ဒသမမြောက်ကျောက်လှေကားထစ်
Vol. 153 Ch. 2282
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၁၁ သို့ တက်လှမ်းလာပြီးနောက် ဆူဇီမိုသည် ဤမြင်းမြီးကျာပွတ်ဓမ္မရတနာကို ရရှိလာခဲ့၏။
သို့သော်လည်း ဤဓမ္မရတနာနှင့်ပတ်သက်သည့် မှတ်ဉာဏ်များက အရမ်းကိုနည်းပါးလေသည်။ အဲ့ဒါကို အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ဟု ခေါ်ဆိုသည်ကိုသာ သူကသိရှိထားပြီး တခြားမည်သည့်အရာကိုမှ မသိရပေ။
ယခု... ဆူဇီမိုသည် နဝမမြောက်ကျောက်လှေကားထစ်ပေါ်မှာရှိနေပြီး ထူးဆန်းသောရှေးဟောင်းစာလုံးများက မြင်းမြီးကျာပွတ်ပေါ်ရှိ ချိပ်စည်းတချို့ကို နှိုးဆွလိုက်ပုံရကာ အမွေအနှစ်မှတ်ဉာဏ်တစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။
ယင်ယန်အဆောင်သုတ္တန်..
ထိုမှတ်ဉာဏ်မှာ စကားလုံးရေ ၆၀၀ ကျော်ကျော်နှင့် အပိုင်းနှစ်ပိုင်းခွဲထားသော လျှို့ဝှက်အတတ်သုတ္တန်တစ်ခုရှိနေ၏။
သို့သော်လည်း ဆူဇီမိုသည် ထိုအပိုင်းနှစ်ပိုင်းမှာ ပါဝင်သည့် စကားလုံးတစ်လုံးကိုမှ နားမလည်နိုင်ပေ။
ထူးဆန်းသော ရှေးဟောင်းစာလုံးများဖြင့် ရေးဆွဲထားသည့် အကြောင်းအရာများကို သူက တစ်ခါမှမတွေ့မြင်ဖူးသောကြောင့်ဖြစ်၏။
ယင်ယန်အဆောင်သုတ္တန်ကို ဘယ်လိုအသုံးပြုရသည် သို့မဟုတ် အဲ့ဒါက အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် ဘယ်လိုပတ်သက်ဆက်စပ်နေသည်ကို သိရှိဖို့နေနေသာ သူသည်ရှေးဟောင်းစာလုံးတစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကိုပင် မသိပေ။
ဆူဇီမိုသည် အတန်ကြာအောင်နားလည်ဆင်ခြင်နေသော်လည်း မည်သည့်အရာကိုမှ ရရှိမလာခဲ့ပေ။
ယင်ယန်အဆောင်သုတ္တန်မှာ စကားလုံးရေ၆၀၀ ကျော်ကျော်သာလျှင်ရှိသော်လည်း အဲ့ဒါက သူ့အတွက် ကောင်းကင်ဘုံစာအုပ်တစ်အုပ်ကဲ့သို့ဖြစ်နေ၏။
ဆူဇီမိုသည် တာအိုနှလုံးသားလှေကားပေါ်မှာ မတ်တတ်ရပ်ပြီး သူ့ကို အန္တိမပညာရှင်ကိုးဦး၏ စိတ်စွမ်းအားများက ဝိုင်းပတ်ထား၏။ သို့သော်လည်း သူ၏ အသိစိတ်ထဲရှိ ပြောင်းလဲမှုများသည် အပြင်လူများအာရုံခံမိနိုင်သောတစ်စုံတစ်ရာမဟုတ်ပေ။
ဖြစ်စဥ်တစ်ခုလုံးက တိုတောင်းသည်ဟုထင်ရသော်လည်း အဲ့ဒါက နှစ်နာရီကျော်ကြာသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် နဝမမြောက်ကျောက်လှေကားထစ်ပေါ်မှာ နှစ်နာရီလုံးလုံးမတ်တတ်ရပ်နေခဲ့၏။
သို့သော်လည်း မဟာအကြီးအကဲ ၉ဦးက ထွက်ခွာသွားခြင်းမရှိဘဲ အလွန်တရာ စိတ်ရှည်နေသည့်ပုံဖြင့် ဘေးကနေစောင့်ဆိုင်းနေကြ၏။
“အကြီးအကဲ-၈ ခင်ဗျားမစောင့်နိုင်တော့ဘူးဆိုရင်လည်း အရင်ဆုံးပြန်သွားနှင့်ပါလား”
အကြီးအကဲ-၃ က ပြောလိုက်၏။
“သူက စမ်းသပ်ချက်ပြီးဆုံးသွားရင်တောင် ခင်ဗျားဆီကနေ ပန်းပဲပညာတွေကို သင်ချင်မှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်”
“အဲ့ဒါက ခင်ဗျားအလုပ်မဟုတ်ဘူး”
အကြီးအကဲ-၈ မှာ ကြမ်းတမ်းသောစိတ်နေစရိုက်ရှိပြီး သူကခေါင်းလောင်းသံကဲ့သို့ အော်ပြောလိုက်၏။
“ကျုပ်ဒီမှာစောင့်နေမယ်... ဒီကောင်လေးက ကျုပ်လက်အောက်ကိုဝင်ရောက်မယ်ဆိုရင် သူ့မှာ အရာရာတိုင်းအတွက် လုံလောက်တဲ့နတ်ဘုရားလက်နက်တွေသေချာပေါက်ရှိလာလိမ့်မယ်”
“ကြည့်ရတာတော့ ဒီကောင်လေးက ဂိုဏ်းချုပ်စုဖွဲ့ထားတဲ့ ဉာဏ်ပညာလှေကားထစ်ကိုတောင် ဖြတ်ကျော်နိုင်မဲ့ပုံပဲ”
မဟာအကြီးအကဲက ညင်သာစွာခေါင်းညိတ်၍ သူ၏ ကြီးမားသောလက်နှစ်ဖက်နှင့် သူ၏ မုတ်ဆိတ်မွေးကို သပ်ကာ စိတ်ကျေနပ်နေပုံပေါ်လေသည်။
တာအိုနှလုံးသားလှေကား၏ အထွတ်အထိပ်ကိုရောက်ရှိလာခြင်းနှင့် ကျောက်လှေကားထစ် ၉ထစ်၏ စမ်းသပ်ချက်ကို ရှင်းလင်းနိုင်ခြင်း...။ ထိုအရာများသည် လုံးဝကိုမတူကွဲပြားသော ဖြစ်နိုင်ချေနှင့် ရလဒ်နှစ်ခုဖြစ်လေသည်။
ဆူဇီမိုသည် တာအိုနှလုံးသားလှေကားပေါ်သို့ တက်လှမ်းနိုင်ခဲ့သည့်အချက်သည် သူ၏ တာအိုနှလုံးသားက သန်မာမှုရှိသည်ကို သက်သေပြပေးနေ၏။
အဲ့ဒါသည် သူ့ကို တပည့်တစ်ယောက်အဖြစ် လက်ခံရန် မဟာအကြီးအကဲ ၉ဦးကို တိုက်ခိုက်လာစေဖို့ လုံလောက်နေပြီဖြစ်၏။
သို့သော်လည်း သူက တာအိုနှလုံးသားလှေကားမှာ ကျောက်လှေကားထစ် ၉ထစ်၏ စမ်းသပ်ချက်ကိုဖြတ်ကျော်နိုင်မည်ဆိုလျှင် အဲ့ဒါက ပို၍ပင်ရှားရှားပါးပါး ဖြစ်စဥ်တစ်ခုဖြစ်လာပေလိမ့်မည်။
ထိုအခါမှာတော့... မဟာအကြီးအကဲ ၉ ဦးသည် သေချာပေါက်လက်လျှော့တော့မည် မဟုတ်ပေ။
သူတို့အားလုံးသည် စမ်းသပ်ချက်ပြီးဆုံးပြီးနောက် ဆူဇီမိုကို ဘယ်လိုစည်းရုံးသိမ်းသွင်းရမလဲ တိတ်တဆိတ်ကြံစည်တွေးတောနေကြ၏။
“ဟမ်..”
ထိုစဥ်မှာပင် အကြီးအကဲ-၄ ကမျက်မှောင်အနည်းငယ်ကြုတ်ပြီး တာအိုနှလုံးသားလှေကားဘေးမှာရှိသော လူအိုကြီးရွှမ်ကိုကြည့်ကာ အံအားတသင့်ပြောလိုက်၏။
“ဒီအဖိုးကြီးကဘာလို့ လျှို့ဝှက်စံအိမ်တွေကို စောင့်ကြပ်မနေတာလဲ... သူက ဘာလို့ဒီကို ရောက်နေတာလဲ”
“ကျောက်စိမ်းဖားပြုပ်က တာအိုနှလုံးသားလှေကားပေါ်မှာ ယှဥ်ပြိုင်ဖို့ ဆူဇီမိုကို စိန်ခေါ်ခဲ့ပြီး စောစောက တတိယမြောက်ကျောက်လှေကားထစ်ပေါ်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနဲ့ သူက တိုက်ခိုက်ခံခဲ့ရတယ်လို့ ကျုပ်ကြားထားတယ်... သူ့ကိုကယ်တင်ခဲ့တဲ့သူက လူအိုကြီးရွှမ်ပဲ”
အကြီးအကဲ-၉ က ပြောလိုက်၏။
“သူ့ရဲ့ကျင့်ကြံမှုက ပျက်စီးသွားခဲ့ပေမယ့် သူက ရှင်သန်နိုင်ခဲ့တယ်”
“ဟမ့်...”
အကြီးအကဲ-၅ က လှောင်ရယ်လိုက်၏။
“သူ့ရဲ့ကျင့်ကြံမှုပျက်စီးသွားမှတော့ သူက အသက်ရှင်မယ်ဆိုရင်တောင် သူက ဒုက္ခိတတစ်ယောက်နဲ့တူသွားပြီ... သူက ပုရွက်ဆိတ်တွေနဲ့ ဘာများကွာခြားတော့မှာလဲ”
အကြီးအကဲ-၂ ၏ အမူအရာက တစ်ချိန်လုံး သုန်မှုန်နေပြီး သူကအေးစက်စွာပြောလိုက်၏။
“သူ့ကိုကယ်တင်ပြီးသွားပြီဆိုမှတော့... ဒီအဖိုးကြီးက အဲ့ဒီမှာဘာလုပ်နေတာလဲ”
“သူကပါ တပည့်တစ်ယောက်လက်ခံဖို့ တွေးနေတာများလား”
အကြီးအကဲ-၃ က ကျီစယ်လိုက်၏။
“ဟဲဟဲ...”
အကြီးအကဲ-၇ က ရယ်မောလိုက်၏။
“သူက ဘာများသင်ပေးနိုင်မှာလဲ... လျှို့ဝှက်စံအိမ်တွေကို ဘယ်လိုစောင့်ကြပ်ရမလဲ... ဒါမှမဟုတ် ဂိုဏ်းရဲ့ဝင်ပေါက်ဝကို ဘယ်လိုစောင့်ကြပ်ရမလဲဆိုတာ သူ့ဆီကနေ ဆူဇီမိုကို သင်ယူစေချင်နေတာလား”
“ကျုပ်တို့ သူ့ကို နှင်ထုတ်လိုက်ရမလား”
အကြီးအကဲ-၈ က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“သူက... တာအိုနှလုံးသားလှေကားနဲ့ အရမ်းကိုနီးကပ်နေတယ်... အဲ့ဒါက မျက်စိစူးစရာပဲ သူက ဆူဇီမိုရဲ့စမ်းသပ်ချက်အပေါ် သက်ရောက်မှုရှိသွားနိုင်တယ်”
အခြားသောအကြီးအကဲများက လူအိုကြီးရွှမ်အကြောင်း ဆွေးနွေးပြောဆိုနေစဥ် မဟာအကြီးအကဲက တစ်ချိန်လုံး မည်သည့်အရာကိုမှ မပြောပေ။ သူ၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုသာလျှင်ရှိနေ၏။
အခြားသူများက လူအိုကြီးရွှမ်ကို နှင်ထုတ်တော့မည့်အကြောင်း ပြောဆိုလာသည်ကို မဟာအကြီးအကဲက ကြားရသောအခါမှသာလျှင် သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ထားလိုက်ပါ... သူကဘာပဲပြောပြော တက္ကသိုလ်ရဲ့ ဝါအကြီးဆုံးအဖိုးအိုပဲ... သူက တက္ကသိုလ်ကိုရောက်လာတာ... ဂိုဏ်းချုပ်ထက်တောင်မှစောသေးတယ်... သူ့ကိုမျက်နှာသာတချို့ပေးပြီး ဒီတိုင်းထားထားလိုက်ပါ”
လူအိုကြီးရွှမ်သည် အကြီးအကဲများ၏ ဆွေးနွေးပြောဆိုသံများကို ကြားရသောအခါ တစ်ချိန်လုံး အမူအရာကင်းမဲ့နေပြီး မော့ကြည့်မလာခဲ့ပေ။
တာအိုနှလုံးသားလှေကားတွင်....။
ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံစက လေထဲမှာကျယ်လောင်စွာ တဖျပ်ဖျပ်လွင့်နေ၏။
သူက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်ပြီး တည်ငြိမ်နေသော အမူအရာနှင့်အတူ ရှေ့ကိုကြည့်လိုက်၏။
သူ၏ ခြေဖဝါးအောက်ရှိ ဉာဏ်ပညာလှေကားထစ်က သူ့အပေါ် ဆက်လက်၍ မသက်ရောက်နိုင်တော့ပေ။
သူသည် လှေကားထစ် ၉ထစ်၏ တာအိုနှလုံးသားစမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့ပြီဖြစ်သော်လည်း သူက ချက်ချင်းထွက်ခွာမသွားပေ။
တာအိုနှလုံးသားလှေကား၏ ကျောက်လှေကားထစ် ၉ထစ်၏ စမ်းသပ်ချက်အပြီး၌ အစစ်အမှန်ခန္ဓာနှစ်ခု၏ တာအိုနှလုံသားများ၏ စွမ်းအားက လုံးဝနှိုးဆွခံလိုက်ရပြီး စစ်ပွဲမီးတောက်များက ထွန်းညှိလာကာ ဒေါသတကြီးလောင်ကျွမ်းလာခဲ့၏။
ဆူဇီမို၏ တာအိုနှလုံးသားများမှာ ဖွင့်ထုတ်စရာနေရာမရှိသည့် စဥ်းစားကြည့်၍မရနိုင်သော စွမ်းအားတစ်ခုပါဝင်နေ၏။
သူသည် တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ သူ့ရှေ့မှာရှိသောလေဟာနယ်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက မီးတောက်လုံးနှစ်လုံးဖြင့် တောက်လောင်လာပြီး သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာ၏။
“တစ်ယောက်ယောက်က တာအိုနှလုံးသားလှေကားရဲ့ ကျောက်လှေကားထစ် ၉ခု စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတာ တကယ့်ကိုစဥ်စားကြည့်ဖို့ခက်တယ်... နောက်ပြီး သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်တဲ့”
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တစ်ခုလုံးမှာ ဆူဇီမိုက အဲ့ဒါကို လုပ်နိုင်တဲ့ ပထမဆုံးနဲ့နောက်ဆုံးလူဖြစ်ဖို့များတယ်”
“အမှန်ပဲ... အဲ့ဒါကတကယ့်ကို မကြုံစဖူးအံ့မခန်းဘဲ... အနာဂတ်မှာ အခြားဘယ်သူကမှ အဲ့ဒါကို ထပ်လုပ်နိုင်မှာ မဟုတ်လောက်တော့ဘူး”
ဖြစ်စဥ်ကပြီးဆုံးသွားပြီး ဆွေးနွေးသံများက လူအုပ်ကြားထဲမှာ တဖြည်းဖြည်းထွက်ပေါ်လာ၏။
ကျင့်ကြံသူများစွာသည် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
အောက်ဘုံကနေတက်လှမ်းလာသည့် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ မကြုံစဖူးထူးခြားသည့်မှတ်တမ်းတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ထိုအခိုက်အတန့်မှာ ကျင့်ကြံသူများစွာသည် စစချင်း ထိုလူကို သူတို့၏ အထင်အမြင်သေးမှုနှင့် လှောင်ပြောင်သရော်ခဲ့မှုများကို ပြန်လည်အမှတ်ရသွားသောအခါ သူတို့က ရှက်ရွံ့မှုကို ခံစားလာရ၏။
“ဂျူနီယာညီဆူက... တာအိုနှလုံးသားလှေကားရဲ့ စမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့ပြီးပြီပဲ... သူက ဘာလို့အဲ့ဒီမှာ ရပ်နေသေးတာလဲ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“သူ့မှာနောက်ထပ် နားလည်ဆင်ခြင်စရာရှိသေးလို့နေမှာပေါ့”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
“သွားကြရအောင်... ဒီမှာ ကြည့်စရာဘာမှမရှိတော့ဘူး”
“နဲနဲလောက်ထပ်စောင့်ပါဦး... ဆူဇီမိုက အမွေခံတပည့်တစ်ယောက်ဖြစ်လာနိုင်မလား... ဒါမှမဟုတ် မဟာအကြီးအကဲ ၉ဦးထဲက ဘယ်သူ့လက်အောက်ကို ဝင်ရောက်နိုင်မလဲ မသိရသေးဘူး”
“ငါတော့... နောက်ထပ်တုန်လှုပ်စရာတွေကို ခံနိုင်ရည်မရှိတော့လို့ စောင့်မနေတော့ဘူး... မင်းပြန်လာရင်သာ ငါ့ကို နောက်ဆုံးရလဒ်ပြန်ပြောပြပေး”
ကျင့်ကြံသူများစွာသည် ဤတစ်ခေါက်မှာ ကြီးအားသောရိုက်ချက်များကို တွေ့ကြုံခံစားခဲ့ရပြီး သူတို့၏ နေရာသို့ပြန်သွားကာ တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ထားကြ၏။
ထိုစဥ်မှာပင် နဝမမြောက်ကျောက်လှေကားထစ်ပေါ်မှပုံရိပ်က နောက်တစ်ဖန်လှုပ်ရှားလိုက်၏။
အဲ့ဒါသည် ရင်းနှီးနေကျနှင့် ရိုးရှင်းသော အပြုအမူတစ်ခုဖြစ်ပြီး သူက သူ့ရှေ့မှာရှိသောလေဟာနယ်ထဲသို့ နောက်ထပ်ခြေလှမ်းတစ်လှမ်းလိုက်ခြင်းဖြစ်၏။
သို့သော် အဲ့ဒီမှာ ဘာမှမရှိတော့ဘဲ ဆူဇီမို၏ အပြုအမူက အနည်းငယ်ထူးဆန်းနေပုံရ၏။
သို့သော်လည်း ထိုခြေလှမ်းသည် တက္ကသိုလ်မှာရှိသော တောင်ကြောရိုးကို တုန်ခါ၍ အရေမတွက်နိုင်သော ကျေးငှက်များနှင့်အတူ တောကောင်များကို ထိတ်လန့်သွားစေ၏။ မြေပြင်ကလှုပ်ခါ၍ တောကောင်များအားလုံးက ဟိန်းဟောက်လိုက်ကြ၏။
ထွက်ခွာတော့မည့်ဆဲဆဲ ကျင့်ကြံသူများက သူတို့၏ ခြေလှမ်းများကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်ကြ၏။
ထို့နောက်ချက်ချင်းပင် ကျင့်ကြံသူများစွာ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့၏ ဘဝမှာ ဘယ်တော့မှမမေ့ဖျောက်နိုင်မည့် မနှိုင်းယှဥ်သာအောင် တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို သူတို့က မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။
ဆူဇီမို၏ ခြေဖဝါးအောက် ကျောက်လှေကားထစ် ၉ထစ်၏ အထက်မှာ ကျယ်ပြောသော စိတ်စွမ်းအားတစ်ခုက စုစည်းလာခဲ့၏။
အလင်းတန်းများက လှည့်ပတ်လာပြီး နောက်ထပ်ကျောက်လှေကားထစ်တစ်ခုက လှည့်ပတ်လာကာ ပို၍ရှင်းလင်းပြီး ပို၍ထင်ရှားလာခဲ့၏။
ချက်ချင်းပင် လောကက လှုပ်ခါသွားပြီး နိမိတ်ဖြစ်စဥ်တစ်ခုက ဆင်းသက်လာ၏။
အရေမတွက်နိုင်သော ကြာပန်းများက ကောင်းကင်ထက်ကနေကျဆင်းလာ၏။
ရွှေရောင်ကြာပန်းများကလည်း ဆူဇီမို၏ ခြေဖဝါးအောက်ကနေ ဖူးပွင့်လာခဲ့၏။
ကောင်းကင်ဘုံပန်းကြွေကျခြင်းနှင့် ကမ္ဘာမြေရွှန်းရွှန်းဝေ ရွှေကြာပန်း။
ထိုအရာများသည်အစက အဆင့်မြင့်နတ်ဘုရားစွမ်းအားနှစ်ခုဖြစ်သော်လည်း ယခုအခါမှာ သူတို့သည် လောကဆိုင်ရာ နိမိတ်ဖြစ်စဥ်များ၏ ပုံစံဖြင့် ဆင်းသက်လာခဲ့၏။
ရွှေရောင်ကြာပန်းများက မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့၏။
ဝူး...
ဒင်.. ဒင်.. ဒင်..
ရုတ်တရက် လူတိုင်းသည် သူတို့၏ စိတ်များကို ထိခတ်လာပုံရသော ထူးဆန်းသည့်အသံတစ်သံကို ကြားလိုက်ရ၏။
လူတိုင်း၏ အမြုတေ၊ ချီ၊ အစစ်အမှန်အမြုတေနှင့် အမြုတေစိတ်ဝိညာဥ်တို့က အထိန်းအကွပ်မဲ့စွာ တုန်ခါလာခဲ့၏။
“ဓမ္မခရုသင်းနဲ့ ဗုံသံပဲ”
လူအိုကြီးရွှမ်က အံ့အားတသင့်ရေရွတ်လိုက်၏။
ဟာ...
မဟာအကြီးအကဲ ၉ဦး၏ အမူအရာများကလည်း တစ်ချိန်တည်းမှာ ပြောင်းလဲသွား၏။
ဒဏ္ဍာရီအရဆို... မဟာတာအိုနှင့် အပြန်အလှန်တုံ့ပြန်နိုင်မှသာ ဓမ္မခရုသင်းနှင့် ဗုံသံများက ထွက်ပေါ်လာတတ်၏။
အဲ့ဒါကို ရှေးအကျဆုံး အင်မော်တယ်ကျမ်းများနှင့် ဗုဒ္ဓကျမ်းစာများမှာသာ ဖော်ပြထားလေသည်။
မဟာအကြီးအကဲ ၉ဦးသည် နှစ်ပေါင်းသိန်းချီကြာအောင် ကျင့်ကြံလာခဲ့သော်လည်း သူတို့သည် ဤကဲ့သို့သောအသံများကို တစ်ခါမှမကြားဖူးခဲ့ပေ။
လောကက လှုပ်ခါသွားပြီး မဟာတာအိုက မြည်ဟည်းလာခဲ့၏။
ဆူဇီမိုသည် ရှေ့သို့နောက်ထပ် ခြေတစ်လှမ်းယူပြီး ဒသမမြောက်ကျောက်လှေကားထစ်ကို စုဖွဲ့နေလေသည်။