← Chapters

တက္ကသိုလ်၏ ဂိုဏ်းချုပ်

Vol. 153 Ch. 2283

တက္ကသိုလ်၏ ဂိုဏ်းချုပ်

Vol. 153 Ch. 2283

တက္ကသိုလ်၏ လက်ရှိတပည့်ဂိုဏ်းသားများစွာသာလျှင်မဟုတ်ဘဲ မဟာအကြီးအကဲ ၉ ဦးပင်လျှင် တုန်လှုပ်သွား၏။

ဓမ္မခရုသင်းနှင့် ဗုံသံများသည် သာမန်အသံများ မဟုတ်ပေ။ သူတို့သည် အင်မော်တယ်အသံများ၊ ဂါထာမန္တန်နှင့် ကောင်းကင်ဘုံတေးဂီတဖြစ်၏။

အတွင်းဂိုဏ်းတပည့်များနှင့် အမွေခံတပည့်များကိုမပြောနှင့် မဟာအကြီးအကဲ ၉ ဦးကဲ့သို့ အင်မော်တယ်ဘုရင်ပညာရှင်များပင်လျှင် ထိုအင်မော်တယ်အသံများနှင့် ရင်ဆိုင်ရချိန်မှာ အလွန်တရာသေးငယ်သွားသည်ဟု သူတို့ကိုယ်သူတို့ခံစားရ၏။

တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများစွာက လုံးဝကို မှင်တက်နေ၏။

တုန်လှုပ်မှု၊ ရှုပ်ထွေးမှုနှင့် မယုံကြည်နိုင်မှု...။

လူတိုင်း၏ မျက်လုံးများက ပြူးကျယ်နေပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာလျှင်ရှိတော့၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဂိုဏ်းချုပ်က နဝမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သည့်မြင်ကွင်းကို လက်ရှိမည်သူကမှ မတွေ့မြင်ခဲ့ရပေ။ သို့သော် ယခုအခါ သူတို့သည် ဒသမမြောက်ကျောက်လှေခါးထစ် ဖွဲ့တည်လာခြင်းကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ကြလေပြီ။

ဆူဇီမိုသည် တာအိုနှလုံးသားလှေခါး၏ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ရုံသာမက သူသည် ဒသမမြောက်ကျောက်လှေခါးထစ်ကိုပါ စုဖွဲ့ခဲ့လေသည်။

ဒသမမြောက်ကျောက်လှေခါးထစ်သည် နဝမ၏ အထက်မှာရှိ၏။

အဲ့ဒါသည် ရိုးရှင်းသော ကိန်းဂဏန်းတစ်ခုမြင့်တက်မှုသာ မဟုတ်ပေ။

အဲ့ဒါထက် ဆူဇီမို၏ တာအိုနှလုံးသားသည် အကန့်အသတ်တချို့ကိုချိုးဖျက်ပြီး ဂိုဏ်းချုပ်၏ အထက်ကိုပင် ရောက်ရှိသွားသည်ဟု အဓိပ္ပါယ်ရလေသည်။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဆူဇီမိုသည် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်၏။

လူတစ်ယောက်၏ တာအိုနှလုံးသားသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်နှင့် မသက်ဆိုင်သော်လည်း အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်စုဖွဲ့ထားသော တာအိုနှလုံးသားက ဒီလောက်ထိသန်မာနိုင်မှာလား။

တာအိုနှလုံးသားလှေခါးပေါ်ရှိ ကျောက်လှေခါးထစ်တစ်ခုချင်းစီ၏ စုဖွဲ့မှုသည် တစ်ခုထက်တစ်ခုပို၍ ခက်ခဲလာလေသည်။

နောက်ပိုင်းမှာ ကျောက်လှေခါးထစ်တစ်ခုကို စုဖွဲ့ဖို့အတွက် လူတစ်ယောက်သည် ယခင်တာအိုနှလုံးစားစမ်းသပ်ချက်ကို အရင်ဆုံး ဖြတ်ကျော်ရမည်ဖြစ်၏။

အဲ့ဒါက ကျင့်ကြံသူအများစုအတွက် ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်လေသည်။

တက္ကသိုလ်၏ ဒီဘက်မျိုးဆက်ဂိုဏ်းချုပ်သည် နဝမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သောအခါ အဲ့ဒါသည် အကန့်အသတ်နှင့် ဆုံးမှတ်ဖြစ်သည်ဟု လူတိုင်းက တွေးထင်ခဲ့ကြ၏။

၉ သည် အန္တိမကိန်းဂဏန်းဖြစ်ပြီး ၎င်း၏ အကန့်အသတ်ကို ချိုးဖျက်ဖို့ မဖြစ်နိုင်ပေ။

တာအိုနှလုံးသားလှေခါးမှာ မည်သူက ကျောက်လှေခါးထစ် ၉ထစ်၏ စမ်းသပ်ချက်ကို ခံနိုင်ရည်ရှိပြီး ဂိုဏ်းချုပ်၏ ဉာဏ်ပညာလှေခါးထစ်ကိုကျော်လွန်ကာ ဒသမမြောက်ကျောက်လှေခါးထစ်ကို ဖန်တီးနိုင်မှာလဲ။

ဤမြင်ကွင်းသည် လက်ရှိလူတိုင်းအပေါ် စိတ်ပိုင်းဆိုင်ရာနှင့် အမြင်ပိုင်းဆိုင်ရာ ကြီးမားသည့်ရိုက်ခတ်မှုတစ်ခုဖြစ်၏။

တာအိုနှလုံးသားလှေခါး၏ စမ်းသပ်ချက်ကိုဖြတ်ကျော်ပြီးနောက် ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ သမိုင်းထဲမှာ အတော်ဆုံးနံပါတ်တစ် ဖြစ်လာခဲ့လေပြီ။ သူသည် မဟာအကြီးအကဲ ၉ ဦးကို စုဝေးစေခဲ့ပြီး သူ့ကိုတပည့်တစ်ယောက်အဖြစ်လက်ခံနိုင်ဖို့ ယှဥ်ပြိုင်စေခဲ့၏။

သို့သော်ယခု... တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်လှေခါးထစ်က ဖြစ်ပေါ်လာခဲ့လေပြီ။

သူ့ကို တက္ကသိုလ်၏ သမိုင်းထဲမှာ နံပါတ်တစ်အဖြစ် ဆက်လက်၍ မဖော်ပြနိုင်တော့ပေ။ ဤကဲ့သို့သော အောင်မြင်ရရှိမှုသည် ထူးခြားအံ့မခန်းဖြစ်ပြီး တက္ကသိုလ်၏ သမိုင်းမှတ်တမ်းထဲမှာ သေချာပေါက်မှတ်တမ်းတင်ခံရပေလိမ့်မည်။

“ဘုရားရေ... စီနီယာအစ်ကိုဆူက ဒီလောက်ထိသန်မာတဲ့ တာအိုနှလုံးသားကို ဘယ်လိုတောင်စုဖွဲ့ထားတာလဲ”

လျှိုဖျင်၏ သေးငယ်သောပါးစပ်က ပွင့်ဟနေပြီး သူက ငေးငိုင်နေကာ သူ့ရှေ့မှမြင်ကွင်းကနေ ရုန်းထွက်မလာနိုင်ပေ။

အကြီးအကဲကျုံးက တံတွေးကို အလျင်အမြန်မျိုချပြီး ပြောလိုက်၏။

“ငါအခု အဲ့ဒါကို စဥ်းစားမိတော့... ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က ရှုံးသွားခဲ့ရတာ မထူးဆန်းတော့ဘူး... သူကဘယ်လိုတည်ရှိမှုမျိုးကို သွားပြီးရန်စခဲ့တာလဲ”

“သူက တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့တယ်... ဒီသတင်းက ပျံ့နှံ့သွားမယ်ဆိုရင် အဲ့ဒါက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးကို ကြီးကြီးမားမားဂယက်ရိုက်သွားစေလိမ့်မယ်”

မင်းသမီးသက်တံနီကလည်း တီးတိုးပြောဆိုလိုက်၏။

“ဒီကိစ္စရဲ့သက်ရောက်မှုက နှစ်တစ်သောင်းတွေ့ဆုံပွဲကတိုက်ပွဲထက်တောင် သေချာပေါက်ပိုပြီးကြီးမားနေလိမ့်မယ်”

တကယ်တော့ မင်းသမီးသက်တံနီသည် တာအိုနှလုံသားလှေခါးမှ ဒသမမြောက်ကျောက်လှေခါးထစ်၏ အရေးပါမှုကို လျှော့တွက်မိနေဆဲဖြစ်၏။

ဆူဇီမိုသည် တာအိုနှလုံးသားလှေခါး၏ ကျောက်လှေခါးထစ် ၉ထစ်ကိုဖြတ်ကျော်နိုင်ခဲ့သည့်အချက်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ကြီးမားစွာ ဂယက်ရိုက်သွားစေဖို့လုံလောက်နေလေပြီ။

ယခု သူသည် ဂိုဏ်းချုပ်၏ အထက်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့ပြီး ဤသတင်းသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။

ထိုစဥ်မှာပင် ပုံရိပ်တစ်ခုက လေထဲမှာ ရုတ်တရက်ပေါ်ထွက်လာ၏။

ထိုပုံရိပ်ဘယ်လိုပေါ်ထွက်လာသည်ကို မည်သူကမှ မတွေ့မြင်ခဲ့ရပေ။ လူတိုင်းကြည့်ရှုမိသည့်အချိန်မှာ ထိုလူက ထိုနေရာမှာ မတ်တတ်ရပ်နေလေပြီ။

ထိုသူသည် အစိမ်းရောင်ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြောင့်ဖြောင့်ရပ်နေ၏။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်နေရုံသာဖြစ်သော်လည်း သူက ခံ့ညားထည်ဝါသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဤလူ၏ ရှေ့မှာ မဟာအကြီးအကဲ ၉ ဦးပင်လျှင် နိမ့်ကျသွားပုံရ၏။

“ဂိုဏ်းချုပ်က ဒီကိုရောက်လာပြီပဲ”

အကြီးအကဲကျုံးက အံ့အားတသင့် ပြောဆိုလိုက်၏။

မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် အလိုလိုလှမ်းကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များက ဂိုဏ်းချုပ်၏ မျက်နှာပေါ် ဆင်းသက်သွားပြီး အေးခဲတောင့်တင်းကာ အဝေးသို့ မဖယ်ခွာနိုင်တော့ပေ။

ဂိုဏ်းချုပ်သည် နားထင်စပ်မှာ မီးခိုးရောင်တစ်စွန်းတစ်စနှင့်အတူ သက်လတ်ပိုင်းအရွယ်သာရှိသည့်ပုံပေါ်လေသည်။ သူ၏ မျက်နှာကချောမော၍ အပြစ်ဆိုစရာမရှိဘဲ မဟာအကြီးအကဲ ၉ ဦးထက် များစွာငယ်ရွယ်နေ၏။

သူ၏ နဖူးကမြင့်မား၍ တည်ကြည်ခိုင်မာပြီး အဆုံးမဲ့ဉာဏ်ပညာဖြင့်ပြည့်နှက်နေပုံရ၏။

အထင်ရှားဆုံးအရာမှာ ညကောင်းကင်ယံမှာ တဖျတ်ဖျတ်တလက်လက် ကြယ်များကဲ့သို့ နက်ရှိင်း၍လျှို့ဝှက်ဆန်းကြယ်နေသော သူ၏ မျက်လုံးများဖြစ်၏။

သူတို့သည် ထူးဆန်းသောအရောင်အဝါတစ်ခုဖြင့်တောက်ပနေသော ပင်လယ်အနက်ပိုင်းထဲမှ ကျောက်မျက်များကဲ့သို့ဖြစ်၏။ တစ်ချက်ကြည့်မိရုံဖြင့် သူတို့သည် အဆုံးမဲ့စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား လူတစ်ယောက်သည် ထိုအထဲမှာနစ်မြုပ်သွားရပေလိမ့်မည်။

ထိုမျက်လုံးများသည် နက်ရှိုင်းသောလွမ်းဆွတ်မှုနှင့် စွမ်းအင်ပြည့်ဝသော အားမာန်နှင့်ပါ ပြည့်နှက်နေ၏။

ထိုမျက်လုံးများကနေတစ်ဆင့် လူတိုင်းသည် မတူညီသောလောကများနှင့် ဆန့်ကျင်ကွဲလွဲသောမြင်ကွင်းများကို မြင်တွေ့နေပုံရ၏။

ဂိုဏ်းချုပ်၏ ပေါ်ထွက်လာမှုက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။

“ဂိုဏ်းချုပ် ...”

မဟာအကြီးအကဲ ၉ ဦးက သူတို့၏ လက်သီးများကို အနည်းငယ်ယှက်ပြလိုက်၏။

“မင်္ဂလာပါဂိုဏ်းချုပ်”

အောက်ဘက်မှာရှိသောကျင့်ကြံသူများက တစ်ပြိုင်နက်တည်းနှုတ်ဆက်လိုက်ကြ၏။

ယဇ်ပူဇော်စင်မြင့်ပေါ်မှာ လူအိုကြီးရွှမ်သည် နောက်ဆုံးမှာ သူ၏ ခေါင်းကိုမော့ပြီး ဂိုဏ်းချုပ်ကိုကြည့်ကာ ညင်သာစွာခေါင်းညိတ်လိုက်၏။

“ဒီတစ်ခေါက်ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကိုကြီးမားလွန်းလို့ ဂိုဏ်းချုပ်တောင်မှ ပေါ်ထွက်လာပြီ”

“အခုဂိုဏ်းချုပ်က ပေါ်ထွက်လာပြီဆိုတော့... သူကလည်း တပည့်တစ်ယောက်ကို လက်ခံဖို့ တွေးနေတာများလား”

“အဲ့လိုတော့မဖြစ်နိုင်ဘူး... ဂိုဏ်းချုပ်က တပည့်လက်ခံတဲ့နေရာမှာ လိုအပ်ချက်ကို အရမ်းတင်းကျပ်ထားတယ်လို့ ငါကြားဖူးတယ်... အခု သူ့မှာ တပည့် ၆ ယောက်ပဲရှိတယ်... နတ်မိမယ်မိုချင်ကလည်း အဲ့ဒီ ၆ ယောက်ထဲက တစ်ယောက်ဖြစ်တယ်လို့ ငါကြားဖူးတယ်”

“ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့လိုက်တာက တကယ့်ကိုမကြုံစဖူးအံမခန်းပဲ... အဲ့ဒါကို အနာဂတ်မှာ ကျော်တက်နိုင်မယ့်သူ မရှိလောက်တော့ဘူး... ဂိုဏ်းချုပ်အနေနဲ့ သူ့ရဲ့သန်မာတဲ့တာအိုနှလုံးသားကြောင့် သူ့ကိုသဘောကျလက်ခံချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး”

ကျင့်ကြံသူများစွာက သူတို့အချင်းချင်းကြားမှာ တီးတိုးဆွေးနွေးပြောဆိုနေကြ၏။

“ဂိုဏ်းချုပ်... ခင်ဗျားဘာလို့...”

အကြီးအကဲ-၃ က အကဲစမ်းမေးလိုက်၏။

“ဒသမမြောက်ကျောက်လှေခါးထစ်ကို ငါ့ရဲ့ဉာဏ်ပညာလှေခါးထစ်အထက်မှာ စုဖွဲ့ထားတာပဲ... ဒီလိုမျိုးအစွမ်းအစရှိတဲ့သူကို ငါက လာကြည့်ရတာပေါ့”

ဂိုဏ်းချုပ်က ဆူဇီမိုကိုကြည့်ပြီး ချီးကျူးလိုက်၏။

“မင်းကအရမ်းကိုငယ်ရွယ်လွန်းသေးတယ်... အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲရှိသေးတယ်... ဘယ်လောက်တောင် ကြုံတောင့်ကြုံခဲရှားရှားပါးပါးလဲ”

“ဂိုဏ်းချုပ်... ရှင်ကလည်း သူ့ကိုတပည့်တစ်ယောက်အဖြစ် လက်ခံချင်နေတယ်လို့ ကျွန်မကိုမပြောနဲ့နော်”

အကြီးအကဲ-၆ က လွှတ်ခနဲပြောလိုက်၏။

“ဘာလို့မဟုတ်ရမှာလဲ”

ဂိုဏ်းချုပ်က အကြီးအကဲ-၆ ကို ကြည့်ပြီး ပြုံးစစဖြင့် မေးလိုက်၏။

ဂိုဏ်းချုပ်၏ မျက်လုံးများနှင့် ဆုံမိသွားပြီး အကြီးအကဲ-၆ က အနည်းငယ်ရှက်ရွံ့သွား၏။

သူမက တစ်ဘက်သို့ မျက်နှာလွှဲပြီး လက်ကာပြကာ ညင်သာစွာပြောလိုက်၏။

“ထားလိုက်ပါတော့... ရှင်ကသူ့ကို တပည့်အဖြစ်လက်ခံချင်နေပြီဆိုမှတော့... ကျွန်မနောက်ဆုတ်တော့မယ်”

“ဒါက...အရောင်မတင်ရသေးတဲ့... ကျောက်စိမ်းတုံးတစ်တုံးပဲ”

ဂိုဏ်းချုပ်က နွေးထွေးစွာဖြင့် ပြောလိုက်၏။

“ငါသူ့ကို ကိုယ်တိုင်သင်ကြားပေးရမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဂိုဏ်းချုပ်က ဆူဇီမိုကို သူ၏ တပည့်အဖြစ် လက်ခံတော့မည်ဆိုတာ သံသယရှိစရာမလိုတော့သလောက်နီးပါးပင်။

သူသည် ဂိုဏ်းချုပ်၏ လက်အောက်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် အဲ့ဒါသည် မဟာအကြီးအကဲ ၉ ဦးထံ ဝင်ရောက်ခြင်းထက် ပို၍ကောင်းမွန်လေသည်။

တက္ကသိုလ်မှာ ဂိုဏ်းချုပ်ထက်ပို၍အစွမ်းထက်သောသူ မည်သူမှ မရှိတော့သောကြောင့်ပင်။

ဂိုဏ်းချုပ်အနေဖြင့် တပည့်လက်ခံသည့် လိုအပ်ချက်ကို အရမ်းကိုတင်းကျပ်ထားလေသည်။ ယခုအချိန်မှာ သူ၏ လက်အောက်တွင် တပည့် ၆ ယောက်သာရှိ၏။ သူတို့ကြားမှာ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပန်းချီအင်မော်တယ် မိုချင်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာပင် ကျော်ကြားနေလေပြီ။

ဆူဇီမိုက ဂိုဏ်းချုပ်၏ လက်အောက်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် သူသည် ပန်းချီအင်မော်တယ် မိုချင်နှင့် ဓားအင်မော်တယ်ယွဲ့ဟွား၏ ဂျူနီယာမောင် သို့မဟုတ် ဂျူနီယာညီဖြစ်လာပြီး သူ၏ အဆင့်အတန်းက သူတို့နှင့် ယှဥ်နိုင်လာပေလိမ့်မည်။ အဲ့ဒါက ဘယ်လောက်တောင်ကြီးမားသည့် အခွင့်အရေးလဲ။

“ဂိုဏ်းချုပ်က ဒီကိုရောက်လာပြီဆိုမှတော့ ကျုပ်ဘာမှပြောစရာမရှိတော့ဘူး”

အကြီးအကဲ-၂ ကလည်း နုတ်ထွက်ကြောင်းကြေညာလိုက်၏။

အခြားသော အကြီးအကဲများကလည်း မရမကငြင်းဆန်လိုစိတ် မရှိကြတော့ပေ။

သူတို့အားလုံးသည် အင်မော်တယ်ဘုရင်အဆင့်ပညာရှင်များဖြစ်သော်လည်း သူတို့၏ နည်းလမ်းများနှင့် အစွမ်းအစများသည် တက္ကသိုလ်၏ ဂိုဏ်းချုပ်ထက် များစွာနိမ့်ကျသည်ကို မဟာအကြီးအကဲ ၉ ဦးက သူတို့၏ရင်ထဲမှာ သိရှိထားကြ၏။

“ငါသဘောမတူဘူး”

ထိုစဥ်မှာပင် အသံတစ်သံက ဂိုဏ်းချုပ်၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

သူကလွဲလျှင် အခြားမည်သူကမှ ထိုအသံကို သတိမထားမိပေ။

All Chapters