← Chapters

အခန်း (၇၅၁-၇၅၃)

Vol. 51 Ch. 751-753

အခန်း (၇၅၁-၇၅၃)

Vol. 51 Ch. 751-753

ကျန်းချန်တို့ အဖွဲ့က ဘယ်ဘက်မှ ပထမဆုံး ကျောက်တံခါးထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်ကို မြင်လျှင် ကျောယွင်ဖန်သည် ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက် သူက သူ၏ အရှေ့မှ ကျောက်တံခါးရှစ်ချပ်ကို ခဏလောက် ပြန်၍ အကဲခတ်ကြည့်လိုက်သည်။

ကျောယွင်ဖန်၏ ထပ်မံ ဝေဖန်ပိုင်းခြားလိုက်သော ရလဒ်သည် ယခင်ကနှင့် ထပ်တူနီးပါးပင် ဖြစ်၏။

သူ၏ တွက်ချက်မှုအရ ဘယ်ဘက်မှလပထမဆုံးတံခါးသည် အမှန်တကယ်ပင် သေတံခါး ဖြစ်သည်။

"ဒီကောင် ကြည့်ရတာ နောင်တတရားရဲ့ တံခါးရှစ်ချပ် အစီအရင်ကို နားမလည်တဲ့ပုံပဲ.. မဟုတ်ရင် သောက်ရူးထပြီး သေတံခါးထဲကို ဝင်သွားမှာ မဟုတ်ဘူး"

ကျောယွင်ဖန်က စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

နောင်တတရား၏ တံခါးရှစ်ချပ် အစီအရင်တွင် အသက်တံခါးမှလွဲ၍ ကျန်ရှိသည့် တံခါးခုနစ်ချပ်စလုံးသည် အန္တရာယ်ရှိ၏။

ထိုအထဲတွင် သေတံခါးသည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် အန္တရာယ်အရှိဆုံး တံခါး ဖြစ်သည်။

ကျန်းချန် နှင့် တခြားသူများ ထိုကဲ့သို့ သေတံခါးထဲကို ဝင်သွားသည်မှာ ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာဖွေသည်နှင့် မခြားပေ။

ကျောယွင်ဖန်က နောင်တတရား၏ တံခါးရှစ်ချပ် အစီအရင်ကို အသေအချာ တွက်ချက်နေသော အချိန်တွင် လောရှင်းသည် ရုတ်တရက် ကျောယွင်ဖန်ဘေးသို့ လျှောက်လာခဲ့သည်။

"အကိုကျော နာရီဝက်က မကြာခင် ပြည့်တော့မယ်.. ကျွန်တော်တို့ သူတို့နောက်ပဲ လိုက်သွားရင် ကောင်းမလား"

"ဒီကောင် ကျန်းချန်က အစီအရင်ကို လုံးဝ နားလည်တဲ့ကောင် မဟုတ်ဘူး.. သူက အန္တရာယ်အရှိဆုံး သေတံခါးထဲကို ဖင်ယားပြီး ဝင်သွားတာ ငါတို့က ဘာလို့ သူနဲ့အတူ လိုက်သေပေးရမှာလဲ"

ကျောယွင်ဖန်က မထီမဲ့မြင် အမူအရာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူက ညာဘက်ရှိ ပထမဆုံး ကျောက်တံခါးကို လှမ်းကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့ တွက်ချက်မှုအရ ညာဘက်မှာရှိတဲ့ ပထမဆုံး တံခါးက အသက်တံခါး ဆိုတာ အသေအချာပဲ.. ငါတို့ ဝင်ကြစို့"

ထိုစကားကို ပြောပြီးနောက်တွင် ကျောယွင်ဖန်သည် ညာဘက်ရှိ ပထမဆုံး ကျောက်တံခါး ဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

သူ၏ နောက်ကနေ လောရှင်းနှင့် ရေနဂါးဂိုဏ်းမှ တပည့်ခြောက်ယောက်သည် အလျင်အမြန်ပင် လိုက်ပါသွားခဲ့ကြသည်။

ဤသို့ဖြင့် ကျောယွင်ဖန်နှင့် သူ့အဖွဲ့သား ခုနစ်ယောက်သည် ညာဘက်ရှိ ပထမဆုံး ကျောက်တံခါးထဲသို့ ဝင်သွားခဲ့ရာ ကျယ်ပြန့်သော လျှို့ဝှက်လမ်း တစ်ခုသည် သူတို့၏ မြင်ကွင်းရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ထိုလမ်းထဲတွင် အလင်းရောင်က မှိန်ပျပျသာ ရှိပြီး မြွေဆိုးများ၏ တွန်သံများကလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

ထို့အပြင် လျှို့ဝှက်လမ်းတစ်ခုလုံးသည် အေးစက်စက် အငွေ့အသက်ကို ထုတ်လွှတ်နေသောကြောင့် သူတို့အားလုံးသည် စိတ်မသက်မသာ ဖြစ်နေခဲ့ကြသည်။

"အားလုံးပဲ သတိထားကြ.. ဒီလျှို့ဝှက်လမ်းက မလွယ်ကူလောက်ဘူး"

ကျောယွင်ဖန်က တည်ကြည်စွာ ပြောလိုက်ပြီး လူတိုင်းကိုရှေ့ဆုံးကနေ ဦးဆောင်သွားခဲ့သည်။

သို့သော် ပေတစ်ရာခန့် မလျှောက်ရသေးခင်မှာပင် သူတို့၏ ရှေ့တွင် လမ်းအသွယ်သွယ်ကို မြင်လိုက်ရ၏။

ကျောယွင်ဖန်က ရှေ့ကို ဆက်လက်သွားရန် အတွက် အလယ်တွင်ရှိသည့် လမ်းကို ရွေးချယ်လိုက်သည်။

ရလဒ်အနေဖြင့် သူတို့သည် မြွေအသိုက် တစ်ခုထဲသို့ ရောက်ရှိသွားခဲ့ပြီး ဧရာမ အနက်ရောင်မြွေ ဆယ်ကောင်ကျော်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရ၏။

ထိုအနက်ရောင် ဧရာမမြွေများ၏ အဆင့်သည် ပဉ္စမအဆင့်ကိုရောက်ရှိနေပြီး အားအနည်းဆုံးမြွေပင် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်ပြီး အားအကောင်းဆုံးမြွေသည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူကို ယှဥ်နိုင်၏။

ကျောယွင်ဖန်က အတော်လေး အားစိုက်ထုတ်၍ ထိုအနက်ရောင် ဧရာမမြွေများကို ရှင်းလင်းပြီးနောက်တွင် အရှေ့ကို ဆက်လက်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ကျောယွင်ဖန်တို့ အုပ်စုသည် ဧရာမ အနက်ရောင်မြွေထက် ကိုင်တွယ်ရခက်ခဲသည့် ထူးခြားသောမြွေများနှင့် ရင်ဆိုင်ခဲ့ရသည်။

သူတို့အဖွဲ့က ထိုမြွေများနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲပြီးနောက်တွင် အဆုံးသတ်၌ ထိုထူးဆန်းသော မြွေများကိုရှင်းလင်းနိုင်ခဲ့သည်။

တစ်လမ်းလုံး အန္တရာယ်များကို ဆက်တိုက် ရင်ဆိုင်ခဲ့ရ၍ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အစောပိုင်းတွင် ရှိသည့်ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

"အကိုကျော..ဒီလျှို့ဝှက်လမ်းက အရမ်းအန္တရာယ်များတာပဲ..ကျွန်တော်တို့ ဒီလမ်းထဲ ဝင်ပြီး သိပ်မကြာခင်မှာပဲ မြွေတွေနဲ့ နှစ်ခါတောင် ကြုံခဲ့ရပြီးပြီ.. ဒီအတိုင်းဆက်သွားရင် ကျွန်တော်တို့ ဒီကနေ ထွက်ဖို့ ခက်ခဲမယ် ထင်တယ်"

ဤအချိန်တွင် ကျောယွင်ဖန်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

လျှို့ဝှက်လမ်း၏ မြေမျက်နှာသွင်ပြင်သည် အလွန်ပင်ရှုပ်ထွေးပြီး အလင်းရောင်ကလည်း မှိန်ပျပျသာရှိ၍ အခြေအနေကို စစ်ဆေးရန်အတွက် အတော်ပင် ခက်ခဲလွန်းနေသည်။

သူတို့အနေဖြင့် ဤနေရာက ထွက်ရန် မလွယ်ကူသည့် အပြင် အခါအားလျော်စွာ မြွေဆိုးများ၏ တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရ၏။

နောက်ထပ် နှစ်ကြိမ် သုံးကြိမ်ခန့် မြွေများနှင့် ထပ်တွေ့ခဲ့လျှင် မခုခံနိုင်တော့မည်ကိုပင် သူစိုးရိမ်နေမိသည်။

"ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုအတွက် ရရှိမဲ့ ဆုလာဘ်တွေက အရမ်းကြွယ်ဝတယ်.. ဒါကြောင့် စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ မလွယ်ကူတာ ထုံးစံပါပဲ.. ငါရွေးချယ်လိုက်တဲ့ တံခါးက အသက်တံခါးလို့ ငါယုံကြည်တယ်.. ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စန်းလန် အဖွဲ့အစည်းရဲ့ အခြေအနေထက် ငါတို့ အခြေအနေက အဆတစ်ရာ ပိုကောင်းမှာပဲ"

ကျောယွင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"အားလုံးပဲ အားတင်းထားကြ..ငါတို့တွေ ဒီအဆင့်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ"

အခန်း(၇၅၁)ပြီး၏။

အခန်း(၇၅၂)

ကျောယွင်ဖန်က ‌ရေနဂါးဂိုဏ်း၏ တပည့်အချို့ကို ယုံကြည်မှုအပြည့်ဖြင့် ပြောပြီးနောက် လူအုပ်ကြီးကို ဦးဆောင်ကာ လျှို့ဝှက်လမ်းထဲသို့ ဆက်လက် လျှောက်သွားခဲ့သည်။

သူက ရေနဂါးဂိုဏ်း၏ တပည့်များကို ညာဘက်ရှိ ပထမတံခါးကနေ လျှို့ဝှက်လမ်းထဲ ခေါ်ဆောင်လာပြီး ရုန်းကန်နေရချိန်တွင် ဘယ်ဘက်ရှိ ပထမတံခါးကနေ ဝင်ရောက်လာသည့် ကျန်းချန်သည် အလွန်ချောမွေ့စွာ ရှေ့ဆက်နေလိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည့် ကျောယွင်ဖန်သည် ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။

တစ်လမ်းလုံးတွင် ကျန်းချန်သည် မည်သို့သော အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရချေ။

ထို့အပြင် ကျန်းချန်သည် ယင်ယန်ပါ့ကွ သ‌ဘောတရားများကို ပေါင်းစပ် ရောနှောထားသည့် နောင်တတရား၏ တံခါးရှစ်ချပ်အစီအရင် တစ်ခုလုံးကို နားလည်ထား၍ လျှို့ဝှက်လမ်း တစ်ခုလုံး၏ အစီအစဥ်ကို ကောင်းကောင်းကြီး သိထားခဲ့သည်။

သူ၏ အစီအရင်နားလည်မှုအပေါ် အခြေခံပြီး လျှို့ဝှက်လမ်းထဲရှိ မှန်ကန်သော လမ်းကြောင်းကို အလျင်အမြန်ပင် ရှာတွေ့ခဲ့၏။

နာရီဝက် မပြည့်ခင်မှာပင် ကျန်းချန်သည် ကျောက်ယွိလုံနှင့်တခြားသူများကို လျှို့ဝှက်လမ်းထဲသို့ ချောမွေ့စွာ ခေါ်ဆောင်သွားပြီး လမ်း‌၏အဆုံးရှိ ကြေးတံခါးကြီး တစ်ခု ဆီသို့ ဝင်ရောက်သွားခဲ့သည်။

ကြေးတံခါးကို ကျော်ဖြတ်လာပြီးနောက်တွင် သူတို့လူစုသည် ခန်းမတစ်ခုထဲသို့ ရောက်လာခဲ့သည်။

ထိုခန်းမသည် သူတို့ ဒုတိယအဆင့်ကို မဝင်ခင်ကနှင့် ဆင်တူသော ခန်းမတစ်ခု ဖြစ်၏။

ဤခန်းမတွင်လည်း ရှေ့ကကဲ့သို့ပင် တူညီသော ကျောက်တံခါး ရှစ်ချပ် ရှိနေခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုအခြေအနေလဲဟ"

ထိုမြင်ကွင်းကိုမြင်လျှင် ကျောက်ယွိလုံနှင့် တခြားသူများသည် တုန်လှုပ်သွားခဲ့ကြသည်။

"ငါတို့အရင်နေရာကို ပြန်ရောက်သွားတာများလား"

"ဒါက ငါတို့အရင်ရှိခဲ့တဲ့ ခန်းမနဲ့မတူဘူး"

ကျန်းချန်က သူ့ရှေ့မှ ကျောက်တံခါးရှစ်ချပ်ကို စူးစိုက်၍ ကြည့်လိုက်ပြီးနောက်တွင် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒုတိယအဆင့်မှာ လျှို့ဝှက်လမ်းက တစ်ခုထက်ပိုပြီး ရှိပုံရတယ်.. ဒါက နောက်ထပ် လျှို့ဝှက်လမ်းတစ်ခုပဲ"

"ညီနောင်ကျန်း..ငါတို့အခု ဘယ်တံခါးကို ဝင်ရမှာလဲ"

‌ကျောက်ယွိလုံတို့လူစုက ကျန်းချန်ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့အားလုံးက ကျန်းချန်ကို သူတို့အဖွဲ့၏ အားကိုးရာ အဖြစ်သတ်မှတ်ထားသည်မှာ ထင်ရှားနေ၏။

ကျန်းချန်က ကျောက်တံခါး ရှစ်ချပ်ကို အတန်ကြာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ကျောက်ယွိလုံတို့ ဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။

"အခု ဘယ်အချိန်လောက်ရှိပြီလဲ.."

ကျောက်ယွိလုံက ခဏမျှမှင်တက်သွားပြီးမှ ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။

"နှစ်နာရီဝန်းကျင်လောက်တော့ ရှိပြီ"

"ဒါဆို တစ်နာရီလောက် နားပြီး နောက်ထပ် သုံးနာရီကျမှပဲ လျှို့ဝှက်လမ်းထဲကို ဝင်ကြစို့"

ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီးနောက် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးပိတ်၍ အတွင်းအားကျင့်နေခဲ့သည်။

ယခင် အတွေ့အကြုံအရ ကျောက်ယွိလုံတို့ လူစုသည် ကျန်းချန်၏ ဆုံးဖြတ်ချက်ကို လုံးဝ ယုံကြည်ထားခဲ့ကြသည်။

ထို့ကြောင့် ကျန်းချန်၏ ဆုံးဖြတ်ချက်ကို အထွန့်တက်မနေဘဲ သူတို့သည်လည်း ခန်းမထဲတွင် တင်ပျဥ်ခွေထိုင်ကာ အတွင်းအား ကျင့်နေခဲ့ကြသည်။

ဤသို့ဖြင့် နာရီဝက်က တစ်ခဏအတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

ရုတ်တရက်ဆိုသလို တိတ်ဆိတ်နေသည့် ခန်းမထဲတွင် လေထုကို ဖြတ်သန်းလာသည့် အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

သိပ်မကြာခင်မှာပင် ကျောယွင်ဖန် ဦးဆောင်သည့် ရေနဂါးဂိုဏ်းမှ တပည့်များသည် အဆုံးသတ်တွင် ပထမ လျှို့ဝှက်လမ်းကို ဖြတ်ကျော်ကာ ကျန်းချန်တို့လူစု ရှိနေသည့် ခန်းမထဲတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

သို့သော် အလွယ်တကူ ဖြတ်ကျော်လာခဲ့သည့် ကျန်းချန်တို့အုပ်စုနှင့် နှိုင်းယှဥ်လျှင် ကျောယွင်ဖန်တို့အဖွဲ့၏ အခြေအနေသည် ပိုမို၍ ဆိုးရွားသည်မှာ ထင်ရှားနေ၏။

ကျောယွင်ဖန်တို့ ခုနစ်ယောက်အုပ်စုတွင် ယခုအခါ၌ ခြောက်ယောက်သာ ကျန်ရှိတော့သည်။

ကျောယွင်ဖန် အပါအဝင် လူတိုင်းသည် မျက်နှာများ ဖြူဖျော့နေပြီး ဖရိုဖရဲ ဖြစ်နေခဲ့သည်။

ကျန်ရှိသည့် ခြောက်ယောက်ထဲမှ တစ်ယောက်ဆိုလျှင် လက်တစ်ဖက်ကိုပင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

"နောက်ဆုံးတော့ ဒီအဆင့်ကို‌ ကျော်လွှားနိုင်ခဲ့ပြီ"

ခန်းမထဲကို ရောက်လာပြီးနောက် ကျောယွင်ဖန်သည်အဆုံးသတ်တွင် သက်ပြင်းချကာ ရေရွတ်လိုက်သည်။

သူက ခန်းမထဲကို မျက်လုံးဝေ့ကြည့်လိုက်ရာ ခန်းမထဲတွင် သူတို့ထက် အရင်ရောက်နှင့်နေပြီး တင်ပျဥ်ခွေထိုင်နေသော ကျန်းချန်တို့ အဖွဲ့ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျောယွင်ဖန်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင် တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။

"ကျန်း..ကျန်းချန် မင်းဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"

ဤအချိန်တွင် ကျောယွင်ဖန်သည် လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့သည်။

သူတို့လူစုက အသက်တံခါးကနေ ဝင်ရောက်လာပြီး လျှို့ဝှက်လမ်းကို အတင်းအဓမ္မ ဖောက်ထွက်ပြီးမှသာ ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာကြခြင်း ဖြစ်သည်။

သို့သော် သူတို့နှင့် ဆန့်ကျင်ဘက်ပင် ကျန်းချန်တို့အဖွဲ့ကမူ သေတံခါးကနေ ဝင်ရောက်လာပြီး မည်သည့် အန္တရာယ်မှမရှိဘဲ အတားအဆီးကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့သည် မဟုတ်ပါလော။

အခန်း(၇၅၂)ပြီး၏။

အခန်း(၇၅၃)

ကျန်းချန်က ဖရိုဖရဲ ဖြစ်နေသော ကျောယွင်ဖန်တို့ အဖွဲ့ကို လှမ်းကြည့်ကာ နှုတ်ခမ်းထောင့်က‌ ကွေးညွတ်သွားခဲ့သည်။

"ကျောယွင်ဖန်.. ဒါက ဘယ်လိုဖြစ်ရတာလဲ.. မင်းတို့တွေက ဘာလို့ ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ"

ကျန်းချန်ကာအံ့သြသော အမူအရာဖြင့် ကျောယွင်ဖန်တို့ အဖွဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

ခဏအကြာတွင် သူက မျက်လုံးများပြူးကာ ထူးဆန်သောအမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့က ငါတို့ ဝင်လာတဲ့ ကျောက်တံခါးကနေ ဝင်လာခဲ့တာ မဟုတ်ဘူးလား.."

"ကျန်းချန်..မင်းတို့ ဝင်သွားတာ သေတံခါးဆိုတာ ရှင်းနေတာပဲ ဘာလို့ အထိအခိုက်မရှိဘဲ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ရတာလဲ"

ကျောယွင်ဖန်က အထိအခိုက်မရှိသည့် ကျန်းချန်တို့အဖွဲ့ကို တအံ့တသြ စိုက်ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ငါတို့ သေတံခါးထဲကို ဝင်သွားတယ်လို့ ဘယ်သူပြောလဲ.. ဒီလျှို့ဝှက်လမ်းရဲ့ ဖွဲ့စည်းမှုမှာ နောင်တတရားရဲ့ တံခါးရှစ်ချပ်အစီအရင်ကို တစ်ခုတည်း အသုံးပြုထားတာ မဟုတ်ဘူး.. ယင်ယန် ပါ့ကွနည်းစနစ်ကိုလည်း ပေါင်းစပ် အသုံးပြုထားတယ်.. ဒီလို ပေါင်းစပ်ထားတဲ့ အတွက် သေတံခါးနဲ့ အသက်တံခါးက အပြောင်းအလဲ ဖြစ်သွားခဲ့တယ်.. ခုနက ငါတို့ဝင်သွားတဲ့ တံခါးက သေတံခါးလို့ ထင်ရပေမဲ့ တကယ်တော့ ငါတို့က အသက်တံခါးထဲကို ဝင်သွားခဲ့တာပဲ"

ကျန်းချန်က ခေါင်းခါရမ်း၍ သက်ပြင်းချကာ ရှင်းပြလိုက်သည်။

"ငါက စေတနာကောင်းပြီး ရိုးသားတဲ့ လူတစ်ယောက်ပါ.. ငါဝင်သွားမဲ့တံခါးကို အသက်တံခါးပါလို့ မင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပဲလေ.. ဒါပေမဲ့ မင်းတို့ ငါ့စကားကို ဘာလို့ မယုံတာလည်း ငါတကယ် မသိတော့ဘူး"

".............."

ကျန်းချန်၏ စကားကိုကြားလျှင် ကျောယွင်ဖန်သည် ရုတ်ခြည်း ဆိုသလို ရင်ဘတ်ထဲတွင် သွေးများ ဆူပွက်လာပြီး သွေးအန်တော့မလိုပင် ဖြစ်လာခဲ့သည်။

ဤကောင်လေးက စေတနာကောင်းပြီး ရိုးသားသည့် လူတစ်ယောက်ဟု ပြောရဲနေသည်မှာ အံ့သြစရာပင်။

"မင်းက အစီအရင်ကို ကျွမ်းကျင်ပေမဲ့ မသိနားမလည်ဟန် ဆောင်ပြီး နှစ်သက်သလို ကျပန်း ရွေးလိုက်တယ်လို့ ပြောခဲ့တယ်...မင်းသာ တကယ်ပဲ စေတနာကောင်းခဲ့ရင် ငါက ဘာလို့ ဒီလို ရှက်စရာကောင်းတဲ့ အခြေအနေမျိုးကို ရောက်ရမှာလဲ"

ကျောယွင်ဖန်က စိတ်ထဲကနေ ဒေါသတကြီး ရေရွတ်လိုက်သည်။

သူက ကျန်းချန်ကို ဒေါသ အလွန်အမင်း ထွက်နေသော်လည်း ဤအချိန်တွင် ဘာမှ မတတ်နိုင်ခဲ့ပေ။

သူက ကျန်းချန်တို့ နည်းတူ ခန်းမထဲတွင် အတွင်းအားကျင့်ပြီး ပြန်လည် သက်သာလာရန် လုပ်ဖို့သာ တတ်နိုင်တော့သည်။

ကျန်းချန်က ကျောယွင်ဖန်တို့ လူစုကို လျစ်လျူရှုထားလိုက်ပြီး သုံးနာရီအထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ဤသို့ဖြင့် မသိလိုက် မသိဘာသာဖြင့် နာရီဝက်သည် ထပ်မံ ကုန်ဆုံးသွားခဲ့သည်။

"ညီလေးကျန်း.. အချိန်ကျပြီ"

အချိန်ကို အမြဲအာရုံတဏ ရှိနေသည့် ကျောက်ယွိလုံက ချက်ချင်းပင် ကျန်းချန်ကို သတိပေးလိုက်သည်။

"သွားကြစို့.."

ကျန်းချန်က ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပင် ထရပ်ကာ ‌ကျောက်ယွိလုံတို့ အုပ်စုကို ဦးဆောင်၍ ဘယ်ဘက်ရှိ ပထမဆုံး ကျောက်တံခါး ဆီသို့ ဦးဆောင်သွားခဲ့သည်။

သို့သော် ကျန်းချန်သည် ကျောက်တံခါးထဲသို့ ဝင်ခါနီးတွင် ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်၏။

သူက ခန်းမထဲမှ ကျောယွင်ဖန်ကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကျောယွင်ဖန်.. မင်းကိုသတိပေးလိုက်ဦးမယ်.. ဒီတစ်ခေါက်ငါ့ရဲ့နောက်ကို မလိုက်လာခဲ့နဲ့.. မဟုတ်ရင် အကျိုးဆက်ကိုတေ့ာ မင်းကိုယ်တိုင်ပဲ တာဝန်ယူရလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကျောယွင်ဖန်ကို စကားပြန်ပြောရန်ပင် အခွင့်အရေးမပေးဘဲ ဘယ်ဘက်ရှိပထမဆုံး ကျောက်တံခါးထဲသို့ အလျင်အမြန် ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

"အကိုကျော..ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ သူတို့နောက်ကိုပဲလိုက်သွားရမလား"

လောရှင်းက ကျောက်တံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည့် ကျန်းချန်တို့လူစုကို လှမ်းကြည့်ပြီး ကျောယွင်ဖန်ကို မေးလိုက်သည်။

"သူတို့ ဒီကျောက်တံခါးကို ရွေးချယ်မှတော့ ငါတို့တွေ ဒီတံခါးကနေပဲ သွားကြတာပေါ့.. အဲဒီကောင်လေးက သောက်ကျင့်ကောင်းတာ မဟုတ်ဘူး ဒီကောင်က ငါတို့ကို လမ်းလွဲအောင် လုပ်ချင်နေတယ် ဟားဟား.. ငါတို့က ငတုံးမှ မဟုတ်တာ.. သူလှည့်စားတာကို ဘာလို့ထပ်ခံရမှာလဲ"

ကျောယွင်ဖန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။

"နောက်ထပ် နာရီဝက် ထပ်နားပြီးရင် သူတို့ဝင်ထားတဲ့ကျောက်တံခါးကနေ ငါတို့လည်း ဥလိုက်ဝင်ကြစို့"

ထိုကောင်လေး ကျန်းချန်သည် ဒုတိယအဆင့်၏ အစီအရင်ကိုအလွန်ပင် ရင်းနှီးနေပုံရသည်။

သို့ဖြစ်ရာ သူဝင်ရောက်သွားသည့် ကျောက်တံခါးသည် အလွန် လုံခြုံမည်မှာ မလွဲမသွေပင် ဖြစ်၏။ စ

အကယ်၍ ကျန်းချန်က မှားယွင်းသောလမ်းကို ရွေးချယ်ခဲ့လျှင်ပင် အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ ရှေ့ဆုံးကနေ ဝင်ရောက်ခဲ့သည့် ကျန်းချန်တို့ လူစုပင် မဟုတ်ပါလော။

ဤတစ်ကြိမ်တွင် ကျန်းချန်၏ လှည့်စားခြင်းကို ထပ်မံ ခံရမည်ဟု ကျောယွင်ဖန် အမှန်တကယ်မယုံကြည်ခဲ့ပေ။

အခန်း(၇၅၃)ပြီး၏။

All Chapters