အရိုက်နှက်ခံရခြင်း
Vol. 3 Ch. 112
မိုနီကာက အကာအကွယ်မဲ့စွာနဲ့ မုန်လာဥလေးကို ထိုင်ပြီး စနောက်နေတဲ့ နာတာရှာကို အလစ်တိုက်ခိုက်ဖို့အတွက်နဲ့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားလိုက်တယ်။ အားအင်ချင်း နှိုင်းယှဥ်မယ်ဆိုရင် လောလောဆယ် မိုနီကာက နာတာရှာနဲ့ အဆင့်တူလောက်ပဲ ရှိပါသေးတယ်။ နက်ဆန်ဟာ ဒီကိစ္စကို သတိထားမိသွားရင် သူ့အတွက်လွယ်မှာမဟုတ်ပေမဲ့...
မိုနီကာက သူ့ခါးမှာရှိနေတဲ့ ဆေးရည်ပုလင်းလေးကို ထိလိုက်ပြီး ပြုံးလိုက်ပါတယ်။
‘နာတာရှာကိုဖမ်းပြီး သူ့ဆံပင်တစ်ပင်ကိုနှုတ် ငါဖော်ထားတဲ့ ခန္ဓာအသွင်ပြောင်းဆေးထဲထည့်လိုက်ရင် နာတာရှာအဖြစ် ငါဟန်ဆောင်လို့ရသွားပြီ။ ပြီးတာနဲ့ ဒါလင်ပြန်အလာကို စောင့်ပြီးတော့ အမိအငိုက်ဖမ်းရုံပဲ။'
မိုနီကာက သူ့စိတ်ကူးနဲ့သူပြုံးရင်းနဲ့ ရှေ့ကိုပိုပြီးတော့ တိုးကပ်သွားလိုက်ပါတယ်။ နာတာရှာက မိုနီကာကပ်လာတာ သတိမထားမိဟန်နဲ့ရှိနေပြီး လက်ထဲမှာတော့ မှော်နှင်တံကို ကိုင်ဆောင်ထားကာ အိုလီရာနာရဲ့မျက်နှာပေါ်မှာ မှော်နှင့်တံနဲ့ လိုက်လျှောက်ခြစ်နေတယ်။ မှော်နှင်တံက မှော်စွမ်းအင်တွေ အိုလီရာနာ့မျက်နှာမှာ မင်လိုပြောင်းသွားပြီး ထူးဆန်းတဲ့ အရေးအကြောင်းတွေအဖြစ် ကျန်နေရစ်ပါတယ်။”
“နာတာရှာမ၊ နင်ဘာလုပ်နေတာလဲ။”
“နင့်ကို တက်တူးထိုးပေးနေတာလေ။ ဘယ်လောက် ရုပ်ဆိုးမလဲ သိရအောင်လို့။”
နာတာရှာရဲ့အကြံဆိုးကြီးကို သိရပြီးတဲ့နောက်မှာ အိုလီရာနာနဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်။ အဲဒီနောက်တော့ သည်းကြီးမည်းကြီးနဲ့ အော်ငိုတော့တာပဲ။ “သခင်... ကျွန်မကိုကယ်ပါဦး၊ ဒီမှာ နာတာရှာရူးသွားပြီ။”
“ငြိမ်ငြိမ်လေးနေလေ၊ မဟုတ်ရင် ပိုပြီးအရုပ်ဆိုးကုန်လိမ့်မယ်။”
နာတာရှာက မိုနီကာကို ကျောပေးလျက်အနေအထားမှာ ရှိနေပြီးတော့ မုန်လာဥကိုပဲ လက်ဆော့နေတဲ့အတွက် မိုနီကာက ခြေသုံးလှမ်းအကွာအထိကို တိတ်တိတ်ကလေး ကပ်လာနိုင်ပါတယ်။ အဲဒီနောက်တော့ စိတ်ကျေနပ်စွာနဲ့ နှုတ်ခမ်းကို ကွေးညွှတ်သွားတဲ့အထိ ပြုံးလိုက်ပြီးတော့ ကျာပွတ်ကိုမြှောက်လိုက်တယ်။
နောက်နည်းနည်းလောက်ကြာရင် နာတာရှာတစ်ယောက် ကျောကော့အောင်လို့ ကျာပွတ်နဲ့အရိုက်ခံရတော့မှာဆိုပေမဲ့
“လင်ဂါ...” နာတာရှာက တီးတိုးပဲ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။
ဖောင်း...
ရုတ်တရက် အိုလီရာနာရဲ့မျက်နှာပေါ်က မင်မည်းမည်းတွေ မြစိမ်းရောင်တောက်ပလာပြီး မြေပြင်ကနေ နွယ်လက်တံ ပေါင်းများစွာ ထွက်ပေါ်လာခဲ့တယ်။ မိုနီကာက တစ်ခုခု မူမမှန်မှန်း သတိထားမိလိုက်ပြီး လင်းနို့တောင်ပံတွေကို ဖြန့်ကျက်ကာ ရှောင်ရှားဖို့ကြိုးစားလိုက်ပေမဲ့ နွယ်တချို့က သူ့ခြေကျင်းဝတ်ကို ရစ်ပတ်ပြီးသားဖြစ်နေပြီဖြစ်ပြီး...
“အောင်မလေး...”လို့သာ ရေရွတ်လိုက်နိုင်ပါတယ်။
ဝှစ်...
အဲဒီနောက်တော့ မိုနီကာရဲ့မြင်ကွင်းက ဇောက်ထိုး ဖြစ်သွားတယ်။ ကောင်းကင်ကြီးက အောက်မှာရှိနေပြီး မြေပြင်ကတော့ အပေါ်မှာ။ လောကကြီးပြောင်းပြန် လန်သွားတာမဟုတ်ဘဲ သူကိုယ်တိုင်က ဇောက်ထိုးဆွဲခံ ထားရတာဖြစ်ကြောင်း မြေဆွဲအားကို ခံစားမိလိုက်တဲ့ အခါမှာတော့ ရိပ်မိသွားခဲ့ပါတယ်။
“ခိုးကြောင်ခိုးဝှက် အနားကပ်လာလို့ ဘယ်သူများလဲလို့။ လက်စသတ်တော့ နင်ဖြစ်နေတာကိုး...”
နာတာရှာက လေထဲမှာ ဇောက်ထိုးဆွဲခံထားရတဲ့ မိုနီကာကို ကြည့်လိုက်ပါတယ်။ အခုမိုနီကာရဲ့ခြေတွေလက်တွေ အကုန်လုံးကို အိုလီရာနာရဲ့နွယ်တွေက ချုပ်နှောင်ထားပြီး ဖြစ်ပြီးတော့ သစ်ပင်တစ်ပင်နဲ့တွဲကာ ဇောက်ထိုးချည်ခံ ထားရပါတယ်။ ခြေတွေလက်တွေလှုပ်ဖို့မပြောနဲ့ ဝတ်ထားတဲ့ ဂါဝန်တောင်မှ အောက်ကိုပြုတ်ကျမလာအောင် တစ်ခါတည်း တွဲချည်ခံထားရတာ။
“ဘယ်... ဘယ်လိုလုပ်ပြီးတော့ ငါရောက်လာတာကို နင်သိနေတာလဲ။”
နာတာရှာကတော့ ထိုင်နေရာကနေ ထလိုက်ပြီးတော့ မှော်နှင်တံကို လက်ထဲကိုင်ထားရင်း တန်းလန်းကနေပြီး လက်ပိုက်ကာ မိုနီကာကို သနားနေတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး
“သနားစရာကောင်းလိုက်တဲ့ နောက်ကနေ လိုက်ချောင်းတဲ့ ကောင်မလေး။ နင်ပုန်းပုန်းနေတဲ့နေရာတွေက ဒီလောက် ထင်ရှားနေတာ။ ငါနင့်ကို မမြင်ဘဲ နေမယ်ထင်လို့လား။ နင်ပထမဆုံး စချောင်းတဲ့နေ့ကတည်းက ငါနင့်ကို တွေ့တယ်။ တမင်သက်သက် ပျော်ဖို့ကောင်းအောင်လို့ လွှတ်ထားပေးထားတာ။”
မိုနီကာက နှုတ်ခမ်းဆူထားလိုက်ပြီး “ဒီတော့ ငါက နင့်ရဲ့ သားကောင်တစ်ချိန်လုံး ဖြစ်နေခဲ့တာပေါ့။”
“အဲဒီလိုပဲ၊ ဘာသိချင်တာ ရှိသေးလဲ။” နာတာရှာက လက်ကိုပိုတင်းတင်း ပိုက်ရင်း ခေါင်းညိတ်ပြတယ်။ သူက EUOCမှာ နောက်ယောင်ခံလိုက်တဲ့အလုပ်တွေအများကြီး လုပ်ခဲ့ဖူးတဲ့အတွက်ကြောင့် မိုနီကာကို လွယ်လွယ်ကူကူနဲ့ သတိထားမိခဲ့တာပါ။ ပရိုတစ်ယောက်ရှေ့မှာတော့ ကိုယ့် အိုက်ဒေါနောက်ကို အပျော်တမ်းနောက်ယောင်ခံလိုက်ဖူးတဲ့ သူလောက်ပဲရှိတဲ့ မိုနီကာဆိုတာ ပမွှားလေး။
“နာတာရှာ၊ ငါရောသိချင်တာရှိတယ်။ မေးလို့ရမလား။ နင်ဘယ်တုန်းက ငါ့စွမ်းအားတွေကို ထိန်းချုပ်လို့ ရသွားတာလဲ။” အိုလီရာနာက မြေတွင်းထဲကနေပြီး လှမ်းမေးလိုက်တယ်။
တကယ်တမ်း မိုနီကာကို တိုက်ခိုက်လိုက်တဲ့သူက နာတာရှာ ဖြစ်ပြီးတော့ သစ်နွယ်တွေကိုသုံးခဲ့ပေမဲ့ အိုလီရာနာရဲ့ ထိန်းချုပ်မှုအောက်မှာမဟုတ်ဘဲ နာတာရှာရဲ့ဂါထာကြောင့် ဖြစ်ပျက်သွားခဲ့တာပါ။
နာတာရှာကတော့ မှော်နှင်တံကို နှုတ်ခမ်းနဲ့ထိလိုက်ပြီး “နင့်ကို နေ့တိုင်းလောင်းပေးနေတဲ့ ရေထဲမှာ နင့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိန်းချုပ်လို့ရတဲ့ ဆေးရည်တစ်မျိုး ထည့်ထားတာလေ။ ငါနင့်ကို အသုံးချချင်ရင် ဂါထာရွတ်ရုံပဲ။”
အဲဒီစကားကြောင့် အိုလီရာနာတစ်ယောက် အကြီးအကျယ် ပေါက်ကွဲနေပြီး အကြီးအကျယ်ထကျိန်ဆဲချင်လာတယ် ဆိုပေမဲ့ ဒေါသထွက်လွန်းပြီး မျက်နှာက ငရုတ်သီးလိုမျိုး နီရဲနေတဲ့အတွက် ဘာအသံမှထွက်မလာတော့ဘဲ နှုတ်ခမ်းကို ဖိကိုက်ထားရုံသာ တတ်နိုင်ပါတော့တယ်။
“ဘာစိတ်ဆိုးစရာရှိလို့လဲ၊ နင်ဆိုလည်း ဆယ်ဗီကို ကျိန်စာတိုက်ထားပြီး နင်မနိုင်တိုင်း အဲဒါနဲ့အနိုင်ကျင့်နေကျ မဟုတ်လား။”
ဒီတစ်ခါတော့ အိုလီရာနာတစ်ယောက် ပြန်ငြင်းဖို့အတွက် စကားလုံးရှာမရတော့ဘူး။ အဲဒီအစား သည်းခံနိုင်စွမ်း အကန့်အသတ်ရောက်သွားပုံပေါ်ပြီး မျက်ရည်တွေ ဘူးသီးလုံးလောက်ကျတဲ့အထိ ငိုတော့တာပါပဲ။
“.....” မိုနီကာကတော့ သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်းနဲ့ တဒင်္ဂလောက် တိတ်ဆိတ်သွားတယ်။ အဲဒီနောက်တော့ နွယ်ပင်တွေကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားကြည့်တယ်။ အိုလီရာနာက အားနည်းနေတဲ့အခြေအနေမှာ ရှိနေတဲ့ အတွက်ကြောင့် နည်းနည်းလေးရုန်းလိုက်တာနဲ့ လွတ်ထွက် တော့မလိုမျိုး ထင်ရပါတယ်။ နာတာရှာက အိုလီရာနာကို နောက်ထပ်အကြံတစ်ခု မပေးလိုက်ခင်အထိပေါ့။
“အိုလီရာနာ၊ နင်က နင့်နွယ်ပင်နဲ့ပတ်ထားတဲ့သူတွေရဲ့ စွမ်းအားကို စားသုံးလို့ရတယ်မဟုတ်လား။ စကူးဘတ် တော်ဝင်မင်းသမီးမှာ မှော်စွမ်းအင်တွေအများကြီး ရှိနေမယ်လို့ မထင်ဘူးလား။ စားပြီးရင် မြန်မြန်ပြန်ပြီး ကောင်းရင်ကောင်းလာမှာ။”
“ဟုတ်သားပဲ။” ဒီတော့မှ အိုလီရာနာက ငိုနေတာကို ရပ်လိုက်ပြီး မိုနီကာရဲ့စွမ်းအင်တွေကို စတင်ပြီးတော့ စုပ်ယူပါတယ်။ အဲဒီနောက်တော့ ရုန်းကန်နေတဲ့ မိုနီကာ အားပြတ်ပြီးတော့ မလှုပ်ရှားနိုင်တော့ပါဘူး။
“ကဲ... လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုကို စလိုက်ရအောင်...”
နာတာရှာက မြေပြင်မှာကျနေတဲ့ မိုနီကာရဲ့ကျာပွတ်ကို ကောက်ယူလိုက်တယ်။ အဲဒီနောက် ကျွမ်းကျင်စွာနဲ့ ကိုင်တွယ်လိုက်ပြီး မြေပြင်ကို ‘ဖြောင်း'ခနဲ အသံမြည်အောင် ရိုက်လိုက်တယ်။
“ ဒီကျာပွတ်ရယ်... အဲဒီအသွင်ပြောင်းဆေးရည်ရယ်ယူပြီး နင်ဒီကို ဘာလာလုပ်တာလဲ။”
မိုနီကာက သေရင်တောင်မဖြေဘူးဆိုတဲ့ပုံစံနဲ့ နာတာရှာကို ကြည့်လိုက်တယ်။ အဲဒီနောက်တော့ “ရှင့်ကို ပြောပြစရာလား။” ဆိုပြီးတော့ လားခံငြင်းတယ်။ နာတာရှာက စိတ်ပျက်သွားပုံမပေါ်ဘဲ အဲဒီအစား ပိုပြီးတော့တောင် တက်ကြွလာသေးတယ်။
“တကယ်တော့ နင်မပြောရင်တောင် နင်ဘာလာလုပ်တာလဲ ငါသိပြီးသား။ ငါက နင်ဝန်ခံတာကို ကြားချင်ရုံပဲ။ နင်က ငါ့ကိုဖမ်းပြီး ငါ့အယောင်ဆောင်၊ သခင့်အနားမှာ နေချင်တာမဟုတ်လား။”
မိုနီကာရဲ့မျက်နှာက နီမြန်းသွားတယ်။ ‘ဘယ်လိုလုပ်ပြီး ဒီမိန်းမက ငါ့အကြံကို သိနေတာလဲ' ဆိုပြီးတော့တောင်မှ တွေးမိလိုက်သေးတယ်။ ဒါပေမဲ့ ပါးစပ်ကိုဖောင်းထားပြီး တစ်ခွန်းမှမပြောဘူး။
“ဒါနဲ့... ဒီကျာပွတ်ကရော ဘာလုပ်ဖို့ပါလိမ့်မယ်။”
နာတာရှာက လက်ရာကောင်းလှတဲ့ ကျာပွတ်ကို သေချာ ကြည့်လိုက်ပြီး ပြောပါတယ်။ မိုနီကာကတော့ ပိုပြီးတော့ စိုးရိမ်လာတယ်။ သူ့အနေနဲ့ ရူးနေတယ်ဆိုရင်တောင်မှ ကျာပွတ်က နက်ဆန့်အတွက်ဆိုတာ ပြောလို့မဖြစ်မှန်း သိပါတယ်။
နာတာရှာက အကြိမ်ကြိမ်လှည့်ပတ်မေးနေပေမဲ့ ဒီတစ်ခါ မိုနီကာက တော်တော်ကြီးကို နှုတ်လုံပါတယ်။ ဒါကြောင့် နာတာရှာလည်း မတတ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ ပခုံးတွန့်လိုက်ပြီး
“ဒါဆိုရင်တော့ နင်က အရိုက်ခံချင်လို့ ငါ့ကိုလက်ဆောင် ပေးတယ်လို့ပဲ ယူဆရတော့မှာပေါ့။”
နာတာရှာက မြေပြင်ကို ကျာပွတ်နဲ့တရွှမ်းရွှမ်းရိုက်ရင်း ကောက်ကျစ်တော့မယ့်အပြုံးမျိုး ပြုံးလိုက်ပါတယ်။ ဒါကြောင့် မိုနီကာရဲ့နဖူးပေါ်ကနေ ဇောချွေးတွေကျလာ ပါလေရော။
“ငါတော့ သေပြီနဲ့တူတယ်၊ မုဆိုးက သားကောင်ဖြစ်ရတယ်လို့။” မိုနီကာက ရေရွတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အရိပ်တစ်ခုက နာတာရှာအနားမှာဖြစ်တည် လာပြီးတော့ လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းသွား ခဲ့ပါတယ်။ အဲဒီနောက် ကြိုးတုပ်ခံထားရတဲ့ မိုနီကာနဲ့ ကျာပွတ်ကြီးတရွယ်ရွယ်လုပ်နေတဲ့ နာတာရှာကို ကြည့်လိုက်ပြီး
“ဘာဖြစ်နေတာလဲ။”လို့ မေးလိုက်တယ်။
မိုနီကာကတော့ နက်ဆန့်ကိုမြင်လိုက်ရတာနဲ့ ချက်ချင်း တက်ကြွသွားပြီး “ဒါလင်၊ ကျွန်မကို ဒီစုန်းမကြီးလက်က ကယ်ပါဦး။” လို့ မေးလိုက်ပေမဲ့ နက်ဆန်က မိုနီကာကို မမြင်သလိုမျိုး လစ်လျူရှုလိုက်ပြီး နာတာရှာရှင်းပြတာကို စောင့်နေတယ်။
“ဒီကောင်မလေးက ကျွန်မတို့စခန်းထဲခိုးဝင်ပြီး သခင့်ကို တစ်ခုခုလုပ်ဖို့ကြံနေတာတွေ့လို့ ဖမ်းထားလိုက်တာ။”
နက်ဆန်က နာတာရှာပြောတဲ့အကြောင်းကို မေးခွန်း ထုတ်မနေဘဲ ခေါင်းညိတ်ပြပြီး “ဆက်လုပ်” လို့ပဲ ပြောလိုက်တယ်။ ဒီလိုနဲ့ နာတာရှာက တကယ်ရိုက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ ဘယ်လိုမှမနေနိုင်တော့ဘဲ မိုနီကာက အော်ဟစ်လိုက်လေရဲ့...
“အမေရေ၊ ဒီမှာသမီးကို အနိုင်ကျင့်နေကြတယ်။”
ဘုန်း...
ရုတ်တရက်ဆိုသလို နက်ဆန်နဲ့နာတာရှာတို့ အလင်းရောင် ရစေဖို့အတွက် ဖိုထားခဲ့တဲ့ ထင်းမီးပုံကြီးက အစိမ်းရောင် မီးတောက်တွေနဲ့ ထတောက်ပလာတယ်။ အဲဒီနောက်မှာတော့ အဲဒီအခိုးအငွေ့တွေက အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ် အဖြစ်ကို ပြောင်းလဲသွားတယ်။ မိုနီကာနဲ့ဆင်တူပေမဲ့ အများကြီးရင့်ကျက်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးပါ။
“မင်းတို့လား....” အဲဒီအမျိုးသမီးက နက်ဆန်နဲ့နာတာရှာကို ကြည့်လိုက်တယ်။ နက်ဆန်က ချက်ချင်းဆိုသလိုပဲ တစ်ဖက် ရန်သူက သူတို့ထက်အများကြီး ပိုအားကောင်းနေတာကို သတိထားမိလိုက်တဲ့အတွက် အရိပ်အဖြစ်ပြောင်းလဲပြီး ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့ အဲဒီမိန်းမကြီးက သူ့ရှေ့ အရင်ရောက်လာကာ လည်ပင်းကို လက်သည်းချွန်တွေ အပြည့်ပါတဲ့လက်နဲ့ဖမ်းကိုင်ပြီး မြေပြင်နဲ့ဆောင့်ချလိုက်တယ်။
ဘုန်း...
“ဂစ်....”
“ငါ့သမီးကို အနိုင်ကျင့်ချင်တယ်ပေါ့....” နက်ဆန်လည်း မြေပြင်ထဲ ချိုင့်ဝင်သွားပြီး ပြန်ထမလာနိုင်တော့ဘူး။ လူက မျေ့ာမျော့ပဲရှိတော့ပြီး လက်ကလေးတစ်ချောင်းတောင် မလှုပ်နိုင်တော့ပါဘူး။
နောက်တော့ အမျိုးသမီးကြီးက နာတာရှာကို ကြည့်လိုက်တယ်။ “နင်လား၊ ငါ့သမီးရဲ့ကောင်လေးကို အပိုင်သိမ်းထားပြီး ငါ့သမီးကို ကျာပွတ်နဲ့ရွယ်ရဲတာ။”
“အဲ... အဲဒီလို မဟုတ်ဘူးလေ။” နာတာရှာက ရှင်းပြဖို့ ကြိုးစားတယ်။ ကြည့်ရတာ မီးပုံထဲက ထွက်လာတဲ့ အမျိုးသမီးကြီးက သူ့ကို နက်ဆန့်ရည်းစားလို့ အထင်မှားနေပုံပဲ။
“ဘာမှရှင်းပြနေစရာမလိုဘူး။ နင့်ကိုလည်း သင်ခန်းစာ ပေးရမယ်။”
အမျိုးသမီးကြီးက နာတာရှာကို ခြေသလုံးကနေ လှမ်းဆွဲ လိုက်ပြီးတော့ လေထုထဲမှာချာလည်လည်အောင် လွှဲယမ်းတယ်။ အဲဒီနောက် စိတ်ကျေနပ်ပြီဆိုခါမှ ဘောလုံးတစ်လုံးလိုမျိုး ဟိုးအဝေးကြီးကို လှမ်းမြှောက် တင်လိုက်ပါတော့တယ်။
ဝှီး...
“ပြီးတော့ နင်လည်း သူတို့နဲ့တစ်ဖွဲ့တည်းပဲ မဟုတ်လား။” အမျိုးသမီးကြီးက မုန်လာဥလေးကို ငုံကြည့်လိုက်တယ်။ အိုလီရာနာက ချက်ချင်းပဲ မြေပေါ်ပေါ်နေတဲ့ခေါင်းကို မြေကြီးထဲ ပြန်နှစ်မြုပ်ထားဖို့ ကြိုးစားလိုက်တယ်။
“သမီးက အပြစ်ကင်းစင်တဲ့ မုန်လာဥလေးပါရှင့်။ ဒီကိစ္စမှာ သမီးမပါပါဘူး။”
အိုလီရာနာက ချက်ချင်းပဲ မုန်လာဥလုပ်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ အမျိုးသမီးကြီးက မုန်လာဥကို အရွက်က ဖမ်းကိုင်ပြီးတော့ မြေပေါ်ပြန်ဖော်လိုက်ပါတယ်။ အဲဒီနောက် ဝတ်ထားတဲ့ ဂေါ့သစ်ဂါဝန်အနားစကို ကျက်သရေရှိရှိမြှောက်လိုက်တယ်။ ဒါကြောင့် ဒေါက်ဖိနပ်အမြင့်စီးထားတဲ့ခြေထောက်က လူမြင်ကွင်းမှာ ပေါ်လာရော။
“နင်ကလည်း ကြံရာပါဆိုတာ ငါမြင်တယ်ဟဲ့။”
နောက်တော့ အဲဒီဒေါက်ဖိနပ်နဲ့ အိုလီရာနာ့မျက်နှာကို ဖူးရောင်တဲ့အထိ တစ်ချက်ပြီးတစ်ချက်ကန်တော့တာပဲ။
“မှတ်ပြီလား... မှတ်ပြီလား... ကဲ....”
ခွက်... ခွက်... ခွက်...
အမျိုးသမီးက သောင်းကျန်းလို့ဝသွားပြီး အသက်ကိုဝဝ ပြန်ရှုလိုက်တယ်။ မုန်လာဥခင်ဗျာလည်း ရစရာမရှိအောင် ယောင်ကိုင်းနေပြီ။အဲဒီနောက် ဘေးမထိရန်မခဘဲ မြေပေါ် ပြန်ရောက်နေပြီဖြစ်တဲ့ သူ့သမီးလေးကို ကြည့်လိုက်ပြီး
“သမီးလေး၊ လင်ဘိုကိုပြန်ကြမယ်။” လို့ပြောလိုက်တယ်။
ဒါပေမဲ့
ဒါပေမဲ့ မိုနီကာကတော့ ခေါင်းခါပြလိုက်တယ်။ ဒါကြောင့် အမျိုးသမီးက လက်လျှော့တဲ့အနေနဲ့ သက်ပြင်းချလိုက်ပြီး ခုထိပြန်မထနိုင်သေးတဲ့ နက်ဆန်နားကို လျှောက်လာကာ အထင်သေးတဲ့အကြည့်နဲ့ ငုံကြည့်ရင်း ပြောလိုက်လေရဲ့။
“ဟဲ့ကောင်လေး၊ ငါက စကူးဘတ်ဘုရင်မ လီလစ်ပဲ။ အခုအချိန်ကစပြီး ငါ့သမီးကို ဂရုစိုက်။ တစ်ခုခုဖြစ်တယ် အသံကြားလို့ကတော့ နင့်ကို မရဏဘုံဆီ အရောက်ပို့ပစ်မယ်။ နင့်အမေNyxကို ကြောက်တဲ့အထဲ ငါပါတယ်လို့ မထင်လေနဲ့။”
အဲဒီနောက်တော့ လီလစ်က ကျန်တဲ့သူတွေကို ဂရုမစိုက်ဘဲ မီးပုံထဲကို ပြန်ဝင်ကာ လင်ဘိုဘုံကို ပြန်သွားလေရဲ့။ လီလစ်ရဲ့သမီးတော် မိုနီကာကကတော့ အနားမှာရှိနေဆဲ ဖြစ်ပြီးတော့ လဲကျနေတဲ့ နက်ဆန်အနားမှာ ဆောင့်ကြောင့် ထိုင်ချလိုက်ကာ နက်ဆန်ရဲ့ခေါင်းက ဆံပင်တွေကို ဖွလိုက်ရင်း...
“ဒါလင်ရေ၊ ဒီနေ့ကစပြီး ကျွန်မရှင့်ဆီကို နေ့တိုင်းလာလည် မယ်နော်။”
“.....” နက်ဆန်တစ်ယောက် ဘာမှမပြောနိုင်တော့ဘဲ ကြီးမားလှတဲ့ ဖိအားတွေအောက်မှာပဲ ဖြည်းဖြည်းချင်း သတိလစ်မေ့မျောသွားတယ်။
...
နောက်တစ်နေ့၊ ညဦးပိုင်း။
အဖိုးကြီးရော့ဝဲလ်က ကွန်စတန်တီနိုဘယ်မြို့ဘက်ကို အကဲခတ်နေရင်းကနေ နာရီကိုထုတ်ကြည့်လိုက်တယ်။
“ဒီကောင်လေး ဒီနေ့ကျမှ ထူးထူးဆန်းဆန်း နောက်ကျနေပါလား။ မနေ့က ငါရိုက်တာ များသွားလို့ အိပ်ရာက မထနိုင်တာလားမသိဘူး။”