ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို စနစ်တကျ နေရာချပေးခြင်း
Vol. 153 Ch. 2281
“အမွေခံတပည့်တစ်ယောက်လား”
မင်းသမီးသက်တံနီနှင့် လျှိုဖျင်က တုန်လှုပ်သွား၏။
သူတို့သည် အတွင်းဂိုဏ်းသို့ ဝင်ရောက်လာခါစဖြစ်ပြီး တက္ကသိုလ်၏ အမွေခံကုန်းမြေနှင့် မည်သည့်အရာကိုမှ မသိရှိထားသလောက်နီးပါးပင်။
အကြီးအကဲကျုံးက ရှင်းပြလိုက်၏။
“မဟာအကြီးအကဲ ၉ဦးစလုံးက အင်မော်တယ်ဘုရင်ပညာရှင်တွေပဲ.. ပုံမှန်ဆိုရင် အတွင်းဂိုဏ်းတပည့်တွေက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီးမှပဲ မဟာအကြီးအကဲ ၄ဦးထံ ဝင်ရောက်ပြီး အမွေခံတပည့်တွေဖြစ်လာဖို့ အခွင့်အရေးရှိတယ်”
“ဒါပေမဲ့ အခု တာအိုနှလုံးသားလှေကားကို ဆူဇီမိုရဲ့ တက်လှမ်းခြင်းက မဟာအကြီးအကဲ ၉ဦးကို တစ်ချိန်တည်းမှာ ပေါ်ထွက်လာစေခဲ့ပြီ.. အဲဒါက ကောင်းကင်နဲ့မြေကြီး သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ပဲ”
“ဘယ်ပြောရမလဲ.. မဟာအကြီးအကဲ ၉ဦးက တပည့်တစ်ယောက်ကို ကြိုတင်လက်ခံဖို့ တကယ်ပဲ တွေးရင်တွေးနေကြမှာ”
လျှိုဖျင်က ပြုံးလိုက်၏။
“ကျုပ်က သူ့ကို စီနီယာအစ်ကိုလို့ ခေါ်ခဲ့တာ မမှားဘူးပဲ.. စီနီယာအစ်ကိုဆူမှာ ဒီလိုမျိုး အခွင့်အလမ်းတစ်ခုတောင် ရှိနေတာပဲ”
မင်းသမီးသက်တံနီကလည်း ရေရွတ်ပြောဆိုလိုက်၏။
“သူသာ အမွေခံတပည့်တစ်ယောက် ဖြစ်လာမယ်ဆိုရင် အဲဒါက တကယ့်ကို ဥက္ကာပျံတစ်ခုလို အမြင့်ကို ထိုးတက်သွားတော့မှာပဲ”
သူတို့သုံးယောက်သည် ကျယ်လောင်စွာ ဆွေးနွေးပြောဆိုနေခြင်း မဟုတ်ပေ။ သို့သော်လည်း ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ဖန်ချင်းယင်နှင့် မလှမ်းမကမ်းမှာ ရှိသော သူများသည် အရာရာတိုင်းကို ရှင်းလင်းစွာ ကြားနေရ၏။
“မင်းတို့တွေက စိတ်ကူးယဉ်နေကြတာပဲ”
ဖန်ချင်းယင်က သူ၏ မျက်ခုံးကို ပင့်ပြီး ပြောလိုက်၏။
“အမွေခံတပည့်တစ်ယောက်ဖြစ်လာဖို့ မဖြစ်မနေ လိုအပ်ချက်တစ်ခု ရှိတယ်ဆိုတာ လူတိုင်းသိထားတယ်… မင်းတို့တွေက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီး ပကတိအင်မော်တယ်တစ်ယောက် ဖြစ်နေရမယ်”
“ငါက အဲဒါကို ဒီတိုင်း သာမန်ကာလျှံကာ ပြောလိုက်ရုံပါပဲ”
အကြီးအကဲကျုံးက ဖန်ချင်းယင်နှင့် ငြင်းခုံလိုစိတ် မရှိဘဲ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။
သို့သော်လည်း ဖန်ချင်းယင်က ထိုနေရာမှာ ရပ်တန့်လိုစိတ် မရှိပေ။
“အကြီးအကဲကျုံး.. ခင်ဗျားက အတွင်းဂိုဏ်းမှာ ရောက်နေတာ အချိန်တစ်ခု ကြာသွားပြီ.. တချို့အရာတွေကို ခင်ဗျား သိထားရမှာပေါ့… အမွေခံကုန်းမြေမှာတောင် အမွေခံတပည့်တိုင်းက မဟာအကြီးအကဲ ၉ဦးထံ ဝင်ရောက်ခွင့်ရှိတာ မဟုတ်ဘူး”
အဲဒါက တကယ့်ကို အမှန်တရားဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အမွေခံတပည့် ရာချီရှိပြီး မဟာအကြီးအကဲ ၉ဦးထံ တပည့်ခံနိုင်သည့်သူက တစ်ဝက်ပင် မရှိပေ။
ဖန်ချင်းယင်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြီး ရယ်မောလိုက်၏။
“ဆူဇီမိုက တာအိုနှလုံသားလှေကားပေါ်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုရင်တောင် သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းတယ်.. သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ.. သူက မဟာအကြီးအကဲ ၉ဦးထံ ဝင်ရောက်ဖို့ ဘယ်လိုလုပ် အဆင့်မီမှာလဲ”
ထိုစဉ်မှာပင် လေထဲမှာ မုတ်ဆိတ်ဖြူနှင့် အသက်အကြီးဆုံး မဟာအကြီးအကဲက ညင်သာစွာ ချောင်းဟန့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဆူဇီမိုရဲ့ တာအိုနှလုံးသားက သန်မာတယ်.. သူက ပါရမီအရည်အချင်းလည်း ရှိတယ်.. ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းနေတယ်.. သူက မင်းတို့တွေအတွက် မသင့်လျော်မှာ ငါစိုးမိတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါက နောက်ဆုံးတပည့်တစ်ယောက်ကို ခေါ်ယူဖို့ လိုအပ်နေတာ”
“ခင်ဗျားပြောတာ မှားတယ်”
မဟာအကြီးအကဲ-၃ က ခပ်မြန်မြန်ဝင်ပြောလိုက်၏။
“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ် နိမ့်ကျနေတာက ပြဿနာ မဟုတ်ဘူး.. အဲဒါကို ထေလို့ရတယ်.. ကျုပ်မှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လုံလောက်တဲ့ အမြုတေစိတ်ဝိညာဉ်အရည်တွေ ရှိတယ်.. ကျုပ်က သူ့ကို ကျုပ်ရဲ့ အစွမ်းကုန်နဲ့ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် နှစ်ငါးသောင်းအတွင်းမှာ ပကတိဧကနယ်ပယ်အထိ ရောက်လာဖို့ သူ့ကို ကျုပ် ကူညီပေးနိုင်တယ်”
သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကျင့်ကြံရေး အရင်းအမြစ်များစွာကို တာဝန်ယူထားရပြီး သူ့မှာ ထိုသို့ပြောဖို့ ယုံကြည်မှု ရှိလေသည်။
“မင်းက ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် မင်းရဲ့ ရာထူးကို အသုံးချနေတာပဲ”
အကြီးအကဲ-၂ က မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။
“မင်းက ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မယ်ဆိုရင် ငါကလည်း ဘာသနားညှာတာမှုကိုမှ ပြနေမှာ မဟုတ်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဒီကောင်လေးက သတ်ဖြတ်ရာမှာ ပြတ်သားပြီးတော့ သွေးအေးရက်စက်တယ်လို့ ငါကြားထားတယ်.. ငါ့အထင်တော့ ငါ့အမွေအနှစ်က သူ့အတွက် ဆက်ခံဖို့ အသင့်လျော်ဆုံးပဲ.. သူ့အနေနဲ့ အနာဂတ်မှာ တက္ကသိုလ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူဖြစ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“မင်းတို့တွေ…”
မဟာအကြီးအကဲက သူ၏ လမ်းလျှောက်တောင်ဝှေးကို မြှောက်ပြီး ပြင်းထန်စွာ အကြိမ်ရေ အနည်းငယ် ဆောင့်ချလိုက်၏။ သူ၏ မုတ်ဆိတ်ကို မှုတ်ထုတ်ပြီး စူးစူးရဲရဲ ကြည့်ကာ ပြောလိုက်လေသည်။
“ငါက ငါ့ဘဝရဲ့ နှောင်းပိုင်းအရွယ်ကို ဝင်ရောက်နေပြီ.. ငါ့မှာ ဘဝသက်တမ်း များများစားစား မကျန်တော့ဘူး.. အဲဒါကို ထောက်ထားပြီးတော့ ငါနဲ့ မတိုက်ခိုက်ကြပါနဲ့”
“မဟာအကြီးအကဲ.. အဲဒီအချက်နှစ်ချက်က တူမှ မတူပဲ”
အကြီးအကဲ-၆ က ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
“ကျွန်မရဲ့ တပည့်တွေအားလုံးက မိန်းကလေးကျင့်ကြံသူတွေချည်းပဲ.. ကျွန်မမှာ ယောက်ျားလေးတပည့်တစ်ယောက် လိုအပ်နေတယ်.. ဆူဇီမိုက မဆိုးဘူးလို့ ကျွန်မ ထင်တယ်”
အကြီးအကဲ-၆ မှာ လုံးကြီးပေါက်လှ ကိုယ်ခန္ဓာတစ်ခု ရှိလေသည်။ သူမက သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း သူမ၏ အသားအရေက ချောမွေ့၍ နူးညံ့သိမ်မွေ့နေဆဲဖြစ်၏။ သူမမှာ ထူးချွန်ထက်မြက်သော အော်ရာတစ်ခု ရှိပြီး ညင်သာသော အပြုံးတစ်ခုကပင် ထူးခြားသော ညှို့ငင်ဓာတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
“သူက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ငါကြားထားတယ်”
ရုတ်တရက် အကြီးအကဲ-၅ က သတ္တုချင်း ထိခတ်သံလို အသံဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။
“ဒီကောင်လေးက သတ်လိုဖြတ်လိုစိတ် ပြင်းထန်တဲ့အတွက် ငါ့လက်အောက်မှာ ကျင့်ကြံဖို့ အသင့်လျော်ဆုံးပဲ.. ခင်ဗျားတို့တွေ အားလုံးပဲ ကျုပ်နဲ့လာပြီး မတိုက်ခိုက်ကြနဲ့”
လေထဲတွင် မဟာအကြီးအကဲ ၉ ဦးက စတင်၍ ငြင်းခုံလာကြပြီး အောက်ဘက်မှာ ရှိသော တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာကို ကြက်သေသေသွားစေ၏။
တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာ၏ ရင်ထဲမှာ မဟာအကြီးအကဲ ၉ဦးသည် တက္ကသိုလ်တွင် မြင့်မား၍ စွမ်းအားကြီးမားသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုများ ဖြစ်လေသည်။
ယခု သူတို့သည် သာမန်လူများကဲ့သို့ တက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက်အတွက်နှင့် အဆက်မပြတ် ငြင်းခုံပြောဆိုနေကြ၏။ သူတို့ထဲ မည်သူကမှ အလွယ်တကူ အလျှော့မပေးမည့်ပုံပင်။
ဖန်ချင်းယင်၏ အပြုံးက အိုးတိုးအမ်းတမ်း အမူအရာတစ်ခုနှင့်အတူ သူ၏ မျက်နှာပေါ်မှာ အေးခဲတောင့်တင်းသွား၏။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ တာအိုနှလုံးသားလှေကားပေါ်ကို တက်လှမ်းနိုင်ခြင်း၏ ရိုက်ခတ်မှုက သူတွေးထင်ထားသည်ထက် များစွာပိုမို ကြီးမားနေသည်ကို ထိုအခိုက်အတန့်မှသာ သူက နားလည်သဘောပေါက်လာခဲ့၏။
ဖန်ချင်းယင်က သူ၏ မျက်လုံးထဲရှိ သုန်မှုန်ထိုင်းမှိုင်းမှုကို ဖုံးကွယ်ဖို့အတွက် သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
ဆူဇီမိုသာ မဟာအကြီးအကဲ ၉ ဦးထံ အမှန်တကယ် ဝင်ရောက်ပြီး အမွေခံတပည့်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် တက္ကသိုလ်မှာ ဆူဇီမို၏ အဆင့်အတန်းက သူ့အထက်ကို ရောက်သွားပေလိမ့်မည်။
အစကတော့ သူက ဤတစ်ခေါက် ရှုံးနိမ့်ရမည်ဆိုလျှင်တောင် သူ့မှာ ဆူဇီမိုကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိလေသည်။
သို့သော်လည်း ဆူဇီမိုက အမွေခံတပည့်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် သူက မဆင်မခြင် ပြုမူရဲတော့မည် မဟုတ်ပေ။
တာအိုနှလုံးသားလှေကားပေါ်မှာ ဆူဇီမိုသည် နောက်ဆုံး တာအိုနှလုံးသားစမ်းသပ်ချက်ကို ဖြတ်ကျော်နေပြီး အပြင်ဘက်မှာ ဖြစ်ပျက်နေသည့် အရာရာတိုင်းကို အာရုံမခံမိနိုင်ပေ။
သူ၏ အပြုအမူကြောင့် အပြင်ဘက်မှာ ရှိသော မဟာအကြီးအကဲများက စကားလုံးများဖြင့် တိုက်ခိုက်နေကြသည်ကို သူက မသိပေ။
ဉာဏ်ပညာ လှေကားထစ်မှာ ပါဝင်သော စိတ်ဆန္ဒသည် သတ်ဖြတ်ခြင်း လှေကားထစ်နှင့် ဓားတာအို လှေကားထစ်ကဲ့သို့ ဆူဇီမို၏ နှလုံးသားအပေါ် အားအင်ကြီးမားစွာဖြင့် ရိုက်ခတ်နေခြင်း မဟုတ်ပေ။
သို့သော်လည်း ဤကျောက်လှေကားထစ်မှာ ချန်ထားရစ်ခဲ့သော ဉာဏ်ပညာနှင့် စိတ်ဆန္ဒသည် အရာရာတိုင်းကို ခြုံငုံမိ၍ ကျယ်ပြန့်နေလေသည်။
နက္ခတ်ဗေဒနှင့် ပြက္ခဒိန်ဖတ်ခြင်း.. လျှို့ဝှက်အတတ်များ၊ ကြယ်တာရာ စုပ်ယူခြင်း၊ ရာသီဥတုကို နားလည်ခြင်း၊ ဗေဒင်တွက်ချက်ခြင်း၊ ဖုန်းရွှေ၊ အမြင်အာရုံ ဖမ်းယူခြင်း၊ အဆောင်လက်ဖွဲ့ ဝှက်စာဖော်ခြင်း၊ မင်္ဂလာအတိတ်နိမိတ်ယူခြင်းနှင့် အကျိုးအမြတ်ရှာခြင်း…။
ထိုကျောက်လှေကားထစ်၏ ဉာဏ်ပညာနှင့် စိတ်ဆန္ဒမှာ လောကကို ထွင်းဖောက်မြင်နိုင်သည့် အဆုံးမဲ့ သတင်းအချက်အလက်များနှင့် လျှို့ဝှက်ချက်များ ပါဝင်သည့်အပြင် ကျယ်ပြောလှသော စကြာဝဠာကို ထူးခြားအံ့မခန်းပုံစံဖြင့် စူးစမ်းရှာဖွေဖော်ထုတ်ခြင်းလည်း ပါဝင်နေ၏။
ထိုအရာများသည် လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံလျှို့ဝှက်ချက်များ ပါဝင်သည့် မရေမတွက်နိုင်သော ထူးဆန်းသည့် ရှေးဟောင်းမှော်စာလုံးများအဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး သူ၏ အသိစိတ်ထဲသို့ အဆက်မပြတ် တလိပ်လိပ်တိုးဝင်လာ၏။
ရှေးဟောင်းမှော်စာလုံးများက အလွန်များပြားပြီး နေရာတစ်ခွင် အဆက်မပြတ် ပြည့်နှက်နေ၏။
သိုင်းတာအို၏ နှလုံးသားက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး ဉာဏ်ပညာ စိတ်ဆန္ဒကနေ တိုးဝင်လာသည့် ထူးဆန်းသော ရှေးဟောင်းမှော်စာလုံးများကို အဆက်မပြတ် သန့်စင်နေ၏။
ဉာဏ်ပညာလှေကားထစ်၏ စိတ်စွမ်းအားသည်လည်း သိုင်းတာအို၏ နှလုံးသားကို မကိုင်လှုပ်နိုင်ပေ။
သိုင်းတာအိုနှလုံးသားထဲရှိ စစ်ပွဲမီးတောက်များက သိပ်သည်းပြင်းထန်လာပြီး သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က ပြင်းထန်ကြမ်းတမ်းလာခဲ့၏။
သို့သော်လည်း နဝမမြောက် ကျောက်လှေကားထစ်သည် လူတစ်ယောက်၏ တာအိုနှလုံးသား စမ်းသပ်ချက်တစ်ခုမျှသာ မဟုတ်သည့်ပုံပင်။
မရေမတွက်နိုင်သော ထူးဆန်းသည့် ရှေးဟောင်းစာလုံးများက သူ့စိတ်ကို ဆက်လက်၍ တိုက်ခိုက်နေဆဲဖြစ်၏။
ဆူဇီမိုသည် ကျယ်ပြောမှောင်မည်းသည့် ကြယ်တာရာကောင်းကင်ထဲမှာ ရောက်ရှိနေပြီး သူ့ကို အဆုံးမဲ့ ထူးဆန်းသော ရှေးဟောင်းမှော်စာလုံးများက ဝိုင်းပတ်ထားလေသည်။ သူသည် ထိုအထဲမှာ နစ်မြုပ်၍ သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားနေရ၏။
သူသည် ထိုရှေးဟောင်းမှော်စာလုံးများကို မသိရှိသော်လည်း သူတို့ တစ်ခုချင်းစီမှာ ဂိုဏ်းချုပ်၏ အန္တိမဉာဏ်ပညာ ပါဝင်နေ၏။
သူ၏ လက်ရှိကျင့်ကြံမှုအရ သူ၏ အသိစိတ်သည် လေးနက်သိမ်မွေ့၍ အဆုံးမဲ့သော ဤရှေးဟောင်းစာလုံးများကို ခံနိုင်ရည် မရှိပေ။
နဝမမြောက် ကျောက်လှေကားထစ်ပေါ်မှာ ဆူဇီမို၏ ပုံရိပ်က အပေါ်ကနေ ကျဆင်းလာတော့မည့်အလား အနည်းငယ် ယိမ်းထိုးသွား၏။
သူ၏ အသိစိတ်ထဲမှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ဝှေ့ယမ်းပြီး ၎င်း၏ ပတ်လည်မှာ ထူးဆန်းသည့် အဆုံးမဲ့ မှော်စာလုံးများကို ခုခံလိုနေ၏။
သို့သော်လည်း သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ အင်အားကြီးမားသော စွမ်းအားကပင်လျှင် ထိုရှေးဟောင်းစာလုံးများကို တွန်းလှန်မထုတ်နိုင်ပေ။
ထိုစဉ်မှာပင် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ အခြားလက်တစ်ဖက်ထဲရှိ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်က သူ၏ လက်ထဲကနေ လွတ်ထွက်သွားပြီး သူ၏ အသိစိတ်ထဲမှာ နှစ်ကြိမ် ညင်သာစွာ လှုပ်ရှားသွား၏။
ထူးဆန်းစွာပင် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၏ ကျောက်စိမ်းလက်ကိုင်နှင့် အဖြူရောင်ချည်မျှင်များက သူ၏ အသိစိတ်ထဲမှာ အကြိမ်ရေ အနည်းငယ် ယိမ်းနွဲ့သွားပြီးနောက် တလိပ်လိပ် တိုးဝင်လာသော ရှေးဟောင်းစာလုံးများက အစီအစဉ်တကျပုံစံဖြင့် ရုတ်တရက် ငြိမ်သက်သွား၏။
ချည်မျှင်သုံးထောင်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို နေရာချပေးလိုက်လေသည်။
အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၏ ပေါင်းစည်းမှုအောက်မှာ ရှေးဟောင်းစာလုံးများက ဆူဇီမို၏ စိတ်ထဲကနေ တဖြည်းဖြည်း ထွက်ခွာသွား၏။
“ထူးဆန်းတယ်”
သူတို့သည် တူညီသော အရင်းအမြစ်ကနေ ရောက်ရှိလာသည့်အလား စွမ်းအားတချို့သည် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ပေါ်ရှိ ထူးဆန်းသော ရှေးဟောင်းစာလုံးများနှင့် ဆင်တူနေပုံရသည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနေ၏။
အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်သည် ထူးဆန်းသော ရှေးဟောင်းစာလုံးများဖြင့် နှိုးဆွခံလိုက်ရပြီး ချိပ်စည်းတစ်ခု ပြုတ်ထွက်သွားသည့်အလား ၎င်း၏ ကျောက်စိမ်းလက်ကိုင်က တောက်ပလာခဲ့၏။
တစ်ချိန်တည်းမှာပင် မျိုးဆက်မှတ်ဉာဏ်တစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။