အခန်း (၇၅၇-၇၅၉)
Vol. 51 Ch. 757-759
"ထျန်းကျောက်လမ်းရဲ့ နောက်ဆုံးအနိုင်ရသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်.. ဒီအတွက် သင်က ဆုလာဘ်အဖြစ် အာကာသစွမ်းအင် ကျောက်တုံးဆယ်တုံးနဲ့ ဟွာယွမ် ဆေးလုံးသုံးလုံးကို ရရှိပါတယ်.. ဥက္ကာခဲကျောင်းဆောင်ရဲ့ နောက်ဆုံးစမ်းသပ်မှုအတွက် အရည်အချင်း ပြည့်မီတဲ့အတွက် ဂုဏ်ယူပါတယ် "
ကျောက်ယွိလုံ ထွက်သွားပြီးနောက်တွင် လေဟာနယ်ထဲမှ အေးစက်စက် အသံတစ်ခုသည် ကျန်းချန်၏ စိတ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။
နောက်ထပ် တစ်ခဏအတွင်း လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်အလင်းတံတား တစ်ခုသည် ကောင်းကင်ကနေ ဆင်းသက်လာပြီး ကျန်းချန်၏ ရှေ့တွင် လွင့်မြောနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြာရောင် ကျောက်တုံးစင်မြင့်နှင့် ပေတစ်ရာ အကွာရှိ လေဟာနယ်ထဲတွင် ထူးဆန်းသော အလင်းတံခါး တစ်ချပ်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
ကျန်းချန်၏ ရှေ့တွင် လွင့်မြောနေသော အလင်းတံတားသည် ပေတစ်ရာအကွာရှိ အလင်းတံခါးနှင့် ဆက်သွယ်ထားသော တံတား ဖြစ်သည်။
ထိုခဏတွင် အပြာရောင် အလင်းတံတားပေါ်မှ လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးသော အရှိန်အဝါ တစ်ခုသည် သူ၏ မျက်နှာပေါ်သို့ လာရောက် ရိုက်ခတ်ခဲ့သည်။
ထိုခဏတွင် ကျန်းချန်သည် သူ၏ နှလုံးသားထဲကနေ အလွန်အမင်း စိတ်ဓာတ်ကျသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"ဒီအပြာရောင် အလင်းတံတားက ဥက္ကာခဲကျောင်းဆောင်ရဲ့ နောက်ဆုံးစမ်းသပ်မှု ဖြစ်မယ်ထင်တယ် "
ကျန်းချန်က တတိယအဆင့်မှ ရရှိသည့် ဆုလဒ်ကို သိမ်းဆည်းလိုက်ပြီး အပြာရောင် အလင်းတံတားကို အကဲခတ်ကြည့်လိုက်သည်။
အလင်းတံခါးချပ်သည် အပြာရောင် အလင်းတံတားနှင့် ပေတစ်ရာ အကွာတွင်သာ ရှိသော်လည်း အပြာရောင် အလင်းတံတားကို ဖြတ်ကျော်ရန် မလွယ်ကူမှန်း ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ဆိုရလျှင် အပြာရောင် အလင်းတံတား၏ ဖိအားသည် စန်းလန်အဖွဲ့အစည်း၏ အင်ပါယာခန်းမထဲမှ အင်ပါယာပိုင်နက် စွမ်းအားထက်ပင် ပိုမို အားကောင်းပုံ ရ၏။
သို့သော် သူက အတားအဆီး သုံးခုကို ဖြိုခွင်းပြီး ဤနေရာအထိ ရောက်လာခဲ့ပြီ ဖြစ်ရာ ဤမျှလောက်ဖြင့် အလွယ်တကူ လက်လျှော့တော့မည် မဟုတ်ပေ။
မည့်သို့ပင်ဖြစ်စေ ဥက္ကာခဲကျောင်းဆောင်၏ နောက်ထပ်စမ်းသပ်မှုကို တတ်နိုင်သမျှ ကြိုးစားမည်ဟု ကျန်းချန်က ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က သက်ပြင်းရှည်ကို ချလိုက်ပြီး သူ့ရှေ့မှ အပြာရောင် အလင်းတံတား ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ကျန်းချန် အပြာရောင် အလင်းတံတားပေါ်သို့ တက်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မမြင်နိုင်သည့် အင်အားတစ်ခုသည် ထိုက်စန်းတောင် ကဲ့သို့ ကျန်းချန်ကို ဖိနှိပ်လာခဲ့သည်။
ထိိုသို့ ဖြစ်လာနိုင်သည်ဟု စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော ကျန်းချန်ပင် စိတ်နှလုံး ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
တိမ်တိုက်ဝါးမျိုခြင်းနည်းစနစ်၊ နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်ရဲ့ သွေးစွမ်းအား၊ မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ် နှင့် ဓားဆန္ဒ တတိယအဆင့် ခွန်အား။
ကျန်းချန်က လုံး၀ တုံ့ဆိုင်းမနေဘဲ သူ၏ အင်အားအလုံးစုံကို တိုက်ရိုက် အသုံးပြုကာ ခွန်အားကို အထွတ်အထိပ်အခြေအနေအထိ မြှင့်တင်လိုက်ပြီး အပြာရောင် အလင်းတံခါးဆီသို့ အင်အားကုန်သုံးကာ ပြေးဝင်သွားခဲ့သည်။
ထိိုသို့ အင်အားအကုန်သုံးပြီး ပြေးသွားခဲ့သော်လည်း ကျန်းချန်သည် အပြာရောင် အလင်းတံတားပေါ်တွင် လျှောက်လှမ်းရန်အတွက်ပင် အတော်လေး ရုန်းကန်ခဲ့ရသည်။
အဆုံးသတ်တွင် ကျန်းချန်သည် အပြာရောင် အလင်းတံတားကို ခက်ခက်ခဲခဲ ဖြတ်ကျော်နိုင်ခဲ့ပြီး အလင်းတံခါး ထဲသို့ ရောက်ရန် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့၏။
အလင်းတံခါးထဲသို့ ဝင်ပြီးနောက်တွင် ကျန်းချန်၏ တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။
သူ၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး အသက်ကိုပင် မနည်းဝအောင် ရှူနေရ၍ ပတ်၀န်းကျင်ကို အကဲခတ်ရန် အင်အားပင် မရှိတော့ပေ။
ဤပေတစ်ရာ ရှည်လျားသည့် အပြာရောင် အလင်းတံတားသည် သူ့ကို ဖိအား အလွန်များပြားစေခဲ့သည်။
နောက်ဆုံးခြေလှမ်း အနည်းငယ်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေး၍ ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်။
သူ၏ ဓားဆန္ဒသာ မကြာသေးခင်က တတိယအဆင့်သို့ မဖြတ်ကျော်ထားခဲ့လျှင် ဤအပြာရောင် အလင်းတံတားကို ဖြတ်ကျော်နိုင်မည် မဟုတ်လောက်ပေ။
ကျန်းချန်က မြေပြင်ပေါ်တွင် လဲလျောင်း၍ အင်အားပြန်လည်ရရှိဖို့ လုပ်ဆောင်နေချိန်တွင် လေဟာနယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ ရောက်လာခဲ့၏။
"ဟားဟား ကောင်လေး.. မင်းက အရမ်းတော်တာပဲ.. နှစ်ထောင်ပေါင်းများစွာ ကြာပြီးမှ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပြီ.. ဒီအင်ပါယာက နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့တာ နောက်ဆုံးတော့ အမွေခံကို ရှာတွေ့ခဲ့ပြီ"
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကျန်းချန်က အံ့သြတုန်လှုပ်သွားခဲ့သည်။
"ဘယ်သူလဲ.. ဘယ်သူ ငါ့ကို စကားပြောနေတာလဲ "
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် အပြာရောင်အလင်း တောက်ပနေသော အရိပ်တစ်ခုသည် လေဟာနယ်ထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုအရိပ်ဆီမှ ထွက်ပေါ်လာသော အသံတစ်သံသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားခဲ့၏။
"ထာဝရဓားသမားက ဘယ်တော့မှ မသေနိုင်ဘူး.. ငါက ဓားတစ်လက်ထဲနဲ့ မိုးမြေတစ်ခွင် စိုးမိုးခဲ့တဲ့ ဥက္ကာခဲဓားအင်ပါယာပဲ"
အခန်း(၇၅၇)ပြီး၏။
အခန်း(၇၅၈)
ဥက္ကာခဲဓားအင်ပါယာ။
လေဟာနယ်ထဲမှ ဝင့်ကြွားသော အသံကို ကြားလျှင် ကျန်းချန်သည် ရုတ်တရက် အံ့သြတုန်လှုပ်သွားခဲ့သည်။
ကျန်းချန်က ဥက္ကာခဲဓားအင်ပါယာ၏ နာမည်ကို တစ်ခါမှမကြားဖူးသော်လည်း အဓိပ္ပါယ်ကိုတော့ ကောင်းစွာသိသည်။
ရှန်းဝူတိုက်ကြီးတွင် ကိုယ့်ကိုယ်ကိုယ် အင်ပါယာဘွဲ့ ခံနိုင်သူများသည် နတ်သန္ဓေ အင်ပါယာအဆင့် အထက်ရှိ ပကတိအင်ပါယာအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဤဥက္ကာခဲကျောင်းဆောင်၏ အမွေအနှစ်က ပကတိ အင်ပါယာတစ်ပါး ချန်ထားရစ်ခဲသည့် အမွေအနှစ်ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
ကျန်းချန်က သက်ပြင်းရှည်ကို ချလိုက်ပြီး နှလုံးသားထဲမှ အံ့သြတုန်လှုပ်မှုကို ထိန်းချုပ်လိုက်သည်။
သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး လေဟာနယ်ထဲက အပြာရောင် အလင်းအရိပ်ကို လှမ်းကြည့်လိုက်သည်။
သေချာ အကဲခတ်ကြည့်လိုက်ရာ အပြာရောင်အလင်းများတောက်ပနေသော ပုံရိပ်သည် အစိမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်နေခဲ့သည်။
ထိုလူ၏ မျက်လုံးများသည် ဓားကဲသို့ အေးစက်စက် ဖြစ်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်တွင် ကမ္ဘာကို လွမ်းမိုးနိုင်မည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။
ဤလူ၏ အရှေ့မှ ရပ်နေရသည့် ကျန်းချန်သည် သမုဒ္ဒရာထဲမှလှေငယ်လေး တစ်စင်းလို ကိုယ့်ကိုယ်ကိုယ် အရမ်း သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။
ထိုပုဂ္ဂိုလ်က အတွေးတစ်ချက်ဖြင့် သူ့ကို အလွယ်တကူ သတ်နိုင်သည်ဟု ခံစားခဲ့ရ၏။
"ဒါက ပကတိ အင်ပါယာတစ်ပါးရဲ့ အင်အားများလား"
ကျန်းချန်က အံ့သြတုန်လှုပ်သွားခဲ့သည်။
သူရှေ့မှ အပြာရောင်အလင်းအရိပ်သည် ဥက္ကာခဲဓားအင်ပါယာ၏ ကြွင်းကျန်ရစ်သော အသိစိတ် အနည်းငယ် ဖြစ်နေလျှင်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။
"ကောင်လေး ဒီကိုရောက်လာပြီဆိုမှတော့ မင်းက ဒီအင်ပါယာရဲ့ အမွေအနှစ် ဆက်ခံသူလို့ သတ်မှတ်နိုင်တယ်.. ဒါပေမယ့် ဒီအင်ပါယာရဲ့ ကြွင်းကျန်ရစ်တဲ့ အသိစိတ်က အချိန်အကြာကြီး မခံတော့ဘူး.. မကြာခင်မှာ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားလိမ့်မယ်...ဒါကြောင့် မင်းဘယ်လောက်ထိ သင်ယူနိုင်မလဲ ဆိုတာက မင်းရဲ့ ကံတရားနဲ့ဉာဏ်ရည် အပေါ်မှာပဲ မူတည်တယ်"
အပြာရောင်အလင်းအရိပ်က စကားဆုံးသည်နှင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် အင်အားကြီးမားသော စွမ်းအင်များ စုဝေးလာခဲ့သည်။
မကြာခင်မှာပဲ သူက လက်ညိုးဖြင့် ကျန်းချန်၏ မျက်ခုံးနှစ်ခုကြားကို ထောက်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် သူ၏ စိတ်ထဲသို့ အချက်အလက် အများအပြား စီးဝင်လာသည်ကို ခံစားလိုက်ရ၏။
"ဒင်..သင်က ဥက္ကာခဲ ဓားအင်ပါယာရဲ့ ဘဝမှတ်ဉာဏ်ကို ရရှိပြီး အတွေ့ကြုံရမှတ် ဆယ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်..သင်က စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဋ္ဌမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"
"ဒင်..သင်က ဥက္ကာခဲဓားအင်ပါယာရဲ့ ဘဝမှတ်ဉာဏ်ကို ရရှိပြီး အဆတစ်ရာ နားလညမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင့်ရဲ့ တတိယအဆင့် ဓါးဆန္ဒက အလယ်အလတ်အဆင့်ထိ တိုးတက်သွားခဲ့ပါပြီ"
"..........."
ဥက္ကာခဲဓားအင်ပါယာ၏ ဘဝမှတ်ဉာဏ် အမွေအနှစ်ကို ရရှိပြီးနောက် ကျန်းချန်၏ စိတ်ထဲတွင် ရင်းနှီးသောစနစ်၏ အချက်ပေးသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး မင်းရဲ့ပါရမီက လွန်ခဲ့တဲ့ နှစ်သုံးထောင်ကကောင်လေးထက် တစ်ကယ်ကို အများကြီး ပိုကောင်းတာပဲ.. အဲဒီတုန်းက ကောင်လေးက ပါရမီအကန့်အသတ်ပဲ ရှိပြီး ဒီနေရာကို ရောက်လာဖို့ မင်းထက် အချိန်ပိုယူခဲ့ရတယ်.. ဒါကြောင့် ငါသူ့ကို တစ်ကြိမ်နှစ်ကြိမ်ပဲ ညွှန်ပြခဲ့တယ်.. ဒါ့အပြင်မင်းရဲ့ပါရမီက နှစ်ပေါင်းတစ်သောင်းမှာတောင် တစ်ယောက်ထွက်ပေါ်လာဖို့ မဖြစ်နိုင်တဲ့ ပါရမီမျိုးပဲ.. နောက်ဆုံးတော့ မင်းက ဒီအင်ပါယာရဲ့ အမွေအနှစ်ကို ထိုက်ထိုက်တန်တန် ဆက်ခံနိုင်ခဲ့ပြီ"
ကျန်းချန်က သူ၏ ဘဝမှတ်ဉာဏ်ကို ကောင်းမွန်စွာ ဆက်ခံနိုင်ခဲ့သည်ကိုမြင်လျှင် ဓားအင်ပါယာ ယန်ခုံး၏ မျက်နှာထက်တွင် ငြိမ်းချမ်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"လွန်ခဲ့တဲ့နှစ်သုံးထောင်က ကောင်လေးတဲ့လား "
ကျန်းချန်၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
ဥက္ကာခဲဓားအင်ပါယာ ညွှန်းဆိုနေသော ကောင်လေးသည် လွန်ခဲ့သည့်နှစ်သုံးထောင်က နာမည်ကျော်ကြားခဲ့သည့် ဥက္ကာခဲဓားအင်ပါယာကို ဆိုလိုနေခြင်း မဟုတ်ပါလော။
ကျန်းချန်က ဥက္ကာခဲ ကျောင်းဆောင်ကို လွန်ခဲ့သည့် နှစ်သုံးထောင်က ဥက္ကာခဲဓားအင်ပါယာ ချန်ထားခဲ့သည်ဟု ထင်ခဲ့သော်လည်း ထိုဥက္ကာခဲဓားအင်ပါယာသည်ပင် မူလဥက္ကာခဲဓါးအင်ပါယာ၏ လမ်းညွှန်မှုကို ခံယူခဲ့ရမည်ဟု မထင်ထားခဲ့ပေ။
"ကောင်လေး.. ဒီအင်ပါယာက မင်းရဲ့စိတ်ထဲကို ခုနက ထည့်ပေးလိုက်တဲ့ အမွေအနှစ်မှတ်ဉာဏ်က ပကတိအင်ပါယာ အဆင့်ကို မတက်လှမ်းခင်က မှတ်ဉာဏ်ပဲ.. ဒီမှတ်ဉာဏ်က မင်းကို အဆုံးမရှိ အကျိုးပြုနိုင်ပြီး ဓားအင်ပါယာတစ်ပါး ဖြစ်လာနိုင်စေလိမ့်မယ်.. ဒါ့အပြင် ဒီအင်ပါယာဆီမှာ မင်းကို ဆက်ခံခွင့်ပေးဖို့ နောက်ထပ် ကျင့်စဥ်တစ်မျိုးလည်း ရှိသေးတယ်.. ဒီကျင့်စဥ်က ငါပကတိအင်ပါယာအဆင့်ကိုရောက်တဲ့အချိန်က ဖန်တီးခဲ့တဲ့ အမြင့်မြတ်ဆုံးကျင့်စဥ်ပဲ.. အဲဒီကျင့်စဥ်ကို အချိန်နဲ့အာကာသ ဓားနယ်မြေလို့ ခေါ်တယ်.. မင်းသာ အချိန်နဲ့အာကာသ ဓားနယ်မြေကို အပြည့်အဝ ကျွမ်းကျင်မယ်ဆိုရင် ပကတိအင်ပါယာ အဆင့်ကိုရောက်ရင် မင်းကို ဘယ်သူမှ အနိုင်မရနိုင်တော့ဘူး"
အင်ပါယာယန်ခုံး၏ စကားသံဆုံးသည်နှင့် အပြာရောင်အလင်းများ ထုတ်လွှင့်နေသော ကျမ်းစာလိပ် တစ်လိပ်သည် ကျန်းချန်၏ အရှေ့သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။
အခန်း(၇၅၈)ပြီး၏။
အခန်း(၇၅၉)
"ကောင်လေး နှစ်ပေါင်းတစ်သောင်းကြာခဲ့ပြီ.. ရှန်းဝူတိုက်ကြီးက ပြောင်းလဲတော့မယ်.. ဘေးအန္တရာယ်တွေလည်း ရောက်လာတော့မယ်.. ဖြတ်တောက်ခံထားရတဲ့ အင်ပါယာလမ်းကလဲ ကမ္ဘာထဲကို ပြန်ရောက်လာတော့မယ်.. ရှန်းဝူတိုက်ကြီးရဲ့ အနာဂတ်က မင်းရဲ့ လက်ထဲမှာရှိတယ်.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အမှားတွေကို ထပ်မလုပ်မိဖို့ မျှောလင့်ပါတယ်"
စကားဆုံးသည်နှင့် ဥက္ကာခဲဓားအင်ပါယာသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး အဆုံးသတ်တွင် အပြာရောင် အလင်းလေး အဖြစ်သို့ ပြောင်းလဲကာ လေယာနယ်ထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဓားအင်ပါယာယန်ခုံး နောက်ဆုံးပြောခဲ့သည့် စကားများကိုကြားလျှင် ကျန်းချန် အံ့သြတုန်လှုပ်သွားမိသည်။
ရှန်းဝူတိုက်ကြီးသည် နှစ်ထောင်ပေါင်းများစွာအတွင်း ပကတိအင်ပါယာအဆင့်ကျင့်ကြံသူကို မမွေးဖွားရသည့် အကြောင်းအား ကျန်းချန်သည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အကြောင်းအရင်းမှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အင်ပါယာလမ်းကို ဖြတ်တောက်ခံထားရသောကြောင့်ပင်။
သို့ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရှန်းဝူတိုက်ကြီးသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။
အဘယ့်ကြောင့် အင်ပါယာလမ်းကို ဖြတ်တောက်ခဲ့ပါသနည်း။
ထို့အပြင် ဖြတ်တောက်ခံထားရသည့် အင်ပါယာလမ်းသည် ကမ္ဘာထဲကို အဘယ်ကြောင့် ပြန်ဝင်လာရပါသနည်း။
[ရှန်းဝူတိုက်ကြီးရဲ့ကမ္ဘာက ပြောင်းလဲတော့မယ် ဘေးအန္တရာယ်တွေ ကျရောက်လာတော့မယ် ဆိုတာက ဘာကိုဆိုလိုတာများလဲ]
[ထားလိုက်ပါ.. အင်ပါယာလမ်း မကလို့ ရှန်းဝူတိုက်ကြီးက ဘယ်လိုအန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ဖြစ်၊ ဒါတွေကအခုလက်ရှိ ငါ့အခြေအနေနဲ့ အရမ်းကွာဝေးလွန်းနေတယ်.. ဘာလို့ အပိုတွေတွေးပြီး စိတ်ရှုပ်ခံနေရမှာလဲ]
ကျန်းချန်က ခေါင်းခါလိုက်ပြီး အတွေးများကို ဖယ်ရှားကာ သူ့ရှေ့ရှိ အပြာရောင်စာလိပ် ပေါ်သို့ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ဓါးနယ်မြေ။။
ဤသည်က နတ်သန္ဓေအင်ပါယာသာ အသုံးချနိုင်သည့် အင်အားမျိုး ဖြစ်သည်။
ဥက္ကာခဲဓားအင်ပါယာသည် သူဖန်တီးထားသည့် ကျင့်စဥ်ကို အချိန်နှင့် အာကာသ ဓားနယ်မြေဟု အမည်ပေးထားခဲ့သည်။
ဤအချိန်နှင့်အာကာသ ဓားနယ်မြေသည် နတ်သန္ဓေ အင်ပါယာ နားလည်သည့် အင်ပါယာပိုင်နက် စွမ်းအားထက် ကျော်လွန်သည့် ကျင့်စဥ်တစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင်။
ကျန်းချန်က သက်ပြင်းရှည်ချလိုက်ပြီး အပြာရောင်စာလိပ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။
ထိုသို့ ကျန်းချန်စာလိပ်ကို ဖွင့်လိုက်သည့်အခိုက်တွင် အပြာရောင်စာလိပ်ကနေ တောက်ပသော အပြာရောင်အလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် မတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်၏ နဖူးထဲသို့ တိုးဝင်သွားခဲ့၏။
ထို့နောက်တွင်မူ ကျန်းချန်သည် သူကိုယ့်သူ ကျယ်ပြောလှသည့် လေဟာနယ်တစ်ခု၏ အထက်တွင် ရှိနေသလို ခံစားလိုက်ရ၏။
ကျန်းချန်ရှိနေသည့် လေဟာနယ်အထဲတွင် ဥက္ကာခဲဓားအင်ပါယာသည် ဝံ့ကြွားသော အမူအရာဖြင့် ရပ်နေခဲ့သည်။
ဥက္ကာခဲဓားအင်ပါယာနှင့် ဆန့်ကျင့်ဘက်တွင် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် လူတစ်ယောက် ရှိနေသည်။
"အချိန်နဲ့အာကာသဓါးနယ်မြေ"
ဥက္ကာခဲဓားအင်ပါယာက သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူကို အထက်စီးဆန်စွာ.ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူ့လက်ထဲမှ ဓားရှည်ကို ဝှေ့ရမ်းလိုက်သည်။
ထောင်ပေါင်းများစွာသော အပြာရောင် ဓားဆန္ဒများသည် လေဟာနယ်ထဲတွင် ချက်ချင်းဆိုသလို စုဝေးလာခဲ့သည်။
ခဏအကြာတွင် အပြာရောင်ဓားဆန္ဒများသည် ပေထောင်ချီအချင်းဝက်ရှိသည့် အပြာရောင်ဓားနယ်မြေ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ်လူကို လွှမ်းခြုံသွားခဲ့သည်။
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် အပြာရောင် ဓါးနယ်မြေ၏ လွှမ်းမိုးခြင်းကို ခံရပြီးနောက် ချက်ချင်းဆိုသလို ကြောက်လန့်သွားခဲ့၏။
သူက မည်မျှပင် ရုန်းကန်ပါစေ၊ အပြာရောင် ဓါးနယ်မြေကနေ ထွက်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အပြာရောင်ဓါးနယ်မြေ၏ အင်အားအောက်တွင် မျက်မိဖြင့် မြင်နိုင်သောအရှိန်ဖြင့် အလျင်အမြန် အိုမင်းလာခဲ့သည်။
မျက်တောင် တစ်ခတ်တွင်းမှာပင် သွေးရောင်ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ် လူသည် အသက် ၃၀အရွယ် လူလတ်ပိုင်းကနေ ဆံပင်ဖွေးဖွေးလှုပ် ဖြူနေသည့် အဘိုးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အဆုံးသတ်တွင် သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် အသက်ပင် မရှူနိုင်တော့ဘဲ အပြာရောင် ဓားနယ်မြေထဲတွင် သေဆုံးသွားခဲ့၏။
"ဒါ.. ဒါက အချိန်နဲ့အာကာသ ဓားနယ်မြေရဲ့ အင်အားလား"
ကျန်းချန်က အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
ဥက္ကာခဲဓားအင်ပါယာ၏ ဆန့်ကျင်ဘက်တွင်ရှိသော
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် အနည်းဆုံး နတ်သန္ဓေအင်ပါယာ အဆင့်သို့ ရောက်ရှိနေသည့် အင်ပါယာတစ်ပါး ဖြစ်သည်။
သို့သော်လည်း ထိုသို့ နတ်သန္ဓေအင်ပါယာ တစ်ပါးသည် ဥက္ကာခဲဓားအင်ပါယာ၏ အချိန်နဲ့အာကာသ ဓါးနယ်မြေအောက်တွင် ကြောက်မက်ဖွယ် သေဆုံးသွားခဲ့ရသည်။
[ဒီအချိန်နဲ့ အာကာသ ဓါးနယ်မြေကျင့်စဥ်က အရမ်းကြောက်ဖို့ကောင်းတာပဲ]
ကျန်းချန်က အချိန်နှင့် အာကာသဓားနယ်မြေရဲ့ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် တုန်လှုပ် ခြောက်ခြားနေချိန်တွင် စနစ်၏ အချက်ပေးသံ တစ်သံသည် ကျန်းချန်၏ စိတ်ထဲတွင် ဖြေးညင်းစွာ ပေါ်ထွက်လာခဲ့သည်။
"ဒင်.. သင်က အမြင့်မြတ်ဆုံးကျင့်စဥ် ဖြစ်တဲ့ အချိန်နဲ့အာကာသ ဓားနယ်မြေကို ကြည့်ရှုပြီး အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင်က အချိန်နဲ့ အာကာသ ဓားနယ်မြေရဲ့ အတွေ့ကြုံရမှတ် တစ််မှတ်ကို အဆတစ်ရာရရှိပါတယ်"
"ဒင်..သင်က အချိန်နဲ့အာကာသ ဓါးနယ်မြေရဲ့ အစွန်အဖျားလောက်ကို နားလည်သဘောပေါက်သွားပါပြီ.. သင့်ရဲ့ လက်ရှိနားလည်မှုနှုန်းက တစ်ရာပုံ တစ်ပုံ ဖြစ်ပါတယ်"
အခန်း(၇၅၉)ပြီး၏။