အဆူရာကျောင်းတော်
Vol. 153 Ch. 2293
မဟာထျဲဝေတောင်သည် အလွန်တရာမြင့်မားပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် တစ်နှစ်လုံးနီးပါး ရပ်နားခြင်းမရှိဘဲ တက်လှမ်းခဲ့ကြ၏။
သူတို့သုံးယောက် တောင်ထွတ်ပေါ်သို့ ရောက်ရှိသည့်အချိန်မှာ နေဝင်သွားခဲ့ပြီဖြစ်၏။
မလှမ်းမကမ်းမှာ အချိန်ကာလဖြင့် ပြောက်တိပြောက်ကျား တိုက်စားခံထားရသော ကျောက်နံရံတံတိုင်းတစ်ခုရှိနေ၏။ ကျောက်နံရံတံတိုင်းက မဟာထျဲဝေတောင်ကြောရိုးတစ်လျှောက် အဆက်မပြတ်ဆန့်တန်းသွား၏။
ကျောက်နံရံတံတိုင်းကနေတစ်ဆင့် သူတို့သည် တည်ငြိမ်သောဇင်အော်ရာတစ်ခုဖြာထွက်နေသည့် ရှေးကျသောအဆောက်အအုံလက်ရာတစ်ခု၏ ထောင့်ချိုးများကို တွေ့မြင်နိုင်၏။ အဲ့ဒါက ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ဆင်တူလေသည်။
“ထျဲဝေတောင်က ဘယ်နေရာမှာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် ကျုပ်တို့က မဟာထျဲဝေတောင်နဲ့ ရေလက်ကြားတစ်ခုကို ဖြတ်ကျော်ပြီးမှ ထျဲဝေတောင်ကို ရောက်လိမ့်မယ်”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
တစ်နည်းအားဖြင့်ဆိုလျှင် သူတို့သည် ရှေ့သို့ဆက်လက်၍ တက်လှမ်းလိုပါက ဤကျောက်နံရံတံတိုင်းကို ဖြတ်ကျော်ရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီးနောက် တံခါးပေါက်တစ်ခုကို တွေ့မြင်လိုက်ရ၏။
တံခါးဘောင်တန်းပေါ်တွင် ဆိုင်းဘုတ်ပြားတစ်ခုကိုချိတ်ဆွဲထားပြီး အဲ့ဒီမှာ ‘အဆူရာ ကျောင်းတော်’ဟု ရေးထိုးထားလေသည်။
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယန်ပေးချန်၏ တာအိုဘွဲ့က ‘အဆူရာ’ ဖြစ်၏။ ယခု သူတို့သည် ဤနေရာမှာ အဆူရာကျောင်းတော်နှင့် လာတွေ့နေလေသည်။ အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုပေပဲလား...။ သို့မဟုတ် တခြားတစ်စုံတစ်ရာက ကျီစယ်နေခြင်းပဲလား။
ယန်ပေးချန်သည် ဤနေရာကို ရောက်လာဖို့အတွက် ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်နေမလား။
“အဆူရာကျောင်းတော်နဲ့ပတ်သက်ပြီး မင်းဘာသိထားလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ကျုပ် မသိဘူး”
ကောင်းကင်ဘုံဝံပုလွေက ခေါင်းခါပြလိုက်၏။
“အရင်တုန်းက ကျုပ်သခင်ဟောင်းနောက်ကနေ လိုက်ပါပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေကဧကရာဇ်တွေနဲ့ ဒီနေရာမှာတိုက်ခိုက်ခဲ့တုန်းက ဒီကျောင်းတော်က မရှိသေးဘူး... အဲ့ဒါကို ဘယ်အချိန်တုန်းက တည်ထောင်ခဲ့တာလဲ ကျုပ်မသိဘူး”
ဆည်းဆာအလင်းရောင်၏ လွှမ်းခြုံမှုအောက်မှာ အဆူရာကျောင်းတော်က မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
သူတို့သည် အဆူရာကျောင်းတော်နှင့်ပတ်သက်၍ မည်သည့်အရာကိုမှ မသိရပေ။ အဲ့ဒါက ဘယ်အဆင့်ဂိုဏ်း သို့မဟုတ် ဘယ်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဆိုတာကိုလည်း မသိရပေ။
အဲ့ဒါက မဟူရာအဆင့် ကျောင်းတစ်ကျောင်းဖြစ်သည်ဆိုလျှင် အခြေအနေက အဆင်ပြေပေလိမ့်မည်။
ကောင်းကင်ဘုံကမ္ဘာမှဂိုဏ်းများ၏ အဆင့်သတ်မှတ်ချက်များအရ မဟူရာအဆင့်ကျောင်းတစ်ကျောင်းမှာ အမြင့်ဆုံးကျင့်ကြံမှုနယ်ပယ်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များ ဖြစ်ပေလိမ့်မည်။
ထိုအဆင့်သည် သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သို့သော်လည်း အဲ့ဒါက ကမ္ဘာမြေအဆင့်ကျောင်းတစ်ကျောင်းဖြစ်မည်ဆိုလျှင် ကိစ္စများက ခက်ခဲသွားပေလိမ့်မည်။
ကမ္ဘာမြေအဆင့်သို့ ရောက်ရှိနိုင်ဖို့အတွက် ထိုကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ပကတိဧကနယ်ပယ် ပညာရှင်တစ်ဦး ရှိနေသည်ဟု အဓိပ္ပါယ်ရလေသည်။
ပကတိဧကနယ်ပယ်ကို ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဥ်နှင့် သုခဘုံလေဟာနယ်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထား၏။
လက်ရှိသိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ သူသည် သူ၏ အစွမ်းကုန်ဖြင့်တိုက်ခိုက်ပါက ပေါင်းစည်းခြင်း ပကတိအင်မော်တယ် ပညာရှင်များကိုသာ အနိုင်ယူနိုင်လေသည်။
သူသည် အာကာသသက်ရှိ သို့မဟုတ် ဗလာနယ်ဝိညာဥ်နှင့် သုခဘုံလေဟာနယ် နယ်ပယ်မှာရှိသော ပညာရှင်များနှင့်ကြုံတွေ့ရပါက လောလောဆယ်မှာ သူက သူတို့ကို ရှောင်လွှဲရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှ စဥ်းစားတွေးတောပြီးနောက် အလျင်စလို အတင်းဝင်ရောက်ခြင်းမရှိပေ။ ထိုအစား သူက ကျောင်းတော်တံခါးကို ညင်သာစွာခေါက်လိုက်၏။
ဒေါက် ဒေါက် ဒေါက်....
အချက်ရေအနည်းငယ်ခေါက်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ကျောက်းတော်၏ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေ၏။
သူက ရှေ့သို့ ဆက်လက်သွားရောက်ချင်သည်ဆိုလျှင် သူသည် အဆူရာကျောင်းတော်ကို ဖြတ်ကျော်ရပေမည်။
သိပ်မကြာခင် ကတိုက်ကရိုက်နိုင်သောခြေသံများက အတွင်းကနေထွက်ပေါ်လာပြီး တံခါးဝသို့ ရောက်ရှိလာခဲ့၏။
“ဘယ်သူတွေလဲ”
အတွင်းကနေ မေးခွန်းသံတစ်သံက ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က... အထီးကျန်သိုင်းသခင်ပါ... ကျုပ်က ခင်ဗျားတို့ရဲ့ကျောင်းတော်ကနေတစ်ဆင့် သုခဘုံသန့်စင်ကုန်းမြေကို ဖြတ်သွားချင်လို့... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
အဲ့ဒီမှာ ကျွီခနဲမြည်သံတစ်သံ ထွက်ပေါ်လာ၏။
ကျောင်းတော်တံခါးက ဖြည်းဖြည်းချင်းပွင့်သွားပြီး ကတုံးပြောင်ကိုယ်တော်နှစ်ပါးပေါ်ထွက်လာ၏။
သူတို့က ဘုန်းကြီးသင်္ဃန်းများကို ဝတ်ဆင်ထားပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက မြင့်မားခြင်းမရှိပေ။ သူတို့က မဟူရာအင်မော်တယ်နယ်ပယ်မှာသာရှိကြ၏။
ကိုယ်တော်နှစ်ပါးသည် သိုင်းတာအိုပင်မခန္ဓာကို အကဲခတ်၍ မာရ်နတ်မျက်နှာဖုံးကို အတန်ကြာစိုက်ကြည့်နေသော်လည်း သူတို့သည် မည်သည့်အရာကိုမှ မခန့်မှန်းနိုင်ပေ။
မာရ်နတ်မျက်နှာဖုံးသည် သူ၏ မျက်နှာကို ဖုံးကွယ်ပေးထားရုံသာမက အဲ့ဒါသည် စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းမှုကိုပါ ပိတ်ဆို့တားဆီးပေးနိုင်၏။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကို ကျင့်ကြံထားသည့်အချက်နှင့်အတူ လက်ရှိကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ဤကိုယ်တော်နှစ်ပါးကို မပြောနှင့် ပကတိအင်မော်တယ်တစ်ဦးပင်လျှင် ပင်မခန္ဓာကို ထွင်းဖောက်၍ မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ကိုယ်တော်နှစ်ပါး၏ အကြည့်များက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာရှိသော ကောင်းကင်ဘုံဝံပုလွေပေါ် ဆင်းသက်သွား၏။
ကောင်းကင်ဘုံဝံပုလွေက ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့် ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ အရမ်းကိုကြီးမားနေ၏။ ကိုယ်တော်နှစ်ပါး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ကိုယ်တော်နှစ်ပါးသည် ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်မှာရှိသော ယန်ပေးချန်ကိုကြည့်မိချိန်မှာ သူတို့က တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်လိုက်ကြ၏။
“မိစ္ဆာမဟာနယ်မြေက ကျင့်ကြံသူတွေပဲ”
ကိုယ်တော်နှစ်ပါးက အော်ပြောလိုက်၏။
ယန်ပေးချန်သည် သတိလစ်နေသော်လည်း သူသည် မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံထားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကို ထိန်းသိမ်းပေးထားသည့် စွဲလမ်းခြင်းမိစ္ဆာချီများက အလွန်ကြွယ်ဝနေ၏။
“မိစ္ဆာမဟာနယ်မြေက ကျင့်ကြံသူတွေကို ဗုဒ္ဓကျောင်းတော်တွေရဲ့ သန့်စင်ကုန်းမြေဆီ ခြေချခွင့်မပေးဘူး”
ကိုယ်တော်နှစ်ပါး၏ မျက်လုံးထဲတွင် အလွန်တရာစက်ဆုပ်ရွံရှာမှုက ပေါ်ထွက်လာပြီး သူတို့က အော်ငေါက်ပြောဆိုလိုက်၏။
“ဒကာတို့... ကျေးဇူးပြုပြီးသွားပါတော့”
ထိုသို့ပြောရင်း ကိုယ်တော်နှစ်ပါးက ကျောင်းတော်ထဲသို့ ပြန်လှည့်ဝင်သွား၏။ ကျောင်းတော်တံခါးကလည်း ကျယ်လောင်သောမြည်သံနှင့်အတူ ပိတ်ဆို့သွား၏။
သိုင်းတာအိုပင်မခန္ဓာက ပိတ်သွားသော တံခါးရှေ့မှာ တိတ်တဆိတ်မတ်တတ်ရပ်နေ၏။ သူ၏ အေးစက်နေသော ငွေရောင်မျက်နှာဖုံးအောက်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။
“ဗုဒ္ဓဝါဒီတွေနဲ့ မိစ္ဆာတွေကြားက ပဋိပက္ခက အင်မော်တယ်တွေနဲ့ မိစ္ဆာတွေကြားမှာထက်ကို ပိုပြီးတော့ပြင်းထန်ကြမ်းတမ်းနေတဲ့ပုံပဲ... သူတို့က အတူယှဥ်တွဲ မနေနိုင်ကြဘူး”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“ရှေးအကျဆုံးမှတ်တမ်းတွေထဲမှာ ပိုရွှင်း(မာရ်နတ်)က ရှေးဟောင်းဗုဒ္ဓနဲ့တစ်ချိန်တည်းမှာ မွေးဖွားလာခဲ့တယ်... ဗုဒ္ဓက ဗောဓိပင်အောက်မှာ တာအိုကို နားလည်ဆင်ခြင်တဲ့အချိန်မှာ ရှေးဟောင်းမိစ္ဆာပိုရွှင်းက မိစ္တာ ၈ ဘီလီယံကို ဦးဆောင်လာပြီး ဗုဒ္ဓဝါဒီတွေနဲ့ မိစ္ဆာတွေကြားမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ပေါ်ထွက်လာခဲ့တယ်လို့ပြောတယ်”
“ဗုဒ္ဓဝါဒီနဲ့ မိစ္ဆာတွေကြားက ရန်ငြိုးရန်စက ကာလရှည်တစ်ခုကြာမြင့်ခဲ့ပြီး သူတို့ရဲ့အရိုးထဲထိအောင် စွဲထင်နေပြီ”
သိုင်းတာအိုပင်မခန္ဓာကလည်း ထိုဒဏ္ဍာရီကို ကြားဖူးလေသည်။
ဒဏ္ဍာရီလာ ရှေးဟောင်းမိစ္ဆာပိုရွှင်းသည် သက်တမ်းအရင့်ဆုံး၊ အသန်မာဆုံးနှင့် ကြောက်စရာအကောင်းဆုံး မိစ္ဆာဖြစ်၏။
ဒီဘက်မျိုးဆက်၏ ဧကရာဇ်ပိုရွှင်းကတော့ သူသည်လည်းပဲ တကယ့်ကို သန်မာလေသည်။ သူသည် ဗုဒ္ဓနှင့် မိစ္ဆာတာအိုနှစ်ခုကို သူတို့၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်ပြီး ဗုဒ္ဓနှင့်မိစ္ဆာဝါဒအတူယှဥ်တွဲပြီး နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။ ရှေးဟောင်းမိစ္ဆာပိုရွှင်းကနေစ၍ ဒီဘက်မျိုးဆက်၏ ဧကရာဇ်ပိုရွှင်းလက်ထက်ထိ ဗုဒ္ဓဝါဒီများနှင့် မိစ္ဆာများကြား ရန်ငြိုးရန်စက အဆက်မပြတ်ပိုမိုနက်ရှိုင်းလာခဲ့၏။
ထို့ကြောင့် ဗုဒ္ဓဂိုဏ်းများမှ တပည့်ဂိုဏ်းသားများအားလုံးသည် မိစ္ဆာဟူသောစကားနှင့်ပတ်သက်၍ အလွန်တရာဆတ်ဆတ်ထိမခံဖြစ်နေကြ၏။
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“ဗုဒ္ဓကျင့်ကြံသူတွေကြားမှာ မိစ္ဆာမဟာနယ်မြေကို ညစ်ညမ်းတဲ့မြေဆီလွှာနဲ့ သုခဘုံသန့်စင်ကုန်းမြေနဲ့ လုံးဝကွဲလွဲဆန့်ကျင်မှုလို့ သတ်မှတ်ထားကြတယ်... ကျုပ်တို့က မိစ္ဆာမဟာနယ်မြေကလာတယ်ဆိုတာကို သူတို့သိတယ်ဆိုရင်... ကျုပ်တို့ရဲ့ညစ်ညမ်းတဲ့အော်ရာက သူတို့ရဲ့နယ်မြေကို စွန်းထင်းမှာစိုးပြီး သူတို့က ကျုပ်တို့ကို သုခဘုံသန့်စင်ကုန်းမြေဆီ သေချာပေါက်ခြေချခွင့်ပေးမှာမဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံး အသံတိတ်နေ၏။
နောက်ခဏ၌ သူက သတိလစ်နေသောယန်ပေးချန်ကို တစ်ချက်ကြည့်လိုက်၏။
ယန်ပေးချန်၏ အခြေအနေက ပို၍ဆိုးဝါးလာပြီး သူက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ မသိရပေ။
သူ့မှာ အချိန်များစွာ မကျန်ရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာက သူတို့၏ စည်းကမ်းများအတိုင်း ဆက်လက်၍စောင့်ဆိုင်းနေလိုစိတ်မရှိပေ။ သူက သူ၏ လက်ကိုဆန့်ထုတ်ပြီး အဆူရာကျောင်းတော်၏ တံခါးပေါ်တွင်တင်ကာ ခွန်အားကို ပို့လွှတ်လိုက်၏။
ဝုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ တွဲဖက်၍ ကျောင်းတော်တံခါးက သိုင်းတာအိုပင်မခန္ဓာထံမှ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ကြေမွသွားပြီး အပိုင်းပိုင်းကျိုးပဲ့ပျက်စီးသွား၏။ ဖုန်လုံးများက တထောင်းထောင်းထပြီး သစ်သားအစအနများက အဘက်ဘက်ကို ပြန့်ကျဲသွား၏။
စောစောက ကိုယ်တော်နှစ်ပါးသည် ယခုအချိန်ထိ ဝေးဝေးသို့ ထွက်ခွာမသွားရသေးပေ။ သူတို့လှည့်ကြည့်လိုက်ချိန်မှာ သူတို့က တုန်လှုပ်သွားလေသည်။
ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားသည် အဆူရာကျောင်းတော်ထဲသို့ အတင်းဝင်ရောက်ရဲလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
“အူး...ဝူး...”
ကောင်းကင်ဘုံဝံပုလွေက ယန်ပေးချန်ကို တင်ဆောင်ပြီး တထောင်းထောင်းထနေသော ဖုန်လုံးများကိုဖြတ်ကျော်ကာ အဆူရာကျောင်းတော်ထဲသို့ ရန်လိုခက်ထန်စွာ ခုန်ဝင်လိုက်၏။
သူက အလွန်တရာစိတ်လှုပ်ရှားတက်ကြွမှုဖြင့် အဆက်မပြတ်ဟစ်ကြွေးလိုက်၏။
“ကျုပ်တို့က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်တော့မှာလား”
သူက ဆက်လက်၍မစောင့်ဆိုင်းနိုင်တော့ဘဲ သူ၏ မျက်လုံးထဲကနေ ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်က ဖျတ်ခနဲလက်ပေါ်ထွက်လာ၏။ သူ၏ မသတီစရာလျှာနီနီဖြင့် သူ၏ နှုတ်ခမ်းကိုသပ်ပြီး မလှမ်းမကမ်းမှာရှိသောကိုယ်တော်နှစ်ပါးကို စိုက်ကြည့်ကာ နက်ရှိုင်းစွာ မာန်ဖီ၍ ရှေ့သို့ခုန်အုပ်လိုက်၏။
ကိုယ်တော်နှစ်ပါးသည် မဟူရာအင်မော်တယ်များသာဖြစ်ပြီး ကောင်းကင်ဘုံဝံပုလွေက အဆင့်-၁ ကောင်းကင်အမြုတေနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၏။
ကောင်းကင်ဘုံဝံပုလွေ၏ ကြမ်းကြုတ်ခက်ထန်သောစွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ ကိုယ်တော်နှစ်ပါးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သူတို့၏ ခြေလက်များက ပျော့ခွေကာ ခုခံဖို့နေနေသာ သူတို့က လှုပ်ရှားနိုင်ခြင်းပင် မရှိတော့ပေ။
ချောက်ချားစရာကောင်းသော အနံ့က တလိပ်လိပ်ထိုးတက်လာပြီး ကိုယ်တော်နှစ်ပါးသည် သူတို့၏ မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုနှင့်အတူ မွန်းကျပ်ဖွယ်ရာခံစားလာရ၏။
ကောင်းကင်ဘုံဝံပုလွေ၏ ပါးစပ်က ကိုယ်တော်နှစ်ပါးကို ဝါးမျိုတော့မည့်ဆဲဆဲမှာပင် သူက လေထဲမှာ မလှုပ်မယှက် ရုတ်တရက် ရပ်တန့်သွား၏။
“ဝူး...”
ထို့နောက်တစ်ဆက်တည်းမှာပင် ကောင်းကင်ဘုံဝံပုလွေက စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏ လျှာကို ကိုက်မိမတတ်ဖြစ်သွား၏။
မသိလိုက်မသိဘာသာနှင့်ပင် သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေ၏ နောက်ဘက်မှာ ရောက်ရှိလာပြီး သူ၏ လက်ကိုဆန့်ထုတ်ကာ ထိုသူ၏ အမြီးကို နောက်ပြန်ဆောင့်ဆွဲလိုက်၏။
ကောင်းကင်ဘုံဝံပုလွေ၏ ခုန်အုပ်မှုက ကြမ်းကြုတ်ခက်ထန်ပြီး သူသည် သူ၏ နောက်ဘက်ကနေ သိုင်းတာအိုပင်မခန္ဓာ၏ ရုတ်တရက်တိုက်ခိုက်မှုဖြင့် အငိုက်မိသွား၏။ သူသည် သူ၏ တင်ပါးပေါ်မှာ ပူလောင်ပြင်းပြသောနာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ အမြီးက ကျိုးသွားပြီဟုထင်ရ၏။
“ဝူး”
ကောင်းကင်ဘုံဝံပုလွေက ဟိန်းဟောက်လိုက်ပြီး ကြမ်းကြုတ်ခက်ထန်သောအကြည့်ဖြင့် သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ အေးစက်နေသောအကြည့်ဖြင့်တွေ့ဆုံမိသောအခါ သူကချက်ချင်းပင် နူးညံ့သိမ်မွေ့သွားပြီး သူ၏ အမျက်ဒေါသများက ပျက်ပြယ်သွားလေသည်။ သူက မျက်လုံးကိုပုတ်ခတ်ပြီး စိတ်ထိခိုက်ခံစားနေရသောအမူအရာဖြင့် တအီအီအော်မြည်နေ၏။
“မင်း... ဆင်ဆင်ခြင်ခြင်နေ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“အစ်ကိုယန်ကိုပဲ ကာကွယ်ထား... မင်းဘာမှလုပ်စရာမလိုဘူး”