← Chapters

အစီအစဥ် (ဂ)

Vol. 3 Ch. 111

အစီအစဥ် (ဂ)

Vol. 3 Ch. 111

နာတာရှာနဲ့နက်ဆန်တို့က နေ့တိုင်းလိုပဲ ဆီနိတ်တာ ရော့ဝဲလ်ကို စိန်ခေါ်ပြီးတော့ ပြန်လာကြပါတယ်။ နာတာရှာက တဲလေးထဲကိုဝင်သွားပြီး ခါတိုင်းလိုပဲ ရေခရားကိုယူကာ အပြင်ကိုပြန်ထွက်လာပါတယ်။ အဲဒီနောက်တော့ မြေအိုးထဲကနေ ရိုးရိုးမြေသားထဲမှာ ပြောင်းစိုက်ထားရပြီဖြစ်တဲ့ အပင်ကိုကြည့်လိုက်တယ်။

“အမယ်၊ ဒီမုန်လာဥက အတော်ကြီးလာပြီပဲ။”

နာတာရှာက အပင်ကို အခုလိုမျိုးပြောလိုက်တဲ့အတွက် အပင်ရဲ့အရွက်တွေက လှုပ်ယမ်းသွားတယ်။ ပြီးတဲ့နောက် မကျေမနပ်နဲ့ပြောတဲ့ စကားသံကို ကြားလိုက်ရလေရဲ့။

“နာတာရှာမ၊ ငါပြန်ကောင်းလာလို့ကတော့ နင့်ကို အသေရိုက်သတ်ပစ်မယ်။”

သေချာကြည့်မယ်ဆိုရင် မြေထဲအစိုက်ခံထားရတဲ့ မုန်လာဥက အတော်ကြီးလာပြီဖြစ်ပြီးတော့ ခေါင်းတောင် ပေါက်နေပါပြီ။ သာမန်လူတစ်ယောက်အတိုင်းပဲ မျက်နှာ၊ ပါးစပ်၊ နှာခေါင်း၊ နားရွက်တွေရှိနေပြီးတော့ နာတာရှာကို​ ဒေါသအလိပ်လိုက်ထွက်နေတဲ့ပုံစံနဲ့ ပြောဆိုနေပါတယ်။

သူတော်စင်ဆားဗီးရပ်ကြောင့် ပြာအဖြစ်ပြောင်းသွားရတဲ့ အိုလီရာနာက အပင်အညှောင့်ပေါက်လေးဘဝကနေပြီး တဖြည်းဖြည်းချင်း ပြန်ကြီးထွားလာနေပါပြီ။ မရဏဘုံက သစ်နွယ်ပင်နဲ့ပေါင်းစပ်ထားတဲ့သူ ပီသစွာနဲ့ အိုလီရာနာကို သတ်ဖြတ်ဖို့ဆိုတာက ကောင်းကင်ဘုံကိုတက်ရတာလောက် ခက်ခဲတယ်။ ဒါပေမဲ့ အလုံးစုံပြန်ကောင်းဖို့က အချိန်တွေ အများကြီးယူရပြီး အခုလောလောဆယ်တော့ အိုလီရာနာက ခေါင်းတစ်ခုပဲအကောင်းပြန်ဖြစ်လာသေးတယ်။ ကျန်တဲ့ အပိုင်းတွေကတော့ မုန်လာဥအမြစ်အဆင့်မှာပဲရှိဦးမယ်။

“လူကြည့်တော့ ခေါင်းပဲ ပြန်ကောင်းလာသေးတယ်။ ရန်က တွေ့တတ်နေပြီ။ နင်က မုန်လာဥနဲ့တူလို့ မုန်လာဥလို့ ခေါ်တာပေါ့ အိုလီရာနာမရဲ့။ နေ့တိုင်းရေလောင်းမပေးဘဲ ခြောက်ကပ်သေသွားအောင် ပစ်ထားလိုက်ရင် ကောင်းမလား။”

“နာတာရှာ နင်လုပ်ရဲလုပ်ကြည့်။” အိုလီရာနာက အော်ရင်း ဟစ်ရင်းနဲ့ နာတာရှာလက်ကို လှမ်းကိုက်ဖို့လုပ်ပါတယ်။ နာတာရှာကလည်း လည်ပင်းတောင်မရှိလို့ လှုပ်ရရှားရ အလွန်အခက်တွေ့နေတဲ့ အိုလီရာနာကို စနောက်ဖို့အတွက် လက်ကို ရှေ့ထိုးပြီး ကိုက်ဖို့လက်လှမ်းမီတဲ့နေရာမှာ ထားလိုက်၊ အိုလီရာနာကိုက်ခါနီးမှာ ပြန်ရုပ်လိုက်နဲ့ လုပ်နေပါတယ်။

“အာ့ရာ.. ဒီမုန်လာဥလေးက ခွေးစိတ်ပေါက်နေတာ သနားစရာပဲ။”

“ဂါး... ဂရား... ငါပြန်ကောင်းလာရင် ပထမဆုံး လက်စားချေမယ့်သူက နင်ပဲ ကျီးကန်းမ။”

“ဘာကျီးကန်းလဲ... ငါ့အတောင်ပံတွေက နတ်သက်ကြွေ နတ်သမီးတောင်ပံတွေ။ ပြီးတော့ နင်က မုန်လာဥမလို့ နင့်ကိုယ်နင်ကြီးလာတယ်လို့ သုံးမရဘူး။ ရင့်မှည့်လာတယ်လို့သုံးမှ မှန်မှာ။”

“အား... အား....” တစ်နေကုန် ဆက်တိုက်အစခံနေရတဲ့ အိုလီရာနာက မနေနိုင်တော့ဘဲ အရူးတစ်ယောက်လိုမျိုး ထအော်တော့တာပဲ။ သူ့အနေနဲ့ နာတာရှာနဲ့ဝေးရာကို ထွက်ပြေးသွားချင်ပေမဲ့ ခြေထောက်တွေပေါက်လာဖို့ စောင့်ရပါဦးမယ်။ နားကိုပိတ်ထားဖို့လည်း လက်ကမရှိ။ ပြန်ရိုက်ဖို့ဆိုတာကလည်း ဝေလာဝေးရော။ ဒီတော့ အိုလီရာနာပြောသမျှ ငြိမ်ခံနေရုံပဲတတ်နိုင်တယ်။

“ကဲပါ၊ ကလေးကိုစမနေနဲ့တော့။ ညစာအသင့်ဖြစ်ပြီလား။”

နောက်ဆုံးတော့ နက်ဆန်က မနေနိုင်ဘဲ ရန်သူနှစ်ယောက် စကားနိုင်လုနေတာကို ဖြတ်ပြောလိုက်တယ်။ ဒီတော့မှ နာတာရှာကလည်း မှိုဟင်းရည်ကိုမွှေဖို့ သတိရသွားတယ်။ ဒါပေမဲ့ ဟင်းရည်က ခမ်းနေပြီဖြစ်ပြီး တူးနံတောင်ထွက်လာ နေပါပြီ။

“ကြည့်ရတာ စားလို့ရတော့မယ့်ပုံမပေါ်ဘူး။ မှိုကလည်း ထပ်ခူးပြီးသားအသင့်မရှိတာ ခက်တာပဲ။” နောက်တော့ သူ့အကြည့်က သူ့ရှေ့က မုန်လာဥ(အိုလီရာနာ) ဆီရောက်သွားတယ်။

“မုန်လာဥချဥ်ရည်ဟင်းချက်ကြမလား၊ သခင်”

“မရဘူး။” နက်ဆန်က နာတာရှာရဲ့အဆိုပြုချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တယ်။

နာတာရှာက စိတ်ပျက်လက်ပျက်ပြောလိုက်တော့ နက်ဆန်က လူနေအိမ်တွေရှိတဲ့ဘက်ကို ကြည့်လိုက်ပြီး “ဒုက္ခခံမနေနဲ့။ ငါလူတွေကိုလိုက်ကူညီရင်း တစ်ခုခုဝယ်လာခဲ့မယ်။ ဒီနေ့တော့ ခြွင်းချက်အနေနဲ့ တစ်ခုခုစားကြတာပေါ့။”

“ဒီနေ့ ကျွန်မလိုက်စရာမလိုဘူးလား။” နာတာရှာက မေးလိုက်တော့ နက်ဆန်က ခေါင်းခါပြပါတယ်။

“မလိုဘူး၊ ဒီနေ့ တစ်ယောက်တည်း လေ့ကျင့်ချင်တယ်။ အိမ်စောင့်ကျန်နေရစ်ခဲ့။”

“အင်း...” နာတာရှာက သခင့်အမိန့်ကို နာခံဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ နက်ဆန်ကတော့ အရိပ်တွေကြား ဖြတ်သန်းသွားလာရင်းနဲ့ နေရာကနေ ထွက်ခွာသွားခဲ့ပါပြီ။

....

“အာလေလေ၊ ရှားပါးလိုက်တဲ့အခွင့်အရေး။ ငှက်ဆိုတာ အသိုက်ကို ဖြည်းဖြည်းချင်းဆောက်ရတယ်ဆိုတဲ့ စကားပုံ အတိုင်းပဲ။”

ကျောက်ဆောင်ကြီးတစ်ခုနောက်မှာပုန်းနေတဲ့ မိုနီကာက တစ်ယောက်နဲ့တစ်ပိုင်းပဲကျန်ရစ်တဲ့ နာတာရှာနဲ့အိုလီရာနာကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။ သူ့လက်ထဲမှာ ခေါက်ထားတဲ့ ကျာပွတ်ကိုကိုင်ထားပြီး သူ့မျက်လုံးနီနီတွေကတော့ လရောင်အောက်မှာ အန္တရာယ်ရှိစွာနဲ့ တောက်ပနေပါတယ်။ ခါးမှာတော့ ပြာလဲ့လဲ့ရောင်တောက်နေတဲ့ ဆေးရည်ပုလင်း ချိတ်ထားတယ်။

“ကဲ... ဒီနေ့ညတော့ ညမင်းသားလေးကို ငါ့အပိုင်အဖြစ် ပြောင်းလဲမယ့် အစီအစဥ်(ဂ)ကို စရအောင်။”

မိုနီကာရဲ့အစီအစဥ် (က) ကတော့ ဆယ်ဗီကိုအသေသတ်ပြီး နက်ဆန်ဆီကနေ အမုန်းတရားတွေခံယူဖို့ပါ။ ဒါပေမဲ့ နက်ဆန်က ဆယ်ဗီကိုကယ်တင်ခဲ့ပြီး သူ့ကိုမုန်းလဲမမုန်းသလို ချစ်လည်းချစ်မလာဘူးလေ။ ဒီအတိုင်းရှိတယ်လို့တောင် မထင်ဘူး။ ဒီတော့ အစီအစဥ် ကျရှုံးသွားတယ်။

အစီအစဥ် (ခ)ကတော့ နက်ဆန်ကို အချစ်ဆေးရည် ခိုးတိုက်ဖို့ကြံတာပါ။ ဖြစ်ချင်တော့ ဆေးရည်ထဲထည့်ရမယ့် ပါဝင်ပစ္စည်းဖြစ်တဲ့ သူ့ရဲ့သွေးကြောင့် ဆေးရည်က သန္ဓေပြောင်းသွားပြီး နက်ဆန်ကို ကောင်မလေးဖြစ်သွား စေခဲ့တာပဲရှိတယ်။ အဲဒီနောက်ပိုင်း ဘာမှဆက်မဖြစ်တဲ့ အတွက်ကြောင့် အစီအစဥ်ကျရှုံးတယ်လို့ ဆိုရမှာပဲ။

အစီအစဥ် (ဂ)ကတော့ မိုနီကာတစ်ယောက် လင်ဘိုကို ပြန်သွားပြီးမှ ရလာမယ့်အကြံလို့ ပြောရမှာပါ။ ပြီးတော့ မိုနီကာအလွန့်အလွန်ကို လေးစားရတဲ့ အချစ်ဆရာမကြီး ဆီကနေပြီး ကြားသိခဲ့ရတဲ့ နည်းလမ်းလည်းဖြစ်နေတယ်။

“ဒေါ်လေးအီရှက်ရဲ့နည်းလမ်းတွေက တွေးကြည့်စရာ မလိုလောက်အောင်ကို အလုပ်ဖြစ်မှာသေချာတယ်၊ အဟိအဟိ။”

...

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က။

အနက်ရောင်ပလ္လင်ကြီးတစ်ခုထက်မှာ လိမ်ကောက်နေတဲ့ သိုးချိုတွေ၊ နီရဲတဲ့မျက်လုံးတွေနဲ့အတူ ခြေဖျားအထိ ရှည်လျားတဲ့ ခရမ်းရောင်ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ ကျက်သရေရှိပြီး ရင့်ကျက်စွာလှပတဲ့ အမျိုးသမီးက စံမြန်းနေပါတယ်။ သူ့ပုံစံက မိုနီကာနဲ့အတော်လေး ဆင်တူပြီး လှပတဲ့ဂေါ့သစ်ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။ မတူညီတာဆိုလို့ ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်က ပိုမိုဖွံထွားပြီး အဖွံထွားလွန်နေတယ်လို့တောင် ပြောလို့ရပါတယ်။

“အရှင်မလီလစ်၊ ဒီကျွန်တော်မျိုးမက မင်းသမီးလေးရဲ့ ရှေ့ရေးကိုတွေးပြီး အရှင်မထံ အဖြစ်မှန်အတိုင်း အရဲစွန့် လျှောက်ထားဖို့လာခဲ့တာပါ။” အဆင့်နိမ့်စကူးဘတ်မျိုး ဖြစ်ပုံရပြီး အိမ်စေဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးက လီလစ်ရှေ့မှာ ဒူးထောက်ခစားလိုက်တယ်။

“အရှင်မရှင့်၊ မင်းသမီးလေးက တကယ့်ကို ကယ်မရတဲ့ အဆင့်ရောက်နေပါပြီ။ သူ့အခန်းထဲက ညမင်းသားပုံ ပိုစတာတွေနဲ့ ခေါင်းအုံးတွေကို ဖယ်ရှားပစ်ပြီးပြီဆိုပေမဲ့ ဘာမှမရှိတဲ့နံရံမှာ လက်သည်းနဲ့ခြစ်ပြီး ညမင်းသားပုံကို ရအောင်ဆွဲခဲ့ပါတယ်။”

“မင်းသမီးလေးက စားလည်းဒီစိတ် သွားလည်းဒီစိတ်နဲ့ ထမင်းစားရင်တောင်မှ ညမင်းသားရဲ့နာမည်ကိုပဲ တလျက်ရှိပါတယ်ဖုရား။ ဒီအတိုင်းလွှတ်ထားရင် မင်းသမီးလေး ကိုယ်ကျိုးနည်းပါတော့မယ်။”

လီလစ်က လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ လီလစ်ဟာ ပထမဆုံး စကူးဘတ်ဖြစ်တာနဲ့အညီ သူတို့မျိုးနွယ်မှာရှိတဲ့ အားနည်းချက်ကို သေချာပေါက်သိပါတယ်။ ပြောရရင် သူကိုယ်တိုင်တောင်မှ အိန်ဂျယ်တစ်ပါးကို သွားကြိုက်မိလို့ သုခဥယျာဥ်ကနေ ကန်ချခံခဲ့ရတာမဟုတ်လား။

ဒါပေမဲ့....

“လင်ဘိုလောကကြီးရဲ့လေးပုံတစ်ပုံကို ပိုင်စိုးရတဲ့ ငါသခင်မက တစ်ပါးသူတွေရဲ့အချစ်ကို လှည့်ဖျားယူတဲ့ နေရာမှာ ဆရာတစ်ဆူမလို့ လူတိုင်းကြောက်ရွံကြတာ။ ငါ့သမီးလေးကျမှ ဘာမှမဟုတ်တဲ့ ယောကျ်ားလေး တစ်ယောက်အတွက်နဲ့ အချစ်ရူးရူးသွားမှန်း လူတွေသိကုန်ရင် မခက်ပေဘူးလား။ ပိုင်မွန်တို့၊ ဘလိဇဘက်တို့၊ ဘာအဲလ်တို့က ငါ့ကိုဝိုင်းဟားမှာပေါ့။”

လီလစ်က တခြားမိစ္ဆာဘုရင်လေးပါးရဲ့နာမည်တွေကို အစဥ်အတိုင်းရွတ်ဆိုလိုက်တယ်။ မိစ္ဆာမျိုးနွယ်တွေမှာ ကျောင်းခုနစ်ကျောင်းနဲ့ အဆင့်အတန်းချင်းတူညီတဲ့ မျိုးနွယ်ကြီးလေးခုရှိပြီး သူတို့တွေက လင်ဘိုဘုံကို ခွဲဝေအုပ်ချုပ်ကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေနဲ့ သမန်းဝံပုလွေတွေဖွဲ့ထားတဲ့ ပူးတွဲပ​သေရာဇ်နိုင်ငံက အားကောင်းတယ်ဆိုပေမဲ့ လင်ဘိုဘုံက ဘုရင်လေးပါးနဲ့ ယှဥ်မယ်ဆိုရင် အတော်အားနည်းပြီး သူတို့အာဏာစက်က လင်ဘိုဘုံအပြင်ဘက်က မျိုးနွယ်တချို့ဆီကိုသာ သက်ရောက်တာပါ။ တစ်ဖက်မှာတော့ မိစ္ဆာဘုရင်လေးပါးက သူတို့အလိုရှိရင် ပူးတွဲပဒေသရာဇ်အပါအဝင် ရှိသမျှ မျိုးနွယ်တိုင်းကို ဆင့်ခေါ်နိုင်စွမ်းရှိကြပါတယ်။

“မဖြစ်သေးပါဘူးလေ၊ ငါ့သမီးလေး ခြေငြိမ်အောင်လို့ တစ်ခုခုကြံဦးမှပါ။”

အဲဒီနောက်တော့ လီလစ်က အကြံတစ်ခုရသွားတဲ့ပုံစံနဲ့ လက်ဖျောက်တီးလိုက်ပြီး “ဒါနဲ့ နယ်စားကြီးအက်စ်မိုးဒက်ရဲ့ သားတော်က ငါ့သမီးနဲ့ရွယ်တူပဲမဟုတ်လား။ သူတို့တွေကို လူငယ်ချင်းတွေ့ခိုင်းလိုက်ရင်ကောင်းမလား။ အဆိပ်ကို အဆိပ်နဲ့ကုဆိုသလို ငါ့သမီးလေးက အချစ်သစ်တွေ့သွားမှာ ဒီဝေဒနါကနေ သက်သာသွားမှာ။”

...

ဒီလိုနဲ့ လင်ဘိုဘုံရဲ့နေသာတဲ့နေ့တစ်နေ့မှာ စိတ်ပျက်နေတဲ့ ပုံပေါ်တဲ့ မိုနီကာနဲ့ ကောင်းကောင်းမွန်မွန်သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားတဲ့ ရွယ်တူလူငယ်လေးတစ်ယောက်တို့ မိဘတွေစီစဥ်တဲ့အတွက် ဒိတ်လုပ်ဖြစ်သွားတယ်ပဲ ဆိုကြပါတော့။

မိုနီကာက ဒေါသထွက်လွန်းလို့ တုန်ယင်နေတဲ့ လက်တွေနဲ့ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ရင်းနဲ့ သူ့ရှေ့က ကိုယ်တော်ကို ကြည့်လိုက်တယ်။

လူငယ်လေးက အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်နဲ့ ဝတ်ဆင်ထားပြီး လည်ပင်းမှာတော့ အနီရောင်ဖဲကြိုးကို ချည်ထားတယ်။ ပုံစံက ရည်ရည်မွန်မွန်ပဲလို့ ပြောရမယ် ဆိုပေမဲ့...

“အမေက ဘယ်လိုစိတ်ကူးပေါက်လို့ ငါ့ကိုဆိတ်ခေါင်းနဲ့ကောင်နဲ့ စေ့စပ်ပေးဖို့ အကြံရလာတာပါလိမ့်။”

မိုနီကာက သူ့ရှေ့က လူငယ်လေးခေါင်းမှာပေါက်နေတဲ့ ဆိတ်ချိုတွေကို ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ သူက ဟိုကောင်လေး ကြားသွားမှာကိုတောင် မစိုးရိမ်တဲ့ပုံပဲ။ မိုနီကာမှာလည်းပဲ သိုးချိုတွေရှိတယ်ဆိုပေမဲ့ ဆိတ်ချိုက အဲဒီလိုမျိုး ကြည့်လို့မလှဘူးလေ။ ပြီးတော့ ကောင်လေးက မုတ်ဆိတ်မွှေးပသိုင်းမွှေးတွေ အရွယ်နဲ့မလိုက်အောင်လို့ ပေါက်နေပြီးတော့ အနောက်တိုင်းဝတ်စုံသာဝတ်မထားရင် ဗိုက်ကင်းကြီးနဲ့ နင်လားငါလားပဲ။

“ဒီတော့ ရှင့်နာမည်က.... “

“ကျွန်တော့်နာမည်က အိုလီဗာ အက်မိုးဒက်ပါ။ နယ်စားကြီး အက်မိုးဒက်ရဲ့၂၂၅ယောက်မြောက်ကလေးပါခင်ဗျ။ ကျွန်တော့် အထက်မှာ အစ်ကိုကြီး ၁၁၀ယောက်နဲ့ အစ်မကြီး ၁၁၅ ယောက်ရှိပါတယ်။”

မိုနီကာက နှာခေါင်းရှုံ့လိုက်တယ်။ ‘အငယ်ဆုံးသားပေါ့လေ' လို့တောင်မှ တွေးလိုက်တယ်။ နောက်တော့ အထင်သေးတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး...

“ရှင့်ကို ကျွန်မက နာမည်ပဲမေးတာလေ။ မဆိုင်တာတွေ လျှောက်မဖြေနဲ့။ ရှင့်ရဲ့အသင်္ချေနီးနီး မွေးချင်းတွေ အကြောင်းကို ကျွန်မသိချင်တယ် ထင်လို့လား။”

“တောင်း... တောင်းပန်ပါတယ်ခင်ဗျ။” မိုနီကာက အချေကြီး ချေနေတဲ့အတွက်ကြောင့် အိုလီဗာတစ်ယောက် လန့်လာတယ်။ မိုနီကာ့ပုံစံက သူ့ကိုနည်းနည်းလေးမှ အထင်ကြီးတဲ့ပုံမပေါ်ဘဲ ဖြစ်နိုင်ရင် ထရိုက်ပစ်ချင်နေတဲ့ ပုံစံမျိုး။

အဲဒီနောက်တော့ မိုနီကာက ကံဆိုးသူမောင်ရှင်ကို လစ်လျူရှုထားပြီး လက်ဖက်ရည်ကိုပဲ ဆက်သောက် နေလိုက်ပါတယ်။ ကြာတော့ တိတ်ဆိတ်နေတာကြောင့် မနေတတ်မထိုင်တတ်ဖြစ်လာတဲ့ အိုလီဗာက စကားစဖို့ ကြိုးစားပါတယ်။

“မိုနီကာမှာရော မွေးချင်းဘယ်နှစ်ယောက်ရှိလဲဟင်။”

“ တစ်ယောက်တည်း...” မိုနီကာက တုံးတိပြန်ဖြေတယ်။ ဘုရင်မလီလစ်က နှစ်ငါးထောင် သက်တမ်းရှိပြီဆိုပေမဲ့ သမီးတစ်ယောက်ပဲရှိတယ်။ တခြားစကူးဘတ်တွေက သူ(မ)သွေးကိုသောက်ပြီး ဖြစ်တည်လာတဲ့စကူးဘတ်တွေပါ။

“ဘာလုပ်ရတာ ဝါသနာပါလဲဟင်။”

“ရှင့်လိုမိစ္ဆာတွေကို တိုင်မှာချည်ပြီး အသားတစ်လွှာချင်းစီ ဓားနဲ့မွှန်းရတာကြိုက်တယ်။”

“အစ်....” အိုလီဗာတစ်ယောက် ဘာပြောရမှန်းမသိတော့ဘဲ ပါးစပ်ကို ပိတ်ထားလိုက်တယ်။ မိုနီကာက ကုန်သွားပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးတော့ အိုလီဗာကို မော့ကြည့်လိုက်တယ်။ အဲဒီနောက်တော့ အိုလီဗာကို ချွန်ထက်နေတဲ့ လက်ညိုးနဲ့ထိုးလိုက်ပြီး...

“ရှင်ကျွန်မကို စိတ်ကြိုက်မေးပြီးပြီဆိုတော့ ကျွန်မအလှည့်ပဲ။”

ဒီတော့မှ အိုလီဗာက အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ ပြန်ပြင်ဝတ်လိုက်ပြီး ဟန်ကိုယ့်ဖို့ဆိုသလို “ဟုတ်ကဲ့၊ မေးပါခင်ဗျ။ မိုနီကာသာ အလိုရှိရင် အကုန်လုံးဖြေပါ့မယ်။”

မိုနီကာက အဲဒီစကားကြောင့် မျက်လုံးကိုမှေးလိုက်ပြီးတော့

“ကောင်းပြီလေ...ဒါဖြင့်ရင် ရှင်ဘာအစွမ်းအစရှိလဲ ပြောကြည့်လိုက်လေ။”

ဒီတစ်ခါတော့ အိုလီဗာက အလွန့်အလွန်ဂုဏ်ယူနေတဲ့ ပုံစံမျိုးနဲ့ “ကျွန်တော်က အက်မိုးဒက်တော်ဝင်မျိုး ပီသစွာနဲ့ လောင်းကစားနည်းတွေအားလုံးကို ထုံးလိုမွှေရေလိုနှောက် တတ်ကျွမ်းတာမလို့ ကာစီနိုရုံတွေကို နေ့ချင်းညချင်း ဒေဝါလီခံအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် ငွေသန်းနဲ့ချီ ရှာနိုင်ပြီးတော့ မိုနီကာ့ကို တင့်တောင်းတင့်တယ်ထားနိုင်မှာပါ။”

“ဟမ်... အမှိုက်...” မိုနီကာက ရွံရှာနေတဲ့ပုံစံနဲ့ တံထွေးကို လက်ဖက်ရည်ခွက်ထဲ ထွေးချလိုက်တယ်။

“ဒီတော့ ရှင်က လောင်းကစားသမားတစ်ယောက်ပေါ့လေ။ လုံးဝ အလံနီပဲ။”

“အ... အလံနီ...” အိုလီဗာကတော့ မိုနီကာ ဘာပြောနေမှန်း လိုက်မမီတော့ဘူး။ မိုနီကာက လက်ညိုးထောင်လိုက်ပြီး

“ဒီမယ်ကိုအိုလီဗာ။ ကျွန်မရှင့်ကိုပြောမယ်။ ကျွန်မချစ်ရတဲ့ သူကလေ၊ သိလား။ သူ့မှာ ရှင့်ထက်မကတဲ့ စွမ်းဆောင်ရည် အများကြီးရှိတယ်။”

နောက်တော့ သူ့မျက်လုံးတွေက ကြယ်လိုစတင်တောက်ပ လာပြီးတော့ ညမင်းသားရဲ့ဘုန်းတော်ဖွဲ့ဂါထာရှည်ကြီးကို ထရွတ်တော့တာပါပဲ။

“သူဟာ ညနတ်ဘုရားမမျိုးနွယ်ကနေ ဆင်းသက်လာတဲ့ သူဖြစ်တယ်။ မှော်လမ်းစဥ်မှာ မာစတာအဆင့်အထိ ရောက်နေပြီးတော့ နတ်ဘုရားလမ်းစဥ်မှာဆိုရင်လည်း အယ်ဒါအဆင့်ရောက်လုနီးနီးပဲ။ သူက ရုပ်ချောတယ်၊ တစ်ပါးသူပျော်အောင် ပြုံးပြတတ်တယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်လည်း အမြဲတမ်းအေးချမ်းတည်ငြိမ်စွာနဲ့ ရင်ဆိုင်တတ်တယ်။ မှော်အစီအရင်တွေကို အဆင့်မြင့်မြင့် နားလည်တတ်ကျွမ်းတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့တင် အင်အားကြီးရန်သူတွေကို အနိုင်ယူနိုင်ပြီးတော့ ပူးတွဲပဒေသရာဇ် ဘုရင်နဲ့ဘုရင်မကို အမြီးကုပ်ပြီး ပြေးအောင်လုပ်နိုင်သူဖြစ်တယ်။ သူက ကျွန်မအလှအပကို ခုခံနိုင်ပြီး သူချစ်တဲ့သူကို ကာကွယ်ပေးတဲ့နေရာမှာ သိပ်ကိုပြတ်သားတယ်။ အရိပ်ထဲမှာ ခရီးသွားနိုင်တယ်။ မကောင်းဆိုးဝါးတွေကို ဘုရင်ကြီးတစ်ပါးလိုမျိုး အမိန့်ပေးနိုင်တယ်။ မရဏဘုံကို သေသူတွေရဲ့ဝိညာဥ် မရောက်အောင်လည်း အနားမှာခေါ်ထားနိုင်သေးတယ်။ ပြီးတော့ ဟင်းလည်းချက်တတ်သေးတယ်။ အားဟားဟား...”

မိုနီကာက နက်ဆန်အကြောင်းပြောနေရင်းနဲ့ အရူးလိုမျိုး ဖြစ်သွားတယ်။ ပြီးတဲ့နောက်တော့ သူက လက်သည်းတွေနဲ့ အိုလီဗာလည်ပင်းကို ထောက်ထားလိုက်ပြီး...

“ဒါက ကျွန်မရဲ့စံနှုန်းပဲ။ ကျွန်မမင်းသားလေးရဲ့ခြေဖျားကို မမီတဲ့ရှင့်လိုလူကများက ကျွန်မကိုလာတွေ့ရဲတယ်။ သေချင် နေပြီလား။”

“အဖေရေ... ဒီမိန်းမက ကြောက်စရာကြီးဗျ။”

အဲဒီနောက်တော့ အိုလီဗာဆိုတဲ့မိစ္ဆာကောင်လေးလည်း အမြီးကုပ်ပြီးထွက်ပြေးသွားတော့တာပဲ။

...

ပထမကတော့ မိုနီကာက ကောင်လေးတစ်ယောက်ကို ကြောက်အောင်ခြောက်လွှတ်လိုက်နိုင်လို့ အချိန်တစ်ခုအထိ အမေက ဘာမှမပြောလောက်ဘူးထင်နေတာ။ ဒါပေမဲ့ အထင်နဲ့အမြင်က သက်သက်စီ။ အဲဒီအစား လီလစ်က များပြားတဲ့ လင်ဘိုဘုံက မိစ္ဆာသခင်လေးတွေကို ဖိတ်ခေါ်ခဲ့ပြီး မိုနီကာအတွက် ဖူးစာဖက်ရှာဖို့ လုပ်တော့ တာပါပဲ။

နောက်ထပ်လာတဲ့တစ်ယောက်နှစ်ယောက်ကိုတော့ မိုနီကာက ခြောက်လှန့်လွှတ်လိုက်ပါသေးတယ်။ ဒါပေမဲ့ လီလစ်က သူ့ထက်လည်တဲ့အတွက် တမင်သက်သက် အရိုက်ခံချင်နေတဲ့ မိစ္ဆာကောင်လေးတစ်ယောက်ကို သီးသန့်ရှာပြီး လွှတ်လိုက်ပြီးတဲ့နောက်မှာတော့...

“အားဟား... မမမိုနီကာ၊ ကျွန်တော့်ကို ရိုက်ချင်သလောက်ရိုက်ပါ။”

“သောက်ခွေးထဲမှ၊ ရွံစရာကောင်းလိုက်တာ...” ဆိုပြီးတော့ အိမ်ပေါ်ကနေ ချက်ချင်းဆင်းပြေးပြီး ဒေါ်လေးအီရှက်အိမ် တက်နေရတော့တာ။ ဒေါ်လေးအီရှက်ဆိုတာ လီလစ်ပြီးရင် စကူးဘတ်တွေထဲမှာ ဩဇာအကြီးဆုံးပဲ။ စကူးဘတ်မျိုးနွယ် တည်ထောင်တဲ့အချိန်တုန်းက လီလစ်ဦးဆောင်မှုနောက်ကို လိုက်ခဲ့တဲ့ မူလစကူးဘတ်လက်အောက်ခံသုံး​ယောက်ရှိပြီး သူက အဲဒီထဲကတစ်ယောက်ပါ။

ပြီးတော့ အီရှက်က လင်ဘိုဘုံမှာ သူ့ယောက်ျား နယ်စားကြီး ဂါဂါရင်ကို အင်မတန် နိုင်နင်းတယ်ဆိုပြီး နာမည်ကြီးတယ်။ ဒါကြောင့် စကူးဘတ်တော်တော်များများက သူ့ကို အချစ်ဆရာမကြီးအဖြစ်နဲ့ဂုဏ်တင်ဂုဏ်မြှောက်ကြတာမလို့ လင်ဘိုဘုံကနေ ထွက်မပြေးခင် မိုနီကာဟာ ဒီဆရာမကြီးဆီက အကြံဉာဏ်တောင်းဖို့အတွက် ဖြစ်လာတော့တာပါပဲ။

“စကားပုံတောင်ရှိသေးတယ်၊ လင်နေစ ဆင်သေမှတဲ့။ သမီးကောင်လေးက သမီးအစား တခြား​ကောင်မလေးကို စိတ်ဝင်စားနေတယ်ဆိုပေမဲ့ ကိစ္စမရှိဘူး။ စကားပုံထဲမှာ ပါတဲ့အတိုင်းပဲ ဆင်သေသွားအောင် ဟောဒီကျာပွတ်နဲ့ ရိုက်ပစ်လိုက်။ ဒါဆိုရင် တခြားဘယ်ကောင်မလေးကိုမှ စိတ်မဝင်စားတော့ဘဲ မိုနီကာမှ မိုနီကာဖြစ်သွားလိမ့်မယ်။”

အဲဒီစကားနဲ့အတူဂါဂါရင် ဇက်ကြောနှိပ်ပေးတာကို ဇိမ်နဲ့ခံနေတဲ့ အီရှက်က နှုတ်ဆက်လက်ဆောင်အဖြစ်နဲ့ မိုနီကာ့လက်ထဲမှာ ကြိမ်ကျာပွတ်တစ်ခု ထည့်ပေးလိုက်တော့ တာပါပဲ။

All Chapters