အခန်း (၇၅၄-၇၅၆)
Vol. 51 Ch. 754-756
ကျန်းချန်တို့လူစုတို့ ကျောက်တံခါးထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ကျောယွင်ဖန်တို့သည် ခန်းမထဲတွင် နာရီဝက်ခန့်ထပ်နားခဲ့သည်။
အဆုံးသတ်တွင် သူတို့ခန္ဓာကိုယ်ထဲမှ ပျောက်ဆုံးသွားသောအသက်စွမ်းအင်များသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
"ငါ့ရဲ့ အသက်စွမ်းအင်တွေ အားလုံးနီးပါး ပြန်ရလာပြီ...သွားကြစို့.."
အသက်စွမ်းအင် ပြန်လည်ရရှိလာသည့် ကျောယွင်ဖန်သည် ရေနဂါးဂိုဏ်းမှ တပည့်ငါးယောက်ကို ဦးဆောင်ကာ ဘယ်ဘက်ရှိ ပထမဆုံး ကျောက်တံခါး ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျောယွင်ဖန်နှင့် တခြားသူများသည် နောက်ထပ် တစ်ကြိမ် လျှို့ဝှက်လမ်း တစ်ခုထဲသို့ ရောက်လာခဲ့ပြန်သည်။
ဤလျှို့ဝှက်လမ်းတွင် ကျောယွင်ဖန်သည် အရင်တစ်ခါကလို တိုက်ခိုက်မှုများ မကြုံတွေ့ခဲ့ရပေ။
"အရင်တစ်ခေါက်လို မြွေတွေနဲ့ ထပ်မတွေ့တာ တော်သေးတယ်လို့ ပြောရမယ်"
ကျောယွင်ဖန်က အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ဤလျှို့ဝှက်လမ်းထဲတွင် သူတို့ကို အန္တရာယ်ပေးနိင်သည့် တစ်ခုတည်းသောအရာမှာ လျှို့ဝှက်လမ်းထဲ၌ တိုက်ခတ်နေသော လေပြင်းပင် ဖြစ်သည်။
သို့သော်လည်း ထိုလေပြင်းများသည် သိပ်မပြင်းထန်ပေ။
စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့်သာ ညီမျှ၏။
ဤအဆင့်လောက်သည် သူတို့၏ အသက်စွမ်းအင် အကာအကွယ်ကိုပင် ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ဤလေပြင်းသည် သူတို့ကို အနည်းငယ်မျှပင် မခြိမ်းခြောက်နိုင်ချေ။
ကျောယွင်ဖန်၏ တင်းမာနေသော နှလုံးသားက အနည်းငယ် သက်သာရာရသွားသောအချိန်တွင် သူ၏ ရေနဂါးဂိုဏ်းမှတပည့်နှစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။
"အကိုကျော.. ဒီလေပြင်းရဲ့ အင်အားက အလျင်အမြန် ပိုမို အားကောင်းလာတယ်လို့ ကျွန်တော်ခံစားမိတယ်"
ထိုစကားကိုကြားလျှင် ကျောယွင်ဖန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက သူ့ပတ်ဝန်းကျင်မှ လေပြင်းကို ဂရုတစိုက် ခံစားကြည့်လိုက်ရာ လေပြင်း၏ အင်အားသည် အလျင်အမြန် တိုးမြင့်လာသည်ကို သိလိုက်ရသည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ လေပြင်းသည် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့် ယှဥ်နိုင်လုနီးပါး မြင့်တက်လာခဲ့သည်။
ဤအတိုင်းသာ လေပြင်း၏အင်အားက ဆက်လက် မြင့်တက်လာမည်ဆိုလျှင် သူတို့ မခံနိုင်လောက်သည်အထိ ကြီးထွားလာရန်အတွက် အချိန်အများကြီး မလိုအပ်မည်ကိုပင် ကျောယွင်ဖန် စိုးရိမ်မိသည်။
"အားလုံးပဲ ရှိသမျှအင်အားကို အကုန်ထုတ်ပြီး ရှေ့ကိုဆက်သွားကြ.. ငါတို့တွေ တတ်နိုင်သမျှ ဒီလျှို့ဝှက်လမ်းကနေ အမြန်ဆုံးထွက်မှပဲ ဖြစ်မယ်"
ကျောယွင်ဖန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက အလျင်အမြန် အရှိန်မြှင့်ကာ ရှေ့ကို လျှပ်တပြက် ပြေးသွားခဲ့၏။
သိပ်မကြာခင်မှာပင် ကျောယွင်ဖန်သည် သူအရှေ့ရှိ လျှို့ဝှက်လမ်းက အခြားအန္တရာယ်များ မရှိသော်လည်း မြေမျက်နှာသွင်ပြင် ပိုမိုရှုပ်ထွေးသည်ကို တွေ့ရှိခဲ့သည်။
သူတို့လူစုသည် လျှို့ဝှက်လမ်းထဲတွင် ဧရာမစက်ဝိုင်းကြီး တစ်ခုကို လှည့်ပတ်နေသလို ဖြစ်နေခဲ့ပြီး အဆုံးသတ်တွင် မူလနေရာကိုသာ ပြန်လည် ရောက်ရှိသွားခဲ့သည်။
လျှို့ဝှက်လမ်း၏ မှန်ကန်သည့် ထွက်ပေါက်ကို အချိန်အတော်ကြာ ရှာမတွေ့သောကြောင့် ကျောယွင်ဖန်သည် အနည်းငယ်စိုးရိမ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လျှို့ဝှက်လမ်းထဲရှိ လေပြင်းသည် တဖြည်းဖြည်း ပိုမို အားကောင်းလာပြီး လေပြင်း၏ အင်အားသည် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကျင့်ကြံသူ အင်အားထက် မနိမ့်တော့ပေ။
ကျောယွင်ဖန်တို့ အဖွဲ့အတွက် လေပြင်းကို ခုခံသည်ကပင် ပိုမို၍ ခက်ခဲလာခဲ့သည်။
လျှို့ဝှက်လမ်းထဲရှိ လေပြင်း၏ အင်အားက စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်နှင့် ယှဥ်နိုင်သော အခြေအနေအထိ ပိုမို အားကောင်းလာသောအခါတွင် ကျောယွင်ဖန်ပင် အကြာကြီး မခုခံနိုင်တော့ပေ။
အချိန်တန်လျှင် ထိုလေပြင်းများသည် သူတို့အား အမှုန့်အဖြစ် ပြောင်းလဲသွားစေမည်ကို သူကြောက်ရွံ့လာမိသည်။
ကျောယွင်ဖန်က လျှို့ဝှက်လမ်းထဲတွင် ရေနဂါးဂိုဏ်းမှ တပည့်အချို့ကို ဦးဆောင်နေခဲ့သော်လည်း လျှို့ဝှက်လမ်း၏ ထွက်ပေါက်ကို ဘယ်လိုမှ ရှာမတွေ့ခဲ့ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အတူ စွမ်းအင်သိပ်သည်းခြင်း အစောပိုင်းအဆင့်တွင် ရှိသည့် ရေနဂါးဂိုဏ်းမှတပည့်သည် စွမ်းအင်အလွန်အကျွံ ကုန်ဆုံးသွားခဲ့ပြီး လေထဲရှိ ပိုမိုအားကောင်းလာသော လေပြင်းကို မခုခံနိုင်တော့ပေ။
သူတို့ ပတ်ပတ်လည်ရှိ အသက်စွမ်းအင် အကာအကွယ် ပျက်စီးသွားပြီးနောက်တွင် အားကောင်းသော လေပြင်းသည် သူတို့ကို ကြိတ်ဆုံထဲ ထည့်လိုက်သကဲ့သို့ သွေးကြောင်းစီး
နေသည့် အသားစိုင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
"အား.. အကိုကျော.. ကျွန်တော်တို့ကိုကယ်ပါ.. ကျွန်တော်တို့ကိုကယ်ပါဦး"
ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်သည် ကြောက်ရွံ့သောမျက်လုံးများဖြင့် ကျောယွင်ဖန်ကို အကူအညီ လှမ်းတောင်းလိုက်သည်။
ဤအချိန်တွင် ကျောယွင်ဖန်သည် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်ကို ဂရုမစိုက်နိုင်တော့ပေ။
သူက ထိုနှစ်ယောက်ကို လှည့်ပင်မကြည့်ပဲ လျှို့ဝှက်လမ်း၏ အရှေ့ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
သူတို့အုပ်စုက လျှို့ဝှက်လမ်းထဲတွင် ပြေးလွှားနေရင်း သိပ်မကြာခင်မှာပင် ရေနဂါးဂိုဏ်းမှ တပည့်တစ်ယောက်သည် ပတ်ဝန်းကျင်ရှိ လေပြင်းကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
ရေနဂါးဂိုဏ်းမှ တပည့်များ လေပြင်း၏ ဖိအားကြောင့် အသားစိုင်အဖြစ် ပြောင်းလဲသွားသည်ကိုမြင်လျှင် ကျောယွင်ဖန်သည် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
ဤအချိန်တွင် ကျောယွင်ဖန်သည် အတော်လေး နောင်တရနေခဲ့သည်။
သူ့အနေဖြင့် ကျန်းချန်၏ နောက်ကိုလိုက်၍ ဤကျောက်တံခါးထဲသို့ မဝင်ခဲ့သင့်ပေ။
ဤအဆင့်သည် သူတို့ ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
အခန်း(၇၅၄)ပြီး၏။
အခန်း(၇၅၅)
ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင် နည်းပါးလာသည်ကို ခံစားရင်း ကျောယွင်ဖန်နှင့် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြင့် လျှို့ဝှက်လမ်းကို ဆက်လက် ပြေးခဲ့ကြသည်။
သူတို့တောင့်မခံနိုင်ဟု ထင်မြင်လာသောအချိန်တွင် လျှို့ဝှက်လမ်း၏ ရှေ့မလှမ်းမကမ်း၌ ရင်းနှီးသော ကြေးတံခါးတစ်ချပ်သည် အဆုံးသတ်တွင် သူတို့၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ကျောယွင်ဖန်တို့ သုံးယောက်သည် စိတ်ပျက်လက်ပျက် အခြေအနေကနေ ရုတ်တရက် အားတက်သွားခဲ့ပြီး အင်အားအကုန်သုံးကာ ကြေးတံခါးဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
ကျောယွင်ဖန်တို့ သုံးယောက် ကြေးတံခါးကို ဖြတ်ကျော်သွားသောအခါတွင် အဆုံးသတ်၌ ရင်းနှီးသော စက်ယန္တရားအသံ တစ်သံသည် သူတို့၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ်တစ်ခဏတ္ငင် လေဟာနယ်ထဲကနေ ဆုလာဘ်သုံးခုသည် ချက်ချင်းဆိုသလို သူတို့ရှေ့သို့ ကျရောက်လာခဲ့သည်။
သို့သော်လည်း ကျောယွင်ဖန်တို့ သုံးယောက်သည် ဆုလာဘ်များကို စစ်ဆေးရန်အတွက် အင်အားပင် မရှိသလောက် ဖြစ်နေခဲ့သည်။
သူတို့သုံးယောက်လုံးက မျက်နှာများ ဖြူဖျော့နေပြီး ချက်ချင်းဆိုသလို မြေပြင်ပေါ် လှဲချလိုက်ကာ အသက်ကို ပြင်းထန်စွာ ရှုနေခဲ့သည်။
"ကျောယွင်ဖန်.. ဘာလို့အခြေအနေက ဒီလောက်တောင် ဆိုးရွားနေရတာလဲ.. ငါ့အနောက်ကို မလိုက်ခဲ့နဲ့လို့ ငါပြောခဲ့တယ် မဟုတ်လား.. အခုတော့ကြည့်စမ်း.. ခြောက်ယောက်မှာ သုံးယောက်ပဲ ကျန်တော့တယ်.. မင်းတို့တွေ ငါစေတနာနဲ့ ပြောတာကို ဘာလို့ နားမထောင်ရပြန်တာလဲ"
ထိုအချိန်တွင် အနည်းငယ် ပျော်ရွှင်စွာ ရေရွတ်နေသော အသံတစ်သံသည် ကျောယွင်ဖန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည့် ရင်းနှီးသောအသံကြောင့် ကျောယွင်ဖန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ခေါင်းမော့၍ ရှေ့ကိုလှမ်းကြည့်လိုက်ရာ သူ့ထက် ဦးစွာ ရောက်နှင့်နေသည့် ကျန်းချန်တို့ အဖွဲ့ကို တွေ့လိုက်ရသည်။
"ကျန်းချန်..မင်း..မင်းမသေဘူးလား.. ဘယ်လိုလုပ်ပြီး ဒီနေရာအထိ ရောက်လာရတာလဲ"
အထိအခိုက် မရှိသေးသည့် ကျန်းချန်တို့အဖွဲ့ကို လှမ်းကြည့်ရင်း ကျောယွင်ဖန်သည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အလန့်တကြားဖြစ်ကာ အော်ဟစ်လိုက်သည်။
ဤတစ်ခေါက်တွင် သူသည် ကျန်းချန်တို့နှင့် အတူတူပင် ကျောက်တံခါးကို ရွေးချယ်ခဲ့သည်။
သို့သော်လည်း ကျန်းချန်တို့အဖွဲ့က လျှို့ဝှက်လမ်းကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အဘယ်ကြောင့် သူတို့က ဤမျှကြောက်မက်ဖွယ်ကောင်းသော လေပြင်းကို ခံစားရပါသနည်း။
ဤသည်က လုံးဝကို အဓိပ္ပါယ်မရှိသော ဖြစ်ရပ်တစ်ခုပင် မဟုတ်ပါလော။
"ဘာလဲ.. ငါတို့က လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့လို့ မင်းက အံ့သြနေတာလား.. တကယ်တေ့ာ အရမ်းရိုးရှင်းပါတယ်.. ဒီနောင်တတရားရဲ့တံခါးရှစ်ချပ် အစီအရင်မှာ အချိန်နိယာမရဲ့ အပြောင်းအလဲတွေကိုလည်း ပေါင်းစပ်ထားတယ်.. ဒါကြောင့်တံခါးတွေက အချိန်နဲ့အမျှ ပြောင်းလဲနေလိမ့်မယ်.. တစ်နည်းအားဖြင့် ငါတို့ ဝင်လာတဲ့တံခါးက နေ့လည်ခင်း သုံးနာရီမှာ အသက်တံခါးဖြစ်ပေမဲ့ သုံးနာရီကို ကျော်သွားရင်တော့ အသက်တံခါး မဟုတ်တော့ဘူး"
ကျန်းချန်က ပြုံးပြီး ကျောယွင်ဖန်ကို လှမ်းကြည့်ကာ ရှင်းပြလိုက်သည်။
"ငါမင်းကို သတိပေးခဲ့သားပဲ.. မင်းငါ့စကားကို ဂရုမစိုက်ခဲ့ဘူး.. မင်းက တကယ်ပဲ ရိုးသားတဲ့ လူတွေရဲ့ စကားကို နားမထောင်တတ်ဘူးပဲ.. ဒုက္ခရောက်တာ နည်းတောင်နည်းသေးတယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ကျောယွင်ဖန်သည် ဒေါသအလွန်အမင်း ထွက်လာခဲ့ပြီး သွေးသုံးလီတာလောက်ပင် အန်ထွက်မတတ် ဖြစ်သွားခဲ့သည်။
နောက်ဆုံးအကြိမ်က သူသည် ကျန်းချန်နှင့်အတူတူ တံခါးကို မရွေးချယ်ခဲ့၍ အဆုံးသတ်တွင် ကျန်းချန်၏ လှည့်စားခြင်းကိုခံခဲ့ရသည်။
ဤတစ်ခေါက်တွင်မူ သူက ကျန်းချန် ရွေးချယ်ထားသည့် တံခါးကို လိုက်ဝင်ခဲ့သော်လည်း ကျန်းချန်၏ လှည့်စားခြင်းကိုပင် ထပ်မံ ခံခဲ့ရပြန်သည်။
သူ့လို ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့်ပါရမီရှင်က ကျန်းချန်၏ လက်ထဲတွင် ကစားခံခဲ့ရပြီး အဆုံးသတ်တွင် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံရတော့မတတ် ဖြစ်ခဲ့သည်ဟု တွေးမိလျှင် ကျောယွင်ဖန်သည် အလွန်အမင်း ရှက်ရွံ့သွားခဲ့ပြီး မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူက ဥက္ကာခဲကျောင်းဆောင်က ထွက်သည်နှင့် သိုင်းသခင်နယ်ပယ်ကို တဟုန်ထိုး ချိုးဖျက်မည်ဟု တွေးထားခဲ့သည်။
အချိန်တန်လျှင် သူသည် ကျန်းချန်ကို ဤကိစ္စအတွက် ကြီးလေးသော အဖိုးအခ ပြန်လည်ပေးဆပ်စေမည် ဖြစ်၏။
ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှု တတိယအဆင့်။
"ထျန်းကျောင်းလမ်းကို ဖွင့်လှစ်လိုက်ပြီ.. ဒုတိယအဆင့်ကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အားလုံးက တတိယအဆင့် စမ်းသပ်မှုကို ဝင်ရောက်ပြီး ကျပန်းယှဥ်ပြိုင်ကြရမှာ ဖြစ်တယ်.. အနိုင်ရတဲ့သူက နောက်တစ်ဆင့်ကိုဆက်လက် ယှဥ်ပြိုင်ရမှာဖြစ်ပြီး ရှုံးနိမ့်တဲ့သူက ချက်ချင်း ထွက်ခွာရမှာ ဖြစ်တယ် နောက်ဆုံးအနိုင်ရတဲ့ သူကတော့ စမ်းသပ်မှုကို အောင်မြင်ပြီး ဥက္ကာခဲ ကျောင်းဆောင်ရဲ့ အမွေအနှစ်ကို ရရှိပါမယ်"
ထိုအချိန်တွင် လေဟာနယ်ထဲမှ အေးစက်စက် ယန္တရားအသံသည် လူတိုင်း၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
အခန်း(၇၅၅)ပြီး၏။
အခန်း(၇၅၆)
လေဟာနယ်ထဲမှ အသံနှင့်အတူ တတိယအဆင့်၏ စည်းမျဥ်းများကို ကြေငြာခဲ့ပြီးနောက်တွင် ပတ်ဝန်းကျင် နေရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် အပြာရောင်ကျောက်ဖြင့် ပြုလုပ်ထားသော ပေတစ်ရာ အကျယ်ရှိသည့် သိုင်စင်မြင့်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားခဲ့၏။
သူ့အပြင် အပြာရောင် သိုင်းစင်မြင့်ပေါ်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေး၏။
ထိုလူသည် စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင် ဟုန်ကွမ်း ဖြစ်၏။
"ထျန်းကျောက်လမ်းရဲ့ ပထမအဆင့် သိုင်းပြိုင်ပွဲစပြီ.. အနိုင်ရရင် နောက်တစ်ဆင့်ကို တက်မှာဖြစ်ပြီး ရှုံးနိမ့်ခဲ့သူက ဥက္ကာခဲ ကျောင်းဆောင်ကနေ တစ်ခါထဲ ထွက်ခါရမှာဖြစ်တယ်"
သူ၏ ဆန့်ကျင်ဘက်တွင် ရပ်နေသည့် ဟုန်ကွမ်းကို လှမ်းကြည့်ကာ ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ညီနောင်ဟုန်ကွမ်း.. ငါပထမဆုံး ယှဥ်ပြိုင်ရမယ့်သူက မင်းဖြစ်နေမယ်လို့ မထင်ထားဘူး.. ငါတို့တွေ စလိုက်ကြရအောင်"
"ညီနောင်ကျန်း မင်းက ငါ့ထက် အင်အားကြီးပါတယ်.. ငါ ဟုန်ကွမ်းက မင်းရဲ့ပြိုင်ဘက် မဟုတ်ပါဘူး"
ဟုန်ကွမ်းက ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
သူ့ရှေ့မှ ကောင်လေးသည် ရေနဂါးဂိုဏ်းမှ ဘုရင်အဆင့် ပါရမီရှင်ကိုပင် ဓားကွက်တစ်ကွက်ထဲဖြင့် သတ်ပစ်နိုင်သည့်ကြောက်မက်ဖွယ်ကောင်းသော ကျင်ကြံသူ တစ်ယောက် ဖြစ်သည်။
ကျင့်ကြံခြင်းပေါ်တွင် အခြေခံပြီး ကျန်းချန်နှင့် သိုင်းယှဥ်ပြိုင်မည် ဆိုလျှင် သူ့ကိုယ်သူ အရှက်ခွဲသလိုသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလား။
ဆိုရလျှင် ဥက္ကာခဲ ကျောင်းဆောင်၏ စမ်းသပ်မှုအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်ကပင် သူ့အတွက် အလွန် ကျေနပ်ဖွယ်ရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဤတတိယအဆင့် ထျန်းကျောက်လမ်းသည် တစ်ယောက်ထဲကသာ အနိုင်ရရှိမည်ဖြစ်ပြီး သူ၏ အင်အားနှင့်ဆိုလျှင် ဤအဆင့်၌ ကျန်းချန်နှင့် မတွေ့ခဲ့လျှင်ပင် နောက်ဆုံး အနိုင်ရမည့်သူ ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ပေ။
"ညီနောင်ကျန်း.. ဒီအဆင့်မှာ ငါအရှုံးပေးတယ်.. မင်းအနေနဲ့ ဥက္ကာခဲ ကျောင်းဆောင်ရဲ့ စမ်းသပ်မှု အားလုံးကို ကျော်ဖြတ်ပြီး ဥက္ကာခဲ ကျောင်းဆောင်ရဲ့ အမွေအနှစ်ကို အောင်မြင်စွာ ရယူနိုင်ပါစေလို့ ငါ ဟုန်ကွမ်း ဆုတောင်းပေးပါတယ် "
ဟုန်ကွမ်းက ကျန်းချန်ကို စိတ်ရင်းဖြင့် ပြောလိုက်ပြီးနောက်တွင် အပြာရောင်ကျောက်တုံး သိုင်းစင်မြင့်ပေါ်ကနေ ခုန်ချလိုက်သည်။
ထိုသို့ ဟုန်ကွမ်းက ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ကွမ်း၏ ပုံရိပ်ကို ထူးဆန်းသော လေဟာနယ် စွမ်းအင်တစ်ခုက ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့ရာ ဟုန်ကွမ်းသည် ကျန်းချန်၏ အရှေ့တွင် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
ဟုန်ကွမ်း ပျောက်ကွယ်ပြီးနောက်တွင် ကျန်းချန်သည် သိုင်းစင်မြင့် ပေါ်တွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းနေခဲ့ရသည်။
ထို့နောက် ဆန်းကြယ်သော အင်အားတစ်ခုသည် သူ့ကို နောက်ထပ် နေရာသစ် တစ်ခုသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။
ဤအကြိမ်တွင်လည်း ကျန်းချန်သည် အပြာရောင်ကျောက်တုံး သိုင်းစင်မြင့်ပေါ်တွင် ပေါ်ထွက်လာပြန်သည်။
ယခုတစ်ကြိမ်တွင် သူနှင့် ဆန့်ကျင်ဘက်၌ ရပ်နေသည့် ပုံရိပ်သည် ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန် ဖြစ်သည်။
သူနှင့် ရင်ဆိုင်ရမည့်သူက ကျန်းချန် ဖြစ်နေသည်ကို မြင်လျှင် ကျောယွင်ဖန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးအကြိမ်က ကျန်းချန်နှင့် တိုက်ခိုက်နေစဥ် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအင်သည်် သူ့အောက် လုံး၀ မနိိမ့်ပေ။
ယခုအခါတွင် ကျန်းချန်သည် ဓားဆန္ဒ တတိယအဆင့်ကို နားလည်သွားပြီ ဖြစ်၍ သူ့အနေဖြင့် ကျန်းချန်ကို အနိုင်ရနိုင်ချေ အလွန်ပင် နည်းပါးသွားပြီ ဖြစ်သည်။
သူ့အနေဖြင့် ကျန်းချန်နှင့် တိုက်ခိုက်မည်ဆိုလျှင် ကျန်းချန်၏ ဓားအောက်၌ သေဆုံးသွားရလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ကျောယွင်ဖန်သည် မကြည်မလင် မျက်နှာထားဖြင့် ကျန်းချန်ကို လှမ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောတော့ဘဲ အပြာရောင်ကျောက်တုံး စင်မြင့်ကနေ လျှပ်တပြက် ခုန်ဆင်းကာ ကျန်းချန်၏ မြင်ကွင်းကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
ကျောယွင်ဖန် ပျောက်ကွယ်သွားပြီး နောက်တွင် ကျန်းချန်သည် နောက်တစ်နေရာသို့ အလျင်အမြန်ပင် တည်နေရာ ရွှေ့ပြောင်းခံလိုက်ရသည်။
ဤနောက်ဆုံးအဆင့်တွင် ကျန်းချန်နှင့် တွေ့သည့်လူသည် အခြားသူ မဟုတ်ဘဲ စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောက်ယွိလုံ ဖြစ်နေခဲ့၏။
လျှို့ဝှက်လမ်း၏ ဒုတိယအဆင့်ကို လူရှစ်ယောက် ဖြတ်ကျော်ခဲ့သည်။
ထို့ကြောင့် ထျန်းကျောက်လမ်းကို ပြိုင်ပွဲဝင် ၈ ဦး ဝင်ယောက်ယှဥ်ပြိုင်ခဲ့သည်။
ထို့ကြောင့် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ပြီး နောက်ဆုံးအဆင့်တွင် သူတို့နှစ်ယောက်သာ ကျန်ရှိတော့၏။
"ညီလေးကျန်း ဒီနောက်ဆုံးအဆင့်မှာ မင်းနဲ့တွေ့ရမယ်လို့ ငါခန့်မှန်းပြီးသားပဲ"
ကျောက်ယွိလုံက သူ့ရှေ့မှ ကျန်းချန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်ကလည်း ပြန်လည် ပြုံးပြလိုက်ပြီး ဖော်ရွေစွာ ပြောလိုက်သည်။
"နောက်ဆုံးအဆင့်မှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်က အကိုကျောက်ဖြစ်မယ်လို့ ကျွန်တော်လည်း မျှော်လင့်ထားပြီးသားပါ"
" ဟားဟား. ညီလေးကျန်းရဲ့အင်အားက ငါ့ထက် အပြတ်အသတ် သာတယ်.. ငါက မင်းရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမရှိပါဘူး.. စန်းလန်အဖွဲ့အစည်းနဲ့ ရေနဂါးဂိုဏ်းတို့ ဥက္ကာခဲကျောင်းဆောင်ကို ထိန်းချုပ်ပြီးကတည်းက ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုကို ဘယ်သူကမှ မအောင် မြင်ခဲ့ဘူး.. ညီလေးကျန်းက ဥက္ကာခဲကျောင်းဆောင်ရဲ့ အမွေအနှစ်ကို ရရှိတဲ့ ပထမဆုံးလူ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်"
ကျောက်ယွိလုံက ပြုံးရွှင်စွာ ရယ်မောလိုက်ပြိီး ကျန်းချန်၏ ရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
ကျောက်ယွိလုံ အလွယ်တကူ လက်လျှော့သွားသည်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူက လျှို့ဝှက်လမ်း၏ တတိယအဆင့် ထျန်းကျောက်လမ်းတွင် မည်သည့် ပြိုင်ဘက်နှင့်မျှ မယှဥ်လိုက်ရဘဲ အလွယ်တကူပင် အနိုင်ရခဲ့သည် မဟုတ်ပါလား။
အခန်း(၇၅၆)ပြီး၏။