ပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြား
Vol. 153 Ch. 2285
အကြီးအကဲများသည် ထိုစကားကို ကြားသောအခါ သူတို့က ဒွိဟဖြစ်သွားကြ၏။
ဂိုဏ်းချုပ်၏ စစချင်း သဘောထားအရ သူသည် ဆူဇီမိုကို သူ၏ လက်ရင်းတပည့်အဖြစ် တိုက်ရိုက်ခေါ်ယူချင်ခဲ့၏။ ထိုသူက နောက်ဆုံးအခိုက်အတန့်မှာ ဘာကြောင့် အမည်ခံတပည့်တစ်ယောက် ဖြစ်လာရတာလဲ။
ဤအချိန်အတောအတွင်း ဂိုဏ်းချုပ်၏ စိတ်ကို ပြောင်းလဲစေခဲ့သည့် ဘယ်အရာဖြစ်ပျက်ခဲ့သည်ကို အကြီးအကဲများက မသိရှိပေ။
မဟာအကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ယဇ်ပူဇော်စင်မြင့်ပေါ်ရှိ လူအိုကြီးရွှမ်ကို နက်ရှိုင်းစွာဖြင့် တစ်ချက်ကြည့်လိုက်၏။ (အကြီးအကဲ-၁ သို့မဟုတ် အကြီးအကဲချုပ်။)
“ဆူဇီမို..”
ဂိုဏ်းချုပ်မှာ နွေးထွေးသော အမူအရာတစ်ခုရှိပြီး ဆူဇီမိုကို အပြုံးနှင့်ကြည့်ကာ မေးလိုက်၏။
“မင်းက ငါ့ရဲ့ အမည်ခံတပည့် ဖြစ်လာချင်စိတ်ရှိရဲ့လား”
“ကျုပ် စိတ်ရှိပါတယ်”
ဆူဇီမိုက ဦးညွှတ်၍ လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်၏။
သူသည် ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက်သာ ဖြစ်လာသော်လည်း အဲဒါက သူ့အတွက် မည်သည့်ဆိုးကျိုးမှ မရှိပေ။ သူက အဲဒါကို ငြင်းဆန်ဖို့လည်း မည်သည့် အကြောင်းရင်းမှ မရှိပေ။
လက်ရှိကျင့်ကြံသူများ၏ မျက်လုံးများထဲမှာ မနာလိုအားကျသော အကြည့်များ ပေါ်ထွက်လာ၏။
သူက အမည်ခံတပည့်တစ်ယောက်သာ ဖြစ်သည်ဆိုလျှင်တောင် သူ၏ အဆင့်အတန်းက သာမန်အတွင်းဂိုဏ်းတပည့်များထက် သာလွန်သွားခဲ့ပြီဖြစ်၏။
အဲဒါသည် တက္ကသိုလ်မှ ဂိုဏ်းချုပ်၏ အမည်ခံတပည့်ဖြစ်၏။ အမှားအယွင်းတစ်စုံတစ်ရာ မရှိလျှင် သူသည် အနာဂတ်မှာ ဂိုဏ်းချုပ်၏ လက်ရင်းတပည့် သေချာပေါက်ဖြစ်လာပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ ထန်ပန်က နိုးထလာခဲ့ပြီဖြစ်ပြီး သူက သူ့ရှေ့မှာ ရှိသော မြင်ကွင်းကို လက်မခံနိုင်ဖြစ်နေ၏။
သူသည် တာအိုနှလုံးသားလှေကားပေါ်ကနေ ကျဆင်း၍ သတိလစ်သွားခဲ့ရုံသာ ဖြစ်၏။
သို့သော်လည်း သူ ပြန်နိုးထလာသည့်အချိန်မှာပင် အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစ အဆင့်-၁ ကောင်းကင်အင်မော်တယ်သည် တစ်ဟုန်ထိုး မြင့်မားသွားပြီး ယခုအချိန်မှာ အဆင့်အတန်းအရာတွင် သူ၏ အထက်ကိုပင် ရောက်ရှိသွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ဤအခိုက်အတန့်မှာ ကံကြမ္မာ၏ လှည့်ပတ်စီးဆင်းမှုက လျှို့ဝှက်ဆန်းကြယ်၍ ရက်စက်လွန်းရာကျသည်ဟု ထင်ရ၏။
“စီနီယာအစ်ကိုဖန့်.. ဘာဖြစ်သွားတာလဲ”
ထန်ပန်က မယုံကြည်နိုင်ဖြစ်နေသေးပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အံကြိတ်၍ မေးလိုက်၏။
“ဒီလူက ကျုပ်တို့ရဲ့ ဦးခေါင်းပေါ်ကို ဘယ်လိုလုပ်ပြီး ခုန်တက်လာခဲ့တာလဲ”
“ဘာမှ ထိတ်ထိတ်ပျာပျာ မဖြစ်နဲ့.. ကြောက်လည်း မကြောက်နဲ့”
ဖန်ချင်းယွင်၏ အမူအရာက တည်ငြိမ်နေပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဆူဇီမိုက အမည်ခံတပည့်တစ်ယောက်ပဲ.. သူက အစစ်အမှန် အမွေခံတပည့်တစ်ယောက် မဟုတ်သေးဘူး.. ငါတို့မှာ အခွင့်အရေးတစ်ခု ရှိနေသေးတယ်”
ထိုစဉ်မှာပင် ဂိုဏ်းချုပ်က သူ၏ အပြုံးကို ရုတ်သိမ်းပြီး သူ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ တပည့်ဂိုဏ်းသားများ အားလုံးသည် သူတို့ကို စောင့်ကြည့်ခြင်း ခံနေရသည်ဟု ခံစားမိလာကြ၏။
“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က လူတိုင်းပဲ နားထောင်ကြ”
ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တာအိုနှလုံးသားလှေကားက ဒီနေ့ကိစ္စနဲ့ ငါ့ရဲ့ အမည်ခံတပည့်ဆိုတဲ့ ဆူဇီမိုရဲ့ သရုပ်သကန်ကို ငါ့ရဲ့ ခွင့်ပြုချက် မရှိဘဲ မပေါက်ကြားစေရဘူး”
“အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြောဆိုတဲ့ ဘယ်သူမဆို… သူတို့ရဲ့ ဂိုဏ်းသားရောင်းရင်းအချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ တူညီတဲ့ ပြစ်မှုအတိုင်း အညှာအတာမရှိ သတ်ဖြတ်ခြင်းခံရမယ်”
ဂိုဏ်းချုပ် ပေါ်ထွက်လာပြီးနောက် သူက တစ်ချိန်လုံး ယဉ်ကျေးပျူငှာမှု ရှိပြီး မကြာမကြာဆိုသလို ပြုံးနေတတ်လေသည်။
သို့သော် ယခု ဂိုဏ်းချုပ်က ထိုစကားကို ပြောလိုက်သောအခါ သူသည် သာလွန်မြင့်မြတ်သူတစ်ယောက်၏ စွမ်းပကားနှင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။
လက်ရှိ တပည့်ဂိုဏ်းသားများကို မပြောနှင့် မဟာအကြီးအကဲ ၉ဦးပင်လျှင် တုန်လှုပ်သွား၏။
ဖန်ချင်းယွင်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး သူ၏ မျက်နှာက အလွန်တရာ ပျက်ယွင်းသွား၏။
အစကတော့ သူသည် ဆူဇီမိုကို အကွက်ချကြံစည်ဖို့ စဉ်းစားတွေးတောနေဆဲဖြစ်၏။
သို့သော် ယခု ဂိုဏ်းချုပ်က ထိုသို့ပြောဆိုလိုက်ပြီး သူက ရင်တလှပ်လှပ်ဖြင့် ထိတ်လန့်ကြောက်ရွံ့ကာ သူ၏ ယခင်အတွေးများစွာက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
တကယ်ဆို ဂိုဏ်းချုပ်သည် သူ၏ စိတ်ကို ဖတ်မိပြီး သူ့ကို သတိပေးသည့်အနေဖြင့် ထိုစကားများကို ပြောလိုက်သည်ဟုပင် သူက ခံစားမိနေ၏။
“ဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
လျှိုဖျင်က မနေနိုင်ဘဲ မေးလိုက်၏။
“ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေက ပျံ့နှံ့သွားမယ်ဆိုရင် အဲဒါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သေချာပေါက် ကြီးမားတဲ့ ဂယက်ရိုက်မှုတစ်ခု ဖြစ်လာလိမ့်မယ်”
အကြီးအကဲကျုံးက ရှင်းပြလိုက်၏။
“အဲဒီအချိန်ကျရင် မရေမတွက်နိုင်တဲ့ အကြည့်တွေနဲ့ စိတ်အာရုံတွေက ဆူဇီမိုအပေါ်ကို စုပြုံကျရောက်လာလိမ့်မယ်.. ဆူဇီမိုကို လူတိုင်းရဲ့ စိတ်အာရုံအလယ်ကို တွန်းပို့လိုက်တာနဲ့ အတူတူပဲ”
“အဲဒီအချိန်ကျရင် သူက ဘယ်လောက်များတဲ့ အန္တရာယ်တွေနဲ့ ရန်လိုမှုတွေကို တွေ့ကြုံရမလဲ ဘယ်သူသိနိုင်မလဲ”
“တက္ကသိုလ်ကနေ ဒီသတင်းကို ဘယ်သူကမှ မပေါက်ကြားစေခြင်းနဲ့ ဂိုဏ်းချုပ်က ဆူဇီမိုကို တကယ်တမ်း ကာကွယ်ပေးနေတာပဲ”
လျှိုဖျင်က အပြည့်အဝ နားမလည်သော်လည်း ခေါင်းညိတ်လိုက်၏။
မင်းသမီး သက်တံနီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က လူတွေ ဒီလောက်အများကြီးက ဒီနေ့ဖြစ်ရပ်ကို တွေ့မြင်ခဲ့ကြတာပဲ.. တစ်ယောက်ယောက်က အဲဒါကို ထုတ်ဖော်ပြောဆိုလိုက်မယ်ဆိုရင်တောင် အဲဒါကို ဘယ်သူလုပ်လဲ သူက ဘယ်လိုသိနိုင်မှာလဲ”
“ဟဲဟဲ.. အဲဒါကတော့ ဂိုဏ်းချုပ်ရဲ့ စွမ်းအားပဲ”
အကြီးအကဲကျုံးက ပြုံးပြလိုက်၏။
“သူ့မှာ အန္တိမ ဉာဏ်ပညာ ရှိတယ်.. သူက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထွင်းဖောက်မြင်နိုင်တယ်… အသတ်ခံရမယ့် အန္တရာယ်မှာ ဒီကိစ္စကို ပေါက်ကြားစေပြီး ဂိုဏ်းချုပ်ရဲ့ စိတ်အာရုံကနေ ဖုံးကွယ်ထားဖို့ ဘယ်သူ့မှာ ယုံကြည်မှု ရှိမှာလဲ”
“နောက်ပြီး လူတစ်ယောက် နှစ်ယောက်က အဲဒါကို ထုတ်ဖော်ပြောဆိုမယ်ဆိုရင်တောင် ဘယ်သူကမှ အဲဒါကို ယုံမှာ မဟုတ်ဘူး”
“အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က တာအိုနှလုံးသားလှေကားရဲ့ ကျောက်လှေကားထစ် ၉ထစ် စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး ဒဿမမြောက် ကျောက်လှေကားထစ်ကို ဖန်တီးခဲ့တယ်.. သူက တက္ကသိုလ်က ဂိုဏ်းချုပ်ရဲ့ အမည်ခံတပည့်တစ်ယောက် ဖြစ်လာခဲ့တယ်.. ငါတို့က အဲဒါကို ငါတို့မျက်စိနဲ့ ကိုယ်တိုင်မမြင်တွေ့ရရင် ဘယ်သူက အဲဒါကို ယုံကြည်မှာလဲ”
မင်းသမီးသက်တံနီနှင့် လျှိုဖျင်က နက်ရှိုင်းသော စိတ်ခံစားချက်များနှင့်အတူ အလောတကြီး ခေါင်းညိတ်လိုက်ကြ၏။
အဲဒါကို သူတို့၏ မျက်လုံးနှင့် တွေ့မြင်ခဲ့ရသည်ဆိုလျှင်တောင် အဲဒါသည် အလွန်တရာ အိပ်မက်ဆန်သည်ဟု သူတို့နှစ်ယောက်က အချိန်အတန်ကြာသည်အထိ ခံစားနေခဲ့ရဆဲဖြစ်၏။
“အားလုံးပဲ လူစုခွဲကြတော့.. ဆူဇီမို နေခဲ့”
ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။
မဟာအကြီးအကဲ ၉ဦးက ချက်ချင်းပင် နောက်သို့ ဆုတ်ခွာပြီး အံ့မခန်း နည်းလမ်းများနှင့်အတူ လေဟာနယ်ထဲမှာ တိုးဝင်ပျောက်ကွယ်သွား၏။
အခြားသော ကျင့်ကြံသူများကလည်း လျင်မြန်စွာ ထွက်ခွာသွားကြ၏။
သိပ်မကြာခင် ဂိုဏ်းချုပ်၊ လူအိုကြီးရွှမ်နှင့် ဆူဇီမိုသာလျှင် ယဇ်ပူဇော်စင်မြင့်ပေါ်မှာ ကျန်ရစ်ခဲ့၏။
“မင်းက ငါ့ရဲ့ စိတ်သဘောထားကို နားလည်တယ်မလား”
ဂိုဏ်းချုပ်က ဆူဇီမိုကို ကြည့်ပြီး နွေးထွေးစွာ မေးလိုက်၏။
ဆူဇီမိုက ခဏမျှ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က အရင်ခုတ်ခံရတတ်တယ်”
ဂိုဏ်းချုပ်က ပြောလိုက်၏။
“မင်းရဲ့ လက်ရှိ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းနေတယ်.. ဒီသတင်းက ပျံ့နှံ့သွားမယ်ဆိုရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူး”
“မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က အရာရာတိုင်းကို ခံနိုင်ရည်ရှိဖို့ လုံလောက်အောင် မြင့်မားလာတာနဲ့ ငါက အဲဒါကို အများသိအောင် ထုတ်ဖော်ပြောဆိုပေးမယ်”
ဆူဇီမိုက ပြောလိုက်၏။
“ကျွန်တော် နားလည်ပါပြီ”
ဂိုဏ်းချုပ်က ညင်သာစွာ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
“မင်းက အမည်ခံတပည့်တစ်ယောက် ဖြစ်လာပြီဆိုတော့ မင်းက အရင်ဆုံး အတွင်းဂိုဏ်းမှာ လေ့ကျင့်သင်ယူရလိမ့်မယ်.. တကယ်တော့ မင်းရဲ့ ကျင့်ကြံမှုမှာ သံသယတစ်ခုခု ရှိလာမယ်ဆိုရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်”
“မင်း ငါ့ကိုလည်း လာရှာလို့ ရတယ်”
ရုတ်တရက် လူအိုကြီးရွှမ်က ဘေးကနေ ဖြတ်ပြောလိုက်၏။
ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။
လူအိုကြီးရွှမ်သည် လျှို့ဝှက်စံအိမ်များကို စောင့်ကြပ်နေသည့် လူအိုကြီးတစ်ယောက်သာ ဖြစ်၏။ သူ၏ အပြုအမူက အနည်းငယ် စည်းလွတ်သွားပုံရလေသည်။
သို့သော်လည်း အပြစ်တင်လိုသည့် မည်သည့် အရိပ်အယောင်မှ မရှိဘဲ ဂိုဏ်းချုပ်၏ တည်ငြိမ်နေသော အမူအရာကို တွေ့မြင်ရသောအခါ ဆူဇီမိုက စိတ်ထဲကနေ စဉ်းစားတွေးတောနေမိ၏။
ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုမှာ တကယ်ပင် သံသယတစ်ခု ရှိနေ၏။
အဲဒါသည် စကားလုံး ၆၀၀ ကျော်ကျော်နှင့် ယင်ယန်အဆောင်သုတ္တန်မှာ ပါရှိသော ထူးဆန်းသည့် ရှေးဟောင်းစာလုံးများ ဖြစ်၏။ ထိုစာလုံးများက တာအိုနှလုံးသားလှေကား၏ ဉာဏ်ပညာလှေကားထစ်ပေါ်မှာ ရှေးဟောင်းစာလုံးများနှင့် အလွန်တရာ ဆင်တူလေသည်။
ဂိုဏ်းချုပ်သည် ထိုထူးဆန်းသော ရှေးဟောင်းစာလုံးများကို ဖတ်နိုင်ပြီး သူ၏ သံသယများကို ကူညီဖြေရှင်းပေးနိုင်မည်ဟု သူက သေချာသလောက်နီးပါး ပြောနိုင်၏။
သို့သော်လည်း ယင်ယန်အဆောင်သုတ္တန်သည် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ကနေ အရင်းခံလာပြီး ထိုမြင်းမြီးကျာပွတ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ ထွက်ပေါ်လာခဲ့၏။
(အာဒိကပ္ပ- ကမ္ဘာဦးခေတ်၊ သမဂ္ဂ- စည်းလုံးခြင်းနှင့် ပေါင်းစည်းခြင်း။)
ယင်ယန်အဆောင်သုတ္တန်၏ အကြောင်းအရာထဲမှာ ဖန်တီးခြင်းကြာပဒုမ္မာနှင့် ပတ်သက်သည့် သတင်းအချက်အလက်တချို့ ရှိနေပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တည်ရှိမှုက ပေါက်ကြားသွားမည်ကို ဆူဇီမိုက စိုးရိမ်ပူပန်နေ၏။
သူသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်လာခဲ့သော်လည်း ဘာပဲပြောပြော ဤနေရာက အထက်ဘုံဖြစ်၏။ သတိထားသည့်အနေဖြင့် ဆူဇီမိုက အန္တရာယ်ကို မစွန့်စားလိုပေ။
“ဟေး”
လူအိုကြီးရွှမ်က ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးပင့်ကာ ပြောလိုက်၏။
“အမည်ခံတပည့်ဆိုတာလည်း တပည့်ပဲ.. ဘာပဲဖြစ်ဖြစ် မင်း သူ့ကို လက်ဆောင်တချို့ ပေးသင့်တယ်”
ဂိုဏ်းချုပ်က ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပြုံးလိုက်၏။ ရုတ်တရက် သူ၏ လက်ဖဝါးထဲမှာ သေးငယ်သော ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ပေါ်ထွက်လာ၏။
ထိုတံဆိပ်ပြားပေါ်မှာ အလွန်တရာ လက်ရာမြောက်သော အင်းကွက်တချို့ကို ခတ်နှိပ်ထားလေသည်။
လူအိုကြီးရွှမ်က ထိုတံဆိပ်ပြားကို တွေ့မြင်သောအခါ သူက ရှားရှားပါးပါး ပုံစံဖြင့် ခေါင်းညိတ်ပြီး ဆူဇီမိုကို လောဆော်လိုက်၏။
“ဒါက မဆိုးဘူး.. အဲဒါကို မြန်မြန်ယူလိုက်.. အဲဒါက သေရေး ရှင်ရေး အခိုက်အတန့်မှာ မင်းအသက်ကို ကာကွယ်ပေးနိုင်တယ်”
“ဒါက ပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြားတစ်ခုပဲ”
ဂိုဏ်းချုပ်က ပြောလိုက်၏။
“မင်းက ကောင်းကင်ဘုံကမ္ဘာမှာ ရှိနေသရွေ့ မင်းက ဘယ်နေရာကိုပဲ ရောက်ရောက်.. မင်း မခုခံနိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါ ဒီတံဆိပ်ပြားကို ချိုးချေလိုက်.. မင်းက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်ကို အချိန်မရွေး ပြန်လာနိုင်လိမ့်မယ်”
ဤပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြားသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ တည်နေရာရွှေ့ပြောင်းအဆောင်အကြီးနှင့် တူညီလေသည်။
သို့သော်လည်း အထက်ဘုံမှာ အင်မော်တယ်ဘုရင်များသာလျှင် လေဟာနယ်ကို ဆုတ်ဖြဲ၍ လွတ်လပ်စွာ သွားလာနိုင်ကြ၏။
ထိုအခြေအနေမှာ ဤပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြားကို အသက်ကယ် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုဟု တကယ်ပင် သတ်မှတ်နိုင်၏။
ဤကဲ့သို့သော ပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို စီရင်ပြုလုပ်ဖို့က မလွယ်ကူပေ။
ယေဘုယျအားဖြင့် အင်မော်တယ်ဘုရင်ပညာရှင်များ၏ အမွေခံတပည့်များကြားမှာ တန်ဖိုးထားခံရဆုံးသူများသာလျှင် ထိုအရာကို ပိုင်ဆိုင်နိုင်လေသည်။