇူးပြုပြီး ငါ့ကို ရှင်းပြပေးပါ… ငါ့တပည့်က ဘာလို့အသတ်ခံရတာလဲ… သူက အင်မော်တယ်နန်းတော်ကို ဆန့်ကျင်တဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့လို့လား ”
“ တကယ်လို့ သူက အင်မော်တယ်နန်းတော်ကို ထိခိုက်စေမယ့် ကိစ္စတစ်ခုကို လုပ်ခဲ့တယ်ဆိုရင် ဒီအဖိုကြီးက ဘာမှမကန့်ကွက်ဘူး ”
“ တကယ်လို့ အစစ်အမှန်ဦးသျှောင်က အဲ့ဒါကို မပြောနိုင်ဘူးဆိုရင်… မင်းက အစစ်အမှန်ဦးသျှောင်တစ်ပါး ဖြစ်နေရင်တောင် ငါ့တပည့်ကို အကြောင်းမဲ့သက်သက် သတ်ပစ်တဲ့အတွက် ရှင်းပြချက်တစ်ခု ပေးရမယ်… အပေါ့ဆုံး အပြစ်ဒဏ်က အကျဉ်းချခံရမှာဖြစ်ပြီး အကြီးလေးဆုံး အပြစ်ဒဏ်က တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်ကျခံမှာဖြစ်တယ် ”
ကောင်းကင်ယံတွင် အဆုံးမဲ့သော ဒေါသကို သယ်ဆောင်ထားသော ရှဲလင်းဇီ၏ အသံက ပဲ့တင်ထပ်သွားသည်။
ကြယ်တာရာစက်ဝန်းက နှုတ်ဆိတ်သွားသည်။
ယင်းက တွက်ချက်ထားသော လှုပ်ရှားမှုဖြစ်ကြောင်း သူနားလည်သည်။
ဤခန္ဓာကိုယ်ပိုင်ရှင်က လူချစ်လူခင်ပေါများသည့်တိုင်အောင် ယင်းက ဤအခိုက်အတန့်မှာ အသုံးမဝင်တော့ပေ။ အချိန်ကို နောက်ပြန်ဆုတ်လျှင် ဤနေရာမှ အဖြစ်အပျက်က ထင်ရှားစွာ ထွက်ပေါ်လာလိမ့်မည်။
ဤလူက အမှန်တကယ်ပင် သူ၏ အသတ်ခံခဲ့ရသည်။ ထို့ပြင် အချိန်ကို နောက်ပြန်ဆုတ်သည့်အခါ တခြားလူများကို သူမသိစေချင်သော ကိစ္စက ထွက်ပေါ်လာလိမ့်မည်။
ယခု သူ၏ အရှေ့မှ အရေးကြီးဆုံး ပြဿနာက ထိုတပည့်က မှားယွင်းစွာ အသတ်ခံရခြင်းဟုတ်မဟုတ် ဖြစ်သည်။
အကယ်၍ ထိုတပည့်က မှားယွင်းနေသည်ဆိုလျှင် သူ့ကို သတ်လိုက်ခြင်းက မှန်ကန်သောအရာဖြစ်ကြောင်း သူသက်သေပြနိုင်လိမ့်မည်။
သို့သော်လည်း မည်သည့်မှားယွင်းမှုမဆို ယင်းက နန်းတော်ကို ပုန်ကန်မှုအဖြစ် အလွယ်တကူ သတ်မှတ်ခံရလိမ့်မည်။ အကယ်၍ ထိုပုန်ကန်မှုက သူ၏ နှုတ်မှ ထွက်ပေါ်လာမည်ဆိုလျှင် ထိုတပည့်၏ ပုန်ကန်မှုက အောင်မြင်သွားသည်ဟု သတ်မှတ်ခံရလိမ့်မည်။ ယင်းက အချိန်လေဟာနယ်ကို ဖရိုဖရဲဖြစ်စေလိမ့်မည်။
ယင်းက ပုဂ္ဂိုလ်ရေးမကျေနပ်မှုအရ လက်စားချေခြင်းဖြစ်စေ သို့မဟုတ် တခြားမုန်းတီးမှုကြောင့်ဖြစ်စေ သူ၏ အရှေ့မှာ ရှဲလင်းဇီကိုယ်တိုင် ထွက်ပေါ်လာခြင်းက မည်မျှ သူစိတ်ဆုံးဖြတ်ထားကြောင်း ပေါ်လွင်ထင်ရှားသည်။ အကယ်၍ ကြယ်တာရာစက်ဝန်းက ရန်ငြိုးကြောင့် တစ်ဖက်လူကို သတ်ပစ်လိုက်သည်ဟု ဝန်ခံလိုက်မည်ဆိုလျှင် သူက အများပြည်သူ၏ စစ်ဆေးမှုအောက်မှာ သေချာပေါက် အကျဉ်းချခံရလိမ့်မည်။
ထိုသို့ဖြစ်လာမည်ဆိုလျှင် သူက နောက်တစ်လအထိ သူ၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးသွားပြီး အချိန်လေဟာနယ်ကို နှောင့်ယှက်ချင်သော အပြင်လူများကို တားဆီးနိုင်တော့မည် မဟုတ်ချေ။
ယင်းက ကစားပွဲတစ်ခုလုံးကို ရှုံးသွားခြင်းနှင့် မခြားပေ။
သို့ဖြစ်၍ သူက ဆုံးရှုံးမှုအနည်းဆုံးဖြစ်သော လမ်းကြောင်းကို ရွေးချယ်လိုက်သည်။
ယင်းမှာ ထိုတပည့်က အင်မော်တယ်နန်းတော်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် ကိစ္စတစ်ခုအား ဆောင်ရွက်ခဲ့ကြောင်း သူကြေညာရန် ဖြစ်သည်။
ကြယ်တာရာစက်ဝန်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
အကယ်၍ မြေခွေးမိန်းမပျိုလေး၏ နှောင့်ယှက်မှုသာမရှိလျှင် ရှဲလင်းဇီကို ဖြေရှင်းရန် သူ့မှာ အချိန်အလုံအလောက် ရှိလိမ့်မည်။ သို့ဆိုလျှင် သူက ယခုကဲ့သို့ ကျဉ်းထဲကျပ်ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ဤလူ၏ အသိစိတ်က ပြောင်းလဲခံထားရကြောင်း သူပြောနိုင်သည်။ သို့သော်လည်း ရှဲလင်းဇီက သူ့အရှေ့မှာ ပြပွဲလုပ်နေသည်။ အကယ်၍ သူက စိတ်မကျေနပ်ဘူးဆိုလျှင် ကိစ္စများကို ပိုကြီးထွားစေပြီး သူ့အား သက်သေအထောက်အထားများကို ထုတ်ဖော်ခိုင်းလိမ့်မည်။
တစ်ဖက်လူ၏ အသိစိတ်က ပြောင်းလဲခံထားရကြောင်း သူသက်သေပြနိုင်လျှင်ပင် အသတ်ခံရသည့် အကြောင်းအရင်းသည်တော့ ရှင်းပြရန် ခက်ခဲလိမ့်မည်။
အကယ်၍ လက်တလောမှာ ကောလဟာလများ မထွက်ပေါ်လာခဲ့လျှင် သူ့မှာ တခြားရွေးချယ်စရာတစ်ခု ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း ထိုကောလဟာလများထဲမှာ သူက ပါဝင်ပတ်သက်နေသည်။ အကယ်၍ သူသာ တစ်ဖက်လူ၏ အသိစိတ်က ပြောင်းလဲခံထားရကြောင်း သက်သေပြလိုက်မည်ဆိုလျှင် ထိုကောလဟာလများက အမှန်ဖြစ်ကြောင်း ကိုယ်တိုင်ထောက်ခံလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
ဤစက္ကန့်ပိုင်းလေးအတွင်းမှာ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက် ကြယ်တာရာစက်ဝန်းက ခေါင်းမော့လိုက်ပြီး လေထဲမှ ရှဲလင်းဇီကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဂျူနီယာမိုးသောက်ခန်းမ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက အမူအရာကင်းမဲ့စွာဖြင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်သည်။ သူထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ အေးစက်စက်အသံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဒီလူက နန်းတော်ကို သစ္စာဖောက်ခဲ့တယ်… သက်သေက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ကျောက်စိမ်းတုံကင်ပဲ… ဒါကြောင့် ငါသူ့ကို သုတ်သင်လိုက်တာ ”
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ရှဲလင်းဇီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားကျိုးက ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို ထုတ်လွှတ်လိုက်ကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသွားသည်။ တစ်ဆက်တည်းမှာ သူနှင့် ဓားကျိုးကြားမှ ဆက်သွယ်မှုက ပိုပြီးအားကောင်းလာသည်။
တစ်ချိန်တည်းမှာ အချိန်လေဟာနယ်မုန်တိုင်းက ပေါ်လျှိုးလာပြီး အချိန်လေဟာနယ်ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။ တခြားလူများ အာရုံမခံနိုင်သော ထိုဝဲကတော့က မိုးခြိမ်းသံနှင့်အတူ စတင်လှည့်ပတ်လာသည်။
ရလဒ်အနေဖြင့် တစ်ခါမှမဖြစ်ဖူးသော လှိုင်းဂယက်များက ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာ ဂျူနီယာမိုးသောက်ခန်းမထဲတွင် ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော စစ်တုရင်အရုပ်များကို တိတ်တဆိတ် လိုက်ကောက်နေသည့် ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။
သူက ညင်သာစွာ ပြုံးလိုက်သည်။
သူ၏ ညာလက်ထဲတွင် လက်တစ်ဆုပ်စာရှိသော သဲက ဗလာနတ္ထိထဲမှ ထွက်ပေါ်လာသည်။
ယင်းက အချိန်လေဟာနယ်သဲမှုန် ဖြစ်သည်။ သဲတစ်မှုန်စီမှာ အချိန်လေဟာနယ်၏ နက်နဲသိမ်မွေ့သော ဥပဒေသများ ပါဝင်သည်။
အကယ်၍ ရွှီချင်းသာ ထိုသဲမှုန်များကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူ၏ အချိန်လေဟာနယ်အာဏာစက်အပေါ် ကျွမ်းကျင်မှုက သိသိသာသာ မြင့်တတ်သွားလိမ့်မည်။
ယင်းက ရှဲလင်းဇီ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အချိန်လေဟာနယ်လှိုင်းထမှုမှ ရွှီချင်းရရှိလာသော ဆုလာဘ်ဖြစ်သည်။