တိုက်ဆိုင်မှုလား
Vol. 153 Ch. 2287
“ဟားဟားဟားဟား...”
ထိုစဥ်မှာပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ နောက်ဘက်ကနေ စူးစူးရှရှရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
ဂိုဏ်းချုပ်က လှည့်ကြည့်ခြင်းမရှိသလို အံ့အားသင့်သွားခြင်းလည်း မရှိပေ။
တက္ကသိုလ်မှာ သူ၏ ဖုံးကွယ်ခြင်းနည်းစနစ်ကို ထွင်းဖောက်မြင်နိုင်သည့်သူ ၁၀ ယောက်ထက် ပိုမရှိပေ။ ဤလူက သူတို့ထဲမှတစ်ယောက်ဖြစ်၏။
မလှမ်းမကမ်းမှာမတ်တတ်ရပ်ရင်း လူအိုကြီးရွှမ်က လက်ပိုက်ကာ အူးမြူးအားရနေသော အမူအရာဖြင့် လှောင်ပြောင်သရော်ကာပြောလိုက်၏။
“မင်းတောင်မှ... ဒီလိုမျိုး ဖြစ်ရတယ်ဆိုတော့... ဟီးဟီး”
“ဒီလောက်တောင်မှ တိုက်ဆိုင်ရလား”
ဂိုဏ်းချုပ်က မလှမ်းမကမ်းမှာရှိသောလူအိုကြီးရွှမ်ကို လှည့်ကြည့်ပြီး ပြုံး၍မေးလိုက်၏။
“ဟေး... အဲ့ဒါက တိုက်ဆိုင်တာမဟုတ်ဘူး”
လူအိုကြီးရွှမ်က နှုတ်ခမ်းစူလိုက်၏။
“ငါမင်းကို ဒီနားမှာ စောင့်နေတာ တစ်နှစ်ကြာသွားပြီ... တခြားသူတွေက မင်းအကြောင်းကို သိချင်မှသိလိမ့်မယ်... ဒါပေမဲ့ မင်းအကြောင်းကို ငါနားမလည်ဘူးလို့ ထင်လို့လား”
“မင်းရဲ့စိတ်နေစရိုက်နဲ့ဆို... တစ်ယောက်ယောက်က မင်းရဲ့ဉာဏ်ပညာလှေခါးရဲ့အထက်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့လိုက်တဲ့အခါ မင်းက အဲ့ဒါကို ဒီတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး”
“ဒါပေမဲ့ မင်းက ဒီနေရာကို တိတ်တိတ်လေးရောက်လာဖို့ တစ်နှစ်ကြာအောင်တောင့်ခံခဲ့လိမ့်မယ်လို့ ငါထင်မထားဘူး.. မင်းသာ ဒီထက်ပိုပြီး နောက်ကျမယ်ဆိုရင် ငါထွက်သွားတော့မှာ”
ဂိုဏ်းချုပ်သည် သူ၏ အတွေးအကြံများကို ဖော်ထုတ်ခံရပြီးနောက် မည်သည့်ရှက်ရွံ့မှုကိုမှ မပြသပေ။ သူက သူ၏ ခေါင်းကိုသာခါပြီး ပြုံးလိုက်လေသည်။
“မင်းက တော်တော်အားယားနေတာပဲ”
“ဟီးဟီး..”
လူအိုကြီးရွှမ်က နောက်တစ်ဖန်ရယ်မောလိုက်၏။
“မင်းက... ခိုးကြောင်ခိုးဝှက်ရောက်လာတဲ့အပြင် ဖုံးကွယ်မှုတစ်ခုကိုပါ ခင်းကျင်းခဲ့သေးတယ်... တခြားသူတွေသိမှာကို စိုးရိမ်နေတာမလား”
“မင်းက ဒသမမြောက်ကျောက်လှေခါးထစ်ကို ဖြတ်ကျော်ဖို့ ယုံကြည်မှုမရှိဘူးဆိုတာ အသိသာကြီးပဲ”
လူအိုကြီးရွှမ်သည် ဂိုဏ်းချုပ်နှင့် သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ သို့သော်လည်း ထိုသူသည် အရမ်းကိုဉာဏ်ရည်ထက်မြတ်ပြီး စေ့စပ်သေချာမှုရှိလေသည်။ သူက ထိုသူထိခိုက်ဆုံးရှုံးရသည်ကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ယခုသူသည် နောက်ဆုံးမှာ ဂိုဏ်းချုပ်ကို အရှက်တကွဲပုံစံဖြင့် မြင်တွေ့ခဲ့ရပြီး လူအိုကြီးရွှမ်က စိတ်လှုပ်ရှားပျော်ရွှင်နေ၏။
“ငါ့အကြောင်းကိုထပ်ပြီးမပြောပါနဲ့တော့.... မင်းကော စမ်းမကြည့်ချင်ဘူးလား”
ဂိုဏ်းချုပ်က ပြုံး၍မေးလိုက်၏။
“ဘယ်ကသာ”
လူအိုကြီးရွှမ်က မျက်လုံးစွေကြည့်ပြီး နှုတ်ခမ်းစူလိုက်၏။
“ငါက... မင်းရဲ့ဉာဏ်ပညာလှေခါးထစ်ကိုတောင် မဖြတ်ကျော်နိုင်ဘူးဆိုရင် အရှက်ရမှာ မဟုတ်ဘူးလား... ငါက မင်းအကွက်ထဲကို ဝင်စရာအကြောင်းမရှိဘူး”
ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးလိုက်၏။
“ဒါပေမဲ့... အဲ့ဒါကိုပြောရမယ်ဆိုရင်...”
ရုတ်တရက် လူအိုကြီးရွှမ်က တည်တံ့စွာမေးလိုက်၏။
“ဒသမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ ဟိုကောင်လေးချန်ထားခဲ့တဲ့တာအိုနှလုံးသားက ဘယ်လိုမျိုးလဲ”
“ငါသေချာမပြောတတ်ဘူး”
ဂိုဏ်းချုပ်က ခေါင်းခါပြလိုက်၏။
“ဒီစိတ်စွမ်းအားက အရမ်းကိုရဲရင့်ပြီးတော့ စွမ်းအားကြီးမားတယ်... သူ့မှာ ဓားတာအိုရဲ့ ထက်ရှမှု... မယိမ်းမယိုင်တဲ့ခုခံမှု... အကြောက်အလန့်ကင်းမဲ့မှုနဲ့ အပူအပင်မရှိတဲ့ပျော်ရွှင်မှုပါ ပါနေတယ်”
“ငါက... တာအိုနှလုံးသားမြောက်မြားစွာကို တွေ့မြင်ခဲ့ဖူးတယ်... ဒါပေမဲ့ ဒီလိုမျိုးတာအိုနှလုံးသားကို မတွေ့မြင်ခဲ့ဖူးဘူး”
“အဲ့ဒါကို ဘယ်သူကဂရုစိုက်နေမှာလဲ”
လူအိုကြီးရွှမ်က လက်ကာပြလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူက မျိုးစေ့ကောင်းလေးတစ်စေ့ပဲ... သူက ပကတိဧကနယ်ပယ်ကိုဝင်ရောက်ပြီးတာနဲ့ ငါတို့ရဲ့အစွမ်းအစနဲ့ သူ့ကို ဘယ်သူက စည်းရုံးသိမ်းသွင်းနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ “
“ရတယ်လေ...” ဂိုဏ်းချုပ်ကပြုံး၍ ခေါင်းညိတ်ပြီး သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ ထွက်ခွာဖို့ပြင်လိုက်၏။
“ဘာလို့လဲ... မင်းကတစ်ခါဘဲ ကျရှုံးသေးတာ... နောက်တစ်ခါထပ်ပြီးကြိုးစားဖို့ စိတ်ကူးမရှိတော့ဘူးလား”
လူအိုကြီးရွှမ်က မျက်ခုံးပင့်ပြီး သွေးထိုးလှုံ့ဆော်လိုက်၏။
“ငါထပ်ကြိုးစားလို့ ကျရှုံးသွားရင် ဘာဖြစ်မလဲ... မင်းငါ့ကိုထပ်ပြီးလှောင်ဦးမလို့မလား”
ဂိုဏ်းချုပ်၏ အသံက ထွက်ပေါ်လာပြီး သူက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် တာအိုနှလုံးသားလှေခါး၏ ပတ်လည်မှာ ဖုံးကွယ်ခြင်းနည်းစနစ်က တစ်စွန်းတစ်စမကျန် တိတ်တဆိတ်ပျောက်ကွယ်သွား၏။
ညင်သာသောလေပြေတစ်ချက်တိုက်ခတ်သွားပြီး တာအိုနှလုံးသားလှေခါးဘေးမှာ မည်သူမှ မကျန်ရှိတော့ပေ။
မသိလိုက်မသိဘာသာနှင့်ပင် လူအိုကြီးရွှမ်ကလည်း ထွက်ခွာသွားခဲ့ပြီဖြစ်၏။
ဤနေရာမှာ တည်ငြိမ်အေးချမ်းမှုက ပြန်လည်ရောက်ရှိလာခဲ့၏။
………
အတွင်းဂိုဏ်း၏ လိုဏ်ဂူခန်းဝါတစ်ခုမှာ သူ၏ တံခါးပိတ်ကျင့်ကြံမှုပြီးဆုံးသွားသော အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
သူသည် တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့် ယန်လောရှုဖြစ်၏။
မလှမ်းမကမ်းမှာ လူငယ်ကောင်လေးတစ်ယောက်က မတ်တတ်ရပ်နေ၏။
“သခင်လေး... ဒီတစ်ခေါက်ခင်ဗျားတံခါးပိတ်ကျင့်ကြံတာ ဘာလို့အဲ့လောက်ထိ တိုတောင်းရတာလဲ”
ကောင်လေးက ဘေးကနေ လက်ဖက်ရည်တစ်အိုးကိုကျိုပြီးနောက် အဲ့ဒါကို ယန်လောရှုထံ ပို့ပေးလိုက်၏။
“ငါ့ရဲ့ကျင့်ကြံမှုမှာ အဟန့်အတားတစ်ခုနဲ့ ကြုံတွေ့နေရတယ်... ငါကဆက်ပြီးတော့ တံခါးပိတ်ကျင့်ကြံမယ်ဆိုရင်တောင် အဲ့ဒါကို ဖြတ်ကျော်နိုင်ဖို့ မသေချာတော့ဘူး”
ယန်လောရှုက သူ၏ ခေါင်းကိုညင်သာစွာခါပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်၏။ လက်ဖက်ရည်က ပူသေးသော်လည်း သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အဲ့ဒါကို တကျိုက်တည်းမော့သောက်လိုက်၏။
သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သည်မှာ အချိန်တစ်ခုကြာသွားခဲ့လေပြီ။
သို့သော်လည်း ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များကြား အဟန့်အတားကို ဖြတ်ကျော်ဖို့က တကယ်ပင် အရမ်းကိုခက်ခဲနေ၏။
ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် ပကတိအင်မော်တယ်တစ်ယောက်ကြား ကွာဟချက်သည် ရင်ကြားမစေ့နိုင်သော ကွာဟမှုတစ်ခုလိုဖြစ်နေ၏။ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်များကို စုပေါင်းထားလျှင်တောင် အဲ့ဒါကိုယှဥ်နိုင်မည် မဟုတ်ပေ။
တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ တပည့်ပေါင်းအရေအတွက်သိန်းချီရှိလေသည်။
အတွင်းဂိုဏ်းတပည့်များထဲမှ အတော်များများသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ပြီး ထိုအဆင့်မှာ ရပ်တန့်နေကြ၏။
တကယ်ဆို.... အဆင့်-၉ ကောင်းကင်အင်မော်တယ်အချို့သည် သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံးမှာ ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
ထိုအဆင့်-၉ ကောင်းကင်အင်မော်တယ်များအတွက်တော့... သူတို့သည် အိုမင်းလာပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့ မျှော်လင့်ချက်မရှိတော့သည့်အခါ သူတို့သည် အတွင်းဂိုဏ်းမှာ ရာထူးအဆင့်အတန်းမြင့်မားခြင်းမရှိသော အကြီးအကဲများအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ကြပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်နိုင်သောမည်သူမဆို ပြိုင်စံရှားများဖြစ်ကြ၏။
ထိုသို့ဆိုလျှင်တောင် လူများစွာသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်း မရှိကြပေ။ အဲ့ဒါက ဘယ်လောက်တောင်ခက်ခဲသလဲသိသာနေ၏။
တက္ကသိုလ်မှာ အမွေခံတပည့် ရာဂဏန်းတချို့သာရှိလေသည်။
ယန်လောရှုသည် အလောတကြီးမရှိဘဲ သူ၏ စိတ်က တည်ငြိမ်နေ၏။
သူက အသက်မကြီးသေးဘဲ... သူ့အသက်က နှစ်တစ်သိန်းပင် မပြည့်သေးပေ။ သူ့မှာလုံလောက်သည့်အချိန်ရှိနေသေး၏။
သူသည် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခု သို့မဟုတ် ကြုံကြိုက်မှုတစ်ခုကို ရရှိနိုင်သည်နှင့်အမျှ သူသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
“ဒီအချိန်အတောအတွင်း တက္ကသိုလ်မှာ တစ်ခုခုဖြစ်သွားသေးလား”
ယန်လောရှုက သာမန်ကာလျှံကာမေးလိုက်၏။
ကောင်လေးက ပြောလိုက်၏။
“အများကြီးမရှိဘူး... ပြီးခဲ့တဲ့နှစ်ထဲမှာ တက္ကသိုလ်မှာ အများဆုံးဆွေးနွေးပြောဆိုကြတဲ့အရာက တာအိုနှလုံးသားလှေခါးကို လူကြီးမင်းဆူ ဖြတ်ကျော်ပြီး ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့တဲ့ကိစ္စပဲ”
“အို...”
ယန်လောရှုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“အဲ့ဒါက ကြီးမားတဲ့ကိစ္စတစ်ခုပဲ... အချိန်တစ်ခုကြာတဲ့အထိ အဲ့ဒါက တက္ကသိုလ်က လူတိုင်းအတွက် အာရုံစိုက်ဆွေးနွေးစရာဖြစ်နေလိမ့်မယ်”
“သခင်လေး... ခင်ဗျားက လူကြီးမင်းဆူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ ကျုပ်ကြားထားတယ်... ခင်ဗျားဒီတစ်ခေါက် ဘာလို့သူနဲ့သွားပြီး မတွေ့မှာလဲ”
စပ်စုတတ်သောလူငယ်လေးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ခင်ဗျားက အတွင်းဂိုဏ်းမှာ အမြဲတမ်းတစ်ယောက်တည်းပဲ... ခင်ဗျားမှာ အသိအကျွမ်းလည်း များများစားစားမရှိဘူး... ခင်ဗျား လူကြီးမင်းဆူနဲ့ ဒီ့ထက်ပိုပြီး အချိန်ဖြုန်းသင့်တယ်”
လွန်ခဲ့သည့်တစ်နှစ်က ဆူဇီမိုသည် တာအိုနှလုံးသားလှေခါးစမ်းသပ်ချက်ကိုဖြတ်ကျော်ပြီး ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သည့်အခါ ယန်လောရှုကလည်း ထိုသတင်းကို လက်ခံရရှိခဲ့၏။ သို့သော်လည်း သူသည် ဆူဇီမိုကို တွေ့ဆုံဂုဏ်ပြုဖို့အတွက် တာအိုနှလုံးသားလှေခါးကို သွားရောက်ခဲ့ခြင်းမရှိပေ။
သို့သော်လည်း ထိုနေ့မှာ ယန်လောရှုက ခါတိုင်းထက် ပိုမိုပျော်ရွှင်နေသည်ကို ကောင်လေးက တွေ့မြင်ခဲ့ရ၏။ ထိုသူသည် ထူးထူးခြားခြား ဝိုင်တစ်အိုးကိုဖွင့်ကာ သူ၏ လိုဏ်ဂူခန်းဝါရှေ့မှာမတ်တတ်ရပ်ပြီး ဆူဇီမိုကို အဝေးကနေသာ ဂုဏ်ပြုခဲ့၏။
ကောင်လေးက စဥ်းစားရခက်နေ၏။ ယန်လောရှုက ပြောလိုက်၏။
“ငါကတက္ကသိုလ်မှာ ရန်သူတွေအများကြီးရှိနေပြီ... သူနဲ့သွားပြီးတော့ ပတ်သက်တာက သူ့ကိုဒုက္ခရောက်စေဖို့ပဲ ဖြစ်လိမ့်မယ်”
“အဲ့လိုမဟုတ်လောက်ပါဘူး”
ကောင်လေးက ပြောလိုက်၏။
“သူနဲ့ရန်ငြိုးရန်စရှိထားတဲ့သူတွေက ဖန့်ချင်းယွင်နဲ့ တခြားသူတွေပဲ... လူကြီးမင်းဆူကို ဂိုဏ်းချုပ်က သူ့ရဲ့ တပည့်အဖြစ်လက်ခံထားပြီးပြီလို့ ကျုပ်ကြားထားတယ်... ခင်ဗျားက သူနဲ့ပိုပြီးတော့ ထိတွေ့ဆက်ဆံနိုင်မယ်ဆိုရင် ဖန့်ချင်းယွင်နဲ့တခြားသူတွေက ခင်ဗျားကိုလည်း ထပ်ပြီးတော့ ပြဿနာရှာရဲမှာ မဟုတ်လောက်တော့ဘူး”
ယန်လောရှုက အသံတိတ်နေပြီး သူ၏ ခေါင်းကို ခါပြလိုက်၏။
ဆူဇီမိုကို ဂိုဏ်းချုပ်သည် အမည်ခံတပည့်အဖြစ်လက်ခံခဲ့သည်ကို သူသိထား၏။
သို့သော်လည်း အမည်ခံတပည့်များသည် အစစ်အမှန်တပည့်များနှင့် ဝေးကွာလွန်းလေသည်။
ဒါ့အပြင် သူက အစစ်အမှန်တပည့်တစ်ယောက်ဖြစ်လာမည်ဆိုလျှင်တောင် ဆူဇီမိုသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်မှာသာ ရပ်တည်နိုင်ပေလိမ့်မည်။
အဆင့်အတန်းအရ ဖြစ်စေ... ကျင့်ကြံမှုနယ်ပယ်အရဖြစ်စေ... ဆူဇီမိုသည် ဓားအင်မော်တယ်ယွဲ့ဟွားထက် နိမ့်ကျနေဆဲဖြစ်၏။
သူ့ကို အမှန်တကယ်ရန်ရှာလိုသောသူက ဖန့်ချင်းယွင်နှင့် အခြားသူများမဟုတ်ဘဲ အမွေခံကုန်းမြေမှ ဂိုဏ်းချုပ်၏ လက်ရင်းတပည့် ဓားအင်မော်တယွဲ့ဟွားဖြစ်သည်ဟု သူက ခံစားမိနေ၏။
ထိုရန်လိုစိတ်သည် လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကနေ အရင်းခံလာခဲ့သောကြောင့်ဖြစ်၏။
ထိုအချိန်တုန်းက ပန်းချီအင်မော်တယ်မိုချင်၏ ပေါ်ထွက်လာမှုကြောင့် သူက အသက်ချမ်းသာရာရခဲ့၏။
လွန်ခဲ့သည့်တစ်နှစ်က တက္ကသိုလ်၏ အပြင်ဂိုဏ်းမှာ နောက်ထပ်အပြောင်းအလဲတစ်ခုက ဖြစ်ပွားခဲ့၏။
ထိုအချိန်မှာလည်း ဘာ့ကြောင့်ရယ်မသိ သူအန္တရာယ်ရှိနေစဥ် ပန်းချီအင်မော်တယ်မိုချင်က နောက်တစ်ဖန်ထွက်ပေါ်လာပြီး သူ့ကိုကယ်တင်ပေးခဲ့၏။