သေဆုံးခဲ့သောနေရာ
Vol. 153 Ch. 2289
ထျန်ဟွမ်ဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုသန်မာလာလျှင်တောင် အဲ့ဒါသည် ၎င်း၏ အထက်စည်းကိုဖြတ်ကျော်ဖို့က မလွယ်ပေ။
ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ပကတိအင်မော်တယ်တစ်ယောက်မရှိဘဲ ၎င်း၏ ပိုင်နက်နယ်မြေက ဘယ်လောက်ပင်ကျယ်ပြန့်လာသည်ဖြစ်စေ... တပည့်ဂိုဏ်းသားဘယ်လောက်များပြားလာသည်ဖြစ်စေ အဲ့ဒါက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်နေပေဦးမည်။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ ဓမ္မအစီအရင်များကို ကောက်ချက်ချခြင်းမှာ ရပ်တန့်ခဲ့ခြင်း မရှိပေ။
တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဖြစ်သော ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပို့ပေးခဲ့သည့် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် သူ့ကိုကြီးမားစွာ အထောက်အကူဖြစ်စေခဲ့ပြီး သူက ထိုအရာများကို နားလည်ဆင်ခြင်ခဲ့၏။
သို့သော်လည်း သူသည် ကျင့်ကြံခြင်း၏ နောက်ထပ်ခြေလှမ်းကို ကောက်ချက်ချနိုင်ဖို့အတွက် ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းရပေဦးမည်။
ထိုနှစ်တစ်ထောင်မှာ ထျန်ဟွမ်ဂိုဏ်းကို တည်ဆောက်ခဲ့ပြီး ကျယ်ပြန့်လာခဲ့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသောမည်သည့်မိတ်ဆွေဟောင်းနှင့်မှ မတွေဆုံခဲ့ရပေ။
သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါနှင့်ပတ်သက်၍ အံ့အားသင့်သွားခြင်းမရှိပေ။
မိစ္ဆာမဟာနယ်မြေသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် အတူယှဥ်တွဲရပ်တည်ပြီး အလွန်တရာကျယ်ပြောလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်သော်လည်း သူသည် လွန်ခဲ့သည့်နှစ်သိန်းပေါင်းများစွာက ထျန်ဟွမ်ကုန်းမြေတိုက်၏ မိတ်ဆွေဟောင်းတစ်ယောက်နှင့်သာ တွေ့ဆုံခဲ့ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေ၏ ထောင့်တစ်နေရာမှာဖြစ်၏။ သူ့အနေဖြင့် မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ဖို့က ဤမျှအထိ လွယ်ကူမနေပေ။
ဤနှစ်များအားလုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံရေးအရင်းအမြစ်များကို သုံးစွဲခဲ့ခြင်းမရှိဘဲ သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံးဝတိုးတက်မလာခဲ့ပေ။ သူသည် အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်မှာသာ ရှိနေသေး၏။
လက်ရှိသိုင်းတာအိုပင်မခန္ဓာအတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများနှင့် အမြုတေစိတ်ဝိညာဥ် အရည်တို့က သုံးစားမရတော့ပေ။
ကျင့်ကြံခြင်း၏ နောက်ထပ်ခြေလှမ်းအတွက် ဓမ္မအစီအရင်များမရှိဘဲ ကျင့်ကြံရေးအရင်းအမြစ် ဘယ်လောက်ပမာဏကမှ သူ့ကိုကူညီပေးနိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်ဘုံဝံပုလွေကတော့ သူ့ယခင်ဘဝမှတ်ဉာဏ်များနှင့် ကျင့်ကြံရေးအရင်းအမြစ်များစွာ၏ အကူအညီနှင့်အတူ သူ၏ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်၍တိုးမြင့်လာခဲ့၏။
တကယ်တော့ ပြောရမည်ဆိုလျှင်... ကောင်းကင်ဘုံဝံပုလွေကို ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဟု ဆိုနိုင်ပြီး သူက အင်မော်တယ်ထိုက်ဟွာနှင့် အင်မော်တယ်ဖုန်းယင်တို့ထက်ပင် ပိုမိုသန်မာလေသည်။
သူတို့၏ ယခင်ဘဝများမှာ ထိုက်ဟွာနှင့် ဖုန်းယင်တို့သည် ပကတိအင်မော်တယ်များသာဖြစ်ခဲ့၏။
ကောင်းကင်ဘုံဝံပုလွေကတော့ သူသည် သူ၏ ယခင်ဘဝမှာ စိတ်ခံစားချက်၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ပြီး ဧကရာဇ်ပိုရွှင်းနောက်သို့ပင် တစ်ခါက လိုက်ခဲ့ဖူးလေသည်။
အတွေ့အကြုံမှာ ကျင့်ကြံခြင်းအတွက်ဖြစ်စေ... ယေဘုယျကိစ္စများအတွက်ဖြစ်စေ... သူက တခြားသူများထက် များစွာသာလွန်လေသည်။
လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ ကောင်းကင်ဘုံဝံပုလွေသည် ဤလမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ၏ ခန္ဓာကိုယ်ကို အဆင့်အနည်းငယ်တိုးမြင့်စေခဲ့၏။ သူသည် ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ခဲ့လေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ခဲ့၏။
သို့သော်ယခု... သူ၏ ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားခဲ့ပြီဖြစ်၏။
ဤကဲ့သို့သော ကျင့်ကြံမှုအလျင်အဟုန်ကို ယွင်ထင်ပင်လျှင် မယှဥ်နိုင်ပေ။
ယန်ပေးချန်ကတော့... သူ့မှာ အခြေခံအုတ်မြစ်အဖြစ် အမုန်းသုတ္တန်ရှိထားပြီး သူ၏ ရင်ထဲရှိ အမုန်းတရားက အရမ်းကိုသန်မာလေသည်။ အဲ့ဒါက သူ၏ အရိုးထဲထိ စိမ့်ဝင်နေခဲ့ပြီဖြစ်ပြီး မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်၍ တိုးမြင့်လာခဲ့၏။
တကယ်တော့... ယန်ပေးချန်၏ ကျင့်ကြံမှုက လျင်မြန်စွာမြင့်တက်လာခဲ့သော်လည်း သူသည် ယခင်ဘဝမှတ်ဉာဏ်များကိုပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံဝံပုလွေကို မယှဥ်နိုင်ပေ။
နှစ်တစ်ထောင်မှာ ယန်ပေးချန်သည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။
ထိုကျင့်ကြံမှုအလျင်အဟုန်ကလည်း အလွန်တရာကြောက်စရာကောင်းလေသည်။
မိစ္ဆာနည်းစနစ်များစွာသည် အစဥ်အလာကိုသွေဖယ်နေပြီး အသုံးပြုသူများကို အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် ကျင့်ကြံစေနိုင်၏။ သို့သော်လည်း ရရှိလာမည့် တန်ပြန်ရိုက်ခတ်မှုကလည်း အလွန်တရာသိသာထင်ရှားလေသည်။
ယန်ပေးချန်သည် မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံခဲ့စဥ်က သူ၏ အမြုတေစိတ်ဝိညာဥ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီး သူ၏ လမ်းဆုံးသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့သောကြောင့်ပင်။ သိုင်းတာအိုပင်မခန္ဓာပင်လျှင် ကူကယ်ရာမဲ့ခဲ့ရ၏။
သူ့အသက်ကို ကယ်တင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံဖို့ဖြစ်၏။
အရင်တုန်းက မိစ္ဆာဥပါဒါန်သုတ္တန်သည် ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာများကို ယာယီအားဖြင့်သာ ဖိနှိမ်ထားနိုင်မည်ဟု ကောင်းကင်ဘုံဝံပုလွေက ပြောခဲ့ဖူး၏။ မထင်မှတ်ထားတာ တစ်စုံတစ်ရာဖြစ်လာမည်ဆိုလျှင် အနာဂတ်မှာ သမိုင်းက သူ့ဘာသာသူတစ်ကျော့ပြန်လည်ပတ်လာပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ထျန်ဟွမ်ဂိုဏ်းက ကြီးထွားလာစဥ် အမြုတေစိတ်ဝိညာဥ်ကိုကုသနိုင်မည့် ကုသရေးအင်မော်တယ်ဆေးပင်များကိုလည်း ရှာဖွေနေခဲ့၏။
သို့သော်လည်း ဤကဲ့သို့သော အင်မော်တယ်ဆေးပင်များက အရမ်းကိုအဖိုးတန်လေသည်။ မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားဤထောင့်တစ်နေရာကို မပြောနှင့် မိစ္ဆာနယ်မြေ၏ အခြားသောအစိတ်အပိုင်းများ သို့မဟုတ် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှာပင်လျှင် သူတို့သည် အဲ့ဒါကို ရှာတွေ့ချင်မှ ရှာတွေ့နိုင်ပေလိမ့်မည်။
ဤနေ့မှာ သိုင်းတာအိုပင်မခန္ဓာသည် တံခါးပိတ်ကျင့်ကြံနေစဥ် အပြင်ဘက်မှ အဝတ်စလေတိုးသံ တဖျပ်ဖျပ်ကိုကြားလိုက်ရ၏။
ဝင်ရောက်လာသူက အရမ်းကိုမြန်ဆန်လေသည်။
“သခင်...”
ကောင်းကင်ဘုံဝံပုလွေ၏ အသံက ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
သူသည် ကောင်းကင်ဝံပုလွေ၏ အသံမှ တစ်စုံတစ်ရာထူးခြားနေသည်ကို သတိထားမိပြီး သူက ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာဖြစ်ပျက်နိုင်ကြောင်းကို နားလည်သဘောပေါက်လိုက်၏။ သူက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာခဲ့၏။
“ဘာတွေဖြစ်နေတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ယန်ပေးချန်က အဲ့ဒါကို ဆက်ပြီးတော့ မခံနိုင်တော့ဘူး”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ပခုံးကိုတွန့်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
ဤကျင့်ကြံမှုနယ်ပယ်မှာ သူသည် လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲနိုင်နေပြီဖြစ်၏။
ယခုအချိန်မှာ ဆူဇီမို၏ ရှေ့တွင် မတ်တတ်ရပ်နေသောသူက ငွေရောင်ဆံပင်နှင့် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ၏ အမူအရာက ကြမ်းကြုတ်ခက်ထန်နေ၏။
ကောင်းကင်ဘုံဝံပုလွေသည် ယန်ပေးချန်အပေါ် စိတ်ခံစားချက်များစွာမရှိပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ယန်ပေးချန်နှင့် နက်ရှိုင်းသောဆက်ဆံရေးတစ်ခုရှိသည်ကို သူက သိရှိထားပြီး ဤကိစ္စကို ဖုံးကွယ်မထားနိုင်ပေ။
“သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတွေလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ကောင်းကင်ဘုံဝံပုလွေက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
“မိစ္ဆာဥပါဒါန်သုတ္တန်ကိုကျင့်ကြံတာက သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတွေကို အလွန်ဆုံး ဖိနှိမ်ထားရုံပဲ တတ်နိုင်မယ်လို့ ကျုပ်ပြောခဲ့ပြီးပြီပဲ... အဲ့ဒါက ကုသမပေးနိုင်ဘူး... အဲ့ဒါက အချိန်မရွေးပေါက်ကွဲထွက်ပေါ်လာနိုင်တယ်”
“အရင်တုန်းက သူကတံခါးပိတ်ကျင့်ကြံခဲ့ပြီး ကောင်းကင်အမြုတေနယ်ပယ်ရဲ့ အဟန့်အတားကို ချိုးဖျက်တက်လှမ်းဖို့ပြင်ဆင်ခဲ့တယ်... မထင်မှတ်ထားစွာနဲ့ သူက ကျရှုံးသွားပြီး သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတွေက ပေါက်ကွဲထွက်ပေါ်လာတယ်... စွဲလမ်းခြင်းမိစ္ဆာချီတွေကတောင် သူ့ရဲ့ဒဏ်ရာတွေကို မဖိနှိမ်ပေးနိုင်တော့ဘူး”
“သူဘယ်မှာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ထျန်ဟွမ်ဂိုဏ်းရဲ့ ပင်မခန်းမမှာ”
ကောင်းကင်ဘုံဝံပုလွေက ပြန်ဖြေလိုက်၏။
မည်သည့်စကားမှမဆိုတော့ဘဲ... သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားမှုပြုလုပ်လိုက်ပြီး ထျန်ဟွမ်ဂိုဏ်း၏ ပင်မခန်းမထဲသို့ ဦးတည်လိုက်၏။
သိပ်မကြာခင် သူက ထိုနေရာသို့ ရောက်ရှိလာခဲ့၏။
ခန်းမထဲမှာ ယန်ပေးချန်သည် ဖြူဖပ်ဖြူရော်အမူအရာတစ်ခုနှင့်အတူ ကုလားထိုင်တစ်လုံးကိုမှီထား၏။
သူ၏ မျက်လုံးကို တစ်ဝက်ဖွင့်ထားပြီး သူ၏ အသက်ဓာတ်က အားနည်းနေ၏။ သူသည် လမ်းဆုံးသို့ ရောက်ရှိနေသည်မှာ သိသာလေသည်။
သူ့အပြင် ခန်းမထဲမှာ အခြားသော ကောင်းကင်အင်မော်တယ်ပညာရှင် ၇ဦး ရှိလေသည်။ သူတို့က အမျိုးသားများနှင့် အမျိုးသမီးများဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက အလွန်တရာမြင့်မားကြ၏။ သူတို့ ၇ယောက်လုံးက အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ကြလေသည်။
ကောင်းကင်အင်မော်တယ်ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူတို့က ဆတ်ခနဲတုန်ယင်သွားပြီး မတ်တတ်ထရပ်လိုက်ကြ၏။
ဤလူ၏ ကျော်ကြားလှသောနာမည်ဂုဏ်သတင်းကို သူတို့က ကြားဖူးထားကြလေသည်။
ကောင်းကင်ဘုံဝံပုလွေသည် အပေါ်ယံအားဖြင့် ထျန်ဟွမ်ဂိုဏ်းကို တာဝန်ယူထားသော်လည်း ထျန်ဟွမ်ဂိုဏ်း၏ အစစ်အမှန်သခင်က ငွေရောင်မျက်နှာဖုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်အမျိုးသားဖြစ်သည်ကို သူတို့က သိရှိထား၏။
သိုင်းတာအိုပင်မခန္ဓာက ယန်ပေးချန်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ထိုသူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။
သူက သုန်မှုန်နေသောအမူအရာနှင့်အတူ ငွေရောင်မျက်နှာဖုံးအောက်မှာ မျက်မှောင်ကြုတ်လိုက်၏။
ယန်ပေးချန်၏ အခြေအနေက အလွန်တရာဆိုးဝါးနေ၏။
အတိအကျဆိုရလျှင် ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲရှိ ကြွင်းကျန်ရစ်သောအသက်ဓာတ်အားကို ထိန်းသိမ်းထားရန် မိစ္ဆာဥပါဒါန်သုတ္တန်ကနေ ကျင့်ကြံထားသည့် စွဲလမ်းခြင်းမိစ္ဆာချီများကြောင့်မဟုတ်လျှင် သူက သေဆုံးသွားသည်မှာ ကြာနေလောက်လေပြီ။
“မင်းဒီကိုရောက်လာပြီပဲ”
တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ယန်ပေးချန်က သူ၏ မျက်လုံးကို အတတ်နိုင်ဆုံးကြိုးစား၍ ဖွင့်လိုက်၏။
သူက ဆူဇီမိုကိုကြည့်ပြီး သူ၏ နှုတ်ခမ်းက လှုပ်သွားပြီး ကြိုးစား၍ ပြုံးပြလိုက်၏။
“အူး...အူး...”
သူ၏ ရင်ခွင်ထဲမှာ ဖျံဖြူလေးက အလွန်တရာဝမ်းနည်းစွာဖြင့် တအီအီအော်မြည်နေ၏။
“ငါဆက်ပြီးတောင့်မခံနိုင်တော့ဘူး... ငါမင်းနဲ့လည်းဆက်ပြီး တိုက်ခိုက်မပေးနိုင်တော့ဘူး... မင်းကနောက်ပိုင်းမှာ ဒီလမ်းကြောင်းကို ကိုယ့်ဘာသာကိုယ်လျှောက်ရလိမ့်မယ်”
ယန်ပေးချန်က ခက်ခက်ခဲခဲဖြင့် စကားပြောလိုက်၏။
သူသည် ထိုစကားကိုပြောဖို့အတွက် ကြားမှာ မကြာခဏအားယူရပ်နားခဲ့ရ၏။
“အစ်ကိုယန်... ခင်ဗျားကိုကယ်ဖို့အတွက် နည်းလမ်းတစ်ခုတော့ရှိမှာပါ”
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေဘက်ကိုလှည့်ပြီး မေးလိုက်၏။
“ဧကရာဇ်ပိုရွှင်း ကျင့်ကြံထားတဲ့ ပြီးပြည့်စုံတဲ့ကျင့်ကြံရေးနည်းလမ်းက မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ဖြစ်တယ်လို့ မင်းပြောခဲ့တယ်မလား... ငါတို့က ဗုဒ္ဓကြမ္မာသုတ္တန်ကို ရှာတွေ့နိုင်မယ်ဆိုရင် သူ့အသက်ကို ကယ်တင်နိုင်မှာမလား”
“အဲ့ဒီမှာ တကယ်ပဲ... မျှော်လင့်ချက်တော့ရှိတယ်... ဒါပေမဲ့...”
ကောင်းကင်ဘုံဝံပုလွေက အခက်တွေ့နေသောအမူအရာဖြင့် ခဏမျှရပ်တန့်ပြီး ပြောလိုက်၏။
“ဧကရာဇ်ပိုရွှင်းက ကျုပ်ကို မိစ္ဆာဥပါဒါန်သုတ္တန် သင်ကြားပေးခဲ့တယ်ဆိုတာ ကျုပ်က မာရ်နတ်မျက်နှာဖုံးကို ထိန်းချုပ်နိုင်အောင်လို့လေ... စွဲလမ်းခြင်းဥပါဒါန်ကပဲ စိတ်ခံစားချက် ၇ မျိုးကို ဖြတ်တောက်နိုင်တယ်... ဒါပေမဲ့ ကျုပ်က ဗုဒ္ဓကြမ္မာသုတ္တန်ကို လုံးဝမသိဘူး”
“မင်းက မသိဘူး... ဒါပေမဲ့ ဧကရာဇ်ပိုရွှင်းကတော့ သေချာပေါက်သိတယ်မလား”
သိုင်းတာအိုပင်မခန္ဓာက လွှတ်ခနဲပြောလိုက်၏။
“ဒါပေမဲ့... ဧကရာဇ်ပိုရွှင်းက သေဆုံးသွားတာနှစ်ပေါင်းများစွာကြာခဲ့ပြီလေ”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“ဒါ့အပြင် သူ့မှာ တပည့်လည်းလုံးဝမရှိဘူး... ဒီလောကမှာ တစ်ယောက်ယောက်က ပြီးပြည့်စုံတဲ့ မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကို ရယူချင်တယ်ဆိုရင် မဖြစ်နိုင်ဘူး”
“ဧကရာဇ်ပိုရွှင်းက သုခဘုံသန့်စင်ကုန်းမြေမှာ သေဆုံးခဲ့တယ်လို့ မင်းပြောခဲ့တယ်မလား”
သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။
“အမှန်ပဲ”
ကောင်းကင်ဘုံဝံပုလွေက ဆက်ပြောလိုက်၏။
ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်သောအကြည့်တစ်ခုပေါ်ထွက်လာပြီး သူက တုန်ယင်နေသောအသံဖြင့် မေးလိုက်၏။
“ခင်ဗျား..ခင်ဗျားက... မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကိုရှာဖို့အတွက် ဧကရာဇ်ပိုရွှင်းသေဆုံးခဲ့တဲ့နေရာကိုသွားဖို့ တွေးနေတာလား”
“အဲ့ဒီနေရာမှာပဲ ငါက ပြီးပြည့်စုံတဲ့ ကျင့်ကြံရေးနည်းစနစ်ကို ရှာတွေ့နိုင်မှာပေါ့”
သိုင်းတာအိုပင်မခန္ဓာက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ရူး..ရူးသွားပြီ”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို ထပ်တလဲလဲခါယမ်းလိုက်၏။
“အဲ့ဒါမဖြစ်နိုင်ဘူး... ကျုပ်တို့က အဲ့ဒီနေရာကိုရောက်အောင်သွားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး”
“သူက ဘယ်နေရာမှာ သေခဲ့တာလဲ”
သိုင်းတာအိုပင်မခန္ဓာက တောက်လောင်ပြင်းပြသောအကြည့်တစ်ခုနှင့်အတူ မေးလိုက်၏။
“အဲ့ဒါက...”
ကောင်းကင်ဘုံဝံပုလွေက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဝီစိမှာ”