← Chapters

အခန်း (၁-၅)

Vol. 1 Ch. 1-5

အခန်း (၁-၅)

Vol. 1 Ch. 1-5

အခန်း ၁ ဒီစနစ်က အမှိုက်ဆန်တယ်

ဘုန်း!

နီရွှေရွှေအလင်းတန်းတစ်ခု ထိုးထွက်လာသည်နှင့်တပြိုင်နက် လုရှောင်ယန်၏ဒန်ထျန်မှနေပြီး ပေါက်ကွဲသံတစ်သံသည်လဲ ဒရဆက်ထွက်ပေါ်လာလေသည်။

လုရှောင်ယန် မျက်လုံးများကို ဖွင့်ဟလိုက်ချိန် ခရမ်းရောင်အလင်းတစ်ပျ ဖြတ်ပြေးသွားကာ သူ့နှုတ်ခမ်းစွန်းများသည်လဲ ကော့ညွတ်သွားခဲ့သည်။

“ဟ! နောက်ဆုံးတော့ ငါချိုးဖြတ်နိုင်သွားပြီ။ ဂိုဏ်းရဲ့ဆရာသခင်တောင်မှ ဖန်တီးမှုနယ်ပယ်မှာပဲရှိသေးတယ်လို့ကြားထားတယ်၊ ငါကတော့ အာကာပြင်ပြိုကွဲခြင်းအဆင့်ကို ချိုးဖြတ်ပြီးသွားပြီ။ ဒါဆို ငါက ဒီကောင်းကင်နတ်ဆိုးဂိုဏ်းထဲမှာ အသန်မာဆုံးဖြစ်သွားပြီလို့ ဆိုလိုတာပဲမဟုတ်လား?”

လုရှောင်ယန်၏ မူရင်းနေရပ်သည် ဤကမ္ဘာမှမဟုတ်ပေ။ လွန်ခဲ့သည့်၁၀နှစ်က အင်အားကြီးသူသာ လေးစားခံရသည့် ဤထူးခြားဆန်းကျယ်သည့်ကမ္ဘာကြီးသို့ သူကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ ကူးပြောင်းလာပြီးနောက် သူနှင့်အတူ စနစ်တစ်ခုပါ အတူပါလာကြောင်းသိလိုက်ရသလို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်နေသေးသည်။

မူလကတော့ သူ သူ့ဘဝရဲ့အထွတ်အထိပ်ကိုရောက်တော့မည်ဟု ထင်ခဲ့မိသည်။

အဆုံးမှာတော့ ဒီစနစ်ကြီးက တစ်ချိန်လုံးအဝိုင်းလည်ပြနေတယ်ဆိုတာ သိလိုက်ရတော့တယ်။

ဆယ်စုနှစ်တစ်ခုကြာခဲ့တာတောင်မှ စနစ်သည် အဝိုင်းလည်လို့မပြီးနိုင်သေးပေ။

ကူကယ်ရာမဲ့စွာဖြင့် လုရှောင်ယန်လဲ သူ့အားသူကိုးရသည့်အဖြစ်သို့ ရောက်သွားလေသည်။

ကုန်လွန်ခဲ့သည့်၁၀နှစ်အတွင်း သူ့အိမ်ကနေ တစ်ကြိမ်တောင်ထွက်မသွားခဲ့ဖူးပေ။ တစ်လျှောက်လုံး သိုသိုသိပ်သိပ်နေ၍ ကျင့်ကြံဆင့်ကိုသာ အမြန်ဆုံးတိုးမြင့်အောင် ကျင့်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ၏ အခင်းအကျင်းပညာ၊ ဆေးလုံးသန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် တခြားသော ကျင့်ကြံခြင်းနှင့်သက်ဆိုင်သည့် တွဲဖက်ကျွမ်းကျင်မှုပညာရပ်များကိုလဲ တိုးတက်စေခဲ့သည်။

နောက်ဆုံးတော့ ဒီနေ့မှာပဲ သူ့ကျင့်ကြံဆင့်က အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားနိုင်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အသန်မာဆုံးဖြစ်လာတော့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းပြင်ပတွင်တော့ ဒီထက်ပိုအင်အားကြီးသူများရှိသည်ဆိုသော်လည်း ထိုဆရာကြီးတွေက ပိုလို့တောင် သိုသိုသိပ်သိပ်ရှိကြသေးတယ်။ သူတို့တွေဆို နှစ်ရာချီ ထောင်ချီ တံခါးပိတ်ကျင့်ကြံနေကြပြီး ပုံမှန်အားဖြင့် ပြင်းထန်သည့်ကိစ္စရပ်တစ်ခုခုမဖြစ်မချင်း မထွက်လာကြပေ။

ဒီတော့ သူလဲ ဘဝတစ်လျှောက်လုံး ကောင်းကင်နတ်ဆိုးဂိုဏ်းမှာပဲ အေးအေးချမ်းချမ်း နေနိုင်တာပေါ့။

[ဒင်… စနစ်တိုးတက်မှု ၁၀၀%။ စနစ်ကိုအသက်သွင်းချင်ပါသလား?]

“စနစ်?”

ထိုစကားလုံးကိုမပြောခင်အခိုက် လုရှောင်ယန် ဆွံ့အနေမိခဲ့သည်။

“မင်းနောက်ကျလှချည်လား။ ငါကဖြင့် ပြိုပျက်မှုနယ်ပယ်အဆင့်အထိတောင် ကျင့်ကြံပြီးလို့ ဂိုဏ်းရဲ့ထိပ်တန်းဆရာသခင်တောင်ဖြစ်နေပြီ။”

[အာကာပြင်ပြိုကွဲခြင်းအဆင့်ရောက်တာနဲ့ ထိပ်တန်းဆရာကြီးဖြစ်ပြီပေါ့? ဒါဆို သိုင်းဘုရင်အဆင့်ဆရာကြီးကိုကျ ဘယ်လိုထင်လဲ?]

လုရှောင်ယန် : “….”

[အကြီးမြတ်ဆုံးအဆင့်ရှိတယ်ဆိုတာတောင် သိထားရဲ့လား?]

လုရှောင်ယန် : “….”

[အတိဒုက္ခကျော်လွန်ခြင်းအဆင့်ကိုကော ကြုံတွေ့ဖူးပြီလား?]

လုရှောင်ယန် : “….”

[သူတော်စင်အဆင့်ကိုကော ကြားဖူးလား?]

လုရှောင်ယန် : “စနစ်၊ တော်လိုက်တော့၊ အသက်သွင်းမယ်။”

[အသက်သွင်းခြင်းအောင်မြင်ပါသည်။ ပြိုင်ဘက်ကင်းအသန်မာဆုံးဆရာသခင်စနစ်နှင့် ပေါင်းစည်းလိုက်သည့် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။]

လုရှောင်ယန် သူ့မေးကိုပွတ်လိုက်ရင်း၊ “ပြိုင်ဘက်ကင်းအသန်မာဆုံးတဲ့လား? ကြားရတာတော့ အရမ်းအားကောင်းမယ့်ပုံပဲ။ ဒါဆို.. စနစ်ရေ ငါ့ကိုဆိုင်းအင်ဝင်ပေး။”

[ဒီစနစ်မှာ ဆိုင်းအင်မပါဝင်ပါဘူး။]

“အိုး၊ ဒါဆို ကံစမ်းမဲရောရှိလား? ကောင်းပြီလေ ဒါဆိုလဲ ငါ့ကို SSSအဆင့်ဆုတစ်ခုခုပေးပေါ့။ မင်းမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ရှိလား? ဒါမှမဟုတ်လဲ ငါသိုင်းဘုရင်အဆင့်ကိုရောက်အောင် အထောက်အပံ့ပေးနိုင်မယ့်တစ်ခုခုရော? နတ်ဘုရားပစ္စည်းတစ်ခုလောက်ဆိုလဲ ရပါတယ်။”

“ထိုလက္ခဏာရပ်တွေ အသုံးပြုလို့မရသေးပါ။”

လုရှောင်ယန် တိတ်ဆိတ်လို့သွားတော့သည်။

“ဒါဆို မင်းမှာဘာတွေရှိလဲ?”

[ဤစနစ်သည် ပြိုင်ဘက်ကင်းအသန်မာဆုံး ဆရာသခင်စနစ်ဖြစ်သည်။ စနစ်၏အဓိကလုပ်ဆောင်ချက်မှာ တပည့်များလက်ခံဖို့ဖြစ်သည်။]

“ငါ ဒီစနစ်ကို ပြန်ဖြုတ်မယ်ဆို အရမ်းနောက်ကျသွားမလား?”

[စနစ်နှင့် တစ်ကြိမ်ချိတ်ဆက်ပြီးသည်နှင့် တစ်သက်တာချိတ်ဆက်ပြီးသား ဖြစ်သွားပါမည်။]

“သေရော!”

လုရှောင်ယန် ဒေါသထွက်လွန်း၍ ပစ်လဲကျမိမလိုတောင် ဖြစ်သွားသည်။ ဒီစနစ်က အရမ်းရွံဖို့ကောင်းတာပဲ။

ဆယ်နှစ်ကြာပြီးမှ စအလုပ်လုပ်တဲ့အပြင် သူ့ကိုတပည့်တွေလက်ခံခိုင်းမယ့် ဆရာသခင်စနစ်ဖြစ်နေသေးတယ်တဲ့လား။

ဟာသလုပ်မနေနဲ့!

သူဒီလောက်အထိ အဆင့်မြင့်အောင် ကျင့်ကြံခဲ့တာ တစ်ယောက်ယောက်ရဲ့ ဆရာဖြစ်ပေဖို့မဟုတ်ဘူး၊ တပည့်တွေလက်ခံဖို့လဲ မဟုတ်ဘူး။

လုရှောင်ယန်၏ဒေါသကို အာရုံခံမိသွားသည့် စနစ်က ထပ်ရှင်းပြလာခဲ့သည်။

[ဒီစနစ်ရဲ့ အဓိကမစ်ရှင်က တပည့်တွေလက်ခံဖို့ပါ။ တပည့်တွေရဲ့ ကျင့်ကြံဆင့်တိုးမြင့်လာတာနဲ့ ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်ကလဲ တိုးလာပါလိမ့်မယ်။ တပည့်တွေက ကျင့်ကြံခြင်းနည်းစနစ်တွေကို နားလည်သဘောပေါက်သွားရင် ပိုင်ရှင်လဲ ကျင့်ကြံခြင်းနည်းစနစ်တွေကို နားလည်သွားပါလိမ့်မယ်။]

ဟစ်!

ချက်ချင်းဆိုသလို လုရှောင်ယန် ဦးရေပြားတွေ ကြိမ်းစပ်သွားသလို ခံစားလိုက်ရသည်။

ထိုရှင်းပြချက်ကို နားထောင်အပြီးမှာတော့ သူနောက်ဆုံးတော့ ပြိုင်ဘက်ကင်းတာတွေ အသန်မာဆုံးဆိုတာတွေရဲ့ အဓိပ္ပါယ်ကို နားလည်သွားတော့သည်။

ဒါက ရှင်းရှင်းပြောရရင် အရမ်းကိုကြီးကျယ်ခမ်းနားတာပဲ။

သူသာ တပည့်တစ်ယောက်လက်ခံလိုက်လျှင် သူမကျင့်ကြံဘဲနဲ့တောင်မှ တပည့်နဲ့တန်းတူ ရလဒ်တွေရလာမှာပင်။

ဒီနည်းနဲ့သာဆို ကျင့်ကြံခြင်းရဲ့အဓိကအချက်ကဘာဖြစ်သွားမလဲ? သူတပည့်တွေလက်ခံပြီး ထိုတပည့်တွေကို ကျင့်ကြံအောင်လမ်းပြပေးနေသ၍ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ ကျင့်ကြံခြင်းနည်းစနစ်နားလည်မှုတွေက ဘာမှအားထုတ်နေစရာမလိုဘဲ တိုးမြင့်သွားနိုင်တာပေါ့။

သူသာ တပည့်ပေါင်းတစ်ဘီလီယံလောက်လက်ခံလိုက်ရင် အားလုံးက သာမာန်လူတွေဖြစ်နေရင်တောင် သူတို့ရဲ့ကျင့်ကြံဆင့် နည်းနည်းလေးဖြစ်ဖြစ် တိုးနေသ၍ သူ့ရဲ့ကျင့်ကြံဆင့်ကတော့ တဟုန်ထိုးတိုးနေတော့မှာပဲ။

လူတစ်ယောက်အတွက် သိုင်းဘုရင်အဆင့်ကိုရောက်အောင် ကျင့်ကြံရတာက ကောင်းကင်ပေါ်တက်ရသလိုကို ခက်ခဲလွန်းတယ်ဆိုတာ လူတိုင်းအသိပဲ။ ထူးခြားတဲ့အရည်အချင်းရှိရုံတင်မကဘူး ကံကောင်းဖို့ကလဲ အများကြီးလိုသေးသည်။

သို့သော်လည်း တစ်ယောက်ယောက်ကို ကျင့်ကြံခိုင်းပြီး နည်းနည်းပါးပါးတိုးတက်သွားဖို့ဆိုတာကတော့ အရမ်းကိုလွယ်ကူလှသည်။

လုရှောင်ယန် ထပ်ပြီးအတွေးတွေပွားနေသည်ကို မြင်လိုက်ရသည်နှင့် စနစ်က သူ့ကိုထပ်ပြီး သတိပေးလာပြန်သည်။

[စနစ်က အမှိုက်တပည့်တွေကို လက်မခံပါဘူး။ Sအဆင့်အထက်မှာရှိတဲ့ တပည့်တွေပဲလက်ခံမှာပါ။]

“Sအဆင့်ရောက်ဖို့ဆို ဘယ်သိုင်းအဆင့်ကိုရောက်ဖို့လိုလဲ?”

[သိုင်းဘုရင်အဆင့်အနည်းဆုံးရှိမှပါ။]

“ငါ့ကို မြန်မြန်လေး စနစ်နဲ့ခွဲထုတ်ပေးပါတော့။”

သိုင်းဘုရင်အဆင့်? လာနောက်နေတာလား!

တစ်ကမ္ဘာလုံးမှာတောင် သိုင်းဘုရင်အဆင့်ရောက်တဲ့သူ ဘယ်လောက်များများရှိနေလို့တုန်း? လူတစ်သိန်း၊ တစ်သန်းထဲမှာဆိုရင်တောင် သိုင်းဘုရင်အဆင့်ဆရာကြီးတစ်ယောက်တောင် ရှိဖို့မဖြစ်နိုင်ဘူး။

ဒီစနစ်မျိုး ဘာများအသုံးဝင်မှာလဲ?

စနစ်က မြန်မြန်ပဲ ပြန်ရှင်းပြလာခဲ့သည်။

[စနစ်က Sအဆင့်ထိပ်တန်းပညာရှင်တွေကို အလိုအလျောက်ရှာပေးပါလိမ့်မယ်။ ပိုင်ရှင်အနေနဲ့ တပည့်တွေကို လက်ခံလိုက်ဖို့ပဲလိုက်ပါတယ်။ လောလောဆယ် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့တောင်ခြေမှာ Sအဆင့်ပညာရှင်တစ်ယောက် ရောက်နေပါတယ်။]

“အဲ့လိုဆိုတော့လဲ အဲ့လိုပဲပေါ့။”

လုရှောင်ယန်လဲ ထိုစနစ်ကို လက်မခံချင်ခံချင်နှင့် လက်ခံလိုက်ရတော့သည်။

ပြောရရင် သူ့ရဲ့အရည်အချင်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ရင်းမြစ်တွေနဲ့ဆိုရင် သိုင်းဘုရင်အဆင့်ဆရာကြီးတစ်ယောက်သွားရှာဖို့ဆိုတာ တွေးရုံသာရမည်။

ဒီစနစ်ကိုအသုံးချပြီး တပည့်နည်းနည်းလောက်လံပြီး ကျင့်ကြံခိုင်းလိုက်လို့ ရနိုင်တာပဲ။ ဒီနည်းနဲ့သာဆို သူ့ကျင့်ကြံခြင်းအဆင့်ကလဲ တန်းတူတိုးတက်သွားမည်။

အနာဂါတ်မှာ သိုင်းဘုရင်အဆင့်ကိုတောင် ချိုးဖြတ်သွားနိုင်လောက်သေးသည်။

အခုဆို တောင်ခြေမှာ Sအဆင့်ပညာရှင်တစ်ယောက်လဲရှိနေပြီ။ အရင်ဆုံး သွားခေါ်လိုက်သင့်တယ်။

ထိုသို့တွေးမိသည်နှင့် လုရှောင်ယန် တစ်ခုခုကိုတွေးလိုက်ကာ သူရှိနေသည့်နေရာကနေပြီး ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

မကြာခင်မှာပဲ လုရှောင်ယန်တစ်ယောက် ကောင်းကင်နတ်ဆိုးဂိုဏ်းတောင်ခြေသို့ ရောက်သွားခဲ့သည်။

ယနေ့သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်သစ်စုဆောင်းသည့်နေ့ဖြစ်သည်။

သိုင်းပညာရှင်လူသစ်လေးပေါင်းများစွာသည် တောင်ခြေတွင် စုဝေးနေကြကာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်ဖြစ်လာဖို့ မျှော်လင့်နေကြလေသည်။

ပြောရရင် ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုသည်က ကြီးမြတ်သောကျိုးရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ခုပဲမဟုတ်လား။

ဂိုဏ်းထဲမှာရှိတဲ့ ရင်းမြစ်တွေဆိုသည်က လူတွေကို မနာလိုအားကျစေလောက်အောင် ပေါကြွယ်လှသည်။

“အရည်အချင်းမမှီဘူး။”

လုရှောင်ယန် တောင်၏ဝင်ပေါက်တွင်ပေါ်လာလာချင်းမှာပဲ အကဲဖြတ်လူကြီး၏အေးစက်ကာ နှလုံးသားမဲ့လှသည့်အသံကို ကြားလိုက်ရသည်။

သူလဲ တခြားလူတွေ၏အကြည့်လားရာအတိုင်းလိုက်ကြည့်လိုက်ရာ အနက်ရောင်ဝတ်ထားသည့်လူတစ်ယောက်သည် ဖြူဖျော့လို့နေကာ အကြောများထိခိုက်ထားသည်။

“ဒါက…?”

လုရှောင်ယန်၏မျက်လုံးများ အနည်းငယ်လှုပ်ရှားလို့သွားသည်။ သူလို ပျက်ပြယ်မှုအဆင့်ဆရာကြီးတစ်ယောက်အနေနဲ့ ပုံမှန်လေးတစ်ချက်ကြည့်ရုံနဲ့ တစ်ဖက်လူ၏အကြောများသည် တစ်ယောက်ယောက်ကြောင့် ပျက်စီးခဲ့ခြင်းဖြစ်မှန်း သိနိုင်လေသည်။

ထိုလူအနေနဲ့ သူ့ဘဝတွင် သိုင်းပညာလမ်းကြောင်းပေါ် ဘယ်တော့မှ ထပ်ပြီးရပ်တည်နိုင်တော့မည်မဟုတ်ပေ။

ဒါပေမယ့်!

သူ့နဖူးပေါ်က ‘S’စာလုံးအကြီးကြီးက ဘာလဲ!

ချက်ချင်းဆိုသလို လုရှောင်ယန် ခေါင်းကိုက်သွားတော့သည်။

ဒီစနစ် အမှားများလုပ်မိသွားတာလား?

သို့သော်လည်း မကြာခင်မှာပဲ စနစ်က အချက်အလက်တစ်ခုကို ထုတ်ပြလာကာ တစ်ဖက်လူနှင့်ပတ်သတ်သည့်အကြောင်းအရာများကို သူ့အားနားလည်သွားစေသည်။

ယွင်လီကော

သူသည် ကျန်းတုရှိ ယွင်မိသားစုသားတစ်ယောက်ဖြစ်သည်။ ယွင်လီကောသည် အရည်အချင်းရှိကာ ဉာဏ်လဲကောင်းပြီး သူ့ပင်ကိုအရည်အချင်းနဲ့ သွေးကြောသည် အလွန်ထူးခြားလှသည်။ အသက်ငယ်ငယ်နှင့် ဆရာသခင်နယ်ပယ် အနိမ့်အဆင့်သို့ပင် ရောက်ရှိခဲ့သည်။

ထို့အပြင် ကျန်းတု၏မြို့သခင်၏သမီးဖြစ်သူ ကျန်းလော့ယွီနှင့်လဲ စေ့စပ်ထားသေးသည်။ ဒါကြောင့် ယွင်လီကောသည် ချမ်းသာသည့်ဒုတိယမျိုးဆက်မှဖြစ်ကြောင်း ပြောနိုင်ပေသည်။ သူသည် ငယ်ရွယ်ကာ အလားအလာရှိပြီး သူလိုချင်တာမှန်သမျှ ရနိုင်ခဲ့သည်။

ယုတ္တိကျကျပြောရရင်တော့ သူ့ဘဝသည် သာယာဖြောင့်ဖြူးနေသင့်သည်။

အဆုံးမှာတော့ ကျန်းလော့ယွီကိုကြိုက်နေသည့် တစ်စုံတစ်ယောက်ထံတွင် ရှုံးနိမ့်သွားခဲ့ကာ သူ့အကြောတွေလဲ ဖျက်ဆီးခံလိုက်ရသည်။

သဘာဝကျစွာပဲ ယွင်မိသားစုကလဲ ငြိမ်ခံမနေကြပေ။ သူတို့တစ်မိသားစုလဲ ပါဝင်တိုက်ခိုက်ခဲ့ကြသော်လည်း တစ်ချက်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရသည်။ ယွင်လီကောသည်လဲ ကျန်းမြို့တော်မှ နှင်ထုတ်ခံလိုက်ရကာ ထပ်မံခြေချခွင့်မရှိတော့ပေ!

“ဒီကောင်က မြင်းနက်ဖြစ်လာနိုင်တယ်ပေါ့?”

လုရှောင်ယန်၏နှုတ်ခမ်းစွန့်တို့ တွန့်သွားရကာ ဆိုးရွားလှသည့်ခံစားချက်တစ်ခု ထွက်ပေါ်လာတော့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၂ ဒီဆရာသခင် တစ်ခုခုတော့ မှားနေပြီ

“စနစ်၊ သူကဗီလိန်လား? ငါသာ သူ့ကိုခေါ်ထားလိုက်ရင် တစ်ချိန်ကျ ငါရော အဲ့မြင်းနက်ရဲ့ရန်သူ ဖြစ်မသွားနိုင်ဘူးလား?”

[ပြောရရင် စွန့်စားကြည့်မှ အကျိုးအမြတ်ကိုလဲတွေ့နိုင်မှာပေါ့။ သခင် ဘာမှမကြောက်နဲ့။ ဗီလိန်တွေရဲ့ကံက တော်တော်လေးမကောင်းပေမယ့် ဒီလူငယ်ရဲ့အရည်အချင်းကတော့ လုံးဝမဆိုးဘူး။ ပြောရရင် မြင်းနက်ဖြစ်လာဖို့ဆိုတာ လူတိုင်းအဆင့်မှီကြတာမျိုးမဟုတ်ဘူး။]

“မင်းပြောတာ အဓိပ္ပါယ်တော့ရှိသားပဲ။ ငါမင်းကို နာမည်ပေးမယ်။ နောက်ကျ မင်းနာမည်က ဝမ့်ခိုက်ဖြစ်သွားပြီ။”

[ဝမ့်ခိုက်? ဒီနာမည်က ကျွန်တော့်ကို တောက်ပတဲ့အနာဂါတ်မျိုး သယ်ဆောင်လာပေးမယ့် ကံကောင်းစေတဲ့နာမည်ဆိုတာ ပြောနိုင်တယ်။ နာမည်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်၊ သခင်။]

လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ လက်လေးနောက်ပစ်ရင်း ဝင်ပေါက်နားသို့ လျှောက်သွားသည်။

ဝမ့်ခိုက်ပြောတာတွေက ကျိုးကြောင်းမသင့်တာတော့မဟုတ်လေဘူး။ ဇာတ်လိုက်နဲ့တန်းတူရပ်တည်နိုင်တဲ့ ဗီလိန်တစ်ယောက်ဆိုတာ သာမာန်တော့မဟုတ်ဘူး။

ဒီတော့ သူ ယွင်လီကောကို သူနဲ့အတူ ခေါ်သွားဖို့သာလိုပြီး သူ့ကျင့်ကြံဆင့်တိုးလာစေဖို့ရန် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲတွင် နိမ့်နိမ့်ကျကျဘဝနှင့် နေခိုင်းရမည်။

တစ်ဖက်လူကသာ သတ်မှတ်ထားသည့်အဆင့်ထိရောက်အောင် မကျင့်ကြံနိုင်ဘဲ မြင်းနက်တစ်ကောင်မဖြစ်လာနိုင်လျှင် သူလဲ အန္တရာယ်များတော့မည်မဟုတ်ပေ။

ယွင်လီကောဘက်မှကြည့်လျှင်တော့ သူ့ဘဝတွင်ဖြစ်ပျက်ကြုံတွေ့နေရသည်များကို လက်သင့်မခံနိုင်ဖြစ်နေသေးသည်။ သူ့ဘဝတွင် ဘယ်တုန်းကမှ ဆိုးရွားတာတွေ မကြုံခဲ့ရဖူးပေ။ သို့သော်လည်း သူ့ဇနီးလောင်းက ခိုးယူခံလိုက်ရကာ သူ့တစ်မိသားစုလုံးကလဲ ဖျက်ဆီးခံလိုက်ရသည်။ ဒီလိုရန်ကြွေးမျိုးကို ဘယ်လိုလုပ် ဒီအတိုင်းထားလိုက်နိုင်ပါ့မလဲ?

“အကြီးအကဲ၊ ကျွန်တော့်အကြောတွေ ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ လူတစ်ယောက်ရဲ့သွေးကြောတွေကို ပြန်လည်အားဖြည့်နိုင်တဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးရှိတယ်လို့ ကြားဖူးတယ်။ အဲ့ဒီဆေးက ကမ္ဘာပေါ်မှာ တော်တော်လေးရှားတယ်။ ဒါကြောင့် ကျွန်တော် အခုလိုမျိုး အထူးတည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို လာဝင်တာပါ။ အကြီးအကဲ၊ ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်လောက် ပေး,ပေးပါ။”

အကြီးအကဲသည် ယွင်လီကောကို ကြည့်လိုက်ကာ မနည်းဖျစ်ညှစ်ပြောလိုက်ရသည်။ “မင်းလဲ ဒီဆေးဘယ်လောက်ရှားမှန်းသိနေတာပဲ။ ဘယ်လိုလုပ် တပည့်သစ်တစ်ယောက်ကို ပြီးပြီးရော ပေးလိုက်နိုင်မှာလဲ? ထွက်သွား၊ အချိန်လာဖြုန်းမနေနဲ့။”

“အကြီးအကဲ၊ ကျွန်တော့်အရည်အချင်းက မဆိုးလှပါဘူး။ ကျွန်တော့်အကြောတွေသာ ပြန်ကောင်းသွားရင် ဂိုဏ်းကို စိတ်ပျက်စေရမှာမဟုတ်ဘူး။”

“မင်းရဲ့ ပင်ကိုအရည်အချင်း ကောင်းမကောင်း ငါဘယ်လိုလုပ်သိမလဲ? ပြီးတော့ စိတ်ဝိညာဉ်အားဖြည့်ဆေးက အရမ်းအဖိုးတန်တယ်၊ ငါ့မှာမရှိဘူး။ ထပ်ပြောမနေနဲ့ မြန်မြန်ထွက်သွားတော့။ မဟုတ်လို့ ငါလူတွေခေါ်ပြီး မင်းကိုဆွဲထုတ်တော့မှ အပြစ်မတင်နဲ့။”

ယွင်လီကော လက်သီးကိုတင်းတင်းဆုပ်ထားကာ ကူကယ်ရာမဲ့လို့နေတော့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏အဆင့်အတန်းသည် ထူးခြားပေသည်။ အခုလို အမှိုက်ဘဝမျိုးမပြောနဲ့ သူ့အရင်အဆင့်နဲ့ဆိုရင်တောင်မှ ဝင်ခွင့်ရဖို့အရည်အချင်းမပြည့်မှီပေ။

သို့သော်လည်း ထိုအခိုက်အတန့်လေးမှာပဲ သူ့နားထဲသို့ အေးဆေးတည်ကြည်သည့်အသံတစ်သံက ဝင်လာခဲ့သည်။

“မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းထဲကို ဝင်ချင်တာလား?”

ယွင်လီကော မှင်သက်သွားကာ အသံလာရာသို့ လှည့်ကြည့်လိုက်ချိန်တွင် အနည်းငယ်အံ့ဩလို့သွားလေသည်။

တစ်ဖက်ပုဂ္ဂိုလ်သည် ခန့်ညားသည့်ကျင့်ကြံသူတစ်ယောက်ပင်။ သူ့သွင်ပြင်က သိမ့်မွေ့ညင်သာကာ မသေမျိုးတစ်ယောက်လို ရောင်ဝါမျိုးခံစားရသည်။

သူဘာမှပြန်မပြောနိုင်ခင်မှာပဲ စစ်ဆေးရာတွင် တာဝန်ယူထားသည့်အကြီးအကဲက လုရှောင်ယန်ရှေ့ အမြန်ပြေးသွားကာ ဂါရဝပြုလိုက်သည်။

“အကြီးအကဲလုကို နှုတ်ဆက်ပါတယ်။”

လုရှောင်ယန်လဲ သူ့ကို ယဉ်ကျေးပြနေဖို့မလိုကြောင်း ဆိုလိုသည့်သဘောဖြင့် လက်ကိုဝှေ့လိုက်သည်။ ထို့နောက် သူကတော့ ယွင်လီကောရှိရာသို့ လျှောက်သွားခဲ့သည်။

“မင်းဘာလို့ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲကို ဝင်ချင်တာလဲ?”

ယွင်လီကောသည် ဉာဏ်ပြေးသူပီပီ လုရှောင်ယန်၏အဆင့်အတန်းက မနိမ့်မှန်းသိလိုက်သည်။ သူချက်ချင်းဆိုသလို ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။

“အကြီးအကဲကို ပြန်ဖြေပါတယ်၊ ကျွန်တော် လက်စားချေချင်လို့ပါ။”

“မင်းရဲ့လက်ရှိအဆင့်နဲ့ဆို မင်းလက်စားချေချင်တယ်ဆိုတဲ့ကိစ္စက မင်းမျှော်မှန်းထားတာထက်ကို ပိုပြီးခက်ခဲလိမ့်မယ်။”

ယွင်လီကော၏အကြည့်တွေက ခိုင်မြဲနေကာ မီးတွေလို တောက်လောင်လို့နေသည်။

“ဓါးတောင်ကိုပဲတက်ပြီး မီးပင်လယ်ကိုဖြတ်ရမယ်ဆိုရင်တောင် သေချာပေါက် ကြိုးစားသွားမှာပါ။ ကျွန်တော်သေသွားတာ ဒါမှမဟုတ် ကျွန်တော့်တာအိုပျောက်ကွယ်သွားတာမျိုးမဟုတ်သ၍ ကျွန်တော်လုပ်နိုင်တာမှန်သမျှ လုပ်သွားမှာပါ။”

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ ဒါအမှန်ပဲ။ ကျင့်ကြံခြင်းလမ်းစဉ်သည် အလွန်ရှည်လျားကာ ပျင်းဖို့ကောင်းလှသည်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ပြင်းပြတဲ့စိတ်ဓာတ်နှင့် ခိုင်မြဲတဲ့ယုံကြည်ချက်ရှိဖို့ လိုအပ်သည်။

“ဒီလိုဆို ငါ့ကိုမင်းရဲ့ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်လား?”

“ဘာ?”

သူထိုစကားပြောလိုက်သည်နှင့် အားလုံးကို ထိတ်လန့်အံ့အားသင့်သွားစေတော့သည်။

အနားရှိလူတိုင်းလဲ လုရှောင်ယန်၏အဆင့်အတန်းမနိမ့်ကြောင်း ပြောနိုင်လေသည်။ မဟုတ်ရင် အကဲဖြတ်ပေးသည့်အကြီးအကဲက သူ့ကိုဘာလို့ ဒီလောက်ယဉ်ကျေးနေပါ့မလဲ။

သို့ပေမယ့် ဒီလို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဆရာကြီးတစ်ယောက်က ယွင်လီကောလို အကြောတွေပျက်စီးထားတဲ့လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံချင်နေတယ်တဲ့လား။ တကယ်ကိုမယုံနိုင်စရာကောင်းတာပဲ။

ဒီယွင်လီကောရဲ့ကံ ဘယ်လိုတောင်ကောင်းတာတုန်း?

ယွင်လီကောသည်လဲ ဉာဏ်နည်းသူမဟုတ်ပေ။ တစ်ခွန်းမှပြန်ဖြေမနေဘဲ ချက်ချင်း ဒူးထောက်ချလိုက်ကာ တစ်ဖက်လူကို ဂါရဝပြုလိုက်သည်။

“တပည့်ယွင်လီကော ဆရာသခင်ကို အရိုအသေပြုပါတယ်။”

တစ်ဖက်လူ၏ဆရာသခင်အဖြစ် အသိအမှတ်ပြုမှုအောင်မြင်သွားသည်နှင့် လုရှောင်ယန်၏စိတ်ထဲ ကြည်လင်သည့်ပြတ်သားသည့် အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

[ဒင်… ပထမဆုံးတပည့်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်အနေဖြင့် ရှေးဟောင်းဧကရာဇ်ကျမ်း နှင့် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံတို့ ရရှိပါမည်။]

လုရှောင်ယန် လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာကြောတွေ ထိန်းမရဖြစ်ကုန်လေသည်။

ထိပ်တန်းသိုင်းဘုရင်အဆင့် ကျင့်စဉ်?

ပြီးတော့ ထိပ်တန်းသိုင်းဘုရင်အဆင့် လက်နက်?

ဒီဝမ့်ခိုက် သူ့ကိုစိတ်မပျက်စေဘူးပဲ။

လုရှောင်ယန်လိုလူမျိုးတောင်မှ သိုင်းဘုရင်အဆင့်ကျင့်စဉ်နှင့် သိုင်းဘုရင်အဆင့်လကနက်မျိုး မရှိသေးပေ။

ဒီပစ္စည်းနှစ်ခုသာ ထွက်ပေါ်သွားရင် ချက်ချင်း ကမ္ဘာကြီးတစ်ခုလုံး ဗရမ်းဗတာတွေ ဖြစ်ကုန်မှာပဲ!

တကယ်ကိုပဲ ကျင့်ကြံနေတာထက် ဒီလိုဖြတ်ခုတ်လို့ရတာမျိုးက အဆရာကျော်ပိုသန်မာစေတယ်။

သေစမ်း!

လုရှောင်ယန် ခံစားချက်တွေ အရမ်းကောင်းနေတော့သည်။

စစ်ဆေးရေးအကြီးအကဲက ချက်ချင်းအနားရောက်လာကာ ဖြောင်းဖျပြောဆိုတော့သည်။

“အကြီးအကဲလု၊ အဲ့လိုမလုပ်ပါနဲ့လား။ သူ့အကြောတွေက ပျက်စီးနေတာ။ သူ့ကိုသာ လက်ခံလိုက်ရင် အကြီးအကဲရဲ့ဂုဏ်သတင်း သေချာပေါက် ပျက်စီးသွားလိမ့်မယ်။”

လုရှောင်ယန် သူ့အတွေးတွေကို ရုတ်သိမ်းလိုက်ပြီး ပြုံးပြလိုက်သည်။

“ရပါတယ်၊ ငါ့ရဲ့ကျီရွှေ့တောင်ထိပ်ကို သန့်ရှင်းရေးလုပ်ဖို့လဲ အောက်ခြေသိမ်းတစ်ယောက်လောက်လိုနေတာ။ သူ့ကိုသန့်ရှင်းခိုင်းပြီး အခွင့်အရေးတစ်ကြိမ်လောက် ပေးလိုက်တာပေါ့။”

စစ်ဆေးသူအကြီးအကဲလဲ သူ့နှာခေါင်းကို ထိလိုက်ရင်း ကို့ယို့ကားယားပြုံးလိုက်ရတော့သည်။

“အကြီးအကဲလု ဆန္ဒရှိတယ်ဆိုမှတော့ သဘောပါ။ ကျွန်တော် အခုချက်ချင်း သူ့ကိုစာရင်းသွင်းပေးပါ့မယ်။”

“ကောင်းပြီ။”

လုရှောင်ယန် ခေါင်းညိတ်လိုက်ပြီးနောက် အကြီးအကဲကို ကြွေပုလင်းငယ်တစ်လုံးပစ်ပေးလိုက်ည်။ ထို့နောက် သူကတော့ ယွင်လီကောကို လက်တစ်ဖက်တည်းနဲ့ ဆွဲကာ လင်းယုန်တစ်ကောင်က သူ့လက်သည်းတွေနဲ့ ကုတ်ချီသွားသလိုမျိုး ကျီရွှေ့တောင်ထိပ်သို့ခေါ်သွားတော့သည်။

စစ်ဆေးသူအကြီးအကဲသည် ကြွေပုလင်းကိုဖွင့်ကာ ကြည့်လိုက်ပြီးနောက်မှာတော့ ချက်ချင်းလေအေးတစ်ချက် ပင့်သက်မိသွားတော့သည်။

“ဟူး~! တကယ်ကို ချီစုဆောင်းခြင်းဆေးလုံးတွေပဲ! အတွင်းဂိုဏ်းရဲ့အကြီးအကဲလို့ကိုမပြောရဘူး၊ အရမ်းရက်ရောတာပဲ။ ဒါက ငါတို့လိုအဆင့်နိမ့်အကြီးအကဲတွေ သွားယှဉ်လို့ရတဲ့အရာမဟုတ်ဘူး။”

တစ်ဖက်မှာတော့ လုရှောင်ယန်သည် ယွင်လီကောကို ကျီရွှေ့တောင်ထိပ်သို့ခေါ်လာခဲ့ပြီးနောက် မြက်ခင်းပေါ်သို့ ပစ်ချလိုက်လေသည်။

သူကတော့ ယွင်လီကောရှေ့တွင် မတ်တပ်ရပ်နေလိုက်သည်။

“မင်းငါ့ကိုဆရာသခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီးသွားပြီဆိုပေမယ့် မင်းကို ကျင့်ကြံခြင်းနည်းလမ်းတွေ တရားဝင်မသင်ပေးခင် စည်းမျဉ်းတွေအကြောင်း ရှင်းပြဦးမယ်။”

ယွင်လီကောလဲ လုရှောင်ယန်ရှေ့တွင် ရိုရိုကျိုးကျိုးဒူးထောက်လိုက်သည်။

“ပြောပါ၊ ဆရာ။”

လုရှောင်ယန်ခေါင်းဆတ်ပြလိုက်ပြီး၊ “ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နာမည်မှာ ‘နတ်ဆိုး’ဆိုတဲ့ စကားလုံးပါနေပေမယ့် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နေတဲ့ မကောင်းဆိုးဝါးနတ်ဆိုးဂိုဏ်းမဟုတ်ဘူး။ ငါတို့က ကြီးမြတ်သောကျိုးအင်ပါယာမှာ အသိအမှတ်ပြုထားတဲ့ သိုင်းပညာဂိုဏ်းတစ်ခုပဲ။ နာမည်မှာပါနေတဲ့ ‘နတ်ဆိုး’ဆိုတာက ဒီအတိုင်းပါနေရုံပဲ။”

“ဒီတော့ ပထမဆုံးအနေနဲ့ အပြင်ဘက်ကသာမာန်လူတွေကို အကြောင်းမရှိ အန္တရာယ်ပြုခွင့်မပြုဘူး။”

“ဒုတိယအချက်အနေနဲ့ကတော့ တခြားလူတွေကိုအန္တရာယ်ပြုနေတဲ့ မကောင်းတဲ့လူတွေနဲ့ကြုံခဲ့ရင် မင်းလက်ကမ်းကူညီပေးရမယ်။ မင်းမှာ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဂုဏ်တက်အောင်လုပ်ရမယ့်အပြင် ဂိုဏ်းအကြောင်းလူပိုသိအောင်လုပ်ပြီး တပည့်တွေထပ်ရောက်လာအောင် ဆွဲဆောင်ရမယ်။”

“တတိယအချက်ကတော့ ဂိုဏ်းထဲမှာ ကြီးသူကိုရိုသေပြီး ငယ်သူကိုချစ်ခင်ပေးရမယ်။ မင်းက တစ်ဖွဲ့တည်းသားဖြစ်သွားပြီဖြစ်တဲ့အတွက် ဘာအရှုပ်မှမလုပ်နဲ့။”

“စတုတ္ထအချက်အနေနဲ့ကတော့ အပြင်ဘက်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းကို နာမည်ဖျက်ရတဲ့လူတစ်ယောက်ယောက်နဲ့ ကြုံခဲ့ရရင် သေချာပေါက် ဂိုဏ်းဘက်ကနေ ရပ်တည်ရမယ်။ တခြားလူတွေ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုမဖျက်ဆီးစေနဲ့။”

“ဒီလေးချက်ကတော့ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ စည်းမျဉ်းတွေပဲ။”

“ကျွန်တော်မှတ်မိပါပြီ၊ ဆရာ။”

လုရှောင်ယန် ကျေနပ်စွာ ခေါင်းထပ်ညိတ်လိုက်ပြန်သည်။

“ကောင်းပြီ၊ အခု ကျီရွှေ့တောင်ထိပ်ရဲ့စည်းမျဉ်းတွေအကြောင်း ငါမင်းကို ဆက်ပြောမယ်။”

“ဟုတ်ကဲ့။”

“ကျီရွှေ့တောင်ထိပ်ရဲ့စည်းမျဉ်းတွေက အရမ်းရှင်းတယ်။ အဓိကစကားလုံးကတော့ ‘သိက္ခာမဲ့တာ’ပဲ!”

“အာ?”

ယွင်လီကောတစ်ယောက် မတတ်နိုင်စွာ ကြက်သေသေသွားတော့သည်။ လုရှောင်ယန်ကဆက်ပြီး၊

“ပထမဆုံး၊ ပထမနဲ့ တတိယစည်းမျဉ်းကလွဲပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တခြားစည်းမျဉ်းတွေအားလုံးကို မင်းနားခံဖို့မလိုဘူး။”

ယွင်လီကော : “”

“ဒုတိယအနေနဲ့၊ ငါတို့ဘက်က သေချာပေါက် ပြဿနာကိုလက်ယပ်မခေါ်ရဘူး။ ဒီကျီရွှေ့တောင်ထပ်ကနေ မင်းတစ်ဖဝါးမှမခွာရင်တော့ အကောင်းဆုံးပေါ့။ ငါတို့ ဘယ်သူနဲ့မှမယှဉ်ပြိုင်ချင်ဘူး၊ ဒါကြောင့် ဘယ်သူနဲ့မှ မိတ်ဆွေမဖွဲ့သလို ရန်သူလဲမဖြစ်စေနဲ့။ အရေးအကြီးဆုံးကတော့ ငါတို့ရဲ့ကျင့်ကြံဆင့်အမှန်ကို မထုတ်ဖော်နဲ့။”

ယွင်လီကော : “”

“တတိယကတော့၊ တစ်ယောက်ယောက်ကသာ ငါတို့ကို ရန်စလာရင် ပြန်မတိုက်ခိုက်ခင် အခြေအနေကိုလေ့လာရမယ်။”

“ဒီအချက်ကို ရှင်းပြရရင်တော့: တစ်ဖက်ကသာ မင်းနဲ့အဆင့်တူနေရင် ပြေးတာအကောင်းဆုံးပဲ။ ပြိုင်ဘက်က မင်းထက်အဆင့်နိမ့်နေရင်တော့ မင်းတတ်သမျှထဲက အစွမ်းထက်ဆုံးသိုင်းပညာကိုသုံးပြီး တစ်ဖက်လူကို ချက်ချင်းသတ်ပစ်သင့်တယ်။ တစ်ဖက်ကိုသတ်ပြီးရင်လဲ သူ့အရိုးတွေကအစ ချေမွပစ်၊ ကြွင်းကျန်တဲ့ပြာတွေကိုပါ ကြဲပစ်လိုက်။ မြန်မြန်ဆန်ဆန် လတ်စသတ်ပြီး ခြေရာလက်ရာဖျောက်ရမယ်။ မင်းသာ အဖွဲ့လိုက်တိုက်နိုင်မယ်ဆိုရင်တော့ တစ်ယောက်တည်း ရှေ့မထွက်သင့်ဘူး။ မင်းသာ ပြေးနိုင်နေသေးရင် မတိုက်ခိုက်တာအကောင်းဆုံးပဲ….”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၃ ဒီဆရာက နားလည်ရခက်လွန်းတယ်

“လေးချက်မြောက်အနေနဲ့တော့ မင်းတကယ်လို့ ရှေးဟောင်းမိသားစုလိုတွေနဲ့ ပြဿာတက်ခဲ့ရင် ငါ့နာမည်နဲ့အဆင့်အတန်းကို မဖော်ထုတ်မိစေနဲ့။”

ယွင်လီကော၏ မျက်နှာအမူအရာတို့ တွန့်ရှုံ့သွားတော့သည်။

ခဏအကြာမှာတော့ ယွင်လီကော အချက်အလက်အကျဉ်းချုပ်ကို နားလည်သွားသော်လည်း မနေနိုင်စွာဖြင့် မေးခွန်းတစ်ခုကို သတိထားမေးကြည့်လိုက်သည်။

“ဆရာ၊ သိုင်းပညာရှင်တွေဆိုတာ သတ္တိရှိရှိနဲ့ ဘယ်တော့မှ နောက်မဆုတ်ဘဲ တိုက်ခိုက်သင့်တာမဟုတ်ဘူးလား?”

လုရှောင်ယန် လှောင်ရယ်လိုက်တော့သည်။

“မင်း ကိုယ့်အားကိုယ်ကိုးတဲ့ဇာတ်လမ်းမျိုးတွေ တော်တော်ဖတ်ခဲ့တာလား? ငါမင်းကိုပြောမယ်။ ဒီကမ္ဘာပေါ်မှာ သန်မာသူတွေကသာ လေးစားခံရတာ။ မင်းရဲ့ကျင့်ကြံဆင့် တစ်ဆင့်ပြီးတစ်ဆင့်တက်သွားနေသ၍ မင်းအဆင်ပြေနေလိမ့်မယ်။ ဒါပေမယ့် မင်း အရမ်းဆိုးဆိုးရွားရွားအခြေအနေတွေ သေချာမသိနိုင်တဲ့တည်ရှိမှုမျိုးတွေနဲ့ မကြုံဖို့တော့လိုတယ်။ မင်းသာ တစ်ခုခုနဲ့ကြုံသွားပြီဆိုရင်တော့ မင်းဘာသာမင်း သိုင်းဘုရင်အဆင့်ဖြစ်နေရင်တောင် သေဦးမှာပဲ!”

ဟူး!

ယွင်လီကော တံတွေးမြိုချရင်း မျက်လုံးတွေက ပြူးကျယ်နေတော့သည်။

“ဒီကမ္ဘာပေါ်မှာ အဲ့လိုမျိုးတည်ရှိမှုတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?”

“သေချာပေါက်ရှိတာပေါ့! အများကြီးမှ အများကြီးရှိတယ်! ငါကတော့ သူတို့ကို ‘ဟက်ကာ’တွေလို့ ခေါ်တယ်!”

“ဟက်ကာတွေ?”

“ဟုတ်တယ်! အဲ့ဒီ ‘ဟက်ကာ’လို့ခေါ်တဲ့သူတွေက မင်းအထင်သေးနေတဲ့ ဘာမဟုတ်တဲ့လူတစ်ယောက်လဲဖြစ်နိုင်သလို မင်းဘေးက တောက်တိုမယ်ရလုပ်နေတဲ့လူလဲဖြစ်နိုင်တယ်။ ပြီးတော့ မင်းလိုမျိုး မကျင့်ကြံနိုင်တော့တဲ့လူမျိုးတောင် ဖြစ်နေနိုင်သေးတယ်။”

“သူတို့တွေက အများအားဖြင့် လူသားလောကကြီးရဲ့ အထင်သေးခံ လှောင်ပြောင်ခံလူစားမျိုးတွေပဲ။ ဒါပေမယ့် သူတို့တွေရဲ့ကံကတော့ သာမာန်လူတွေထက် ကြောက်စရာကောင်းလောက်အောင် သာလွန်လွန်းတယ်။ သူတို့တွေက လမ်းလျှောက်နေရုံနဲ့တောင်မှ ရှေးဟောင်းအမွေအနှစ်တွေကို အလွယ်လေးရှာတွေ့နိုင်တယ်။ ချမ်းသာ၊ ဆင်းရဲ၊ လှပပါတယ်ဆိုတဲ့ မိန်းကလေးတွေဆိုတာလဲ သူတို့ကိုဆို ရူးရူးသွပ်သွပ်ချစ်မိသွားကြတာချည်းပဲ။”

“မင်းရဲ့သန်မာမှုက သူတို့တွေထက်အဆပေါင်းများစွာသာလွန်ပြီး တစ်ဆင့်ခြင်းကို အခြေခိုင်ခိုင်နဲ့တက်သွားခဲ့ရင်တောင်မှ မင်းက သူတို့ကိုရှုံးနိမ့်နေဦးမှာပဲ။ အဆုံးမှာတော့ သူတို့က မင်းမျှော်မှန်းထားတာထက်ကိုတောင် မြန်မြန်ပဲ သန်မာသွားကြတယ်ဆိုတာ သိလာရလိမ့်မယ်။ နောက်ပြီး မင်းသိလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ တစ်ဖက်လူက မင်းကိုလက်စားချေတဲ့အနေနဲ့ သတ်ပစ်မယ်၊ ပြီးတော့ မင်းမိဘတွေ မင်းမိသားစုတွေကိုပါ မချန်ဘူး။ အဆုံးမှာတော့ မင်းဂရုစိုက်သမျှလူတိုင်း သူရှင်းထုတ်တာခံရလိမ့်မယ်။ ပြောရရင်တော့ မင်းသေတာနဲ့မင်းမိသားစုပါ မင်းနဲ့အတူမြှုပ်နှံခံလိုက်ရမှာမျိုးပေါ့။”

ဘုန်း!

ထိုစကားများကိုနားထောင်ပြီးသည်နှင့် ရုတ်တရက်ဆိုသလိုပင် ယွင်လီကော၏စိတ်ထဲ ပြင်းပြင်းထန်ထန်ပေါက်ကွဲသွားတော့သည်။ သူ့တစ်ကိုယ်လုံးသည်လဲ ထိန်းချုပ်မရနိုင်လောက်အောင် စတင်တုန်လှုပ်နေတော့သည်။

သူ့ဆရာပြောသွားတာတွေက သူ့မှာဖြစ်ပျက်ခဲ့သွားတာတွေမဟုတ်ဘူးလား?

အဲ့ဒီကောင်က ကျန်းမြို့ရဲ့အပယ်ခံမိသားစုမှ ကြွက်ကလေးဖြစ်သည်။ သူ့မှာ ကျူရှင်ကြေးပေးဖို့တောင်မှ ငွေမရှိခဲ့ပေ။

သူဆိုလဲ ထိုကောင်လေးကို ဘယ်တော့မှ အတွေးထဲတောင်မထည့်ခဲ့ပေ။ ပြောရရင် ကျန်းမြို့တော်မှာ အဲ့ကောင်လိုလူမျိုးရှိနေမှန်းတောင် သူမသိခဲ့တာပင်။

သို့သော်လည်း အဲ့ကောင်က လူမသိသူမသိကြွက်စုတ်တစ်ကောင်ကနေပြီး သူ့ယွင်တစ်မိသားစုလုံးကိုတောင် ဖျက်ဆီးနိုင်သည်အထိ အင်အားကြီးသွားခဲ့သည်။

ဒါတင်မကသေး ထိုကောင်စုတ်သည် သူ့ဇနီးလောင်း၏မျက်နှာသေးမှုကိုလဲ ရခဲ့သေးသည်။ မင်းမျိုးမင်းနွယ်မိသားစုက ဂုဏ်သိက္ခာရှိသည့်သမီးတော်သည် သူ့ခြေထောက်အောက် ဝပ်ဆင်းသွားတယ်လား!

ယွင်လီကောတစ်ယောက် သူ့ဦးဏှောက်တွေပူထူလာခဲ့တာတောင် ဘာလို့များ ဒီလိုတွေဖြစ်ခဲ့ရသလဲဆိုတာကို သူမတွေးနိုင်ခဲ့ပေ။

ဒီနေ့မှာတော့ သူ့ဆရာကြောင့် ဉာဏ်အလင်းပွင့်သွားရလိမ့်မယ်လို့လဲ မမျှော်လင့်ထားခဲ့မိပေ။

ဆရာကြီးပဲ!

တကယ့်ဆရာကြီးပဲ!

သူတော့ ဆရာမှန်တွေ့ခဲ့ပေပြီ။

ယွင်လီကော ဒူးကိုမတ်မတ်ထောက်ကာ အလွန်စိတ်လှုပ်ရှားလွန်း၍ နီရဲနေသည့်မျက်လုံးများဖြင့် လုရှောင်ယန်ကို အကြည့်မလွှဲတော့ပေ။

“ဆရာပြောတာတွေ အကုန်မှန်တယ်။ ကျွန်တော် ဆရာ့ရဲ့စည်းကမ်းတွေကို သေချာပေါက်လိုက်နာပါ့မယ်။ ဆရာ့ခွင့်ပြုချက်မရှိဘဲ ကျီရွှေ့တောင်ထပ်ကနေ တစ်ဖဝါးတောင်မခွာတော့ဘူး။”

လုရှောင်ယန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ဒီတပည့်လေးက အရမ်းနာခံတတ်တာပြ။

ထို့နောက် ယွင်လီကော၏ခေါင်းကို ပုတ်ပေးလိုက်ကာ၊ “မင်းက တကယ်ကတိတည်မယ့်လူမျိုးပဲ။ ဒါကြောင့် ဒီဆရာက မင်းကို ဘာစိုးရိမ်ပူပန်မှုမှမရှိဘဲ ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ပေးနိုင်ပြီ။”

ယွင်လီကော ခေါင်းညိတ်ပြလိုက်ပြီးကာမှ သိချင်စွာဖြင့် မေးလိုက်ပြန်သည်။

“ဒါပေမယ့် ဆရာ၊ ကျွန်တော့်အကြောတွေအားလုံးက ပျက်စီးနေတာလေ။ အရင်ဆုံး ကျွန်တော့်အကြောတွေကို ပြန်ပြုပြင်ပေးဖို့ မလိုဘူးလား?”

လုရှောင်ယန် ခပ်ဟဟရယ်မောလိုက်သည်။

“မင်းအကြောတွေပျက်စီးသွားရုံနဲ့ ကျင့်ကြံလို့မရနိုင်တော့ဘူးလို့ ဘယ်သူပြောလဲ? တာအိုဆိုတာ အဆုံးမရှိဘူး။ နည်းစနစ်တွေအများကြီးရှိတယ်။ ဒီနေ့ ငါမင်းကို ရှေးဟောင်းဧကရာဇ်ကျမ်းသင်ပေးမယ်။ ကောင်းကောင်းကျင့်ကြံရင် ဒါက မင်းကို စမှတ်အသစ်ဆီခေါ်ဆောင်သွားပေးလိမ့်မယ်!”

သူ့စကားဆုံးသည်နှင့် လုရှောင်ယန် သူ့လက်ချောင်းတွေကိုလှုပ်လိုက်ကာ ယွင်လီကော၏မျက်ခုံးနှစ်ခုကြား နေရာလွတ်သို့ ရှေးဟောင်းဧကရာဇ်ကျမ်းကို ပို့လွှတ်ပေးလိုက်သည်။

ရှေးဟောင်းဧကရာဇ်ကျမ်းကို လက်ခံရရှိပြီးသည်နှင့် ယွင်လီကော တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ ထိတ်လန့်အံ့ဩမှုကြောင့် မျက်လုံးများပြူးကျယ်ကုန်တော့သည်။ သူမျက်နှာတစ်ပြင်လုံးမှာတော့ မယုံကြည်နိုင်ခြင်းအမူအရာတို့ဖြင့် ပြည့်နှက်နေလေသည်။

“ဘုရားရေ၊ ဆရာ… ဒါ… ဒါက…”

ယွင်လီကောခဗျာ ထိတ်လန့်လွန်း၍ ဆွံ့အလို့နေလေသည်။

တကယ်လို့ လုရှောင်ယန်သာ သူ့ကို ကောင်းကင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုပေးလာခဲ့လျှင် သူစိတ်လှုပ်ရှားရုံသာစိတ်လှုပ်ရှားမည်ဖြစ်ပြီး ကြောက်လန့်တုန်လှုပ်သွားမည်မဟုတ်ပေ။

သို့သော်လည်း တကယ်တမ်း လုရှောင်ယန်က သူ့ကို သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုပေးလာတာလေ!

သူအိပ်မက်များမက်နေတာလား?

ဒါက ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်စဉ်ကြီးပဲ!

မြင့်မြတ်တဲ့နည်းစနစ်တစ်ခုဆိုတာ တစ်စုံတစ်ယောက်ကို သိုင်းဘုရင်အဆင့်ထိရောက်သွားစေနိုင်တာလေ!

ဒါက သိုင်းဘုရင်အဆင့်ဆရာကြီးတွေတောင်မှ လိုချင်တပ်မက်ကြတဲ့ ပြိုင်ဘက်ကင်းရတနာတစ်ပါးပဲ!

သူ့ဆရာက ဒါမျိုးကို သူ့ဆီအလွယ်လေးပေးလိုက်တာလား?

လုရှောင်ယန် သူ့ကိုဒေါသထွက်စွာကြည့်လိုက်သည်။ “မင်းကိုမင်းကြည့်စမ်း။ ဒါက သိုင်းဘုရင်အဆင့်ကျင့်စဉ်လေးတစ်ခုပဲ၊ ဒါကိုတောင် မင်းကစိတ်လှုပ်ရှားနေပြီလား? မြန်မြန်လေး သေချာလေ့ကျင့်စမ်းပါ။ ငါဆေးနည်းနည်းပါးပါးသွားသန့်စင်လိုက်ဦးမယ်။”

ဟူး!

ယွင်လီကောတစ်ယောက် သူ့အရေပြားတွေထုံလာကာ သူ့တစ်ကိုယ်လုံးကအမွေးအမျှင်တွေအားလုံး ထောင်ထသွားသလိုခံစားလိုက်ရသည်။ ဒါကြီးက သူ့ကို လျှပ်စစ်နဲ့အတို့ခံလိုက်ရသလိုပဲ။

လုရှောင်ယန်ကြောင့် သူထပ်ပြီးထိတ်လန့်ဆွံ့အသွားရပြန်သည်။

ဒီလိုကြီးမြတ်လှတဲ့သိုင်းဘုရင်အဆင့်ကျင့်စဉ်လို ရှားပါးရတနာတစ်ပါးကတောင် သူ့ဆရာအတွက် အသေးအဖွဲလေးပေါ့။ သိုင်းဘုရင်အဆင့်ကျင့်စဉ်ကိုတောင်မှ သူ့ဆရာလုံးဝဂရုမစိုက်ဘူးဆို သူ့ရဲ့လက်ရှိအင်အားက ဘယ်လောက်တောင်ကြီးမားနေပြီလဲ?

ယွင်လီကော အတော်လေးထိတ်လန့်သွားခဲ့တာကြောင့် အတော်ကြာသည်အထိ မြေပေါ်က မထမိခဲ့ပေ။

သူသတိပြန်ဝင်လာသည်နှင့် ချက်ချင်းဆိုသလို လေးနက်တည်ကြည်စွာပြောလိုက်သည်။

“ဆရာ၊ ဒါက အရမ်းအဖိုးတန်လွန်းပါတယ်။ ဒါက သိုင်းဘုရင်အဆင့်ကျင့်စဉ်….”

လုရှောင်ယန် သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ ဒေါသတကြီးပြန်ပြောလိုက်သည်။ “အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောမနေနဲ့တော့။ ယောက်ျားဆို မိန်းမတစ်ယောက်လို မင်းရဲ့လေကိုဖြုန်းတီးမနေနဲ့။ မင်းငါ့ကိုကျေးဇူးဆပ်ချင်ရင် ဒီကျင့်စဉ်ကို ကောင်းကောင်းကျင့်ကြံပြီး မျိုးဆက်တစ်ခုလုံးမှာ အတော်ဆုံးဖြစ်အောင်လုပ်ပြီး သမိုင်းမှာ မင်းနာမည်ထွင်းကျန်ရစ်အောင်သာလုပ်။ ဒါ ငါ့ကိုကျေးဇူးဆပ်တဲ့အကောင်းဆုံးနည်းလမ်းပဲ။”

“ဆရာ…”

ယွင်လီကော ရင်ထဲထိရှသွားကာ စိတ်လှုပ်ရှားလွန်း၍ စကားမပြောနိုင်တော့ပေ။ ထို့နောက်မှာတော့ သူ့စိတ်တွေပြန်လည်တည်ငြိမ်လို့သွားသည်။

“ဟုတ်ကဲ့! ဆရာ မစိုးရိမ်ပါနဲ့။ ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး။”

ယွင်လီကော စိတ်ပိုင်းဖြတ်လိုက်ပုံကိုမြင်တော့မှ လုရှောင်ယန်လဲ စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်ရင်း လှည့်ထွက်သွားတော့သည်။

“မင်းအချိန်တွေကို ကျင့်ကြံတဲ့နေရာမှာ အကောင်းဆုံးအသုံးချ။ ပြီးတော့ မင်းမှာအချိန်ရရင် အိမ်တစ်လုံးလောက် ကိုယ့်ဘာသာဆောက်လိုက်ဦး။”

“ဟုတ်ကဲ့ပါ!”

လုရှောင်ယန်ထွက်သွားပြီးနောက်မှာတော့ ယွင်လီကော ချက်ချင်းပင် သူ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။ သိုင်းဘုရင်အဆင့်ကျင့်စဉ်မှထုတ်လွှတ်သည့်အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူ့မျက်ဝန်းများထဲတွင် မျှော်လင့်ခြင်းအရိပ်အယောင်များ ဖြစ်ပေါ်လာတော့သည်။

“အဖေ၊ အမေ၊ မြင်ကြရဲ့လား? အဖေတို့သား အခုဆို ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ရဲ့ တပည့်ဖြစ်နေပြီ။ သူ့ရဲ့လမ်းညွှန်ပေးမှုနဲ့သာဆို အဖေတို့သားရဲ့ကျင့်ကြံရေးလမ်းကြောင်းက သေချာပေါက် ထပ်ပြီးအောင်မြင်လာဦးမှာ။ ဒါဆို ကျွန်တော်တို့ အဲ့ခွေးကောင်ကိုရှာပြီး ကျွန်တော်တို့အရှက်ရခဲ့တာတွေအတွက် ပြန်လက်စားချေလို့ရပြီ!”

…….

တစ်ဖက်တွင်တော့ လုရှောင်ယန် သူ့အခန်းဆီသို့ပြန်လာပြီးနောက်မှာတော့ သူ့ရဲ့တည်ကြည်ကာဂုဏ်သိက္ခာရှိသည့်အမူအရာကို ဆက်ပြီးမထိန်းထားနိုင်တော့ပေ။ သူ့မျက်ခုံးတွေကို တင်းတင်းကြပ်ကြပ်တွန့်ချိုးလို့ထားပြီး ခေါင်းတွေကိုက်နေတော့သည်။

အဲ့ဒါက ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်စဉ်ကြီးလေ!

သူတောင်မကျင့်ကြံရသေးဘဲနဲ့ ပေးပစ်လိုက်ပြီတဲ့လား။ သူ့နှလုံးသားတွေ တကယ်ကိုနာကျင်နေပါပြီ။

သို့သော်လည်း သူ့မှာထိုကျင့်စဉ်ရှိနေလို့လဲ ဘာမှမလုပ်နိုင်ပေ။ ထိုကိစ္စကိုဖြတ်ကျော်နိုင်ဖို့အတွက် သူ့စိတ်ခွန်အားကို အတော်လေးအသုံးချလိုက်ရသည်။ ရှေးဟောင်းဧကရာဇ်ကျမ်းကိုကျင့်ကြံဖို့ဆိုလျှင် အရင်ဆုံး သူ့ကျင့်ကြံဆင့်တွေအားလုံးကို ဖယ်ရှားပစ်ရမယ့်အပြင် သူ့တစ်ကိုယ်လုံးက အကြောတွေကို ဖျက်ဆီးပစ်ရပေမည်။ ဒါကြောင့် ထိုကျင့်စဉ်ကို အကြောများပျက်စီးနေသည့်ခန္ဓာကိုယ်ပိုင်ရှင်ကသာ ကျင့်ကြံနိုင်မှာဖြစ်သည်။

ထိုနည်းလမ်းသည် အလွန်နာကျင်ရမည်ဖြစ်သည်။ ဒါကြောင့် လုရှောင်ယန်လဲ တစ်ချက်လောက်ကြည့်ရုံသာကြည့်လိုက်ပြီးနောက် ကျင့်ကြံမည့်စိတ်ကူးကို စွန့်လွှတ်လိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ယွင်လီကောကျင့်ကြံနိုင်သလောက် သူလဲရနိုင်တာပဲမဟုတ်လား။

ယွင်လီကောသာ ရှေးဟောင်းဧကရာဇ်ကျမ်းကို သင်ယူနိုင်ခဲ့လျှင် သူလဲ သင်ယူပြီးသားဖြစ်သွားပေမည်။

ယွင်လီကော၏ပါရမီက သူ့လောက်မသန်မာတာကြောင့် ကျင့်ကြံနှုန်းက တော်တော်လေးနှေးနေလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဘာမှလုပ်စရာမလိုနေတုန်းပင်။

ထိုအကြောင်းတွေးပြီးသည်နှင့် လုရှောင်ယန်လဲ အဂ္ဂိရတ်မီးဖိုထဲသို့ ပါဝင်ပစ္စည်းများပစ်ထည့်ကာ ဆေးလုံးတွေစတင်သန့်စင်တော့သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၄ တပည့်တစ်ယောက်လက်ခံတာ ဒီလောက်အကျိုးများတာလား!

ကျင့်ကြံခြင်းနှင့် ဆေးသန့်စင်ခြင်းလမ်းကြောင်းသည် အလွန်ရှည်လျားလှသည်။ ဆေးလုံးများသန့်စင်ဖို့ရန်သည်လဲ ရက်အနည်းငယ်ကနေစလို့ လနှင့်ချီ၍ပင် အချိန်ယူရတတ်၏။

လုရှောင်ယန် ဆေးမီးဖိုထဲတွင် ဆေးလုံးများသန့်စင်ပြီးသွားချိန်မှာတော့ အချိန်၇ရက်ပင်ကြာမြင့်ခဲ့ပေပြီ။

ဆေးလုံးမီးဖိုထဲတွင်တော့ ထိပ်တန်းအဆင့် စွမ်းအင်အဆီအနှစ်ဆေးလုံးများ တိတ်ဆိတ်ငြိမ်သက်စွာ လျောင်းလို့နေကာ ဆေးလုံးစုစုပေါင်း အလုံး၅၀ရှိပြီး အားလုံးက ရွှေရောင်တလက်လက်တောက်ပနေလေ၏။

၎င်းသည် အဆင့်မြင့်မြေကမ္ဘာအဆင့်ဆေးလုံးများဖြစ်ကာ ချီစုဆောင်းခြင်းဆေးလုံးများထက် နှစ်ဆင့်ပိုမြင့်လေသည်။

လက်ရှိအချိန်မှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း၌ ဤဆေးလုံးမျိုးသန့်စင်နိုင်သူ သုံးယောက်ထက်မပိုပေ။

လုရှောင်ယန် ဆေးလုံးတစ်လုံးကိုကောက်ယူကာ သူ့ပါးစပ်ထဲသို့ပပစ်ထည့်လိုက်လေသည်။

ခရက်! ခရက်! ဆေးလုံး၏အရသာသည် ကျွတ်ရွနေသည့်ကြက်ကြော်နှင့်တောင် တူလှ၏။

“ဒါပဲလေ။ သန့်စင်မှုက ရာနှုန်းပြည့်ပဲ။ တကယ်ကို ငါလေးက ဉာဏ်ကြီးရှင်လေးပါလား။ ဘာအလိမ်အညာကုတ်မှသုံးနေစရာတောင် မလိုဘူး ငါ့ဘာသာကို ရာနှုန်းပြည့်သန့်စင်တဲ့ စွမ်းအင်အဆီအနှစ်ဆေးလုံးရအောင် သန့်စင်နိုင်တယ်။”

လုရှောင်ယန်၏သင်ယူနိုင်စွမ်းသည် အလွန်မြန်ဆန်လှသည်။ သူ့အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံခြင်းနည်းစနစ်အားလုံးကို သင်ယူတတ်မြောက်ဖို့ရန် နှစ်ဝက်သာ အချိန်ယူခဲ့လေသည်။ ဒါတင်မကသေး သူက ကျင့်ကြံနည်းအားလုံးကို ကျွမ်းကျင်ကာ နက်နဲသောအထွတ်အထိပ်အဆင့်သို့တိုင် ရောက်ခဲ့သေးသည်။

သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အမြင့်ဆုံးအဆင့်ကျင့်ကြံခြင်းနည်းစနစ်သည် ကောင်းကင်ဘုံအဆင့်ကျင့်ကြံခြင်းနည်းစနစ်အထိသာ ရှိလေသည်။ ဒါကြောင့် လုရှောင်ယန် ရှိသမျှကျင့်ကြံခြင်းနည်းစနစ်အားလုံးကို သင်ယူပြီးနောက်မှာတော့ ဘာမှလုပ်စရာမရှိတော့၍ ဆေးသန့်စင်ခြင်း၊ အခင်းအကျင်းရေးဆွဲခြင်း၊ လက်နက်သန့်စင်ခြင်း စသော တွဲဖက်ပညာရက်များကိုပါ အချိန်ဖြုန်းသည့်အနေဖြင့် သင်ယူခဲ့၏။

ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွမ်းကျင်မှုနယ်ပယ်တွေ ပိုများလာလို့ မကောင်းစရာမှမရှိဘဲ။

ကမ္ဘာပေါ်မှာ ‘ဟက်ကာ’တွေသာ ရှိမနေရင် လုရှောင်ယန်ကတော့ သူသာ ရာနှုန်းပြည့် အဓိကဇာတ်ကောင်ဖြစ်နိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။

ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက သူကြိုးစားသင်ယူခဲ့ခြင်းကြောင့်သာ ရရှိလာခဲ့ခြင်းပင်။

လုရှောင်ယန်တစ်ယောက် စွမ်းအင်အဆီအနှစ်ဆေးလုံးကို စားလိုက်ပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ရာ ရုတ်တရက်ဆိုသလိုပဲ သူ့ခန္ဓာကိုယ်တွင် တစ်ခုခုမှားယွင်းနေကြောင်း သိရှိသွားတော့သည်။

“အာ? ဘာလို့ငါ့ကျင့်ကြံဆင့်တွေ ဘာလို့ဒီလောက်အများကြီး တိုးသွားတာလဲ?”

ကျင့်ကြံခြင်းနည်းစနစ်များ၊ ဆေးလုံးသန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် အခင်းအကျင်းရေးဆွဲခြင်းပညာရပ်အားလုံးသည် လူတစ်ယောက်၏ကျင့်ကြံဆင့်ကို တိုးတက်သွားစေသည်။ ထိုနည်းလမ်းများထဲတွင် ကျင့်ကြံခြင်းနည်းစနစ်များသည် လူတစ်ယောက်၏ကျင့်ကြံခြင်းကို အမြန်ဆုံးတိုးမြင့်စေသည့် နည်လးမ်းဖြစ်ပြီး သန့်စင်ခြင်းနည်းစနစ်များသည်တော့ ဖြည်းဖြည်းချင်းသာသွားသည်။

သို့သော်လည်း လုရှောင်ယန်၏လက်ရှိကျင့်ကြံဆင့်သည် ပျယ်ပြယ်မှုနယ်ပယ့််ပထမအဆင့်သို့ရောက်ရှိထားပြီးဖြစ်ကာ အခုဆို ၄၀ရာခိုင်နှုန်းပင်ရှိနေပေပြီ။

တိုတောင်းလှတဲ့အချိန်၇ရက်လေးအတွင်းမှာကို သူ့ကျင့်ကြံဆင့်တွေက မြန်မြန်ဆန်ဆန် တိုးတက်သွားတယ်ပေါ့။

ပြီးတော့ သူ ဒီ၇ရက်အတွင်း ဆေးလုံးတွေပဲသန့်စင်နေတာလေ၊ ကျင့်စဉ်ကိုတောင် မကျင့်ကြံဖြစ်ဘူး။ ဘယ်လိုလုပ်ပြီး သူ့ကျင့်ကြံဆင့်က ဒီလောက်အများကြီး တိုးသွားနိုင်ရတာလဲ?

“နေပါဦး။”

ရုတ်တရက် လုရှောင်ယန်၏အတွေးထဲ ယွင်လီကောဝင်လို့လာလေသည်။ ပြောရမယ်ဆို ယွင်လီကောရဲ့ကျင့်ကြံဆင့်တိုးရင် သူ့ကျင့်ကြံဆင့်က တိုးမှာမဟုတ်လား။ ဒါဆို သူ့ကြောင့်များဖြစ်နေတာလား?

“ဝမ့်ခိုက်။”

[သခင်၊ ကျွန်တော် ဒီမှာပါ၊ ဒီမှာပါ။]

“ယွင်လီကောကျင့်ကြံနေတာ ဘယ်အဆင့်ရောက်သွားပြီလဲ?”

[ကျွန်တော် သခင့်ကို အခုလက်ရှိ ယွင်လီကောရဲ့အချက်အလက်ဇကားကို ပြပေးပါမယ်။]

ခဏနေသည်နှင့် လုရှောင်ယန်၏စိတ်ထဲ စခရင်တစ်ခုပေါ်လာခဲ့သည်။

အမည် : ယွင်လီကော

လိင် : ကျား

ကျင့်ကြံခြင်းနည်းစနစ် : ရှေးဟောင်းဧကရာဇ်ကျမ်း

လက်ရှိကျင့်ကြံခြင်းတိုးတက်မှု : အဆင့် ၁

ကျင့်ကြံခြင်း : ချိတ်ဆက်မှုနယ်ပယ် ပြီးပြည့်စုံခြင်းဒဿမအဆင့်

“မင်းငါ့ကို နောက်များနောက်နေတာလား?”

လုရှောင်ယန် မတတ်နိုင်စွာ အော်ဟစ်ပစ်တော့သည်။

သူက ချိတ်ဆက်မှုနယ်ပယ် ပြီးပြည့်စုံခြင်းဒဿမအဆင့်ကိုတောင် ရောက်နေပြီတဲ့လား?

တစ်နေရာရာမှာများ မှားသွားလို့လား?

ဒါကြီးက ကျင့်ကြံခြင်းလေ၊ ကျင့်ကြံခြင်းက လွယ်မှမလွယ်တာ!

ယွင်လီကောအတွက်ကျ ဘာလို့များ ရေသောက်သလို လွယ်နေရတာလဲ?

ယွင်လီကောရဲ့ပင်ကိုအရည်အချင်းက သူ့ထက်တော့ ပိုမကောင်းနေသင့်ဘူးလေ။

ပြီးတော့ ရှေးဟောင်းဧကရာဇ်ကျမ်းမှာ အားလုံးပေါင်းလို့မှာ ၁၀ဆင့်ပဲရှိတာ။ ဒါကိုသူက ၇ရက်တည်းနဲ့ ပထမအဆင့်ကိုပြီးလို့ နောက်ကိုးဆင့်ပဲလိုတော့တာပေါ့။

လုရှောင်ယန်၏ ထိတ်လန့်အံ့ဩနေကာ စိတ်ရှုပ်ထွေးနေသည့်ခံစားချက်များကို ဝမ့်ခိုက်အာရုံခံမိသွားတာကြောင့် ချက်ချင်းရှင်းပြလိုက်သည်။

[ယွင်လီကောကျင့်နေတဲ့ ကျင့်စဉ်က ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်စဉ်လေ။ သခင်အရင်ကျင့်ခဲ့တဲ့ကျင့်စဉ်နဲ့ယှဉ်ရင် ဒါက အဆင့်လဲပိုမြင့်တယ်။ ပြီးတော့ လူတစ်ယောက် စပြီးကျင့်ကြံရင် အစောပိုင်းအဆင့်တွေမှာ အရမ်းမြန်မြန်ကျင့်ကြံနိုင်တာကလဲ ပုံမှန်ပဲလေ။ ဒီရှေးဟောင်းဧကရာဇ်ကျမ်းကို ကျင့်တဲ့သူက သခင်သာဆိုရင် သာမာန်လူတစ်ယောက်ကနေပြီး ချိတ်ဆက်မှုနယ်ပယ် ပြီးပြည့်စုံခြင်းဒဿမအဆင့်ကိုရောက်ဖို့ဆို ၂နာရီလောက်ပဲလိုမှာ။]

လုရှောင်ယန် စိတ်ဓါတ်ကျသွားတော့သည်။

ဟက်ကာတစ်ယောက်ရဲ့အင်အားက တကယ်ကိုကြောက်စရာကောင်းလောက်အောင် ပြင်းတာပဲ။

သူ့မှာတော့ နေ့စဉ်ရက်ဆက် ခက်ခက်ခဲခဲကျင့်ကြံခဲ့ရတာ။ သူ့လိုထူးချွန်ပြောင်မြောက်တဲ့ပင်ကိုအရည်အချင်းရှိတဲ့သူတောင်မှ ချိတ်ဆက်မှုနယ်ပယ် ပြီးပြည့်စုံခြင်းဒဿမအဆင့်ကိုရောက်ဖို့ ၂လလောက် အချိန်ယူခဲ့ရတုန်းပဲ။

ယွင်လီကောကျတော့ ၇ရက်တည်းနဲ့ ရောက်သွားတယ်တဲ့လား။

ကံကောင်းလို့ ယွင်လီကောကို ဒီလိုဟက်လို့ရအောင် ကူညီနေတာ သူကိုယ်တိုင်ဖြစ်နေလို့ပေါ့။ မဟုတ်လို့ကတော့ အနာဂါတ်မှာပြဿနာတွေဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုချက်ချင်း ယွင်လီကောကို ပြေးသတ်လိုက်ပြီ။

ဒါပေမယ့် ဒီလိုဖြစ်သွားတာလဲ ကောင်းတာပါပဲ။ ယွင်လီကော ပိုကျင့်ကြံနိုင်လေ သူ့အဆင့်ကပါ တစ်ခါတည်းတိုးလာမှာမဟုတ်လား!

ယွင်လီကော၏အချက်အလက်ဇယားကို လုရှောင်ယန်ထပ်ကြည့်လိုက်ပြီးနောက် အောက်ဘက်ထောင့်နားတွင် များပြားလှသည့်လက်ဆောင်အိတ်လေးများရှိနေသည်ကို သတိပြုမိသွားလေသည်။

“ဝမ့်ခိုက်၊ ဒါလေးတွေက ဘာတုန်း?”

[သခင်၊ ဒါတွေက တိုးတက်ခြင်းအတွက် လက်ဆောင်ထုပ်လေးတွေပါ။ အဆင့်သေးတစ်ခုတက်နိုင်တိုင်း လက်ဆောင်အိတ်သေးတစ်လုံးရရှိပါမယ်။ အဆင့်ကြီးတစ်ခုလုံးကိုတက်နိုင်သွားရင်တော့ လက်ဆောင်အိတ်အကြီးတစ်လုံးရပါမယ်။ လက်ရှိမှာတော့ ယွင်လီကောက အဆင့်ကြီးသုံးဆင့်ဖြစ်တဲ့ စိတ်ခန္ဓာတည်ငြိမ်ခြင်းနယ်ပယ်၊ မွေးဖွားခြင်းနယ်ပယ်နဲ့ ချိတ်ဆက်ခြင်းနယ်ပယ်တွေကို တက်သွားနိုင်ခဲ့ပါတယ်။ အဆင့်ကြီးတစ်ခုတိုင်းမှာ အဆင့်သေး၃၀ပါဝင်ပါတယ်။ ဒါကြောင့် စုစုပေါင်း လက်ဆောင်အိတ်ငယ်၃၀နဲ့ လက်ဆောင်အိတ်ကြီး၃လုံးရရှိထားပါတယ်။]

“……”

လုရှောင်ယန် ထပ်ပြီးဆွံ့အလို့သွားပြန်လေပြီ။ လက်ဆောင်ထုပ်တောင်ပေးတယ်တာလား?

ဒါတော့ အရမ်းများလွန်းသွားပြီ!

ဒီလိုသာဆို ကိုယ့်အားကိုယ်ကိုးပြီး ကျင့်ကြံနေတဲ့လူတွေ ဘယ်လိုလုပ်ကြတော့မလဲ?

အရင်ကဆို ဝမ့်ခိုက်မရှိစဉ်တုန်းက၊ လုရှောင်ယန်မှာ သူသည် ကောင်းကင်ဘုံကကောင်းချီးပေးထားသည့် ဉာဏ်ကြီးရှင်တစ်ယောက်ဟု အထင်ရောက်ခဲ့သည်။ အဲ့ဒီတုန်းကတောင်မှ သာမာန်ပညာရှင်များအတွက် မတရားရာရောက်လွန်းနေပြီဟု တွေးခဲ့သေးသည်။

သို့သော်လည်း ဝမ့်ခိုက်နှင့်ဆုံပြီးချိန်မှာတော့ ဘာကမှ အမှန်တကယ်စက်ဆုပ်ဖို့ကောင်းလဲဆိုသည်ကို သူနားလည်သွားတော့သည်။

လုရှောင်ယန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ လက်ဆောင်ထုပ်ငယ်တစ်ခုကို ဖွင့်ကြည့်လိုက်ရာ။

“ဒါက လက်ဆောင်အိတ်သေးလေးတစ်ခုပဲလေ။ လက်ဆောင်ငယ်လေးတစ်ခုပဲပါရမှာမဟုတ်ဘူးလား?”

အဆင့်မြင့်ကောင်းကင်ဘုံအဆင့် စွမ်းအင်အဆီအနှစ်ဆေးလုံး x 100

“???”

“ထပ်ပြီး တစ်ခုခုမှားနေပြန်တာလား?”

လုရှောင်ယန် နောက်ထပ်လက်ဆောင်အိတ်ငယ်တစ်လုံးကို ထပ်ဖွင့်လိုက်ပြန်သည်။

ထိပ်တန်းကောင်းကင်ဘုံကျင့်ကြံခြင်းနည်းစနစ်၊ မိုးကြိုးလက်သီး x 1

လုရှောင်ယန် : “….”

“ဝမ့်ခိုက်၊ ထွက်လာခဲ့ဦး။”

[လာပြီ၊ လာပြီ၊ ဘာများညွှန်ကြားချင်လို့ပါလဲ သခင်?]

“မင်းငါ့ကိုပေးတဲ့ လက်ဆောင်ထုပ် မှားများမှားသွားတာလား? ဒါတကယ်ပဲ လက်ဆောင်အိတ်ငယ်ဟုတ်ရဲ့လား?”

[???]

“မင်းလက်ဆောင်အိတ်ငယ်ထဲထည့်ထားတဲ့ ပစ္စည်းတွေက အရမ်းများမနေဘူးလား? ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နံပါတ်တစ်ဆရာကြီးဖြစ်တဲ့ ငါတောင်မှ စွမ်းအင်အဆီအနှစ်ဆေးလုံး အလုံး၅၀သန့်စင်နိုင်ဖို့ အချိန်၇ရက်ယူခဲ့ရတာ မင်းသိရဲ့လား?”

[အာ.. ကျွန်တော်သေချာ ပမာဏနည်းနည်းလေးပဲ ထုပ်ထားတာပါ။]

လုရှောင်ယန် : “….”

“မင်းဘာလို့များ ဒီထက်ပိုများများမပေးရတာလဲ? ငါ့ကို နှစ်တစ်ရာကျင့်ကြံခြင်းမျိုး လက်ဆောင်ပေးပြီး တစ်ခါတည်း မသေမျိုးအဆင့်ကိုတက်ခိုင်းလိုက်ပါတော့လား။ ဘာလို့များ တပည့်တွေအများကြီး လက်ခံခိုင်းနေရသေးတာလဲ?”

[ကျွန်တော် လုပ်နိုင်ရင်လုပ်ပေးတာပေါ့။ ပြဿနာက ကျွန်တော်သာ ဒီနည်းလမ်းကိုမသုံးရင် ဆုလက်ဆောင်တွေ ထုတ်ပေးနိုင်တော့မှာမဟုတ်ဘူးလေ။]

“ထွက်သွားစမ်း!”

[ဟုတ်ကဲ့ပါ။]

ဝမ့်ခိုက်ပျောက်သွားကာမှ လုရှောင်ယန်လဲ လက်ဆောင်အိတ်ငယ်လေးတွေ တစ်ခုပြီးတစ်ခု ဆက်ဖွင့်နေကာ အဖိုးတန်ဆေးလုံးများ၊ မှော်လက်နက်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များစွာ ထွက်လာပြန်သည်။

လက်ဆောင်အိတ်ကြီးသုံးအိတ်က ပိုလို့တောင် ဆိုးသေးသည်။

ထိပ်တန်းသိုင်းဘုရင့််ကျင့်စဉ် - အဇူရာသက်ရှည်အနုပညာ

ထိပ်တန်းသိုင်းဘုရင်တည်ဆောက်မှု - ကောင်းကင်စည်းတံဆိပ်၈ခုရေးဆွဲနည်း

ထိပ်တန်းသိုင်းဘုရင်တည်ဆောက်မှု - ခရမ်းကောင်းကင်မြင့်မြတ်အလင်းတန်းရေးဆွဲနည်း

အရမ်းများတယ်!

အရမ်းကိုများလွန်းတယ်!

ဒါကြီးက အရမ်းမလွန်လွန်းသွားဘူးလား? ဒီကမ္ဘာပေါ်က အစဉ်တစိုက်ကြိုးစားကျင့်ကြံနေကြတဲ့လူတွေကို ဘယ်လိုလုပ်မတုန်း?

“မေ့လိုက်တော့၊ ငါကဘာများလုပ်နိုင်မှာမို့လို့လဲ။ ဒါကလဲ အရမ်းကံကောင်းသွားတဲ့လူတစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးတွေပဲ။ ဒီတော့ ကျေကျေနပ်နပ်နဲ့ လက်ခံထားလိုက်ပါတော့မယ်။”

ပစ္စည်းများလက်ခံရရှိပြီးနောက်မှာတော့ သူ့ရဲ့ဒီတပည့်လေးက ဘာမှအားမထုတ်လိုက်ရပါဘဲ ရခဲ့ခြင်းဖြစ်ကြောင်း တွေးမိသွားသည်။

“အရင်ဆုံး ယွင်လီကောကို တစ်ချက်လောက် သွားကြည့်ရမယ်။ ဒီကောင်စုတ်လေး အရမ်းတွေ ကြိုးစားကျင့်ကြံနေခဲ့တာမဟုတ်လား? ၇ရက်၇ညလုံးကျင့်ကြံပြီး ချိတ်ဆက်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်းဒဿမအဆင့်ကိုတောင် ရောက်နေတာ။ မဟုတ်မှ သူရုတ်တရက်ကြီး မသေသွားလောက်ပါဘူးနော်?”

ထိုသို့အတွေးမျိုးဝင်လိုက်သည်နှင့် လုရှောင်ယန် အမြန်လေး သူ့အဂ္ဂိရတ်အခန်းထဲကထွက်ကာ ယွင်လီကောရှိရာသို့ ပြေးတော့သည်။

ခပ်လှမ်းလှမ်းအရောက်မှာပဲ ယွင်လီကော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ခြေထောက်ချိတ်ထိုင်နေသည်ကို သူမြင်လိုက်ရသည်။

သူ့ကိုယ်ပေါ်တွင် အနက်ရောင်တွင်းကြီးတစ်ခုဖြစ်ပေါ်နေသည်ဟု ထင်ရကာ ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီးဝိညာဉ်စွမ်းအင်တွေကို တွင်းနက်တစ်ခုလိုမျိုး သူ့ခန္ဓာကိုယ်ထဲသို့ အတောမသတ်နိုင်အောင် စုပ်ယူနေလေသည်။ သူ့အရှိန်က ကြောက်စရာကောင်းလောက်အောင် မြန်လွန်းတာကြောင့် လုရှောင်ယန် အံ့ဩနေတော့သည်။

***

(ဒီအပိုင်းမှာ ကျင့်ကြံဆင့်နာမည်များပြောင်းလဲသွားပါတယ်။

လုရှောင်ယန် - အာကာပြင်ပြိုကွဲခြင်းအဆင့်

၂အဆင့် - စိတ်ခန္ဓာတည်ငြိမ်ခြင်း -> စိတ်ခန္ဓာသန့်စင်ခြင်း

အပိုင်း ၁မှ အတိဒုက္ခကျော်လွန်ခြင်းအဆင့်က ပျောက်သွားပါတယ်။ )

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၅ သိုင်းဘုရင်အဆင့် အခင်းအကျင်းတည်ဆောက်ခြင်းက ကောင်းကင်နှင့်မြေကြီးတို့ရဲ့စွမ်းအားကို တုန်လှုပ်သွားစေသည်

ယွင်လီကော စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသည့်နှုန်းသည် မြန်ပြီးရင်းမြန်လာခဲ့သည်။

အဆုံးမှာတော့ ဝိညာဉ်စွမ်းအင်များသည် သတ်မှတ်ချက်တစ်ခုသို့ရောက်သွားကာ ရုတ်တရက်ဆိုလို ယွင်လီကော၏ဒန်ထျန်မှနေပြီး အသံတစ်သံထွက်ပေါ်လာလေ၏။

ထိုအသံသည် ယွင်လီကောတစ်ယောက် ဆရာသခင်နယ်ပယ်၏ပထမအဆင့်သို့ အောင်အောင်မြင်မြင်ချိုးဖြတ်ဝင်ရောက်သွားနိုင်သည့် အဓိပ္ပါယ်ပင်။

“ငါထပ်ပြီးချိုးဖောက်နိုင်သွားပြန်တာပဲ။”

လုရှောင်ယန်သည်တော့ ထိုအချင်းအရာကိုကြည့်ရင်း ဆွံ့အလို့နေလေသည်။

ထိုအချိန်တွင်ပဲ ယွင်လီကော၏မျက်လုံးများ ဖွင့်လာခဲ့သည်။ သူ၏မျက်ဝန်းများသည် တောက်ပသည့်အလင်းလုံးနှစ်ခုလိုများ အေးစက်သည့်အလင်းတန်းများထွက်ပေါ်နေခြင်းကြောင့် လူတိုင်းကို ထိတ်လန့်သွားစေနိုင်လေသည်။

“ဆရာ။”

လုရှောင်ယန်ရောက်နေသည်ကိုမြင်လိုက်သည်နှင့် ယွင်လီကော အလွန်ပျော်ရွှင်သွားလေတော့၏။ ချက်ချင်းဆိုသလို သူမတ်တပ်ထရပ်လိုက်ကာ ထိုကြီးမားသည့်ကျောက်တုံးကြီးပေါ်ကနေ ခုန်ချလိုက်သည်။ ထို့နောက် လုရှောင်ယန်ရှေ့သို့လျှောက်သွားပြီး ချက်ချင်းဒူးထောက်ချလိုက်လေသည်။

“လီကော၊ ဆရာ့ရဲ့ကြင်နာမှုတွေကို ဘယ်တော့မှမမေ့ပါဘူး။”

ယွင်လီကော၏ ရင်ထဲမှစစ်မှန်သည့်စကားလုံးများ ထွက်ပေါ်လို့လာခြင်းဖြစ်သည်။

လုရှောင်ယန်နှင့်မတွေ့ခင်တုန်းကဆို သူလက်စားပြန်ချေနိုင်ဖို့ အိပ်မက်တွေထားရှိခဲ့သော်လည်း ထိုသို့ဖြစ်နိုင်ချေမရှိမှန်းလဲ သူကိုယ်တိုင်သိသည်။

သူ့အကြောတွေက လုံးဝပျက်စီးသွားခဲ့တာမဟုတ်လား။ ထိုအကြောတွေကို သူပြန်လည်ပြုပြင်နိုင်မယ်ဆိုရင်တောင်မှ ဟိုကောင်ကိုလိုက်မှီဖို့မပြောနဲ့ အရင်တုန်းကလို ပင်ကိုစွမ်းရည်မျိုးရှိနိုင်ဖို့တောင် မဖြစ်နိုင်တော့ပေ။

ဒါပေမယ့် အခုတော့ လုရှောင်ယန်ရဲ့တပည့်ဖြစ်လာပြီးနောက်မှာ သူထပ်မံပြီးကျင့်ကြံသွားနိုင်ရုံတင်မကသေး အချိန်တိုလေးအတွင်းမှာကို ဆရာသခင်အဆင့်ဆီပြန်လည်တက်လှမ်းနိုင်ခဲ့သေးသည်။

ဒါမျိုးက ပြန်လည်မွေးဖွားခြင်း၏ အကျိုးကျေးဇူးမျိုးနှင့် နှိုင်းယှဉ်၍မရဘဲ ရိုးရှင်းသည့်အကျိုးတစ်ခုသာဖြစ်သည်။

လုရှောင်ယန်လဲ ယွင်လီကော၏ပုခုံးကို လှမ်းပုတ်ပေးလိုက်ကာ ချောင်းအသာဟန့်လိုက်ပြီး။

“အဲ့လောက်ယဉ်ကျေးနေဖို့မလိုဘူး။ အားလုံး မင်းကြိုးစားခဲ့တာတွေကြောင့်ပဲ။”

ယွင်လီကောကတော့… “မဟုတ်ဘူး။ ဒါတွေအားလုံး ဆရာသခင်က ကျွန်တော့်ကို ဘဝအသစ်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါ။”

“ထတော့။ မင်းစိတ်ထဲဒီလိုတွေးနေရုံနဲ့တင် လုံလောက်ပြီ။”

“ဟုတ်ကဲ့!”

ယွင်လီကော မတ်တပ်ပြန်ရပ်လိုက်သည်။ လုရှောင်ယန် သူ့တစ်ကိုယ်လုံးကို တစ်ချက်ခြုံကြည့်လိုက်ပြီးနောက်မှာတော့ သူဘာကြောင့်များ အချိန်တိုလေးအတွင်းမှာတင် ဆရာသခင်အဆင့်သို့တက်သွားနိုင်လဲဆိုသည်ကို နားလည်သွားတော့သည်။

ယွင်လီကောသည် မူလကတည်းက ဆရာသခင်အဆင့်တစ်ယောက်၏စွမ်းအားရှိခဲ့သူဖြစ်သည်။ သူ့အကြောတွေပျက်စီးသွားကာ ဒန်ထျန်က ကွဲကြေသွားခဲ့သော်လည်း သူ့ရဲ့အခြေခံက ဆရာသခင်အဆင့်တွင်သာ ရှိနေသေးတုန်းပင်။

ဒါကြောင့်လဲ အချိန်တိုတိုလေးနဲ့ ဆရာသခင်ပထမအဆင့်သို့ ပြန်လည်ရောက်ရှိသွားနိုင်ခဲ့ခြင်းဖြစ်သည်။

မဟုတ်လို့ကတော့ သိုင်းဘုရင်အဆင့်ကျင့်စဉ်ကြီးရျိနေရင်တောင်မှ ဒီလောက်အချိန်လေးနဲ့ ဆရာသခင်ပထမအဆင့်သို့ ရောက်ဖို့ဆိုသည်က လုံးဝမဖြစ်နိုင်ပေ။ အလွန်ဆုံးမှ ချိတ်ဆက်ခြင်းအဆင့်သို့သာ ဝင်ရောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း သူဆက်ပြီးကျင့်ကြံသွားရင်တော့ အရှိန်က အများကြီးနှေးကွေးသွားပေလိမ့်မည်။

ပထမဆုံးအနေနဲ့ သူ့ကိုအထောက်အပံ့ဖြစ်ပေးတော့မည့် အခြေခံကမရှိတော့ပေ။

ဒုတိယအနေနဲ့ကတော့ဖြင့် သိုင်းဘုရင်အဆင့်ကျင့်စဉ်သည် အလွန်အင်အားကြီးကာ သူ့ကိုအစောပိုင်းအဆင့်များတွင် မြန်မြန်ဆန်ဆန်တက်ရောက်ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းအဆင့်တွေကတော့ သူ့ရဲ့ပင်ကိုအရည်အချင်းတွင်သာ မူတည်တော့သည်။

သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခုသည် ပြိုင်ဘက်ကင်းကျင့်စဉ်ဖြစ်နေခြင်းမျိုးမဟုတ်ပေ။ ၎င်းသည်လဲ လူတစ်ယောက်၏အခြေခံတည်ဆောက်မှုအပေါ်တွင်သာ မူတည်ပြီးအင်အားကြီးသွားခြင်းဖြစ်သည်။ ထိုသို့သောအဆင့်မျိုးသို့ရောက်မရောက်ဆိုသည်က ကြိုးစားအားထုတ်မှု၊ ကံ၊ ပင်ကိုအရည်အချင်းတို့အပေါ်တွင် သေချာပေါက်မူတည်နေသေးသည်။

လုရှောင်ယန် သိုလှောင်လက်စွပ်ထဲမှ စွမ်းအင်အဆီအနှစ်ဆေးလုံးများထည့်ထားသည့် ပုလင်းအနည်းငယ်ကိုထုတ်ယူလိုက်သည်။ ထိုထဲတွင် ဆေးလုံးပေါင်း တစ်ထောင်ကျော်ခန့်ရှိကာ ထိုပုလင်းအားလုံးကို ယွင်လီကောထံသို့ ပစ်ပေးလိုက်လေသည်။

“ဒီဆေးတွေယူထားလိုက်၊ မင်းရဲ့ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်။”

ဟူး!

ယွင်လီကော မတတ်သာစွာ ပင့်သက်ရှိုက်လိုက်မိရသည်။

ဒါတွေအားလုံးက တကယ်ကို စွမ်းအင်အဆီအနှစ်ဆေးလုံးတွေပဲ။

ပြီးတော့ အလုံးတစ်ထောင်မကတောင်ပါသေးတယ်!

သူ့ဆရာက တကယ့်ပြိုင်ဘက်ကင်းပဲ!

သူ့ဘဝတစ်လျှောက်လုံးမှာတော့ စွမ်းအင်အဆီအနှစ်ဆေးလုံးတစ်လုံးပဲရဖူးတယ်ဆိုတာ မင်းတို့သိထားဖို့တော့လိုတယ်။ ပြီးတော့ အဲ့ဒီတစ်လုံးကလဲ သူ့အဖေ ကျန်းမြို့လေလံအိမ်ကနေပြီး ဈေးအမြင့်ကြီးပေးပြီးတော့ ဝယ်ခဲ့ရတာ။

ထိုအချိန်တုန်းကဆိုလျှင် သူတို့ယွင်မိသားစုရဲ့ လဝက်စာအသုံးစရိတ်နီးပါး ကုန်သွားခဲ့တာ!

ဒါ့အပြင် ထိုစွမ်းအင်အဆီအနှစ်ဆေးလုံး၏သန့်စင်မှုသည် ဤဆေးလုံးများ၏သန့်စင်မှုကို လုံးဝမမှီပေ။

သို့သော်လည်း သူ့ဆရာကတော့ ဒီလောက်များပြားလှတဲ့ သန့်စင်သောစွမ်းအင်အဆီအနှစ်ဆေးလုံးတွေကို သူ့ဆီအလွယ်လေးပေးပစ်လိုက်သည်။ ယွင်လီကော တစ်ခါမှမမျှော်လင့်မိသည့် ဖြစ်ရပ်ကြီးပင်။

သူ့ဆရာသခင်က သိုင်းဘုရင်အဆင့်ကျင့်စဉ်ကိုတောင်မှ ဂရုမစိုက်ခဲ့သည်အား ပြန်တွေးကြည့်လိုက်လျှင်တော့ ဒီလက်ဆောင်လေးက ဘယ်လိုမှမယှဉ်နိုင်ပါဘူးဟု ယွင်လီကော ခံစားလိုက်ရသည်။

လုရှောင်ယန် ဆေးပုလင်းများကို ပေးလိုက်ပြီးနောက် ဆက်ပြီး၊

“နည်းစနစ်တွေက ပြင်းထန်နေရုံနဲ့မရဘူး အနှစ်သာရရှိဖို့လဲ လိုအပ်တယ်။ မင်းအခု စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်၊ မွေးဖွားမှုအဆင့်နဲ့ ချိတ်ဆက်မှုအဆင့်တွေကို တစ်ခါတည်း ဖြတ်ကျော်နိုင်သွားတယ်ဆိုတာ မင်းရဲ့အခြေခံကိုက အခိုင်အမာရှိပြီးသားဖြစ်လို့ရယ် ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်စဉ်ကြောင့်ရယ်ပဲ။ ဒါပေမယ့် မင်း လောဘတကြီးနဲ့ အလျင်စလိုမကျင့်ကြံသင့်တော့ဘူး။ နောက်ထပ် စိတ်ဝိညာဉ်အဆင့်၊ တောင်ပင်လယ်အဆင့်၊ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်၊ အာကာပြင်လေ့လာခြင်းအဆင့်၊ ဖန်တီးမှုအဆင့်၊ အာကာပြင်ပြိုကွဲခြင်းအဆင့်၊ အနှစ်သာရခိုင်မြဲခြင်းအဆင့်၊ ဘုရင်အဆင့်၊ ဧကရာဇ်အဆင့်၊ အကြီးမြတ်ဆုံးအဆင့်၊ သူတော်စင်အဆင့်နဲ့ သိုင်းဘုရင်အဆင့်တွေကို ချိုးဖြတ်ဖို့ကျန်သေးတယ်။ ဂရုတစိုက်နဲ့ အခြေခိုင်အောင်သာ မလေ့ကျင့်သွားရင် မင်းရူးသွားနိုင်တယ်။”

“ဟုတ်ကဲ့၊ ဆရာပြောစကားကို နားထောင်ပါ့မယ်။ ပိုတောင်မှ ကောင်းသွားသေးတယ်။ ကျွန်တော်လဲ ကျွန်တော်နေဖို့အိမ်လေးဆောက်ချင်နေတာ။”

လုရှောင်ယန် ခေါင်းတညိတ်ညိတ်ဖြင့် ဆက်ပြောပြန်သည်။ “ဒီလိုဆို မင်းအိမ်ဆောက်ဖို့နေရာ သွားရွေးလိုက်ဦး။ ငါလဲ ကျီရွှေ့တောင်ထိပ်ရဲ့ အခင်းအကျင်းကို ပြန်ပြင်ဖို့သွားဦးမယ်။”

လုရှောင်ယန် စကားကိုအဆုံးသတ်ပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားတာကြောင့် ယွင်လီကောလဲ အလောတကြီး၊ “ဆရာ၊ ကျွန်တော်ကူညီပေးနိုင်တာရှိလား။”

“မင်းမှာ အရည်အချင်းမပြည့်မှီသေးဘူး။”

လုရှောင်ယန်၏ထိုအသံက ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေကာ ယွင်လီကော၏မျက်နှာကို တွန့်ရှုံ့သွားစေတော့သည်။ သူ့ခဗျာ ရှက်ကိုးရှက်ကမ်းရယ်၍သာ ကျန်ခဲ့ရလေသည်။

တွေးကြည့်ရင် အဓိပ္ပါယ်တော့ရှိသားပဲ။ သူ့ဆရာဆိုတာ ဘယ်လိုဆရာကြီးမျိုးလဲ? သူ့ရဲ့လက်ရှိကျင့်ကြံဆင့်မျိုးနဲ့ ဘယ်လိုအခင်းအကျင်းမျိုးကို တည်ဆောက်ကူနိုင်မှာမို့လို့လဲ?

သို့သော်လည်း ယွင်လီကော၏စိတ်အခြေအနေက အရမ်းကိုအပြောင်းအလဲမြန်လှသည်။

ချက်ချင်းဆိုသလို သူ့အကြည့်တွေက တောက်လောင်လာပြီး အားအင်တက်ကြွလာပြန်လေ၏။

“ဆရာသာမရှိရင်၊ သေချာပေါက် ငါ့ဘဝတစ်လျှောက်လုံး လက်စားချေဖို့ဆိုတာ ဖြစ်နိုင်မှာတောင်မဟုတ်ဘူး။ ဒါပေမယ့် ဆရာ့ရဲ့ညွှန်ကြားပေးမှုနဲ့သာဆိုရင် လက်စားချေနိုင်မှာအသေအချာပဲ။”

“ဒါပေမယ့်၊ ဆရာပြောတာတွေက အရမ်းကျိုးကြောင်းသင့်တယ်။ အဲ့ခွေးကောင်ရဲ့ကံ သောက်ရမ်းတွေကိုကောင်းတာ။ ငါ့ရဲ့အင်အားကသာ အမြင့်ဆုံးအဆင့်ကိုမရောက်သေးရင် သူ့ကိုသေချာပေါက် မနိုင်,နိုင်ဘူး။ ငါပဲအသတ်ခံလိုက်ရလိမ့်မယ်။ ဒီတော့ ငါဘာသာ သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ထားရမယ်။ ငါ့ကျင့်ကြံခြင်းက အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီဆိုရင်တော့ သေချာပေါက် သူ့ကိုသတ်နိုင်လောက်ပြီ!”

“လောလောဆယ်တော့ ငါပန်းတိုင်ငယ်တစ်ခုအရင်ထားရမယ်။ နောက်ဆယ်နှစ်နေရင် ဆရာ့ကိုအမှီလိုက်နိုင်ရမယ်!”

လုရှောင်ယန်သည်တော့ ယွင်လီကော ဘယ်တွေတွေးလို့ကျန်ရစ်ခဲ့မှန်း မသိပေ။ ယွင်လီကောကို အရည်အချင်းမပြည့်မှီဘူးဟု သူပြောခဲ့ရခြင်းသည် သူအစောကတင်ရရှိထားသည့် ထိပ်တန်းသိုင်းဘုရင်အဆင့်အခင်းအကျင်းကို တည်ဆောက်ဖို့ စိတ်ကူးထား၍ဖြစ်သည်။

မတိုင်ခင်တုန်းက လုရှောင်ယန်၏ အဆင့်အမြင့်ဆုံးအခင်းအကျင်းသည် မြေကမ္ဘာအဆင့်အခင်းအကျင်းတစ်ခုသာဖြစ်သည်။

အခင်းအကျင်းများ၊ ဆေးလုံးများ၊ မှော်လက်နက်များသည် တခြားသောနည်းစနစ်များလို အနိမ့်ကနေအမြင့်ထိ အဆင့်များခွဲထားသည်။ အဝါရောင်အဆင့်၊ နက်နဲမှုအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်ဘုံအဆင့်၊ သူတော်စင်အဆင့်နှင့် သိုင်းဘုရင်အဆင့်ဟူ၍ပင်။

အဆင့်တိုင်းတွင် အဆင့်ခွဲလေးဆင့်ရှိပြန်ကာ ထိပ်တန်း၊ အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ရှိသည်။

အရင်ကဆို ကျီရွှေ့တောင်ထိပ်တွင် ထိပ်တန်းမြေကမ္ဘာအဆင့်အခင်းအကျင်း ၈ခုကို သူတည်ဆောက်ထားခဲ့ကာ ထိုအခင်းအကျင်းသည် အဆင့်မြင့်ကောင်းကင်ဘုံအဆင့်အခင်းအကျင်း၏စွမ်းအားနှင့် ညီမျှလေသည်။

ထိုအခင်းအကျင်းနှင့်ဆိုလျှင် အာကာပြင်ပြိုကွဲမှုအဆင့်ဆရာကြီးတစ်ယောက်ကိုတောင်မှ တားဆီးခုခံနိုင်ပေသည်။

သို့သော်လည်း လုရှောင်ယန်ကတော့ စိုးရိမ်စိတ်ဝင်မိတုန်းပင်။ ပြောရရင် ဒီကမ္ဘာပေါ်မှာ ဟက်ကာတစ်ယောက်ရှိနေပြီမဟုတ်လား။ ယွင်လီကောကို အနိုင်ယူသွားတဲ့တစ်ယောက်လေ။

ထိုသို့သော ဒဏ္ဍာရီလာမြင်းနက်တွေကို လုရှောင်ယန် အရေးမစိုက်ဘဲ မနေဝံ့ပေ။

ဒါကြောင့် သိုင်းဘုရင်အဆင့်အခင်းအကျင်းကို တည်ဆောက်ရန်ကြံနေခြင်းဖြစ်သည်။

“တန့်၊ ခွင်း၊ ခန်၊ လီ….”

လုရှောင်ယန် အခင်းအကျင်း၏ဗဟိုချက်များကိုမှတ်သားကာ အခင်းအကျင်းတစ်ခုလုံးအသတ်ဝင်စေဖို့ရန် ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းလိုက်သည်။ ထို့နောက် လုရှောင်ယန် သူ၏လက်ချောင်းများဖြင့် စည်းတံဆိပ်ပုံဖော်လိုက်လေသည်။

“ကောင်းကင်စည်းတံဆိပ်၈ခုရေးဆွဲနည်း၊ အသက်ဝင်စေ!”

ကြွေးကြော်သံတစ်သံနှင့်အတူ ခမ်းနားလှသည့်အခင်းအကျင်းကြီးသည် ရုတ်တရက်အသက်ဝင်လာတော့သည်။ ချက်ချင်းဆိုသလိုပဲ လေပြင်းများနှင့် တိမ်စိုင်များကလဲ ပြင်းပြင်းထန်ထန် လှုပ်ရှားလာကာ ကောင်းကင်ကြီးသည်လဲ မဲမှောင်လို့လာတော့၏။

ဗုန်း!

မြေပြင်ပေါ်ရှိနေရာအနှံ့မှ ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ခုမှ ဆင့်ခေါ်ထားခြင်းခံရသလိုမျိုး ကောင်းကင်နတ်ဆိုးဂိုဏ်းရှိရာသို့ တဟုန်ထိုး စုဝေးလာတော့သည်။

ထိုအချင်းအရာသည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများအပါအဝင်အားလုံးကို လှုပ်နှိုးသွားခဲ့သည်။

လူတိုင်း သူတို့အခန်းများဆီကနေ‌ ပြေးထွက်လာကာ ကောင်းကင်ကိုမော့ကြည့်ရင်း နှလုံးသားတွေတုန်ရီလို့နေကြသည်။

“ဒါကောင်းကင်ဘုံရဲ့ စွမ်းအားပဲ! ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီကောင်းကင်ဘုံရဲ့စွမ်းအားတွေကို သက်ဆင်းအောင် ဘယ်လိုများလုပ်ခဲ့တာလဲ? ဘယ်သူလုပ်လိုက်တာလဲ?”

***

၁၊ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်

၂၊ မွေးဖွားမှုအဆင့်

၃၊ ချိတ်ဆက်မှုအဆင့်

၄၊ ဆရာသခင်အဆင့်

၅၊ စိတ်ဝိညာဉ်အဆင့်

၆၊ တောင်ပင်လယ်အဆင့်

၇၊ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်

၈၊ အာကာပြင်လေ့လာခြင်းအဆင့်

၉၊ ဖန်တီးမှုအဆင့်

၁၀၊ အာကာပြင်ပြိုကွဲခြင်းအဆင့်

၁၁၊ အနှစ်သာရခိုင်မြဲခြင်းအဆင့်

၁၂၊ ဘုရင်အဆင့်

၁၃၊ ဧကရာဇ်အဆင့်

၁၄၊ အကြီးမြတ်ဆုံးအဆင့်

၁၅၊ သူတော်စင်အဆင့်

၁၆၊ သိုင်းဘုရင်အဆင့်

အဆင့်ကြီးတစ်ဆင့်တွင် အဆင့်သေး၁၀ဆင့်

ကျင့်ကြံခြင်းအဆင့်/နယ်ပယ်များ

All Chapters