← Chapters

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

စာစဉ် - ၁

အခန်း ၆ SSအဆင့်တပည့်

“ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ဆုံးအကြီးအကဲများဖြစ်နိုင်နေမလား?”

“သေချာတာပေါ့။ အဆင့်မြင့်ဆုံးအကြီးအကဲ ထပ်ပြီး အဆင့်တက်သွားတာဖြစ်မယ်။ သူကလွဲလို့ ဒီလိုအရည်အချင်းမျိုး တစ်ခြားတစ်ယောက်မှာ ရှိစရာအကြောင်းမရှိဘူး။”

သူတို့စကားဆုံးပြီးခဏအကြာမှာပဲ သိပ်သည်းသည့်အော်ရာများက ကောင်းကင်နတ်ဆိုးဂိုဏ်း၏တောက်စောင်းများကနေပြီး ပေါက်ကွဲထွက်ပေါ်လာပြန်သည်။

ထိုအော်ရာများထွက်ပေါ်လာသည့်အချိန်နှင့် တပြိုင်နက်ထဲမှာပဲ လူရိပ်သဏ္ဍာန်တစ်ခုကလဲ အလျင်စလိုပျံသန်းလာလေသည်။

“အကြီးအကဲကို နှုတ်ဆက်ပါတယ်။”

ကောင်းကင်နတ်ဆိုးဂိုဏ်း၏အကြီးတန်းတပည့်များက ချက်ချင်းဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏အဆင့်မြင့်ဆုံးအကြီးအကဲကြီးကတော့ဖြင့် နားမလည်နိုင်ခြင်းများစွာဖြင့် အံ့ဩတကြီးပြန်ပြောလေသည်။ “ဘယ်သူလုပ်နေတာလဲ? ဒီကောင်းကင်ဘုံစွမ်းအားကို ဘယ်သူစလုပ်လိုက်တာလဲ?”

လူတိုင်းကြောင်အလို့သွားကာ မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်ကြသည်။

“အကြီးအကဲ၊ ဒီကောင်းကင်ဘုံစွမ်းအားကို အကြီးအကဲထုတ်ဖော်လိုက်တာ မဟုတ်ဘူးလား?”

အဆင့်မြင့်အကြီးအကဲမှာ သူ့ခေါင်းကိုသာ အခါခါယမ်းလိုက်ရင်း၊

“ဒီလိုကောင်းကင်ဘုံစွမ်းအားမျိုးကို ငါဘယ်လိုလုပ် ထုတ်ဖော်နိုင်မှာလဲ? ငါ့ရဲ့ ကျင့်ကြံဆင့်က အခုမှ အာကာပြင်ပြိုကွဲခြင်းပဲရှိသေးတာ။ ဒီလိုကောင်းကင်ဘုံရဲ့စွမ်းအားကို ထုတ်ဖော်နိုင်တဲ့အရည်အချင်းမျိုးရှိဖို့ အဝေးကြီးလိုသေးတယ်!”

ဟူး!

လူတိုင်း သူတို့ဦးရေပြားတွေ ထုံကျင်သွားသလိုပင် ခံစားလိုက်ကြရသည်။

ဒီကောင်းကင်ဘုံစွမ်းအားကို ထုတ်ဖော်နေတဲ့သူက တကယ်ပဲ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲမဟုတ်ဘူးပေါ့?

ဒါဆိုဘယ်သူများလဲ?

ကောင်းကင်နတ်ဆိုးဂိုဏ်းထဲမှာ ပုန်းကွယ်နေတဲ့ဆရာကြီးတစ်ယောက်များ ရှိနေတာလား?

ဘယ်လိုလုပ် သူတို့လုံးဝမသိခဲ့ကြရတာလဲ?

တကယ်တော့ ဘယ်နေရာကနေပြီး ထိုစွမ်းအားများပေါ်ထွက်နေလဲဆိုသည်ကို သူတို့မခံစားမိခြင်းက အံ့ဩစရာတော့မဟုတ်ပေ။

ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်သည် ထိပ်တန်းသိုင်းဘုရင်အဆင့် အခင်းအကျင်းတစ်ခုဖြစ်လေသည်။ ထိုအခင်းအကျင်းကို လုရှောင်ယန်က ကျီရွှေ့တောင်ထိပ်မှာသာ စီရင်နေခြင်းဆိုလျှင်တောင်မှ သူ့ရဲ့ဖိအားသည် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို အလွယ်တကူဖုံးလွှမ်းသွားနိုင်စွမ်းရှိလေသည်။

ဒါကြောင့် အားလုံး သူတို့ဦးဏှောက်တွေကို အဆုံးအစွန်ထိ ဆွဲဆန့်ကာ အာရုံခံနေကြမည်ဆိုလျှင်တောင်မှဖြင့် ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်း၏တည်နေရာအတိအကျကို ရှာနိုင်မည်မဟုတ်သေးပေ။

သူတို့တင်မကဘဲ တစ်ဖက်ကလုရှောင်ယန်သည်လဲ အံ့ဩနေလေသည်။ ထိပ်တန်းသိုင်းဘုရင်အဆင့်ရှိအခင်းအကျင်းတစ်ခုက ဒီလိုမျိုးကောင်းကင်ဘုံစွမ်းအားတွေကိုပါ အသက်ဝင်စေသည်အထိ စွမ်းအားကြီးလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

ကောင်းကင်ဘုံကတောင်မှ ဒီလိုအခင်းအကျင်းမျိုးကို အလွယ်တကူဖြစ်တည်ခွင့်မပြုပေ။ ဒါကြောင့်ပဲ အခုလိုမျိုး ကြီးမြတ်လှသည့်အခင်းအကျင်းကြီးကို ပျက်စီးစေရန်အလို့ငှာ ကောင်းကင်ဘုံစွမ်းအားတွေ ဆက်တိုက်ပို့လွှတ်နေတာပေါ့။

ဒါပေမယ့်လဲ!

ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းသည် လုံးဝအလျှော့ပေးဖို့ စိတ်ကူးမရှိနေပုံပင်။ ၎င်းက သူ့ကိုယ်ပိုင်အင်အားများကို ထုတ်လွှတ်ကာ ကောင်းကင်ဘုံရဲ့စွမ်းအားကို ခုခံတိုက်ခိုက်ဖို့ရန်အတွက် ကမ္ဘာမြေ၏စွမ်းအားတွေကိုတောင် စုဆောင်းနေလေသည်။

နှစ်ဖက်လုံး ဖိအားများဖြင့်အပြန်အလှန်တိုက်ခိုက်ကြရာ ကမ္ဘာကြီးပင်မှောင်မိုက်လာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာလောကရှိ သက်ရှိများမှာ ပွဲကြည့်နေရသည့် ပရိသတ်များပမာဖြစ်လာခဲ့ရကာ ထိုနှစ်ဦးကြားမှ တိုက်ပွဲကို ကြည့်ရုံသာကြည့်နိုင်ပြီး ဝင်မစွက်ဖက်နိုင်ခဲ့ကြပေ။

အဆုံးမှာတော့ ကောင်းကင်ဘုံစွမ်းအားများသည် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် မိုးကြိုးသံတစ်သံကို ထုတ်လွှတ်ရင်း ဖြည်းညှင်းစွာ ပြန်လည်ပျောက်ကွယ်လို့သွားတော့သည်။

ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းက သိုင်းဘုရင်အဆင့်တစ်ယောက်၏အော်ရာများနှင့် ကောင်းကင်ဘုံစွမ်းအားများကို ပြန်လည်ဆုတ်ခွာသွားစေရန် တွန်းထုတ်ပစ်လိုက်ပြီ!

လုရှောင်ယန်သည်တော့ အံ့ဩလွန်း၍ အတော်ကြာသည်အထိ အသိစိတ်ပြန်မဝင်နိုင်ခဲ့ပေ!

ဒါလေးက အခင်းအကျင်းတည်ဆောက်မှုလေးတစ်ခုပဲလေ။ သိုင်းဘုရင်အဆင့်ကိုရောက်နေရုံဖြစ်သွားတာလေးနဲ့ ကောင်းကင်ဘုံစွမ်းအားကိုတောင် တွန်းလှန်နိုင်တယ်ပေါ့။

ဒါဆို အစစ်အမှန်သိုင်းဘုရင်အဆင့်ဆရာကြီးတစ်ယောက်ဆို ဘယ်လောက်တောင်မှ ကြောက်စရာကောင်းနေမလိုက်လဲ?

ထိုအခိုက်အတန့်လေးမှာပဲ လုရှောင်ယန်စိတ်ထဲ ရုတ်တရက်ဆိုသလို နောက်ထပ်တပည့်နည်းနည်းလောက်ပိုလိုချင်လာကာ အမြန်ဆုံး သိုင်းဘုရင်အဆင့်ထဲသို့ ဝင်ချင်နေတော့သည်!

စိတ်မကောင်းစရာက တပည့်တွေသည် လိုချင်တိုင်း ချက်ချင်းရလာမည်မဟုတ်ပေ။

“ထားလိုက်ပါတော့၊ ချက်ချင်းကြီး အလျင်လိုနေလို့မှမရတာ။ အရင်ဆုံး အဇူရာသက်ရှည်အနုပညာကိုပဲ ကျင့်ကြံသင့်တယ်။”

လုရှောင်ယန် ခေါင်းတယမ်းယမ်းနှင့် ကျီရွှေ့တောင်ထိပ်အစွန်းက ကျောက်တုံးစားပွဲတစ်ခုတွင် ချထားလိုက်သည်။

ကျီရွှေ့တောင်ထိပ်၏တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သည့်ဘယ်သူမဆို သူတို့အသက်ကိုဖက်နဲ့ထုတ်သာ ပြင်ထားကြလိုက်တော့။

ထို့နောက် လုရှောင်ယန် ထိုနေရာမှ ပြန်လှည့်လာကာ သူ့သီးသန့်နေရာသို့သွားရာ အခန်းထဲသို့ ပြန်လာခဲ့သည်။

တခြားသောသိုင်းဘုရင်အဆင့်အခင်းအကျင်းဖြစ်သည့် ခရမ်းကောင်းကင်မြင့်မြတ်အလင်းတန်းအခင်းအကျင်းကိုတော့ သူမတည်ဆောက်ခဲ့ပေ။

သိုင်းဘုရင်အဆင့်အခင်းအကျင်းတစ်ခုတည်းနဲ့တင် သိုင်းဘုရင်အဆင့်ဆရာကြီးတွေ တိုက်ခိုက်လာလျှင်တောင်မှ အလုံအလောက် ခုခံကာကွယ်ပေးနိုင်လေသည်။

ဒါကြောင့် ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းတစ်ခုကတင် ကျီရွှေ့တောင်ထပ်ကို ကာကွယ်ဖို့လုံလောက်နေပေပြီ။

နောက်ထပ်အကြောင်းအရင်းကတော့ ခရမ်းကောင်းကင်မြင့်မြတ်အလင်းတန်း အခင်းအကျင်းသည် အလွန်အမင်းအန္တရာယ်များလှသည်။ ထိုအခင်းအကျင်းတစ်ကြိမ် အသက်ဝင်သွားသည်နှင့် သူ့အစီအရင်ထဲက သက်ရှိမှန်သမျှကို မြင့်မြတ်အလင်းတန်းဖြင့် ဖျက်ဆီးပစ်မှာပင်။ သတ်ဖြတ်ခြင်းအော်ရာတွေက အလွန်သိပ်သည်းပြင်းထန်လှတာကြောင့် ကိုယ့်နေရာမှာကိုယ် တည်ဆောက်ဖို့အတွက် မသင့်တော်ပေ။

ဒါပေါ့၊ တကယ့်အရေးအကြီးဆုံးအကြောင်းအရင်းကတော့ ဝိညာဉ်ကျောက်တုံးတွေကြောင့်ပဲ။

ဝမ့်ခိုက်ရဲ့လက်ဆောင်အိတ်တွေထဲမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးတစ်လေတောင်မှ ပါမလာခဲ့ပေ။ ဒါ့အပြင် သိုင်းဘုရင်အဆင့်အခင်းအကျင်းတည်ဆောက်ဖို့ဆိုသည်က စွမ်းအားအမြောက်အမြားလိုအပ်ပေသည်။ ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းအတွက်ကိုပင် လုရှောင်ယန် ဆယ်စုနှစ်တစ်ခုစာစုဆောင်းထားသမျှ ဝိညာဉ်ကျောက်တုံးတွေအားလုံး သုံးပစ်လိုက်ရပေပြီ။

‘ဆန်မရှိဘဲ တော်လှတဲ့အိမ်ရှင်မတောင် မချက်ပြုတ်နိုင်ဘူးလေ။’ လုရှောင်ယန်မှာ သိုင်းဘုရင်အဆင့်အခင်းအကျင်းရှိနေရင်တောင် ဝိညာဉ်ကျောက်တုံးရှိမနေ၍ အကူအညီမဖြစ်ပေ။

သူ့အခန်းသူပြန်ရောက်သည်နှင့် လုရှောင်ယန် စည်းတစ်ခုပြုလုပ်ကာ သူကျင့်ကြံဖို့အတွက် သီးသန့်နေရာသို့ သွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

အဇူရာသက်ရှည်အနုပညာသည် အလွန်အားကောင်းလှသည့် သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခုဖြစ်သည်။

တိုက်ခိုက်ရေးအတွက်ကြည့်မည်ဆိုလျှင် ၎င်း၏စွမ်းအားသည် ကြွယ်ဝကာ သန့်စင်ပြီး အဆုံးမရှိထုတ်လုပ်နိုင်သည်။ သက်ရှည်အနုပညာ၏တိုက်ခိုက်မှုတစ်ချက်ကတောင်မှာ တစ်ဖက်လူကို သေစေလောက်သည့်ရိုက်ချက်မျိုးအဖြစ် သက်ရောက်စေနိုင်သည်။

ကျင့်ကြံမှုဘက်ကကြည့်လျှင်တောင် ၎င်း၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်စွမ်းသည် တခြားသောအဆင့်တူ ကျင့်ကြံခြင်းနည်းစနစ်များထက် ပိုလို့အားကောင်းလှသည်။ ပြောရရင် အားအကောင်းဆုံးကျင့်ကြံခြင်းနည်းစနစ်ဟုတောင်မှ ပြော၍ရသည်။

ဒါတင်မကသေး ထိုကျင့်ကြံခြင်းနည်းစနစ်သည် အလွန်ထူးခြားကာ သက်ရောက်မှုအားကလဲ အလွန်ကောင်းလေသည်။

ထိုနည်းလမ်းကိုကျင့်ကြံထားသည့် လူတစ်ယောက်၏ဒဏ်ရာများကို အမြန်ဆုံးနှုန်းဖြင့် ပြန်လည်ကုသပေးနိုင်ခြင်းပင်!

မင်းတို့သိထားရမှာက သိုင်းဘုရင်အဆင့်ဆရာကြီးတစ်ယောက်လိုစွမ်းအားမျိုးရှိသူတွေကသာ ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခြင်းကနေ လွတ်မြောက်နိုင်ကြတာပဲ။ ပြောရရင်တော့ သူတို့က ကျင့်ကြံခြင်းနည်းစနစ်တွေကိုသုံးပြီး သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို ပိုမဆိုးလာအောင် ကုသလိုက်နိုင်တာပေါ့။

အခုတော့ အဇူရာသက်ရှည်အနုပညာကိုသာ လေ့ကျင့်ပြီးရင် လုရှောင်ယန်လဲ သူ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် ကုသနိုင်စွမ်းရှိသွားပြီပဲ။

အဇူရာသက်ရှည်အနုပညာကို ကျင့်ကြံဖို့ လုရှောင်ယန် အချိန်သုံးရက်ယူခဲ့ကာ ပြီးပြည့်စုံအဆင့်သို့ရောက်ရှိသွားခဲ့သည်။

ဒီအရှိန်မျိုးက တကယ်ကိုကြောက်စရာကောင်းလှသည်။

သိထားရမှာက ယွင်လီကောတောင်မှ ရှေးဟောင်းဧကရာဇ်ကျမ်းက တစ်ဆင့်ကို ကျင့်ကြံပြီးပေမယ့် အခုထိ လုံးဝမကျွမ်းကျင်သေးတာပဲ။

လုရှောင်ယန်ကတော့ အဇူရာသက်ရှည်အနုပညာကို ပြီးပြည့်စုံအဆင့်ကိုရောက်ဖို့ သုံးရက်တည်းကြာခဲ့တာပဲ!

ထို့နောက် အဇူရာသက်ရှည်အနုပညာကို နောက်ထပ်တစ်လထပ်ပြီး ကျင့်ကြံခဲ့သည်။

……

အချိန်က မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့လေသည်။

အဆုံးမှာတော့ ခါးသီးလှသည့် တစ်လတာကျင့်ကြံခြင်းက ပြီးမြောက်သွားခဲ့ကာ လုရှောင်ယန်လဲ နောက်တစ်ဆင့်ကိုချိုးဖြတ်သွားနိုင်သည်။

သူကျင့်ကြံပြီးလို့ ပြန်နိုးထလာချိန်တွင် သူ့မျက်ဝန်းတွေက လုံးဝပင်ပန်းရိပ်ထင်ဟပ်မနေဘဲ တက်ကြွလန်းဆန်းနေကာ အားအင်ပြည့်ဝလို့နေသည်။

“ဒီအဇူရာသက်ရှည်အနုပညာက အရမ်းကိုအားကောင်းတာပဲ။ ငါ့ရဲ့လက်ရှိ အာကာပြင်ပြိုကွဲခြင်းအဆင့်က စွမ်းအားနဲ့ဆို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်ဘုံအဆင့်ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ရင်တောင် ဒီအဆင့်ကိုချိုးဖြတ်ဖို့ အနည်းဆုံးနှစ်ဝက်လောက်အချိန်ယူရမှာ။ ဒါပေမယ့် အခုတော့ တစ်လတည်းနဲ့ အာကာပြင်ပြိုကွဲခြင်းရဲ့ ဒုတိယမြောက်အဆင့်ကိုရောက်သွားပြီ။ ဒီကျင့်ကြံနည်းရဲ့အရှိန်ကတော့ တကယ်ကို ကောင်းကင်ဘုံကိုတောင်ဆန့်ကျင်နိုင်တာပဲ။”

လူတစ်ယောက်၏ကျင့်ကြံဆင့်က မြင့်လာလေ နောက်ထပ်အဆင့်တစ်ခုကို ထပ်ပြီးချိုးဖောက်နိုင်ဖို့ဆိုတာ ပိုခက်ခဲလာလေဖြစ်သည်။

လုရှောင်ယန်သည် ထိပ်တန်းဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကာ ကျင့်ကြံခြင်းနည်းစနစ်များကို မြန်မြန်သင်ယူတတ်မြောက်နိုင်နေရင်တောင်မှ ထိုအမှန်တရားကို မပြောင်းလဲနိုင်ပေ။ သူသည်လဲ ကောင်းကင်တာအိုနည်းလမ်းများကို တစ်ဆင့်ခြင်းစီသာလျှောက်လှမ်းသွားရမည်ဖြစ်သည်။

သို့သော်လည်း သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်က သူ့ရဲ့အချိန်ကို ခြောက်ဆလောက်ပိုသက်သာသွားစေခဲ့သည်။ ဒီကွာခြားချက်ကြီးက လူတွေကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်စွမ်းရှိသည်။

သို့သော်လည်း သူ့ရဲ့လောလောလတ်လတ် ကြိုးစားကျင့်ကြံထားကာ အဆင့်တက်ထားမှုကို ပျော်ပျော်ကြီး ဂုဏ်ယူလို့မပြီးခင်မှာပဲ သူ့ဒန်ထျန်ကနေပြီး ပေါက်ကွဲသံတစ်သံထွက်လာပြန်လေသည်။

ငါထပ်ပြီးအဆင့်တက်သွားပြန်တာလား!

သူအခု အာကာပြင်ပြိုကွဲခြင်းရဲ့ တတိယမြောက်အဆင့်ကိုရောက်သွားတာပဲ။

“???”

လုရှောင်ယန် အနည်းငယ်အံ့အားသင့်နေလေသည်။ ဘာတွေဖြစ်ကုနတာလဲ? ဘာလို့အချိန်ခဏလေးနဲ့ နောက်ထပ်တစ်ဆင့်ထပ်တက်သွားပြန်တာလဲ?

ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ့အတွေးတွေက မြန်မြန်ဆန်ဆန်ပဲ အလုပ်လုပ်သွားခဲ့သည်။

“ဝမ့်ခိုက်”

[လာပြီ၊ လာပြီ၊ ရောက်ပါပြီ၊ သခင်ရေ။]

“ငါ့ကိုယွင်လီကောရဲ့ အချက်အလက်ဇယားပြပေးဦး။”

[ဟုတ်၊ အခုပဲ ယွင်လီကောရဲ့ လက်ရှိအချက်အလက်ဇယားကို ပြပေးပါ့မယ်။]

အမည် : ယွင်လီကော

လိင် : ကျား

ကျင့်ကြံခြင်းနည်းစနစ် : ရှေးဟောင်းဧကရာဇ်ကျမ်း၊ ဒုတိယအဆင့်

ကျင့်ကြံခြင်း : ဒဿမမြောက်ဆရာသခင်အဆင့်၊ ပြီးပြည့်စုံခြင်း

“တကယ်ကို၊ ငါထင်တဲ့အတိုင်းပဲ!”

လုရှောင်ယန် အနည်းငယ်ဆွံ့အလို့နေလေသည်။ သူ့မှာ တစ်လကြီးများတောင်မှ နာနာကျင်ကျင်နဲ့ကြိတ်မှိတ်ကျင့်ကြံပြီးလို့ အာကာပြင်ပြိုကွဲခြင်း ဒုတိယအဆင့်ကိုတက်သွားတာလေ။ ယွင်လီကောက သူ့ကိုနောက်ထပ်တစ်ဆင့်ထပ်မြင့်သွားအောင် လုပ်ပေးလိုက်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။

“ဝမ့်ခိုက်၊ မင်းဒီလိုသာဆက်လုပ်နေရင် ငါဆက်ပြီး ကျင့်ကြံဖို့ စိတ်အားထက်သန်မှုတွေ တဖြည်းဖြည်းလျော့လာလိမ့်မယ်နော်။”

[သခင့်မှာ ကျွန်တော်ရှိနေပြီဆိုမှတော့ နောက်ထပ်အပင်ပန်းခံကျင့်ကြံနေဖို့ မလိုတော့ပါဘူး။ အေးအေးဆေးဆေး တပည့်လေးသာလက်ခံနေလိုက်။]

လုရှောင်ယန် ကူကယ်ရာမဲ့သွားကာ၊ “မင်းက ငါ့ရဲ့ပျော်ရွှင်မှုတွေကို ခိုးယူနေတာမဟုတ်ဘူးလား?”

[SSအဆင့်တပည့်တစ်ယောက်ကို ဝမ့်ခိုက် ရှာတွေ့ပါပြီ။ သူ့ကို တပည့်အဖြစ်လက်ခံချင်ပါသလား?]

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၇ ကြီးမြတ်သောကျိုး၏မင်းသမီး

“လက်ခံမယ်။”

[သခင်၊ ပျော်ချင်နေတာမဟုတ်ဘူးလား?]

“ငါ့ပျော်ရွှင်မှုက အရေးမကြီးပါဘူး။ လူတွေကို သင်ကြားပြသပေးပြီး မြေတောင်မြှောက်ပေးရတဲ့ကိစ္စက ပိုအရေးကြီးတယ်။ ပိုကောင်းမွန်တဲ့အရည်အချင်းရှိသူတွေကို မြေတောင်မြှောက်ပေးနိုင်ဖို့အတွက် ငါ့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ဘေးဖယ်ထားသင့်တယ်။”

ဝမ့်ခိုက် : [….]

“SSအဆင့်တပည့်က ဘယ်မှာလဲ?”

[ကြီးမြတ်သောကျိုးရဲ့ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်မှာပါ။]

လုရှောင်ယန် : [….]

“ဝမ့်ခိုက်၊ အဲ့နေရာက အရမ်းဝေးလွန်းတယ်လေ၊ ငါမသွားချင်ဘူး။ တောင်တန်းတွေက မြင့်ပြီး မြစ်တွေကရှည်လွန်းတယ်။ မတော်လို့ လမ်းမှာ အန္တရာယ်တစ်ခုခု ဒါမှမဟုတ် အင်အားကြီး ရန်သူတွေနဲ့တွေ့ပြီး သေသွားရင်ဘယ်လိုလုပ်မလဲ?”

[အမ်… သခင်မသွားချင်ဘူးဆိုရင်လဲ တခြားနည်းလမ်းတွေရှိပါတယ်။ ပြီးတော့ သူမက SSအဆင့်တပည့်တစ်ယောက်ပဲဆိုတော့ ကျွန်တော် ဝိညာဉ်လမ်းညွှန်ကိုသုံးလို့ရတယ်။ ဝိညာဉ်လမ်းညွှန်အသက်ဝင်သွားတာနဲ့ သူ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုရောက်လာအောင် ကျွန်တော်ညှို့ယူလို့ရပြီ။ ဒါဆို သခင်လဲ သူ့ကိုတပည့်အဖြစ်လက်ခံလို့ရပြီပေါ့။]

“ဒါဆိုလဲ ဝိညာဉ်လမ်းညွှန်ကိုအသက်သွင်းလိုက်ကြတာပေါ့။”

“ကောင်းပါပြီ၊ သခင်။”

…….

ရက်အနည်းငယ်ကြာပြီးနောက် ကောင်ကင်နတ်ဆိုးဂိုဏ်းမှ မိုင်တစ်ရာအကွာတွင် လှပသည့်ပုံရိပ်လေးနှစ်သွယ်သည် အလင်းမြစ်နှစ်တန်းလိုမျိုး လျင်မြန်စွာ ပြန်သန်းလို့လာနေကြ၏။

“မင်းသမီးဝူရှား၊ နည်းနည်းလောက် နှေးပါဦး။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ဝေးတော့တာမှမဟုတ်တာ။”

သို့သော်လည်း တစ်ဖက်လူကတော့ သူ့အရှိန်ကို မလျှော့သွားပေ။

“အဖွားလီ၊ ကျွန်မရပ်လို့မဖြစ်ဘူး။ အသံတစ်သံက ကျွန်မကို ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသွားဖို့ ပြောနေတယ်။ အဲ့ဒီမှာ ကျွန်မကံကြမ္မာကိုပြောင်းလဲပစ်ဖို့ အခွင့်အလမ်းကောင်းတစ်ခုရှိနေနိုင်တယ်။ ဒီအခွင့်အလမ်းကိုသာ လက်လွှတ်လိုက်ရရင် ကျွန်မတစ်ဘဝလုံး နောင်တရနေရလိမ့်မယ်။”

အဖွားလီမှာ ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး ခေါင်းကိုက်စရာကိစ္စတွေကြုံလာရတော့မည်ဟု ခံစားလိုက်ရသည်။

တော်ဝင်နန်းတော်ရဲ့ တရားမဝင်သမီးတော်တစ်ပါးဖြစ်သော ကျီဝူရှားသည် တော်ဝင်နန်းတော်ထဲရှိ တခြားသော မင်းသား မင်းသမီးများထက် အဆတစ်ရာလောက် ပိုပြီး ကြိုးစားနေထိုင်ခဲ့သည်။

သူမ၏ မင်းသမီးတစ်ပါးဆိုသော ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစေရန်အတွက် တချိန်လုံး ကြိုးစားလုပ်ဆောင်ခဲ့သည်။

သူမ၏ကြိုးစားအားထုတ်မှုများသည် နောက်ဆုံးမှာတော့ အမှန်ကို အရာထင်ခဲ့လေပြီ။ တော်ဝင်နန်းတော်က လူတွေလဲ သူမကို တဖြည်းဖြည်းချင်း သတိထားမိလာခဲ့ကြသည်။

ပုံမှန်အတိုင်းသာဆို သူမဤကဲ့သို့ဆက်လုပ်နေသ၍ တစ်နေ့တော့ သူမရဲ့ဘဲရုပ်ဆိုးအသွင်ကို ဖျောက်ပစ်ကာ ကြီးမြတ်သောကျိုးအင်ပါယာ၏ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်မှ စစ်မှန်သည့်မင်းသမီးတစ်ပါးဖြစ်လာနိုင်ပေသည်။

သို့သော်လည်း ရုတ်တရက်ဖြစ်ပေါ်လာသည့် ကိစ္စတစ်ရပ်က သူမကြိုးစားထားသမျှအားလုံးကို သဲထဲရေသွန်ဖြစ်သွားစေခဲ့သည်။

ညတွင်းချင်းမှာပဲ သူမသည် တော်ဝင်နန်းတော်တစ်ခုလုံး၏ အလှောင်ပြောင်ခံဘဝသို့ရောက်ရှိသွားခဲ့လေသည်။

သို့သော်လည်း ထိုမျှနှင့် သူမအရှုံးမပေးလိုက်ပေ။ ထိုအစား ပိုလို့တောင်မှ ကြိုးစားခဲ့ကာ အစာစားဖို့ကိုတောင် နောက်ထားလို့ နေ့စဉ်နေ့တိုင်း ကျင့်ကြံပြီးရင်း ကျင့်ကြံ၊ ကျင့်ကြံပြီးရင်း ကျင့်ကြံခဲ့သည်။

သူမလို နူးညံ့သိမ်မွေ့သည့် မိန်းကလေးမပြောနဲ့ ယောက်ျားလေးတစ်ယောက်တောင် လုပ်နိုင်သည့်ကိစ္စမျိုးမဟုတ်ပေ!

မူလအခြေအနေအရဆိုလျှင် သူမဤမျှလောက်အထိ အရမ်းကြိုးစားနေစရာမလိုအပ်ပေ။ သူမကို အင်ပါယာနန်းတောင်မှ လူတိုင်းထေ့ငေါ့နေကြလျှင်တောင်မှ သူမသည် ခရမ်းရောင်ငြိမ်းချမ်းခြင်းနန်းတော်၏ မင်းသမီးတစ်ပါးဖြစ်နေတုန်းပင်။ ကြီးမြတ်သောကျိုးတွင်က သူမကိုဖိအားပေးချင်နေကြသည့် ထူးချွန်လူငယ်များ မရေမတွက်နိုင်လောက်အောင်ကို ရှိနေသေးသည်။

သို့သော်လည်း သူမကတော့ သူမအလုပ်ကိုသာ ဆက်လက်ကြိုးစားလုပ်ဆောင်နေတုန်းပင်။

တခြားလူတွေအထင်မှားနေကြောင်း သက်သေပြဖို့ရန် သူမကြိုးစားတိုက်ခိုက်ခဲ့သည်။

နှစ်ယောက်သား အလျင်အမြန်ခရီးဆက်လာခဲ့တာကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာခဲ့ကြသည်။

သူတို့နှစ်ဦး၏စွမ်းအားကြောင့် တောင်ဂိတ်ပေါက်တွင် သူတို့ကိုတားမည့်သူ တစ်ယောက်မှမရှိပေ။ ဒါကြောင့် နှစ်ယောက်လုံး တောင်ဂိတ်ကို ဖြတ်ကျော်လို့ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲသို့ ဝင်သွားခဲ့သည်။

သူတို့နှစ်ယောက်လုံး ကောင်းကင်နတ်ဆိုးဂိုဏ်းကို သတင်းမပို့ခဲ့ကြပေ။ သူမသာ ကြီးမြတ်သောကျိုး၏မင်းသမီးတစ်ပါးဆိုသည့် နောက်ခံအကြောင်းကို သိသွားကြလျှင် သေချာပေါက်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးက ရိုသေလေးစားစွာ ကြိုဆိုကြဖြစ်တာကြောင့် သူမတို့လဲ လျှို့ဝှက်၍သာ ဝင်ကြဖို့ ဆုံးဖြတ်လိုက်ကြလေသည်။ ဒါအပြင် သူမတို့အဆင့်အတန်းကို ထုတ်ပြပြီး ရုတ်ရုတ်သွားလုပ်လိုက်ပါက ဂိုဏ်းမှ အကြီးအကဲများကို မျက်စိဆံပင်မွေးဆူးသွားစေမှာကိုလဲ စိုးရိမ်ခြင်းကြောင့်ပါလေသည်။

ဒီလောက်ခရီးအဝေးကြီးကိုတောင် သူမယုံကြည်ရာနောက်လိုက်ကာ ရောက်လာနိုင်ခဲ့ပြီးမှတော့ တခြားလူတွေကို သိစေကာ အကျယ်မချဲ့စေချင်တော့ပေ။

“မင်းသမီး၊ ဒီကောင်းကင်နတ်ဆိုးဂိုဏ်းမှာ တောင်တွေမှအများကြီးပဲ။ ဘယ်တောင်ကို သွားချင်လဲဆိုတာ သိရဲ့လား?”

ကျီဝူရှား မျက်လုံးတွေကိုမှိတ်ကာ စိတ်အေးအေးထားပြီး သူမနှလုံးသားထဲက အသံကို နားထောင်ကြည့်လိုက်သည်။ အဆုံးမှာတော့ သူမမျက်လုံးတွေ ပြန်ပွင့်လာကာ လားရာတစ်ခုဆီသို့ ဆက်လက်ပျံသန်းသွားခဲ့ကာ အဖွားကြီးလဲ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့လေသည်။

နှစ်ဦးသား မြန်မြန်ဆန်ဆန်ပဲ ကျီရွှေ့တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။

“ကျီရွှေ့တောင်ထိပ်?”

အဖွားကြီးက မျက်မှောင်အသာကြုတ်လိုက်ကာ၊ “မင်းသမီးလေး၊ ဒီအစေခံ ဒီကိုမလာခင်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်း စုံစမ်းခဲ့သေးတယ်။ ကျီရွှေ့တောင်ဆိုတာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တောင်ထိပ်ပေါင်း သုံးရာ့နှစ်ဆယ်ထဲမှာမှ အရမ်းသာမာန်အဖြစ်ဆုံး တောင်ထိပ်ပဲ။ ဒါတင်မကဘူး ကျီရွှေ့တောင်ရဲ့သခင် လုရှောင်ယန်ဆိုတာလဲ တကယ့်ကိုသာမာန်ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က မင်းသမီးလေးရဲ့ကျင့်ကြံဆင့်ထက်တောင်မှ နိမ့်သေးတယ်။”

ထိုသို့ပြောလိုက်တာတောင်မှ ကျီဝူရှားကတော့ ကျီရွှေ့တောင်ဘက်ကိုသာ တစိုက်မတ်မတ်ဆက်ကြည့်နေလေသည်။

“ဒီနေရာပဲ၊ ကျွန်မကိုခေါ်နေတဲ့အသံက ဒီနေရာကပဲ။”

“ကောင်းပါပြီ၊ ဒီလိုဆိုမှတော့ ဒီအစေခံလဲ မင်းသမီးလေးသဘောအတိုင်း လိုက်နာပါ့မယ်။”

တစ်စုံတစ်ခုဖြစ်လာခဲ့လျှင်လဲ သူမ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် မင်းသမီးလေးကို ဘာပြဿနာမှမဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကျီရွှေ့တောင်ကို အခင်းအကျင်းတစ်ခုဖြင့် ကာကွယ်ထားမှန်း နှစ်ဦးသားအာရုံခံမိတာကြောင့် ဆက်ပြီးမပျံသန်းသွားတော့ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူတို့မကြောက်သော်လည်း သူတို့ကိုအလကားရန်စသလိုသွားလုပ်ဖို့လဲ အဆင်မပြေလှပေ။

သူတို့နှစ်ဦးမြေပြင်ထက်ဆင်းသက်လိုက်ကြသည်နှင့် လုရှောင်ယန် ရေးထားသည့်ထွင်လုံးများကို သတိပြုမိသွားကြလေသည်။

“ကျီရွှေ့တောင် တားမြစ်ဧရိယာ။ မည်သူ့ကိုမှဝင်ခွင့်မပြု။ ဝင်ပါက ကိုယ်ဖြစ်ကိုယ်ခံ။”

ထိုစာကြောင်းတို့ကို ဖြည်းဖြည်းချင်းဖတ်ကြည့်ပြီးနောက် အဖွားလီမှာ ခေါင်းတယမ်းယမ်းနှင့်ပြုံးမိတော့သည်။

“ဒီကျီရွှေ့တောင်သခင်က… တော်တော်လေးဘဝင်မြင့်နေတာပဲ။ ဘာမဟုတ်တဲ့တောင်သခင်တွေကသာ ဒီလိုဘဝင်မြင့်နေတဲ့စကားလုံးမျိုးတွေ သုံးရဲကြတာ။”

“ကောင်းကင်နတ်ဆိုးဂိုဏ်းကိုတည်ထောင်ခဲ့တဲ့ သခင်လုဖုန်းကများ တပည့်တွေအတွက် ဒီစကားချန်ရစ်ခဲ့တာကော မဖြစ်နိုင်ဘူးလား?”

ကျီဝူရှား၏အမြင်ကတော့မတူညီပေ။ ဒါကြောင့် အဖွားလီလဲ သူ့အပြုံးတွေကို ပြန်ရုတ်သိမ်းလိုက်ရသည်။

“ဟုတ်တာပေါ့၊ ဒီတောင်သခင်လုရဲ့ကျင့်ကြံဆင့်က ဘယ်လောက်ပဲ နိမ့်ကျနေပါစေ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လေးစားမှုပေးအပ်ခံရတဲ့ဆရာသခင်တစ်ယောက်ဖြစ်နေတုန်းပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်က တပည့်တွေအတွက်တော့ သူက ပေါ့ပေါ့တန်တန် ရန်သွားစလိုရတဲ့လူမျိုးမဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်မျိုးမတို့လိုအဆင့်နဲ့ဆိုရင်တော့ သူ့ရဲ့တားမြစ်ချက်က ဟာသတစ်ခုထက်မပိုဘူး။”

ထိုစကားကိုတော့ ကျီဝူရှားလဲ လက်ခံလေသည်။

“အဲ့လိုဆိုရင်တောင်မှ ကျွန်မတို့တွေက တခြားလူရဲ့ပိုင်နက်ထဲကို ကျူးကျော်ကြမယ့်လူတွေပဲ။ အဖွားလီ ဘယ်သူ့ကိုမှ အနာတရမဖြစ်ပါစေနဲ့။ ကျွန်မက ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ရဲ့မင်းသမီးတစ်ပါးဖြစ်နေတာနဲ့ အဖွားလီ စိတ်ကြိုက်တခြားသူတွေကို အနိုင်ကျင့်ခွင့်မရှိဘူးဆိုတာ မှတ်ထားပါ။”

အဖွားလီဆိုသူမှာတော့ ကျီဝူရှား၏သတိပေးစကားကြောင့် ရယ်ရမလိုငိုရမလိုတောင်ဖြစ်သွားသည်။

“နားလည်ပါပြီ၊ မင်းသမီးလေး။”

သို့သော်လည်း မင်းသမီးလေးကို အလွန်လေးစားမိသည်။

ကျီဝူရှားသည် စွမ်းအားကြီးပေမည့် သူမ၏ပင်ကိုယ်စရိုက်က မဆိုးလှပေ။ သူမ၏အဆင့်အတန်းကိုသုံးပြီးတော့လဲ ဘယ်သူ့မကိုအနိုင်မကျင့်ပေ။

ဒီလိုအမျိုးအဆင့်အတန်းမြင့်မြင့်နှင့် ကိုယ်ပိုင်စွမ်းအားကြီးသည့်လူတစ်ယောက်အဖို့ အခုလိုစိတ်ထားမျိုးရှိသည်က အမှန်ကိုတွေ့ရခဲလှသည်။

ကျီဝူရှားက အရင်ဦးစွာ အခင်းအကျင်းထဲသို့ခြေလှမ်းလိုက်ကာ အဖွားလီကလဲ သူမနောက်ကထပ်ကြပ်မကွာ လိုက်သွားသည်။

သူတို့နှစ်ဦး အခင်းအကျင်းထဲသို့ခြေချလိုက်သည်နှင့် ချက်ချင်းဆိုသလို သူတို့ရောက်လာကြောင်း လုရှောင်ယန် အာရုံခံလိုက်မိသည်။

ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်တစ်ခုလုံးကို သူ့အတွေးတွေနဲ့ထိန်းချုပ်ထားကာ နေရာတိုင်းသည် သူ့ကိုယ်ပိုင်အစိတ်အပိုင်းတွေလိုဖြစ်လာခဲ့သည်။

“အာ? တစ်ယောက်ယောက် ငါ့တံခါးကိုတကယ်ကြီးလာခေါက်နေတာပါလား။ ဝမ့်ခိုက်၊ မင်းရဲ့ဝိညာဉ်လမ်းညွှန်က တကယ်ကိုအသုံးတည့်တာပဲ။ သူမနဲ့သက်ဆိုင်တဲ့အချက်အလက်တွေပေးဦး၊ ဘယ်သူများလဲဆိုတာ ကြည့်ရအောင်။”

[လာပါပြီ၊ လာပါပြီ။]

ဝမ်ခိုက်ကချက်ချင်းဆိုသလို လုရှောင်ယန် ကြည့်ဖို့ရန်အတွက် SSအဆင့်တပည့်နှင့်သက်ဆိုင်သည့် အချက်အလက်များကို ထုတ်ပေးလိုက်သည်။

“ကျီဝူရှား၊ စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်။ ကြီးမြတ်သောကျိုး ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ရဲ့ တရားမဝင်သမီးတော်။ ငယ်စဉ်အချိန်က သာမာန်လူတွေကြားမှာ နေထိုင်ခဲ့ပြီး လူငယ်တစ်ဦးနှင့် စေ့စပ်ခဲ့။ နောက်ပိုင်း ခရမ်းရောင်ငြိမ်းချမ်းရေးဘုရင်က သူ့ကိုတွေ့သွားပြီး သူ့ရဲ့အဆင့်အတန်းက ပုံပြင်ဆန်ဆန်ပြောင်းလဲသွား။ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ဘက်က ကျီဝူရှားကို စေ့စပ်ပွဲဖျက်ပစ်ဖို့ ဖိအားပေးခဲ့။ မမျှော်လင့်ထားဘဲ သုံးနှစ်ကြာပြီးနောက်မှာတော့ တစ်ဖက်လူက ကျီဝူရှားကို စိတ်ခေါ်ဖို့ရောက်လာကာ အနိုင်ယူပစ်ပြီး ကျီဝူရှားကို တော်ဝင်နန်းတော်၏ အလှောင်ပြောင်ခံဘဝရောက်စေခဲ့။”

“ဘာလို့များ ဒီဇာတ်ကွက်ကြီးကိုရင်းနှီးသလိုရှိနေတာပါလိမ့်?”

“ဝမ့်ခိုက်၊ ဒီတစ်ယောက်ကလဲ နောက်ထပ်ဗီလိန်ပဲလား? ငါမင်းကိုတောင်းပန်ပါတယ်ကွာ။ ငါ့ဆီအသေခံတပ်သားတွေမပို့ဘဲ တကယ့်မြင်းနက်လေးတွေပို့ပေးလို့မရဘူးလား?”

[သခင်၊ တကယ့်မြင်းနက်တွေဆိုတာ အရမ်းကို မာနကြီးပြီး ကလန်ကဆန်လုပ်တတ်တဲ့အမျိုး။ သခင့်လက်အောက်မှာ အချိန်အကြာကြီးနေစေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ဂိုဏ်းထဲဝင်လာခဲ့ရင်တောင် တစ်ချိန်ချိန်ကျရင် သခင်ကို ခြေစုံကန်သွားကြမှာပဲ။ သခင်၊ တကယ်ပဲခွေးဖြစ်ချင်နေတာလား?]

“တော်စမ်း၊ မင်းဘာသာခွေးဖြစ်။”

လုရှောင်ယန် ထိုဦးဏှောက်မရှိသည့် တစောက်ကန်းသမားတွေအတွက် ခွေးဖြစ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ဖို့သာ လိုလားတော့သည်။

……

ကျီဝူရှားနှင့်အဖွားလီတို့ အခင်းအကျင်းထဲဝင်လိုက်ပြီးနောက် ပြင်ပဖိအားဒဏ်တစ်ခုမှကိုမခံစားရပေ။ ဤအခင်းအကျင်းသည် ထောင်ချောက်လဲမရှိသလို တိုက်ခိုက်ရေးအခင်းအကျင်းမျိုးလဲဖြစ်ပုံမရပေ။ သူတို့ရဲ့အာရုံခြောက်ပါးလုံးဖြင့် အာရုံခံကြည့်တာတောင်မှ ဘာအန္တရာယ်ကိုမှမခံစားရပေ။ ဒီလိုနဲ့ လုရှောင်ယန်၏ထွင်လုံးတွေကို ပြန်စဉ်းစားမိကာ ဆွံ့အနေမိတော့သည်။

“အစကတော့ ဒီကျီရွှေ့တောင်သခင်တော့ အနည်းဆုံး အခင်းအကျင်း တစ်ခု နှစ်ခုလောက်ဆောက်ထားမယ်လို့တွေးထားတယ်။ အခုတော့ သူ့ကိုအရမ်းအထင်ကြီးမိသွားပုံပဲ။”

ကျီဝူရှားလဲ ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ၊ “အဖွားလီ၊ ဒီနေရာက ကျွန်မတို့တော်ဝင်နန်းတော်လိုမဟုတ်ဘူးလေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုတာ အရမ်းသေးငယ်ပြီး အရင်းအမြစ်တွေကလဲ သိပ်ရှိတာမဟုတ်ဘူး။ သူတို့အနေနဲ့ ဂိုဏ်းထဲမှာ အခင်းအကျင်းတွေဆောက်နေဖို့တောင် လိုတာမှမဟုတ်တာ။”

“အမှန်ပဲ။”

အတော်ကြာပြီးနောက်မှာတော့ တစ်ခုခုမှားယွင်းနေကြောင်း သူတို့တွေခံစားလာမိကြလေ၏။

သူတို့ဆက်တိုက်လမ်းလျှောက်နေခဲ့ကြတာပင်။ သူတို့ဘေးက ရှုခင်းတွေဆိုသည်ကလဲ တဖြည်းဖြည်းပြောင်းလဲနေသည်။

သို့သော်လည်း သူတို့ရဲ့လမ်းလျှောက်နှုန်းဖြင့်ဆိုလျှင် တောင်ထိပ်သို့အတော်ကြာကတည်းက ရောက်သင့်လို့နေပေပြီ။

အမှန်တကယ်တမ်း သူတို့နှစ်ယောက်လုံးအခုထိ တောင်ခြေမှာသာရှိနေသေးကြသည်။

“မင်းသမီး၊ တစ်ခုခုတော့လွဲနေပြီ။”

ဖန်တီးမှုနယ်ပယ်အဆင့်သို့ရောက်နေသည့် အဖွားလီက မူမမှန်နေခြင်းကို အရင်ဦးစွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၈ ငါ့နယ်မြေထဲမှာ ငါပဲဆုံးဖြတ်မယ်

အဖွားလီ၏စကားကိုကြားကာမှ တစ်စုံတစ်ရာမှားယွင်းနေမှန်း ကျီဝူရှားလဲ ခံစားမိသွားကာ နှလုံးခုန်နှုန်းများယိုယွင်းသွားရသည်။

“သေချာတယ်၊ ကျွန်တော်မျိုးမတို့ အခုမှတောင်ခြေမှာပဲရှိနေသေးတဲ့ပုံပဲ၊ ဒါပေမယ့် ပြဿနာက ကျွန်တော်မျိုးမတောင် ဒီမတိုင်ခင်အထိ ဘယ်လိုမှမခံစားမိဘူး။ အားလုံးက တကယ်ကိုပုံမှန်အတိုင်းပဲလို့ထင်ရတယ်။”

နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်မိရင်း အဖြေရှာမရဖြစ်လို့နေ၏။

သူတို့တွေ အခင်းအကျင်းအစီအရင်ထဲမှာ ပိတ်မိနေကြတာပဲ။

တခဏကြာပြီးနောက်မှာတော့ အဖွားလီ၏အကြည့်တွေက လေးနက်လာတော့သည်။

“ပြောရရင် ဒီလိုရိုးရှင်းတဲ့အခင်းအကျင်းတစ်ခုကို သာမာန်လူတွေတောင်မှ တစ်ချက်လောက်ကြည့်ရုံနဲ့ ရှိမှန်းသိနိုင်တယ်။ ဒါပေမယ့် ဒီအခင်းအကျင်းနောက်ကွယ်ကဆန်းကြယ်မှုကို နေ့တစ်ဝက်လောက်ကုန်ပြီးမှ ကျွန်တော်မျိုးမ သတိထားမိခဲ့တယ်! မင်းသမီးလေးဆို ကျွန်တော်မျိုးမ သတိမပေးမချင်း နည်းနည်းလေးတောင် သတိမထားမိခဲ့ဘူး။ ဒီနေရာက လူတွေကို စိတ်ရှုပ်ထွေးစေရုံတင်မဟုတ်လောက်ဘူး… ဖြစ်နိုင်တာ စိတ်ဓါတ်ခိုင်မာမှုနဲ့ အတွေးတွေကိုပါ ထိခိုက်စေတာပဲဖြစ်မယ်။ ဘယ်လိုတောင် အင်အားကြီးလိုက်တဲ့အခင်းအကျင်းမျိုးလဲ!”

ကျီဝူရှားလဲ ထိုရှင်းချက်များကို နားထောင်ရင်း မတည်မငြိမ်ဖြစ်လာခဲ့သည်။

“ကြည့်ရတာ၊ ကျွန်မတို့ ဒီကျီရွှေ့တောင်သခင်ကို အထင်သေးမိသွားပြီပဲ။ ဒါပေမယ့် ဒီလိုဆိုမှတော့ ကျီရွှေ့တောင်မှာ လျှို့ဝှက်ထားတဲ့ အခွင့်ကောင်းကြီးကြီးမားမားလဲ ရှိနေနိုင်တယ်မဟုတ်ဘူးလား။ အရမ်းကောင်းတာပဲ။”

အဖွားလီလဲ ခေါင်းညိတ်ထောက်ခံလိုက်ကာ၊ “မင်းသမီးလေး၊ နောက်ဆုတ်နေပါ။ ကျွန်တော်မျိုးမ ဒီအစီအရင်ကို တိုက်ခိုက် ဖျက်ဆီးပြီးတဲ့အထိ စောင့်နေပေးပါ။”

“ကောင်းပြီ!”

ကျီဝူရှား ချက်ချင်းနောက်သို့ပြန်ဆုတ်သွားလိုက်သည်။ အဖွားလီက တစ်ချက်အော်လိုက်ကာ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများသည် အသက်ဝင်လာကာ သူမကိုယ်ထဲသို့ အလုံးအရင်းတိုးဝင်လာတော့သည်။

ထို့နောက် နောက်ထပ်အော်သံတစ်သံနှင့်အတူ သူမလက်သီးကို ဆန့်ထုတ်လိုက်ကာ၊ “တောင်ကွဲကြေလက်သီး! ဟ!”

လက်သီးတစ်ချက်ကတင် ပတ်ဝန်းကျင်တစ်ခုလုံးမှ လေထုကြီးကို နဂါးတစ်ကောင်၏အမြီးလို လည်ပတ်သွားစေကာ စူးရှသည့်လေတိုးသံများဖြစ်ပေါ်လာခဲ့သည်။

အကယ်၍များ ထိုလက်သီးချက်ကိုသာ မြေပြင်ပေါ်သို့ ထိုးချလိုက်လျှင် မီတာ၁၀၀ရာအတွင်းရှိ ကျောက်ဆောင်တွေအားလုံးကိုတောင် ကြေကွဲသွားစေနိုင်ပေမည်။

သို့သော်လည်း!

ထိုလေလက်သီးသည် ဘာဆိုဘာမှမထူးခြားသွားခဲ့ပေ။

၎င်းမှာ လေထုထဲမှာ အသံပျပျတစ်ချက်မြည်ရင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်မှာ တစ်ကြိမ်တစ်ခါမှမရှိဖူးခဲ့သလိုပင်။

“ဘာဖြစ်သွားတာလဲ?!”

သူတို့ခေါင်းကနေ ခြေဖျားအထိကို အေးစက်သည့်အော်ရာများ တိုးဝင်လာသလိုသာခံစားလိုက်ရကာ သူငယ်အိမ်များကျဉ်းမြောင်းသွားကြလေသည်။

ဒါက ထင်ယောင်ထင်မှားဖြစ်စေတဲ့အခင်းအကျင်းမဟုတ်ဘူးလား?

ထင်ယောင်ထင်မှားဖြစ်စေတာထက်ကို ကျော်လွန်နေတာများဖြစ်နိုင်လား? တစ်ဖက်လူရဲ့တိုက်ခိုက်မှုကိုတောင် ချေဖျက်ပစ်နိုင်လောက်တဲ့အထိ အစွမ်းထက်တာလား?

တကယ်တော့ ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းသည် ပုံရိပ်ယောင်အခင်းအကျင်းတစ်ခုလုံးဝမဟုတ်ပေ။ ၎င်းသည် စည်းတံဆိပ်၈ခု၏စွမ်းအားကို ပေါင်းစပ်ကာ မြေ၊ ရေ၊ လေနှင့်မီးအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။ ဒါကြောင့် အခင်းအကျင်းထဲသို့ ဝင်ရောက်လာသူတိုင်းကို အခင်းအကျင်းထဲတွင် ပိတ်လှောင်ထားလိုက်ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွေ လှုပ်ရှားမှုတွေကိုလဲ ၎င်း၏ကမ္ဘာငယ်လေးထဲမှာသာ အားလုံးကိုသိမ်းဆည်းလိုက်မည်ဖြစ်သည်။ တစ်ဖက်လူ၏အင်အားကသာ အခင်းအကျင်းထက်သာလွန်မနေပါက ဘယ်သူမှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

အဖွားလီ သူမနဖူးပေါ်က ချွေးအေးများကိုသုတ်လိုက်ပြီး စိတ်ကိုပြန်တည်ငြိမ်အောင်လုပ်လိုက်သည်။

“မင်းသမီးလေး၊ ဘာမှမကြောက်နဲ့။ ဒီအခင်းအကျင်းဘယ်လောက်ပဲ အားကောင်းကောင်း ကောင်းကင်နတ်ဆိုးဂိုဏ်းက အခင်းအကျင်းလေးတစ်ခုဖြစ်နေသေးတုန်းပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးမှာ အသန်မာဆုံးဆိုလို့ အာကာပြင်ပြိုကွဲခြင်းအဆင့်ထိပဲရှိသေးတယ်။ ကျွန်တော်မျိုးမတို့ရဲ့ ကြီးမြတ်သောကျိုးက ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်နဲ့ ဘယ်လိုလုပ်များယှဉ်နိုင်မှာတဲ့လဲ? ဒီအခင်းအကျင်းကို သေချာပေါက်ဖြိုဖျက်နိုင်မှာပါ။”

“ဒါဆိုလဲ ကံကောင်းပါစေ အဖွားလီ။”

….

တစ်ခဏကြာပြီးနောက်မှာတော့ အဖွားလီ၏မျက်နှာမှာ ဖယောင်းသားလိုဖြူဖျော့လို့နေခဲ့ပေပြီ။

ကျီဝူရှားလဲ စိတ်ဓါတ်ကျသလိုဖြစ်လာခဲ့သည်။

ဘာလုပ်လုပ် အလုပ်မဖြစ်ပါလား။

တိုက်ခိုက်တာပဲဖြစ်ဖြစ် ထွက်ပြေးဖို့လုပ်တာပဲဖြစ်ဖြစ်၊ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်က လွတ်မြောက်ခြင်းနည်းလမ်းကို အဖွားလီထုတ်သုံးခဲ့တာတောင်မှ အခုထိ အခင်းအကျင်းထဲက မလွတ်မြောက်နိုင်သေးပေ။

အဆိုးဆုံးကတော့ သူမခမည်းတော် သူမကိုလက်ဆောင်ပေးထားသည့် သူ့အကူအညီလိုလျှင် စာပို့လွှတ်နိုင်သော လျှို့ဝှက်ရတနာကိုပင် သူမအသုံးမပြုနိုင်ခဲ့ခြင်းပင်။

သူတို့ ဒီကမ္ဘာငယ်လေးထဲမှာ လုံးဝပိတ်မိနေကြပြီပဲ။

ဒီအခင်းအကျင်းက ဒီလောက်အထိအန္တရာယ်များမှန်းသာ သိနေခဲ့ရင် ဝင်တောင်ဝင်ရဲခဲ့ကြမည်မဟုတ်ပေ။

သူတို့စိတ်ဓါတ်ကျနေစဉ်မှာပဲ တောင်ပေါ်ကနေပြီး မရင်းနှီးသည့်အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“မင်းတို့ ကစားလို့ဝပြီလား?”

နှစ်ယောက်လုံး အံ့ဩသွားကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ လုရှောင်ယန်တစ်ယောက် လက်နောက်ပစ်ကာ သူတို့ဆီအေးအေးဆေးဆေးလျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။

“ဘယ်လိုလုပ်?!”

နှစ်ယောက်လုံး တုန်လှုပ်သွားကာ အံ့ဩထိတ်လန့်ခြင်းနှင့်အတူ သတိချပ်သည့်အနေအထားတို့က မျက်လုံးများထဲတွင် ပေါ်လွင်လာခဲ့သည်။

ဒီအခင်းအကျင်းက အရမ်းအားကောင်းလွန်းလို့ ဖန်တီးမှုနယ်ပယ်ရောက်နေသည့် အဖွားလီတောင်မှ ချိုးဖောက်လို့မရခဲ့ပေ။ ဒါတောင်မှ လုရောင်ယန်က အခင်းအကျင်းထဲမှ လွတ်လွတ်လပ်လပ်လျှောက်သွားနေနိုင်တယ်လား!

“မင်းသမီးလေး၊ သတိထားပါ။ ဒီလူရဲ့ကျင့်ကြံဆင့်က အရမ်းအားကောင်းတယ်။”

အဖွားလီက ကျီဝူရှားကို သူမနောက်တွင် ကာကွယ်ပေးလိုက်ကာ လုရှောင်ယန်ကလဲ သူတို့နားရောက်လာခဲ့သည်။

“မင်းဘာလုပ်ချင်လို့လဲ?”

လုရှောင်ယန်ကတော့ သူမကိုကျော်ကာ သူမနောက်ရှိ ကျီဝူရှားကို ကြည့်လိုက်လေသည်။

“မင်းတို့က ငါ့ပိုင်နက်ထဲလဲ ဝင်လာသေးတယ်၊ ငါ့ကိုလဲ ဘာလုပ်ချင်လဲမေးနေကြတယ်ပေါ့?”

“ဘဝင်မြင့်မနေနဲ့။ ငါတို့က ဒီထဲမတော်တဆဖြတ်မိသွားရုံပဲ။ ပြီးတော့ ငါတို့က ကြီးမြတ်သောကျိုးရဲ့ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်က။ မင်း ငါတို့ဆံတစ်ဖျားလောက်ကို ထိရဲတာနဲ့ အကျိုးဆက်ကိုခံနိုင်မှာမဟုတ်ဘူး။”

အဖွားလီက ဒေါသတကြီးတရစပ်ရွတ်သွားတာကြောင့် လုရှောင်ယန်မျက်မှောင်ကြုတ်သွားကာ သူမကိုပါးရိုက်ချပစ်လိုက်တော့သည်။

ဘန်း!

လုရှောင်ယန်၏ရိုက်အားက ပြင်းထန်လွန်းလှတာကြောင့် အဖွားလီမှာ ခြေလွတ်လက်လွတ်လွင့်ထွက်သွားကာ မနီးမဝေးမှ ကျောက်တုံးကြီးနှင့် ရိုက်မိသွားပြီး ကျောက်တုံးကြီးကိုတောင် အစိတ်စိတ်အမွှာမွှာကွဲသွားစေလေသည်။

“အဖွားလီ။”

ကျီဝူရှားထိတ်လန့်တကြီးအော်လိုက်ကာ ချက်ချင်းဆိုသလို သူမလက်ကိုယှက်လိုက်ပြီး လုရှောင်ယန်ဘက်သို့ လှည့်လိုက်သည်။

“စီနီယာ၊ ကျွန်မတို့နှစ်ယောက် ရှင့်ကိုစော်ကားမိသွားပြီ။ စီနီယာဘက်က သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးစေချင်ပါတယ်။ ကျွန်မ စီနီယာအလိုကျ လျော်ကြေးပေးပါ့မယ်။”

လုရှောင်ယန်၏အမူအရာက တည်ငြိမ်နေစဲပင်။ ဒီကောင်မလေးရဲ့ မဆိုးလှဘူးပဲ။ ဒါပေမယ့် သူ့အနေနဲ့ သူမကို သူဘယ်လောက်အင်အားကြီးကြောင်း ပြဖို့လိုနေသေးသည်။

မဟုတ်ရင် နောက်ကျ သူ့ကို သူမဆရာအဖြစ်လိုလိုလားလား ဘယ်အသိအမှတ်ပြုပါတော့မလဲ။

“မင်းအရင်စပါ။”

“အာ?”

ကျီဝူရှားကြောင်အသွားကာ နားမလည်နိုင်ဖြစ်သွားလေသည်။

ဒါကြောင့် လုရှောင်ယန်က ထပ်ပြောလိုက်သည်။

“ငါပြောတာက မင်းအရင် စတိုက်ရင်တိုက် မဟုတ်ရင် ငါမင်းကိုသတ်မယ်။”

“ဒါ-ဒါဆိုလဲ အပြစ်ပြုမိပြီ။”

ကျီဝူရှားတုန့်ဆိုင်းနေပြီးနောက် အံကိုတင်းတင်းကြိတ်ကာ သူမ၏အလယ်အလတ်ကောင်းကင်ဘုံအဆင့်ဓါးကို ထုတ်ယူလိုက်သည်။ ဓါး၏အေးစက်စက်အလင်းတပျနှင့် လုရှောင်ယန်ဘက်သို့ ဓါးဦးကိုလှည့်ကာ ထိုးလိုက်သည်။

သို့သော်!

လုရှောင်ယန်က လက်လေးနှစ်ချောင်းတည်းဖြင့် သူမဓါးကို အလွယ်လေးဆွဲယူလိုက်လေသည်။

ထိုလှုပ်ရှားမှုမျိုးက ကျီဝူရှားမျှော်ပင်မမျှော်လင့်ထားမိလောက်အောင်ကို သဘာဝကျလွန်းနေခဲ့သည်။

လုရှောင်ယန်က ဖန်တီးမှုနယ်ပယ်မှအဖွားလီကိုတောင် ချက်ချင်းအနိုင်ယူနိုင်ခဲ့တာကြောင့် သူမလို စိတ်ဝိညာဉ်အဆင့်တစ်ယောက်က သူ့ကို ရှပ်ထိသွားဖို့တောင် မလုပ်နိုင်တာသေချာပေသည်။

ဒါကြောင့် လုရှောင်ယန် ဓါးကိုဆွဲယူလိုက်ပြီးသည်နှင့် ကျီဝူရှားလဲ သူမ၏သိုလှောင်အိတ်ထဲမှ အပြာရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ခရက်!

ဆေးလုံးကို ချေမွလိုက်သည်နှင့် လျှပ်စီးများထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပေါက်ကွဲသွားစေတော့သည်။

ထိုလျှပ်စီးတန်းက မီတာတစ်ရာပတ်လည်လောက်အထိ ပြည့်နှက်သွားစေပြီး ငှက်များအော်မြည်သံလို ပေါက်ကွဲသံများထွက်ပေါ်လာခဲ့သည်။

၎င်းဆေးလုံးသည် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်မှ မင်းသားမင်းသမီးများတွင်သာရှိသည့် ကာကွယ်ရေးဓမ္မရတနာဖြစ်သော အဆင့်မြင့်ကောင်းကင်ဘုံမိုးကြိုးဆေးလုံးဖြစ်သည်။

၎င်းဆေးလုံးကွဲကြေသွားသည်နှင့် မီတာတစ်ရာအတွင်းရှိ အနှစ်သာရခိုင်မြဲခြင်းအထွဋ်အထိပ်အဆင့်ရှိသော ဆရာကြီးများကိုတောင် ယှဉ်နိုင်သည့် စွမ်းအင်များပေါက်ကွဲထွက်လာမည်ဖြစ်သည်။

ဒီတိုက်ခိုက်မှုနဲ့ဆို လုရှောင်ယန် နည်းနည်းပါးပါးတော့ ထိခိုက်သွားလောက်ပါတယ်နော်၊ ဟုတ်လောက်လား?

သို့သော်လည်း အလင်းတန်းများပျောက်ကွယ်သွားသည်နှင့် တစ်ဖက်လူ၏အသံကို ကျီဝူရှား ထပ်ကြားလိုက်ရပြန်သည်။

“ကျွတ်-ကျွတ်၊ အဆင့်မြင့်ကောင်းကင်ဘုံမိုးကြိုးဆေးလုံးပေါ့။ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်က မင်းသမီးဆိုမှတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!”

ကျီဝူရှား၏သူငယ်အိမ်များကျဉ်းမြောင်းသွားကာ သူမတစ်ကိုယ်လုံးကရှိသမျှအမွေးတွေ ထောင်ထသွားသလိုခံစားလိုက်ရသည်။

“ဘယ်-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

မိုးကြိုးဆေးလုံးကတောင်မှ တစ်ဖက်လူကို ထိခိုက်အောင်မလုပ်နိုင်ဘူးပေါ့။ ဒီလူဘယ်လောက်တောင် အင်အားကြီးရတာလဲ?

ဒီနေရာက ကောင်းကင်နတ်ဆိုးဂိုဏ်းတော့ ဟုတ်ပါတယ်နော်?

ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ အင်အားအကြီးဆုံးက အာကာပြင်ပြိုကွဲခြင်းအဆင့်မဟုတ်ဘူးလား?

ဒီလူက အနှစ်သာရခိုင်မြဲခြင်းအထွဋ်အထိပ်အဆင့်ကိုတိုက်ခိုက်နိုင်တဲ့ စွမ်းအားမျိုးကိုတောင် ခုခံနိုင်နေတာလား?

တကယ်တော့ ဤအခင်းအကျင်းထဲတွင် တစ်စုံတစ်ယောက်က အခင်းအကျင်းကိုဖျက်စီးဖို့ရန် အားသုံးနေလို့အသုံးမဝင်တာကြောင့် လုရှောင်ယန်ကို ထိခိုက်ဖို့ဆိုသည်က အိပ်မက်မက်နေရုံသာရှိပေမည်။

ခဏကြာပြီးနောက် အလင်းတန်းတွေအားလုံးပျောက်ကွယ်သွားကာ လုရှောင်ယန်လဲ သူမရှေ့ပြန်ပေါ်လာခဲ့သည်။

နည်းနည်းလေးတောင် ထိခိုက်သွားတာမရှိဘူးပဲ။

ကျီဝူရှား ပါးစပ်တောင်မဟနိုင်တော့ပေ။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမပြန်မတိုက်နိုင်ခင် လုရှောင်ယန်က သူ့လက်ကိုမြှောက်လာကာ သူမခေါင်းကိုခပ်ဖွဖွတောက်လိုက်လေသည်။

“ငါ့အလှည့်ပဲ။”

ဘန်း!

သူမခေါင်းထက်မှအားက ပြင်းထန်လွန်းလှတာကြောင့် ကျီဝူရှားတစ်ယောက် မျက်စံလည်ကာ သတိမေ့သွားတော့သည်။

လုရှောင်ယန်လဲ ကြက်သေသေသွားကာ ရှက်ကိုးရှက်ကန်းနှင့် နှာခေါင်းသာ ခပ်ဖွဖွပွတ်လိုက်လေသည်။

“ငါက အဆင့်သေးလေးနှစ်ဆင့်တက်လိုက်ရုံပါ။ အားက အရမ်းများလာတာပဲ။ ရုတ်တရက်ဆိုတော့ ငါ့အားကို မထိန်းချုပ်နိုင်လိုက်ဘူး။”

ထို့နောက် သူ့ခေါင်းကို ဖြည်းညှင်းစွာယမ်းလိုက်လေသည်။

“ထားလိုက်ပါတော့။ ငါ့တပည့်ကို ဒီအခင်းအကျင်းထဲမှာ ထားခဲ့လို့မှမဖြစ်တာ။ အရင်ခေါ်သွားလိုက်ဦးမယ်။”

လုရှောင်ယန် တစ်ကိုယ်တည်းစကားပြောလို့ပြီးသည်နှင့် သူလက်များဖြင့် ကျီဝူရှား၏ခါးမှတဆင့် ပွေ့ချီလိုက်သည်။ သူထွက်သွားတော့မည်လုပ်ပြီးကာမှ ခပ်လှမ်းလှမ်းတွင် သတိလစ်နေသည့် အဖွားလီဘက်ကို လှည့်ကြည့်လိုက်မိပြန်သည်။ ဒါနဲ့ သူလက်ကို ဆန့်ထုတ်လိုက်ကာ အဖွားလီ၏ပုခုံးမှနေ ဆွဲယူလိုက်ပြီး တောင်ပေါ်သို့ ပျံသန်းကာ ထွက်သွားလေတော့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၉ အလောင်းအစား

ကျီဝူရှားနှင့်အဖွားလီတို့ကို လုရှောင်ယန် မြန်မြန်ဆန်ဆန်ပဲ တောင်ထိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ယွင်လီကော ကျင့်ကြံလို့ပြီး၍ သူ့အခန်းထဲကထွက်လာချိန်မှာပဲ သူ့ဆရာပြန်လာသည်ကို မြင်လိုက်ရသည်။ ဒါ့အပြင် သူ့ဆရာက တစ်ဖက်တွင် မိန်းမလှလေးတစ်ယောက်ကို ပွေ့ထားပြီး နောက်တစ်ဖက်က အသက်ကြီးကြီးအဖွားတစ်ယောက်ကိုလဲ ဆွဲထားသေးသည်။

ရုတ်တရက်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ယွင်လီကော၏မျက်နှာမှာ မူမမှန်စွာ ပြောင်းလဲသွားလေ၏။

သူ့ဆရာမှာ ဒီလိုဝါသနာမျိုးရှိတာလား?

ဒါက နည်းနည်းတော့ လူမဆန်ရာကျမနေဘူးလား? လူကြီးလူကောင်းအမှန်သာဆို ဒါမျိုးလုပ်မှာမဟုတ်ဘူး။

သို့သော်လည်း တစ်ဖက်လူက သူ့ဆရာသခင်ဖြစ်နေကာ သူ့အတွက် ကျေးဇူးကြီးမားသူဖြစ်နေသည်။ ဒါကြောင့် သူတစ်ခုခုထုတ်ပြောလိုက်ဖို့ မသင့်တော်လှပေ။

“ဆရာ့ကို နှုတ်ဆက်ပါတယ်။”

ယွင်လီကော ဦးညွှတ်နှုတ်ဆက်လိုက်ကာ လုရှောင်ယန်လဲ ခေါင်းညိတ်လက်ခံလိုက်သည်။

“အတော်ပဲ၊ ဒီအသက်ကြီးတဲ့တစ်ယောက်ကို မင်းနဲ့ထားခဲ့လိုက်တော့မယ်။”

“အာ? ဆရာ… ကျွန်တော်မလုပ်နိုင်လောက်ဘူး။”

“ဘာမလုပ်နိုင်စရာရှိလဲ။ ဒီဆရာမင်းကို ယုံတယ်!”

လုရှောင်ယန် ပြောပြီးသည်နှင့် အဖွားလီကို ယွင်လီကောရှေ့ပစ်ချပေးခဲ့ကာ သူကတော့ ကျီဝူရှားကို သူ့အခန်းဆီခေါ်သွားလေသည်။

ယွင်လီကောမှာ သူ့ရှေ့ရှိအဖွားကြီးကိုကြည့်ရင်း မျက်နှာက မည်းမှောင်လာတော့သည်။

သူ့ဆရာ မိန်းမတစ်ယောက်ကိုမဖွယ်မရာလုပ်ခိုင်းသည့်အတွက် လုရှောင်ယွင် အလွန်ရှက်နေပေပြီ။ အစကတော့ သူ့ဆရာလုပ်မည့်ကိစ္စကို လျစ်လျူရှုထားဖို့စိတ်ကူးခဲ့သည်။ သို့သော် အခုကျ သူ့ဆရာက သူ့ကိုအသက်ကြီးတဲ့တစ်ယောက်ကိုမှ ပေးလာတယ်လား။

သူ့မျက်နှာပေါ်တွင် အနက်ရောင်လှိုင်းများပြန့်ကျဲနေတော့သည်။ သူမကိုကြည့်ရုံနဲ့တောင်မှ အန်ချင်လာတာလေ။ ဘယ်လိုလုပ် အဲ့လိုကိစ္စများဆောင်ရွက်နိုင်ပါ့မလဲ? မိုးနတ်မင်းကြီးရေ သူ့တစ်ဘဝလုံး အိပ်မက်ဆိုးကြီးထင်ကျန်ရစ်ခဲ့တော့မှာပဲ။

သို့ပေမည့် ရုတ်တရက် ယွင်လီကော သူ့ပါးသူပြန်ရိုက်လိုက်သည်။

“ယွင်လီကော၊ မင်းဘယ်လိုတွေတောင် တွေးနေရတာလဲ? ဆရာက မင်းရဲ့ကျေးဇူးရှင်ပဲ။ သူကြောင့် မင်းကျင့်ကြံခြင်းလမ်းစဉ်အပေါ် ခြေပြန်လှမ်းနိုင်ခဲ့ပြီး သိုင်းဘုရင်အဆင့်ကျင့်စဉ်ကိုလဲ ကျင့်ကြံနိုင်ခဲ့တာ။ အခု သူက မင်းကို ဒီအဖွားကြီးနဲ့လုပ်ဖို့ ပြောလာရုံပြောလာတာလေ။ မင်းကဘာတွေငြင်းဆန်နေတာလဲ? မင်းလူရောဟုတ်ရဲ့လား? မင်းက ဆရာ့ရဲ့အပင်ပန်းခံပြုစုပျိုးထောင်မှုနဲ့ ထိုက်ရောထိုက်တန်သေးရဲ့လား?”

“ပြီးတော့ သူက နည်းနည်းလေးအသက်ကြီးနေရုံပဲမဟုတ်ဘူးလား? သူ့မျက်နှာကိုအုပ်ပြီး မီးတွေမှိတ်ထားလိုက်သ၍ အတူတူပါပဲ။”

ထို့နောက် ယွင်လီကော အဖွားလီအားသို့လျှောက်သွားကာ မျက်နှာကို ငုံ့ကြည့်လိုက်သည်။

“အား! ငါသည်းမခံနိုင်ဘူး!”

………

တကယ်တော့ လုရှောင်ယန်က ယွင်လီကောအား အဖွားလီကို တစ်ခုခုလုပ်စေချင်နောမဟုတ်ပေ။ သူက သူ့တပည့်အား အဖွားလီကို စောင့်ကြည့်ထားဖို့ပြောချင်ရုံသာဖြစ်သည်။

ထိုအချိန်မှာပဲ လုရှောင်ယန်ကတော့ သူ့အခန်းထဲပြန်ဝင်လာပြီး ကျီဝူရှား မြန်မြန်သတိရလာစေရန် ဆေးတစ်လုံးတိုက်လိုက်သည်။

ကျီဝူရှား လှုပ်ရှားလာကာ မျက်လုံးများပွင့်လာခဲ့သည်။ သူမျက်လုံးဖွင့်ဖွင့်ချင်း လုရှောင်ယန်၏မျက်နှာကို နီးနီးကပ်ကပ်ကြီးမြင်လိုက်ရတာကြောင့် သူမကိုယ်သူမ မထိန်းနိုင်စွာ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာခဲ့သည်။

ရုပ်ရည်ကြည့်ကောင်းသည့်ယောက်ျား ထောင်ပေါင်းများစွာရှိသည်မှန်သော်လည်း ထိုထဲမှ အနည်းတကာ့အနည်းစုသည်သာ အလွန်ကြည့်ကောင်းကြပေသည်။

သို့သော်လည်း လုရှောင်ယန်၏ရုပ်ရည်ကြောင့် ကျီဝူရှား စက္ကန့်ပိုင်းလောက်သာ မှင်သက်သွားခဲ့ပြီး ချက်ချင်းအသိပြန်ဝင်သွားလေသည်။

ဒီလူက ကြည်ကောင်းရုံတင်မကဘူး အရမ်းအရမ်းကိုလဲ အန္တရာယ်များတဲ့လူပဲ။

ထိုသို့တွေးမိသည်နှင့် ကျီဝူရှား ချက်ချင်းထလိုက်ကာ လုရှောင်ယန်ရှေ့ဒူးထောက်ချလိုက်သည်။

“စီနီယာ၊ သဘောထားကြီးပေးပါ။ စီနီယာရဲ့နယ်မြေထဲ ကျူးကျော်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။”

လုရှောင်ယန် သူမကိုတစ်ချက်ကြည့်လိုက်ပြီး ထူးမခြားနားစွာပြန်ပြောလိုက်သည်။ “မင်းဦးဏှောက်က တစ်ခုခုများချို့ယွင်းနေတာလား။ မင်းကသာ ငါ့ကို မင်းရဲ့အဆင့်အတန်းကိုသုံးပြီး အော်ခဲ့တဲ့သူမဟုတ်ဘူးလား။”

ကျီဝူရှား၏မျက်နှာချက်ချင်းနီရဲသွားတော့သည်။

“ကျွန်မက အင်အားကြီးချင်ခဲ့ပေမယ့် နည်းလမ်းမရှိခဲ့လိုပါ။ ဒါကြောင့် ရွေးချယ်စရာမရှိဘဲ ကျီရွှေ့တောင်ကို လာခဲ့ရတာပါ။ အခု စီနီယာကိုအနှောင့်အယှက်ပေးမိသွားတဲ့အတွက် စီနီယာကပဲ သနားညှာတာပေးပါ။”

“ဒါဆို သက်သေလိုက်။”

“အာ?”

ရုတ်တရက်အခြေအနေကြောင့် ကျီဝူရှား မျက်လုံးတွေပြူးကျယ်သွားလေသည်။ လုရှောင်ယန် ဤကဲ့သို့တောင်းဆိုချက်မျိုးပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

“ဘာလဲ? မင်းကိုယ့်ဘာသာ မသက်သေရဲဘူးလား? ဒါဆို ငါတို့ဘာလုပ်သင့်တယ်လို့ထင်လဲ?”

ကျီဝူရှား၏သွယ်လျလျကိုယ်ထည်လေးမှာ တုန်ရီသွားရလေသည်။ တစ်ဖက်လူက သူမအဆင့်အတန်းကိုသိနေတာတောင်မှ ဒီလိုတောင်းဆိုချက်ကမျိုးလုပ်လာရဲသေးသည်။ ဒီတော့ သေချာပေါက် ခရမ်းရောင်ငြိမ်းချမ်းရေးနန်းတော်ကို မကြောက်ဘူးလို့ ဆိုလိုလိုက်တာပဲမဟုတ်လား။

ကြည့်ရတာ ဒီတစ်ခေါက်ကတော့ သူမတကယ်ပြဿနာကြီးတက်ပြီပဲ။

ကျီဝူရှား အလွန်အမင်းနောင်တရနေသော်လည်း လုရှောင်ယန်ကိုတော့ အပြစ်မတင်ပေ။ တကယ်တမ်း သူမကသာ လုရှောင်ယန်၏ပိုင်နက်ထဲ ကျူးကျော်ခဲ့သူမဟုတ်လား။

ဒါပေမယ့် အခုကစလို့ သူမလိုချင်သည့် ကြီးမြတ်သောတာအိုသို့လျှောက်လှမ်းဖို့ ဆက်ကြီးကြိုးစားနိုင်တော့မည်မဟုတ်ပေ။

“စီနီယာ၊ တကယ်ပဲ… ဒီနည်းလမ်းကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလား?”

လုရှောင်ယန် ပြန်ဖြေပေးခြင်းမရှိဘဲ သူမကို အေးစက်စက်သာ စိုက်ကြည့်နေလိုက်သည်။ အစောပိုင်းက အခင်းအကျင်းထဲတွင် သူမ၏ခွန်အားကို သူစမ်းသပ်ခဲ့လေသည်။

အခုတော့ ဒီကောင်မလေး ဘယ်လောက်သတ္တိရှိလဲဆိုတာကို သူ မြင်ချင်မိသည်။

သူတိတ်ဆိနေသည်ကိုမြင်တော့ ကျီဝူရှားလဲ သူမတွင် အခြားရွေးချယ်စရာမရှိတော့ကြောင်း သိသွားခဲ့ရသည်။

တစ်ဖက်လူက အလွန်အင်အားကြီးလွန်းတာကြောင့် သူမတန်ပြန်တိုက်ခိုက်ဖို့လဲ မဖြစ်နိုင်ပေ။

ကျီဝူရှား လက်သီးများကို တင်းတင်းဆုပ်ရင်း အချိန်အတော်ကြာသည်အထိ လွန်ဆွဲနေမိသည်။ နောက်ဆုံးမှာတော့ သူမသိုလှောင်အိတ်ထဲက ဓားတိုတစ်ချောင်းကို ထုတ်ယူလိုက်တော့၏။

သူမမှာ အခြားရွေးချယ်စရာမရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသေရတော့မယ်ဆိုရင်တောင် အနည်းဆုံးတော့ အဖွားလီအသက်ရှင်ခွင့်ရသွားအောင်တော့ ကူညီပေးခဲ့ချင်သေးသည်။

ပြောရရင် အဖွားလီကို မီးတွင်းထဲဆွဲသွင်းခဲ့သည့်လူက သူမပဲလေ။

“စီနီယာ၊ ကျွန်မ ခဏတာသတိလက်လွတ်ဖြစ်မိသွားပါတယ်။ အခွင့်အရေးနောက်ကိုလိုက်ရင်း စီနီယာရဲ့ပိုင်နက်ထဲ ကျူးကျော်မိသွားတဲ့အတွက် သေချာပေါက် အပြစ်ပေးခံသင့်ပါတယ်။ ဒါပေမယ့် အဖွားလီကတော့ ကျွန်မကြောင့် ရောက်လာခဲ့ရတဲ့သူပါ။ သူ့ကိုတော့ အပြစ်ပေးဖို့မသင့်ပါဘူး။ စီနီယာ စိတ်ပြေစေဖို့ ကျွန်မသေပေးရမယ်ဆိုရင်လဲ ကျွန်မလိုလိုလားလား သက်သေပေးပါ့မယ်။ ဒါပေမယ့် အဖွားလီကိုတော့ စီနီယာလွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”

ထို့နောက် ကျီဝူရှား အံကိုတင်းတင်းကြိတ်ကာ ဓားလက်ကိုင်ရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ပြီး သူမဒန်ထျန်သို့ ထိုးစိုက်လိုက်သည်။

သို့သော် ဓားဖျားက သူမ၏ခါးစည်းကို တစ်စီတီမီတာခန့်အထိ ထိုးဖောက်ပြီးချိန်မှာပဲ လုရှောင်ယန်၏အသံက ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။

“ကောင်းပြီ၊ မင်းအောင်သွားပြီ။”

ကျီဝူရှား ကြောင်အကာ နားမလည်ခြင်းများဖြင့် လုရှောင်ယန်ကို မော့ကြည့်လိုက်သည်။ သူဘာတွေပြောနေမှန်း သူမနားမလည်နိုင်ပေ။

လုရှောင်ယန်က ဆက်ပြီး၊ “ငါက မင်းတကယ်စိတ်ရင်းအမှန်နဲ့ တောင်းပန်နေတာလား ဟန်ဆောင်နေတာလား သိချင်ရုံပါ။”

“မင်းဒီကို အခွင့်ကောင်းတွေရှာဖွေဖို့လာခဲ့တာလို့ ပြောတယ်မဟုတ်လား? မင်းအတွက်အခွင့်ကောင်းက မင်းရှေ့မှာရှိနေပြီလေ။ ဒီတော့ ငါ့ကို မင်းဆရာအဖြစ် အသိအမှတ်ပြုလိုက်။”

“အာ?”

ကျီဝူရှား ပို၍ပင်ဆွံ့အသွားတော့သည်။

ဘာလို့ ငါက သူ့ကိုဆရာအဖြစ်သတ်မှတ်ရမှာလဲ?

သူမ၏ဘာကိုမှမသိနားမလည်သည့် ချစ်စရာအသွင်အပြင်ကြောင့် လုရှောင်ယန် ကူကယ်ရာမဲ့စွာ ခေါင်းသာယမ်းလိုက်မိတော့သည်။

“မင်းကိုယ်မင်း တိုးတက်အောင်လုပ်ပြီး မင်းအရှက်ရခဲ့တာတွေကို ပြန်ဖယ်ရှားနိုင်ဖို့ မင်းရဲ့အရင်စေ့စပ်ထားသူကို ပြန်တွန်းလှန်ဖို့အတွက် အခွင့်အလမ်းကောင်းရှာဖို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို လာခဲ့တာမဟုတ်ဘူးလား? ငါ့တပည့်ဖြစ်လာလိုက်ရုံနဲ့ မင်းသူ့ကိုအနိုင်ယူနိုင်မယ့်အခွင့်ရေးရှိလာမှာ။ မဟုတ်ရင်တော့ မင်းဘာသာ သိုင်းဘုရင်အဆင့်အမွေအနှစ်ရခဲ့ရင်တောင် သူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ငါပြောတာယုံလား?”

ကျီဝူရှား၏နှလုံးသားက ရူးသွပ်စွာ ခုန်လှုပ်လို့သွားတော့သည်။

သူမ၏အရှက်ရခဲ့မှုအပေါ် ပြန်ပြီးလက်စားချေချင်နေသည်အား သိထားသူသိပ်မများပေ။ ဒါပေါ့ ခန့်မှန်းချင်ရင်တော့ ရတာပေါ့။

ဒါပေမယ့် လုရှောင်ယန်က ဘယ်လိုလုပ်သိနေတာလား? ပြီးတော့ သူနေတဲ့နေရာက တော်ဝင်နန်းတော်နဲ့ ဒီလောက်ဝေးတာကို။

ဒါနဲ့ လုရှောင်ယန်ရဲ့စကားတွေက နည်းနည်းလေးထောင်လွှားလွန်းရာ ရောက်မနေဘူးလား? သိုင်းဘုရင်အဆင့်အမွေအနှစ်ကို တကယ်ကြီးထည့်ပြောရဲတာလား။ ပြီးတော့ သူမသိုင်းဘုရင်အဆင့်အမွေအနှစ်ရင်တောင်မှ သူမအရှက်တရားကို မဆေးကြောနိုင်ဘူးလို့တောင် ပြောလိုက်သေးတယ်ပေါ့?

သိထားရမှာက သိုင်းဘုရင်အဆင့်အမွေအနှစ်ကိုရလိုက်ပြီဆို အဲ့လူက တစ်ချိန်ချိန်မှာ သိုင်းဘုရင်ထိပ်တန်းအဆင့်ကိုမရောက်နိုင်ခဲ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ သိုင်းဘုရင်တစ်ပိုင်းအဆင့်ကိုရောက်မည်သာဖြစ်သည်!

လုရှောင်ယန်က သူမဘာကိုမှထိတ်လန့်ပြနေစရာအကြောင်းမရှိသလိုမျိုး သူ့လက်ကိုယမ်းလိုက်ကာ ဆက်ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ်၊ ငါမင်းကိုပြောပြပြီးပြီ။ မင်းမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။”

“ပထမက မင်းရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ဆက်တိုက်ကြိုးစားသွားရမယ်။ ပြီးရင် မင်းရဲ့အရင်စေ့စပ်ထားသူက ပိုပိုပြီးသန်မာလာပြီး မင်းကတော့ သူ့ကိုမျှော်သာကြည့်နိုင်နေလိမ့်မယ်။ အဆုံးမှာတော့ မင်းလဲ စိတ်ဖိစီးလွန်းပြီး သူနဲ့စေ့စပ်ပွဲကိုဖျက်ခဲ့မိတဲ့အပေါ်ကိုတောင် နောင်တတွေရလာလိမ့်မယ်။”

“ဒုတိယရွေးချယ်စရာကတော့ ငါ့ကိုမင်းရဲ့ဆရာသခင်အဖြစ် အသိအမှတ်ပြုလိုက်။ ငါ မင်း သူ့ကိုသတ်နိုင်မယ့်အခွင့်အရေး ပြန်ပေးမယ်။”

“ငါက စောင့်ရတာတွေမကြိုက်ဘူး။ မင်းမှာ ရွေးချယ်ဖို့ အသက်ဆယ်ရှိုက်စာအချိန်ရမယ်။ အခုစပြီ။”

ကျီဝူရှား ဘာစကားတစ်ခွန်းမှမပြောနိုင်လောက်အောင် ဆွံ့အနေလေသည်။

အဲ့ဒီလူက အနာဂါတ်မှာ အရမ်းအင်အားကြီးလာလိမ့်မယ်လို့ လုရှောင်ယန်က အရမ်းသေချာနေပုံပင်။ ပြီးတော့ သူမသာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ပြီး ကူကယ်ရာမဲ့လာလိမ့်မယ်ဆိုတဲ့အချက်ကိုတောင် ထောက်ပြသွားသေးတယ်။

လုရှောင်ယန် ဒီလိုတွေပြောဖို့အတွက် ဘယ်လောက်အထိတောင် ယုံကြည်မှုတွေရှိနေလဲ သူမ မသိပေမယ့်…

သူမသည် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်တွင် အလားအလာအရှိဆုံးသူ မဟုတ်မှန်းကိုတော့ သူမလဲသိသည်။ ဒါကြောင့် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်၏ အကောင်းဆုံးသောကျင့်ကြံခြင်းနည်းစနစ်ကို ရရှိလာဖို့ဆိုသည်က မဖြစ်နိုင်ပေ။

အကောင်းဆုံးကျင့်စဉ်ဆို၍ သူတော်စင်အဆင့်ကျင့်စင်ကိုသာ ရရှိပေမည်။ ဒါက သူမ၏အကြီးမားဆုံးမျှော်လင့်ချက်တစ်ခုဖြစ်သလို အကြီးမားဆုံးစိတ်ပျက်မှုလဲဖြစ်သည်။

ဒါကပဲ သူမဘာကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ အခွင့်အလမ်းကောင်းတွေလာရှာရလဲဆိုသည့် အကြောင်းအရင်းထဲက တစ်ခုဖြစ်ရသည်။

တစ်ဖက်မှာတော့ သူ့ရှေ့မှာရှိနေသည့် လုရှောင်ယန်သည် ဘယ်လိုကြည့်ကြည့် သာမာန်လူတစ်ယောက်မဟုတ်ကြောင်း ညွှန်ပြနေသည့်အချက်များစွာရှိနေခဲ့သည်။

သူပြောတာတွေက တော်တော်လေးရယ်စရာကောင်းနေတယ်ဆိုပေမယ့်ပေါ့။

ဘာပဲဖြစ်ဖြစ် သူက သူမကို ဒီထက်ပိုသန်မာလာအောင်တော့ လုပ်ပေးနိုင်စွမ်းရှိလိမ့်မည်။

ဒါက အလောင်းအစားတစ်ခုပဲ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၁၀ စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းလဲခြင်း

ကြီးမြတ်သောကျိုးနှင့် တိုက်ကြီးတစ်ခုလုံးတွင်တောင်မှ တစ်ပည့်တစ်ယောက်သည် ဆရာတစ်ယောက်ကို အသိအမှတ်ပြုလိုက်သည်နှင့် သူတို့သည် တစ်သက်တာ ဆရာ-တပည့်များဖြစ်သွားကြမည်သာ။

တစ်ဖက်လူက ရူးသွပ်ကာ နတ်ဆိုးဖြစ်သွားတာမျိုး စံသွေဖယ်သွားတာမျိုးမဖြစ်သ၍ အကျုံးဝင်ပေမည်။ ထိုသို့မဟုတ်ပါက ဘယ်တပည့်ကမှ သူတို့ရဲ့ဆရာ-တပည့်ဆက်ဆံရေးကို အဆုံးသတ်နိုင်ခြင်းမရှိပေ။

ဒါ့အပြင် လူတစ်ယောက်တွင် ဆရာအများကြီးလဲ မရှိနိုင်ပေ။ တပည့်တစ်ယောက်က နောက်ထပ်ဆရာတစ်ယောက်တင်ချင်ပါက အရင်ဆရာထံမှ ခွင့်ပြုချက်ကိုတောင်းခံဖို့လိုအပ်သည်။

အကယ်၍များ ဆရာ-တပည့်ဆက်ဆံရေးကို အင်အားသုံး ဖြတ်တောက်ခဲ့ပါက လူတိုင်း၏ပျက်ရယ်ပြုခြင်းကို ခံရပေလိမ့်မည်။

သိုင်းလောကတွင်တော့ ဆရာတစ်ယောက်၏အဆင့်အတန်းသည် သာလွန်ထူးခြားလှသည်။

ကျီဝူရှားဘက်က သဘောတူလိုက်သော်လည်း လုရှောင်ယန်ကသာ သူမလိုချင်တာကို ပေးလာနိုင်ခြင်းမရှိလျှင် သူမဆုံးရှုံးနစ်နာရပေမည်။

အကယ်၍ ကျီဝူရှားသဘောမတူလိုက်ပြန်လျှင်လဲ သူမ ခရမ်းရောင်ငြိမ်းချမ်းခြင်းတော်ဝင်နန်းတော်သို့ ညှိုးငယ်စွာပြန်ရပေလိမ့်မည်။

သို့သော်လည်း လုရှောင်ယန်၏ရက်စက်လှသည့် စကားများက သူမကိုအလွယ်တကူလက်လျှော့ကာ ပြန်သွားဖို့ခက်ခဲစေပြန်သည်။

ခဏတာ တိတ်ဆိတ်နေပြီးနောက်ဆုံးမှာတော့ ကျီဝူရှား စိတ်ပိုင်းဖြတ်နိုင်သွားခဲ့သည်။

သူမအသက်ပြင်းပြင်းတစ်ချက်ရှူကာ လုရှောင်ယန်ကို တည်ကြည်စွာကြည့်လိုက်ရင်း၊ “ကျွန်မ… ဆရာသခင်အဖြစ် အသိအမှတ်ပြုပါတယ်။”

လုရှောင်ယန်၏ခွန်အားသည် ဖန်တီးမှုနယ်ပယ်ထက်ကျော်လွန်သည်။ တော်ဝင်နန်းတော်တွင်တောင်မှ သူ့ခွန်အားသည် ထူးချွန်သည်ဟု သတ်မှတ်၍ရသည့်ထဲပါလေသည်။

ဒါ့အပြင် သူက ဒီလောက်ထိ အဆမတန်အားကောင်းလွန်းသောအခင်းအကျင်းကိုလဲ တည်ဆောက်နိုင်သူဖြစ်တာကြောင့် သေချာပေါက် သာမာန်လူတစ်ယောက်မဟုတ်ပေ။

နောက်ဆုံးအချက်အနေနဲ့ကတော့ သူမအကြောင်းတွေကို သူသိနေခဲ့သည်။

ဒါကြောင့် ကျီဝူရှား အလောင်းအစားတစ်ခုကို လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

[ဒင်… SSအဆင့်တပည့်ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ သခင်။ ဆုလက်ဆောင်: ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်စဉ် - စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်း။ ဆုလက်ဆောင် : ထိပ်တန်းအဆင့်ဧကရာဇ်လက်နက် - ဇာမဏီအရိပ်မဲ့]

လုရှောင်ယန်၏နှုတ်ခမ်းများ ကွေးတက်သွားခဲ့သည်။

သူ့အကြည့်တစ်ချက်နဲ့တင်ကို အားလုံးက ပစ္စည်းကောင်းတွေမှန်း သိနိုင်ပေသည်။ စိတ်မကောင်းစရာက စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းသည် အမျိုးသမီးတွေသာ ကျင့်ကြံနိုင်ခြင်းဖြစ်၍ သူကျင့်လို့မရပြန်ပေ။ ဒီတော့ ထိုကျင့်စဉ်ကို ကျီဝူရှားကိုသာ ကျင့်ခိုင်းနိုင်ပေတော့မည်။

သူ့ဘာသာကျင့်ကြံနိုင်လို့ကတော့ သူ့ကျင့်ကြံနှုန်းက ကျီဝူရှားထက် သေချာပေါက်ကို ပိုမြန်ပေလိမ့်မည်။

ပြောရရင် ပင်ကိုစွမ်းရည်မှာတော့ ဘယ်သူမှ သူကိုမယှဉ်နိုင်ပေ။

သူလဲ အေးအေးဆေးဆေးထိုင်နေရင်း တခြားလူတွေကိုသာ သူ့အတွက်လုပ်စေဖို့ ဆုံးဖြတ်လိုက်လေသည်။

“ကောင်းပြီ၊ မင်းက ငါ့ကိုမင်းရဲ့ဆရာသခင်အဖြစ် အသိအမှတ်ပြုမှတော့ ဒီနေ့ကစလို့ မင်းက ငါ့ရဲ့ဒုတိယမြောက်တပည့်ဖြစ်သွားပြီ။”

ကျီဝူရှားမှင်သေသွားလေသည်။

“ဆရာ့မှာ တပည့်တစ်ယောက်ပဲရှိတာလား?”

လုရှောင်ယန် ခေါင်းညိတ်ပြလိုက်ကာ၊ “ဟုတ်တယ်။ မင်းမှာ ယွင်လီကောလို့ခေါ်တဲ့ စီနီယာအစ်ကိုတစ်ယောက်ရှိတယ်။”

ကျီဝူရှား ဘာမှပြန်မပြောသော်လည်း သူမအမူအရာကတော့ ပုံမှန်မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းဆရာသခင်တစ်ယောက်ဖြစ်ပြီး တပည့်နှစ်ယောက်တည်း ရှိတာလား။ ဒီလိုဂုဏ်သတင်းနိမ့်ပုံမျိုးနဲ့ဆို သူလူကောင်းတစ်ယောက်ကို သင်ပေးနိုင်ပါ့မလား?

ရုတ်တရက် သူမအလျင်စလို ဆုံးဖြတ်လိုက်သည့်အပေါ် နောင်တရလာတော့သည်။

သူမအတွေးတွေကို ထိုးထွင်းမြင်နေနိုင်သည့် လုရှောင်ယန်ကတော့ ပြုံးသာပြုံးလိုက်လေသည်။ “တပည့်အရေအတွက်ထက် အရည်အချင်းကအဓိကပဲ။ ငါ့ရဲ့တပည့်တိုင်းက တစ်သန်းမှာတစ်ယောက်ဆိုတဲ့လူတွေပဲ။ သိုင်းဘုရင်အဆင့်ကိုရောက်နိုင်မယ့်အလားအလာမရှိတဲ့သူကို ငါလက်မခံဘူး။”

ကျီဝူရှား၏နှုတ်ခမ်းစွန်းများ တွန့်သွားပြန်သည်။ လာပြန်ပြီ ဒီစကားတွေ!

သူမအမူအရာကိုကြည့်ယုံဖြင့် သူကိုမယုံကြည်သေးမှန်း လုရှောင်ယန်သိလိုက်သည်။

သူထပ်ပြီးလဲ အများကြီးရှင်းပြနေချင်စိတ်မရှိတော့သလို ရှင်းပြနေလို့လဲ အပိုပဲဖြစ်မည်။ ဒါကြောင့် သူ့လက်ချောင်းကို ဆန့်လိုက်ပြီး ကျီဝူရှား၏မျက်ခုံးနှစ်ခုကြား နေရာလွတ်သို့ စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်း ကျင့်စဉ်ကို ထည့်ပေးလိုက်လေသည်။

“ဒါက ငါမင်းအတွက်ရွေးချယ်ပေးထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ။”

ကျင့်ကြံခြင်းနည်းစနစ်က သူမစိတ်ထဲသို့ဝင်ရောက်သွားသည်။ သူမသာမာန်ကာလျှံကာကြည့်လိုက်ကာ စိတ်ထဲကနေပြီး ရေရွတ်လိုက်သည်။ ‘ဒါကောင်းကင်ဘုံအဆင့်ကျင့်စဉ်များလား?’

သူမလက်ရှိကျင့်နေတာကလဲ ကောင်းကင်ဘုံအဆင့်ကျင့်စဉ်တစ်ခုပင်ဖြစ်သည်။

သူမမှာဆို ထိုအဆင့်ကျင့်စဉ်များ အများကြီးတောင်မှရှိသေးသည်။

ခရမ်းရောင်ငြိမ်းချမ်းခြင်းတော်ဝင်နန်းတော်၏မင်းသမီးတစ်ပါးဖြစ်တာကြောင့် သူမတွင် ထိုအဆင့်ရှိအရင်းအမြစ်မျိုးက မရှားပါးပေ။

နေပါဦး!

စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်း၏ အဆင့်ကိုရှင်းရှင်းလင်းလင်းမြင်သွားချိန်မှာတော့ သူမ၏လှပေသောမျက်ဝန်းလေးများ ချက်ချင်းပြူးကျယ်ဝိုင်းစက်သွားသည်မှာ သရဲတစ်ကောင်ကို မြင်လိုက်သလိုပင်။

“ထိပ်-ထိပ်တန်း သိုင်းဘုရင်အဆင့်? ကောင်းကင်ဘုံမဟုတ်ဘဲလေ၊ အိပ်မက်များမက်နေမိတာလား?”

တိုက်ကြီးတစ်ခုလုံး၏ ထိပ်တန်းအဆင့်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သော သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခုသည် ဇာမဏီငှက်မွေးလို ချီလင်ဂျိုလိုမျိုး ရှားပါသည်ဟု ပြောနိုင်ပေသည်။

သိုင်းဘုရင်အဆင့်ကျင့်စဉ်တိုင်းသည် တိုက်ကြီးတစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်နိုင်စွမ်းမျိုးရှိသည်။

သူမဘဝတစ်လျှောက်လုံး သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခုရရှိနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။ အလွန်ဆုံးမှ ခရမ်းရောင်ငြိမ်းချမ်းခြင်းတော်ဝင်နန်းတော်တွင် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့သော သူတော်စင်အလယ်အလတ်အဆင့်ကျင့်စဉ်လောက်ကိုသာ မှန်းရဲလေသည်။

သို့သော်လည်း လုရှောင်ယန်ကတော့ဖြင့် သူမကိုတကယ်ပြီး သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်တစ်ခုကို ပေးလာခဲ့သည်။ ဒါက သူမ၏လောကအမြင်အားကို ကျိုးပျက်သွားစေပြီး ဘာကိုမှမတွေးရဲတော့လောက်အောင်ကို လုပ်ပစ်လေသည်။

လုရှောင်ယန်ကတော့ ဘေးတွင်ရပ်နေကာ သူ့တပည့်အသစ်လေး၏အမူအရာကိုကြည့်နေရင်း စိတ်ထဲကျိတ်ပျော်နေခဲ့သည်။

သူမသံသယတွေက တကယ်တမ်းမှားယွင်းနေကြောင်း သက်သေပြနိုင်သွားခဲ့၍ လုရှောင်ယန် ကျေနပ်နေလေသည်။

သို့သော် ကျီဝူရှား ကျေးဇူးတင်ဖို့အခွင့်မရနိုင်ခင်မှာပဲ ရုတ်တရက် အပြင်ဘက်မှ ပေါက်ကွဲသံတစ်သံထွက်ပေါ်လာခဲ့သည်။

“မိမစစ်ဖမစစ်ကောင် ငါမင်းကိုသတ်ပစ်မယ်!”

“ဆရာရေ ကယ်ပါဦး!”

ထိုအသံကြောင့် လုရှောင်ယန် မျက်မှောင်ကြုတ်သွားကာ သူ့နေရာကနေ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာချိန်မှာတော့ အပြင်ဘက်သို့ရောက်နေပေပြီ။

ထိုအချိန်မှာပဲ အဖွားလီက လျှပ်စီးလိုအလျင်ဖြင့် တိုက်ခိုက်လာခဲ့သည်။ သူမ၏အော်ရာက လျှပ်စီးနှင့်ပင်တူကာ အလွန်ဒေါသထွက်နေသည့်ဘီလူတစ်ကောင်လိုမျိုး ယွင်လီကောထံ ပြေးဝင်သွားသည်။

သူမသည် ဖန်တီးမှုနယ်ပယ်ထိပ်တန်းအဆင့်တွင်ရှိကာ ယွင်လီကောကတော့ဖြင့် အခုမှ ဆရာသခင်အဆင့်ပြီးပြည့်စုံသည့်၁၀ဆင့်မြောက်သို့ရောက်ရှိရုံသာရှိသေးသည်။

သူတို့နှစ်ယောက်ကြားက အင်အားကွာခြားချက်မှာ လွန်စွာကြီးမားလှကာ သူမတစ်ချက်လှုပ်ရုံဖြင့် ယွင်လီကော သေသွားနိုင်ပေသည်။

လုရှောင်ယန်၏မျက်လုံးများကျဉ်းမြောင်းသွားပြီး ချက်ချင်းဆိုသလို သူတို့နှစ်ယောက်အလယ်သို့ရောက်ရှိသွားခဲ့သည်။

သူကများ ယွင်လီကောကိုသတ်ချင်တယ်တဲ့လား? ငါ့ရဲ့အဖိုးတန်တပည့်လေးကိုလေ။

“ရပ်စမ်း။”

လုရှောင်ယန်အော်လိုက်ကာ ရှေးဟောင်းအင်ပါယာကျမ်းကို လှည့်ပတ်လိုက်သည်နှင့် သူ့အော်ရာက ချက်ချင်းပြေးထွက်သွားတော့သည်။

အစကတည်းကမှ လုရှောင်ယန်ထက် အားနည်းသည့်အဖွားလီမှာ လုရှောင်ယန်ထုတ်ဖော်လိုက်သည့် မမြင်နိုင်သည့်အော်ရာကြောင့် မြေပေါ်သို့ ဖိချခံလိုက်ရ၏။

ဖူး!

အဖွားလီ ပါးစပ်အပြည့်သွေးတစ်ပွက်အန်လိုက်ကာ မြေပေါ်ဒူးထောက်ကျသွားပေမယ့် သူ့မျက်လုံးတွေကတော့ လူသတ်ချင်စိတ်ပြည့်နေတုန်းပင်။

“ဘာတွေဖြစ်နေတာလဲ?”

“ခွေးကောင်တွေ၊ မင်းတို့နှစ်ယောက်လုံးကိုသတ်မယ်! နှာဘူးကောင်တွေ!”

“နှာဘူးတွေ? ဘာကိုနှာဘူးလဲ?”

လုရှောင်ယန် နားမလည်စွာဖြင့် ယွင်လီကောကို လှမ်းကြည့်လိုက်သည်။

ယွင်လီကောလဲ မကျေမနပ်ဖြင့်၊ “ဆရာပဲ သူ့ကိုတစ်ခုခုလုပ်လိုပ်ဖို့ပြောခဲ့တယ်မဟုတ်လား? ကျွန်တော်အချိန်အတော်ကြာအောင် ပြင်ဆင်ပြီး မနေ့ကစားခဲ့သမျှအစားမှန်သမျှကိုတောင် အန်ထုတ်ပြီးတော့မှ စိတ်ကိုပြင်ဆင်နိုင်သွားခဲ့တာ။ မမျှော်လင့်ပဲ ကျွန်တော် သူ့ပထမဆုံးကြယ်သီးလေးပဲ ဖြုတ်ရသေးတယ် ရုတ်တရက်ကြီး နိုးလာတယ်လေ။”

လုရှောင်ယန် : “…….”

“ငါက သူ့ကိုစောင့်ကြည့်ထားဖို့ပြောခဲ့တာ။ တစ်ခုခုလုပ်ဖို့ပြောခဲ့တာမဟုတ်ဘူး။”

“အာ?”

ပထမတော့ ယွင်လီကော ဖြူဖြူစင်စင်အမူအရာလေးရှိနေခဲ့ပေမယ့် တဖြည်းဖြည်း သူမျက်နှာက နီရဲကာ ပေါက်ကွဲထွက်တော့မလိုတောင် ဖြစ်လာတော့သည်။

တကယ်တမ်း သူကသာ သူ့ဆရာရဲ့ဆိုလိုရင်းကို နားလည်မှုလွဲခဲ့တာပဲ။ သေစမ်း! ဒီတစ်ခေါက်တော့ သူလုံးဝမျက်နှာပျက်ရပြီ။

အလွန်အမင်းဒေါသထွက်နေသည့် အဖွားလီ၏သတ်ဖြတ်ချင်စိတ်တို့က အဆုံးစွန်အောင် ပြင်းထန်နေပြီဖြစ်သည်။

လုရှောင်ယန်၏ဖိနှိပ်ထားမှုကို ပြန်လည်တွန်းကန်ဖို့ရန်အတွက် သူမ၏ဝိညာဉ်စွမ်းအားကိုတောင်မှ စတင်လှည့်ပတ်နေပြီဖြစ်သည်။

“နှာဘူးကောင်တွေ! ငါသေရမယ်ဆိုရင်တောင် မင်းတို့ကိုသတ်ပစ်မယ်!”

သို့ပေမယ့် ထိုအချိန်မှာပဲ ရုတ်တရက် ကျီဝူရှား၏အသံက ထွက်ပေါ်လာခဲ့သည်။

“အဖွားလီ၊ မလုပ်နဲ့။”

အဖွားလီ၏ခန္ဓာကိုယ်မှာ တုန်ရီသွားကာ ကျီဝူရှားကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။

“မင်းသမီးလေး၊ အဆင်ပြေရဲ့လား?”

ကျီဝူရှား ခေါင်းညိတ်ပြလိုက်ကာ၊ “ကျွန်မအဆင်ပြေတယ်၊ နားလည်မှုလွဲသွားကြတာ။ အခု ကျွန်မ ဆရာလုရဲ့တပည့်ဖြစ်သွားပြီ။”

“ဘာ?!”

အဖွားလီ၏သူငယ်အိမ်များကျဉ်းမြောင်းလို့သွားကာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ကျီဝူရှားကို လှမ်းကြည့်လိုက်လေသည်။

“မင်းသမီးလေး၊ ကျွန်တော်မျိုးမကိုနောက်နေတာမဟုတ်လား?”

ကျီဝူရှားခေါင်းယမ်းလိုက်ပြီး လေးလေးနက်နက်ထပ်ပြောလိုက်သည်။ “ကျွန်မနောက်နေတာမဟုတ်ဘူး။ ဒီနေ့ကစလို့ ပင်လယ်ရေတွေမခမ်းမချင်း ကျွန်မ ဆရာသခင်လုရဲ့ တပည့်ဖြစ်သွားမှာပါ။”

အဖွားလီ လုံးဝမှင်သက်နေခဲ့သည်။ လုရှောင်ယန်လဲ ရှေးဟောင်းဧကရာဇ်ကျမ်း၏အင်အားကို ဖြေလျော့ပေးလိုက်တာကြောင့် အဖွားလီ မြေပေါ်တွင် ထိုင်နိုင်သွားလေသည်။

“မင်းသမီးလေး၊ ဘာကြောင့်များလဲ?”

ကျီဝူရှား လုရှောင်ယန်ကို လှမ်းကြည့်လိုက်သည်။

“တောင်းပန်ပါတယ်၊ ဒါက ဆရာနဲ့ပတ်သတ်တဲ့လျှို့ဝှက်ချက်တစ်ခုပါ။ ကျွန်မလွယ်လွယ်ထုတ်မပြောပြနိုင်ဘူး။”

“မင်းသမီးလေး၊ ရူးများရူးသွားပြီလား?”

“ကျွန်မ မရူးပါဘူး။ အဖွားလီ ကျွန်မကိုအမြဲတမ်းစောင့်ရှောက်ပေးခဲ့တာပဲ။ ကျွန်မကိုယုံကြည်ပေးပါ။ ပြီးတော့ ကျွန်မရဲ့ရွေးချယ်မှုကိုလဲ ယုံကြည်ပေးပါ….”

All Chapters