← Chapters

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

"သိုင်းသခင် နယ်ပယ်အဆင့်ကို ဘယ်သူ ချိုးဖျက်သွားတာလဲ"

ကျန်းချန်က ပေထောင်ချီ အကွာရှိ သိုင်းသခင်နယ်ပယ် အဆင့် အရှိန်အဝါ ထွက်ပေါ်လာသည့် နေရာကို လှမ်းကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေတွင် သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်ဖို့ အလားအလာအရှိဆုံး သူများမှာ ဘုရင်အဆင့် ပါရမီရှင်များ ဖြစ်သည်။

အင်အားစုနှစ်စုတွင် ​ဘုရင်အဆင့် ပါရမီရှင် ငါးယောက် ရှိ၏။

စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့်ပါရမီ နှစ်ယောက်က ဤနေရာတွင်ရှိနေပြီး ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် သုံးယောက်ထဲမှ တစ်ယောက်ကို သူက သတ်ပစ်ခဲ့သည်။

ကျန်ရှိသည့် ကျောယွင်ဖန်နှင့် လောရှင်း တို့သည် သူ မထွက်လာခင် ဥက္ကာခဲ ကျောင်းဆောင်ကနေ ထွက်သွားခဲ့၏။

၎င်းတို့က ဤမျှ မြန်မြန်ဆန်ဆန် သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်နိုင်မည်ဟု သူမထင်ပေ။

ကျန်းချန် မသေမချာ ဖြစ်နေချိန်တွင် အဝေးကောင်းကင်ယံမှ အင်အားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အပြာရောင်ပုံရိပ်တစ်ခုသည် လေထဲကို အလျင်အမြန် တက်လာခဲ့သည်။

အပြာရောင်ပုံရိပ်က အပြာရောင်လျှပ်စီးကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း ကျန်းချန်နှင့် တခြားသူများ၏ ရှေ့သို့ ရောက်လာခဲ့၏။

"ကျောယွင်ဖန်"

အပြာရောင်ပုံရိပ်၏ ရင်းနှီးသော မျက်နှာကို မြင်လျှင် ကျန်းချန် မှင်တက်သွားခဲ့သည်။

သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ခဲ့သည့် လူက ကျောယွင်ဖန် ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

"ကျောယွင်ဖန်.. မင်းက အချိန်ကိုက်ကို ရောက်လာတာပဲ"

"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိုင်းသခင်နယ်ပယ်ရဲ့ အင်အားထက် မနိမ့်ဘူး.. ငါတို့ အတူတူ ပူးပေါင်းပြီး သူ့ကို ရှင်းပစ်လိုက်ရအောင်"

ရောက်ရှိလာသောသူက ကျောယွင်ဖန် ဖြစ်မှန်း သိလျှင် စန်းယာ ချက်ချင်းဆိုသလို ပျော်ရွှင်သွားခဲ့သည်။

ယခုအခါ ကျောယွင်ဖန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်၏။

သူနှင့် ကျောယွင်ဖန်သာ လက်တွဲခဲ့လျှင် ကျန်းချန်၌ သိုင်းသခင်နယ်ပယ် အဆင့် အင်အားရှိနေလျှင်ပင် ယနေ့တွင် မုချ သေရပေမည်။

"ကောင်းပြီ"

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန် ကြောက်မက်ဖွယ်ကောင်းမှန်း ကျောယွင်ဖန်လည်း သိသည်။

သူက သိုင်းသခင် နယ်ပယ်အဆင့်ကို ချိုးဖျက်ခဲ့သော်လည်း ကျန်းချန်ကို အနိုင်ရမည်ဟု မသေချာပေ။

ထို့ကြောင့် စန်းယာနှင့် လက်တွဲခြင်းသည် သေချာပေါက် အလုံခြုံဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။

"ကျန်းချန်.. ငါ ဥက္ကာခဲ ကျောင်းဆောင်ကနေ ထွက်လာပြီးကတည်းက ဒီနေ့အတွက် သိုင်းသခင် နယ်ပယ်အဆင့်ကို ချိုးဖျက်ခဲ့တယ်"

"အခုမင်းနဲ့ ငါ့ကြားက အငြိုးတွေကို ရှင်းပစ်ဖို့ အချိန်တန်ပြီ"

ကျောယွင်ဖန်က စန်းယာ၏ ဘေးတွင် ပေါ်လာပြီး စန်းယာနှင့် ဘေးချင်း ယှဉ်ရပ်လိုက်သည်။

သူက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

သူ့တစ်ကိုယ်လုံးတွင် ရုန့်ရင်းသော လူသတ်ငွေ့များ ထုတ်လွှတ်နေသည်။

"စန်းယာဆိုတဲ့ ခွေးသားက ရေနဂါးဂိုဏ်းက ကျောယွင်ဖန်နဲ့ ပူးပေါင်းပြီး ညီလေးကျန်းချန်ကို ရှင်းပစ်ဖို့ ကြံစည်ရဲတယ်"

"သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ နှစ်ယောက်နဲ့ ရင်ဆိုင်ရမှာဆိုတော့ ညီလေးကျန်းချန် အန္တရာယ်ရှိနေပြီ"

သူတို့ရှေ့မှ အခြေအနေကို လှမ်းကြည့်ရင်း ကျောက်ယွိလုံတို့လူစု၏ မျက်နှာက သိပ်မကောင်းတော့ပေ။

ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြင့် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်ခဲ့သည်မှာ အတော်လေး ချီးကျူးဖို့ ကောင်းနေပြီ ဖြစ်သည်။

သို့သော်လည်း သိုင်းသခင်နယ်ပယ် ပထမ အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ရင်ဆိုင်ရန်မှာမူ မလွယ်ကူပေ။

"ငါတို့တွေ ညီလေးကျန်းချန် အတွက် တစ်ယောက်ကို ထိန်းထားဖို့ ကူညီကြစို့"

ကျောက်ယွိလုံ၏ မျက်လုံးထဲတွင် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

သူက ဟုန်ကွမ်းတို့ သုံးယောက်နှင့်အတူ ကျန်းချန်၏ ဘေးသို့ရောက်လာခဲ့သည်။

"ညီလေးကျန်း.. ငါတို့ မင်းကို ကူညီမယ်"

"အစ်ကိုကျောက်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

"သူတို့နှစ်ယောက်လုံးက သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ပြီးသွားပြီ.. အကိုကျောက်တို့ ရင်ဆိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ဘာမှထူးမှာ မဟုတ်ဘူး"

ကျန်းချန် ခေါင်းခါပြီး ချက်ချင်းဆိုသလို ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့.. သူတို့နှစ်ယောက်လုံး ပေါင်းတိုက်ရင်တောင် ကျွန်တော့်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

"ကျန်းချန်.. သေခါနီးနေတာတောင် မာနထောင်လွှားရဲတယ်"

"ဒီနေ့ ငါတို့နှစ်ယောက်ရဲ့ လက်ထဲမှာ မင်း ဘယ်လို အသက်ရှင်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"ကျောယွင်ဖန်.. အတူတူ တက်ကြစို့"

စန်းယာက မဲ့ပြုံး ပြုံးလိုက်သည်။

သူ့ထံမှ သိုင်းသခင်နယ်ပယ်အဆင့် အရှိန်အဝါသည် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့၏။

စန်းယာဘေးမှ ကျောယွင်ဖန်ကလည်း တုံ့ဆိုင်းမနေဘဲ သိုင်းသခင်နယ်ပယ်အဆင့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ အရှိန်အဝါသည် တောင်ကြီးနှစ်လုံးကဲ့သို့ ကျန်းချန်ကို ဖိနှိပ်ထားခဲ့၏။

တိမ်တိုက် ဝါးမျိုနည်းစနစ်၊

နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်ရဲ့ သွေးစွမ်းအား၊

ကျန်းချန်၏ မျက်လုံးထဲတွင် အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။

သူက လျှို့ဝှက်နည်းစနစ်နှင့် သွေးစွမ်းအားကို တိုက်ရိုက် ထုတ်ဖော်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အထွတ်အထိပ် အထိ မြှင့်တင်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ ခြောက်ကပ်ကပ် ရယ်သံသည် တောင်တစ်ခုလုံးကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဟားဟား စန်းယာ.. မင်းနဲ့ ကျောယွင်ဖန်တို့ရဲ့ အစွမ်းက ဒီလောက်ပဲလား.. ဘာပဲဖြစ်ဖြစ် ဒီီနေ့ မင်းတို့နှစ်ယောက်ကို ငါအတူတူ မိုက်ဇာတ်သိမ်းပေးမယ်"

အခန်း(၇၆၃) ပြီး၏

အခန်း(၇၆၄)

ကျန်းချန် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ထို့နောက် ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့် ကောင်းကင်ခုတ်ပိုင်း ဓားသိုင်းကို ဓားဆန္ဒ တတိယအဆင့် ခွန်အားနှင့် ပေါင်းစပ်ကာ ထုတ်ဖော်လိုက်၏။

ချက်ချင်းဆိုသလို လေထုထဲတွင် ဓားရောင်များ ပြည့်နှက်သွားခဲ့ပြီး အရာအားလုံးကို ချိုးဖျက်နိုင်သည့် အင်အားကြီးမားသော ဓားစွမ်းအားနှင့် စန်းယာတို့ နှစ်ယောက်၏ အင်အားက ထိပ်တိုက် ဆုံမိသွားကြသည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။

ပတ်ဝန်းကျင်မှ လူအားလုံးသည် တိုက်ခတ်လာသော စွမ်းအင်လှိုင်းများကြောင့် ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ရုတ်တရက် ဖြူဖျော့သွားကြသည်။

ထိုအချိန်တွင် လေထုထဲမှ စန်းယာနှင့် ကျောယွင်ဖန်တို့ နှစ်ယောက်စလုံးသည် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရ၏။

သူတို့က သူတို့ကို ခြေလှမ်း ဆယ်လှမ်း နောက်ဆုတ်သွားစေသည့် ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

"ညီလေးကျန်း.. တကယ်ပဲ ရင်ဆိုင်နိုင်ခဲ့တယ်"

ကျောက်ယွိလုံတို့ လူစုသည် သူတို့ရှေ့မှ မြင်ကွင်းကို လှမ်းကြည့်ရင်း အလွန်ပင် အံ့သြသွားကြသည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟု သူတို့ သိသော်လည်း ဤမျှလောက် အထိ ကြောက်မက်ဖွယ် ကောင်းမည်ဟု မထင်ထားပေ။

ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြင့် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို ရင်ဆိုင်နိုင်ခဲ့သည်။

သိထားရမည်မှာ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်​ယောက်သည် ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက် ဖြစ်၏။

ဘုရင်အဆင့် ပါရမီရှင်များသည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်များ ရှိကြသည်။

သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်ပြီးနောက်တွင် သူတို့၏ အင်အားသည် သာမန် သိုင်းသခင်နယ်ပယ် ပထမ အဆင့်ထက် များစွာ သာလွန်ကြ၏။

သို့သော်လည်း ကျန်းချန်သည် သူ၏ကိုယ်ပိုင် စွမ်းရည်ဖြင့် ရင်ဆိုင်နိုင်ဆဲပင်။

ဤကဲ့သို့ ပုံမှန်မဟုတ်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို စကားလုံးဖြင့် ဖော်ပြရန်ပင် အလွန် ခဲယဥ်း၏။

"ကျန်းချန်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်း အင်အားကြီးမားတယ်ဆိုတာ ငါဝန်ခံတယ်...ငါတို့ စိတ်ကူးထားတာထက်တောင် ပိုအားကောင်းတယ်"

"ဒါပေမဲ့ မင်း ဘယ်လောက်ပဲ အင်အားကြီးပါစေ.. ဒီနေ့ သေချာပေါက် သေရမယ်"

စန်းယာနှင့် ကျောယွင်ဖန်တို့သည် သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ကြသည်။

ကျန်းချန်ကို လှမ်းကြည့်နေသည့် သူတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်က တဖြည်းဖြည်း ပြင်းထန်လာ၏။

သူတို့နှစ်ယောက်က သူတို့၏ အင်အားအကြီးဆုံး စွမ်းရည်များကို တစ်ချိန်တည်းနီးပါး ထုတ်ဖော်လိုက်ကြသည်။

"တစ္ဆေလက်ဝါးသိုင်း"

"ကတိပျက်ဓားသိုင်း"

သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ ကောင်းကင်အဆင့် တိုက်ကွက်များသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ကာ လျှပ်စီးလို အမြန်နှုန်းဖြင့် ကျန်းချန်ဆီ ဝင်ရောက်သွားခဲ့သည်။

သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာက တည်ငြိမ်နေခဲ့၏။

ရုတ်တရက် သူက သူ့လက်ထဲမှ သွေးနဂါးဓားကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ ကမ္ဘာကို လွှမ်းမိုးနိုင်သည့် အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဟားဟား စန်းယာ.. ငါ့အသက်ကို ယူဖို့ မင်းတို့နှစ်ယောက်မှာ အရည်အချင်း မရှိသေးဘူး"

"မင်းတို့က ဘုရင်အဆင့် ပါရမီရှင်တွေဖြစ်ပြီး သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်တော့ရော ဘာဖြစ်လဲ... ငါ ကျန်းချန် မင်းတို့ကို သတ်ချင်ရင် တစ်ကွက်ပဲ လိုအပ်တယ်"

ကျန်းချန်က မာနထောင်လွှားစွာ ရယ်မောလိုက်သည်။

သူ၏ သွေးနဂါးဓားက အစိမ်းရောင်အလင်းများ ဝန်းရံလျက် လေထဲတွင် တောက်ပနေခဲ့၏။

"အချိန်နဲ့ အာကာသ ဓားနယ်မြေ"

စန်းယာနှင့် ကျောယွင်ဖန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် အချိန်ကြာမြင့်လာသည်နှင့်အမျှ သူ့ဘက်က ထိခိုက်လာနိုင်မှန်း သိထားခဲ့သည်။

ထို့ကြောင့် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ဥက္ကာခဲဓားအင်ပါယာ၏ ဒဏ္ဍာရီဆန်သော အချိန်နှင့် အာကာသ ဓားနယ်မြေကို တိုက်ရိုက် အသုံးပြုခဲ့သည်။

အခုလက်ရှိ သူ နားလည်ထားသည့် အချိန်နဲ့ အာကာသ ဓားနယ်မြေသည် တကယ့် အချိန်နှင့် အာကာသ ဓားနယ်မြေလောက် အင်အားမကြီးသော်လည်း သူ့ရှေ့မှ နှစ်ယောက်ကို ကိုင်တွယ်ဖို့အတွက်မူ လုံလောက်၏။

ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် ထောင်ပေါင်းများစွာသော အပြာရောင်ဓားဆန္ဒများသည် ကောင်းကင်ကနေ တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ထိုအပြာရောင်ဓားဆန္ဒများသည် ဆယ်ပေအချင်းဝက်ရှိသည့် အပြာရောင်ဓားနယ်မြေအဖြစ် စုစည်းသွားခဲ့ပြီး စန်းယာနှင့် ကျောယွင်ဖန် တို့နှစ်ယောက်စလုံးကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့၏။

ထိုသို့ အပြာရောင်ဓားနယ်မြေကို ဖော်ထုတ်လိုက်သော အချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်က ကုန်ခန်းသွားခဲ့ပြီး မျက်နှာကလည်း ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

အခန်း(၇၆၄) ပြီး၏

အခန်း(၇၆၅)

အချိန်နှင့် အာကာသ ဓားနယ်မြေ၏ သက်ရောက်မှု ဆိုးကျိုးကြောင့် သူ့ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများ ကုန်ခန်းသွားခဲ့သည့်အပြင် ကိုယ်တွင်းအင်္ဂါများပါ ထိခိုက်သွားခဲ့သည်။

ကျန်းချန်က သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရ၏။

သူက ချက်ချင်း ဆိုသလို ပဉ္စမအဆင့် ခွန်အားဖြည့် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တော့မှသာ သူ၏ ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

"အချိန်နဲ့ အာကာသ ဓားနယ်မြေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"

သူ့ခန္ဓာကိုယ်ထဲမှ အခြေအနေကို ခံစားရင်း ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။

ဤအချိန်နှင့် အာကာသ ဓားနယ်မြေသည် သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများကို ကုန်ခမ်းစေရုံသာမက အတွင်းအင်္ဂါများကိုပါ အပြင်းအထန် ထိခိုက်စေခဲ့သည်။

ဥက္ကာခဲဓားအင်ပါယာက အချိန်နှင့် အာကာသဓားနယ်မြေကို လုံးဝ ကျွမ်းကျင်သွားလျှင် အင်ပါယာအဆင့်အောက်တွင် မည်သူ့ကိုမှ မရှုံးနိမ့်နိုင်ဟု အဘယ်ကြောင့် ဆိုလိုသည်ကို ကျန်းချန်က နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်၏။

သူ၏ လက်ရှိအင်အားဖြင့် အချိန်နှင့် အာကာသဓားနယ်မြေအင်အား၏ ၁ ရာခိုင်နှုန်းသာ ကျွမ်းကျင်ခဲ့သည့်တိုင် ဆိုးကျိုးကို ဤမျှအထိ ခံစားခဲ့ရသည်။

အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အင်အားသာ ယခုထက် ပို၍ အားကောင်းခဲ့လျှင် လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ရန်သူကို မရှင်းပစ်နိုင်ခင် တန်ပြန် သက်ရောက်မှု ဆိုးကျိုးကြောင့် သေဆုံးသွားမည်ကိုပင် စိုးရိမ်ရ၏။

အချိန်နှင့် အာကာသ ဓားနယ်မြေကို တကယ်ပဲ ပြီးပြည့်စုံသော အဆင့်အထိ ကျင့်မည်ဆိုလျှင် အနည်းဆုံး နတ်သန္ဓေအင်ပါယာ အဆင့် ဖြစ်ရပေမည်။

နတ်သန္ဓေအင်ပါယာ အဆင့်ဖြင့် အချိန်နှင့် အာကာသ ဓားနယ်မြေကိုသာ လုံးဝ ကျွမ်းကျင်သွားလျှင် ပကတိအင်ပါယာအဆင့်အောက်ရှိ လူနည်းစုကသာ ယှဥ်နိုင်တော့မည် ဖြစ်သည်။

"အချိန်နဲ့ အာကာသ ဓားနယ်မြေကို အတင်းအကြပ် ဖိအားပေးမခံရသ၍ အလွယ်တကူ ထုတ်သုံးလို့ မဖြစ်ဘူးထင်တယ်"

၁ ရာခိုင်နှုန်းမျှ အစွမ်းသည်ပင် ခန္ဓာကိုယ်ကို အားနည်းသွားစေပြီး ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေခဲ့သည်။

ပို၍ အရေးကြီးသည်မှာ တစ်ခါ ထုတ်သုံးပြီးတိုင်းတွင် အတွေ့အကြုံ ရမှတ်အချို့ကို ရရှိကာ အချိန်နှင့် အာကာသ ဓားနယ်မြေ၏ စွမ်းအားကို တိုးတက်စေသော အချက် ဖြစ်သည်။

လုံလောက်သည့် ကျင့်ကြံခြင်းအဆင့် မရှိဘဲ မကြာခဏ ထုတ်သုံးနေသည်က ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိခိုက်စေမည်မှာ သံသယဝင်စရာ မရှိချေ။

"ဝုန်း.. ဝုန်း"

ကျန်းချန်က နှလုံးသားထဲတွင် စိတ်ခံစားမှုအပြည့်ဖြင့် ရှိနေစဥ်မှာပင် ရုတ်တရက် လေထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။

အချိန်နှင့် အာကာသ ဓားနယ်မြေကနေ ဖြစ်ပေါ်လာသည့် စိမ်းပြာရောင် အကာအကွယ်ကို စန်းယာနှင့် ကျောယွင်ဖန် တို့၏ အားကောင်းသော တိုက်ခိုက်မှုများက တိုက်ရိုက်ပင် ပြင်းပြင်းထန်ထန် ထိမှန်သွားသည်ကို သူ မြင်လိုက်ရသည်။

စိမ်းပြာရောင် အကာအကွယ်က သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ နှစ်ဦး၏ ကောင်းကင်အဆင့် တိုက်ကွက်များကြောင့် နှစ်ကြိမ်တိုင်တိုင် လှုပ်ခတ်သွားပြီးနောက်တွင် ချက်ချင်းဆိုသလို ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ဤအချိန်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ရှိနေသည့် စန်းယာတို့ နှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများကို နားမလည်နိုင်သည့် အင်အားတစ်ခုက ဝါးမျိုနေသလို ချက်ချင်း ခံစားမိခဲ့၏။

ထို့အပြင် သူတို့ပတ်ဝန်းကျင်ရှိ အချိန်၏ အရှိန်အဟုန်က ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပိုမြန်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ရုတ်တရက် သူတို့နှစ်ယောက်သည် အသက်အနည်းငယ် ကြီးလာသလို ခံစားလိုက်ရ၏။

"ဒါ.. ဒါက ဘယ်လို စွမ်းအားမျိုးလဲဟ"

စိမ်းပြာရောင် ဓားနယ်မြေ၏ စွမ်းအားကို ခံစားမိလျှင် စန်းယာတို့ နှစ်ယောက်သည် ရုတ်တရက် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

သူတို့က သူတို့ပတ်ပတ်လည်မှ စိမ်းပြာရောင် အကာအကွယ်ကို အရူးအမူး တိုက်ခိုက်လိုက်ကြ၏။

သူတို့ မည်သို့ပင် တိုက်ခိုက်ပါစေ၊ အချိန်နှင့် အာကာသ ဓားနယ်မြေကြောင့် ဖြစ်ပေါ်လာသည့် စိမ်းပြာရောင် အကာအကွယ်သည် ကျောက်သားထုထည်လို ခိုင်မာနေဆဲပင်။

အချိန်ကြာလာသည်နှင့် အမျှ နှစ်ယောက်စလုံး၏ အင်အားသည် လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာကလည်း လျင်မြန်စွာ အိုမင်းလာခဲ့၏။

ဆယ့်ငါးမိနစ်ပင် မကြာလိုက်ဘဲ စန်းယာတို့ နှစ်ယောက်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေး အဖြစ်ကနေ ဆံဖြူ အဘိုးအိုများ ဖြစ်လာခဲ့ကြသည်။

ဤအချိန်တွင် စန်းယာ နှင့် ကျောယွင်ဖန်တို့၏ အရေပြားများ တွန့်နေသော မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့၏။

အဆုံးသတ်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားအောက်၌ သူတို့၏ အသက်များ ဆုံးရှုံးသွားခဲ့ပြီး ခြောက်သွေ့နေသော ရုပ်အလောင်းနှစ်ခုသည် လေထဲကနေ ပြုတ်ကျလာခဲ့သည်။

စန်းယာနှင့် ကျောယွင်ဖန်၏ လေထဲကနေ ပြုတ်ကျလာသည့် ရုပ်အလောင်းများကို ကြည့်ရင်း ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။

ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် လူတိုင်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သည့် ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်သည် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ ထူးဆန်းသော ဓားသိုင်းဖြင့် အသတ်ခံလိုက်ရသည်။

"ဒီကမ္ဘာမှာ ဒီလို ကြောက်စရာကောင်းတဲ့ မွန်းစတားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ"

အခန်း(၇၆၅) ပြီး၏

All Chapters