← Chapters

ကြက်သူခိုးမိစ္ဆာ

Vol. 1 Ch. 23

ကြက်သူခိုးမိစ္ဆာ

Vol. 1 Ch. 23

ညအချိန်ဝယ် မွှေးရနံ့တိမ်တောင်ကို အမှောင်ထုများက လွှမ်းခြုံထား၏။ လက်ကိုဆန့်ထုတ်ကြည့်ပါက လက်ချောင်းများကိုပင် မြင်ရမည်မဟုတ်ပေ။ ခပ်တိုးတိုးလေသံကလွဲ၍ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျေးငှက်များ၊ တိရစ္ဆာန်များ၏ အော်သံတစ်သံမျှ မကြာရပေ။

ကျိုးရှင်းချီပေးထားသော ပိုးလက်ပတ်ကို လက်မောင်းတွင်ချည်ကာ ပိုင်ရှောင်ချန်းက ကြက်ခြံရှိရာလမ်းသို့ အမှောင်ထုထဲတွင် လျှောက်လာနေသည်။ လမ်းတစ်လျှောက်တွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ချုံပုတ်များထဲဝင်ပုန်း၍ အခြေအနေကြည့်ကာ လာလေသည်။

သိပ်မကြာခင်မှာပဲ ကြက်ခြံကိုလှမ်းမြင်နေလေပြီဖြစ်သည်။ ကြက်အများစုမှာ အိပ်ပျော်နေကြပြီး အချို့မှာ ရှေ့တစ်ပြန် နောက်တစ်ပြန် လမ်းလျှောက်နေကြလေသည်။ ကြက်တစ်ကောင်သည်ကား ပိုင်ရှောင်ချန်း ရှိရာသို့ တည့်တည့်ပင်လာနေသည်။

ထိုကြက်ကလေး ခြံစည်းရိုးနားရောက်လာသည်အထိ သူကခြုံထဲတွင် နှုတ်ခမ်းစုပ်သတ်ရင်း ထိုင်စောင့်နေလေသည်။ ရင်တဒုတ်ဒုတ်ဖြင့် ထိုကြက်ကို မျက်ခြေမပျက်ကြည့်ကာ သူ၏ဝါးပုစဥ်းရင်ကွဲကို ဆွဲထုတ်လိုက်လေသည်။

ထိုအချိန်မှာပင် နောက်ဖက်မှ အော်သံများကိုကြားလိုက်ရပြီး ညအမှောင်ထုထဲတွင် သူ့ဆီသို့ပြေးလာနေသော လူရိပ်များကိုမြင်လိုက်ရသည်။ ထိုလူများ၏လက်ထဲတွင် မီးတုတ်များပါရှိရာ အမှောင်ထုမှာ လျော့ပါးလာသည်။

" သောက်ကြက်သူခိုး။ နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့။ "

" မင်းကိုဒီကနေစောင့်နေတာ ရက်တွေအများကြီးရှိပြီကွ။ အခုတော့ မင်းကိုငါတို့ဝိုင်းထားလိုက်ပြီ။ ဘယ်လိုထွက်ပြေးမလဲ ကြည့်ကြသေးတာပေါ့ကွာ။ "

အော်သံများမှာ ပဲ့တင်ထပ်နေပြီး ပိုင်ရှောင်ချန်းကို လူရိပ်၈ခုက ဝိုင်းထားလိုက်လေသည်။

သူတို့မှာ ကြက်စောင့်ရန်တာဝန်ကျသော ဂိုဏ်းသားများဖြစ်လေသည်။ ပင်ပင်ပန်းပန်း ရက်ပေါင်းများစွာထိုင်စောင့်ခဲဲ့ရသည့် ဒုက္ခများအတွက် ယနေ့တွင် အကျိုးပြန်ခံစားရလိမ့်မည်ဟု ထင်မထားမိချေ။ သူတို့၏နှလုံးသားများထဲတွင် တရားမျှတသောစိတ်ဓာတ်အပြည့်ဖြင့် ကြက်သူခိုးကို တရားစီရင်ရန် ပြင်လိုက်လေသည်။

သူတို့အသံများကိုကြားလိုက်ရသောအခါ စစချင်းတွင် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေလေသည်။ သို့သော် ခဏအကြာတွင် အတွေးတစ်ခုရသွားပြီး အေးတိအေးစက်အသံတစ်ခုဖြင့် လှမ်းကာငေါက်လိုက်လေသည်။

"ဟေ့လူတွေ တိတ်စမ်း။ တိုးတိုးလုပ်ကြစမ်းပါကွ။" ဟု သူအော်လ်ိုက်သည့်အသံထဲတွင် ယဥ်ကျေးမှု အနည်းငယ်မျှပင်မပါချေ။ မသိလျှင် သူက အမှန်တရားဘက်တော်သားတစ်ယောက်လိုပင်။ ထွက်ပြေးဖို့ရာမကြိုးစားပဲ သူကလက်​မောင်းရှိလက်ပတ်ကို မြင်သာထင်ရှားအောင်လုပ်ပြီး ခက်ထန်စွာ မတ်တတ်ထရပ်လိုက်လေသည်။

"လက်ပတ်ကိုမြင်လား။ ဒီကြက်သူခိုးဖမ်းတဲ့ အလုပ်မှာ ငါကခေါင်းဆောင်ကွ။" ဟု မျက်မှောင်ကြုံ့ကာ ဂိုဏ်းသား ၈ယောက်ကို စိတ်တိုနေသည့်ပုံစံဖြင့်ကြည့်၍ ပြောလိုက်လေသည်။

ထိုအချင်းအရာကြောင့် ဂိုဏ်းသား၈ယောက်ပင်လျှင် တုန်လှုပ်စွာငေးကြည့်သွားရလေသည်။ အချို့သောဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို နေ့လည်တုံးက တွေ့ခဲ့လေသည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်းကို အနီးကပ်ကြည့်လိုက်ပြီးနောက် သူတို့မှ ချီတုံချတုံ ဖြစ်သွားလေတော့သည်။

ဤအ​ခြေအနေကို မယုံသော ဂိုဏ်းသားတစ်ယောက်က " သြော်။ ဂိုဏ်းတူညီလေးပိုင်ပါလား။ ဒီလောက်ညဥ့်အနက်ကြီး ဒီမှာဘာများလုပ်နေတာလဲ။" ဟုမေးလိုက်သည်။

သူ့စကားကြောင့် အခြားဂိုဏ်းသားများက ပိုင်ရှောင်ချန်းကို သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။

သူ၏ အင်္ကျီလက်ကိုခါရင်း မျက်မှောင်ကြုံ့ကာ ပိုင်ရှောင်ချန်းက ဒေါသတကြီးနှင့် " ဂိုဏ်းတူအစ်မကျိုး ကိုယ်တိုင်ကိုက ငါ့ကို ကြက်သူခိုးဖမ်းတဲ့တာဝန်ရဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခိုင်းတာလေကွ။ အဲ့တာမလို့ ငါတတ်သမျှအကုန်လုပ်ပြီး ကြက်သူခိုးကိုဖမ်းဖို့ လုပ်နေတာပေါ့ဟ။ ငါ့ရဲ့ ညကျင့်စဥ်ကိုတောင်ခဏနားထားပြီး ဒီမှာလာထိုင်စောင့်နေရတာ။ ဒါပေမဲ မင်းတို့ဆူဆူညံညံလုပ်နေပုံနဲ့တော့ ကြက်သူခိုးက ထွက်ပြေးသွားတာကြာလှပြီနေမှာပဲ။" ဟု အော်ပြောလေသည်။ သူ့ပုံစံမှာ သူခိုးဖမ်းရန်ကြိုးစားနေသောလူတစ်ယောက်နှင့် တကယ်တူလေသည်။

ကြက်စောင့်ဂိုဏ်းသားများက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာကြည့်လိုက်ကြပြီး အချို့မှာမူ အားနားသည့်ပုံပင် ပေါက်နေလေတော့သည်။ သံသယအဖြစ်ဆုံး ဂိုဏ်းသား၏မျက်နှာအမူအရာမှာမူ အနည်းငယ် ပျော့သွားသော်လည်း လုံးဝတော့မယုံကြည်သေးချေ။

သံသယစိတ်များ အကုန်မပျောက်သေးသည်ကို မြင်လိုက်ရသောအခါ ပိုင်ချောင်ရှန်းက အေးစက်စွာ လည်ချောင်းရှင်းလိုက်ပြီး ဘယ်သူမှဘာမှထပ်မမေးနိုင်ခင် လက်ဦးမှုရယူကာ ထိုဂိုဏ်းသားများကို အပြစ်တင်လိုက်လေသည်။

"ဒီပုံစံနဲ့မလို့ အဲ့လောက်ကြက်များအကြီးပျောက်တာမဆန်း​ပါဘူး။ မင်းတို့က လုံးဝကိုပေါ့ဆတာကိုးကွ။ ဟိုဖက်ကိုကြည့်လိုက် မြင်လား။ မင်းတို့ခြံစည်းရိုးက ကျိုးတောင်ကျိုးနေပြီ။" ဟုဆိုကာ ခြံစည်းရိုးရှိ အပေါက်ကိုညွှန်ပြလိုက်လေသည်။ ထိုအပေါက်မှာ သူမကြာသေးမှီက ခိုးခဲ့သောကြက်မှာ ရုံးကန်သဖြင့် ပေါက်နေခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းညွှန်ပြသောနေရာသို့ကြည့်လိုက်ပြီး အပေါက်ကိုမြင်လိုက်သောအခါ ကြက်စောင့်ဂိုဏ်းသားများ၏ မျက်နှာတွင် တုန်လှုပ်သောအမူအရာများပေါ်လာလေသည်။ လွန်ခဲ့သောအတိတ်တုံးက ဤကဲ့သို့အသေးစိတ်မစစ်ဆေးခဲ့ဖူးသည်မှာ အမှန်ပင်။

"ပြီးတော့ အဲ့ကြက်ကိုလည်းကြည့်လိုက်ဦး။ ဒီဘက်အထိရောက်လာတဲ့အဲ့ကြက်ကို မင်းတို့ဘယ်လိုကာကွယ်မယ် စဥ်းစားထားလဲ။"

ပိုင်ရှောင်ချန်းမှ ဒေါသပိုပိုထွက်လာပုံပေါ်နေပြီး အသံကျယ်ကျယ်နှင့် အော်ငေါက်နေသည့်အတွက် ကြက်စောင့်ဂိုဏ်းသားများမှာ ရှက်ကာမျက်နှာများနီရဲလာသည်အထိပင်။

"ငါ့ရဲ့ စုံစမ်းမှုအရတော့ ဒီနေရာက ဒီကြက်ခြံမှာ လူအပြတ်ဆုံးနေရာကွ။ ဒီနေရာကို မင်းတို့က ​သေချာ စောင့်ရှောက်နေရမှာ။ မင်းတို့မရောက်ခင်ထဲက ဒီမှာငါရောက်နေတာကြာလှပြီ။"ဟု ​ပြောရင်းပြောရင်း ပိုင်ရှောင်ချန်းမှာ ပို၍ ဒေါသထွက်လာဟန်ရှိသည်။ အဆုံးတွင်မူ သက်ပြင်းအရှည်ကြီးချလိုက်လေတော့သည်။

"ဒီပုံစံနဲ့များ သူခိုးဘယ်လိုဖမ်းမယ်လို့စိတ်ကူးထားတုံး။ ဟမ်။ ငါ့ရဲ့ သူခိုးဖမ်းအတွေ့အကြုံတွေနဲ့ ငါ့ရဲ့တွေ့ရှိချက်တွေအရဆိုရင်တော့ ဒီနေရာက ကြက်အများဆုံးခိုးခံရတဲ့နေရာပဲ။"

ထိုစကားလုံးများကြားလိုက်ရသောအခါ ကြက်စောင့်ဂိုဏ်းသားများမှာ အတွင်းစိတ်ထဲတွင် တုန်လှုပ်နေလေသည်။ တစ်ဦးကိုတစ်ဦး လန့်ဖြန်နေသောအကြည့်များဖြင့်ကြည့်နေကြလေသည်။ သူတို့ရသော သတင်းများအရ ဤနေရာသည် ကြက်အခိုးခံရဆုံးနေရာ​ ဖြစ်နေသည်မှာ အမှန်ပင်။

ထို့​ကြောင့် သူတိို့က ဤနေရာကိုစောင့်ရှောက်ရန်လာခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်း၏ စကားများမှာ သွေးထွက်အောင်မှန်လွန်းလှသဖြင့် ထိုတစ်ဖွဲ့လုံးက သူ့ကို လေးစားသောအကြည့်များဖြင့်ကြည့််လိုက်လေတော့သည်။

သူ့ကို သံသယအဖြစ်ခဲ့ဆုံး ဂိုဏ်းသားပင်လျှင် သူ့ကိုယ်သူမှားသွားပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။ ပိုင်ရှောင်ချန်း သူ၏ ကျင့်စဥ်အချိန်ကို အနစ်အနာခံကာ သူခိုဖမ်းရန်လာခဲ့သည်ကိုတွေးမိလိုက်ပြီး နေ့လယ်တုံးက သူ၏တက်ကြွကာ တာဝန်သိစိတ်ရှိသော ပုံရိပ်ကိုပြန်၍မြင်လာလေသည်။ အဆုံးတွင် သူက အသက်ပြင်းပြင်းရှူလိုက်ကာ လက်ယှက်လိုက်ပြီး အရိုအသေပေးလိုက်လေတော့သည်။

"ဂိုဏ်းတူညီလေးပိုင်။ အစ်ကိုစောစောကပြောခဲ့တာကြောင့် စိတ်အရမ်းမဆိုးပါနဲ့။ ညီလေးရဲ့ အနစ်နာခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီအပေါက်ကို အခုပဲပြင်လိုက်ပြီး ဒီနေရာမှာ အစောင့်တိုးထားလိုက်ပါ့မယ်။"

အခြားလူအကုန်လုံးကလည်း ပိုင်ရှောင်ချန်းလိုမျိုး တက်ကြွကာ ဇွဲရှိသောလူမျိုးကိုတွေ့ရန်ရှားပါးလွန်းလှသည်ဟုတွေးကာ လက်ယှက်လိုက်လေသည်။ သူတို့ကူညီမည့်ပုံပေါက်နေသည့်အတွက် စောစောက သူတို့ စိတ်လိုက်မာန်ပါလုပ်ခဲ့သည်များအတွက် စိတ်မကောင်းဖြစ်နေလေသည်။

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး ထွက်မသွားခင် နောက်ထပ်အကြံတစ်ချို့ကို ထပ်ပေးနေပြန်သည်။ သူထွက်သွားသောအခါ ဂိုဏ်းသား၈ယောက်က လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး သူလုပ်ပေးခဲ့သောအရာများကိုကြည့်၍ အံ့အားသင့်နေလေတော့သည်။

"ဂိုဏ်းတူညီလေးပိုင်က တကယ်ကိုလူကောင်းတစ်ယောက်ပဲကွ။"

လူမြင်ကွင်းနှင့်ဝေးရာသို့ရောက်သွားသောအခါ လေပြေအေးလေးတစ်ခုက သူ၏နောက်ကျောကို တိုက်ခတ်လာသည်။ ကပ်သီလေးလွတ်လာခဲ့သည့်အတွက် ချွေးများပင်တစ်ကိုယ်လုံးပြန်နေလေသည်။ သို့သော်လည်းဗိုက်ဆာနေသေးသည့်အတွက် အခြားကြက်ခြံ၂ခုသို့သွားကာ လှုပ်ရှားလို့ရမရသွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ယောင်ခံအလိုက်မခံရစေရန် ဘေးဘီဝဲယာကို သတိကြီးကြီးထားကာကြည့်ရင်း တောင်ဆင်းလမ်းအတိုင်း ဆင်းလာလေသည်။ နောက်ကြက်ခြံမှ ဘယ်လိုနည်းဖြင့် ခိုးရင်ကောင်းမလဲဟု တည်ကြည်လေးနက်သော မျက်နှာထားဖြင့်တွေးနေလေသည်။ လေတိုက်နေသည့်အတွက် သူ၏လက်မောင်းရှိ ပိုးသားလက်ပတ်မှာ ဝဲပျံနေလေသည်။

ထိုစဥ် ည၏မှောင်မိုက်သောလေပေါ်တွင် ပျံဝဲနေသော မိုး​ပြာရောင်ချည်မျှင် တစ်ခုပေါ်တွင် မိန်းမပျိုတစ်ဦး မတ်တတ်ရပ်နေလေသည်။ သူမကို အောက်ရှိမည်သူမှ သတိမထားမိပေ။ မွှေးရနံ့တိမ်တောင်၏ အခြေအနေကို စစ်ဆေးနေရင်း ဘေးဘီဝဲယာကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနေသော ပိုင်ရှောင်ချန်းကို ​မြင်လိုက်သောအခါ သူမ၏မျက်နှာအမူအရာပြောင်းသွားလေသည်။ သူမ၏မျက်လုံးများမှာ ချီးကျူးမှုများဖြင့်် အရောင်တောက်လာလေသည်။

" ဒီဂိုဏ်းတူမောင်လေးက သူ့တာဝန်ကိုသေချာလုပ်တာပဲ "

ထိုမိန်းမပျိုသည်ကား ပတ်ဝန်းကျင်ကိုစစ်​ဆေးနေသော ကျိုးရှင်းချီပင်ဖြစ်သည်။ စောစောက ကင်းလှည့်နေသော ဂိုဏ်းသားများ များစွာရှိသော်လည်း ညဥ့်နက်လာသောအခါ အများစုမှာ ကျင့်စဥ်ကျင့်ကြံရန်ပြန်သွားကြလေပြီ။ ပိုင်ရှောင်ချန်း တစ်ယောက်သာလျှင် အပြင်ဘက်သို့ထွက်ကာ သူခိုးဖမ်းရန် ကြိုးစားနေခြင်းဖြစ်သည်။

"သူ ရှိနေသ၍ကတော့ ကြက်သူခိုးရဲ့ အစီအစဥ်တွေပျက်နေမှာပဲ။" ဟုဆိုကာ အခြေအနေကိုကျေနပ်သွားသော ကျိုးရှင်းချီက သူမ၏ အင်မော်တယ််ဂူသို့ ပြန်သွားလေတော့သည်။

၂နာရီခန့်ကြာသော် ပိုင်ရှောင်ချန်းကသူ၏ခြံဝန်းထဲရှိ အိမ်သို့ပြန်ရောက်လာလေသည်။ အထဲသို့ရောက်သော် သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်သောအခါ ကြက်၂ကောင်ထွက်လာလေတော့သည်။ သူ့ကိုယ်သူသဘောကျရယ်မောရင်း ကြက်များကိုအမွှေးနှုတ်ကာ ဒယ်အိုးထဲသို့ပစ်ထည့်လိုက်လေသည်။ မကြာမီပင် သူသွားရည်ယိုရလောက်အောင် မွှေးပျံ့သော ရနံ့များပေါ်ထွက်လာလေတော့သည်။ ထို့နောက် အေးအောင်ပင်မစောင့်တော့ပဲ မြိန်ရေယှက်ရေ စားသောက်နေလေတော့သည်။

အဆုံးတွင် ဗိုက်ကိုပုတ်ကာ လေချင်တက်လိုက်သည်။ ထို့နောက် ကျေနပ်သွားသည့်အတွက် အရက်မူးနေသည့်အလား နောက်သို့လှဲလိုက်လေသည်။

နောက်တစ်လကုန်သွားပြီး ထိုတစ်လအတွင်းတွင် ပိုင်ရှောင်ချန်းက တာဝန်သိတတ်သောလူတစ်ယောက်အလား ညတိုင်းအပြင်ထွက်ကာ တည်တည်ကြည်ကြည်ပုံစမ်းဖမ်းပြီး ကြက်ခြံများကို စစ်ဆေးနေခဲ့လေသည်။

သို့သော်လည်း ကြက်များမှာမူ ပျောက်မြဲပျောက်ဆဲပင်။ လမ်းစရှာမရအောင် ပျောက်ဆုံးသွားပုံမှာ အလွန်ထူးဆန်သောကိစ္စတစ်ခုလိုပင်။ ကြက်ခြံစောင့်ဂိုဏ်းသားများသည်လည်း သူတို့တွင် ပြစရာမျက်နှာမရှိတော့ပေ။ ကြက်သူခိုးထောင်မကျမချင်း လက်လျော့မည်မဟုတ်ဟူသော ကတိသစ္စာများ ဆိုကြလေသည်။

ပိုင်ရှောင်ချန်းကမူ သူတို့ထက်ပင်ပို၍ အလေးအနက်ထားသည့်ပုံပေါ်နေ၏။ "ကြက်သူခိုးကိုမမိချင်းမနားဘူး" ဟူသော အမူအရာဖြင့် ကြက်ခြံများကိုစိတ်ရောကိုယ်ပါနှစ်၍ စောင့််ရှောက်လေသည်။ တစ်ခေါက်ကဆိုလျှင် ကြက်ခြံတစ်ခုကို ၄ရက်၄ညတိတိ စောင့်ရှောက်သည့်အခေါက်ပင်ရှိလေသည်။

အပူတပြင်းလိုက်ဖမ်းနေကြသည့်အတွက် ကြက်သူခိုးမှာလည်း အကြံအိုက်နေပုံပေါ်ပြီး ကြက်ခိုးခံရသောနှုန်းမှာလည်းလျော့ကျသွားလေသည်။ သို့သော်လည်း သူခိုးမှာလုံးဝပျောက်သွားခြင်းတော့မဟုတ်ပေ။ နောက်ဆုံးတွင် မွှေးရနံ့တိမ်တောင်ပေါ်ရှိ ဝိညာဥ်အမြီးကြက်တစ်ဝက်လောက်မှာ မရှိတော့ချေ။ ကျန်ခဲ့သောအကောင်များမှာလည်း အရွယ်မရောက်သေးသော ကြက်လေးများသာ ကျန်ခဲ့လေသ​ည်။

အဆုံးတွင် ကြက်ခြံစောင့်ဂိုဏ်းသားများမှာ ကိုယ့်ကိုယ်ကို အပြစ်တင်ကာ သက်ပြင်းချရုံကလွဲ မတတ်နိုင်တော့ချေ။ ကြက်သူခိုးဖမ်းသည့် အဖွဲ့မှ ကျန်အဖွဲ့သားများအားလုံး ပိုင်ရှောင်ချန်းလောက် ဇွဲနပဲကြီးပါက သေချာပေါက်သူခိုးကိုမိမည်ဟု ယုံကြည်နေကြလေသည်။

ကျိုးရှင်းချီမှာလည်း အထူးစိုးရိမ်လာလေသည်။ ပိုင်ရှောင်ချန်းကကြက်ခြံတစ်ခုတွင် တင်ပျဥ်ခွေထိုင်ကာ ဘေးဘီဝဲယာသို့ စစ်ဆေးကြည့်ရှုနေသော နေ့လယ်ခင်းတစ်ခုတွင် ကျိုးရှင်းချီစီးနင်းလာသော မိုးပြာရောင်ပိုးချည်မျှင် တစ်ခုမှာ လေပေါ်ကနေ ကျဆင်းလာသည်။

မည်သူမည်ဝါဆိုသည်ကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းက " ဂိုဏ်းတူအစ်မကျိုးပါလား။" ဟု နှစ်လိုဖွယ်အသံဖြင့် နှုတ်ဆက်လိုက်လေသည်။

ကျိုးရှင်းချီ၏ လှပသောမျက်လုံးလေးများက ပိုင်ရှောင်ချန်းအပေါ်ရောက်သွားသောအခါ ပြုံးလာပြီး " အလုပ်တွေအရမ်းကြိုးစားနေတယ်ပေါ့။ ဂိုဏ်းတူမောင်လေးပိုင်။" ဟုပြောလိုက်လေသည်။

မကြာမီ ထို​နေရာတစ်ဝိုက်ရှိ အခြားဂိုဏ်းသားများက ကျိုးရှင်းချီနှင့်ပိုင်ရှောင်ချန်း ဘေးသို့ရောက်လာလေတော့သည်။

" လေးစားရတဲ့ ဂိုဏ်းတူအစ်ကို၊အစ်မတို့ ရှင့်။ အစ်ကိုတို့ အစ််မတို့ပေးခဲ့တဲ့ အကူအညီအတွက် ပထမဦးစွာ ကျေးဇူးတင်ပါရစေ။ ကျွန်မတကယ့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကြက်သူခိုးက အခုထိမျက်နှာပြောင်နေတုံးပဲ။ အဲ့တာမလို့ အခုကျွန်မကိုယ်တိုင်ပါ လာပြီးစောင့်ရှောက်တော့မယ်။"ဟု ညင်သာစွာဆိုလေသည်။ ထို့နောက် လူအုပ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုံကာ

"ကျွန်မအထင် အဲ့ကြက်သူခိုးက ကျွန်မဆရာနဲ့ ကိစ္စတစ်ခုခုရှိရမယ်။ မဟုတ်ရင် တစ်ခြားတောင်က ကြက်တွေလည်းသူခိုးမှာပေါ့ ဟုတ်တယ်မလား။ သူ့ကြည့်ရတာ ကျွန်မဆရာရဲ့ ကြက်တွေကိုပဲ အငြိုးအတေးထားပြီး ခိုးနေသလိုမျိုးကြီး။" ဟုဆက်ပြောသည်။

ထိုစကားကို ပိုင်ရှောင်ချန်းကြားလိုက်သောအခါ သူ၏မျက်လုံးများမှာ တောက်ပလာပြီး ပေါင်ကိုလက်ဖြင့်ရိုက်လုမတတ်ဖြစ်သွားလေသည်။ ကျိုးရှင်းချီပြောသောအရာများက အဓိပ္ပါယ်အလွန်ရှိလေသည်။ ထိုသို့တွေးတောနေရင်း သူက ခရမ်းဒယ်အိုးတောင် ဘက်သို့ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ကောက်ကျစ်စဥ်းလဲသော အကြည့်ကိုဖုံးကွယ်နိုင်ရန် မျက်မှောင်ကြုံ့လိုက်လေသည်။

ကျိုးရှင်းချီပေါ်ထွက်လာပြီ ဖြစ်လေရာ သူမ၏ပရိတ်သတ်များလည်း ထိုနေရာသို့စုပြုံရောက်လာသည်။ မကြာမီပင် မွှေးရနံ့တောင်ရှိ ဝိညာဥ်အမြီးကြက်ခြံများတွင် လူအုပ်ကြီးများက စုဝေးနေတော့သည်။

ကြက်သူခိုးလည်း ယခုအခါဘာမှလုပ်န်ိုင်စွမ်းမရှိတော့ပေ။ နောက်ရက်များတွင်မူ ကြက်တစ်ကောင်မှ အခိုးမခံရချေ။

သို့သော်လည်း ပဟေဠိဆန်၍ နက်နဲလှသော ကြက်သူခိုးမှာမူ နာမည်ကြီးသွားလေတော့သည်။ လူအများက သူ့ကို ကြက်သူခိုးမိစ္ဆာဟူ၍ပင် ခေါ်ကြလေသည်။ ဂိုဏ်းသားများကို ဒုက္ခကောင်းကောင်းပေးသွားသည့်အတွက် မွှေးရနံ့တိမ်တောင်၏ ပဟေဠိဆန်သောအရာများစာရင်းတွင် လိပ်ကလေး၏ပိုင်ရှင်နှင့်အတူထားကြလေသည်။ မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်က အပြင်စည်းဂိုဏ်းသား များပင်လျှင် သူ့အကြောင်းကိုကြားဖူးကြသည်။

ကြက်သူခိုးပျောက်ကွယ်သွားပြီဖြစ်သဖြင့် ကျိုးရှင်းချီလည်း ပြန်လည် ပျော်ရွှင်လာသည်။ သူခိုးကို ဖမ်းမမိသော်လည်း ပြီးခဲ့သောလအတွင်း ပိုင်ရှောင်ချန်း အလုပ်ကြိုးစားခဲ့သည်များကို သူမကတွေးလိုက်ပြီး ချီးမြှင့်သည့်အနေနှင့် ကျောက်စိမ်းဆွဲပြားအား ဆုချလိုက်လေသည်။

ထိုကြက်သူခိုးကိစ္စပြီးသွားသောအခါ ပိုင်ရှောင်ချန်း၏ စိတ်အားထက်သန်မှုနှင့် အလေးထားမှုကြောင့် အပြင်စည်းဂိုဏ်းသားအချို့က သူ့ကို အပြစ်ကင်းပြီးနှစ်လိုဖွယ်ကောင်းကာ တာဝန်သိစိတ်အပြည့်ရှိသော လူတစ်ယောက်အဖြစ် ထင်သွားကြတော့သည်။

All Chapters